အပိုင်း၆
Viewers 35k

Chapter 6

Chapter 6




ကျိယွီရှောင် “..”


ကျိယွီရှောင်မှာ ပါးစပ်ထဲမှ ရေများကိုပင် ထွေးထုတ်မိလုမတတ်ပင်။


ဘယ်သူကများ ငါ့ကို လောင်ကုန်းလို့ ခေါ်ဆိုပြီး မင်းကို မြှောက်ပေးလိုက်တာလဲ ...


ငါကရော မင်းကို လောင်ကုန်းလို့ ခေါ်ခွင့်ပြုလို့လား ...


လက်ခံမယ် ထင်နေလားကွ ...


လုံးဝ လုံးဝပဲ ...


အရှက်မရှိလိုက်တာ ...


သူက လင်းလော့ချင်းကို လက်မှိုင်ချလျက်သာ စာပြန်ပို့လိုက်တော့သည်။ [ငါ့ကို အစ်ကိုကြီးလို့ပဲ ခေါ်ပါ]


လင်းလော့ချင်းက သူ့ကို နာမည်လေး တစ်ခုကိုပင် အငြင်းပွားတတ်သူအဖြစ် ထင်မြင်သွားတော့၏။


ထားပါ ဘယ်သူက သူ့ကို အမိအရ ဖမ်းဆုပ်ထားရမယ့် ရွှေပေါင်လုံးကြီး ဖြစ်ခိုင်းလို့လည်း အစ်ကိုကြီးဆိုတော့လည်း အစ်ကိုကြီးပဲပေါ့ ...


သူ့စကားအတိုင်းပင် ဆောင်ရွက်လိုက်သည်။ [အစ်ကိုကြီး ~~]


စိတ်ဝိဉာဉ်ပင် ပျက်သုဉ်းသွားချင်ဖွယ် ကောင်းလှသည့် လှိုင်းတွန့်များကို မြင်လိုက်ရသော ကျိယွီရှောင်ကလည်း လင်းလောချင်ကို အရှက်အကြောက် မရှိသူအဖြစ် ကောက်ချက်ချလိုက်တော့သည်။


လင်းလော့ချင်းက သူ့ကို ထပ်မေးလာပြန်သည်။ [ဒါဆို မနက်ဖြန် အစ်ကိုကြီးဆီ ဘယ်အချိန် လာရမှာလဲ]


သူက တစ်ခဏမျှ တွေးပြီးကာမှ စာပြန်ပို့လိုက်သည်။ [နေ့လည် ၂ နာရီ ဝန်းကျင်လောက်]


[ကောင်းပါပြီ]


လင်းလော့ချင်းက အကြောင်းပြန်လိုက်သည်။


ကျိယွီရှောင်နှင့် တွေ့ဆုံပြီးပါလျှင် လင်းဖေးကို တစ်ခါတည်း ကျောင်းကြိုလာနိုင်သည့်အတွက် အချိန် ကြန့်ကြာနေရန်အကြောင်း မရှိတော့ချေ။


စာပြန်ပို့ပြီးနောက် အပြင်ဘက်မှ လှုပ်ရှားသံတစ်ခုကို ကြားလိုက်ရသည့်အတွက် ထွက်ကြည့်လိုက်ရာ တစ်ယောက်တည်း ရေချိုးရန် ပြင်ဆင်နေသည့် လင်းဖေးက်ို တွေ့လိုက်ရသည်။


“ရေချိုးတော့မလို့လား ...”


သူက လင်းဖေးကို မေးလိုက်သည်။


လင်းဖေးက ခေါင်းငြိမ့်ပြကာ လွန်စွာ နေသားကျနေသည့် အပြုအမူဖြင့် ရေချိုးကန်ထဲ ပြေးဝင်သွားလိုက်သည်။


ဤသည်ကို မြင်လိုက်ရသည့် လင်းလော့ချင်းက သူ့အနား ခပ်သွက်သွက် ရောက်လာကာ အပြုသဘောဖြင့် ပြောလိုက်သည်။


“ရှုရှုက ကူချိုးပေးမယ် ...”


လင်းဖေး၏ အမူအယာက လွန်စွာ တည်ငြိမ်လှ၏။


“ကိုယ့်ဘာသာကိုယ်ပဲ ချိုးမယ် ...”


လင်းလော့ချင်းက တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာမည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ရာ သူ့ခေါင်းကို ပွတ်ပေးလျက် ပြောလိုက်သည်။


“ကိုယ့်ဘာသာကိုယ် ချိုးရတာနဲ့ ရှုရှု ချိုးပေးတာ ခံစားချက်ခြင်း ဘယ်တူမလဲ ဒီနေ့ သေချာလေး ဇိမ်ခံကြည့်လိုက် စိတ်တိုင်းမကျရင် ကျသင့်ငွေ ပေးစရာ မလိုဘူးနော် ...”


လင်းဖေး “...”


“အရမ်းကို သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရရင်လည်း ပေးစရာ မလိုပါဘူး ...”


လင်းဖေး “...”


ရေများ ပြည့်လုပြည့်ခင် အနေအထားသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူက ရေကိုပိတ်ကာ လင်းဖေးကို အဝတ်ကူချွတ်ပေးလိုက်သည်။


လင်းဖေးမှာ အနည်းငယ် ကြောင်အသွားတော့၏။ တစ်ခဏမျှ ကြာကာမှ ခပ်သွက်သွက် ပြန်ပြောလိုက်သည်။


“ကိုယ့်ဘာသာကိုယ်ပဲ ချွတ်မယ် ..."


လက်ကိုမြှောက်ကာ ဝတ်ထားသည့် အင်္ကျီလက်တိုနှင့် ဘောင်းဘီတို့ကို ချွတ်လိုက်ပြီးနောက် ရေကန်ထဲ ဝင်ကာ သူ ထိုင်နေကျ နေရာတွင်သာ လိမ်လိမ်မာမာ ဝင်ထိုင်နေလိုက်သည်။


“မနက်ဖြန် မနက်ကျ ကျောင်းလိုက်ပို့ရမလား ...”


သူက လင်းဖေးကို ဆေးကြောပေးနေရင်း မေးလိုက်သည်။


“နေ့ခင်းကျလည်း ကျောင်းလာကြိုမယ်လေ ...”


လင်းဖေးကမူ မလိုအပ်ဟု ခံစားနေရသည့်ဟန်။


“ကိုယ့်ဘာသာကိုယ် လုပ်နိုင်တယ် ..."


“မင်းက အခုမှ ကလေးလေးပဲ ရှိသေးတာလေ ကျောင်းကို တစ်ယောက်တည်း သွားတာက မလုံခြုံဘူး ရှုရှု လာကြိုပေးတာက ပိုကောင်းပါတယ် ...”


ထိုသို့ ပြောနေရင်းတန်းလန်းတွင်မှ လင်းဖေးသည် သူနှင့် ကျိယွီရှောင် လက်ထပ်ရမည့်အကြောင်းကို မသိသေးကြောင်း သတိရသွားတော့သည်။


သူ့ကိုလည်း အပြစ်တင်လို့ မရဘူးလေ အမှန်အတိုင်း ပြောရရင် ဒီထဲကို ကူးပြောင်းလာကာစတုန်းက လင်းဖေးက ကလေးဘဝပဲ ရှိသေးပြီး မူလကိုယ်နဲ့ အတူတူနေနေတယ်ဆိုတာကိုမှ သတိမရခဲ့တာ ဒါကြောင့်လည်း အသက်ရှင်ဖို့အရေး လက်ထပ်မယ့် လမ်းကြောင်းကိုပဲ ရွေးလိုက်တာပေါ့ ...


အိမ်ပြန်ရောက်လာတော့လည်း ကလေးလေး လင်းဖေးကို တွေ့လိုက်ရတော့ ကိုယ့်ကိုယ်ကို ကယ်တင်ရင်း အလုပ်များနေတဲ့ဟာ ဘယ်လိုလုပ်ပြီး အဲဒီ့လက်ထပ်ပွဲအကြောင်း သတိရတော့မှာလဲ ...


အဲဒါကြောင့်လည်း ဒီလို အခြေအနေအထိ ရောက်လာရတာပေါ့ ...


လင်းလော့ချင်း၏ လေသံတို့ အနည်းငယ် နူးညံ့လာတော့၏။


“ဒါနဲ့ ရှုရှုမှာ ပြောစရာရှိတယ် ..."



လင်းဖေးက သူ့ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။


လင်းလော့ချင်းက အပြုံးတစ်ပွင့် ချိတ်ဆွဲထားလျက် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။


“ရှုရှုက လက်ထပ်ရတော့မယ် ထင်တယ် ...”


လင်းဖေး “ဟမ်...”


“လက်ထပ်တော့မယ် ...”


“တွေးကြည့်နေတုန်းပဲ ရှိပါသေးတယ် မင်း သဘောတူလားဆိုတာကတော့ အဓိကပေါ့ တကယ်လို့ မင်းသာ သဘောမတူရင် လက်မထပ်တော့ဘူး ...”


အဲဒါကြောင့် ကလေးလေးရေ ကျေးဇူးပြုပြီး သဘောတူပေးပါ ဟုတ်ပြီလား ...


သူက လင်းဖေးကို နားချရန် ကြိုးစားလိုက်သည်။


“ပြောရရင် ရှုရှုက လက်ထပ်ရမယ့် အရွယ်လည်း ရောက်နေပြီဆိုတော့ ...”


“အခုမှ ၂၂ နှစ်ပဲ ရှိသေးတာလေ ...”


လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။


“ဟုတ်တယ် တရားဝင် လက်ထပ်နိုင်တဲ့ အရွယ်လေ အိမ်ထောင်ပြုရမယ့် အချိန်ပဲပေါ့ ...”


လင်းဖေး “...”


လင်းဖေးက သူ့ကို မယုံကြည်နိုင်မှု ၃၀ ရာခိုင်နှုန်း၊ အထင်သေးမှု ၄၀ ရာခိုင်နှုန်းဖြင့် စိုက်ကြည့်လိုက်သည်။ ငြင်းဆန်လိုသည့် အရိပ်အယောင်ကို သူ့အကြည့်တို့မှတစ်ဆင့် ပြတ်ပြတ်သားသား မြင်နေရပေသည်။


လင်းလော့ချင်းက နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာသည်အထိ အနေရခက်စွာ ပြုံးပြလိုက်သည်။ သူက ကလေးကို ဆက်လက် ဖျောင်းဖျလိုက်၏။


“တကယ်တမ်း ပြောရရင် ရှုရှုနဲ့ လက်ထပ်ရမယ့်သူက အရမ်းကို ကောင်းတာ ...”


စာအုပ်ထဲတွင် ကျိယွီရှောင်ကို အေးစက်ကာ အထက်တန်းကျပြီး မကြည်မလင်၊ ဒေါသဖြစ်လွယ်သည့် စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်သူအဖြစ် ဖော်ပြထားသည့်တိုင် ယနေ့ သူနှင့် ဆက်သွယ်ပြောဆိုကြည့်ပြီးသည့်နောက် လင်းလော့ချင်းသည် မူရင်းစာရေးသူ၏ စကားများကို သဘောမတူလိုတော့။ ကျိယွီရှောင်သည် သူ့ကိုယ်သူ ထိန်းချုပ်ကာ ယဉ်ကျေးမှု ရှိနေဆဲဖြစ်ပြီး မည်သည့် အကြမ်းဖက်မှုမျိုးကိုမှ မကျူးလွန်သေးကြောင်း အတိုင်းသား မြင်နေရပေသည်။


“ပြီးတော့ သူ့မှာလည်း မင်းနဲ့ သက်တူရွယ်တူ ကလေးလေး ရှိနေတော့ အတူတူ ကစားလို့ ရတယ်လေ ...”


ထိုစကား ကြားလိုက်ရသည့်အခါ လင်းဖေးလည်း အနည်းငယ် စိတ်ဝင်စားသွားသည့်ဟန်။


“သူ့မှာလည်း ကလေးရှိနေတာလား ...”


“ဟုတ်တယ် သူကလည်း ကလေးပေါက်စလေးပဲ ဒီတိုင်း ...”


လင်းလော့ချင်းမှာ ထိုအကြောင်းကို ပြောရမည်ဟု တွေးလေတိုင်း အားအင်ချိနဲ့လာရတော့သည်။


“အဲဒီကလေးက နည်းနည်းလေးတော့ ပိုပြီး ခက်ထန်တယ် ...”


“ခက်ထန်တယ် ...”


လင်းဖေးမှာ စိတ်ရှုပ်ထွေးသွားသည့်ဟန်။


သူကရော မခက်ထန်လို့လား ...


မူလကိုယ်က ကျိယွီရှောင်ကို အရှက်ခွဲခဲ့တယ် ဆိုပေမယ့် အဲဒီ့အချက်ကြောင့်နဲ့ပဲ ခွေးတစ်ကောင်နဲ့ ပေးစားစရာလား ဒါတင်မကဘူး မိသားစုတွေ၊ မိတ်ဆွေတွေကိုပါ လာကြည့်ခိုင်းလိုက်သေးတယ် သူတို့သာ မလာရင် တိုက်ရိုက်ထုတ်လွှင့်မှာ ဆိုပြီးတော့လေ ဒါမျိုးက သာမန်အသိစိတ်ရှိတဲ့ လူတစ်ယောက် လုပ်ရမယ့် အလုပ်လား ...


သူနဲ့ ယှဉ်လိုက်ရင် လင်းဖေးက ရေခဲရိုက်ထားသလိုမျိုုး အေးစက်တာကလွဲရင် နတ်သားလေးလိုပဲ ...


“ဒီတိုင်း သူက မင်းထက်ပိုပြီး ခက်ထန်တယ်လို့ မတော်တဆ ကြားမိထားလို့ ဒါပေမယ့် ကြောက်စရာတော့ မရှိပါဘူး ရှုရှုက မင်းရဲ့ ဉီးလေးလေ သူသာ အနိုင်ကျင့်ရဲကျင့်ကြည့် သူ့အဖေကို ရှာပြီး ဆုံးမခိုင်းမှာ မင်းကို ဘယ်လို နစ်နာမှုမျိုးမှ မကြုံတွေ့စေရဘူး ...”


လင်းဖေးက သူ့စကားများကို ယုံကြည်ဟန်မတူ။ သို့သော် လင်းလောချင်က အခိုင်အမာ ခေါင်းငြိမ့်ပြလိုက်သည်။


“အတည်ပြောနေတာ ရှုရှုကို ယုံကြည်ရမယ်နော် ...”


လင်းဖေးက တစ်ခုခု မေးလိုသည့်ဟန် မျက်ခုံးတို့ကို ပင့်ပြလိုက်သည်။


“ကိုယ့်ကိုယ်ကို ယုံချင်စရာ ကောင်းတယ်လို့များ ထင်နေတာလား ...”


လင်းလော့ချင်း“...”


လင်းလောချင်က မျက်နှာကို လက်ဖြင့် ပွတ်သပ်ကာ မျက်လုံးတို့ကို မှိတ်ချလိုက်တော့သည်။


သူက မရေရာစွာဖြင့် မေးလိုက်၏။


“ဒါဆို သဘောတူလား ...”


လင်းဖေးက သဘောမတူဟု ဆိုလာသည့်တိုင် ၎င်းမှာ သမားရိုးကျ တုန့်ပြန်မှုသာ ဖြစ်ပေသည်။ သူနှင့် မူလကိုယ်၏ ဆက်ဆံရေးမှာ မကောင်းမွန်လှသည့်အပြင် သူလက်ထပ်မည့်သူတွင်လည်း ကလေးတစ်ယောက် ရှိနေပြီး ထိုကလေးကလည်း မလိမ္မာသည့် ကလေးတစ်ဉီး ဖြစ်နေရာ မည်သူကမှ ထိုလက်ထပ်ပွဲကို လိုလားလိမ့်မည် မဟုတ်ချေ။ ထိုသို့ တွေးနေစဉ်မှာပင် လင်းဖေး၏ တည်ငြိမ်လှသည့် အသံကို ကြားလိုက်ရသည်။


“ဂရုမစိုက်ဘူး ...”


လင်းလော့ချင်း “???”


“သဘောတူတယ်လို့ ပြောချင်တာလား ...”


“ဟမ့်...”


လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


လင်းလော့ချင်းမှာ လွန်စွာ ဝမ်းသာရွှင်မြူးသွားတော့၏။ လင်းဖေး၏ လည်ပင်းကို ပွေ့ဖက်ကာ သူ့မျက်နှာတစ်ခုလုံးကို စတင် နမ်းရှုံ့လိုက်တော့သည်။


“ဖေးဖေး မင်းက အရမ်းကောင်းတာပဲ ရှုရှုက ချစ်တယ်နော် တကယ် တကယ်ကို ငါတို့ဖေးဖေးက တစ်လောကလုံးမှာ အညှာတာတတ်ဆုံး ကလေးလေးပဲ ...”


လင်းဖေးက ရွံရှာစိတ် အပြည့်ဖြင့် ရှောင်ဖယ်လိုက်သော်ငြား ရှောင်ရှား၍ မရ။ လင်းလော့ချင်း၏ အနမ်းတို့ကိုသာလျှင် စိတ်ပျက်လက်ပျက်ဖြင့် လက်ခံယူနေလိုက်ရတော့သည်။


လက်ထပ်မယ့်သူက လင်းလော့ချင်းလေ သူမှ မဟုတ်တာ ဘာမှ ကိစ္စမရှိဘူး ဘာပဲဖြစ်ဖြစ် အနာဂတ်ကျ သူတို့နဲ့ ခွဲရမှာပဲကို လင်းလော့ချင်း ဘယ်သူနဲ့ လက်ထပ်တယ်ဆိုတာ သူ့အတွက် ဘာမှ အရေးမပါဘူး လင်းလောချင်နဲ့ ခဏပဲ နေပြီး လောကကြီးအကြောင်း ပိုသိလာတာနဲ့ တစ်ပြိုင်နက် သူ့ဆီကနေ ထွက်သွားမှာပဲကို ...


လင်းလော့ချင်းမှာ လက်ထပ်ချင်တဲ့သူ ရှိနေတယ် ဆိုတာကိုတော့ နည်းနည်းလောက် အံ့ဩမိသား ဒါပေမယ့် ဒါကလည်း သူနဲ့ ဘာမှတော့ မဆိုင်ပါဘူး ...


တစ်ခဏမျှ အံ့ဩမိသော်ငြား ကြာမြင့်စွာ အရေးစိုက်မနေအားချေ။


လင်းဖေးက မည်သို့မှ မတုန့်ပြန်ကြောင်း တွေ့လိုက်ရမှသာ လင်းလော့ချင်း၏ စိုးရိမ်စိတ်တို့ အနည်ကျသွားတော့သည်။ သူက လင်းဖေးကို ဆပ်ပြာတိုက်ပေးရင်း အာမခံလိုက်သည်။


“ရှုရှုက လက်ထပ်ခဲ့ရင်တောင် မင်းက ရှုရှုအတွက် အရေးအကြီးဆုံးလူ ဖြစ်နေတုန်းပဲ သိလား မင်းအပေါ်ကို သေချာပေါက် ကောင်းပေးမှာ မင်းရဲ့ အဒေါ်ဖြစ်လာမယ့်သူကလည်း မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာ သေချာတယ် ...”


လင်းဖေးက အေးစက်စွာသာ ပြန်လည်တုန့်ပြန်ကာ မည်သည့် ခံစားချက်ကိုမှ ထုတ်မပြ။


လင်းလော့ချင်းကလည်း လင်းဖေးသည် မူလကိုယ်နှင့် ဆက်ဆံရေး မကောင်းမွန်သည့်အတွက် ထိုလက်ထပ်ပွဲအပေါ် ထင်မြင်ချက် တစ်စုံတစ်ရာ ရှိမနေခြင်း ဖြစ်ရမည်ဟု ယူဆမိသည့်အတွက် ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်မပြောတော့ချေ။


သူသည် ယခုမှ ကူးပြောင်းလာကာစ ဖြစ်ရာ နေ့တစ်ဝက်အတွင်းမှာပင် သူ့ကို မနှစ်မြို့သည့် လင်းဖေး၏ ခံစားချက်များကို ပျောက်ကွယ်စေကာ သူ့ကို ပွေ့ဖက်နမ်းရှုံ့မည့် ကလေးလေးအဖြစ် ပြောင်းလဲရန်မှာ ယုတ္တိမရှိလှကြောင်း သိထားပေသည်။


သူ့အပေါ် ထားရှိသည့် လင်းဖေး၏ အမြင်များကို တစ်ဖြည်းဖြည်းသာ ပြောင်းလဲစေမည်။ အနာဂတ်တွင် လင်းဖေးက သူ့ကို လက်ခံကာ တစ်ဖြည်းဖြည်း သဘောကျလာနိုင်ပါလျှင်မူ သာ၍ပင် ကောင်းပေသေးသည်။


သူက လင်းဖေးကို အခန်းထဲ ပြန်ခေါ်လာကာ ကုတင်ပေါ် တင်ပြီး ပြောလိုက်သည်။


“ရှုရှု ရေချိုးလိုက်ဉီးမယ် ပြီးမှ မင်းရဲ့ ဘေးနားမှာ လာအိပ်ပေးမယ်နော် ...”


လင်းဖေး “???”


လင်းဖေးက ထိုသို့ ပြုလုပ်ပေးရန် မလိုအပ်ဟု ခံစားမိသွားသည်။


“ကိုယ့်ဘာသာကိုယ် အိပ်လို့ ရပါတယ် ...”


“ကိစ္စမရှိပါဘူး အတူတူ အိပ်ရင် ရှုရှုက ပုံပြင်ပြောပြလို့ ရတယ်လေ ...”


လင်းဖေး “...”


ပုံပြင်လည်း နားမထောင်ချင်ဘူးလို့ ...


ဤတစ်ကြိမ်တွင်မူ သူ့အကြည့်တစ်ခုလုံးကို ငြင်းဆန်လိုသည့် အရိပ်အယောင်ကသာလျှင် အပြည့်အဝ နေရာယူထားတော့သည်။ သို့သော် လင်းလော့ချင်းကမူ သတိမပြုမိ။ သူ့ခေါင်းကို ပွတ်သပ်ပေးကာ နူးညံ့စွာ ပြောလိုက်သည်။


“ကစားနေနှင့်နော် ရှုရှုက ခဏနေရင် တန်းပြန်လာခဲ့မယ် ...”


လင်းဖေး “..”


လင်းဖေးက သူ ရေချိုးခန်းထဲ ဝင်သွားသည်အထိ လိုက်ကြည့်ပြီးနောက် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်တော့သည်။ သူ့နှလုံးသားတစ်ခုလုံး ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နှက်သွားတော့၏။


ဘာလို့ ဒီကို လာနေဉီးမှာလဲ ...


လာနေဖို့ မလိုအပ်ဘူးလို့ ...


မလာခဲ့နဲ့တော့ ...


လင်းဖေးက အိပ်ယာပေါ် လှဲချကာ ပင်ပန်းနွမ်းနယ်မှုကို ရင်ဘက်တစ်ခုလုံးနှင့်အပြည့် ခံစားလိုက်ရတော့သည်။


လင်းလော့ချင်းက ရေကို ခပ်သွက်သွက်ချိုးကာ လင်းဖေး၏ အခန်းထဲသို့ ပြန်လာလိုက်၏။


လင်းဖေးက အိပ်မပျော်သေး၊ အိပ်ယာပေါ် လှဲကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။


သူက pinyin ဖြင့် ရေးသားထားသည့် “Idiom Story” ကို ဖတ်နေခြင်းဖြစ်ကာ ထိုစာအုပ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းလော့ချင်းက တစ်ခုခု တွေးမိသွားသည့်ဟန် သူ့ဘေးသို့ ဝင်လှဲကာ ပြောလိုက်သည်။


“ရှုရှုက ပုံပြင်တစ်ပုဒ် ပြောပြမယ် ...”


လင်းဖေးက သူ့ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်တို့မှာ “ဒီည တကယ်ကြီး အတူတူ အိပ်မလို့လား” ဟု ပြောနေသည့်ဟန်။


လင်းလော့ချင်း၏ အဖြေမှာလည်း တစ်ခုတည်းပင်။


“သေချာပေါက်ပဲပေါ့ ပေါင်ပေ့လေးရဲ့ ...”


လင်းဖေး “...”


လင်းဖေးက သူ့အတွေးတို့ကို လက်မြှောက်အရှုံးပေးလိုက်ရတော့သည်။


စာအုပ်ကို ပိတ်ကာ မျက်စိမှိတ်လျက် စောင်အောက် ဝင်လှဲလိုက်တော့သည်။


လင်းလော့ချင်းက သူ့ကို ပုံပြင်ပြောပြရန် ကြံရွယ်ထားသော်လည်း လွန်စွာ အိပ်ငိုက်နေကာ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် သမ်းဝေလာသည့်အတွက် ပုံပြင်ပြောပြမည့် အစီအစဉ်ကို နောက်နေ့များတွင်မှ အကောင်အထည်ဖော်ရန် တွေးလိုက်မိတော့သည်။


သူက လင်းဖေး၏ ပါးနှစ်ဖက်ကို နမ်းကာ ပြောလိုက်သည်။


“ကောင်းသောညပါ ဖေးဖေးလေး အိပ်မက်လှလှ မက်ပါစေ ...”


မက်ရင်တော့ ကောင်းတာပေါ့ ....


လင်းဖေးက တွေးလိုက်သည်။


“ရှုရှုကိုပါ အိပ်မက်ထဲ ထည့်မက်ရင်တော့ ပိုကောင်းတာပေါ့ .. နော် ...”


လင်းလော့ချင်ူက ထပ်ပြောလိုက်သည်။


ဒီလိုသာဆို အိပ်မက်လှလှလေးလို့ ပြောလို့ ရပါတော့မလား ...


လင်းလော့ချင်းက မျက်စိမှိတ်ကာ သူ့ရင်ခွင်ထဲရှိ ကလေးကို ဖက်ထားရင်း တစ်ဖြည်းဖြည်း အိပ်မောကျသွားတော့သည်။


ရှည်လျားလှသည့် အိပ်မက်တစ်ခုက်ို မြင်မက်ခဲ့ကာ ထိုအိပ်မက်ထဲတွင် အားနည်းဖျော့တော့သည့် မိခင်ဖြစ်သူ၊ လေးနက်တည်ကြည်သည့် သူ့အဖေ၊ နူးညံ့ညင်သာသော အစ်မနှင့် ချင့်ချိန်စဉ်းစားတတ်သည့် လင်းဖေးအပါအဝင် အမျိုးမျိုးသော လူများကို တွေ့မြင်ခဲ့ရသည်။


နောက်တစ်နေ့မနက် လင်းဖေး၏ နာရီမှ နှိုးစက်သံ မြည်လာ၍ ၎င်းကို ထပိတ်လိုက်ကာမှသာ ထိုအိပ်မက်သည် မူလကိုယ်၏ မှတ်ဉာဏ်များ ဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။


ဖုံးကွယ်ထားတဲ့ အရာက ဝေဝေဝါးဝါး အမှတ်တရတွေထဲကနေ ထွက်ပြီး နောက်ဆုံးတော့ သူ့အသိစိတ်ထဲကို ပြန်ရောက်လာခဲ့ပြီကွ ...


ထူးဆန်းပေမယ့် မူလကိုယ်ရဲ့ အတိတ်ကို အတိုချုပ် သဘောပေါက်သွားသလိုပဲ ...


လင်းလော့ချင်းက မှတ်ဉာဏ်တစ်ချို့ကို ရွေးထုတ်လိုက်သော်ငြား များများစားစား စဉ်းစားမနေနိုင်။ အိပ်ယာနိုးကာ အဝတ်အစား လဲနေပြီဖြစ်သော လင်းဖေးကို တွေ့လိုက်ရသည့်အတွက် သူလည်း လင်းဖေးအတွက် မနက်စာ ပြင်ပေးကာ ကျောင်းလိုက်ပို့ပေးလိုက်တော့သည်။


ထို့နောက် အိမ်ပြန်ကာ တစ်ခဏမျှနား၊ စားသောက်ပြီးနောက် ကျိယွီရှောင် နေထိုင်ရာအိမ်သို့ ထွက်လာလိုက်တော့သည်။


ထိုအချိန်တွင် ကျိယွီရှောင်က စာအုပ်တစ်အုပ် ဖတ်နေကာ တံခါးခေါက်သံ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဤသို့ ပြောလိုက်သည်။


“ဝင်လာခဲ့ ...”


ထို့နောက်တွင်တော့ သူ့အတွေးတို့ကို တစ်မနက်လုံး ပိုင်စိုးထားသည့်သူ ဝင်လာသည်ကို တွေ့လိုက်ရတော့သည်။


“ကျွန်တော် ရောက်ပါပြီ ...”


လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။


သူ့အပြုံးမှာ လွန်စွာ လှပကာ နေ့ခင်းနေရောင်ခြည်နှယ် နွေးထွေးတောက်ပလှ၏။ ကျိယွီရှောင်မှာလည်း သူ့ကို အမှန်တကယ်ပင် နားမလည်သေးဟု ခံစားမိလာတော့သည်။


ဒါက အဓိကအချက်မှ မဟုတ်တာ အဓိကအချက်က မနေ့ညက အိပ်ပျော်သွားတာ တိုက်ဆိုင်တာလား လင်းလော့ချင်းနဲ့ တစ်ခုခု ဆက်နွယ်နေလားဆိုတာ အကဲခတ်ဖို့လေ ...


“ထိုင်ပါ ...”


သူက ယဉ်ကျေးစွာ ပြောလိုက်သည်။


လင်းလော့ချင်းက မနီးမဝေးရှိ ဆိုဖာပေါ် ဝင်ထိုင်ကာ ပြောလိုက်သည်။


“ဒီနေ့ လက်ထပ်ပွဲအကြောင်း ပြောကြမလား ...”


ဒါက တကယ်ပဲ .. ဒီလူကတော့ သူ့ကိုယ်ပိုင်စရိုက်ကို လုံးဝ မေ့မထားဘူးပဲ ...


ကျိယွီရှောင်က တိတ်တဆိတ် မှတ်ချက်ချလိုက်ပြီးကာမှ ပြန်ပြောလိုက်သည်။


“ဟုတ်သားပဲ ဘာပဲဖြစ်ဖြစ် အလောတကြီး လုပ်နေဖို့မှ မလိုတာ မင်းရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းနဲ့ ပတ်သက်ပြီးပဲ အရင် ပြောကြရအောင် ...”


အသက်မွေးဝမ်းကျောင်းလုပ်ငန်း ...


လင်းလော့ချင်ယက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည့်ဟန်။


“ဘာကို ပြောရမှာလဲ ...”


“မင်းက သရုပ်ဆောင်တစ်ယောက် မဟုတ်လား ...”


ကျိယွီရှောင်က ယဉ်ကျေးစွာ မေးလိုက်သည်။


“ဟုတ်တယ်...”


“မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကရော ဘယ်လိုနေလဲ ...”


“အဆင်ပြေတယ် ထင်တာပဲ ...”


လင်းလော့ချင်းက အလေးအနက် ပြန်ဖြေလိုက်သည်။


“စစ်ဆေးကြည့်မယ် ...”


ကျိယွီရှောင်က ကုလားထိုင်နောက်မှီကို မှီထိုင်ကာ ပြောလိုက်သည်။


??? ဘာကို ဆိုလိုတာလဲ ဒီကမ္ဘာမှာ ရုပ်ရှင်တစ်ကားမှတောင် မရိုက်ရသေးဘဲနဲ့ကို ချက်ခြင်းကြီး လက်တန်း သရုပ်ဆောင်ရတော့မှာလား ...


“ရင်းနှီးပြီးသား ဇာတ်ကွက်တစ်ခုလောက် ရွေးလိုက် တကယ်လို့ စာသားတွေ လိုအပ်ရင် ပရင့်ထုတ်ပေးမယ် ...”


ကျိယွီရှောင်က ဖြေရှင်းချက်တစ်ခု ပေးလာသည်။


မင်းကတောင် ဒီလို ပြောလာမှတော့ ငါလည်း အိပ်ချင်ယောင်ဆောင်မနေတော့ပါဘူး ...



Xxxxxx