အခန်း ၁၇
Viewers 16k

Chapter 17

(သူ့နှလုံးသားကို ကလိလာထိုးနေခြင်း)


စိတ်ဆင်းရဲနေသော်လည်း လင်းရွှမ် သည် ဤဒဏ်ရာအနည်းငယ်ကြောင့် B-အဆင့် ကိုယ်လုံး သို့တက်လှမ်းနိုင်ရန် လင်းယောင်ယောင် ၏မျှော်လင့်ချက်ကို စွန့်လွှတ်မည်မဟုတ်ပေ။ ကလေးမလေးက ဘာမှပြန်မပြောသော်လည်း သူမထက် ကိုယ်ဟန်အနေအထား ပိုကောင်းသူတွေကို မနာလိုဖြစ်နေမှန်း သူသိသည်။ အရက်ပြန်ကို ပွတ်သုတ်ပြီးနောက် ထိရောက်မှုမြန်ဆေးတစ်မျိုးကို သေသေချာချာ ထည့်ပေးလိုက်သည်။ ဝိုင်းဝိုင်းလေးနှင့် ချစ်စဖွယ် ခြေချောင်းလေးတွေကြားက အရည်ကြည် အဖုအထစ်လေးတွေက မကွဲသွားလျှင် ပိုကောင်းတာမို့ ဆေးကို ပွတ်လိုက်ရုံပင်။


အခြားနီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းအတွက် လင်းရွှမ် သည် နာကျင်မှုကို သက်သာစေရန် အမြန်ကုသသည့်ဆေးတစ်မျိုးအား ထည့်ပေးလိုက်သည်။ အရည်ကြည်ဖုများနှင့် လိမ်းဆေးများကို ကိုင်တွယ်နေတာကြောင့် လင်းယောင်ယောင် သည်နာကျင်ခံစားရပြီး အော်ဟစ်လိုက်သည်။


"ဖြည်းဖြည်းလုပ်ပါ"


ထို့နောက် သူမသည် ကတုန်ကယင်ဖြစ်ကာ အော်လိုက်ပြန်သည်။


"မလုပ်နဲ့...ရပ်တော့"


ထို့နောက် ခြေထောက်ကို ပြန်ရုတ်လိုက်၏။မသိလျှင် ညစ်ပတ်တာတွေ လုပ်နေသလို လူတွေ ထင်သွားကြပေလိမ့် မည်။


လင်းရွှမ် ၏နဖူးပေါ်ရှိ အပြာရောင်သွေးပြန်ကြောများက ပေါက်ထွက်မတတ် ဖောင်းအစ်နေသည်။ သူမ ခြေဖဝါးကို နည်းနည်းသာ ဆုပ်ကိုင်ထားရသော်လည်း ပါးလွှာသည့် အဖြူရောင်ခြေကျင်းဝတ်ကို ပြင်းပြင်းထန်ထန် မညှစ်ဝံ့ပေ။


"မင်း ထပ်အော်ရင် ငါ ဆေးစက်ရုပ်ကို ခေါ်ပေးမယ်"


ဤအရာအားလုံးသည် ဂရုစိုက်မှုနှင့် စိတ်ရှည်မှု လိုအပ်သည်။ ဆေးဘက်ဆိုင်ရာ စက်ရုပ်များသည် ကြိုတင်သတ်မှတ်ထားသည့် ညွှန်ကြားချက်များအတိုင်းသာ လုပ်ဆောင်မည်ဖြစ်ပြီး အလွန်သိမ်မွေ့သော အလုပ်များကို မလုပ်နိုင်ချေ။ ဒဏ်ရာတွေကို ကုသနိုင်သော်ငြား နာကျင်စေမည်ဖြစ်သည်။ စက်တပ်ထဲမှာ ဆရာဝန်တွေ ရှိသော်လည်း အရေအတွက်က ရှားပါးလွန်း၏။ ဆရာဝန်များသည် ပြင်းထန်သောရောဂါများကိုသာ ဂရုစိုက်ကြပြီး ဤကဲ့သို့သော အသေးအမွှားပြဿနာများကို လုံးဝဂရုစိုက်မည်မဟုတ်ပေ။


လင်းယောင်ယောင် နှုတ်ခမ်းစူလိုက်သည်။


"ကောင်းပြီ... အစ်ကိုကြီးက အိပ်ရာထဲမှာဆို စကားအများကြီး ပြောတာ မကြိုက်ဘူး မလား"

"မင်းဘာတွေပြောနေတာလဲ..ငါ မင်းပါးစပ်ကို ပိတ်ထားရမှာလား"


သူမ၏ ညစ်ပတ်သော ဦးနှောက်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသည် ။အကယ်၍ သူမကသာ ဇာတ်ဆောင်မင်းသမီး ဖြစ်ပြီး ယခုဆေးထည့်ပေးနေသူက အမျိုးသား ဇာတ်ဆောင်ဆိုလျှင်....


“ကောင်းပြီ...ရှင် ဒီနားကိုလာခဲ့” ဆို၍ သူမက စခေါ်လိုက်မည်ဖြစ်သည်။သူမ တဖြည်းဖြည်းချင်း ဇာတ်ဝင်ခန်းကို ပုံဖော်ကြည့်နေမိသည်။ ထို့နောက် နှစ်ယောက်သား နှုတ်ခမ်းချင်း ထိကာနမ်းလိုက်ကြသည်။သို့သော်၊သူမသည် ဝတ္ထု၏ မင်းသမီးမဟုတ်သည့်အတွက် နှမြောစရာဖြစ်ပြီး လင်းရွှမ် ကလည်း သူမ၏အစ်ကိုကြီးသာဖြစ်သည်။ထိုရူးကြောင်ကြောင်အတွေးကြောင့် သူမ တခွိခွိရယ်မောပြီး ကုတင်ပေါ် လှဲချလိုက်၏။


လင်းရွမ် စိတ်ထဲဝယ် ယခုခေတ် လူငယ်များနှင့် သူနှင့် မျိုးဆက်ကွာဟချက်ကြီးကြီးမားမားရှိနေသည်ဟု ခံစားမိသည်။ဤကောင်မလေး ဘာ့ကြောင့်ရူးသွပ်သွားမှန်း သူ မသိသော်လည်း ကံကောင်းသည်က၊ သူမကိုယ်တိုင် သူ့ကို ယောက်ျားတစ်ယောက်အနေနှင့် လုံးဝ မဆက်ဆံချေ။သူ ပျော်ရွှင်ရမလား၊ စိတ်ဓာတ်ကျသင့်လားဆိုတာကို တွေးရင်း စိတ်ထဲက သက်ပြင်းချလိုက်သည်။ ထို့နောက် ဆေးခြောက်သွားသည်ကိုတွေ့လိုက်ရသဖြင့် အလုံပိတ်မဟုတ်သော ဆေးတိပ်တစ်ခုကို ကပ်လိုက်သည်။ နောက်ဆုံးတော့ သူ၏ စိတ်ရှည်သည်းခံမှုမှာ ပြီးဆုံးသွားလေပြီ။


"မနက်ဖြန် အိပ်ရာထတဲ့အခါကျရင် ဆေးတိပ်ကို ခွာပစ်လိုက်"


ဆေးလိမ်းပြီးနောက် ခြေဖဝါးပေါ်ရှိ ဒဏ်ရာက အေးမြလာပြီး သက်သာလာကာ နာကျင်မှုကို သက်သာစေသလို လင်းယောင်ယောင် ခံစားလိုက်ရသည်။


"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး… ကောင်းသောညပါ အစ်ကိုကြီး ညီမလေး အိပ်ချင်ပြီ"


ပြောပြီးနောက် သူမသည် စောင်များကို ဆွဲခြုံလိုက်၍ လင်းရွှမ် က သူမ၏ အင်္ကျီကော်လာကို အမြန်ဆွဲလိုက်သည်။


"စစ်ရေးလေ့ကျင့်မှု စည်းမျဉ်းအရ မင်းညကို အဆောင်မှာပြန်မအိပ်ရင် ရမှတ်တွေကို နုတ်ပြီး မင်းအပြစ်ပေးခံရလိမ့်မယ်…မင်းဒီမှာ အိပ်လို့မရဘူး…မင်းအိပ်ဆောင်ကို ငါပြန်ပို့ပေးမယ်"


သူမ တစ်စက်မှ မလှုပ်ချင်တော့ဘဲ ကုတင်ကြီးပေါ်တွင် လက်နှစ်ဖက်ကို ကားရားလုပ်ထားလိုက်သည်။ထို့နောက် စောင်ကိုဆုပ်ကိုင်လိုက်ပြီး ပတ်တီးစည်းထားသော ခြေထောက်ဖြင့် သူ့ကို အသာအယာဆောင့်ကန်လိုက်၏။


"မပြန်ဘူး… ညီမလေးကို အပြစ်ပေးလို့ရတယ်… ဂရုမစိုက်ဘူး"


'ငါ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကန့်သတ်ချက်အထိ အင်အားယူပြီး မနည်းအားတင်းလေ့ကျင့်ထားရတာ...ခင်ဗျားက အပြစ်ပေးချင်လို့ရမလား...အဲ့ဒါ လူသတ်မှုပဲ'


သူမ ရုန်းကန် အော်ဟစ်နေရာ ရေချိုးပြီးနောက် ပြန်ဝတ်ထားသည့် လေ့ကျင့်ရေးဝတ်စုံကြယ်သီးများက ပွင့်ထွက်ကုန်တာကိုလည်း ဂရုမစိုက်နိုင်တော့ပေ။တစ်ဖြည်းဖြည်းနှင့်၊ကြယ်သီးနှစ်ခုက ပြုတ်ထွက်သွားပြီး စစ်အားကစား အတွင်းခံက အထင်းသားပေါ်လာရသည်။အတွင်းခံသည် အလွန်ရှေးရိုးဆန်သော စတိုင်ဖြစ်သော်လည်း ကလေးမလေး၏ ပျော့ပျောင်းသောအစိတ်အပိုင်းကို အကြမ်းဖျင်းဖော်ပြနေဆဲဖြစ်သည်။


လင်းရွှမ် သည် သူမကိုကြည့်ပြီး ချက်ချင်း အေးခဲသွားကာ သူမကိုယ်အား ကုတင်ပေါ်မှ ထပ်မဆွဲဝံ့တော့ပေ။ သူမ အောင်ပွဲခံစွာ ရယ်မောလိုက်သော်လည်း ထပ်ပြောလိုက်သည်က...


"အို...အစ်ကိုကြီးက ယဉ်ကျေးမှုကို မရှိဘူး...မိန်းကလေးတစ်ယောက်အိပ်တော့မယ့်ဟာကို...နှာဘူး နည်းပြဆရာကြီး...အကျင့်ပုပ်... အပြင်မထွက်သေးဘူးလား"


ချက်ချင်းပင်၊ သူမ၏ ယုတ္တိမတန်သည့် အကြောင်းပြချက်ကြောင့် လင်းရွှမ် မျက်နှာကအေးစက်သွားသည်။


လင်းရွှမ် : .........


သူသည် စစ်သားတစ်သိန်းကို ထိန်းချုပ်ထားနိုင်သော်လည်း လင်းယောင်ယောင် တစ်ယောက်တည်းနှင့် ခိုကိုးရာမဲ့ဖြစ်နေရသည်။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ဆေးသေတ္တာကို ကောက်ယူလိုက်ပြီး စကားတစ်ခွန်းမှဆက်မပြောဘဲ ထွက်သွားခဲ့သည်။ နည်းပြတစ်ယောက်အနေနှင့် ညီမဖြစ်သူကို စောင့်ရှောက်ဖို့ အရန်ကုထုံးဌာနကို လာခဲ့ရသည်။အစကတည်းက အထက်လူကြီးများကလည်း သူ့ကို သက်ညှာမပေးဖို့ ပြောခဲ့သဖြင့် လေ့ကျင့်ရေးအရတော့ သူမကို လုံးဝ လွယ်လွယ်အလျှော့ပေး၍ မဖြစ်ချေ။ယခုလို အသေးအဖွဲကိစ္စတွေမှာ ဘယ်သူကမှ အသေးစိတ်အချက်အလက်တွေကို နားမလည်ကြချေ။ ထို့ကြောင့် ရေခဲတုံးမျက်နှာထားနှင့် တည်ကြည်လေးနက်သည့် ဗိုလ်ချုပ်က နောက်ဆုံးတော့ သူ့ညီမကို ဤတစ်ကြိမ် သက်ညှာပေးလိုက်‌တော့သည်။


လင်းယောင်ယောင် သည် လင်းရွှမ် ထွက်သွားသည်ကိုကြည့်ပြီး ကုတင်ပေါ်မှ အပြေးအလွှားထကာ တံခါးကို သော့ခတ်လိုက်သည်။ ယခု သူမသည် အိပ်ဆောင်ရှိ သေးငယ်ပြီး မာကျောသော စခန်းချကုတင်အစား သက်တောင့်သက်သာရှိပြီး ပျော့ပျောင်းသောကုတင်ကြီးပေါ်တွင် အိပ်နိုင်နေပြီဖြစ်သည်။ယခု သူမစိတ်ထဲ မထင်မှတ်ထားသည့်အရာက လင်းရွှမ် ဆီမှ သူမယူထားသည့် ကျေးဇူးတရားလေးတစ်ခုက နောက်ပိုင်းမှာ ဆယ်ဆ ပြန်ပေးဆပ်ရမည်ဆိုတာကိုပင်။တစ်နေကုန် မောပန်းနွမ်းနယ်နေသော သူမ သည် အိပ်ရာပေါ် လှဲအိပ်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားသည်။


သို့သော်လည်း တစ်နေ့လုံး နှုတ်ခမ်းသာလှုပ်နေရပြီး ကိုယ်ကာယလေ့ကျင့်ရန် အချိန်မရှိသော လင်းရွှမ်မှာ အနည်းငယ် စိတ်မငြိမ်မသက်ဖြစ်ပြီး အိပ်မပျော်သေးပေ။ သူ့စိတ်ထဲတွင် ထပ်မဖြစ်သင့်သော ပုံရိပ်များကို တွေးနေမည့်အစား မျက်လုံးမှိတ်ကာ အိပ်ပျော်သွားစေရန် တွန်းအားပေးလိုက်သည်။သို့သော်၊ အိပ်ပျော်သွားပြီးနောက်မှာတော့ သူ့အိပ်မက်ထဲမှအသိစိတ်ကို လုံး၀ ထိန်းချုပ်နိုင်စွမ်းမရှိတော့။ တမင်လျစ်လျူရှုထားသည့် မရေရာသောအသေးစိတ်အချက်အလက်များက မြင်ကွင်းအဖြစ် တစ်ခုပြီးတစ်ခု ပြန်လည်ပြသခဲ့သည်။ သူ့ နှလုံးသား၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းမှ လျှို့ဝှက်ထားသော အတွေးများကို ဖော်ထုတ်ခဲ့သည်။


သူ့အိမ်မက်ထဲမှာ သေးသွယ်ပြီး ချောမောလှပသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။ သူမက သူ့လည်ပင်းကို ပွေ့ဖက်လိုက်သောအခါ သူတို့အချင်းချင်း ထိမိသွားသည်။ ဒေါသတကြီးနှင့် သူ့ပခုံးတွေကို ကိုက်လိုက်သော်လည်း ကံမကောင်းစွာပဲ သူ့လေ့ကျင့်ရေးဝတ်စုံကလွဲ၍ အသားကို လုံးဝမကိုက်နိုင်ပေ။သူမ ကိုက်နိုင်လျှင်တောင် သူအဆင်ပြေမှာပင်။ သူမ၏ ခွန်အားဖြင့်၊ သွားရာလေးထင်ရုံတစ်ပါး တခြားဘာမှ ထပ်ဖြစ်လာမည်မဟုတ်ပေ။


ထို့နောက် ကြောင်တစ်ကောင်လိုပင် သူ့ကျောကို လက်ချောင်းများဖြင့် ကုတ်ခြစ်လိုက်ပြန်သည်။ သူ အိမ်ပြန်ရောက်၍ ရေချိုးပြီးသောအခါမှပင် မှန်ထဲမှာ အနီးရောင်အခြစ်ရာလေး အနည်းငယ်ရှိနေတာကို သူ မြင်လိုက်ရသည်။ သူမ၏အသားအရေသည် အလွန်နူးညံ့သည်။ သူမ သူ့ကို ကန်မရအောင် ခြေကျင်းဝတ်တွေကို အနည်းငယ် ပိုပြီး တင်းကျပ်အောင် ဆုပ်ကိုင်ထားရာ ချက်ချင်း သူမ ခြေချင်းဝတ်မှာ အနီရောင်တောက်တောက် စက်ဝိုင်းတွေ အရာထင်သွား၏။


“ဖြည်းဖြည်းနော်” ဟု ကရုဏာသက်စွာ တောင်းပန်ပြီး “‌ တော်တော့..ရပ်လိုက်” ဆိုပြန်၍ “အစ်ကိုကြီးက အိပ်ရာထဲမှာ စကားများများပြောရတာ မကြိုက်ဘူးလား” ဟုလည်း မေးလာခဲ့သည်။


ကြိုက်တယ်... သူဘယ်လိုလုပ် မကြိုက်ဘဲ နေမှာလဲ…


သူမ၏ အသံသည် ချစ်စရာကောင်းပြီး နူးညံ့သော်လည်း သူ တခြားအမူအရာနှင့်တုံ့ပြန်၍မဖြစ်ပေ။ ကျင့်ဝတ်နှင့် ဆန့်ကျင်နေ၏။ သူမသည် ညီမအရင်းမဟုတ်လျှင်တောင် သူ့ညီမ ဖြစ်နေ‌ေသာကြောင့် အစ်ကိုကြီးတစ်ယောက်အနေနှင့်သာ သဘောထားရပေမည်။သို့သော်၊ဤအစ်ကိုဖြစ်သူသည် သူမကို ဘယ်လို ပြင်းပြင်းထန်ထန် နမ်းရမလဲဆိုတာပဲ စဉ်းစားနေမိ၏။သူမ၏ နီရဲပြီး ချစ်စရာကောင်းလှသော ပါးစပ်လေးကို အိပ်မက်မက်စေသည့် မရေရာသော စကားများစွာကို သူမ အမြဲပြောတတ်သည်။


သူမကို အပြစ်ပေးဖို့ပါ ပြောခဲ့ပြီး ကြယ်သီးဖွင့်ထားသော ၎င်းအင်္ကျီကော်လာဖြင့်ပင် သူ့ကို သွေးဆောင်ခဲ့သည်။ ယောက်ျားများက ဝံပုလွေတစ်ကောင်ဖြစ်ကြောင်း သူ သင်ခန်းစာပေးချင်သော်လည်း နှာဘူးကြီးဟု ကြိမ်းမောင်းခဲ့သည်။ သူမကိုစားချင်သော်လည်း မစားနိုင်ပေ။သူမကို အနီးကပ် ကြည့်နေရုံနှင့် သည်းမခံနိုင်လောက်အောင် ခံစားခဲ့ရသော်ငြား သူ ခံနိုင်ရည်ရှိဖို့၊ ခံနိုင်ရည်ရှိဖို့၊ ခံနိုင်ရည်ရှိဖို့ လိုအပ်နေဆဲပင်။


... ရူးချင်စရာပဲ ............ ......


နောက်နေ့ လင်းရွှမ် နိုးလာသောအခါတွင် သူ့နှလုံးသားသည် ရှုပ်ထွေးနက်နဲသော မှုန်ဝါးဝါး အတွေးများဖြင့် ပြည့်နေသည်။ယခုဆိုလျှင် သူ့ကိုယ်သူ ဆက်မလှည့်စားနိုင်တော့သည့် အနေအထားကို ရောက်နေ‌ေလပြီ။သူသည် လင်းယောင်ယောင်၏ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကူညီရန် ရောက်ရှိလာပြီး သူ့ ရည်ရွယ်ချက်မှာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို လေ့ကျင့်ပေးပြီး အဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။သို့သော် အိပ်မက်ထဲမှာ တော့ ညီမဖြစ်သူကို ကြိမ်ဖန်များစွာ သူ့ဆီ ဆွဲခေါ် နေသလို ဖြစ်သွားသည်။ထို့ကြောင့် သူ ယနေ့ကစပြီး ထိုသို့ ဆက်မဖြစ်စေရဘူးဟု တွေးလိုက်သည်။


လမ်းမလျှောက်နိုင်ဘဲ ခြေထောက်တွေနာရင် ဆေးစက်ရုပ်မရှိဘူးလား...


ဆေးစက်ရုပ်ကလည်း အလွန်နူးညံ့သိမ်မွေ့တတ်သည်။ သို့သော် သူမသည် ဤနည်းဖြင့် သူ့ကို နီးကပ်စွာ ဆက်ဆံနေပါက၊ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သူမအပေါ် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်သိမ်မွေ့သွားမှာကို သူကြောက်သည်။


လင်းရွှမ် အိပ်ခန်းထဲမှ ထွက်လာ‌ေသာအခါ လင်းယောင်ယောင် နိုးနေပြီး တစ်ခန်းလုံး ဟင်းရနံ့တွေနှင့် ပြည့်နှက်နေသည်ကို တွေ့ရ၏။ အရာရှိများ၏ အိပ်ဆောင်တွင် အိမ်အကူစက်ရုပ်များ တပ်ဆင်ထားပြီး ရေခဲသေတ္တာထဲတွင် ဟင်းချက်ပစ္စည်းများ အများအပြားရှိသည်။ မနေ့ညက သူမသည် အိမ်ထဲဝင်ဝင်ချင်း ပါဝင်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းအားလုံးကို ကြည့်လိုက်သည်။ကန်တင်းဆိုင်ရှိ အစားအစာများ၏ အရသာသည် အလွန်ရိုးရှင်းသည်။ နေ့လယ်နှင့်ညနေခင်းများတွင် သူမတို့ သူငယ်ချင်းနှစ်ယောက်မှာ လေ့ကျင့်ရေးကြောင့် ထမင်းလွတ်သွားရသဖြင့် အစားအသောက်များကို လွမ်းဆွတ်နေရသည်။ထို့ကြောင့် မြေကြီးကိုစားနေရသလိုမျိုး အရသာထုပ်များကိုသာ သောက်ခဲ့ရသည်။ သူမ၏ အစာအိမ်အခြေအနေကို ကောင်းမွန်စွာ ကုသနိုင်ခဲ့ပြီးနောက် သူမသည် ဤအခွင့်အရေးကို လက်လွှတ်မခံသင့်‌ေပ။ ထို့ကြောင့် စမတ်နှိုးစက်သုံးလုံးကို alarm သတ်မှတ်ခဲ့ပြီး နိုးလာခဲ့သည်။


နံနက်စာသည် ရိုးရှင်းပြီး အရသာရှိသော အသီးအရွက်နှင့် အသားလွှာဆန်ပြုတ်၊ပေါင်မုန့်ချပ်များကို ရွှေရောင်သန်းပြီး ကြွပ်လာသည်အထိ ထောပတ်ဖြင့် ကြော်ပြီးနောက် ကြက်ဥမွှေကြော်ပေါ်ကို ကြက်သွန်မြိတ်အုပ်ထားလိုက်၏။ လင်းရွှမ် ထွက်လာသည်ကိုမြင်သောအခါ သူမချက်ချင်း မနက်စာစားဖို့ သူ့ကိုခေါ်လိုက်သည်။


"အိုးထဲက ခုမှပဲ ချထားတာ..သတိထားဦး"


ပေါင်မုန့် နှင့် ကြက်ဥအကာ နှစ်ခုလုံးတွင် နှလုံးသားပုံ မဖော်ထားသည်မှာ ထင်ရှားသော်လည်း လင်းရွှမ် စိတ်ထဲတွင် ချစ်စရာကောင်းနေသလိုခံစားလိုက်ရသည်။လင်းယောင်ယောင်သည် သူ့မျက်နှာအမူအရာက မူမမှန် ဖြစ်နေတာကိုမြင်လိုက်ရပြီး


"ညီမလေး ဒီမှာနေတော့မယ်...ဒါမှပဲ နေ့တိုင်းဒီလို စားလို့ရမှာ…အစ်ကိုကြီး ညီမလေးကို ဘယ်လိုမှ မောင်းထုတ်လို့မရဘူး"


သူက သူမကို မော့ကြည့်ကာ ဘာမှ မပြောဘဲ မနက်စာစားရန် ထိုင်လိုက်သည်။ထိုအခါ သူမ ပြုံးပြီး ခဏခဏ မေးနေတော့သည်။


"အရသာရှိလား"


သူမသည် ဤအိမ်တွင် နေထိုင်လိုကြောင်း ဘာမှထပ်ပြောနေစရာမလိုပေ။ယခု သူမ ချက်ကျွေးသော မနက်စာကို စားလျှင် နေခွင့်ပြုပြီဟု သတ်မှတ်၍ရပြီဖြစ်သည်။ လင်းရွှမ် ဘာမှ မပြောဘဲ သူ့ပန်းကန်ထဲက အစားအသောက်တွေကို အကုန်စားလိုက်တာမို့ အရသာက သိပ်ဆိုးမည်မထင်ချေ။မနက်စာစားပြီးနောက် သူကအေးစက်သောမျက်လုံးတစ်စုံဖြင့် သူမကိုကြည့်နေသည်။


"မင်း ငါနဲ့ အတူနေမယ်ဆိုရင် မင်း တန်ရာတန်ကြေးကို ပေးရလိမ့်မယ်…နောက်မှနောင်တမရနဲ့"


"ဘယ်လောက်လဲ"


"မင်း အခုကစပြီး သိလိမ့်မယ်"


အစ်ကိုကြီးဖြစ်သူသည် ပို၍ ပို၍ ထူးဆန်းစွာ စကားပြောတတ်လာသည်ကို သူမ နားလည်လိုက်သည်။သူသည် စကားတစ်ဝက်ကို အမြဲပြောပြီး ကျန်တစ်ဝက်ကို လျှို့ဝှက်ထားကာ ပဟေဠိဖြစ်စေသည်။ သူမမှာ သူ မျက်စိကျချင်စရာပစ္စည်းမျိုး ဘာမှရှိမနေမှန်း သူမ သိထားသည်။ဖြစ်နိုင်သည်မှာ၊ သူမကို လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ပေးသည့်အခါ ပို၍တောင် ရက်စက်သွားနိုင်၏။မည်သို့ပင်ဆိုစေ၊ သူမ ဆက်လက်ပြီး အသက်ရှင်နေနိုင်မည်ဖြစ်သည်။


လင်းယောင်ယောင် မတ်တပ်ရပ်လိုက်သည်။ ကြယ်တာရာခေတ်၏ ဆေးများသည် အလွန်ထိရောက်သည်။ တစ်ညလောက်ကြာရုံနှင့် သူမခြေထောက်တွေ လုံးဝမနာတော့ပေ။ သူမ ခုန်ပေါက်ကာ တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။ တံခါးဝသို့ရောက်သောအခါ သူမသည် ပန်းပွင့်ကဲ့သို့ လှပသော အပြုံးတစ်ပွင့်နှင့် ကျောက်စိမ်းရောင် လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ နှုတ်ခမ်းနီနီလေးများတွင် ထိထား၍ လင်းရွှမ်ကို အနမ်းပေးလိုက်သည်။


"အစ်ကိုကြီး ချစ်တယ်… လေ့ကျင့်ရေးကွင်းမှာ ညီမလေးကိုကြီးပဲ စိုက်ကြည့်မနေနဲ...တစ်ခြားကောင်မလေးတွေကည်း အရမ်းလှတာလေ… "


ထိုစကားမျိုးကို ပြောလိုက်သော်လည်း လင်းရွှမ် သည် လင်းယောင်ယောင် ကို တိုက်ခိုက်ရန် မရည်ရွယ်ပေ။သူသည် တဒင်္ဂပင် စိတ်မငြိမ်မသက်ဖြစ်နေပါစေ၊ တတ်နိုင်သမျှ ဗ်ိုလ်နေမြဲကျားနေမြဲ အနေအထားကို ထိန်းသိမ်းထားလိုပြီး စည်းမဖောက်ဘဲနေလိုသည်။ သူသည် သူမ၏ ဖြူစင်သော တွယ်တာမှုနှင့် အစ်ကိုကြီး အပေါ်မှာထားသည့် ယုံကြည်မှုကို မဖျက်ဆီးချင်ပေ။ ညီအကိုမောင်နှမများနှင့် မိသားစုဝင်ကြားက ချစ်ခြင်းမေတ္တာသည် ချစ်သူများကြားက ချစ်ခြင်းမေတ္တာထက် ပိုပြီး ယုံကြည်စိတ်ချရပြီး ကြာရှည်ခံသည်။


ရှောင်မင် ကို အရင်တုန်းက သူမ ကြိုက်ခဲ့သော်လည်း ယခု ကြိုက်တော့ဟန်မတူပေ။သူမအတွက် လူတစ်ယောက်ကို တစ်ကယ်မကြိုက်တော့လျှင် အဆုံးသတ်က ထိုသို့ပင်။သံယောဇဉ်တွယ်ထားဟန်လည်း မရှိချေ။ တစ်ချိန်ကျလျှင် သူမ တစ်ခြားတစ်ယောက်ကို သွားကြိုက်လျှင်လည်း သူမ မချစ်တော့လျှင် ရှောင်မင်လိုမျိုး ခေါက်ထားပစ်နိုင်သည်။


လင်းရွှမ် ကလည်း ထိုကိစ္စကို ထူးဆန်းသည်ဟု မထင်ခဲ့ပေ။ လင်းယောင်ယောင် သည် အသက်၁၈နှစ်သာရှိသေးသော အရွယ်မရောက်သေးသည့် မိန်းကလေးတစ်ဦးမျှသာဖြစ်သည်။သို့သော်၊သူကတော့ မတူပေ။ သူကိုယ်တိုင်က သူမအတွက် အစ်ကိုကြီးတစ်ယောက်သာ ဖြစ်လိုပြီး စည်းဖြတ်ကျော်ရန် ဆုံးဖြတ်ပါက သူမ သဘောထားမှာလည်း ထိုအတိုင်းပင် ဖြစ်‌လိမ့်မည်။ အစပိုင်းတွင်၊သူမှလွဲ၍ အခြားယောက်ျားတစ်ယောက်ကို မချစ်ဘဲ သူ့ကိုသာ ခဏတာ သဘောကျနေမည်။အချိန်သိပ်မကြာခင်မှာပင် သူ့ကို မကြိုက်တော့ဘူးဟု ပြော‌လာပေမည်။ တစ်စုံတစ်ခုကို ရယူထားပြီး ဆုံးရှုံးရခြင်းက လုံးဝကို မရခဲ့ခြင်းထက် ပိုနာကျင်ရသည်။ ထို့အပြင်၊သူ့စိတ်ထဲမှာ ယခု ခံစားချက်တွေက သိပ်မပြင်းထန်သေးသလို ခံစားရသည်။သို့ဖြစ်၍၊သူ သည်းခံပြီး ထိန်းထားနိုင်ပေလိမ့်မည်။

အစ်ကိုကြီးဖြစ်သူစိတ်ကို တစ်နေ့လုံး လှည့်စားနေသည့် လင်းယောင်ယောင် ကမူ လင်းရွှမ် အတွေးများကို မသိပေ။


နံနက်ပိုင်း စစ်ရေးပြလေ့ကျင့်မှုတွင် စစ်ရေးပြကိုယ်ဟန်အနေအထား ၊ စစ်ချီတက်ခြင်း ၊စသည်တို့ ပါဝင်ပြီး ပြင်ပလေ့ကျင့်ရေးကွင်း၌ ပြုလုပ်မည်ဖြစ်သည်။


လင်းယောင်ယောင် လေ့ကျင့်ရေးကွင်း၏ အရန်ကုထုံးစခန်းသို့ ရောက်ရှိလာသောအခါ၊လေ့ကျင့်ချိန်မစတင်မီ ဆယ်မိနစ်ခန့် လိုသေးသည်။ သူမ လျှောက်လာရာ လမ်းတစ်လျှောက်တွင် လူများစွာက သူမအား မကြာခဏ လက်ညှိုးထိုးပြကာ တီးတိုးပြောနေကြသည်။ သူမ သူတို့ကို အေးစက်စွာ ကြည့်လိုက်သောအခါ၊သူတို့ တိတ်ဆိတ်သွားကြပြီး အခြားအကြောင်းအရာများကို ပြောင်း ပြောနေကြ၏။


'ဟေး ဒီကောင်တွေ ငါ့အကြောင်း မကောင်းပြောနေတာ ဖြစ်ရမယ်'


သို့သော် သူမ က သိပ်ဂရုမစိုက်ပေ။ မစ်စ်လင်း အနေဖြင့် လူအများက သူမကို နောက်ကွယ်တွင် ဆိုးဆိုးရွားရွားပြောကြမည်ဖြစ်သည်။ ပြတ်ပြတ်သားသားပြောရလျှင် အားလုံးသည် မနာလိုစိတ်ကြောင့်သာ ဖြစ်သည်။ သူမ ပေါ်လာတာကိုမြင်သော ကျန်းရို့ က သူမကို စနှုတ်ဆက်လေသည်။


"ယောင်ယောင်...ဝူလီလီ ဆိုတဲ့ မိန်းကလေးကို နင် မကောင်းများပြောခဲ့ဖူးလား… မနေ့ညက နင့်အစ်ကိုက နင့်ကို ခေါ်သွားခဲ့တယ်လေ... လူတော်တော်များများက လည်း အဲဒါကို မြင်ခဲ့တယ်မလား…ပြီးတော့ နင် တစ်ညလုံး အိပ်ဆောင်ကို ပြန်ရောက်မလာဘူးလေ.."


"ဝူလီလီ က ဒီအကြောင်းကို တစ်နေရာကနေ သိသွားပြီး နင် အဆောင်ကို ပြန်မလာကြောင်းကို လူသိရှင်ကြား ထုတ်ဖော်မယ်လို့ ပြောတယ်… စစ်ရေးလေ့ကျင့်မှု စည်းမျဉ်းအရ နင့်ရဲ့ အမှတ်တွေကို နုတ်ပစ်ပြီး နင့်ကို အပြစ်ပေးသင့်တယ်တဲ့...ဗိုလ်ချုပ် လင်း ကသာ မလုပ်ဘူးဆိုရင် သူက နင်ကို တမင်အကာ အကွယ်ပေးနေတယ်လို့ ပြောနေတယ်"


သူမ ထိုနာမည်ကို မသိပေ။

"မသိဘူး...သူမက ဘာဖြစ်နေတာလဲ...ငါ အိပ်ဆောင်ကို မပြန်ဖြစ်ရင်တောင် သူနဲ့ ဘာဆိုင်လို့လဲ"


မူလပိုင်ရှင်သည် ယခင်က မာနကြီးပြီး လူများစွာကို စော်ကားခဲ့ဖူးသည်။ ဝူလီလီ က သူတို့ထဲက တစ်ယောက်လားဆိုတာ သူမ မသိနိုင်ပေ။


"လင်းရွှမ် က နင့်အစ်ကိုလို့ တစ်ယောက်ယောက်က သူမကို ရှင်းပြသေးတယ်...ဒါပေမယ့် နင်က ကြည့်လိုက်ရုံနဲ့ Green Star မှန်း သိသာနေတာတဲ့… ဗိုလ်ချုပ် လင်း က အင်ပါယာ သွေးစစ်စစ်တဲ့လေ... မောင်နှမအရင်းဆိုတာမယုံဘူးတဲ့... လူတိုင်းကလည်း နင်တို့က အရင်းမဟုတ်ပေမယ့် မောင်နှမပဲလို့ ပြောကြပါသေးတယ်...သူမကတော့ ...ဟာ…တိုတိုပြောရရင် မကောင်းတာပြောတယ်ပေါ့"


လင်းယောင်ယောင် လက်ပိုက်ထားကာ မျက်ခုံးပင့်လိုက်သည်။ သူမသည် လူကောင်ကသာ သေးငယ်သော်လည်း မောက်မာသော မိန်းမတစ်ယောက်၏ အသွင်အပြင် ဖြစ်နေသည်။


"နောက်ဆုံးတော့ သူမက ဘာပြောတာလဲ…ငါ့ကိုပြော"


ကျန်းရို့ သည် သူမကိုယ်တိုင် ပြောပြတာထက် တခြားသူများပြောသည်ကမှ ပိုကောင်းမည်ဟု ထင်မိသည်။


"နင်က အရင်က ဒုတိယမင်းသား ရှောင်မင် ကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တယ်တဲ့…အခု ဒုတိယမင်းသားက နင့်ကို မကြိုက်လို့ နင်က ဗိုလ်ချုပ် လင်း ကို‌ထပ်ချိန်တာဆိုပဲ…နင်က ဗိုလ်ချုပ် လင်း ရဲ့ အိပ်ယာပေါ်ကို တက်ချင်နေလို့ ညဘက် အဆောင်ပြန်မလာဘဲ နေတာ...လင်းမိသားစုရဲ့ မွေးစားသမီးဖြစ်ရတာတောင် မကျေနပ်သေးဘဲ လင်း မိသားစုရဲ့ ချွေးမဖြစ်ချင်နေတာတဲ့"


ထိုအခါမှ လင်းယောင်ယောင် သည် ဤဝူလီလီ က ဘယ်သူလဲဆိုတာကို ရုတ်တရက် သတိရသွားသည်။ အကြီးတန်း ဝင်ခွင့်စာမေးပွဲအပြီးမှာ သူမသည် ရှောင်မင် ကို Weibo မှာ ပွင့်ပွင့်လင်းလင်း ဝန်ခံစာတစ်စောင် ရေးခဲ့သည်။ သူမက သူ့ကို tag လုပ်ပြီး ရှောင်မင် ကလည်း reply ကောင်းကောင်းပြန်ခဲ့သည်။သူမ၏ Weibo နာမည်ကတော့ ဝူလီကန်ဟွာ (မြူခိုးငွေ့တွေကြားက ပန်းတစ်ပွင့်ကို ကြည့်နေမိတယ်) ဖြစ်၏။သို့သော် မူရင်းပိုင်ရှင်သည် သူမကို စုံစမ်းကြည့်ရာ နာမည် အမည်ရင်းမှာ ဝူလီလီ ဖြစ်ကြောင်း သိသွားသည်။


ထိုအချိန်တွင် မူလပိုင်ရှင်သည် ဝူလီလီ ဘ၀တွင် လုပ်ဆောင်ခဲ့သော အရာအချို့ကို ဖော်ထုတ်ခဲ့သည်။ သူမသည် ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လုပ်တတ်သူပင်။ဥပမာ၊သူမအား တစ်ယောက်ယောက်က တန်ဖိုးနည်း လက်ဆောင်တစ်ခုလာပေးလျှင် ရှေ့မှာကျ နှစ်သက်ဟန်ဆောင်ပြီး နောက်ကွယ်ရောက်လျှင် အမှိုက်ပုံးထဲကို ထည့်ပစ်တတ်သည်။ သူမ မကြိုက်သည့် ကောင်မလေးတစ်ယောက်၏ ရည်းစားကိုလည်း လိုက်တွဲပြီး ရက်အနည်းငယ်အကြာမှာ စိတ်မဝင်စားဘူးဟုဆိုကာ လမ်းခွဲခဲ့သည်။ မူရင်းပိုင်ရှင်သည် ဝူလီလီ ၏ အမည်ရင်းမှလွဲ၍ ဤခွေးမ၏အပြုအမူ အားလုံးကို ဖော်ထုတ်ခဲ့သည်။ မူလက ရှောင်မင် သည် ဤမိန်းကလေး၏ Weibo အကောင့်နာမည်က ကဗျာဆန်သော စာပေအဓိပ္ပာယ် ရှိပြီး အပြစ်ကင်းစင်ပုံပေါက်သောကြောင့် အထင်ကြီးလေးစားခဲ့သော်လည်း မူလပိုင်ရှင်၏ စွက်ဖက်မှုကြောင့် သူသည် ဝူလီလီ ကို blacklist စာရင်းထဲ ထည့်ပစ်လိုက်၏။


လင်းယောင်ယောင်၏ လက်တွေ့ဘဝသူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ ဝူလီလီ ၏ Weibo အကောင့်ကို လူတော်တော်များများက သိထားကြသည်။ နောက်ပိုင်းမှာ ဝူလီလီ ဘယ်လိုပင်ကြိုးစားသော်ငြား၊သူမ နာမည်သည် ပြန်ကောင်းမလာတော့ပေ။ သူမ၏ ပုံရိပ်သည် ဖြူစင်သော ပန်းပွင့်လေးမှ အရှက်မရှိသော တောရိုင်းနှင်းဆီအဖြစ် ရုတ်တရက် ပြောင်းလဲသွားရသည်။


ဝူလီလီ သည် လင်းယောင်ယောင်နှင့် တစ်ကျောင်းတည်းမှာဖြစ်၍ တစ်နေ့ကျလျှင် သူမကိုအရှက်လာခွဲမှာစိုးတာကြောင့် ယခု အစကတည်းက လင်းယောင်ယောင်ကို ပြဿနာစထားတာဖြစ်သည်။ညီအကိုမောင်နှမအချင်းချင်း ယခုလို တရင်းတနှီး ဆက်ဆံသည်က အပြစ်မဟုတ်သလို တစ်ညတာ တစ်မိုးအောက်ထဲမှာ အတူအိပ်တာကလည်း မထူးဆန်းပေ။ထို့ကြောင့် ယခုကတည်းက လင်းယောင်ယောင်ကို သိက္ခာချထားလိုက်လျှင် ဒုတိယမင်းသား ရှောင်မင်လည်း သူမကို ကြိုက်မှာမဟုတ်တော့ပေ။


ကျန်းရို့ ပြောသည်ကို လင်းယောင်ယောင် ကြားပြီးနောက် သူမ ဒေါသတကြီး ပြုံးလိုက်သည်။



Xxxxxx


Ei Thet Hmue