အခန်းထဲတွင် ရေငွေ့များ ရိုက်ခတ်နေပြီးလင်းရှောင် ရေချိုးကန်ထဲတွင်စိမ်နေလျက် ဘောင်ပေါ်တွင်တင်ထားသည့် အမိန့်ပြားကို မိန်းမောကာ ကြည့်နေမိသည်။
ဧကရာဇ်က သူ့ကိုတကယ် လွှတ်ပေးလိုက်တာပဲ ...
ဒါက တကယ်ကို မယုံကြည်စရာကောင်းတာပဲ ... အခုလည်း ဧကရာဇ်လက်ထဲကလွတ်အောင် ရေချိုးဦးမယ်လို့ ဆင်ခြေပေးခဲ့ရတယ် ...
ထို့နောက် ဧကရာဇ်၏ဘေးတွင်ရပ်နေသည့် သက်တော်စောင့်၏ဦးဆောင်မှုဖြင့် ရေချိုးကန်ကို ရောက်လာခဲ့သည်။
အမိန့်ပြားကို အနည်းငယ်ရွှေ့လိုက်ပြီး လင်းရှောင်သက်ပြင်းချလိုက်သည်။
ဤပစ္စည်း လက်ထဲတွင်ရှိနေခြင်းက သူကြောက်လန့်စရာ မလိုတော့သကဲ့သို့ နန်းတော်၏အစွန်အဖျားတွင်လည်း အမြဲတစေ ရှိနေစရာမလိုတော့ဟုသည့် အဓိပ္ပါယ်ပင်။ ဧကရာဇ်၏ရှေ့တွင်လည်း အချိန်တိုင်း ကြောက်လန့်မှုကြောင့် တုန်ယင်နေစရာ မလိုတော့သည့် သဘောပင်။
သူက အဲ့လိုပြောခဲ့တယ်ဆိုပေမယ့် တကယ်ရော ဖြစ်နိုင်ပါ့မလား ...
လင်းရှောင် အမိန့်ပြားကို စိုက်ကြည့်နေလျက် တွေးတောနေဆဲဖြစ်သည်။ သူ့မျက်လုံးထဲတွင် အရောင်လက်သွားပြီး နှုတ်ခမ်းများကွေးညွတ်ကာ အမိန့်ပြားကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
တံခါးကိုဖြတ်၍ သူ့ကိုခေါ်နေသောအသံကို ကြားလိုက်ရသည်။
လင်းရှောင် အသိစိတ်ပြန်ကပ်သွားပြီး ပြန်ဖြေလိုက်သည်။
" ဘာများလဲ ..."
" ဧကရာဇ်က စောင့်နေပါတယ် ..."
ထိုအခါမှ လင်းရှောင် ရေချိုးကန်ထဲတွင် အချိန်အတော်ကြာနေပြီဖြစ်ကြောင်း သတိပြုမိ၍ အံ့အားသင့်သွားသည်။ ဧကရာဇ်က စိတ်မရှည်တော့သည့်အတွက် တစ်စုံတစ်ယောက်ကို လာခေါ်ခိုင်းလိုက်ခြင်းဖြစ်လိမ့်မည်။
ထိုအတွေးများကြောင့် လင်းရှောင်ထရပ်လိုက်ပြီး သူ့အတွက် သက်တော်စောင့်က ကိုင်ပေးထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်လိုက်သည်။ ထို့နောက် သက်တော်စောင့်နောက်မှ မင်းကြီး၏အခန်းသို့ လိုက်သွားသည်။
စားပွဲပေါ်တွင် ဟင်းပွဲများဖြင့် ပြည့်နေသဖြင့် မင်းကြီး စားတော်ပွဲတည်ခင်းရန်အချိန်ရောက်နေကြောင်း သိလိုက်သည်။ သူက စားပွဲတွင်ပင် ထိုင်နေပြီဖြစ်သည်။
သို့ရာတွင် ဧကရာဇ်၏ရှေ့မှ ပန်းကန်လုံးနှင့် တူများက ပုံစံမပျက်သေးသည့်အတွက် ဧကရာဇ်က လုံးဝမစားရသေးကြောင်း လင်းရှောင်သိလိုက်သည်။
လင်းရှောင် စားပွဲနားသို့လျှောက်သွားကာ ဧကရာဇ်ကို ဦးညွှတ်လိုက်ပြီး ဧကရာဇ်က်ု ဟင်းပွဲသုံးဆောင်ရန်အတွက် ကူညီပေးရန် ပြင်လိုက်သည်။
သို့သော် ဧကရာဇ်က လင်းရှောင်ပြုလုပ်နေသည်ကို ရပ်ခိုင်းလိုက်ပြီး ဘေးတွင်ထိုင်ရန် မျက်ရိပ်ပြလိုက်သည်။
လင်းရှောင် ခဏတာငြိမ်သက်သွားပြီးမှ သူက ဧကရာဇ်ကို ခစားရသည့် အထိန်းတော်လင်း မဟုတ်တော့ကြောင်း သတိရသွားသည်။
သု့အတွေးများကို ဖုံးကွယ်ထားလိုက်ပြီး ပန်ကန်နှင့်တူများကို စကိုင်နေပြီဖြစ်သော ဧကရာဇ်၏ဘေးတွင် နာခံစွာထိုင်လိုက်သည်။
လင်းရှောင် အံ့အားသင့်သွားရသည်။
ဧကရာဇ်က သူနဲ့တူတူစားဖို့ စောင့်နေတာလား ...
မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ထိုအတွေးများကို မတွေးတော့ပဲ ဧကရာဇ်လုပ်သည့်အတိုင်း သူ၏ ပန်းကန်လုံးနှင့်တူကို ယူလိုက်သည်။
သို့ရာတွင် ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေသည်။
လင်းရှောင်၏ ထိတ်ထိတ်ပြာပြာ အမူအယာကို ဧကရာဇ်ကတွေ့သွားပြီး တည်ကြည်စွာဖြင့် မေးလိုက်သည်။
" အသားမကျသေးလား ..."
လင်းရှောင်က တူကိုချပြီး ရိုးသားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ဧကရာဇ်နှင့် အတူတူစားသောက်ခဲ့သည်က ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဤကမ္ဘာကိုရောက်ပြီးချိန်မှစ၍ တစ်စုံတစ်ယောက်က ထမင်းတူတူစားရန်သူ့ကိုစောင့်ဆိုင်းနေခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ အချိန်အတော်ကြာ မခံစားခဲ့ရသည့် နွေးထွေးမှုက သူ့ထံသို့ ပြန်လည်ရောက်ရှိလာခဲ့သလိုပင်။
သူ၏ကမ္ဘာကို ပထမအကြိမ်ရောက်ခဲ့စဉ်တည်းက မခံစားရခြင်းဖြစ်သည်။ ယခင်ဘဝကလည်း မိုရွှီ၏ အကြံအစည်များကို ကူညီပေးခဲ့ရပြီး ယခုဘဝတွင်လည်း လက်စားချေရန်သာ လုံးပန်းနေခဲ့ရသည်။ ဖြတ်သန်းလာသည့် လမ်းတစ်လျှောက်လုံးက မျောနေသည့် ရေခဲတုံးကြီးပေါ်တွင် လမ်းလျှောက်နေခဲ့ရသကဲ့သို့ပင်။
ယခင်ဘဝကလည်း မိုရွှီအတွက်သာ ကူညီပေးခဲ့ရသည့်အတွက် အမြဲသူတစ်ယောက်တည်းသာဖြစ်သည်။ ဤဘဝတွင်လည်း သူ့အတွက်သူ လက်စားချေနေရသဖြင့် တစ်ယောက်တည်းဖြစ်နေခဲ့ပြီး တစ်စုံတစ်ယောက်နှင့် ထမင်းတစ်နပ်တူတူစားရသည်က မည်မျှ သာမန်ဆန်ပြီး သက်တောင့်သက်သာဖြစ်ကြောင်း သူမေ့နေခဲ့မိသည်။
လင်ရှောင် မျက်လုံးများစပ်ဖျဉ်းဖျဉ်းဖြစ်လာသည့်အတွက် ခေါင်းငုံ့ကာ မျက်နှာကို ကွယ်ထားလိုက်သည်။ ဧကရာဇ်ကို ယခုလက်ရှိ မျက်နှာကို မမြင်စေချင်ပေ။ သူက နူးညံ့သောအသံတစ်ခုဖြင့် ပြောလိုက်သည်။
" လင်းရှောင် အရှင်မင်းကြီးနဲ့ ထမင်းတူတူစားရတာ ပထမဆုံးအကြိမ်ပဲနော် ..."
ကုန်းကုန်းငယ်လေး၏မျက်နှာမှ ကြောက်လန့်မှုတို့က လွင့်ပြယ်သွားပြီး ဝမ်းနည်းနေသည့်အမူအယာဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ မျက်လုံးထောင့်စွန်းများ နီရဲလာကာ မျက်ရည်များကျသဖြင့် မြင်ရသူတိုင်း၏ရင်ထဲ နူးညံ့ပျော့ပျောင်းသွားစေသည်။
ဧကရာဇ်က သက်ပြငချလိုက်ပြီး အချို့ဟင်းများကို လင်းရှောင်၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်ပြီး ပြောလိုက်သည်။
" ကိုယ်တော်တို့ နောက်ဆိုလည်း တူတူစားဖို့ အခွင့်အရေးတွေအများကြီး ရှိသေးတာပဲ မင်းမြန်မြန်အသားကျအောင် နေသင့်တယ် ..."
ဧကရာဇ်၏အပြုံးက ယခင်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိနေဆဲဖြစ်သော်လည်း လင်းရှောင် အလွန်ရင်းနှီးနေသည်ဟု ခံစားမိ၍ တိတ်တဆိတ် ရယ်လိုက်သည်။
" အရှင်မင်းကြီးက တိုင်းရေပြည်ရေးကိစ္စတွေ အများကြီးကိုင်တွယ်နေရတာ ထမင်းတစ်နပ်အတွက်နဲ့ လင်းရှောင်ကို အဖော်ပြုပေးနိုင်ပါ့မလား ..."
လင်းရှောင်မေးလိုက်သည့်ပုံစံက ဧကရာဇ်၏ အကြံများကို သွယ်ဝိုက်မေးနေခြင်းဖြစ်သည်။ ၎င်းက ဧကရာဇ်မုန်းတီးသည့်အရာဖြစ်ကြောင်း သိသော်လည်း သူအနည်းငယ် စမ်းသပ်ချင်နေသည်။ ဧကရာဇ်က သူ့ကိုမည်မျှစိတ်ရှည်သည်းခံနိုင်ကြောင်းကို သိချင်နေသည်။
သူက မှားယွင်းသည့်ကိစ္စများစွာကို ပြုလုပ်ခဲ့သော်လည်း ဧကရာဇ်က သည်းခံပေးခဲ့သည်။
ဒါဆိုရင် သူအခုလို ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်တာကိုရော အဆင်ပြေတယ်လို့ သတ်မှတ်ထားဦးမှာလား ...
ဧကရာဇ်က လင်းရှောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်က အလွန်စူးရှပြတ်သားသောကြောင့် လင်းရှောင်၏ရင်ထဲမှ အတွေးများကို ထွင်းဖောက်မြင်နေရသကဲ့သို့ပင် ထင်ရသည်။ လင်းရှောင် လန့်သွားပြီး မတ်တပ်ရပ်၍ ခွင့်လွှတ်ရန် အသနားခံတော့မည့်အချိန်တွင် ဧကရာဇ်က တည်ငြိမ်စွာပြောလိုက်သည်။
" မင်းအလိုရှ်ိတယ်ဆိုရင်တော့ မူတိုင်းပြည်ကိုပြန်ရောက်ရင် အမြဲတူတူ ထမင်းစားကြမယ်လေ ..."
မမျှော်လင့်ထားသည့်အဖြေကြောင့် လင်းရှောင် ခေါင်းငုံ့ပြီး တိတ်ဆိတ်နေမိသည်။
မင်းကြီးက သူ့ကိုတော်တော်သည်းခံတာပဲ ...
သူ့ကို အရမ်းသည်းခံတယ်ဆိုတော့ ...
လင်းရှောင် ခဏတာတွေးပြီးနောက် သတ္တိမွေးပြီး မေးလိုက်သည်။
" အရှင်မင်းကြီး လင်းရှောင်ကို ဘာလို့လွှတ်ပေးတာပါလဲ ..."
၎င်းက သူ့ကို ဇဝေဇဝါဖြစ်နေစေသည့် အကြောင်းအရာဖြစ်သည်။ ဧကရာဇ်က တစ်စုံတစ်ယောက်ကို နှစ်သက်သဘောကျရုံဖြင့် အရာရာတိုင်းကိုသည်းခံမည့်ဘုရင်မျိုးမဟုတ်ပေ။
သူ့ထံတွင်လည်း သည်းခံနိုင်သည့် အကန့်အသတ်နှင့် စည်းမျဉ်းများရှိသည်။ လင်းရှောင် ပြုလုပ်ခဲ့သည်များက ဧကရာဇ်၏ သည်းခံနိုင်မှုကို ကျော်လွန်ခဲ့သော်လည်း သူ့ကို ပြစ်တင်ရှုတ်ချခြင်း မပြုလုပ်ခဲ့ပေ။
လင်းရှောင် အမှန်ပင် အံ့ဩနေမိသည်။
ဧကရာဇ်ကြားသည့်အခါ လှုပ်ရှားမှုများ ခဏတာရပ်တန့်သွားပြီး အကြည့်များက လင်းရှောင်ထံသို့ ရောက်သွားသည်။
လင်းရှောင်က အရာအားလုံးကိုသိပုံရသည့် မင်းကြီး၏အကြည့်များကို ရင်မဆိုင်ရဲပဲ အံကြိတ်ထားသည်။
အဘယ့်ကြောင့်ဆိုသည်ကို သိရန် ပြင်ဆင်ထားသောသူ၏ခိုင်မာသော ပုံပန်းသွင်ပြင်က အသနားခံပြီး ဧကရာဇ်ကို အားလုံးပြောပြန်ရန် တောင်းဆိုနေသကဲ့သို့ပင်။
ဧကရာဇ်က သက်ပြင်းရှည်ကြီးချပြီး နောက်ဆုံးတွင် ဖြေလိုက်သည်။
" မင်းက ကိုယ်တော့်အတွက် ထူးခြားလို့လေ ..."
ဧကရာဇ်က တည်ငြိမ်စွာပြောလိုက်သော်လည်း လင်းရှောင်၏ရင်ထဲ ဒိန်းခနဲဖြစ်သွားပြီး မျက်နှာတစ်ခုလုံး ပူနွေးလာသည်။ သူ ထိတ်ထိတ်ပြာပြာဖြင့် အကြည့်လွှဲလိုက်ပြီး နူးညံ့သော အသံဖြင့်ပြောလိုက်သည်။
" အရှင်မင်းကြီး ... ဒါပေမဲ့ လင်းရှောင်က အရှင့်ကို ... လိမ်ညာခဲ့မိတယ်လေ ..."
" လိမ်ညာခဲ့တာလား ..."
ဧကရာဇ်က တူနှင့် ပန်းကန်ကိုချလိုက်ပြီး သူ့ဘက်သို့လှည့်လာကာ လင်းရှောင်ကို အထင်သေးသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
" မင်း ကိုယ်တော့်ကို လိမ်နိုင်မယ်များ ထင်နေလား ..."
ထိုသို့ပြောပြီးနောက် ဧကရာဇ်က တစ်စုံတစ်ခုကို တွေးမိပုံဖြင့် ရပ်တန့်သွားကာ သူ၏ပုံစံက မူမမှန်ဖြစ်လာပြီး လင်းရှောင်၏ ခွကြားကိုကြည့်လိုက်သည်။
" ဒါမဲ့လည်း မင်းကိုယ်တော့်ဆီကနေ တစ်ခုကိုတော့ ဖုံးကွယ်ထားနိုင်ခဲ့ပါတယ် ..."
“……” ဧကရာဇ်က သူ့ခန္ဓာကိုယ်ကို စူးစူးရဲရဲကြည့်နေသောကြောင့် တောင့်တင်းသွားပြီး ခြေထောက်များကို ကွေးထားလိုက်မိသည်။
ထို့ကြောင့် ဧကရာဇ်က အကြည့်လွှဲလိုက်သည်။
" ဒါပေမဲ့လည်း ကိုယ်တော်မမုန်းပါဘူး ..."
လင်းရှောင် ရင်တုန်သွားပြီး ခေါင်းငုံ့ထားလိုက်သည်။
လင်းရှောင် နောက်ဆုံးတွင် သဘောပေါက်သွားပြီဖြစ်သည်။ ဧကရာဇ်က ကိစ္စအားလုံးကို သိရှိထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခင်က ဧကရာဇ်ကို လိမ်ညာခဲ့သော်လည်း ဧကရာဇ်က အသေးအဖွဲ့ကိစ္စဟု သဘောထားကာ ခွင့်လွှတ်ပေးနိုင်ခဲ့သည်။ထို့အပြင် ဧကရာဇ်က သူ့ကို နှစ်သက်သောကြောင့် ခွင့်လွှတ်ရန် ရွေးချယ်ခဲ့သည်။
သူ့အတွက် ဧကရာဇ်၏ သည်းခံနိုင်စွမ်းက အလွန်မြင့်လွန်းနေသည်။။ ဤသို့ဖြစ်၍ သူ့မျက်လုံးထဲတွင် ယုတ်မာသည့် အရိပ်အယောင်များ ပေါ်လာသည်။ အံကြိတ်ထားပြီး နောက်တစ်ကြိမ် သတ္တိမွေးကာ မေးလိုက်ပြန်သည်။
" အရှင်မင်းကြီး ဖူယွီကျွင်းကို ချမ်းသာပေးနိုင်မလား ..."