အပိုင်း ၁၉၇
Viewers 92k

Chapter 197




ဒါရိုက်တာ၏ သူ့အပေါ် အကြည့်တို့ လုံးဝ ပြောင်းလဲသွားတော့သည်။ 


လျှိုရီလိန်က သတိမပြုမိသည့်နှယ် ပြုံးလျက်သာ ပြောလိုက်သည်။ 


"ဟုတ်ကဲ့ပါ ကျွန်တော်လည်း အန်ကယ်ရှို့ကို မတွေ့ရတာ ကြာနေပြီဆိုတော့ သတိရနေတာ ဒီကိုလာတာ အန်တီရွှယ်နဲ့ ရှောင်ကျားရှုကို လာတွေ့တာလား ..." 


ရှောင်ချီကျဲ၏ ညင်သာသည့် အမူအယာတို့ တစ်ဖန် ခက်ထန်လာပြန်ကာ ဒေါသစိတ်ကို ထိန်းချုပ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ် ငါတို့မှာ လုပ်စရာလေးတွေ ရှိသေးလို့ နောက်မှ ပြန်ဆက်သွယ်တော့မယ်နော် ..." 


"ဟုတ်ကဲ့ပါ အန်ကယ်ရှောင် ဂရုစိုက်သွားနော် ရှောင်ကောရောပဲ ..." 


ထွက်သွားသူနှစ်ဦးကို စောင့်ကြည့်ရင်း သူ့အမူအယာမှာ တစ်ဖြည်းဖြည်း စဉ်းလဲလာတော့သည်။ 


သတင်းထွက်လာသည်နှင့် တစ်ပြိုင်နက် ဖခင်နှင့် အစ်ကိုဖြစ်သူတို့ ရောက်ချလာလိမ့်မည်ဟု ထင်မထားသည့် ရှောင်ကျားရှုမှာမူ ဘာလုပ်၍ လုပ်ရမည်မှန်း မသိတော့။ ဖြူလျော်နေသည့် မျက်နှာဖြင့် တံခါးဖွင့်ပေးရင်း နှုတ်ဆက်မည် ပြုလိုက်စဉ် ရှောင်ချီကျဲက သူ့ကို ရိုက်နှက်ရန် လက်ကို မြှောက်လိုက်၏။ သို့သော် ကျိမြန်က သူ့လက်ကို အချိန်မီ ဆွဲထားလိုက်သည်။


တင်းမာခက်ထန်နေသည့် လေထုကို ရှောင်တင်းပန်၏ နက်ရှိုင်းသည့်‌ စကားသံက ဖြတ်တောက်လိုက်တော့၏။ 


"အထဲရောက်မှပြော အပြင်လူတွေ အမြင်မှာ ဟာသ မဖြစ်စေနဲ့ ..." 


ဒါရိုက်တာမှာ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်လာကာ ချက်ခြင်း နောက်ကြောင်းပြန်လှည့်သွားသော်ငြား သူ့နှလုံးသားကမူ ကောလဟာလများကို ပိုမိုယုံကြည်လာတော့သည်။ 


ရှောင်ကျားရှုကသာ သူ့သားဆိုရင် ရှောင်ချီကျဲက သူ့ကို ရိုက်ပါ့မလား အကျိုးနည်း သူက နှစ်နှစ်ဆယ်ကျော်လောက် ဦးထုပ်စိမ်း ဆောင်းပေးခံလာရတာပေါ့ စိတ်သဘောထား နူးညံ့တဲ့သူဆိုရင်တောင် ဒါမျိုးကိုတော့ သည်းခံနိုင်မယ် မထင်ဘူး ... 


ဒါရိုက်တာ ထွက်လာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အတင်းအဖျင်းစကားတို့ စတင်လာတော့သည်။ သို့သော် သူက‌မူ ဟုတ်သည်ဟုလည်း ဝန်မခံ၊ ငြင်းလည်း မငြင်းဆန်ဘဲ လက်ကို ယမ်းပြ၍သာ လူစုခွဲလိုက်တော့သည်။ သို့သော် သူ၏ နှုတ်ဆိတ်နေမှုကပင်လျှင် ဝန်ခံရာ ရောက်နေတော့၏။ 


ရှောင်ကျားရှုနဲ့ ရွှယ်မြောင် ဒီသားအမိကတော့ တကယ်ကို သွားပြီပဲ ... 


"မစ္စတာရှောင် ပြောစရာရှိရင်တောင် လူကို လက်မပါပါနဲ့ ..." 


ကျိမြန်က နှိမ့်ချခြင်း တစ်စုံတစ်ရာ မပါဘဲ ပြောလိုက်သည်။ 


"မင်းနဲ့ ပြောစရာ မရှိဘူး ..." 


ရှောင်ချီကျဲက လက်ကို ပြန်ရုတ်ကာ သားဖြစ်သူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


"ဒီဟာကို ဆက်မရိုက်ဘဲ အခုချက်ခြင်း အထုပ်သိမ်းပြီး ငါနဲ့ ပြန်လိုက်ခဲ့ ဒီလောကက ဘာတစ်ခုမှ မကောင်းပါဘူးလို့ မင်းအမေကို ပြောသားပဲ မင်းလည်း ဒီထဲ ရောက်လာတာ ဘယ်လောက်မှ မကြာသေးဘူး ယောကျာ်းတစ်ယောက်နဲ့ ဖြစ်ပျက်နေပြီ မင်းကြောင့် ငါမျက်နှာပျက်ရတော့မလို့ကွ ..." 


သူ့အဖေ ရောက်လာခြင်းမှာ ကောလဟာလများကြောင့် မဟုတ်ဘဲ သူ၏ လိင်စိတ်တိမ်းညွတ်မှုကြောင့်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှောင်ကျားရှုမှာ ပို၍ပင် စိတ်ဖိစီးလာရတော့သည်။ ကျိကော၏ နောက်တွင် ဝင်ပုန်းလိုက်ချင်သော်ငြား ကျိကောကို စိုက်ကြည့်နေသည့် သူတို့၏ အကြည့်တို့မှာ လွန်စွာ တင်းမာခက်ထန်လှသည့်အတွက် သူ့ရှေ့တွင် အမြန်ရပ်လိုက်၏။ အံတင်းတင်းကြိတ်ကာ ခုခံလိုဟန်မှာ သူ့နယ်မြေကို ကာကွယ်လိုသော ခြင်္သေ့ပေါက်စ တစ်ကောင်နှယ်။ 


ဒီနေ့ ဘယ်သူကမှ သူ့ကို ခေါ်သွားလို့ မရသလို ကျိကောကိုလည်း အနိုင်ကျင့်လို့ မရဘူး ကျိကောရဲ့ ဆံပင်တစ်ချောင်းလေးကို ထိရဲတဲ့သူ ရှိရင်တောင် အဲဒီ့သူနဲ့ တိုက်ခိုက်ပစ်မယ် ... 


အနည်းငယ် ရက်စက်သည့် အမူအယာတို့ လွှမ်းခြုံနေသည့် ကျိမြန်ပင်လျှင် ရယ်ချမိလုမတတ် ဖြစ်လာသည့်အတွက် အသည်းအသန် ချောင်းဟန့်လိုက်ရတော့သည်။ ရှောင်ကျားရှုကို နောက်ကျောဘက်ဆီမှ ပွေ့ဖက်ထားသည့် သူ့အမူအယာမှာ တစ်မဟုတ်ချင်း နူးညံ့‌သိမ်မွေ့လာတော့သည်။ 


ရှောင်ချီကျဲနှင့် ရှောင်တင်းပန်တို့ နှစ်ဦးလုံး အေးစက်ခက်ထန်လာပြန်ကာ သူတို့နှစ်ဦးကို လူစုခွဲမည်ပြုစဉ် ဖိုင်အိတ်တစ်လုံးကို ကိုင်လျက် အေးစက်သည့် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲရင်း အခန်းထဲသို့ ဝင်လာသည့် ရွှယ်မြောင်ကို တွေ့လိုက်ရသည်။ 


"ရောက်လာပြီလား ထိုင်ကြပါဦး ..." 


သူမက ခေါင်းငြိမ့်ပြကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ 


ရှို့ချန်ယုက ချက်ခြင်းပင် ဆေးလိပ်ကို မီးညှိကာ သူမလက်ထဲ ထည့်ပေးလိုက်၏။ သူမက စကားတစ်ခွန်းမှ မဆို၊ ဆေးလိပ်ကိုသာ နှစ်ကြိမ်ခန့် ဖွာရှိုက်လိုက်သည်မှာ လွန်စွာ စိတ်အေးလက်အေး ရှိနေဟန်ပင်။ သန်မာသည့် စိတ်နှလုံး မရှိပါလျှင် အနုပညာလောကထဲ ရောက်လာရန် မလွယ်ကူလှ။ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပြီးသူ ဖြစ်သည့်အလျောက် သူမ မမြင်ဖူးသည့် ဆိုးယုတ်မှုဟူ၍ မရှိတော့သလောက်ပင်။ ရှောင်ချီကျဲကို မျက်ရည်လည်ရွှဲဖြင့် အော်ဟစ်ငိုယိုလိုက်ချင်သော်ငြား ထိုသို့ လုပ်မိပါလျှင် သူမကိုယ်သူမပင် အထင်သေး‌မိပေလိမ့်မည်။ 


ဆေးလိပ်ပြာကို ခါချရင်း ခပ်ဖြည်းဖြည်း မေးလိုက်သည်။ 


"ဘာလို့ ရောက်လာကြတာလဲ အွန်လိုင်းပေါ်က ကောလဟာလကြောင့်လား ဒါမှမဟုတ် ရှောင်ရှုနဲ့ ကျိမြန်ရဲ့ ဆက်ဆံရေးကြောင့်လား ..." 


"အင်တာနက်ပေါ်က ဘယ်ကောလဟာလလဲ ..." 


ရှောင်တင်းပန်းက အလေးအနက် ‌မေးလိုက်သည်။ 


"ကြည့်ရတာ ရှောင်ရှုအတွက် ထင်တယ် ..." 


ရွှယ်မြောင်က နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ အဝါရောင်တောက်တောက် စီးကရက်အစွပ်ကို နီရဲနေသည့် နှုတ်ခမ်းနှစ်လွှာဖြင့် ဖိကိုက်ထားပြီး ပျင်းရိကာ မည်သည်ကိုမှ ဂရုမစိုက်သည့် သူမ၏ ပုံစံမှာ လွန်စွာ စွဲမက်ဖွယ် ကောင်းလှသည်။ ရှောင်ချီကျဲက သူမကို လောဘတကြီး စိုက်ကြည့်ပြီးနောက် ဖုန်းကိုထုတ်ကာ သတင်းများ ဖတ်ကြည့်လိုက်သည့်အခါ မူလကတည်းက အရုပ်ဆိုးနေသည့် မျက်နှာမှာ တစ်ဖြည်းဖြည်း ဖြူလျော်သွားတော့သည်။ 


"ရှင်နဲ့ကျွန်မ စပြီး ချစ်ကြိုက်ကြကတည်းက နောက်ကွယ်မှာ ကျွန်မကို အမျိုးမျိုးဝေဖန်၊ သေဖို့အထိတောင် ကျိန်ဆဲကြတဲ့သူတွေ အများကြီးပဲ ရှင့်အိမ်ကို လိုက်လာတော့လည်း မိသားစုတစ်ခုလုံး သဘောမတူကြဘူး အကုန်လုံးက ကျွန်မက ရှင်နဲ့ ဟုန်ရင်ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူ၊ ကျွန်မကြောင့် ဟုန်ရင် အစောကြီး သေသွားရတာလို့ အမျိုးမျိုး ပြောကြတယ် ဒါပေမယ့် ကျွန်မ တစ်ခုမှ နားမထောင်ခဲ့ဘူး ဘာလို့လဲဆိုတော့ လူတွေက အနုပညာလောကက လူတွေကို အထင်အမြင်လွဲနေခဲ့ကြတာ အရမ်းကြာနေလို့ ကျွန်မကိုလည်း မျက်စိမှိတ်ပြီး မုန်းနေကြတာပါလို့ပဲ တွေးခဲ့လို့ ဒါကြောင့်လည်း ကောင်းကောင်းမွန်မွန် နေပြီးကျွန်မ ဖြည့်ဆည်းပေးရမယ့် ဝတ္တရားတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့တာ ရှေးဆိုရိုးတောင် ရှိတယ် မဟုတ်လား "အချိန်ကပဲ ကုစားပေးသွားပါလိမ့်မယ်" ဆိုတာလေ ရွှယ်မြောင်က ဘယ်လိုလူစားမျိုးလဲ အခုအချိန်မှာတော့ သူတို့ မသိလောက်သေးပေမယ့် ကြာလာရင် တစ်ဖြည်းဖြည်း နားလည်လာမှာပါ ဆိုပြီးတော့ တွေးခဲ့တာ ဒါပေမယ့် ကျွန်မ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့ နှစ် ၂၀ ကျော် ကြာတာတောင် တင်းပန်းကလွဲရင် ဘယ်သူမှ ကျွန်မအပေါ် မြင်တဲ့အမြင်တွေ ပြောင်းလဲမသွားကြဘူး ရှင့်ရဲ့ ရှောင်မိသားစုက အရမ်းကို စိတ်နှလုံးသား မာကြောလွန်းလို့ဆိုပြီး ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ ဒီလို မဟုတ်ခဲ့ဘူးပဲ ..." 


သူမက ဖုန်းကို ထုတ်ကာ မီဒီယာတစ်ခုမှ တင်ထားသည့် ဓာတ်ပုံအဟောင်းများကို ပြပြီး မေးလိုက်သည်။ 


"ဒီဓာတ်ပုံထဲက မိန်းမက ဘယ်သူလဲဆိုတာ ရှင် ပြောပြနိုင်မလား ..." 


ထိုဓာတ်ပုံများမှာ တရုတ်ပြည်၏ နာမည်ကျော် မိုးမျှော်တိုက်ရှေ့တွင် ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး ထိုမိုးမျှော်တိုက်မှာ ရှောင်တင်းပန်း၏ မိခင် ဟုန်ရင်မသေဆုံးမီ တစ်နှစ်အလို ၂၀xx ခုနှစ်တွင် မီးလောင်မှုကြောင့် ပြိုကျပျက်ဆီးသွားခဲ့သည့် အဆောက်အဦးဖြစ်သည်။ 


ရှောင်ချီကျဲက စကားတစ်ခွန်းမှ မပြောနိုင်ခဲ့တော့။ ရှောင်တင်းပန်းက သူ့ဘက်သို့ ချာကနဲ လှည့်ကြည့်ကာ နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။ 


"ဒီအမျိုးသမီးက အန်တီရွှယ် မဟုတ်ဘူးလား ..." 


ကိုယ်လုံးကိုယ်ထည်နှင့် အဝတ်အစားအရ ထိုအမျိုးသမီးမှာ ရွှယ်မြောင်ဖြစ်လိမ့်မည်ဟုသာ အမြဲ တွေးထားခဲ့ခြင်းဖြစ်သည်။ 


ရှောင်ကျားရှုမှာလည်း လွန်စွာ စိတ်ရှုပ်သွားဟန်။ 


ဘာတွေလဲ ဒီဓာတ်ပုံက မီဒီယာတွေ တမင်တကာ ကြံစည်ထားတဲ့ပုံ မဟုတ်ဘူးလား ဘာလို့ အဖေ့ကို မေးနေရတာလဲ ... 


ကျိမြန်က သူ့ခေါင်းကို ပွတ်သပ်ပေးကာ တီးတိုးပြောလိုက်သည်။ 


"ကိုယ်တို့ အရင် အပြင်ထွက်သွားကြမလား မင်းအဖေနဲ့ အမေကို သီးသန့်ပြောပါစေလေ ..." 


"ဟုတ်သားပဲ ရှောင်ရှု သား အရင် အပြင်ထွက်နှင့်လိုက် တင်းပန်းရောပဲ ချန်ယု မင်းတို့အားလုံး ထွက်သွားလိုက်ကြလေ ..." 


ရှောင်ချီကျဲ၏ အသံမှာ အေးခဲရာမှာ အရည်ပြန်ပျော်လာသည့်နှယ် တောင့်တင်းနေပေသည်။ 


"မထွက်ဘူး ကျွန်တော့်မှာလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သိခွင့်ရှိတယ် ..." 


ရှောင်ကျားရှုက ခေါင်းကို ဖြည်းညင်းစွာ ယမ်းပြလိုက်သည်။ ထိုကိစ္စသည် သူ့မိခင်ကို ကြီးမားစွာ နာကျင်စေနိုင်မည်ဖြစ်ကြောင်း ကြိုသိနေသည့်အတွက် သူမအနားတွင် အားပေးရန် ရှိနေရမည်ဖြစ်သည်။ 


သူ့ကို လှည့်ကြည့်လာသည့် ရွှယ်မြောင်၏ နှလုံးသားမှာလည်း နာကျင်မှုကြောင့် ထုံထိုင်းလာတော့သည်။ သူမ၏ ရွေးချယ်မှုအပေါ် နောင်တရမိသည့်တိုင် သားဖြစ်သူသာ ရှိနေပါလျှင် နာကျင်မှုအလုံးစုံတို့သည်ပင်လျှင် များစွာ အရေးမပါတော့ဟု ခံစားမိလာတော့သည်။ 


ရှောင်ကျားရှုပင်လျှင် အပြင် မထွက်လိုရာ ရှောင်တင်းပန်းမှာ ဆိုဖွယ်ရာ မရှိတော့ချေ။ ဓာတ်ပုံကို တစ်ခဏမျှ ငေးကြည့်ကာ ဆက်မေးလိုက်သည်။ 


"အဖေ ဒီအမျိုးသမီးက ဘယ်သူလဲ ..." 


ဤကိစ္စကို နေ့တွင်းချင်း သိရမှ ဖြစ်ပေမည်။ 


ရှောင်ချီကျဲက နှုတ်ခမ်းတို့ကို ဖိကိုက်ကာ ရွှယ်မြောင်ကို အကြည့်တို့ဖြင့် တိုးလျှိုးတောင်းပန်လိုက်သည်။ 


ရွှယ်မြောင်က သရော်လိုက်၏။ 


"ရှောင်ရှုနဲ့ ကျိမြန် ကြိုက်နေကြတယ်ဆိုတဲ့ သတင်းကို ဘယ်က ကြားလာတာလဲ ချန်းထျန်ဆီကမှ ဟုတ်ရဲ့လား ..." 


သူမက ရှောင်တင်းပန်းကို အနည်းငယ် လှောင်ရယ်လိုဟန်ဖြင့် မေးလိုက်သည်။ 


"တင်းပန်း မင်း မသိဘဲ နေမှာတောင် ကြောက်မိပါရဲ့ ဓာတ်ပုံထဲက မိန်းမက ချန်းမန်နီလေ အဲဒီ့တုန်းက မင်းအဖေရဲ့ အမြှောင်မယားပေါ့ ..." 


ချန်းထျန်မှာမူ သူမ၏ မောင်အရင်းဖြစ်ကာ ရှောင်ချီကျဲ၏ လက်ထောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပေသည်။ 


ချန်းမန်နီသည် တရုတ်ပြည်၏ နာမည်ကြီး စန္ဒယားပညာရှင်ဖြစ်ကာ သူမ၏ ခင်ပွန်းမှာ ရှောင်ချီကျဲ၏ အကောင်းဆုံး သူငယ်ချင်း လျှိုကွမ် ဖြစ်ပေသည်။ ရင်းနှီးမြှုပ်နှံမှုတစ်ခု ‌ဆုံးရှုံးကာ ကြီးမားလှသည့် အကြွေးနွံထဲ နစ်မြုပ်သွားသော လျှိုကွမ်သည် သားဖြစ်သူ လျှိုရီလိန်ကို ချန်ထားရင်း အဆောက်အဦးတစ်ခုပေါ်မှ ခုန်ချ၍ သတ်သေခဲ့သည်။ ရှောင်ချီကျဲသည် ထိုကျန်ရစ်သူသားအမိနှစ်ဦးကို နှစ်ပေါင်းများစွာကြာ ဂရုစိုက်ပေးခဲ့ကြောင်းမှာ တစ်နိုင်ငံလုံးအသိပင် ဖြစ်ပေသည်။ သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ ရိုးသားပွင့်လင်းကာ လူထုအမြင်တွင် ဒွိဟဖြစ်ဖွယ် မရှိသဖြင့် သူတို့နှစ်ဦး၏ ပတ်သက်ရေးကို မေးခွန်းထုတ်၊ သံသယဝင်ရန် မလိုအပ်ချေ။ 


ရှောင်ချီကျဲ၏ ကြိမ်ဖန်များစွာ အယုံသွင်းမှုကြောင့် ရှောင်တင်းပန်းပင်လျှင် လျှိုရီလိန်ကို ကောင်းစွာ ဂရုစိုက်ပေးရမည်ဟု ခံယူထားခဲ့သည်။ ဖခင်မဲ့သွားသူနှင့် မုဆိုးမဖြစ်သွားသူတို့အဖို့ ရှင်သန်ရပ်တည်ရန် မလွယ်ကူလှ။ ‌လျှိုရီလိန် ဤအနေအထားအထိ ရောက်လာကာ လျှိုကွမ်၏ အကြွေးအမြောက်အများကို ပြန်ဆပ်နိုင်သည်မှာလည်း ရှောင်တင်းပန်း၏ ဂရုစိုက်ပေးမှုကြောင့်များပင် ဖြစ်ပေသည်။ 


ဒီတစ်ယောက်က သူ့ဦးလေးရဲ့ သားလို့ တွေးခဲ့ပေမယ့် ကြည့်ရတာ ... 


ရှောင်တင်းပန်းက သူ့အဖေကို စူးစူးရဲရဲ စိုက်ကြည့်ကာ မေးလိုက်သည်။ 


"ပါး အန်တီရွှယ် ပြောတာတွေ အကုန်လုံးက အမှန်လား ..."


ရှောင်ချီကျဲက ခေါင်းယမ်းကာ ငြင်းဆန်မည်ပြုစဉ် ရွှယ်မြောင်က ဖိုင်အိတ်ကို ‌ဖွင့်ချလိုက်ရာ ဓာတ်ပုံအားလုံး ပြန့်ကြဲကျလာ၏ အားလူံးမှာ သူနှင့် ချန်းမန်နီတို့ ရင်းနှီးပူးကပ်နေသည့် ဓာတ်ပုံများ ဖြစ်ကြပြီး နိုင်ငံရပ်ခြား အပန်းဖြေစခန်းများနှင့် ဟိုတယ်တွင် ညအိပ်တည်းခိုနေကြပုံများပါ ပါဝင်ပေသည်။ ဓာတ်ပုံတိုင်းမှာ လွန်စွာ ရှင်းလင်းပြတ်သားကာ နှစ်ဦးလုံးမှာလည်း ငယ်ရွယ်ပြီး ရှေ့သွားနောက်လိုက် ညီလှသည့်အတွက် သူတို့နှင့် မရင်းနှီးသူများအဖို့ သည်းသည်းလှုပ် ချစ်တတ်သည့် စုံတွဲတစ်တွဲဟုသာ ထင်ကြမည်ဖြစ်သည်။ 


ထိုအချိန်တွင် ရှောင်တင်းပန်း၏ မိခင်မှာ ပြင်းစွာ နာမကျန်းဖြစ်နေခဲ့ကာ ခင်ပွန်းဖြစ်သူ စိတ်ပြန်လည်လာစေရန် အပူတပြင်း ဆုတောင်းနေခဲ့သည်။ မျှော်လင့်ချက် တစ်မျှင်လေးမျှ ဆုပ်ကိုင်ထားနိုင်လျှင်ပင် အသက်ရှင်နိုင်ဦးမည် ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူကို ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့သည့်အတွက် အားမတန် မာန်‌လျော့လိုက်ရတော့သည်။ 


ရှောင်ချီကျဲက ထိုဓာတ်ပုံများကို အကြောင်သား ငေးကြည့်နေလိုက်သည်။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်များအား ဖော်ထုတ်ခံလိုက်ရသည့် သူ့ပုံစံမှာ သေဒဏ်ကျခံထားရသည့် အကျဉ်းသားတစ်ဦးနှင့် မခြားနားတော့ပေ။ မြောင်မြောင်ကို နီရဲသော မျက်ဝန်းတစ်စုံဖြင့် ‌မော့ကြည့်လိုက်သည်။ သူမကို စကားလုံး ထောင်သောင်းမက ပြောလိုသော်လည်း တစ်လုံးမှ ထွက်မလာ၊ လည်ချောင်းထဲတွင်ပင် ဆို့နစ်နေတော့သည်။ 


ဓာတ်ပုံများကို ကောက်ယူကာ ဂရုတစိုက် ကြည့်လိုက်သည့် ရှေ

ာင်ကျားရှု၏ မျက်နှာမှာလည်း မယုံကြည်နိုင်ဟန်။ ကျိမြန်က သက်ပြင်းဖွဖွ ချကာ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းရင်း အသာ ပုတ်ပေးလိုက်သည်။ 



Xxxxx