အပိုင်း ၁၉၁
Viewers 57k

Chapter 191




ဝန်ထမ်းများက လက်မြှောက်ပြကာ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အချက်ပေးလိုက်သည့်တိုင် ရွှယ်မြောင်ကမူ မိန်းမောနေလျက်သာ တုန့်ပြန်လိုက်သည်။ ဘေးနားတွင် ရပ်ကြည့်နေသည့် သရုပ်ဆောင်များ ပို၍ပင် များပြားလာကာ လူတိုင်း၏ အမူအယာမှာလည်း နားလည်ရခက်မှုတို့ဖြင့် ပြည့်နှက်လာတော့သည်။ 


ဆိုတော့ ဇာတ်ကောင်စရိုက်ထဲ နစ်ဝင်သွားတယ်ဆိုတာ ဒါမျိုးကို ဆိုလိုတာပေါ့ ဟုတ်လား ရှောင်ကျားရှုက တကယ်ကို အင်အားကြီးတာပဲ သူ့ကိုယ်သူ နာမည်ကြီးအောင် ဖြတ်လမ်းနည်း မသုံးဘဲ အရည်အချင်းကို အားကိုးပြီးပဲ ဒီအဆင့်အထိ တက်လာနိုင်တာ ... 


"အက်ရှင် ..." 


ဒါရိုက်တာ၏ စကားသံအဆုံး ကျိမြန်က ချက်ခြင်း မျက်လုံး ပြန်မှိတ်လိုက်ကာ ရှောင်ကျားရှုလည်း စိတ်ရူးဖောက်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ တံခါးကို ကန်ကျောက်ကာ စစ်သူကြီး၏ ခါးတွင် ချိတ်ဆွဲထားသည့် ဓားကို ဆွဲယူပြီး ထွန်းညှိထားသည့် ဖယောင်းတိုင်အားလုံးကို အပိုင်းပိုင်း ဖြတ်ကာ ရှိုက်ငိုလိုက်သည်။ 


"မင်းက နောက်ဘဝကို လိုချင်တယ်ပေါ့ ဟုတ်လား ငါကိုယ်တော်က အဲဒီ့ကိုရောက်ဖို့ တံတားတောင် မလိုဘူးကွ နောက်ဘဝမှာ မင်းနဲ့ တွေ့ကြမယ် ..." 


အစေခံအိုကြီးက သူ့အနားကပ်ကာ ဖြောင်းဖျလိုက်သော်ငြား နားမထောင်။ ဓားကိုသာ အရူးအမူး လွှဲယမ်းရင်း သူ့ကို မောင်းထုတ်လိုက်တော့သည်။ 


မီးတောက်က အဖြူရောင် နဖူးစည်းမှတစ်ဆင့် အရာအားလုံးကို တစ်စစီ ဝါးမျိုပစ်လိုက်တော့သည်။ ဧကရီဘုရင်မက သက်တော်စောင့်များအား အထဲသို့ အမြန်ဝင်ကယ်ရန် စေခိုင်းလိုက်ချိန်တွင်မူ ဈာပနခန်းမမှာ မီးလောင်နှင့်နေပြီဖြစ်ပြီး ဝင်ပေါက်နှစ်ခုလုံး လောင်ကျွမ်းပျက်စီးသွားတော့သည်။ သူမ၏ တစ်ဦးတည်းသောသားက မီးတောက်များအကြား ရပ်နေကာ အဝတ်အစားနှင့် သရဖူတို့ကို တစ်ခုချင်း ချွတ်ပစ်ရင်း အဖြူရောင်ဝတ်ရုံတစ်ထည်သာ ဝတ်ဆင်လျက် ကျောက်သားခေါင်းတလားထဲ ဝင်သွားလိုက်သည်။ လှဲမချမီ ဧကရီမယ်မယ်ကို နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်၏။ သူ့အကြည့်တို့တွင် ကြောက်ရွံ့ခြင်း၊ လေးစားအားကျခြင်းတို့ မပါ၊ စိတ်သက်သာရာ ရမှုသာလျှင် ထင်ဟပ်နေတော့သည်။ နောက်ဆုံးတော့ လွတ်မြောက်သွားချေပြီ။ 


သားဖြစ်သူ၏ စိတ်ပျက်အားငယ်သော မျက်ဝန်းတို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ ရွှယ်မြောင်၏ စိတ်နှလုံး နှစ်ခြမ်းကွဲသွားတော့သည်။ တစ်ခုမှာ ပူဆွေးသောကရောက်နေသည့် မိခင်တစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးမှာ‌ အေးစက်ကာ အညှာအတာ ကင်းမဲ့လှသည့် ဧကရီဘုရင်မတစ်ပါး ဖြစ်ပေသည်။ တံခါးပေါက်နှစ်ခု ပျက်စီး‌သွားကြောင်း တွေ့လိုက်ရသည့် အခါတွင်မူ ရှေ့သို့ လှမ်းကာ နင့်နင့်သည်းသည်း အော်ဟစ်လိုက်မိတော့သည်။ 


"ချီအာ ထွက်လာခဲ့ ချီအာ မဖြစ်ဘူး ..." 


ကိုယ်ရံတော်တပ်မှူးက သူမကို တားမြစ်ကာ တည်ငြမ်စွာ ပြောလိုက်သည်။ 


"အရှင်မ တောင်းပန်ပါတယ် ..." 


"အရှင်မ" ဟူသည့် စကားကြောင့်


ဆင်ခြင်တုံတရားတို့ ပြန်လည်ရောက်ရှိလာဟန်ပင်။ ကွေးညွတ်နေသည့် ကျောပြင် တစ်ဖြည်းဖြည်း ပြန်လည်တည့်မတ်လာကာ စိတ်ပျက်ဝမ်းနည်းကာ ယူကြုံးမရ ဖြစ်ရသည့် ပူဆွေးမှုတို့ကို အေးစက်လှသည့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့က အစားထိုး ဝင်ရောက်လာတော့သည်။ 


နောက်ဆုံးတော့ သူမရဲ့ အသုံးမကျတဲ့ သားလည်း သေသွားပြီ ပြီးတော့ သူမရဲ့ လက်ချက်နဲ့လည်း မဟုတ်ဘူးလေ ဒီထက်ကောင်းတဲ့ ဇာတ်သိမ်းမျိုး ရှိနိုင်ပါဦးမလား ... 


သူမ လိုချင်သည်ကို ရခဲ့သည့်တိုင် မျက်နှာကို ဖြတ်ကာ တိုက်ခိုက်လာသည့် လေထုကြောင့် အရိုးခိုက်မတတ် ချမ်းစိမ့်သွားတော့သည်။ 


ဖြောင်း ဖြောင်း ဖြောင်း ... 


ဒါရိုက်တာက စိတ်လှုပ်ရှားမှုနှင့် လေးစားအားကျမှုတို့ ရောယှက်လျက် မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်သည်။ 


ဘုရားရေ ဒီသားအမိနှစ်ယောက် အတူတူ သရုပ်‌ဆောင်တာကို ကြည့်ရတဲ့ ခံစားချက်က တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ ... 


ထိုအခါမှ ရပ်ကြည့်နေသူများလည်း သတိပြန်ကပ်ကာ ဒါရိုက်တာနှင့်အတူ လက်ခုပ်တီးလိုက်ကြတော့သည်။ 


အနုပညာဗီဇက ‌သွေးထဲမှာ စီးဆင်းလာတာဆိုတဲ့ စကားက တကယ်ကို မှန်တာပဲ နှစ် ၂၀ ကြာပြီးတာတောင် ရွှယ်မြောင်ရဲ့ သရုပ်ဆောင်ချက်တွေက ကောင်းနေတုန်း ရှောင်ကျားရှုကလည်း သူမထက်ကို မညံ့ဘူး ဒီသားအမိနှစ်ယောက် အပြိုင် သရုပ်ဆောင်တဲ့ အခန်းက ဒီရုပ်ရှင်ရဲ့ အပြောင်မြောက်ဆုံး အခန်းတစ်ခု ဖြစ်လာမှာ သေချာတယ် ... 


ရွှယ်မြောင်က အိပ်မက်မှ လန့်နိုးလာသည့်ဟန် ရေးကြီးသုတ်ပျာ အော်ပြောလိုက်သည်။ 


"မီးတွေ သွားငြိမ်းလေ မြန်မြန်လေး ..." 


"ရွှယ်ကျဲ စိတ်မပူပါနဲ့ ကျွန်တော်တို့က မီးလောင်ခံတဲ့ ပစ္စည်းတွေ အများကြီး သုံးထားတာပါ ပြီးတော့ ဒီတံခါးနှစ်ချပ်ပဲ မီးလောင်သွားတာ အထဲကလူတွေအကုန် အန္တရာယ်ကင်းပါတယ် ..." 


ဇာတ်ဝင်ပစ္စည်း ပြင်ဆင်သူက နှစ်သိမ့်ပေးလိုက်ပြီး လုံခြုံရေးများကမူ မီးသတ်ဆေးဘူးကိုင်ကာ ပြေးဝင်သွားနှင့်ကြပြီးဖြစ်သည်။ 


ရှောင်ကျားရှုနှင့် ကျိမြန်တို့က မီးလောင်ခံ ခေါင်းတလားထဲတွင် လက်ချင်းတွဲလျက် လဲလျောင်းနေကြသည်။ လူတိုင်း အလုပ်များနေ၍ သူတို့ကို မည်သူကမှ အာရုံမစိုက်နိုင်။ 


"ကျိကော ကျွန်တော် အရမ်းကို မသက်မသာ ခံစားနေရတယ် ဒီလိုမျိုး သေခြင်းရှင်ခြင်းနဲ့ဆိုင်တဲ့ ဇာတ်လမ်းတွေ မရိုက်ချင်တော့ဘူး ..." 


တစ်ဖက်သို့ လှည့်ကာ မျက်ရည်တို့ ရစ်သိုင်းလျက် ပြောလိုက်သည်။ 


ကျိမြန်က သူ့ပုခုံးကို အသာပုတ်ပေးလိုက်၏။ 


"အိုကေ သရုပ်ဆောင်တာကို ရပ်လိုက်ရအောင် ဒါ ရိုက်ပြီးတာနဲ့ စိတ်ပြောင်းသွားအောင် ခရီးထွက်ကြမယ်လေ Bahamas မှာ နေပူဆာလှုံပြီး ဖင်လန်မှာ စန်တာကလော့ဆီ သွားလည်ကြမယ် ..." 


ရှောင်ကျားရှု၏ တင်းမာနေသော နှလုံးသား အနည်းငယ် အေးချမ်းသွားကာ ဗလုံး‌ဗထွေး ရေရွတ်လိုကိသည်။  


"ဟုတ်ပြီ ကော ကြိုက်တဲ့နေရာသာသွား ကျွန်တော်က ဘယ်နေရာမဆို သဘောကျမှာပဲဟာ ကျိကော အပြင်ဘက်မှာ အော်နေတဲ့သူက ကျွန်တော့်အမေလား နားထောင်ရ‌သလောက်တော့ စိုးရိမ်နေသလိုပဲနော် ..." 


"အပြင်ထွက်ကြည့်ကြည့်ရအောင်လေ ..." 


ကျိမြန်က ခေါင်းတလားထဲမှ ခုန်ထွက်ကာ သူ့ချစ်သူလေးကို ဂရုတစိုက် သယ်ထုတ်ပေးလိုက်သည်။ မီးလောင်ထားသည့် အပျက်အစီးများကို ဖြတ်ကျော်ကာ ဈာပနခန်းမထဲ ရောက်လာခဲ့သည့် ရွှယ်မြောင်မှာလည်း သားဖြစ်သူ လုံးဝ အထိအခိုက် မရှိကြောင်း တွေ့လိုက်ရမှသာ စိတ်သက်သာရာ ရသွားတော့သည်။ ရိုက်ကူးရေး လုပ်နေခြင်းမျှသာ ဖြစ်ပြီး မည်သည့်အရာမှ အမှန်တကယ် မဖြစ်ပွား၍သာ တော်သေးသည်။ သို့မဟုတ်ပါလျှင် သူမသည် အမှန်တကယ်ပင် ပြိုလဲကျသွားတော့မည်ဖြစ်သည်။ 


"အိုး ရှောင်ရှု မင်းအင်္ကျီစ မီးစွဲနေပြီ  သတိမထားမိဘူးလား ..." 


သူတို့အခြေအနေကို စစ်ဆေးရန် လုံခြုံရေး ဝန်ထမ်းများ ရောက်လာကာမှ ဖယောင်းတိုင်မီးများကြောင့် ရှောင်ကျားရှု၏ လက်အနားစတွင် မီးလောင်ပေါက်များစွာ ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရတော့သည်။ ဤအခန်းအတွက် ပစ္စည်းကိရိယာများ အားလုံးကို မီးလောင်ခံသည့် ပစ္စည်းတို့ဖြင့် ပြုလုပ်ထားကာ ပိတ်စပေါ် ကျလာသည့် မီးတောက်တို့မှာလည်း သူ့အလိုလို ငြိမ်းသတ်သွား၍သာ တော်သေးသည်။ ‌သို့မဟုတ်ပါလျှင် ကိစ္စကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ 


မီးလောင်သွားသည့် အပေါက်ရာတို့ကို ငေးကြည့်ရင်း ကျိမြန်၏ နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားတော့သည်။ သူက အက်ကွဲနေသည့်အသံဖြင့် ပြောလိုက်၏။ 


"လုံခြုံရေးကိရိယာတွေကို သေချာပေါက် ယူထားရမယ်နော် ဘယ်အချိန်ဖြစ်ဖြစ် သရုပ်ဆောင်တွေရဲ့ ဘေးကင်းရေးက ပထမပဲ ..." 


"အိုကေ အိုကေ ကျွန်တော်တို့ နားလည်ပါတယ် ..." 


လုံခြုံရေး ဝန်ထမ်းများ ထပ်တလဲလဲ ခေါင်းငြိမ့်ပြနေစဉ်မှာပင် ရွှယ်မြောင်က ဇွတ်အတင်း ဝင်လာလိုက်သည်။ 


"အင်္ကျီလက်တွေတောင် မီးလောင်ကုန်ပြီ ဒါကို မခံစားမိဘူးလား ကြည့်ပါရစေဦး ..." 


သားဖြစ်သူကို လှမ်းဆွဲကာ ဘယ်ပြန်ညာပြန် စစ်ဆေးပြီး ထိခိုက်မှု တစ်ခုမျှပင် မရှိကြောင်း သိလိုက်ရမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။ 


မျက်နှာပေါ်ရှိ မျက်ရည်စတို့ ခြောက်ကပ်စ ပြုနေပြီဖြစ်ကာ နဖူးပေါ်တွင် ချွေးအေးတို့ သီးနေပုံမှာ သူမအဖို့ ရှက်ဖွယ်လိလိပင်။


သူမကို ဤပုံစံမျိုးဖြင့် မြင်လိုက်ရသည့်အခါ ရှောင်ကျားရှု၏ သဘောထားတို့ တစ်ဖန် ပြန်လည်နူးညံ့သွားတော့သည်။ သူမ၏ ပုခုံးကို အသာ လှုပ်ယမ်းရင်း နှစ်သိမ့်ပေးလိုက်သည်။ 


"မား ကျွန်တော် တကယ်ကို အဆင်ပြေပါတယ် မစိုးရိမ်ပါနဲ့ ..." 


ဘယ်လိုဖြစ်လို့ မစိုးရိမ်ရမှာလဲ သားဖြစ်သူ သေတာကို ကိုယ့်မျက်စိနဲ့ တပ်အပ်ကြီး မြင်လိုက်ရတာ ဘယ်အမေက သည်းခံနိုင်မှာတဲ့လဲ ... 


၎င်းမှာ သရုပ်ဆောင်နေခြင်းမျှသာဖြစ်ကြောင်း သိသည့်တိုင် အကယ်၍ သားဖြစ်သူကို ဧကရီကဲ့သို့သာ အတင်းအကြပ် ဖိနှိပ်ပါလျှင် လီရှန်းကျစ်ကဲ့သို့ပင် အနှေးနှင့်အမြန် စိတ်ဓာတ်ကျဆင်းသွားမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်ထားပေသည်။ 


သူတို့ရဲ့ စရိုက်တွေက အတူတူဆိုတော့ တူညီတဲ့ လမ်းကြောင်းပေါ်ကိုပဲ ရောက်သွားလိမ့်မယ် ဒါဆို အသက်ရှင်ကျန်ရစ်နေတဲ့သူတွေက ဘာလုပ်ရမှာလဲ တစ်ဘဝလုံး နောင်တတွေနဲ့ ကိုယ့်ကိူယ်ကို အပြစ်တင်ရင်း ရှင်သန်သွားရမှာလား ... 


ရွှယ်မြောင်သည် ထိုကဲ့သို့သော ဇာတ်သိမ်းမျိုးကို တွေးပင် တွေးမကြည့်ရဲ။ သားဖြစ်သူကို ရင်ခွင်ထဲ ‌ဆွဲသွင်းကာ ခပ်ဖွဖွ ပုတ်ပေးရင်း မျက်ရည်တို့ ရစ်သိုင်းလာရ‌ပြန်တော့သည်။ 


ကျိမြန်က သူတို့ကို နှောင့်ယှက်ခြင်း မရှိ၊ အသာ ရပ်‌ကြည့်နေလိုက်သည်။ 


ခဏအကြာ ရွှယ်မြောင်က သူ့ကို လွှတ်ပေးကာ ညွှန်ကြားလိုက်သည်။ 


"မျက်နှာသစ် ပိုထူတဲ့ အဝတ်အစားတွေ သွားလဲ‌တော့ မားနဲ့ ကျိမြန် ပြောစရာ ရှိနေသေးလို့ ..." 


"မား ..." 


ရှောင်ကျားရှုက ပူပန်မှုတစ်ရပ်ကို လှစ်ဟပြလိုက်သည်။ 


ကျိမြန်က သူ့ကို ခပ်ဖျော့ဖျော့ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။ 


"အဆင်ပြေပါတယ် သွားပြီးသာ အဝတ်အစားတွေ ထပ်ဝတ်ထားလိုက် အေးမနေအောင်လို့ ကိုယ်တို့ ပြောမယ့်စကားတွေက အရမ်းကို ခင်ခင်မင်မင်ရှိမှာပါ ဟုတ်တယ်မဟုတ်လား အန်တီရွှယ် ..." 


ရွှယ်မြောင်မှာ ခေါင်းကိုသာ ငြိမ့်ပြလိုက်ရတော့သည်။ 


ရှောင်ကျားရှုက သုံးလှမ်း လှမ်းလိုက်ပြီးချိန်တိုင်း သူတို့ကို တစ်ခေါက် ပြန်လှည့်ကြည့်လိုက်၏။ ကျိမြန်က သူမကို လူရှင်းသည့် ထောင့်နားသို့ ခေါ်သွားကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"အန်တီရွှယ် ရှောင်မိသားစုမှာတော့ ရှောင်ရှု ဆက်ခံစရာ ထီးနန်းပုလ္လင်တွေ မရှိဘူး မဟုတ်လား ..." 


မင်းကောင်လေးရဲ့ အမေကို စစတွေ့တွေ့ချင်း ဒီလိုမျိူး စနောက်တာ မကောင်းဘူးနော် သိရဲ့လား ... 


ရွှယ်မြောင်မှာ ဒေါသထွက်လွန်း၍ ပါးနှစ်ဖက်ပင် နီရဲလာတော့သည်။ 


ပြောကြတာတော့ ဂရုစိုက်မှုဆိုတာ ရှုပ်ထွေးတယ်တဲ့ သူမက ရှောင်ရှုကိုအရမ်း ဂရုစိုက်လွန်းလို့ ဒီလိုမျိုးတွေ ပြင်းပြင်းထန်ထန် တုန့်ပြန်မိတာနေမှာ တော်သေးတာပေါ့ ဇာတ်ညွှန်းကနေ အမှန်တရားကို မြင်မိသွားလို့  ဒီအတိုင်း ဆက်ပြီး ခေါင်းမာနေရင် ဝမ်းနည်းစရာ အကောင်းဆုံး ဇာတ်သိမ်းကိုပဲ ရလိမ့်မယ်ဆိုတာ သဘောပေါက်သွားလို့လေ ... 


ကျိမြန်က သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။ 


"အန်တီရွှယ် ရှောင်ရှုရဲ့ ပျော်ရွှင်မှုက အန်တီ့ဆန္ဒတွေထက် ပိုအရေးကြီးတယ်လို့ ထင်လား တကယ်လို့ ဒီလိုထင်ရင် သူနဲ့ ကျွန်တော့်ကို အတင်းအဓမ္မ ခွဲပစ်လိုက်ပါ ဒါ‌ပေမယ့် သူက တကယ်ရော အန်တီ ဆန္ဒရှိတဲ့အတိုင်း နေနိုင်ပါ့မလား သူ ခေါင်းမာတာက အန်တီ့ထက်ရော လီရှန်းကျစ်ထက်ရော မလျော့ဘူးနော် ..." 


"ပြောနေတာ‌ ရပ်လိုက်တော့ ..." 


သူမက ဖြတ်ပြောလိုက်သည်။ 


"မင်းတို့ကို ထပ်ပြီး မခွဲတော့ဘူး ဒါပေမယ့် ရှောင်ရှုကို တစ်ဘဝလုံး ဂရုစိုက်ပါမယ်လို့တော့ ကတိပေးရမယ် မလုပ်နိုင်ရင် တန်ရာတန်ကြေး ပေးဖို့သာ ပြင်ထား ..." 


သူမအနေဖြင့် လီရှန်းကျစ်ဟူသည့် အမည်ကို တစ်ခွန်းမှပင် မကြားလိုတော့။ 


"အခု ကျွန်တော် ဘာပြောပြော လွယ်လွယ်နဲ့ လက်ခံဦးမှာ မဟုတ်ဘူး ဆိုပေမယ့် အန်တီရွှယ် ကျွန်တော်တိူ့ကို စောင့်ကြည့်နေပေးပါ ..." 


နံရံကို ကွယ်လျက် ခေါင်းလေးသာ ထုတ်ထားကာ ‌သူတို့ကို ချောင်းကြည့်နေသည့် ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါတွင်မူ ညင်သာစွာ ပြုံးလိုက်မိတော့သည်။ 


ရွှယ်မြောင်ကပါ သူ့ကို လှမ်းကြည့်ကာ လက်မြှောက်အရှုံးပေးဟန်ဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ 



ထိုအခါမှ မျက်နှာ ရှုံ့မဲ့လျက် နောက်ပြန်ဆုတ်သွားသည့်‌ ရှောင်ကျားရှု၏ ပုံစံမှာ ချစ်စရာလည်း ကောင်း၊ ရယ်စရာလည်း ကောင်းလှပေသည်။ ကျိမြန်က နက်ရှိုင်းသည့် အပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း သူ့ကောင်လေးအနား လျှောက်သွားကာ နောက်ထပ်ဗုံးတစ်လုံး ကြဲချလိုက်သည်။ 


"အန်တီရွှယ် ကျွန်တော် ပြောဖို့ မေ့နေတာ ရှိသေးတယ် ကျွန်တော်နဲ့ ရှောင်ရှုက ကယ်လ်ဖိုးနီးယားမှာ လက်ထပ်ပြီးသွားပြီ ..." 


"ဘာပြောလိုက်တယ် ..." 


သူမ၏ အသံမှာ ရုတ်ချည်း စူးရှသွားကာ ဘေးလူတို့ ကြည့်နေသောကြောင့် ဒေါသကို မနည်း ထိန်းထားလိုက်ရတော့သည်။ သို့သော် တစ်စက္ကန့်မျှ တွေးပြီးနောက်တွင်တော့ စိတ်သက်သာရာ ရသွားပြန်တော့သည်။ 


ပြောရရင် သူမ စိတ်အပူရဆုံးက ကျိမြန် တာဝန်မဲ့လို့ ရှောင်ရှု စိတ်ဆင်းရဲရမှာကို မဟုတ်လား သူတို့သာ လက်ထပ်ပြီးသားဆို အခုလို မရှင်းမရှင်း အခြေ‌အနေထက် အများကြီး ပိုကောင်းသွားပြီလေ အနည်းဆုံးတော့ ရှောင်ရှု ပိုပြီး လုံခြုံတယ်လို့ ခံစားရတာပေါ့ ...


သားဖြစ်သူ၏ ခံစားချက်အကြောင်း သူမကသာ အသိဆုံး ဖြစ်ပေသည်။ သူသည် စိတ်ထားရိုးရှင်းကာ သတိလက်လွတ် နေတတ်သူ ဖြစ်သော်ငြား ခဲစားချက်တို့နှင့် ပတ်သက်လာပါလျှင်မူ အထိခိုက်မခံ။ လူတစ်ယောက်ကို ကြိုက်နှစ်သက်ပါလျှင် ထိုသူအနား တစ်ချိန်လုံး ကပ်တွယ်နေကာ ချစ်မိသွားပါလျှင်လည်း လက်ထပ်ရန် မတုန့်ဆိုင်းတတ်သူ ဖြစ်ပေသည်။ 


တစ်ခြားသူသာဆို ဒီဆက်ဆံရေးကို အတည်ပြုပြီးရုံ ရှိသေးတယ် လက်ထပ်မှတ်ပုံတင် ယူမှာတဲ့လား အနာဂတ်မှာ ပြဿနာတွေ ကြုံလာမှာ မကြောက်ဘူးလား ဒါပေမယ့် ကျိမြန်ကတော့ ဘာကိုမှ မစဉ်းစားနေဘဲ ရှောင်ရှုရဲ့ ဆန္ဒကိုပဲ ဦ

းစားပေးခဲ့တယ် ... 


ဒီနှစ်ယောက်က တကယ်ကို ခွဲလို့ မရနိုင်ဘူးပဲ ... 


ထိုသို့ တွေးလိုက်မိသည့်အခါ ခေါင်းကိုယမ်းကာ ခါးသီးစွာ ပြုံးပြရုံသာ ရှိပေတော့သည်။




Xxxxx