အပိုင်း ၁၈၂
Viewers 57k

Chapter 182





အရိုးသားဆုံး ဝန်ခံရပါလျှင် ရှောင်ကျားရှုသည် အိမ်တွင်း အကျဉ်းချခံထားရသည့်အပေါ် မည်သို့မှ ဆိုးဆိုးဝါးဝါး မခံစားရ။ သူ အပြင်မထွက်နိုင်သည့်တိုင် ကျိကောက သူ့ကို video call ဖြင့် နေရာတိုင်း ခေါ်သွားပေးရာ အတူရှိနေစဉ်ကထက်ပင် ပိုပြီး ပျော်စရာကောင်းသေးသည်။ ဝေးကွာခြင်းကြောင့် စိမ်းသက်သွားရမည့်အစား သူတို့၏ နှလုံးသားတို့သည် ယခင်ကထက်ပင် ပို၍နီးစပ်လာတော့သည်။ 


သုံးရက်ကြာပြီးနောက် <<ဧကရီဘုရင်မ>> ရိုက်ကူးရေး စတင်လိုက်တော့သည်။ ဤတစ်ကြိမ်တွင် ရွှယ်မြောင်သည် သားဖြစ်သူကို စောင့်ကြည့်ရန် လက်ထောက်ရှစ်ယောက် ငှားရမ်းခဲ့ပြီး တယ်လီဖုန်းနှင့် tablet ကဲ့သို့သော လျှပ်စစ်ပစ္စည်းကိရိယာများကိုလည်း လုံးဝ အသုံးပြုခွင့် မပြုတော့။ 


ဤတစ်ကြိမ်တွင်တော့ ရှောင်ကျားရှုလည်း သည်းမခံနိုင်၊ သန့်စင်ခန်း သွားနေစဉ်အတွင်း ဖုန်းကို တိတ်တဆိတ်ထုတ်ကာ ကျိကောနှင့် video call ခေါ်ရန် သို့မဟုတ် စာပို့ရန် ပြင်လိုက်တော့သည်။ 


"ဒုသခင်လေး အထဲမှာ ရှိနေလား ..." 


ငါးမိနစ်အကြာတွင် လက်ထောက်က စတင်လောဆော်စ ပြုလာတော့သည်။ 


ဖုန်းကို အတွင်းပိုင်း အိတ်ကပ်ထဲ ဖွက်ကာ မျက်လုံးဝိုင်းကြီးတို့ကို လှိမ့်လျက် ပြန်ဖြေလိုက်၏။ 


"ဟုတ်တယ် ဝမ်းချုပ်နေလို့ ..." 


"ကျွန်တော် ကူညီဖို့ လိုသေးလား ..." 


လက်ထောက်က ဆက်မေးလိုက်သည်။ 


"ဝမ်းချုပ်နေတာပါဆို ဘယ်လို ကူညီချင်တာလဲ မင်းက လာဆွဲထုတ်ပေးမလို့လား ..." 


"ကျွန်တော် ကူဆွဲထုတ်ပေးလို့ ရပါတယ် ဆပ်ပြာကို သုံးစင်တီမီတာအရှည်နဲ့ ငါးမီလီမီတာအကျယ်ရှိတဲ့ အမြှောင်းလေးတွေ ရအောင်ဖြတ်ပြီး စအိုထဲကို ချောဆီနဲ့ ငါးမိနစ်လောက် ထည့်ထားလိုက်ရင် ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ ဆွဲထုတ်လို့ ရပြီလေ ဒုသခင်လေး တကယ်လို့ လိုအပ်ရင် ကျွန်တော် ဆပ်ပြာနဲ့ ပလက်စတစ်လက်အိတ်တွေ သွားဝယ်လိုက်ပါ့မယ် ..." 


လက်ထောက်က အတည်ပေါက်ကြီး ပြန်ဖြေလိုက်၏။ 


ရှောင်ကျားရှုက သူ့စကားတို့ကို အမှန်တကယ် ယုံကြည်သွားဟန်ပင်။ တံခါးကို ဘန်းခနဲ ဆောင့်ဖွင့်ကာ တစ်ဖက်သူအား စူးစမ်းလိုက်၏။ ကံမကောင်းသည်မှာ တစ်ဖက်သူသည် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ရိုးသားသည့် သွင်ပြင်ရှိကာ ကိုင်တွယ်ရန် ခဲယဉ်းလှမည့် သဘောရှိသည်။ ကျိုးလျန်လျန်နှင့် အခြားသူများကို အဝေးသို့ ပထုတ်နိုင်ခဲ့သည့်တိုင် ထိုသူကမူ တံခါးဝမှ တစ်ဖဝါးပင် မခွါ။ 


အရမ်းကို အလုပ်ကို အာရုံစိုက်လွန်းတာပဲ ... 


"မင်းနာမည်က ဘာလဲ ပြီးတော့ ဟိုးအရင်က ဘာအလုပ် လုပ်ခဲ့ဖူးတာလဲ ..." 


ဒေါသစိတ်တို့ ရုတ်ချည်း ချုပ်ငြိမ်းသွားကာ အပြင်ဘက်သို့ ထွက်လာရင်း ထိုသူ့ကို စကားစပြောလိုက်သည်။ 


"ကျွန်တော့်နာမည်က ကျန်းချွမ်ပါ အခုမှ တပ်ထဲက ထွက်လာခဲ့တာပါ ..." 


"မင်းက စစ်သားလား သိပ်တော့ မထူးဆန်းပါဘူး ..." 


ရှောင်ကျားရှု၏ ဒေါသစိတ်တို့ လုံးဝဥဿုံ ကင်းမဲ့သွားတော့၏။ 


"တပ်ထဲကနေ ထွက်လာတဲ့အချိန်မှာ ပြန်လည်နေရာချထားရေး ကတ်တွေ ရတယ်မဟုတ်လား ဘာလို့ ပုံမှန်အဖွဲ့အစည်းတစ်ခုမှာပဲ မလုပ်တာလဲ..." 


"ကျွန်တော့်မွေးရပ်မြေက ကျေးလက်ဒေသမှာဆိုတော့ ပြန်လည်နေရာချထားရေးကတ်အတိုင်းဆို နယ်စွန်နယ်ဖျားကိုပဲ ပြန်သွားရမှာပါ မြို့မှာနေချင်ရင် ကျွန်တော့်ကို လက်ခံမယ့် အဖွဲ့တစ်ခု ရှိဖို့ လိုပေမယ့် ကျွန်တော့်မှာ အဆက်အသွယ် မရှိတော့ ဒီလမ်းကြောင်းက အဆင်မပြေဘူး ဒုသခင်လေး စိတ်မပူပါနဲ့ ကျွန်တော်က အထူးတပ်ဖွဲ့မှာ အလုပ်လုပ်ခဲ့တဲ့သူဆိုတော့ သခင်လေးကို ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်ပါတယ် ..." 


သူသည် ဒုသခင်လေးရှောင်အတွက် လက်ထောက်တစ်ဖြစ်လဲ သက်တော်စောင့်အဖြစ် တာဝန်ယူရမည်ဟုသာ သိထားပေသည်။ 


ရှောင်ကျားရှုက ခပ်ပြုံးပြုံးဖြင့် သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။ 


"ငါသာ တကယ် ဝမ်းချုပ်ရင် မင်းက တကယ်ကြီး ကူဆွဲထုတ်ပေးမှာလား ..." 


"ဟုတ်ကဲ့ ကျွန်တော့်မှာ ဝမ်းချုပ်တတ်တဲ့ ရဲဘော်တစ်ယောက် ရှိခဲ့ဖူးပါတယ် သူကိုယ်တိုင် ညှစ်မထုတ်နိုင်တဲ့အထိကို မသက်မသာဖြစ်ပြီး လေ့ကျင့်ရေးဆင်းတဲ့ အချိန်မှာတောင် သည်းမခံနိုင်တော့လို့ ကျွန်တော်တို့တွေ သူ့ကို အလှည့်ကျ ဆွဲထုတ်ပေးခဲ့ရ ..." 


သူက အလေးအနက် ပြောနေသည့်တိုင် ရှောင်ကျားရှုမှာ ဆက်ပြီး နားမထောင်နိုင်တော့၊ လက်ကိုယမ်းကာ ရပ်တန့်ရန် အော်ပြောလိုက်ရတော့သည်။ 


အခု ဘာလို့ သူ့အမေနဲ့ ကျိုးလျန်လျန်တို့ကို အလွယ်တကူ ပထုတ်နိုင်လဲ နားလည်သွားပြီ သူ့ကို ကိုင်တွယ်ဖို့ဆို ကျန်းချွမ်တစ်ယောက်တည်းနဲ့တင် လုံလောက်တာထက် ပိုနေပြီ ဒီလူကို ခွါချဖို့က ကောင်းကင်ပေါ် တက်ရဖို့ထက်ကို ပိုခက်နေပြီဟ ... 


"ဒုသခင်လေး ထိုင်နေပါ ကျွန်တော် သောက်စရာတစ်ခုခု သွားယူပေးမယ် ဘာသောက်မလဲ ..." 


ရိုက်ကွင်းနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းချွမ်က ချက်ခြင်းပင် ထိုင်ခုံတစ်ခု ယူလာကာ တစ်သျှူးဖြင့် ဖုန်သုတ်ပေးလိုက်သည်။ 


"အလုပ်ရှုပ်မခံနဲ့ ဗိုက်ဆာရင် ရေဆာရင် ငါ့ဘာသာ လုပ်လို့ရတယ် ဒီနားမှာ ထိုင်ပြီး မင်းဘာသာမင်းသာ အေးအေးဆေးဆေး နားနေ ..." 


ရှောင်ကျားရှုက လက်ကို ယမ်းပြလိုက်သည်။ 


"ကျွန်တော့်တာဝန်က သခင်လေးကို စောင့်ရှောက်ပေးဖို့ပါ ဒါကြောင့် အလုပ်ချိန်အတွင်းမှာ နားလို့ မရပါဘူး ..." 


‌ကျန်းချွမ်မှာ အမှန်တကယ်ပင် အလေးအနက် ပြောနေခြင်း ဖြစ်ပေသည်။


ရှောင်ကျားရှုက သဘောကျစိတ်နှင့် လေးစားအားကျစိတ်တို့ ရောယှက်လျက် နောက်စေ့ကို ကုတ်ခြစ်လိုက်သည်။ 


"ဖုန်းရော ရှိလား ထုတ်လိုက်လေ အတူတူ ကစားကြ‌ရအောင် ..." 


အကြံထွက်လာသည့်ဟန်၊ မျက်လုံးအရောင်တို့ တောက်ပလာလျက် ပြောလိုက်သည်။ 


"ငါ့အမေက ငါ့ကို ဖုန်းမကိုင်ခိုင်းထားဘူးဆိုတော့ ဖုန်းကို မင်းပဲ ကိုင်ထားပြီး ငါ့ကိူ ဇာတ်ကားတစ်ကားလောက် ဖွင့်ပြ ဒါဆို စည်းကမ်းဖောက်ရာလည်း မကျတော့ဘူး မဟုတ်လား ..." 


ကျန်းချွမ်သည် ရွှယ်မြောင်က ဘာကြောင့် ဒုသခင်လေးကို အပြင်ထွက်ခွင့် ပိတ်ထားမှန်း ဂဃနဏ မသိသည့်တိုင် ပြန်လည်၍လည်း မေးခွန်းမထုတ်ခဲ့။ တစ်ခဏမျှ စဉ်းစားကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ရပါတယ် သခင်လေး ကြည့်လို့ရအောင် ဖုန်းကို ကျွန်တော် ကိုင်ထားပေးမယ် ..." 


"ကောင်း‌တယ် ကောင်းတယ် လာ ထိုင်ချလိုက် မင်းအရပ်ကြီးက တအားမြင့်တော့ ငါ့လည်ပင်းကို ဆန့်ထားရတာ ညောင်းနေပြီ ..." 


ရှောင်ကျားရှုက ခွေးခြေခုံတစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။ 


ဤတစ်ကြိမ်တွင်တော့ ကျန်းချွမ်လည်း မငြင်းဆန်၊ တိုက်ရိုက်ထုတ်လွှင့်သည့် ပလက်ဖောင်းကို ဖွင့်ကာ မေးလိုက်သည်။ 


"ဒုသခင်လေး ဘယ်ရုပ်ရှင်ကို ကြည့်ချင်လဲ ..." 


"ရသစုံရှိုးကို ကြည့်ချင်တာ <<Adventurers in the wilderness>>ကိုသိလား ..." 


"သိပါတယ် အခုခေတ်စားနေတဲ့ အစီအစဉ် မဟုတ်လား ..." 


ကျန်းချွမ်က နောက်ဆုံးတင်ထားသည့် အပိုင်းကို ဖွင့်လိုက်သည်။ 


"အာ အပိုင်းသုံးတောင် ရောက်သွားပြီလား ..." 


ရှောင်ကျားရှုက သက်ပြင်းချလိုက်သည်။ 


"ငါက အပိုင်းတစ်ပဲ ကြည့်ရသေးတယ် အပိုင်းနှစ်ကနေ စကြည့်ရအောင်လေ ..." 


"ဟုတ်ကဲ့ ..." 


ကျန်းချွမ်က ချက်ခြင်း အပိုင်းနှစ်သို့ ပြောင်းပေးလိုက်၏။ ကြေငြာနှင့် ပါဝင်သူ အမည်စာရင်းများ အပြီးတွင် အင်တာနက်သုံးစွဲသူတို့၏ မှတ်ချက်များက စခရင်ကို ဖုံးလွှမ်းလိုက်ကြတော့သည်။ ၎င်းတို့အနက် လူကြိုက်အများဆုံး စကားများမှာ [ငါ ဒီကို ရှုကွမ် CP ကို ကြည့်ဖို့ ရောက်လာတာ ရှုကွမ် CP က အကောင်းဆုံးပဲ] 


သို့သော် အစီအစဉ် တင်ဆက်သူက ရှောင်ကျားရှုသည် အလုပ်ကိစ္စများကြောင့် အစီအစဉ်တွင် ပါဝင်နိုင်ခြင်း မရှိဟု ‌ပြောလိုက်သည့်အခါ စောဒကတက်သံတို့ ဆူညံသွားတော့သည်။ 


[ငါက ရှုကွမ်အတွဲရဲ့ အချိုလေးတွေ စားဖို့ ရောက်လာတာကို သူတို့မရှိဘဲ ဘယ်ဟာ သွားကြည့်ရမှာလဲ] 


ထိုအချိန်တွင် ပရိုဂရမ်၏ အဆင့်သတ်မှတ်ချက် ရုတ်ချညိး နိမ့်ဆင်းသွားကာ ပထမပိုင်းထက် 0.2 နည်းသွားတော့သည်။ ဤသည်မှာ ရှုကွမ်စုံတွဲ၏ လွှမ်းမိုးနိုင်စွမ်းပင်ဖြစ်သည်။ VJ က ကျိမြန်၏ စိတ်ဓာတ်ကျနေမှုကို လူတိုင်း သိစေရန် အလို့ငှာ ပြုံးနေသည့်တိုင် ညို့မှိုင်းနေသော အကြည့်တို့ကို အနီးကပ် ရိုက်ပြလိုက်သည်။ 


သူ့ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ထွက်သွားရန် ပြင်နေကြသူများက စိတ်ဝင်စားမှု အပြည့်ဖြင့် ပြောလိုက်သည်။ 


[ရှောင်ရှုမရှိရင် မစ္စတာကျိတစ်ယောက် ဘယ်လိုနေမလဲ ဆိုတာကို ငါ အရမ်းသိချင်နေပြီ ဟားဟားဟား ] 


ထို့နောက်တွင်မူ ရှောင်ကျားရှုမရှိသည့် ကျိမြန်သည် နတ်ဆိုးတစ်ကောင်နှင့်ပင် တူညီကြောင်း ချက်ကျလက်ကျ သဘောပေါက်သွားတော့၏။ အသင်းဝင်များသည် တာဝန်တိုင်းကို အချိန်မှီ ပြီးမြောက်ရန် လိုအပ်ကာ သူကလည်း အရှုံးအနိုင်အကြောင်းမှ လွဲ၍ စကားတစ်ခွန်းမှ မဆို၊ နူးညံ့ကြင်နာမှုတို့ကိုလည်း မပြသတော့ချေ။ ရတနာ ရှာဖွေနေစဉ်အတွင်း ဟွမ်ရင်ရွှယ်က လမ်းဆက်မလျှောက်နိုင်တော့၍ မြေကြီးပေါ် ထိုင်ချကာ ညဉ်းတွားလိုက်သည်။ 


"ကပ္ပတိန် ကျွန်မ ဆက်ပြီး မလုပ်နိုင်တော့ဘူး ခြေထောက်တွေလည်း ပေါက်ပြဲကုန်ပြီ ..." 


"ဖိနပ်ချွတ်လိုက် ..." 


ထို့နောက် ကျိမြန်က ယုပိုင်ရှို့ကို လက်ညှိုးထိုးပြလိုက်သည်။ 


"သူ့ကို ကူညီခိုင်းလိုက် ..." 


သူ့အမူအယာကြောင့် အင်တာနက်သုံးစွဲသူအားလုံး ပွဲကျသွားကြတော့၏။ 


[ဘုရားရေ မစ္စတာကျိက "ဖိနပ်ကို ချွတ်လိုက် ကိုယ် ကြည့်ပေးမယ်" လို့ ပြောမယ်ထင်နေတာ ယုပိုင်ရှို့ကို ခေါ်လိုက်လိမ့်မယ်လို့ လုံးဝ ထင်မထားဘူး ကျိလောင်ရှီးရေ ဟွမ်ရင်ရွှယ်ကို ဒီလောက်အထိကို သဘောမကျဘူးလား] 


[သူက သူမကို သဘောမကျတာ မဟုတ်ပါဘူး ရှောင်ရှုအတွက် သီးသန့်ဖြစ်တည်မှုလေး ဖြစ်နေရုံတင် ရှောင်ရှု ဒီမှာ ရှိမနေတာတောင် အချိုတွေ စားနေရတုန်းပဲဟ ပျော်စရာကြီး ] 


[စိတ်ကူးယဉ်နေတာတွေ တော်လိုက်တော့ သူတို့က ကောလဟာလ ထွက်မလာအောင် ရှောင်ချင်ရုံလေးတင် ရှောင်ကျားရှုနဲ့ ကျိမြန်ကို အတူတူ ဆွဲထည့်ပြီး လူစိတ်ဝင်စားခံရအောင် လုပ်နေတာတွေလည်း ရပ်လိုက်တော့ ကျိမြန်က နင်တို့ကို ပျင်းလွန်းလို့ သေတော့မယ် ] 


ကျိမြန်၏ ပရိသတ်စစ်စစ်များမှာ ဒေါသပုန်ထစ ပြုလာတော့သည်။ 


CP fan များက သူတို့နှင့် အငြင်းမပွား၊ တိတ်တိတ်လေးသာ နောက်ဆုတ်လိုက်သည်။ 


သူတို့က သူတို့အသိုင်းအဝိုင်းလေးထဲပဲ နေတာ ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးဘူး အနည်းဆုံးတော့ CP အတွဲတွေ စုတ်ဖြဲခံလိုက်ရတာပေါ့... 

(ဒီနားလေး သိပ်မရှင်းဘူး) 


၎င်းကို မြင်လိုက်ရသည့် ရှောင်ကျားရှုက ပါးစပ်ကို အုပ်ကာ သဘောတကျ ရယ်မောလိုက်သည်။ သူ့နှလုံးသားတစ်ခုလုံး ကျေနပ်သည့် ခံစားချက်တို့ဖြင့် ပြည့်နှက်သွားတော့၏။


ကျိကောက သူနဲ့အတူ မရှိပေမယ့် သူ့နှလုံးသားထဲမှာ ရှိနေတယ် ဒါကြောင့်လည်း သူ့စကားတွေ အပြုအမူတွေကို ပိုပြီး အာရုံစိုက်နေတာပေါ့ ... 


ဟွမ်ရင်ရွှယ်က များများစားစား မတွေး။ ဖိနပ်ကို ချွတ်ကြည့်လိုက်သည့်အခါ ပေါက်ပြဲဒဏ်ရာ တစ်ခုကိုတောင်မှ မတွေ့ရသည့်အတွက် ရုတ်ချည်း ရှက်ရွံ့သွားရတော့သည်။ 


"ဒါပေမယ့် ခြေထောက်တွေက တကယ်ကို နာနေတာ တစ်လှမ်းမှကို မလှမ်းနိုင်တော့ဘူး ..." 


မြေကြီးပေါ် လှဲချလိုက်သည့် သူမ၏ ပုံစံမှာ လူရမ်းကားတစ်ဦးနှယ်။ 


ကျိမြန်က တည်ငြိမ်စွာ ပြောလိုက်၏။ 


"ထတော့ ဆယ်မိနစ်ပဲ ကျန်တော့တယ် ..." 


"မထနိုင်တော့ဘူး ..." 


သူမက ခြေထောက်များကို လေထဲ ကန်ကျောက်လိုက်သည်။ 


"ဖိနပ်ဝတ်‌ပေးပြီး သူမကို ကူတွဲပေးလိုက် ..." 


သူက ယုပိုင်ရှို့ကို ညွှန်ကြားလိုက်၏။ ယုပိုင်ရှို့ကလည်း တစ်ခွန်းမှ စောဒကမတက်ရဲ၊ ဖိနပ်တို့ကို ကောက်ကိုင်ကာ သူမကို စီးပေးလိုက်ချင်သော်လည်း မသင့်လျော်မည်ကို စိုးရိမ်သဖြင့် မျက်နှာနှင့် နားရွက်တို့ နီရဲလျက် သူမကို နားချနေရသည့် သူ့ပုံစံမှာ ဖော်ပြခြင်းငှာ မစွမ်းသာတော့အောင်ပင် သနားစရာ ကောင်းလွန်းလှသည်။ ဟွမ်ရင်ရွှယ်၏ နှလုံးသားတို့ နူးညံ့သွားကာ ဖိနပ်ကို စီးလျက် ဒေါသတကြီး ပြောလိုက်သည်။ 


"ကပ္ပတိန် ဒီနေ့ လမ်းမလျှောက်နိုင်တဲ့ သူက ရှောင်ကျားရှုသာဆို နားခိုင်းမှာ မဟုတ်လား ..." 


ကျိမြန်က စက္ကန့်အနည်းငယ်ခန့် တုန့်ဆိုင်းနေပြီးကာမှ ပြန်ဖြေလိုက်သည်။ 


"နိုး ..." 


သူမလိုချင်သည့် အဖြေကို ရလိုက်သည့်တိုင် ဟွမ်ရင်ရွှယ်မှာ မကျေနပ်နိုင်၊ စွပ်စွဲပြစ်တင်လိုက်သေးသည်။ 


"ကပ္ပတိန် ငါးစက္ကန့်ကြီးတောင် ကြောင်သွားတာ လိမ်နေတာ မဟုတ်လား ..." 


"မလိမ်ပါဘူး တကယ် မနားခိုင်းဘူး ..." 


ကျိမြန်က အထီးကျန်‌ဆန်နေသည့် ကျောပြင်၊ အဖော်မဲ့နေသည့် လေသံဖြင့် လှည့်ထွက်သွားလိုက်တော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အင်တာနက်သုံးစွဲသူများမှာ ရယ်ရလွန်း၍ သေတော့မတတ်ပင်။ 


[ကျိလောင်ရှီးက ပြန်မဖြေခင် အကြာကြီး တုန့်ဆိုင်းနေတာ ဟွမ်ရင်ရွှယ်ကို နှစ်သိမ့်ပေးရုံပဲပေါ့] 


[လာကြ လာကြ ကျိလောင်ရှီးအစား ဘာသာပြန်ပေးမယ် သူတကယ် ပြောချင်တာကကွာ "တကယ် မလိမ်ဘူး သူ့ကို မနားခိုင်းဘူး ငါပဲ သယ်သွားပေးမှာ" ဒီလိုပြောချင်တာ] 


[ဟားဟားဟား ညီအစ်မရေ နင်က ကျိလောင်ရှီးရဲ့ အတွေးတွေကို အပြည့်အဝကို ဖတ်တတ်နေတာပဲ] 


ထိုမှတ်ချက်ကဏ္ဍမှာ ကြောက်မက်ဖွယ်ရာပင်။ ကျိမြန်၏ ပရိသတ်စစ်စစ်များနှင့် အချစ်စစ်ပရိသတ်များက မြေပြင်အနေအထားကို ထိန်းချုပ်လိုသည့်တိုင် မထိန်းချုပ်နိုင်၊ ဒေါသတကြီးသာ စောင့်ကြည့်နေရတော့သည်။ ထိုစဉ် အစီအစဉ်၏ သတ်မှတ်ချက်မှာလည်း ရုတ်ချည်း မြင့်တက်လာတော့သည်။ ဝမ်းနည်းအထီးကျန်နေသည့် မစ္စတာကျိသည်ပင် ဤအပိုင်း၏ အဓိကရိုက်ချက်လို ဖြစ်နေရာ အင်တာနက်သုံးစွဲသူများက ပရိုဂျူဆာအား နောက်အပိုင်းအတွက် ရှောင်ကျားရှုကို ပြန်ခေါ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ကြတော့သည်။ သို့မဟုတ်ပါလျှင် အနီအသင်းသားများ အသက်ပင် ရှင်နိုင်တော့မည် မဟုတ်ချေ။ 


"ကြည့်ရတာ သခင်လေးက အတော်လေး လူကြိုက်များတာပဲ ..." 


အဆုံးအထိ ကြည့်ပြီးနောက် ကျန်းချွမ်က ကောက်ချက်ချလိုက်သည်။ 


"မဟုတ်ဘူး ဒါက ကျိကောရဲ့ အရောင်ကြောင့်ပါ နောက်တစ်ပိုင်း ဆက်ကြည့်ရအောင် ဟေး ဘာလို့ ကြော်ငြာက တအားရှည်နေရတာလဲ စက္ကန့်၆၀ ကြီးများတောင် ..." 


"ကျွန်တော်က VIP မဟုတ်တော့ ကြော်ငြာတွေကို ကျော်လိုက်လို့ မရဘူး ..." 


"ဒါဆို မင်းကို VIP ပြောင်းပေးမယ် ဝန်ထမ်းအခွင့်အရေးလို့ပဲ တွေးလိုက် ..." 


ရှောင်ကျားရှုက လက်ကို ဝှေ့ယမ်းပြလိုက်သည်။ 


ရိုက်ကူးရေးပြီးနောက် ဖုန်းစခရင်ကို ဖွင့်ကြည့်လိုက်သည့် ရွှယ်မြောင်၏ မျက်နှာမှာ ရုတ်ချည်း ခက်ထန်လာတော့သည်။ သို့သော် လူအများကြား ဖြစ်နေ၍ သားဖြစ်သူကို ဖုန်းမကြည့်ရန်လည်း မပြောနိုင်။ အလွန်အမင်း သဘာဝမကျ ဖြစ်သွားနိုင်သည့်အတွက် ကျန်းချွမ်ကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေလိုက်တော့သည်။ 


ကျန်းချွမ်က အပြစ်မရှိ၊ ရှောင်ကျားရှုကမူ ဂုဏ်ယူတကြီး ခေါင်းယမ်းလိုက်သည်။ 


တစ်ယောက်တည်း ရှိ

နေရင် ဖုန်းမသုံးရဘူးလို့ တားမြစ်ထားတယ် မဟုတ်လား ကောင်းပြီလေ လူတွေရှေ့မှာ ရှိတဲ့အချိန် သုံးမှာပေါ့ ကျွန်တော့်ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ဖို့ ဘယ်လိုတွေ အကြောင်းပြဦးမလဲ စောင့်ကြည့်ရသေးတာပေါ့ ...




Xxxxxxx