အပိုင်း ၁၈၀
Viewers 57k




Chapter 180




ဤတစ်ခေါက်တွင်တော့ သူမလည်း အတော်ကြာ တုန့်ဆိုင်းသွားတော့သည်။ 


"ရှောင်ရှုကို အပြင်ခေါ်ထုတ်လို့က ရပါတယ် ဒါပေမယ့် ကျိမြန်က သူ့နောက် လိုက်မလာဘဲ နေမှာတဲ့လား ..." 


"လိုက်တော့ရော သူ ဘာလုပ်နိုင်မှာလဲ ရိုက်ကူးရေးအဖွဲ့က ဟိုတယ်မှာ နေမှာ ပတ်ဝန်းကျင်မှာလည်း ပါပါရာဇီတွေ ပြည့်နေတာကို သူက ရှောင်ရှုကို လာရှုပ်ရဲမှာတဲ့လား ကလေးကို အိမ်ထဲ တစ်ယောက်တည်း ပိတ်ထားမှာနဲ့စာရင် လူတွေ အများကြီးနဲ့ နေခိုင်းတာက ပိုကောင်းတယ်   ..." 


ရွှယ်မြောင်က ဇာတ်ညွှန်းကို လှန်လှောကြည့်လိုက်ကာ နောက်ဆုံးတွင်တော့ ခေါင်းငြိမ့်လိုက်ရတော့သည်။ 


"ဒါဆိူလည်း ကောင်းပြီလေ ရှောင်ရှုကို စောင့်ကြည့်ဖို့ လက်ထောက်နည်းနည်းလောက် ထပ်ရှာလိုက်မယ် ..." 


"အိုကေ ငါ အခုပဲ ဒါရိုက်တာကို ဖုန်းဆက်လိုက်မယ် ..." 


သူ ဖုန်းထွက်ပြောတော့မည့် အချိန်မှာပင် သူမက နောက်တစ်ကြိမ် ထပ်မေးလာပြန်သည်။ 


"နေဦး ရိုက်ကွင်းကိုတော့ ကျိမြန် မလာလောက်ဘူး မဟုတ်လား ..." 


"လာကောင်းလာလိမ့်မယ် လူအများကြီး ရှေ့မှာတောင် သူက ရှောင်ရှုကို အလစ်သုတ်သွားမလား ကြောက်နေသေးတာပဲလား ..." 


သူမ၏ စိတ်ကို တမင်တကာ ဆွပေးလိုက်သည်။ 


ရွှယ်မြောင်မှာ အမှန်တကယ် ထိရှသွားသည့်ဟန်ပင်၊ စကားသံတစ်ခွန်းမှ ထပ်ထွက်မလာတော့။ 



ရှို့ချန်ယုက သူမကို ဆန်ပြုတ်တစ်ပန်းကန် ထည့်ပေးကာ ဂရုတစိုက် ပြောလိုက်သည်။ 


"အရင်စားနှင့် ငါ ရှောင်ရှုကို သွားကြည့်လိုက်ဦးမယ် ဒီလိုအချိန်မှာ စကားပြောစရာ ယောကျာ်းလေးအဖော် လိုနေမှာ ..." 


ရွှယ်မြောင်က ခေါင်းငြိမ့်ပြလိုက်၏။ သူမ၏ အကြည့်တို့တွင် ဝေဝါးမှုတို့ ထင်ဟပ်နေပေသည်။ သူမ၏ လုပ်ရပ်များ မည်မျှပင် ရက်စက်ပါစေ ရှောင်ကျားရှု၏ ကောင်းကျိုးကို ရည်ရွယ်ကာ လုပ်ခဲ့ခြင်းသာ ဖြစ်ပေသည်။ 


ရှို့ချန်ယုက အခန်းတံခါးကို လော့ချပြီး အိပ်ယာဘေးနားသွားကာ စောင်ကို မ ၍ ရှောင်ကျားရှု အိပ်ပျော်နေသလား ကြည့်လိုက်၏။ 


မျက်နှာက နီမြန်းချောမွေ့နေပြီး ခပ်ရေးရေးလေးတောင် ပြုံးနေလိုက်သေးတယ် ဘယ်မှာလဲ သနားစရာကောင်းမှုတွေ ရွှယ်မြောင်ကတောင် သူ့ထက် အဆတစ်ရာလောက် ချည့်နဲ့ပင်ပန်းနေသေးတယ် ... 


"ရှောင်ရှု မြန်မြန်ထ မင်းအတွက် ဇာတ်ညွှန်းယူလာတယ် ကြည့်ကြည့်လိုက် သန်ဘက်ခါကျ ရိုက်ကူးရေးအဖွဲ့ထဲ ဝင်ရတော့မှာ ... 


သူ့အသံ ထွက်လာသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်နေသော ရှောင်ကျားရှု၏ မျက်လုံးတို့ ပွင့်လာကာ မေးလိုက်သည်။ 


"ရုပ်ရှင် ဘယ်ရုပ်ရှင်လဲ အာ ဟုတ်သားပဲ မနေ့က ကျိကောက ဘယ်အကြောင်းမှ တွေးမနေဖို့ ပြောခဲ့တာပဲကို ရိုက်ကူးရေးကိုပဲ ကောင်းကောင်းလုပ်ကြတာပေါ့ ဇာတ်ညွှန်းကို ပြပါဦး ..." 


ထိုသို့ပြောနေရင်းပင် အိပ်ယာ၏ အက်ကွဲကြောင်းအတွင်းရှိ ဖုန်းကိုထုတ်ကာ ကျိမြန်ထံ စာပို့လိုက်သည်။ 


[ကျိကော ကျွန်တော်နိုးပြီ ကောင်းသောမနက်ခင်းပါ] 


[မောနင်း ပေါင်ပေ့ အန်ကယ်ရှို့ကို မင်းအတွက် ပင်လယ်စာဆန်ပြုတ်နဲ့ ကဏန်းပေါင်း ယူသွားပေးဖို့ ပြောထားတယ် အများကြီး စားရမယ်နော်] 


ကျိမြန်က စက္ကန့်ပင် မခြားဘဲ စာပြန်ပို့လာသည်။ နှစ်ယောက်အတူ ရှိနေပါလျှင် တစ်ချိန်တည်း နိုးလာကြမည် ဖြစ်ကာ ခွဲခွါနေရ၍လည်း ကိစ္စမရှိ၊ တစ်ယောက်၏ တည်ရှိမှုကို ကျန်တစ်ယောက်က အာရုံခံစားမိနေဆဲဖြစ်ပေသည်။ 


[အိုကေ ကျွန်တော် ကိုယ့်ကိုယ်ကို ဂရုစိုက်‌ပ့ါမယ် ကောလည်း ဂရုစိုက်နော် မနက်စာ ဘာတွေစားလဲ ပို့ပေးဦး] 


ရှောင်ကျားရှုက ဖုန်းစခရင်ကိုသာ စိုက်ကြည့်နေလိုက်သည်။ ကျိမြန်က ဓာတ်ပုံတစ်ပုံကို အမြန်ပို့လာကာ စက္ကန့်ပိုင်းခန့် အကြာတွင် သူမနက်စာ စားနေသည့် ဗီဒီယိုဖိုင်ကိုပါ ပို့လာ၏။ ရှောင်ကျားရှုမှာ ကြည့်၍ မဝနိုင်သည့်နှယ် အထပ်ထပ်အခါခါ ကြည့်နေကာ လေးငါးမိနစ်ခန့် အကြာတွင်မှ သူ အကြောဆန့်နေသည့်ပုံကို ‌ဗီဒီယိုရိုက်ကာ ပြန်ပို့ပေးလိုက်သည်။ 


ဤတစ်ကြိမ်တွင်မူ ကျိမြန်လည်း လေးငါးမိနစ်ခန့် အကြာမှသာ စာပြန်ပို့လာတော့သည်။ 


[မင်းရဲ့ ခါးကိုပဲ အကြာကြီး ကြည့်နေမိတာ မင်းကို နမ်းချင်လိုက်တာ ပြီးတော့ ရှုပ်ပွနေတဲ့ ဆံပင်လေးတွေကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ ] 


နှစ်ဦးသား အပြန်အလှန် စကားပြောကာ ရှောင်ကျားရှုက ဓာတ်ပုံနှင့် ဗီဒီယိုတို့ကို ပို့ပေးရင်း ဖုန်းကို ကြည့်ပြီး အရူးတစ်ယောက်နှယ် ပြုံးနေလိုက်၏။ ရှို့ချန်ယုက စိတ်ရှည်ရှည်ထားကာ စောင့်သေးသော်ငြား နောက်ဆုံးတွင်တော့ ဝရန်တာဘက် ထွက်၍သာဆေးလိပ်သောက်နေလိုက်တော့သည် 


အခွဲခံရတော့ရော ဘာဖြစ်လဲ သူတို့မှာ ဆက်သွယ်စရာ နည်းလမ်းတွေ ရှိနေသေးတာပဲဟာ ... 


"ရှောင်ရှု ပြီးပြီလား မင်းအမေ တံခါးလာခေါက်နေလိမ့်မယ် ..." 


၁၅ မိနစ် အကြာတွင်တော့ သူလည်း မပြော၍ မရတော့ချေ။ 


"ထပ်မပို့တော့ဘူး ..." 


ရှောင်ကျားရှုက ဖုန်းကို အိပ်ယာခင်းအောက် ထိုးထည့်ပြီး သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"အန်ကယ်ရှို့ ဇာတ်ညွှန်းက ဘာအကြောင်းလဲ ..." 


"<<ဧကရီဘုရင်မ>> တဲ့ မင်းအတွက် တစ်စုံ ယူလာပေးမယ် ..." 


ခဏအကြာတွင် ဇာတ်ညွှန်းတစ်စုံကို ကိုင်လျက် အခန်းထဲ ပြန်ဝင်လာ၏။ ရွှယ်မြောင်ကမူ သူသည် ရှောင်ကျားရှုကို နားချရန် ကြိုးစားနေသည်ဟုသာ ထင်ထားသည့်အတွက် အံ့ဩမနေ။ 


"ဟေး ဒီဇာတ်ညွှန်းကို ကျိကောဆီမှာ တွေ့ဖူးတယ် သူ အခုတလော ဒါကို ပြန်ဖတ်နေတာ..."


ရှောင်ကျားရှုက ဇာတ်ကြောင်းအကျဉ်းကို ချက်ခြင်း လှန်ကြည့်လိုက်သည်။ ဇာတ်ကြောင်းမှာ တရုတ်သမိုင်း၏ တစ်ပါးတည်းသော ဧကရီဘုရင်မ၏ ဘဝခရီးလမ်းကို ဖော်ပြထားခြင်း ဖြစ်ပေသည်။ သူမသည် အကြံကြီးကာ သန်မာပြီး လွှမ်းမိုးချုပ်ကိုင်တတ်သူတစ်ဦး ဖြစ်ပေသည်။ နန်းဆောင်ငယ်၏ အစေခံဘဝမှ တစ်ဆင့်ချင်း အင်ပါယာ၏ အာဏာကို ချုပ်ကိုင်နိုင်သည့် အနေအထားအထိ တက်လှမ်းနိုင်ခဲ့၏။  ကြင်ယာတော်၊ နန်းတွင်းသူ နန်းတွင်းသားများသာမက ဧကရာဇ်ကိုပါ အနိုင်ပိုင်းကာ အာဏာတည်မြဲရေးအတွက် မိမိ၏ ကိုယ်ပိုင် ရင်သွေးငယ်ကိုပင်လျှင် စတေးခဲ့သည်။ 


အရိုးသားဆုံး ဝန်ခံရပါလျှင် ဤဧကရီဘုရင်မအကြောင်း ကြားလိုက်ရသည့်အခါ ရှောင်ကျားရှု၏ အတွေးထဲတွင် သူ့မိခင်၏ ပုံရိပ်သာ ထွက်ပေါ်လာတော့သည်။ နှစ်ဦးလုံးမှာ သန်မာကာ လွှမ်းမိုးနိုင်သည့် အရာတွင်သာမက မိမိတို့ လိုချင်သည့်အရာအတွက် မည်သည်ကိုမဆို စွန့်လွှတ်ရဲသည့် စိတ်တို့တွင်ပါ တူညီကြပေသည်။ 


"ဒီဇာတ်ကောင်က မားအတွက် သီးသန့်ဖန်တီးထားတယ်လို့တောင် ခံစားရတယ် ..." 


သူက တီးတိုးပြောလိုက်သည်။ 


"ဟုတ်တယ် ဧကရီဘုရင်မနေရာအတွက် မြောင်မြောင်ထက်ပိုပြီး သင့်လျော်တဲ့သူ မရှိဘူး ..." 


ရှိူ့ချန်ယုက သက်ပြင်းချလိုက်သည်။ 


ရှောင်ကျားရှုက ဇာတ်ကောင်စာရင်းကို လှန်လှောကြည့်ကာ လီရှန်းကျစ်၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို ဖတ်ကြည့်လိုက်သည်။ လီရှန်းကျစ်သည် ဧကရီ၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် သားတော်တစ်ပါးဖြစ်ကာ ငယ်စဉ်ကတည်းက မိဘတို့၏ ကာကွယ်ပေးမှုကို များစွာ ရရှိခဲ့သဖြင့် သူ့စရိုက်သဘာဝမှာ လွန်စွာ ရိုးသားကြည်လင်လှပေသည်။ အလိမ်အညာတို့ ပြည့်နှက်နေသည့် နန်းတော်နှင့် လားလားမှ မဆိုင်၊ အပြင်လူတစ်ဦးနှယ်ပင်။ မူလက နန်းတော်အပြင်ထွက်ကာ ပျော်ရွှင်သည့် ဘဝတစ်ခု ပိုင်ဆိုင်ရန် ဖခင်ဖြစ်သူထံမှ ခွင့်ပြုချက် ရထားပြီး ဖြစ်သော်လည်း ရည်မှန်းချက် ကြီးလွန်းလှသည့် မိခင်ဖြစ်သူ၏ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် အန္တရာယ်များပြားလှသည့် နန်းလုပွဲအကြား ပါဝင်လာရတော့သည်။ မိခင်ဖြစ်သူက ထီးနန်းပုလ္လင်ပေါ် အတင်းဆွဲတင်ခဲ့သော်ငြား နာကျင်ဖွယ် ဇာတ်သိမ်းကိုသာလျှင် ကြုံတွေ့ခဲ့ရတော့သည်။ 


သူ့တစ်ဘဝလုံး မိခင်ဖြစ်သူ ကြိုးဆွဲရာ ကခဲ့ရကာ တစ်ခဏမျှပင်လျှင် လွတ်လပ်မှုကို မခံစားခဲ့ရ။ 


"ကြည့်ရတာ ရာဇဝင်ထဲက လီရှန်းကျစ်ရဲ့ အဆုံးသတ်က ဒီလို မဟုတ်သလိုပဲနော် နည်းနည်းလောက် ပိုဝမ်းနည်းစရာကောင်းအောင် အဆုံးသတ်သွားသလိုပဲ ..." 


ဤဇာတ်ကောင်မှာ သူ့အခြေအနေနှင့် လွန်စွာ တူညီလွန်းနေရာ ရှောင်ကျားရှုပင်လျှင် မရွှင်မပျ ဖြစ်လာရတော့သည်။ 


"ဇာတ်ကြောင်းကို နည်းနည်း ပြောင်းဦးမှာ ဒါကြောင့် မင်းအမေ ဒီဇာတ်ညွှန်းကို လက်ခံမလားပဲ အရင် ကြည့်လိုက်ကြတာပေါ့ ..." 


ရှို့ချန်ယုက သူ့ပုခုံးကို ပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။ 


"မစိုးရိမ်ပါနဲ့ ကျိမြန်မှာ နည်းလမ်းတစ်ခု ရှိမှာပါ သူ့ကို စတွေ့တဲ့နေ့ကတည်းက သူ့တွက်ကိန်းတွေ မှားသွားတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး ..."



<<ဧကရီဘုရင်မ>> ဇာတ်ညွှန်းကို ကျိကောက မနက်အစောကြီး ပို့လာခဲ့ခြင်း ဖြစ်သည့်အပြင် သူ ဟိုးယခင်ကတည်းက အကဲဖြတ်နေခဲ့သည့်ဇာတ်ညွှန်း ဖြစ်သည့်အတွက် အရည်အသွေးမှာ စိတ်ချရပေသည်။ ရှောင်ကျားရှုက အထူးတလည်ပင် ဖတ်မနေတော့၊ လီရှန်းကျစ်ဇာတ်ကောင်ကို လက်ညှိုးထိုးပြကာ ‌အသေအချာ ပြောလိုက်သည်။ 


"အန်ကယ်ရှို့ ကျွန်တော် ဒီဇာတ်ကောင်ကို ယူလိုက်မယ် ..." 


"အိုကေ ဒါဆို မင်းအမေကို ထွက်ပြောလိုက်မယ် ..." 


ရှို့ချန်ယုက အပြင်ထွက်မည် ပြင်စဉ်မှာပင် ရှောင်ကျားရှုက သူ့ကို လှမ်းဆွဲလျက် မျက်နှာချိုသွေးကာ ပြောလိုက်သည်။ 


"မသွားပါနဲ့ အန်ကယ်ရှို့ ခဏထိုင်ပါဦး ..." 


"ဘာလုပ်ချင်လို့လဲ ကောင်ကလေးရဲ့ ..." 


ရှို့ချန်ယုမှာ မရယ်ဘဲပင် မနေနိုင်တော့။ 


"ကျွန်တော် ဘာလုပ်ချင်မှန်း မသိရင် ကျွန်တော်နဲ့ ကျိကောကို ကူညီပေးလေ ..." 


ရှောင်ကျားရှုက အိပ်ယာအောက်ရှိ ဖုန်းကို ဆွဲထုတ်ကာ ကျိကောကို video call ခေါ်လိုက်သည်။ 


ရှို့ချန်ယုက စောဒကတက်လိုက်၏။ 


"မင်းနဲ့ ကျိမြန်က နွားကျောင်းသားနဲ့ ရက္ကန်းသမ ငါကတော့ မင်းတို့ တွေ့ဆုံဖို့ ကူညီပေးတဲ့ ငှက်ကျားတံတားပေါ့ ဟုတ်လား သတိတော့ ထားဦးနော် မင်းအမေ တွေ့သွားကာမှ ငါ့ရဲ့ ငှက်ကျားတံတားလေးပါ ဖျက်ဆီးခံလိုက်ရဦးမယ် ..." 


"အမေ ရှာမတွေ့စေရပါဘူး အန်ကယ်ရှို့ ကျွန်တော့်အမေက ဘာလို့ တအား ခက်ထန်နေရတာလဲ ..." 


video call ချိတ်ဆက်နိုင်သွားသည်နှင့် တစ်ပြိုင်နက် မျက်မှောင်ကြုတ်နေသော ရှောင်ကျားရှုသည် ချက်ခြင်းပင် ပြုံးရယ်ကာ လက်‌ကို ဝှေ့ယမ်းပြလိုက်တော့သည်။ 



ကျိမြန်၏ ညင်သာလှသည့် အသံက မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာတော့သည်။ 


"ပေါင်ပေ့ ကိုယ် အပြေးလေ့ကျင့်မလို့ မင်းကိုလည်း ခေါ်သွားပေးမယ် ဟိုတစ်ခေါက်က ဘဲစာကျွေးဖို့ ကိုယ်တို့ ဖြတ်လာဖူးတဲ့ ရေကန်အတုနား သွားကြရအောင် ဟုတ်ပြီလား ..." 


"အိုကေ ကျိကော အစာတွေ ပိုဝယ်သွားနော် ဘဲတွေ အကုန်လုံးကို ကျွေးရအောင်လို့ ..." 


"ဒါဆို နားကြပ်ကို မမေ့မလျော့ တပ်ထားဦး ဘဲတွေရဲ့ အသံက အရမ်းဆူလို့ အန်တီရွှယ် ကြားမသွားအောင်လည်း ဂရုစိုက်နော်..." 


ကျိမြန်က ဖိနပ်ဗီရိုကိုဖွင့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ 


"ပေါင်ပေ့ ကိုယ့်ကို ဖိနပ်ကူရွေးပေးဦး ..." 


"Royal blue အရောင်နဲ့ တစ်ခုကို ရွေးလိုက် အဲါ ကြည့်လို့ကောင်းတယ် ..." 


ရှောင်ကျားရှုက ကျိကော၏ အကြိုက်တို့ကိုသာ မဆိုင်းမတွ ရွေးပေးလိုက်သည်။ 


"ဟင့်အင်း ကိုယ် ဒီတစ်စုံကို စီးချင်တယ် ဒါ မင်းဝယ်ပေးထားတဲ့ ပထမဆုံးဖိနပ်လေ ..." 


ကျိမြန်က အနက်ရောင်ဖိနပ်တစ်ရံကိုယူကာ တံခါးဝတွင် ထိုင်ချပြီး စီးရင်း ရှင်းပြလိုက်သည်။ 


"အန်တီရွှယ်နဲ့ ရန်မဖြစ်နဲ့နော် မင်းတို့နှစ်ယောက်လုံး ဝမ်းနည်းရရင် လူတိုင်းအတွက် မကောင်းဘူး သူမကို အဆာအငတ်ခံပြီးတော့လည်း မခြိမ်းခြောက်နဲ့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ ပြဿနာတွေ အကုန်လုံး ကိုယ့်အပေါ်ပဲ ပုံထားဖို့ ကိုယ် ပြောခဲ့ဖူးတယ်လေ အန်တီရွှယ်နဲ့ ရန်ဖြစ်ပြီး မင်းကိုယ်မင်း ထိခိုက်အောင် လုပ်မိမှာ ကြောက်လို့ကို အန်ကယ်ရှို့ကို မနက်စာ ပို့ပေးဖို့ တောင်းဆိုထားတာ အခုထိ မျက်နှာသစ်တာလည်း မတွေ့ရ၊ သွားတိုက်တာလည်း မတွေ့ရတော့ မနက်စာလည်း မစားရသေးဘူး မဟုတ်လား အန်ကယ်ရှို့ကို ပြန်နွှေးပြီး ဒီထဲ ယူလာပေးခိုင်းလိုက်နော် ဟုတ်ပြီလား ..." 


"ဟုတ်ပါပြီ ..." 


ရှောင်ကျားရှုကလည်း နာနာခံခံဖြင့် ခေါင်းငြိမ့်ပြကာ ရှို့ချန်ယုကို အားတက်သရော စိုက်ကြည့်နေလိုက်သည်။ 


အဖုံးကို ဖွင့်၍ ဝိုင်နှစ်ငုံခန့်သောက်မည် ပြင်နေသော ရှို့ချန်ယုမှာလည်း သူတို့နှစ်ဦး၏ စကားများကို ကြားလိုက်ရသည့်အခါ လမ်းပျောက်သွားရတော့သည်။ 


ဒီနှစ်ယောက်ကတော့ တကယ်ကို ရယ်ရတာပဲ ကျိမြန်က ပေါင်ပေ့လေးဆိုတာကို ပါးစပ်ဖျားကကို မချဘူး စကားတစ်ခွန်းဆုံးတိုင်းလည်း "ဟုတ်ပြီလား" ဆိုတာက ထည့်ပြောလိုက်သေးတယ် ရှောင်ကျားရှုရဲ့ သဘောထားကိုပါ မေးနေတာ ထင်တယ် သူ့လေသံကလည်း ကလေးတစ်ယောက်ကို ချော့ပြောနေတဲ့အတိုင်းပဲ ... 


ကိုယ့်နားနဲ့ကိုယ် ဆတ်ဆတ်ကြားလိုက်ရလို့သာ မဟုတ်ရင် ကျိမြန်က သူ့ချစ်သူကို ကလေးတစ်ယောက်လို အလိုလိုက်ပြီး အမျိုးစုံ ချစ်ပေးတတ်တဲ့သူမျိုးလို့ကို ထင်မိမှာ မဟုတ်ဘူး ... 


ရှောင်ကျားရှုကလည်း ဒါနဲ့ ပတ်သက်ပြီး နေရခက်တဲ့ပုံကို မပေါ်ဘူး အရမ်းကို လိမ္မာနေတာ သူ့ရဲ့ လူကပ်တတ်တဲ့ ပုံစံက အေးစက်ချောမောတဲ့ ရုပ်ရည်နဲ့ကို မအပ်စပ်ဘူး ဒါကြောင့်လည်း ရှေးလူကြီးတွေက အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးလို့ ပြောကြတာ နေမှာ ထိန်းချုပ်လိုစိတ် ပြင်းထန်တဲ့ ကျိမြန်လို လူမျိုးက ရှောင်ကျားရှုလို စိတ်ထားရိုးရှင်းပြီး လူကပ်တတ်တဲ့ ဝံပုလွေပေါက်မျိုးနဲ့ပဲ ကိုက်ညီတယ် သူတို့ကမှ တကယ်ကို ရှေ့သွားနောက်လိုက်ညီတဲ့ စုံတွဲပဲ ... 


ရှို့ချန်ယုက အနည်းငယ် အံ့အားသင့်နေမိသည့်တိုင် ဝံပုလွေပေါက်လေး၏ သနားဖွယ်အကြည့်တို့ကိုလည်း မျက်နှာလွှဲခဲပစ် မလုပ်ရက်သည့်အတွက် လက်ကိုယမ်းကာ ပြောလိုက်တော့သည်။ 


"အိုကေ မင်းကို မနက်စာ ကူပြင်ပေးမယ် မ

င်းအမေ ရှာမတွေ့အောင်လည်း ဖုန်းကို သေချာဖွက်ခဲ့ဦး ..." 


"ပေါင်ပေ့ ကိုယ် အပြင်မထွက်‌သေးဘဲ အန်ကယ်ရှို့ မနက်စာ ပြင်ပြီးတဲ့အထိ ဒီနားမှာ ထိုင်စောင့်နေပေးမယ် ..."




Xxxxxxx