အပိုင်း ၁၇၄
Viewers 57k

Chapter 174



ဘလိတ်ခ်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်နေလိုက်ပြီး Stisen ကမူ ခံစားချက်အပြည့်ဖြင့် ထောက်ခံလိုက်သည်။


"ဟုတ်တယ် ရှောင်က အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့တာ 001 ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် သူ အရမ်းကို ပင်ပန်းခဲ့ရတာ ဒါပေမယ့် ငါ့ကို အရမ်းကို အံ့ဩမင်သက် ချီးကျူးဖို့ကောင်းတဲ့ ဇာတ်ကွက်တွေ တစ်ခုပြီးတစ်ခု ယူဆောင်လာပေးတယ်လေ သူ့အခန်းတွေကို ရိုက်တဲ့အချိန်တိုင်း ငါ ကျိကို အများဆုံး ပြောဖြစ်တဲ့ စကားတစ်ခွန်း ရှိတယ် - "ဟေး ကျိ ဒီအပိုင်းကို သေချာပေါက် ထည့်ရမယ်နော် ဒါက လုံးဝကို ပြီးပြည့်စုံနေတဲ့ ရိုက်ချက်ပဲ မင်း ကြည့်ကြည့်လိုက်ဦး ငါရိုက်ခဲ့ဖူးသမျှထဲ ဒီတစ်ခုက အထင်ကြီးစရာ အကောင်းဆုံးပဲ ..." ဆိုပြီးတော့ ဆက်တိုက် ပြောနေခဲ့ရတာလေ ..." 


သူက စခရင်ကြီးကို လှမ်းကြည့်လိုက်လျှင် ဒါရိုက်တာက ချက်ခြင်း ဖွင့်ပြပေးလိုက်၏။  


သူက မိတ်ဆက်ပေးလိုက်သည်။ 


"တကယ်တမ်းတော့ ဒီရိုက်ချက်ရဲ့ အဓိက သရုပ်ဆောင်က ရှောင် မဟုတ်ဘူး ပြောရရင် သူက နောက်ခံသဘောလောက်ပဲ ဒါပေမယ့် သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပဲ လူတိုင်းက အကောင်းဆုံးအခြေ‌အနေကို ထိန်းသိမ်းနိုင်ပြီးတော့ သုံးမိနစ်ကြာ ရိုက်ချက်တစ်ခုလုံးကို တစ်ကြိမ်တည်းနဲ့ အပြီးရိုက်နိုင်ခဲ့တာ ..." 


စခရင်ပေါ်တွင် ကိုယ်ထည်တစ်ခုလုံးကို ဝါးထားသည့် ရှောင်ကျားရှုက ဖန်ရေကန်တစ်ခုထဲ မျောနေကာ ကျိမြန်နှင့် ဒေါ်နယ်တို့က စကားများ ရန်ဖြစ်ပြီး ဖန်ရေကန်ကို မတော်တဆ ဝင်တိုက်မိလိုက်သဖြင့် အထဲရှိ ရေများ ဘောင်ဘင်ခတ်သွားတော့သည်။ ရှောင်ကျားရှု၏ မျက်‌တောင်ပေါ်ရှိ ရေပူဖောင်းများ ပြုတ်ကျသွားကာ‌ နောက်တစ်စက္ကန့်အတွင်းမှာပင် မျက်လုံးဖွင့်လာတော့မည့်ဟန်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် မက်ဒီက လေအေးတစ်သုတ် ရှုသွင်းကာ ကြောက်လန့်တကြား နောက်ပြန်ဆုတ်လိုက်ကြတော့သည်။ 


ပရိသတ်များက ထိုအခန်းကို ရုပ်ရှင်ရုံထဲတွင် ကြည့်ရှုခဲ့ပြီး ဖြစ်သော်ငြား ထိုအပိုင်းမှာ တည်းဖြတ်ထားပြီးသည့်အပိုင်း ဖြစ်ပေသည်။ မဖြတ်တောက်ထားသော အပိုင်းရှည်ကြီးတစ်ခုလုံးကို ပထမဆုံးအကြိမ် ကြည့်ဖူးခြင်း ဖြစ်သည့်အတွက် အားလုံး၏ အမူအယာမှာ အထူးတဆန်း ဖြစ်နေကြတော့သည်။ ကြည့်ပြီးနောက် လက်ခုပ်ဩဘာ ချီးမြှင့်လိုက်ကြသည့်တိုင် အရေးကြီးသည့် အချက်ကို သဘောမပေါက်သေး။ 


ဘလိတ်ခ်က သက်ပြင်းတစ်ချက်ရှိုက်ကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ 


"တိုက်ခိုက်နေတဲ့အချိန် ရေကန်ထဲမှာ ရှိနေတဲ့ 001 က ရှောင်လား မင်းလုပ်ထားတဲ့ ရုပ်တုကြီး မဟုတ်ဘူးလား ..." 


"မဟုတ်ဘူး ..." 


Stisen က ခေါင်းယမ်းပြလိုက်သည်။ 


"Ooooh ..." 


စင်ပေါ်ရှိ ကြည့်ရှုသူအားလုံး မင်သက်အံ့ဩသွားရတော့သည်။ 


ဘုရားရေ ရှောင်က ရေထဲမှာ သုံးမိနစ်ဆက်တိုက် အထည့်ခံထားရတာကိုတောင် ဘာလို့ ဒီလောက်အထိ တည်ငြိမ်အောင် ထိန်းထားနိုင်ရတာလဲ သူက နာတာရှာကို ပြိုင်စံရှား အာဂအမျိုးသမီးလို့ ပြောခဲ့ပေမယ့် သူကလည်း သူမထက် နည်းနည်းလေးတောင် မညံ့ဘူးနော် ... 


တီဗီရှေ့တွင် ထိုင်နေကြသူများ၊ အင်တာနက်ပေါ်မှတစ်ဆင့် ကြည့်နေကြသူများအားလုံး အသက်ကို အောင့်ထားလိုက်သော်ငြား တစ်မိနစ်ပင် မအောင့်ထားနိုင်၊ ထိုအခါမှသာ မည်မျှအထိ ခက်ခဲကြောင်း သဘောပေါက်သွားတော့သည်။ 


ဘလိတ်ခ်က လက်ကိုယမ်းကာ ပြောလိုက်၏။ 


"မင်းသာ မပြောရင် ဒီအပိုင်းမှာ လူအစစ်နဲ့ ရိုက်ခဲ့တယ်လို့ လုံးဝ ‌တွေးကြည့်ဖူးမှာ မဟုတ်ဘူး ကျိနဲ့ ဒေါ်နယ်ကြားက ရန်ပွဲကိုပဲ အာရုံစိုက်နေလို့ ရေထဲမှာ ရှောင်ရှိနေမှန်းတောင် သတိမထားမိလိုက်ဘူးလေ ရုပ်ရှင်ကြည့်တဲ့သူတွေလည်း ငါ့လိုပဲ သတိမထားမိဘဲ ကျော်သွားကြမယ်ထင်တယ် ..." 


သူက ရှောင်ကျားရှုကို လှည့်ကြည့်ကာ ချီးကျူးလိုက်သည်။ 


"ရှောင် မင်းက အရမ်းကို အံ့ဩဖို့ ကောင်းတာပဲ ဒါကို ဘယ်လိုလုပ်ခဲ့လဲ သေချာပေါက် ပြောပြရမယ်နော် ငါသာ သုံးမိနစ်လောက် အသက်အောင့်ထားရမယ်ဆိုရင် ဒီလိုကြီး ဖြစ်သွားတော့မှာ သေချာတယ် ..." 


သူ့လက်ကိုမြှောက်ကာ လည်ပင်းကို ပြန်ညှစ်၍ လွန်စွာ အရုပ်ဆိုးလှသည့် အမူအယာတစ်ခု လုပ်ပြလိုက်သည်။ 


ကြည့်ရှုနေသူအားလုံး ဝါးလုံးကွဲ ရယ်မောလိုက်ကြတော့၏။ 


"ရိုက်ကူးရေး မစခင်ကတည်းက နေ့တိုင်း လေ့ကျင့်ခဲ့တာ ကျွန်တော့်ရဲ့ ပရိုဂရမ် စာရွက်ကို သေချာလေး ကြည့်ကြည့်မယ်ဆိုရင် တွေ့ရမှာပါ ..." 


သူ့အမူအယာမှာ အနည်းငယ် ရှက်နေဟန်ပင်။ 


ဒါရိုက်တာက ပရိုဂရမ်စာရွက်ကို စခရင်အပြည့် ပုံကြီးချဲ့ပြလိုက်၏။ ညပိုင်း ရေချိုးချိန်တိုင်းတွင် "အသက်ရှူအောင့်သည့် လေ့ကျင့်ခန်း လုပ်ရန်" ဟူသည့် စာများ ရေးမှတ်ထားပြီး အချိန်မှာလည်း တစ်မိနစ်မှသည် ငါးမိနစ်အထိ တစ်ဖြည်းဖြည်း တိုးမြင့်လာပြီး ရိုက်ကူးရေး မလုပ်မီ တစ်ရက်အလိုအထိ လေ့ကျင့်ခဲ့ဆဲဖြစ်သည်။ 


ဘလိတ်ခ်မှာ မချီးကျူးဘဲပင် မနေနိုင်တော့။ 


ကျိမြန်က ထပ်ပြောလိုက်သည်။ 


"သူ ငါ့ကို ဒီပရိုဂရမ်စာရွက် လာပြတုန်းက ပြောင်နေတယ်ပဲ ထင်ခဲ့တာ ဒီသုံးမိနစ်ရိုက်ချက် ပြီးသွားမှပဲ သူ ဒီအခန်းအတွက် တကယ် ပြင်ဆင်နေခဲ့တာပါ့လားဆိုပြီး သဘောပေါက်သွားခဲ့တာ ဇာတ်ညွှန်းကို ‌အသေးစိတ် လေ့လာပြီး ဘယ်လို သရုပ်ဆောင်ရမလဲ ဆိုတာကိုလည်း သူ့နှလုံးသားနဲ့ ရင်းပြီးကို သဘောပေါက်တယ် ပြီးတော့ သူ့ဘာသာသူလည်း ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ လေ့လာခဲ့တယ် အဲဒါကြောင့် NG ရတဲ့ အချိန်ရယ်လို့ ရှားပြီး များသောအားဖြင့် တစ်ခေါက်တည်းအပြီး ရိုက်နိုင်ခဲ့တာပေါ့ ..."


စင်အောက်ရှိ ပရိသတ်များကလည်း တစ်ဖန် လက်ခုပ်တီးကာ အားပေးလိုက်ကြပြန်သည်။ မျက်နှာတွင်လည်း လေးစားအားကျသည့် အမူအယာတို့ ချိတ်ဆွဲထားကြ၏။ 


Stisen ကလည်း သံယောင်လိုက်လိုက်သည်။ 


"ဒါကြောင့်လည်း ငါ ကျိကို ရှောင်ရဲ့ အခန်းတွေ အဖြတ်မခံခဲ့တာ သူ ရိုက်သမျှ ရိုက်ချက်တိုင်းက ပြီးပြည့်စုံပြီး ငါ့အတွေးထဲက 001 နဲ့ တစ်ထပ်တည်းပဲ သရုပ်ဆောင်ကောင်းတစ်ယောက်က ဘယ်နေရာပဲ ရောက်နေရောက်နေ တိမ်မြုပ်ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ဒါကြောင့် မင်းက တစ်ခြားသူတွေအပေါ် မမျှမတ ဆက်ဆံပါတယ်လို့ တစ်ချို့လူတွေက စွပ်စွဲလာရင် မင်းက လုံလုံလောက်လောက် ကောင်းခဲ့ရဲ့လား ဆိုတာကိုပဲ ပြန်ကြည့်လိုက် ခွန်အားက အောင်မြင်မှုရဲ့ ဝင်ခွင့်လက်မှတ် ပြီးတော့ ဘယ်နေရာမဆို သယ်သွားလို့ ရတဲ့ အရာပဲ ..." 


ဘလိတ်ခ်နှင့် စင်အောက်ရှိ ပရိသတ်များက အခိုင်အမာ ထောက်ခံကာ ထပ်ကာထပ်ကာ ခေါင်းငြိမ့်လိုက်ကြသည်။ 


တရုတ်ပရိသတ်များက မှတ်ချက်များစွာ ချန်ထားခဲ့ကြလိုက်၏။ 


[ဒီအပိုင်းကို ကြည့်ပြီးတော့ ငါ ရုတ်တရက်ကြီး ဂုဏ်ယူမိလာသလိုပဲ ငါတို့နိုင်ငံမှာ သရုပ်ဆောင်ကောင်းတွေ အများကြီး ရှိပြီးတော့ ဘယ်တစ်ယောက်ကမှ နိုင်ငံတကာက နာမည်ကြီးစတားတွေထက် မညံ့ဘူး] 


[နိုင်ငံ့ဂုဏ်ဆောင် တကယ်ကို နိုင်ငံ့ဂုဏ်ဆောင်ပဲ ခွန်အားနဲ့ အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း ဒါကမှ အောင်မြင်ဖို့အတွက် အကောင်းဆုံး သော့ချက်ပဲ တစ်ချို့လူတွေ ဒီရှိုးကို ‌တစ်ခေါက်လောက် ကြည့်ကြည့်သင့်တယ်နော် ] 


Stisen က ဆက်ပြောလိုက်သည်။ 


"ရှောင်ရဲ့ သရုပ်ဆောင်တဲ့ စတိုင်က အရမ်း အရမ်းကို အနုစိတ်ပြီးတော့ အသေးစိတ် ကျတယ် ဒီ အသက်ရှူအောင့်ထားတဲ့ အခန်းဆိုတာကလေ ဘာမှ မဟုတ်သေးဘူး အခု ငါပြောပြမယ့် နေရာကို ကြည့်နေတဲ့သူတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က သတိထားမိကြမှာ မဟုတ်ဘူး ..." 


"အိုး ဘာများလဲ ..." 


ဘလိတ်ခ်က ‌ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"၉၉ ရာခိုင်နှုန်း ဆိုတာကြီးကတော့ အရမ်း လွန်ကြူးလွန်းရာ ကျပါတယ် ပရိသတ်တွေရဲ့ အကြည့်က အရမ်း စူးရှမှန်း မင်းလည်း အသိပဲကို ..." 


Stisen က စခရင်ကို လှည့်ကြည့်လိုက်သည်။ ဒါရိုက်တာက ဗီဒီယိုကို အဆင်သင့် ဖွင့်ပေးထားပြီး ဖြစ်ပေသည်။ ၎င်းမှာ‌ ရှောင်ကျားရှု၏ ရိုက်ချက်အားလုံးကို စုစည်းထားခြင်း ဖြစ်ပြီး အနီးကပ်ရိုက်ချက်အချို့လည်း ပါဝင်နေသေးသည်။ သူ၏ ချောမောလှသည့် မျက်နှာမှာ အကြိမ်ရာပေါင်းများစွာ အနီးကပ် ချဲ့ကြည့်သည့်တိုင် အပြစ်အနာအဆာ ကင်းမဲ့နေဆဲ ဖြစ်ပေသည်။ ပရိသတ်မှာ သူ၏ တုနှိုင်းမဲ့လှသော စတိုင်ကြောင့် ဆွဲဆောင်ခံလိုက်ရကာ မငြီးနိုင် မငွေ့နိုင် ကြိမ်ဖန်များစွာ ကြည့်ရှုလိုက်မိကြတော့သည်။ 


"တစ်ခုခုကို တွေ့ကြလား ..." 


Stisen က ခပ်ပြုံးပြုံး မေးလိုက်သည်။ 


"ရှောင်က အရမ်းကို ချောတယ် ..." 


ဘလိတ်ခ်က မရဲတရဲ ပြောလိုက်သည်။ 


ပရိသတ်အားလုံး ဝါးလုံးကွဲ ရယ်မောလိုက်ကြတော့၏။ 


Stisen က ခေါင်းကို ယမ်းပြလိုက်သည်။ 


"သူ့မျက်လုံးကို အနီးကပ် ကြည့်ကြည့်လိုက်ရင် မျက်တောင်ခတ်ခဲတယ်ဆိုတာကို တွေ့လိမ့်မယ် ပြံမှန်အခြေအနေမှာဆို လူတွေက တစ်မိနစ်ကို ဆယ့်ငါးကြိမ်လောက် မျက်တောင်ခတ်ကြတယ်လေ ရှောင်ကတော့ နှစ်ကြိမ်ပဲ ခတ်တယ် 001 ဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့အတွက် သူ့ဦးနှောက်ကို အရမ်း အလုပ်ပေးပြီး အသေးစိတ် အချက်အလက်လေးကအစ သူ့သရုပ်ဆောင်မှုထဲမှာ ထည့်သုံးနိုင်မလား လိုက်ဆန်းစစ်တယ် ဘယ်လောက်ပဲ ခက်ခဲခက်ခဲ သူကတော့ ကျိန်းသေကို အကောင်အထည် ဖော်တာ ဒါကြောင့်လည်း ငါ ကျိကို ဖြစ်နိုင်ရင် ရှောင်နဲ့ နောက်တစ်ခါ အလုပ်တွဲလုပ်ချင်သေးတယ် သူက ငါတွေ့ဖူးတဲ့ အကောင်းဆုံး သရုပ်ဆောင်တွေထဲမှာ တစ်ယောက် အပါအဝင်ပဲလို့ ခဏခဏ ပြောခဲ့မိတာပေါ့ ..." 


ဗီဒီယိုကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည့် ဘလိတ်ခ်၏ အမူအယာမှာ နားမလည်ရာမှ အံ့အားသင့်သည့် အမူအယာသို့ ပြောင်းလဲသွားတော့သည်။ စင်ပေါ်ရှိ ပရိသတ်များကမူ နောက်တစ်ကြိမ် စိတ်အားထက်သန်စွာ ဩဘာပေးလိုက်ကြတော့သည်။ 


တရုတ်ပရိသတ်များမှာလည်း တစ်ခဏမျှ ရှုပ်ထွေးသွားကြကာ ထို့နောက်တွင်တော့ မှတ်ချက်များကို အလုအယက် ချန်ထားလိုက်ကြတော့သည်။ 


[ရှောင်ကျားရှုကို သွက်သွက်လေးသာ ခေါ်ပေးပါ ဒီလိုလုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး ] 


[ငါ မှတ်မိသေးတယ် သူ "နဂါးနှစ်ကောင်" ရိုက်ကွင်းကနေ ထွက်လာတုန်းကလေ သရုပ်ဆောင်ပေါက်စလေးတစ်ယောက်က သတင်းဖြန့်ခဲ့ဖူးတယ် သူက ဇာတ်ညွှန်းကို ပြောင်းချင်ပေမယ့် ဒါရိုက်တာက သဘောမတူလို့ စာချုပ်ဖျက်ခဲ့တာ ဆိုပြီးလေ ပြီးတော့ ရေထဲ ပြုတ်ကျတဲ့အခန်းမှာလည်း ဒါရိုက်တာက ခဏခဏ ပြန်ရိုက်ခိုင်းတာကို သည်းမခံနိုင်လို့ ဆိုပြီးတော့လေ အဲဒီ့အချိန်တုန်းကတော့ဟယ် ငါလည်း သူ့စကားတွေကို ယုံပြီး ရှောင်ကျားရှုကိုတောင် အပြစ်ပြောခဲ့မိသေးတယ် အခု ပြန်စဉ်းစားကြည့်မှ‌လေ အဲဒီ့ အရန်သရုပ်‌ဆောင်ပေါက်စလေးရဲ့ မျက်နှာကို ငါ့အဒေါ်ရဲ့ သွေးတွေနဲ့တောင် ပက်လိုက်ချင်သေးတယ် ကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့အရေး မျက်တောင်မခတ်ပဲတောင်သရုပ်ဆောင်ခဲ့တဲ့သူက ရေထဲ အကြိမ်နည်းနည်းလောက် ဆင်းရရုံလေးနဲ့ ရိုက်ကူးရေးကို ရပ်ပစ်တယ်ဆိုတာ ဟုတ်ပါ့မလား ငါကတော့ လုံးဝ မယုံနိုင်ဘူး အညှီနံ့တစ်ခုခု သေချာပေါက်ကို ရှိနေလိမ့်မယ် ပြီးတော့ အဲဒါက

ရှောင်ကျားရှုနဲ့ လုံးဝ မသက်ဆိုင်လောက်ဘူး ] 


["နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" အပေါ် ငါ့ရဲ့ မျှော်လင့်ချက်ကတော့ ပိုပိုပြီးကို နည်းလာနေပြီ ဘယ်လိုဖြစ်ရတာလဲ အရည်အချင်းပိုင်းမှာ အာမခံနိုင်တဲ့ ရှောင်ကျားရှုက အတင်း ဖိအားပေးပြီး အထုတ်ခံလိုက်ရတယ်ဆိုတော့ ရလဒ်က ဘယ်လို ဖြစ်လာမလဲဆိုတာ တွေးကြည့်လို့တောင် ရနေပြီ ] 


[မယုံနိုင်စရာပဲဟေး ရှောင်ကျားရှုက ရေထဲ ပြုတ်ကျတဲ့အခန်းကို မရိုက်နိုင်ပါဘူးဆိုပြီး သတင်းဖြန့်ခဲ့တဲ့ တစ်ယောက်လေ အခုပဲ Weibo ကို ဖျက်သွားတယ် ကြည့်ရတာ သူမလည်း ဒီအစီအစဉ်ကို ကြည့်နေတာ ထင်တယ် သူမကို အနှေးနဲ့အမြန် အမှုန့်ကြိတ်ကြတော့မှာလို့ သိနေလို့ သက်သေတွေ ဖျက်ပစ်တာ နေမှာ အခုမှလာပြီး မင်းမေကြီးပဲ သွားဖျက်နေ မြင်သင့်တဲ့လူတွေအကုန် မြင်ပြီးသွားပြီကွ ] 


[ငါကတော့ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို အရမ်းကို ကြည့်‌ချင်နေပြီ ဘယ်လိုသရုပ်ဆောင်ကများ ရှောင်ကျားရှုထက်ပိုပြီး ကောင်းကောင်း သရုပ်ဆောင်နိုင်မလဲ သိချင်လို့] 


ဤအစီအစဉ်၏ ကျော်ကြားမှုကြောင့် ရှောင်ကျားရှုကို အပုပ်ချလုနီးပါး ဖြစ်ခဲ့သော "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ၏ သရုပ်ဆောင်များအားလုံး အာရုံစိုက်မှုများစွာ ရရှိခဲ့ကြတော့သည်။ သို့သော် သူတို့ ကျားကုတ်ကျားခဲ ထုတ်လုပ်ရန် ကြိုးစားခဲ့သည့် အပြောင်မြောက်ဆုံးသော လက်ရာမွန်မှာ ထိုအာရုံစိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား ဟူသည့် အချက်ကိုမူ မည်သူမှ မသိနိုင်ချေ။ ချိုးတုနှင့် အခြား ပထမတန်းစား သရုပ်ဆောင်များမှာ ရှောင်ကျားရှုကို ကိုယ်တိုင်ကိုယ်ကျ နာမည်ဖျက်သည့်အထဲတွင် မပါဝင်၊ ရေတပ်ငှား၍ လူထုအမြင်ကို လမ်းကြောင်းပေးရုံသာ လုပ်ခဲ့သော်ငြား လူစိတ်ဝင်စားမှု ပိုမိုများပြားစေရန် အလို့ငှာ အချို့သော အရန်သရုပ်ဆောင်များသည် ရှောင်ကျားရှု၏ ဆိုးရွားလှသည့် အပြုအမူများမှာ ဟုတ်မှန်လေသယောင် သတင်းဖြန့်ခဲ့ကြရသည်။ 


ရှောင်ကျားရှုက ထိုကိစ္စများနှင့် စပ်လျဉ်း၍ မည်သည့်အချိန်ကမှ ရှင်းပြခဲ့ခြင်း မရှိသော်ငြား ရုပ်ရှင်ထဲရှိ သူ၏ သရုပ်ဆောင်ချက်က ထိုအုပ်စုတစ်စုလုံးကို မျက်နှာဖြတ်ရိုက်လိုက်သည့်နှယ်။ ဤအစီအစဉ်ကို တရုတ်တွင် ပြန်လည်ပြသသည်နှင့် တစ်ပြိုင်နက် သူတို့တင်ခဲ့သည့် ပို့စ်များကို အပြေးအလွှား ပြန်ဖျက်ကြကာ လူတိုင်း မှတ်ဉာဏ်ပျောက်သွားစေရန်သာ တိတ်တဆိတ် ဆုတောင်းလိုက်ကြတော့သည်။ 


မန်နေဂျာ၏ အတင်းအကြပ် စေခိုင်းခံရမှုကြောင့် ရုံးခန်းထဲတွင် ဤအင်တာဗျုးအစီအစဉ်ကို ကြည့်နေရသည့် ချိုးတုက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သည်။ 


"ရှောင်ကျားရှုက နေရောကောင်းရဲ့လား သူက လူချမ်းသာ ဒုတိယမျိုးဆက်လေ ဘာလို့ အနုပညာလောကထဲ လာပြီး ဒီလောက်အထိ ကြိုးစားပြနေရတာလဲ သရုပ်ဆောင်တစ်ယောက်အတွက် မျက်နှာတွေ၊ ခန္ဓာကိုယ်တွေကဘယ်လောက်အထိ အရေးပါတယ် ဒဏ်ရာသေးသေးလေးကတောင် သန်းဆယ်နဲ့ချီပြီး ဆုံးရှုံးစေနိုင်တယ်ဆိုတာကို မသိဘူးလား ဒီပိုက်ဆံတွေကို ဘယ်သူက ပြန်ပေးမှာလဲ ဟမ် ထုတ်လုပ်သူတောင် တတ်နိုင်ပါ့မလား ဆိုတော့ ငါတို့တွေ လူစားထိုးငှားတာ ဘာမှားလို့လဲ ..." 


အေးဂျင့်က နှစ်သိမ့်ပေးလိုက်သည်။ 


"ဟုတ်တယ် ငါတို့က သရုပ်ဆောင်တွေကို ကာကွယ်ဖို့ လူစားထိုး

ငှားတာလေ သရုပ်ဆောင်တဲ့ အလုပ်က အရမ်းကို အရဲစွန့်စရာ များမှန်း ဘယ်လိုလုပ်ပြီး သာမန်သူတစ်ယောက်က နားလည်မှာလဲ ..." 




Xxxxxxx