အပိုင်း ၁၇၀
Viewers 57k

Chapter 170





သူမကိုယ်သူမ မိမိအလုပ်အကိုင်အတွက်သာဆိုလျှင် ဘာမဆို စွန့်လွှတ်စွန့်စားရဲသည့် သန်မာသည့် အမျိုးသမီးတစ်ဦးအဖြစ် ထင်မြင်လာအောင် ရည်ရွယ်ကာ ပြောပြခဲ့ခြင်းဖြစ်သည်။ ထိုစာများကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုက သူမကို ယုံကြည်သွားပြီး အဆက်မပြတ်ပင် အားပေးနှစ်သိမ့်ပေးလိုက်သေး၏။ နောက်ဆုံးတွင်မူ တုန့်ဆိုင်းနေသည့်တိုင် သူ့ဘက်မှ အလျော့ပေးလိုက်ရုံသာ ရှိတော့သည်။ 


[ဒါဆို ကျန်းကျဲ အမေရိကက ရိုက်ကူးရေးကိုပဲ စိတ်အေးလက်အေးလုပ်ပါ ဒီကအလုပ်တွေကိုတော့ ကျဲပြန်လာတဲ့အထိ စောင့်ပါ့မယ် ကျားယို] 


[Pfft! နောက်ဆုံးမှာ ပြောထားတဲ့"ကျားယို" ဆိုတဲ့ စကားက အူကြောင်ကြောင်နိုင်ပေမယ့် တကယ့် နွေးထွေးမှုကို ခံစားရတယ်နော် ရှောင်ကျားရှုက ကျန်းပင်းကျဲ ပေါက်ကရ ပြောနေတဲ့ဟာကိုတောင် ယုံလိုက်သေးတယ်] 


Weibo ပေါ်ရှိ ဖရဲသီး စားကြသူများမှာ ရယ်ရလွန်း၍ မျက်ရည်ပင် ကျလာကြတော့သည်။ 


<<Robocop>>၏ ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုအတိုများသာ ထွက်မလာခဲ့ပါလျှင် ရှောင်ကျားရှုက သူ့ရိုးသားမှုကို သက်သေပြရန် စကားပြောထားသည့်မှတ်တမ်း အပြည့်အစုံကို ထုတ်ပြသည့်တိုင် အများစိတ်ထဲတွင် ကျန်းပင်းကျဲကို မည်သို့မှ မကောင်းမြင်မည် မဟုတ်ချေ။ နိုင်ငံရပ်ခြားတွင် သွေးချွေးမျက်ရည်တို့ ဖြိုင်ဖြိုင်ကျလျက် အလုပ်ကြိုးစားနေသူကို မည်သူကမှ အပြစ်မတင်နိုင်။ သူမ၏ အိပ်မက်မှာပိုမိုကြီးမားသည့် ငွေရောင်ပိတ်ကားပေါ် ရောက်နိုင်ရန် ဖြစ်ရာ အရေးပါမှု လျော့နည်းသည့် အလုပ်များအား ဆိုင်းငံ့ထားခြင်းအပေါ် နားလည်ပေး၍ ရပေသည်။ ထို့အပြင် ရိုက်ကူးရေး ပြီးစီးပါလျှင် ပြန်လာပါမည်ဟုလည်း ပြောထားသေးသည့်အတွက် သူမမှာ ပို၍ပင် အပြစ်လွတ်သွားတော့သည်။ 


စကားပြောနေခဲ့စဉ်တစ်လျှောက် ရှောင်ကျားရှုကို ချနင်းရန် ထောင်ချောက်များ တစ်ခုပြီးတစ်ခု စီစဉ်ခဲ့သည်။ ရှောင်ကျားရှုအနေဖြင့် သူမနှင့်ပြောထားသည်များကို အပြည့်အစုံ ချပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ သူမသည်သာ အကြီးမားဆုံး အနိုင်ရသူ ဖြစ်ပေသည်။ ရှောင်ကျားရှုက သူမကို ထိကပါးရိကပါး လုပ်ပါသည်ဟု ပြောခဲ့သည်။ လက်တွေ့တွင် အမှန်တကယ် စဉ်းစားကာ ထိုစကားကို လက်ခံခဲ့သူများ အများအပြားပင်။ စီးပွားရေးအကြောင်း ပြောနေသည့်တိုင် မိန်းကလေးများအနား ချဉ်းကပ်ရန် တမင်တကာ အကြောင်းရှာနေတတ်သည့် အမှိုက်လို ယောကျာ်းများ ရှိနေတတ်သည့်အတွက် သူမ၏ စကားမှာ ယုတ္တိရှိလှပေသည်။ 


အတိုချုပ်အားဖြင့် ပြောရပါလျှင် ကျန်းပင်းကျဲသည် လူထုအမြင်ကို သူမ အလိုရှိသလို ဦးတည်လှည့်စားနိုင်ပေသည်။ သူမ၏ လုပ်ရပ်အားလုံးမှာ ဟာကွက်မရှိ ပြည့်စုံလှပေသည်။ 


အနုပညာလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးသည့်တိုင် ကျန်းပင်းကျဲသည် သူမကိုယ်သူမ ဤကဲ့သို့ ကြီးမားလှသည့် ဒုက္ခနှင့် ကြုံတွေ့ရလိမ့်မည်ဟု မှန်းဆထားခြင်း မရှိသည်မှာ သနားဖွယ်ရာပင်။ ကိုယ့်ခြေထောက်အောက်တွင် ကိုယ်တိုင် တွင်းတစ်ခု တူးမိခဲ့ခြင်းဖြစ်ရာ မည်သူ့ကိုမှ အပြစ်တင်နေ၍ မရ။ သူမ ဖော်ပြခဲ့သည့် ရိုက်ကူးရေး အခန်းအားလုံးမှာ နာတာရှာ ကြုံတွေ့ခဲ့ရသည်များ ဖြစ်ပြီး သူမက နာမည်လေး ပြောင်းလိုက်ခြင်းသာ ဖြစ်သည်။ ၎င်းမှာ ကြီးမားသည့် ဟာကွက် မဟုတ်သော်ငြား ရိုက်ကူးရေးအဖွဲ့က ဗီဒီယိုများ ထုတ်ပြလိုက်သည့် အခါတွင်မူ သူမ၏ လှည့်ကွက်အားလုံး ဖော်ထုတ်ခံလိုက်ရတော့သည်။ 


[ကျန်းပင်းကျဲ ပြောတာတွေကို ဘာလို့ ရင်းနှီးနေတယ်လို့ ခံစားနေရတာပါလိမ့် ] 


ဖြတ်သွားဖြတ်လာ ဖရဲသီးစားသူတစ်ဦးက ပဟေဠိဖြစ်ဟန်ဆောင်လိုက်သည်။ 


[အရှက်မရှိတဲ့သူတွေ အများကြီး ရှိပေမယ့် ကျန်းပင်းကျဲလို အရှက်မရှိတဲ့လူကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ တကယ်ကို မျက်စိပွင့် နားပွင့် ဖြစ်တာပဲ] 


[တရုတ်မှာ ရုပ်ရှင်ရိုက်ရင် လူစားထိုးသုံးလည်း မင်းရဲ့ ပရိသတ်တွေက ငွေကုန်ခံပေးဦးမှာပဲ ဒါပေမယ့် နိုင်ငံခြားကို ရောက်သွားရင် ဘယ်လိုလုပ်မှာလဲ ဘယ်သူက မင်းကို သည်းခံမှာတဲ့လဲ ရိုက်ကူးရေးအဖွဲ့က မင်းကို ငွေကုန်ကြေးကျခံပြီး ငှားတာ ဘိုးဘေးလေးလို ဆက်ဆံရဖို့ မဟုတ်ဘူး


ရှောင်ကျားရှု Weibo မှာ တင်ပြီးပြီးချင်း စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်သွားတဲ့ သတင်းကိုတောင် သတိရသွားပြီ ကြည့်ရတာ သူပြောတာ တကယ်အမှန်ထင်တယ် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရိုက်ကူးရေးက တကယ်ကို ရှုပ်ထွေးပွေလီနေလောက်တယ်] 


[ငါတော့ ရှောင်ကျားရှုအတွက်ပဲ စိတ်မကောင်း ဖြစ်မိပြီ ပထမတစ်ခါ လှည့်စားခံရတယ် ပြီးတော့ အပုပ်ချခံရတယ် သူ့ရဲ့ သည်းခံမှုတွေ ကြင်နာမှုတွေက တစ်ချို့လူတွေအတွက် ဟာသကြီးလိုပဲ] 


ထိုမှတ်ချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း ရှောင်ကျားရှုအတွက် စိတ်မကောင်းဖြစ်သွားကြတော့သည်။ သူ့အပေါ် အမြင်ပြောင်းလဲသွားပြီဖြစ်သည့် ဖြတ်သွားဖြတ်လာများကလည်း သူ့ကို အပြင်ပိုင်းတွင် ဆိုးသွမ်းရက်စက်မောက်မာသော်ငြား အတွင်းစိတ်ကမူ ရိုးသားကာ ဟန်ဆောင်ခြင်း ကင်းမဲ့သူ ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိကြောင်း ပြောလာကြသည်။ 


ကျန်းပင်းကျဲ၏ ပရိသတ်များမှာလည်း အကြီးအကျယ် ခွါပြဲစ ပြုလာတော့၏။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် ပရိသတ်တို့က အိုင်ဒေါဖြစ်သူ၏ မျက်နှာအစစ်အမှန်ကို လက်မခံနိုင်၊ fandom ထဲမှ ထွက်ခွါစ ပြုလာတော့သည်။ သို့သော် ဦးနှောက်သေနေသည့် ပရိသတ်များမှာမူ မရပ်တန့်နိုင်ကြသေး။ ရှောင်ကျားရှုဘက်မှ ထုတ်ပြလာသည့် စကားပြောမှတ်တမ်းမှာ အတုအယောင်ဖြစ်ပြီး သူ့ကို အရေးယူပေးရန် တရားရုံးသို့ပင် ဦး‌တိုက်လျှောက်ဦးမည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောလာကြပြန်သည်။ သို့သော် သူတို့ ပိုပြီး ပြောလေလေ ဖြတ်သွားဖြတ်လာများ၏ ကျန်းပင်းကျဲအပေါ် သဘောထားမှာ ပိုမိုဆိုးဝါးလာလေဖြစ်သည်။ ကျန်းပင်းကျဲ၏ အဆက်မပြတ် ငြင်းနေမှုမှာလည်း ထိုရူးမိုက်သည့် ပရိသတ်များ၏ တရားလွန်မှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။ 


သူမ စတင်ခဲ့သည့် လူထုဆက်ဆံရေးစစ်ပွဲမှာ ကျရှုံးတော့မည်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ ကျန်းပင်းကျဲလည်း ပျာယာခတ်သွားပြီး တင်းကျန်းကို ဘာဆက်လုပ်ရမလဲဟု ငိုယိုကာ အကြံတောင်းလိုက်မိတော့သည်။ အကယ်၍ စတူဒီယိုက ထို ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုများကို ထုတ်ပြမည်ဖြစ်ကြောင်းသာ သိခဲ့ပါလျှင် ဒုက္ခရောက်နိုင်ဖွယ် စာများကို ပို့ခဲ့မည် မဟုတ်ချေ။ သူမက ရှောင်ကျားရှုကို သူမအား ထိကပါးရိကပါး လုပ်ပါသည်ဟု စွပ်စွဲပါလျှင် တစ်ဖက်သူက ဒေါသတကြီးဖြင့် စကားပြောမှတ်တမ်းအားလုံးကို ချပြလာလိမ့်မည်၊ ထိုအခါ သူမ၏ အမည်ကို တစ်ဖန် ကျော်ကြားလာစေလိမ့်မည်ဟု ကောင်းစွာ ကြံစည်ထားခဲ့ပေသည်။ 


ဖြစ်နိုင်ချေအားလုံးကို တွက်ဆပြီးမှသာ ကြံစည်ခဲ့ခြင်း ဖြစ်သော်ငြား <<Robocop>> ၏ ထုတ်လုပ်သူများကြောင့် သူမ၏ အရန်အစီအစဉ်အားလုံး ဖျက်ဆီးခံရလိမ့်မည်ဟုတော့ မျှော်လင့်မထားမိချေ။ 


"မင်းမှာ တစ်နည်းပဲ ရှိတော့တယ် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို စိတ်ပါလက်ပါနဲ့ အောင်မြင်အောင် အပြီးသတ်ဖို့ပဲ ဒါပေမယ့် ဒီဇာတ်လမ်းကလည်း မနက်ဖြန်ဆို ရုပ်သံလွှင့်တော့မှာ ပရိသတ်က မင်းကို ထပ်ပြီး အားပေးချင်စိတ် ရှိလိမ့်ဦးမယ်လို့ ထင်လား ..." 


တင်းကျန်းက ဆေးလိပ်ကို ခပ်ပြင်းပြင်း ဖွာရှိုက်ကာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မေးလိုက်သည်။ 


"ဖာ့ခ် ဒီခရီးကို မင်းနဲ့ လိုက်မလာခဲ့သင့်ဘူး ငါ မျက်နှာပျက်ရတာပဲ ရှိတယ် ဘာမှ အသုံးမဝင်ဘူး  ဖရက်ဒ်ရဲ့ အိပ်ယာပေါ် တက်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား ကျိမြန်နဲ့ယှဉ်ရင် သူက ဘာမှတောင် မဟုတ်ဘူးကွ ..." 


သူ အမေရိကန်သို့ လိုက်လာခြင်းမှာ ကျိမြန်၏ ကုမ္ပဏီ မည်မျှအထိ ကြီးထွားနေကြောင်း လေ့လာရန်ဖြစ်သည်။ ကျိမြန် နောက်ထပ်စီစဉ်နေသည့် ရုပ်ရှင်မှာလည်း သိပ္ပံရုပ်ရှင်ကားပင်ဖြစ်ပြီး <<Robocop>> ၏ ထုတ်လုပ်သူမှာလည်း သူနှင့် ပူးပေါင်းထားသူများအနက် တစ်ဦးအပါအဝင်ဖြစ်ရာ သူ့စကားများ အရေးပါခြင်း ရှိမရှိ မှန်းဆနိုင်ပေသည်။ 


အဖြတ်ခံလိုက်ရသည့် အခန်းများမှာ ကျိမြန်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါဟု သူ့ကို ဓားဖြင့်ထောက်ကာ ယုံခိုင်းလျှင်ပင် ယုံကြည်မည် မဟုတ်ချေ။ သို့သော် သိနေသည့်တိုင် သူလုပ်နိုင်သည့် ကိစ္စဟူ၍လည်း မရှိတော့။ ကျန်းပင်းကျဲ လုပ်ခဲ့သည့် ကိစ္စများမှာ လွန်စွာ များပြားနေပြီဖြစ်ရာ သူ့တွင် သူမ၏ အမည်ပျက်ကို ဆေးကြောပေးလိုစိတ် ရှိသည့်တိုင် နည်းလမ်း ရှာမရ‌နိုင်တော့။ သူမသာ သင့်တင့်လျောက်ပတ်သည့် သရုပ်ဆောင်ချက်တစ်ခု ထွက်ပေါ်လာအောင် အားစိုက်ထုတ်ခဲ့ပါလျှင် PR ဌာနလည်း လုံးဝဥဿုံ အခက်ကြုံရလိမ့်မည် မဟုတ်ချေ။ 


တင်းကျန်းက သူ့အဆက်အသွယ်များဖြင့် ချိတ်ဆက်ကာ ကျင်းပင်းကျဲ၏ ရုပ်ရှင်အားလုံးကို စုစည်းပြီး ပြောင်မြောက်သည့် သရုပ်ဆောင်ချက်များကို စုစည်းကာ အွန်လိုင်းပေါ်တင်ရန် ပြင်ဆင်လိုက်သည်။ ၎င်းကသာလျှင် သူမ၏ အပြစ်ကင်းမှုနှင့် ခွန်အားကို သက်သေပြသပြီး ဖြစ်ခဲ့သမျှကိစ္စတိုင်းကို လူမျိုးရခွဲခြားမှုအဖြစ် ခေါင်းစဉ်တပ်ကာ တရုတ်လူမျိုးတို့၏ စာနာသနားမှုကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ သို့သော် မည်သည့်ရုပ်ရှင်အမျိုးအစားပင် ဖြစ်ပါစေ သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ ဝါရင့်ကျွမ်းကျင်ပညာရှင်များနှင့် နှိုင်းယှဉ်၍ပင်မရ။ ပြောပုံဆိုပုံက ရှုပ်ထွေးကာ လေယူလေသိမ်းမှာ ထူးဆန်းလှသည်။ အမြဲလိုလို စာသားမေ့လေ့ရှိသည့်အပြင် ရိုက်ကူးနေစဉ်အတွင်းလည်း ကြိမ်ဖန်များစွာ ရယ်ချလေ့ ရှိသေးသည်။


ထိုဗီဒီယိုများ ရလာသည်နှင့် တစ်ပြိုင်နက် တည်းဖြတ်ရမည့်သူသည် ချက်ခြင်းပင် နှုတ်ထွက်စာ တင်လိုက်တော့သည်။ ထိုသည်သာမက ကျန်းပင်းကျဲ၏ ကယ်တင်၍ မရတော့သော သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်ပြီး Weibo ပေါ်တွင် ပို့စ်တစ်ခု တင်ခဲ့လိုက်သေးသည်။ 


ထိုအကြောင်းကိုမူ ကျန်းပင်းကျဲတို့ နှစ်ယောက်လုံး မသိကြသေး။ အကယ်၍ ရိုက်ကူးရေးအဖွဲ့ကသာ သတင်းများကို ဖွင့်မချခဲ့ပါလျှင် နဂါးနှစ်ကောင်၏ ရာဇဝင်ကို ကောင်းမွန်စွာ တည်းဖြတ်နိုင်သေရွ့လူထုဆက်ဆံရေးဌာနတွင် ကျန်းပင်းကျဲ၏ အမည်ပျက် ရှင်းလင်းနိုင်မည့် နည်းလမ်းတစ်ခု ရှိနေဦးမည်ဖြစ်သည်။ သို့သော် ၎င်းမှာလည်း အလုပ်မဖြစ်တော့။ ဒီဇာတ်လမ်းသည် နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်သွားဟန်ပင်။ စတင်ရုပ်သံလွှင့်သည်နှင့် တစ်ပြိုင်နက် ပရိသတ်များ၏ သူမအပေါ် အမြင်မှာ သာ၍ပင် ဆိုးဝါးတော့မည်ဖြစ်သည်။ သူမ တည်ဆောက်ထားသည့် ဂုဏ်သတင်းအားလုံး သူမ၏ လက်ချက်ဖြင့်ပင် အစိတ်စိတ်အမြွာမြွာ ကွဲပျက်သွားတော့သည်။ 


"ငါ ကျိမြန်ကိုလည်း ရန်မစမိပါဘူး သူနဲ့ ရှောင်ကျားရှုက ဆက်ဆံရေး ကောင်းလိမ့်မယ်လို့ ဘယ်လိုလုပ် သိမှာလဲ ..." 


ကျန်းပင်းကျဲမှာ သောကရောက်ရလွန်း၍ ငိုချမိလုမတတ်ပင်။ ပွဲဦးထွက်ပြီးချိန်မှစ၍ ဤအခြေအနေအထိ ရောက်အောင် ပထမဆုံးအကြိမ် တွန်းပို့ခံရခြင်းဖြစ်သည်။ 


"အခု ဘယ်လိုလုပ်ကြမလဲ ဒါမှမဟုတ် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ရုပ်သံလွှင့်ရက်ကို ရွှေ့ဆိုင်းပြီး ကျွန်မအခန်းတွေ ပြန်ရိုက်လိုက်ရင်ရော ..." 


တင်းကျန်းက ရယ်မောလိုက်၏။ သူမ၏ မျက်နှာကို ဆေးလိပ်မီးဖြင့် ထိုးလိုက်ချင်စိတ်များပင် ထွက်ပေါ်လာတော့သည်။ 


"ငါ ဒီရုပ်ရှင်အတွက် သန်း ၁၅၀ တောင် ရင်းနှီးမြှုပ်နှံခဲ့ရတာ ဒါကို ရုပ်သံမလွှင့်ရဘူး ဟုတ်လား အင်တာနက်ပေါ်က စကားတွေက အမှန်ပဲကိုး မင်းက ကိုယ့်ကိုယ်ကို စကြဝဠာကြီးရဲ့ ‌ဗဟိုချက်လို့ ထင်နေတာပဲ တစ်ခွန်းပဲ ပြောလိုက်မယ် မင်းကြောင့် ကုမ္ပဏီရဲ့ ဝင်ငွေတွေ ဘယ်လောက်ပဲ နစ်နာနစ်နာ နောင်တစ်ချိန်မှာ ဒီလောင်ဇီကို တစ်ပြားမကျန် ပြန်ဆပ်ရမယ် နားလည်လား ..." 


ကျန်းပင်းကျဲ၏ မျက်နှာမှာ စက္ကူတစ်စနှယ် ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီကာ ရှောင်ကျားရှုကို ရန်စမိခဲ့သည့်အပေါ် သူမကိုယ်သူမလည်း မုန်းတီးမိတော့သည်။ ရှောင်ကျားရှုကို ချနင်းရန်သာ မစဉ်းစားခဲ့မိပါလျှင် သူမသည် ယခုအချိန်တွင် Skyworth Entertainment ၏ တာ့ကျဲဖြစ်နေဦးမည်ဖြစ်သည်။ 


ထိုစဉ် တင်းကျန်း၏ဖုန်းမှ အသံမြည်လာ၏။ တစ်ဖက်မှ ဖုန်းပြောနေသူမှာ မည်သူဖြစ်မှန်း မသိသော်ငြား သူ့မျက်နှာမှာမူ ကြောက်စရာကောင်းလောက်အောင်ပင် အရုပ်ဆိုးလာတော့သည်။ 


ဖုန်းချပြီးနောက် သူမ၏ မျက်နှာကို မီးညှိထားသည့် ဆေးလိပ်ဖြင့် အပေါက်ခံလိုက်ရသည့်အတွက် ကျန်းပင်းကျဲ မရပ်မနား အော်ဟစ်လိုက်မိတော့သည်။ 


"စောက်ကျိုးနည်း ငါ ကန်းနေခဲ့လို့သာ မင်းကို ကုမ္ပဏီရဲ့ တာ့ကျဲအဖြစ် သတ်မှတ်ခဲ့မိတာပဲ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို ရုပ်သံလွှင့်ရုံ လေးရုံလုံးက တစ်ချိန်တည်း ငြင်းလိုက်တယ်တဲ့ အခု အင်တာနက်ပေါ်ကနေပဲ ပြလို့ရတော့မှာ ငါ ပိုက်ဆံတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားသလဲ သိရဲ့လား ..." 


ဒေါသတကြီး အော်ဟစ်ပြောဆိုပြီး၍ပင် စိတ်မပြေနိုင်သေးသည့်အတွက် သူမ၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့သည်။ 


ထိုအချိန်မှစ၍ Skyworth ကုမ္ပဏီ၏ အနုပညာရှင်များအပေါ် ကိုင်တွယ်သည့်နည်းလမ်း ပြောင်းလဲသွားတော့သည်။ မျက်နှာသွင်ပြင် ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရာမှ စိတ်ဓာတ်နှင့် အရည်အချင်းကို ကြည့်သည့်စနစ်သို့ ပြောင်းလဲကျင့်သုံးလိုက်သည်။ တင်းကျန်းက သန်မာသော အရည်အချင်းနှင့် ကောင်းမွန်သော စိတ်နေစိတ်ထားတို့ကို ပိုင်ဆိုင်သည့် အနုပညာရှင်များကိုသာ အားတက်သရော ပျိုးထောင်ကာ ရုပ်ရည်မှအပ အရည်အချင်း မရှိသူများကိုမူ အလျင်အမြန် ငွေရှာနိုင်သည့် အလှပန်းအိုးအဖြစ်သာ အသုံးချလိုက်တော့သည်။ 


၎င်းမှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခုဟု ဆို‌နိုင်ပေသည်။ 


အင်တာနက်ပေါ်ရှိ လှိုင်းဂယက်အားလုံးမှာ ရှောင်ကျားရှုနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိဟန်ပင်။ <<Zerg 3>> ကို ရက်ပေါင်းများစွာ ဆက်တိုက်ပြသပြီးနောက် ဟောလိဝုဒ်ရှိ သူ့ကျော်ကြားမှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။ ရုံဝင်နှုန်းမှာလည်း ရှေ့ကရိုက်ခဲ့သည့် နှစ်ကားကို ကျော်လွန်ပြီး မြောက်အမေရိကတိုက်တွင် အမြင့်ဆုံး ဖြစ်လာတော့သည်။ ပြည်တွင်းရှိ ရုံဝင်ကြေးမှာ ပို၍ပင် မင်သက်အံ့ဩဖွယ် ကောင်းလှသေးသည်။ ရုံဝင်ကြေး သန်းတစ်ရာဟူသည့် ပမာဏကို ရက်ပေါင်းများစွာကြာ ထိန်းသိမ်းထားနိုင်ကာ စံချိန်သစ်တစ်ရပ် တည်ဆောက်နိုင်လိမ့်မည်ဟုပင် မျှော်လင့်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။ 


ပွဲဦးထွက်ပြီးနောက်ပိုင်း ရှောင်ကျားရှု၏ ဝင်ငွေကို တွက်ချက်နေသော လူတစ်စုကြောင့် သူသည် ရုပ်ရှင်နှစ်ကားသာ ရိုက်ရသေးသည့်တိုင် ပျမ်းမျှဝင်ငွေသည် သုံးဘီလီယံကျော်ကာ လေးဘီလီယံ ငါးဘီလီယံနီးပါးပင် ရှိနေပြီဖြစ်ကြောင်း အားလုံး သိ

ရှိသွားကြတော့သည်။ 


ဝက်ဝက်ကွဲ လူကြိုက်များတယ်ဆိုတာ ဒါမျိုးကမှ အစစ်ကွ ...



Xxxxxx