အပိုင်း ၁၆၈
Viewers 57k

Chapter 168




"ဒီလိုအချိန်လောက်ဆို ရောက်ရတော့မှာပါ ငါ မေးကြည့်လိုက်ဦးမယ် ..." 


တင်းကျန်းက ပရိုဂျူဆာကို ဖုန်းဆက်လိုက်သော်ငြား တစ်ဖက်သူက မကိုင်သည့်အတွက် လက်လျော့လိုက်ရတော့သည်။ 


"ထားလိုက်တော့ နောက်မှ ထပ်မေးလိုက်တော့မယ် ..." 


တစ်ရက်တစ်ညတိုင်တိုင် စောင့်ဆိုင်းပြီး ကျန်းပင်းကျဲ၏ ဝတ်စုံနှင့် လက်ဝတ်ရတနာအားလုံး အဆင်သင့်ဖြစ်နေသည့်တိုင် ရုပ်ရှင်စတူဒီယိုထံမှ သတင်းစကားတစ်ခုမှ မကြားရသေး။ ရုံတင်ချိန်လည်း နီးကပ်နေပြီ ဖြစ်သည့်အတွက် ပြဇာတ်ရုံသို့သာ တိုက်ရိုက် သွားလိုက်ရတော့သည်။ 


နောက်ဆုံးတွင်တော့ သူမ၏ ပရိသတ်များ ကာလကြာရှည် စောင့်ဆိုင်းနေသည့် <<Robocop>> ရုံတင်‌သည့်နေ့ရက် ရောက်လာတော့သည်။ ရှောင်ကျားရှုမှာ အမြဲလိုလို သူမ၏ ခြေနင်းတုံးအဖြစ် နင်းချေခံရကာ  အနိုင်ကျင့်တတ်သူအဖြစ် အခါအားလျော်စွာ စွပ်စွဲခံရသည့်အပြင် ဟောလိဝုဒ်ရှိ သူ့အလုပ်တို့ကိုပါ ‌သံသယဝင်ခံခဲ့သည့်အတွက် ကျန်းပင်းကျဲ၏ ပရိသတ်များသည် သူ့အောင်မြင်မှုကို အမြဲတမ်း သံသယဝင်နေခဲ့သည်။ ဤသို့ဖြင့် သူတို့အိုင်ဒေါအပေါ် ထားရှိသည့် မျှော်လင့်ချက် တစ်ဖြည်းဖြည်း မြင့်တက်လာတော့သည်။ 


ကျန်းပင်းကျဲက <<Robocop>>ဖြင့် ရှောင်ကျားရှုကို နင်းချေကာ ထူးထွေပြောင်မြောက်သည့် သရုပ်ဆောင်စွမ်းရည်ဖြင့် သူ့ကို တစ်စစီ ဆွဲဖြဲပစ်ရန် မျှော်လင့်မိကြတော့သည်။ 


သူမ၏ ပရိသတ်များ အိုင်ဒေါဖြစ်သူကို အဆက်မပြတ် ထောက်ခံအားပေးနေကြသည်ကို မြင်ရသည့်အခါ ကျိမြန်၏ ပရိသတ်များက ပြုံးရုံသာ ပြုံးနေပြီး တစ်ခွန်းမှ ဝေဖန်ခြင်းမပြု။ 


ဟုတ်တယ် ဟုတ်တယ် ကျန်းပင်းကျဲရဲ့ သရုပ်ဆောင်စကေးက အကောင်းဆုံး ဒါပေါ့ ကျန်းပင်းကျဲကမှ အလုပ်ကို ကြိုးကြိုးစားစားနဲ့ စိတ်ပါလက်ပါလုပ်တာ ကျန်းပင်းကျဲက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းလို့ ဟောလိဝုဒ်စူပါစတားတွေတောင် သူမရဲ့ ဆွဲဆောင်မှုအောက် ပါသွားတယ်ဆိုတာလည်း ကျိန်းသေပဲပေါ့ ... ဘာပဲပြောပြော မင်းတို့ကြိုက်တာသာပြော ငါတိူ့က သူမ ဘယ်လို မျက်နှာဖြတ်ရိုက်ခံရမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေမယ် ... 


စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်ကို စောင့်ကြည့်ရန် ပရိသတ်အများအပြား အွန်လိုင်းပေါ် စုရုံးနေကြပြီး အခြားသူများကမူ လက်မှတ်များဝယ်ကာ ရုပ်ရှင်ရုံရှေ့ စောစောစီးစီး တန်းစီနှင့်နေကြပြီဖြစ်သည်။ 


ဆယ်မိနစ်အကြာတွင် <<Robocop>>၏ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် ခေါင်းဆောင်မင်းသားမင်းသမီးများက ဇိမ်ခံမှန်လုံကားထဲမှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကာ ကော်ဇောနီပေါ် တစ်ဖြည်းဖြည်း လျှောက်လာလိုက်ကြသည်။ အိုင်ဒေါဖြစ်သူ ဖြတ်သန်းသွားလေတိုင်း ပရိသတ်များက အလင်းရောင်တောက်ပသည့် ဆိုင်းဘုတ်များ မြှောက်ကိုင်လျက် နာမည်များ အော်ခေါ်ကာ အားပေးကြသည်။ သတင်းထောက်များကလည်း ကင်မရာကို မြှောက်လျက် ဓာတ်ပုံတဖျပ်ဖျပ် ရိုက်လိုက်ကြပြီး မီးရောင်အားလုံးကလည်း သူတို့ထံသာ စုပုံကျနေတော့သည်။ 


ဤမြင်ကွင်းမှာ ရုပ်ရှင်ရိုက်ကူးသူသည် ဤရုပ်ရှင်မှ မည်မျှ မျှော်မှန်းကြောင်း ပြသသည့် <<Zerg 3>>  ကဲ့သို့သော ရုပ်ရှင်မျိုးထက် အဆင့်မနိမ့်လှ။ နိုင်ငံခြားသား သတင်းထောက်များ အလယ်တွင် သူမကို အားပေးရန် ကျန်းပင်းကျဲ ဖိတ်ကြားထားသည့် တရုတ်သတင်းထောက်များလည်း တစ်ဒါဇင်မက ရှိနေပေသည်။ ကျန်းပင်းကျဲမှာ သူတို့ကို ဖိတ်ကြားရန် လေယာဉ်လက်မှတ်နှင့် တည်းခိုစရိတ်တို့ကိုပင် အိတ်စိုက်ထုတ်ပေးခဲ့ရသည်။ သူမတွင် သရုပ်ဆောင်စွမ်းရည် မရှိသည့်တိုင် လူစိတ်ဝင်စားအောင် လုပ်နိုင်သည့် နည်းလမ်းများမှာတော့ အများထက် သာလွန်ကောင်းမွန်လှပေသည်။ 


ပရိသတ်များထဲတွင် "ခရစ္စတယ်ကျန်း" ဟူသည့် မီးလင်းဆိုင်းဘုတ် ကိုင်ဆောင်ထားသည့် တရုတ်လူငယ်အချို့လည်း ပါဝင်ပေသည်။ သူတို့အိုင်ဒေါကို အားပေးရန် အမေရိကသို့ ကိုယ်ပိုင်ငွေဖြင့် လာရောက်ခဲ့ကြကာ အချို့မှာ ဘဏ္ဍာရေး ထောက်ပံ့မှုပင် မရသေးသည့် ဒေသခံ နိုင်ငံတကာကျောင်းသားများ ဖြစ်ပေသည်။ နိုင်ငံရပ်ခြားတွင် သူတို့၏ အိုင်ဒေါ ရင်မော့ခေါင်းကော့နိုင်စေရန် များစွာ ကြိုးစားခဲ့ကြရသည်။ 


ဇိမ်ခံကားများ တစ်စီးပြီးတစ်စီး ထွက်သွားသော်ငြား ကျန်းပင်းကျဲက ပေါ်မလာ။ ပွဲနေရာသို့ ရောက်နေသော ပရိသတ်အားလုံး ပူပန်မကင်း ဖြစ်လာကာ အင်တာနက်မှ စောင့်ကြည့်နေသူများမှာလည်း အခြေအနေကို မမှန်းဆတတ်တော့။ နောက်ဆုံးတွင် ကားတစ်စီး တစ်ဖြည်းဖြည်း ဝင်လာသော်ငြား ၎င်းမှာ ပွဲစီစဉ်သူတို့ အသုံးပြုသည့် Rolls-Royce မဟုတ်၊ များစွာ အဆင့်နိမ့်လှသည့် Mercedes Benz သာ ဖြစ်ပေသည်။ ကျန်းပင်းကျဲနှင့် တင်းကျန်းတို့က ကသိကအောက်ဖြစ်စွာ ပြုံးရင်း ကားထဲမှ ဆင်းလာကာ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီရှိ ပရိသတ်များနှင့် သတင်းထောက်များကို လက်ပြနှုတ်ဆက်လိုက်သည်။ 


"အဲဒါ ဘယ်သူကြီးလဲ ..." 


နိုင်ငံခြားသား သတင်းထောက်များက ကင်မရာကိုချကာ တစ်ယောက်ကိုတစ်ယောက် ပြန်မေးလိုက်ကြသည်။ တရုတ်သတင်းထောက်များက ကင်မရာမြှောက်ကာ အဆက်မပြတ်ရိုက်နေ၍သာ ကျန်းပင်းကျဲ အရှက်မကွဲရခြင်းဖြစ်သည်။ ပရိသတ်များက မီးလင်းဆိုင်းဘုတ်များ မြှောက်ကိုင်ကာ သူမနာမည်ကို အော်ခေါ်၍ အားပေးကြသော်ငြား ချက်ခြင်း ငြိမ်သက်သွားရတော့၏။


အုန်းအုန်းထနေသည့် ဆူညံသံတို့က လုံခြုံရေးဝန်ထမ်းတို့၏ အာရုံကို ဆွဲဆောင်သွားသယောင်။ ကျန်းပင်းကျဲအနား ရောက်လာကာ ဖိတ်ကြားလွှာ ပါမပါ မေးမြန်းလိုက်ကြတော့သည်။ သူမက တစ်ခုမှ ထုတ်မပြနိုင်။ တင်းကျန်းက သူတို့ကို ဒေါသတကြီး ငြင်းခုန်နေကာ ပရိုဂျူဆာကို ဖုန်းခေါ်လိုက်၏။ ဆယ်မိနစ်ခန့်အကြာတွင် လူဖြူတစ်ဦး ရောက်လာကာ တစ်ဖက်သို့ ဖုန်းဆက်လိုက်၏။ ထို့နောက်တွင်မူ ကျန်းပင်းကျဲကို အထိမ်းအမှတ်နံရံနှင့် ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုလိုက်တော့သည်။ 


စကတ်ကို လက်မှကိုင်လျက် သတင်းထောက်များအား ဖျစ်ညှစ်ပြုံးပြလိုက်သည်။ သူမ၏ ပရိသတ်များက ထပ်ကာထပ်ကာ အော်လိုက်ကြသည့်တိုင် အသံတို့ တစ်ဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ပဟေဠိ ဖြစ်ကုန်ကြတော့သည်။ 


အင်တာနက်မှတစ်ဆင့် ကြည့်ရှုနေသည့် တရုတ်လူမျိုးများက ကောက်ကာငင်ကာ မေးလိုက်၏။ 


"ဒီအပိုင်းမှာ အသံက တိုးလိုက်တာ ငါ့ကို ဘာဖြစ်သွားတာလဲဆိုတာ တစ်ယောက်လောက် ပြောပြကြပါလား ကျန်းပင်းကျဲရဲ့ကားက ဘာလို့ တစ်ခြားသူတွေနဲ့ မတူတာလဲ ပြီးတော့ လုံခြုံရေးကရော ဘာလို့ သူမကို တားလိုက်တာလဲ တရုတ်သတင်းထောက်တွေပဲ သူမကို ဓာတ်ပုံရိုက်ပေးနေတာ မင်းတို့တွေ လူတစ်ယောက်ကို ဒီလို အနိုင်ကျင့်လို့ မရဘူးလေ ဒါက သေချာပေါက်ကို လူမျိုးရေး ခွဲခြားတာပဲကွ ..." 


ကျန်းပင်းကျဲ ကြုံတွေ့နေရသည်များကြောင့် တရုတ်တစ်မျိုးသားလုံး ဒေါသပုန်ထလာကာ သူမ ခန်းမထဲ ဝင်သွားသည်အထိ ထိုအကြောင်းကို ဆွေးနွေးနေလိုက်ကြတော့သည်။ ဤသို့ဖြင့် hot search ထဲသို့ပင် ရောက်သွားတော့၏။ သူမက လူတိုင်း၏ ကရုဏာသက်မှုကို ပိုင်ဆိုင်နေရစဉ် ထုတ်လုပ်ရေးအဖွဲ့မှာမူ ကောက်ကျစ်ယုတ်မာသည့် လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သည့်နှယ် အပြင်းအထန် ရှုံ့ချပြစ်တင်ခံနေရတော့သည်။ 


ရှောင်ကျားရှုကဲ့သို့ပင် သူမသည်လည်း နောက်ဆုံးခုံတန်းတွင်သာ ထိုင်ရကာ အစမှ အဆုံးအထိ မည်သည့်သတင်းထောက်မှ သူမအနား ရောက်မလာသလို ဒါရိုက်တာကလည်း သူမအကြောင်း တစ်ခွန်းမှပင် ပြောမသွား။ ရှောင်ကျားရှုကဲ့သို့ပင် ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်ဖြင့် ထိုနိုင်ငံခြားသားများကို ရိုက်ချနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ရုပ်ရှင်ကို ကြည့်ပြီးသည့်အခါ အားလုံး စိတ်ရှုပ်ထွေးကုန်ကြတော့သည်။ 


ကျန်းပင်းကျဲက ဘယ်မှာလဲ ဘာလို့ အစကနေ အဆုံးအထိ သူမမျက်နှာ တစ်ခါမှ ပါမလာရတာလဲ ရုံမှားဝင်မိတာလား ... 


အမှောင်ထဲတွင် ထိုင်နေသည့် ကျန်းပင်းကျဲကလည်း ငွေရောင်ပိတ်ကားကို ရဲရဲနီနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ဘာဖြစ်လို့ သူမရဲ့ အခန်းတွေ အကုန်လုံး အဖြတ်ခံလိုက်ရတာလဲ ပရိုဂျူဆာက ဖိတ်စာတောင် မပို့ပါဘူးလို့ တွေးနေတာ တကယ်တမ်းတော့ ဒီပွဲကို တက်ဖို့ကို အရည်အချင်း မရှိတော့ဘူး ဖြစ်နေတာပဲ တစ်ချိန်လုံး အမှောင်ထဲမှာပဲ ထိုင်နေရတယ် ဒီကိုလာဖို့ ကားတောင် ငှားလာရတဲ့အပြင် သတင်းထောက်တွေ လာပြီး အင်တာဗျူးမှာကိုလည်း စောင့်နေရသေးတယ် ... 


တစ်ဆတ်ဆတ် တုန်ရီနေသော လက်ချောင်းတို့ဖြင့် မျက်နှာကို ထိတွေ့လိုက်၏။ အရေပြားတစ်ခုလုံး ခွါဆုတ်ခံထားရသည့်နှယ် နာကျင်မှုကို အံတု၍ပင် မရနိုင်။ ယနေ့ဖြစ်ပျက်ခဲ့သည်များမှာ သူမအတွက် များစွာ အရှက်ရဖွယ်ရာပင်၊ တစ်ဘဝလုံး ကြိုးစား၍ပင် အမည်းစက် စွန်းထင်းနေဦးမည်ကို ကြောက်ရွံ့မိတော့သည်။ 


မဟုတ်သေးဘူး မျက်နှာမပျက်အောင် နည်းလမ်းတစ်ခုခုတော့ ရှာရမယ် လူမျိုးရေး ခွဲခြားခံရတာလို့ ပြောပြီး ထုတ်လုပ်ရေးအဖွဲ့အပေါ် ပုံချလိုက်မယ်လေ အာ ဟုတ်သားပဲ ကျိမြန်နဲ့ ရှောင်ကျားရှုလည်း ရှိသေးတာကို ဒီကိစ္စက သူတို့နဲ့လည်း သက်ဆိုင်နေလိမ့်မယ် မဟုတ်ရင် ဒါရိုက်တာက လူထုဆက်ဆံရေးအတွက် စရိတ်တွေ တောင်းပြီးမှ အပိုင်းတွေကို ဖျက်ချပစ်မှာ မဟုတ်ဘူး ... 


သူမက အချိန်တိုအတွင်းမှာပင် ပြန်လည်တုန့်ပြန်နိုင်မည့် နည်းလမ်းအမြောက်အများ စဉ်းစားပြီးဖြစ်ကာ အားလုံးမှာ များစွာ အကျိုးရှိလှပေသည်။ ခါးသီးသည့် ပရိယာယ်နှင့် ကံမကောင်းမှုတို့ကို ရောနှောလိုက်ပါလျှင် သူမကိုယ်သူမ ဖြူစင်အောင် ဆေးကြောနိုင်မည့်အပြင် နောက်တစ်ကြိမ်ပင် နာမည်ထပ်ကြီးလာနိုင်သေးသည်။ တရုတ်လူမျိုးတို့၏ နိုင်ငံချစ်စိတ်မှာ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာရာ နိုင်ငံသားတစ်ဦး အနိုင်ကျင့်ခံရသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်၊ ကျိန်းသေ သူမ၏ ဘက်တော်သားများ ဖြစ်လာမည်ဖြစ်သည်။ 


သူမတွင် သရုပ်ဆောင်စွမ်းရည်ကောင်း မရှိသည့်တိုင် အမြင့်သို့ တက်နိုင်ခြင်းတွင် နာမည်ကြီးအောင် လုပ်ဆောင်နိုင်သည့် ကျွမ်းကျင်နည်းလမ်းများ အဓိကထား ပါဝင်ပေသည်။ အမှောင်ထဲတွင် ထိုင်နေရင်းပင် လူထုဆက်ဆံရေးဌာနထံ အကြံပေးကာ အမြန်ဆုံး အကောင်အထည်ဖော်ရန် နှိုးဆော်လိုက်သည်။ ဤသို့ဖြင့် အင်တာဗျူးစတင်သည်နှင့် တစ်ပြိုင်နက် တရုတ်လူမျိုးတစ်ဦးက ဒါရိုက်တာကို တရုတ်မင်းသမီး၏ အခန်းများကိုသာ ဖြတ်ခဲ့သလဲဟု ကြမ်းတမ်းခက်ထန်စွာ မေးလိုက်သည်။ လူမျိုးရေး ခွဲခြားခြင်းဟူသည့် ခေါင်းစဉ်ကို အသုံးပြုကာ ထုတ်လုပ်သူကို ရှေ့ထွက်ရှင်းပြရန် ဖိအားပေးလိုက်တော့သည်။


"ကောင်းပါပြီ ကျန်းပင်းကျဲရဲ့ ဇာတ်ကောင်က အရမ်းကို အင်အားကြီးတဲ့ ရဲမေဇာတ်ကောင်ဆိုတော့ တိုက်ခိုက်ရေးအခန်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်က သူမ သရုပ်ဆောင်ရမယ့် အခန်းတွေပါ အစကတော့ သူမကို အရမ်းကြီး မျှော်လင့်ချက် ထားခဲ့ပေမယ့် ရိုက်ကူးရေး လုပ်နေတုန်းမှာ သူမက ဘာတိုက်ခိုက်ရေး အခန်းကိုမှ မလုပ်နိုင်ဘူး အများစုက လူစားထိုးနဲ့ပဲ ရိုက်နေရတာ အဲဒါကြောင့် သူမရဲ့ မျက်နှာကို အခန်းအများစုမှာ မတွေ့ရတာပါ ပြီးတော့ ကျွန်တော် လိုချင်တဲ့ ရလဒ်ကိုလည်း မရဘူးလေ ..." 


ဒါရိုက်တာက ဗီဒီယိုဖိုင်တစ်ခုကို ထုတ်ပြရင်း ပြောလိုက်သည်။ 


"ကြည့်ကြည့်လို့ ရပါတယ် နောက်ထပ် ရဲမေတစ်ဦးဖြစ်တဲ့ နာတာရှာက အက်ရှင်အခန်း အကုန်လုံးကို တစ်ယောက်တည်း ရိုက်နိုင်ခဲ့ပေမယ့် ကျန်းကတော့ ..." 


ဒါရိုက်တာက ခေါင်းကိုသာ အသာယမ်းပြလိုက်သည်။ သူ့အမူအယာမှာ ကြီးစွာ နောင်တ ရနေဟန်ပင်။ 


ပိတ်ကားထက်တွင် ရိုက်ကွင်းနောက်ကွယ်မှ ဗီဒီယိုတို့ ထွက်ပေါ်လာတော့၏။ ရုပ်ရှင်၏ အဓိကဇာတ်လိုက် နာတာရှာ၏ သရုပ်ဆောင်ချက်များမှာ တိကျပြတ်သားကာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှသည်။ သူမက အရှိန်အပြည့်ဖြင့် သွားနေသော ကားပေါ်မှ ခုန်ချကာ ကာကွယ်ရေးဖျာပေါ်တွင် ကြိမ်ဖန်များစွာ ကျွမ်းပစ်လိုက်သည်။ ခြေကျင်းဝတ် လည်သွားသည့်အတွက် ဝန်ထမ်းများက သူမကို ကူတွဲလိုက်ရကာ ပါးနှစ်ဖက်လုံး ခြစ်ရာဗလပွ ဖြစ်နေပေသည်။ မီတာရာပေါင်းများစွာ မြင့်မားသည့် မိုးမျှော်တိုက်ပေါ်မှ ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲခံရသည့်အတွက် ကြောက်ရွံ့စိတ်ကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်ပြီး  သံကုန်ဟစ်ကာ ငို‌ကြွေးလိုက်တော့သည်။ ဗီလိန်အဖြစ် သရုပ်ဆောင်သည့် မင်းသား၏ ထပ်ကာထပ်ကာ ရိုက်နှက်ခြင်းကို ခံရသည့်အတွက် နှုတ်ခမ်းထောင့်စွန်းတွင်ပင် သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာရတော့သည်။ 


သူမ၏ အလုပ်အပေါ် နစ်မြှုပ်နိုင်စွမ်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့တော့သည်။ 


သူမ၏ ဗီဒီယိုဖိုင် အပြီးတွင် ကျန်းပင်းကျဲအလှည့် ရောက်လာတော့သည်။ ခါးသိုင်းကြိုး ရစ်ပတ်ထားလျက် ငိုယိုအော်ဟစ်နေသော သူမ၏ ဗီဒီယိုဖိုင် ထွက်ပေါ်လာတော့သည်။ 


"နိုး နိုး နိုး မလုပ်နိုင်ဘူး ငါ တကယ် မလုပ်နိုင်ဘူး လူစားထိုး ဘယ်မှာလဲ လူစားထိုး လူစားထိုးတစ်ယောက်လောက် သုံးမှရမယ်လို့ ..." 


ဖြူရော်နေသည့် မျက်နှာနှင့်အတူ Harley မော်တော်ဆိုင်ကယ်ပေါ် ထိုင်နေသည့် အခန်းသို့ ပြောင်းလဲသွားတော့သည်။ 


"မကိုင်နိုင်တော့ဘူး ဒါကြီးက အရမ်း လေးလွန်းတယ် ငါ ဒါကို ထိန်းထားနိုင်မယ်လို့ မထင်ဘူး လူစားထိုးကိုသာ လုပ်ခိုင်းလိုက်တော့ ..."



အလားတူ တောင်းဆိုမှုမျိုး ကြိမ်ဖန်များစွာ ဖြစ်ပွားလာကာ အမြဲလိုလို ပြင်းထန်သည့် နာကျင်မှုတစ်ရပ် ခံစားနေရသည့်နှယ် အော်ဟစ်ငိုယိုကာ လူစားထိုးကိုသာ လုပ်ခိုင်းလေ့ ရှိတော့သည်။ 


နှိုင်းယှဉ်စရာ နာတာရှာသာ မရှိပါလျှင် သို့မဟုတ် ထိုဗီဒီယိုများကို တစ်ခုစီ ပြသခဲ့ပါလျှင် ပရိသတ်က သူမကို ကရုဏာပင် သက်မိကြဦးမည်ဖြစ်သည်။ သူမသည် အမျိုးသမီးတစ်ဦးပင်ဖြစ်ရာ ကြောက်ရွံ့ခြင်းမှာ မဆန်းကြယ်လှ။ သူမကို သေခြင်းရှင်ခြင်း နယ်နိမိတ်ကိုပင် မကြောက်မရွံ့ ဖြတ်ကျော်ရဲသည့် ရဲမေအစစ်အမှန်နှင့် တစ်ထပ်တည်းတူစေရန် မျှော်လင့်ထား၍ မရချေ။ သို့သော် နာတာရှာ၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်ချက်ကို ဦးစွာ မြင်တွေ့ထားရသည့်အခါ ကျန်းပင်းကျဲသည် နာတာရှာထက် အသက်ပိုကြီး၊ ပိုထိုက်တန်သည့် အဓိကဇာတ်ကောင် ဖြစ်သည့်တိုင် အရေးမပါလှတော့။ 


ငိုယိုနေသည့် ဗီဒီယိုအပြီးတွင် ဒါရိုက်တာက လူစားထိုးများ သူမအတွက် သရုပ်ဆောင်ခဲ့ရသည့် ဗီဒီယိုကို ထုတ်ပြလာသည်။ မျက်နှာကိုလည်း မပြသ၊ ကိုယ်လုံးကိုယ်ပေါက်မှာလည်း မတူညီရာ ရိုက်ကူးရေး၏ ရလဒ်ဟူ၍ မရှိနိုင်တော့ချေ။ 


ကျန်းပင်းကျဲ၏ တစ်ကိုယ်လုံး တင်းတောင့်သွားကာ နေရာမှ ပျောက်ကွယ်သွားလိုစိတ်များ ထွက်ပေါ်လာတော့သည်။  ဒါရိုက်တာမှာ သူမကို အရုပ်ဆိုးစေရုံသာမက တက်လမ်းကိုပင် ပိတ်ရလောက်သည်အထိ ရက်စက်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ 


သိူ့သော် ဤမျှဖြင့် မပြီးသေး။ ဗီဒီယိုဖိုင် အဆုံးတွင် ဒါရိုက်တာက သက်ပြင်းချကာ ပြောလာပြန်သည်။  


"သူမက တရုတ်ပြည်က မင်းသမီးကောင်းတစ်ယောက်လို့ ကြားခဲ့လို့ သူမကို ဈေးကြီးပေးပြီး ငှားခဲ့တာ ဒါပေမယ့် သူမရဲ့ သရုပ်ဆောင်ချက်တွေက ကျွန်တော်တို့အတွက် အရမ်းကို ရှက်ဖို့ကောင်းလွန်းနေတယ် သရုပ်ဆောင်တွေ အကုန်လုံး စိတ်ပါဝင်စားပြီး အခန်းတွေ အကုန်လုံးကလည်း ရင်သပ်ရှုမောစရာကောင်းတာ အားလုံးအသိပါ ဒါကြောင့် မပြည့်စုံတဲ့ အပိုင်းတွေကို ပရိသတ်ရှေ့ ဘယ်လိုမှ ချမပြနိုင်ပါဘူး ဒီနေရာကနေပြီးတော့ပဲ ကျန်းနဲ့ တရုတ်ပြည်သူတွေကို တောင်းပန်ချင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ရဲ့ လုပ်ရပ်ကို နားလည်ပေးဖို့ပါ တစ်ပါတည်း တောင်းဆိုပါရစေ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ အားလုံးဟာ ပရိသတ်တွေကို ပိုမိုကောင်းမွန်တဲ့ လက်ရာတွေ ချပြနိုင်ဖို့နဲ့ အနုပညာအတွက်ပါပဲ ..." 


ဒါရိုက်တာက အလွန်အမင်း အားနာဟန်ဖြင့် ဦးညွတ်လိုက်၏။ ထိုစဉ် ပရိသတ်ကြားမှ သောင်းသောင်းဖျဖျ ဩဘာသံများ ထွက်ပေါ်လာတော့သည်။ သရုပ်ဆောင်ကောင်းကသာလျှင် ရုပ်ရှင်ဇာတ်ကားကောင်းကို ဖန်တီးနိုင်ကြောင်း သံသယဖြစ်ဖွယ်ရာ မရှိချေ။ 


နိုင်ငံခြား မီဒီယာများကို တစ်စစီ ဆွဲဖြဲရန် အင်္ကျီလက်ပင် ပင့်တင်ထားပြီးဖြစ်သည့် တရုတ်လူမျိုးအားလုံး တစ်စုတစ်စည်းတည်း ငြိမ်သက်သွားကြတော့သည်။ အတော်ကြာကာမှ သွေးနီရောင်စာကြောင်းတစ်ကြောင်း တိုက်ရိုက်ထုတ်လွှင့်သည့် အခန်း‌ထဲတွင် ထွက်ပေါ်လာတော့သည်။ 


"ငါ အခု အရမ်း အရမ်းကို ရှက်နေပြီ ..."



.....


T/N CP Fandom name ရှုကွမ်ကလေ ရှောင်ကျားရှုရဲ့ ရှုနဲ့ စတူဒီယိုနာမည်တွေထဲက ကွမ်ကို ပေါင်းထားတာပါ ကျိမြန်ရဲ့ မြန်ရော ကွမ်ရှစ်ရဲ့ ကွမ်ရော နှစ်ခုလုံးက သရဖူလို့ အဓိပ္ပါယ်ရပါတယ်တဲ့ e tran မှာ treetop

လို့ပဲ သုံးထားတာ မူရင်းနဲ့ တိုက်ကြည့်တော့ ကွဲနေလို့ မူရင်းအတိုင်း ရှုကွမ်လို့ပဲ သုံးပါ့မယ်i



Xxxxxx