အပိုင်း ၁၆၀
Viewers 57k



Chapter 160






ကျောက်စိမ်းလို လက်ကလေးတဲ့ ဟားဟားဟားဟား ... 


မှတ်ချက်များ ဖတ်နေသည်အထိပင် ရယ်ချင်စိတ်ကို ရပ်တန့်၍ မရသေးသည့်အတွက် ဟွမ်မိန်ရွှမ် ပြောနေသည်တို့ကိုပင် မကြားရတော့။ ထိုဘိုးဘေးလေးကို မထိန်းချုပ်နိုင်ရှာသည့် ဟွမ်မိန်ရွှမ်မှာလည်း ဇာတ်ညွှန်းတစ်ထပ်ကို သူ့လက်ထဲ ထိုးထည့်ရင်း အိမ်ပြန်ကာ အေးအေးဆေးဆေး ရွေးချယ်ရန်သာ ပြောလိုက်ရတော့သည်။ 


ဇာတ်ညွှန်းကို မြင်ကာမှ ရှောင်ကျားရှုလည်း သူရော ကျိမြန်ပါ အလုပ်လက်မဲ့မဟုတ်၊ လွန်စွာ အလုပ်များကြသူများဖြစ်ကြောင်း သတိရသွားတော့သည်။ ရုပ်ရှင်များအပြင် ကျိကောသည် Adventurers in the wilderness ၏ ပထမ season ကို ပြီးစီးအောင် ရိုက်ကူးပေးရဦးမည်ဖြစ်သည်။ တစ်နည်းဆိုရပါလျှင် ဆယ်ရက်နှင့် နေ့တစ်ဝက်လျှင်တစ်ကြိမ် တစ်ယောက်နှင့်တစ်ယောက် ခွဲခွါကြရဦးမည်ဖြစ်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော် Adventurers in the wilderness မှာ ပြန်ပါချင်တယ် ကျွန်တော့်ကို ကူညီပြီး စီစဉ်ပေးပါဦး ..." 


သူက အလောတကြီး ပြောလိုက်သည်။ 


"ငါလည်း ဒီအကြောင်း ပြောတော့မလို့ မနေ့က rating တွေ ထွက်လာပြီ အမြင့်ဆုံးက 1.8 တဲ့ တစ်ချိန်တည်း ထုတ်လွှင့်တဲ့ ရသစုံရှိုးတွေထဲမှာ ပထမပဲ အနိမ့်ဆုံးကတော့ 1.5 အဲဒါက မင်းထွက်သွားပြီးနောက်ပိုင်း အပိုင်းတွေ မင်းနဲ့ ကျိမြန်ရဲ့ ဆက်ဆံပြောဆိုပုံတွေက အရမ်းကို ခင်ခင်မင်မင်နဲ့ သဟဇာတ ဖြစ်လွန်းလို့ မင်းတို့ ညီအစ်ကို CP က အင်တာနက်ပေါ်မှာ နာမည်ကြီးနေပြီ လူရှာအများဆုံး ခေါင်းစီးရဲ့ ထိပ်ဆုံးသုံးခုလုံးက #အမြင့်ကြောက်တတ်တဲ့ကျိမြန် #အမြင့်ကြောက်တတ်တဲ့ ရှောင်ကျားရှု #ကျိမြန်နဲ့ ရှောင်ကျားရှုက သူတို့ အမြင့်ကြောက်တတ်မှန်း တစ်ဖက်သူ သိနေတာကို မသိဘူးတဲ့ # ဒါတွေနဲ့ပဲ ပြည့်နေပြီ မင်းလုပ်ခဲ့တာတွေလည်း ပြန်ကြည့်လိုက်ပါဦး ဒီအမေကြီးမှာ ခေါင်းတွေကို မူးနောက်နေပြီ ထားပါ ဒါက သိပ်အရေးမကြီးဘူး အရေးကြီးတဲ့ကိစ္စက နောက်မှာ မင်းက နာမည်ကြီးလာတော့ ပရိုဂရမ်အဖွဲ့က ပရိသတ် စိတ်ဝင်စားတာကို ခံရအောင် မင်းနဲ့ ကျိမြန်ရဲ့ ညီအစ်ကို CP ကို ဆက်ပြီး ထည့်ချင်နေတယ် အခုလေးတင် အဲဒီ့အစီအစဉ်က ပရိုဂျူဆာ ရောက်လာသေးတယ် မင်းကို ဖုန်းဆက်ပေမယ့် မင်းက မကိုင်လို့ သူမကို နောက်မှ ပြန်လာခိုင်းလိုက်ရတယ် မသွားချင်ရင် ငြင်းလိုက်မယ် သွားချင်တယ်ဆိုလည်း မတားဘူး ဒါပေမယ့် ဘေးကင်းဖို့ကိုတော့ အာရုံစိုက်ထားရမယ် ..." 


"အိုကေ အိုကေ မြန်မြန်လေး ပရိုဂျူဆာကို သွားရှာလိုက်ပါ စာချူပ်အကြောင်းပဲ အရင် ပြောကြရအောင် ..." 


ရှောင်ကျားရှုက အလောသုံးဆယ် ပြောလိုက်သည်။ 


ဟွမ်မိန်ရွှမ်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပြီးကာမှ ပရိုဂျူဆာကို ပြန်လည်ဆက်သွယ်လိုက်၏။ များမကြာမီမှာပင် တစ်ဖက်သူက အလွန်အမင်း တက်ကြွနေဟန်ဖြင့် ရောက်ချလာသည်။


"ကြည့်ပါဦး တစ်ညပဲ ရှိသေးတယ် နတ်ဘုရားကျိနဲ့ရှောင်ကျားရှုကြားက ပြောဆိုဆက်ဆံပုံတွေကို အင်တာနက်သုံးစွဲသူတွေက တည်းဖြတ်ပြီး MTV တစ်ခု ပြန်လုပ်လိုက်ကြပြီ ဝင်ကြည့်တဲ့သူ အရေအတွက်ကလည်း မူရင်းဗီဒီယိုထက်တောင် များသေးတယ် အရမ်းကို နာမည်ကြီးနေပြီ သံပူနေတုန်း စာချုပ် ပြန်ချုပ်ကြတာ မကောင်းဘူးလား reality show တွေလည်း တစ်ဖြည်းဖြည်း နာမည်ရလာပြီလေ ဒါကို မိန်ရွှမ်ကျဲလည်း သိပါတယ် ..." 


"ဒါဆိုလည်း ပြန်ချုပ်ကြတာပေါ့ ..." 


ရှောင်ကျားရှုက ရိုးရိုးရှင်းရှင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူ တကယ် စိတ်မရှည်တော့။ စာချုပ်အကြောင်း သုံးလေးနာရီလောက်ကြီး ပြောနေတာ မပြီးနိုင်ကြတော့ဘူးလား ... 


"ကောင်းပြီလေ ဒါဆို အနုပညာကြေးကိုလည်း သင့်လျော်သလို တိုးမြှင့်ပေးပါ့မယ် အခု တတိယပိုင်း ရိုက်လို့ ပြီးတော့မှာ၊  နောက်နှစ်ရက်လောက်နေရင် စတုတ္ထပိုင်း စပြီး ဧည့်သည်တွေလည်း ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ငါးပိုင်းမြောက်ကနေ ပြန်လာလို့ ရပြီနော် ..." 


ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ကျားရှုက ချက်ခြင်းပင် စတုတ္ထအပိုင်းမှ စတင်ကာ ပါဝင်ခွင့်ပေးရန် အခိုင်အမာ တောင်းဆိုလိုက်တော့သည်။ 


ကျိကောသာ ‌နှစ်ရက်အတွင်း သွားရတော့မှာဆို ပေကျင်းမှာ သူတစ်ယောက်တည်း ဘာလုပ်ရမှာလဲ တစ်ညလုံးကို အိပ်ပျော်တော့မှာ မဟုတ်ဘူး ... 


ပရိုဂျူဆာမှာလည်း ရှောင်ကျားရှု မပါဝင်မှုက အခြားအပိုင်းများ၏ rating ကိုပါ သက်ရောက်မည်ကို စိုးရိမ်နေသူဖြစ်ရာ အနည်းငယ် ညှိနှိုင်းဆွေးနွေးကြပြီးနောက် သူ့ကို လျှို့ဝှက်ဧည့်သည်တော်အဖြစ် ဝင်ရောက်ခွင့်ပြုရန် သဘောတူလိုက်ကြတော့သည်။ ပရိသတ်ကို အံ့အားသင့်သွားစေရန် မည်သူကိုမှ ကြိုတင်ပြောထားမည် မဟုတ်ချေ။ 


"ဘယ်သူ့ကိုမှ မပြောရဘူးဆို ကျွန်တော်လာမယ်ဆိုတာ ကျိကောလည်း မသိရဘူးလား ..." 


သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


"ဒါပေါ့ ဘယ်သူ့ကိုမှ ပြောလို့မရဘူး မဟုတ်ရင် ဘယ်လိုလုပ် အံ့ဩကြတော့မှာလဲ ဆိုရှယ်မီဒီယာတွေမှာလည်း ထုတ်ပြောလို့ မရဘူးနော် သက်မှတ်ချိန် မတိုင်ခင်အထိ ဆွဲဆန့်ထားဦး အဲဒါမှ ရလဒ်ကောင်း ထွက်လာမှာ ..." 


ပရိုဂျူဆာ၏ ကြိမ်ဖန်များစွာ နားချမှုအပြီးတွင် ရှောင်ကျားရှုလည်း သူ့စကားကို သဘောတူလိုက်ရတော့သည်။ ဇာတ်ညွှန်းအထပ်လိုက်ကြီးကို သယ်လျက် အတွေးလွန်နေဟန်ဖြင့် ကျိမြန်၏ ရုံးခန်းထဲသို့ ရောက်လာ၏။ 


"ဘာဖြစ်လို့လဲ ..." 


ကျိမြန်က ဖိုင်တွဲများကို ချထားကာ သူ့ကို မော့ကြည့်လိုက်သည်။ 


"ကျိကော ဒါ ကျွန်တော် ရလာတဲ့ ဇာတ်ညွှန်းတွေ တစ်ခုလောက် ကူရွေးပေးပါဦး ကျွန်တော်က အမြင်မရှိတော့ "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" လို အရှုပ်ထုပ်တွေကို နောက်တစ်ခါ ‌ထပ်ရွေးမိမှာကြောက်လို့ ..." 


ရှောင်ကျားရှုက ကျိမြန်နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို သူ့ဘေးနား ရွှေ့လာကာ ခြေထောက်တို့ကို အသာယမ်းလျက် ဖိနပ်များကို ချွတ်ပစ်ရင်း ခြေထောက်ကို ကျိမြန်ရင်ခွင်ထဲ ထိုးထည့်ထားလိုက်သည်။ 


ကျိမြန်က သူ့ခြေထောက်တို့ကို လက်ဖဝါးဖြင့် ဖိဆုပ်ကာ နှိပ်နယ်ပေးလိုက်၏။ 


"အိုကေ ကိုယ် ကြည့်ပေးမယ် ..." 


ရှောင်ကျားရှုက ကုလားထိုင်နောက်မှီကို မှီကာ ထိုင်ချလိုက်ပြီး အကြည့်အားလုံးကို ကျိမြန်၏ မျက်နှာထံ ပို့လွှတ်ထားလိုက်တော့သည်။ လက်ဖဝါးနှစ်ဖက်ကြားရှိ ခြေထောက်တို့မှာမူ ဆက်တိုက် ဘယ်ညာလှုပ်ယမ်းနေဆဲပင်။ ကျိမြန်နှင့် ပူးကပ်နေသည့်တိုင် စိတ်အာရုံအလုံးစုံကို သူ့ထံ မထားသရွေ့ အာရုံစိုက်ခံရစေရန် တစ်ခုခု လုပ်ဆောင်နေဦးမည်ဖြစ်သည်။ 


ကျိမြန်က သူ့ဘက်သို့ ရုတ်ချည်းလှည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် ပန်းနုရောင် နှုတ်ခမ်းပါးကို ငုံ့နမ်းရင်း ညင်သာစွာ ပြောလိုက်၏။ 


"အချစ်လေး ကိုယ် အရင်ဆုံး ယေဘုယျ ခြုံငုံချက်တွေကို ကြည့်လိုက်ဦးမယ် ..." 


"အိုကေ ..." 


ရှောင်ကျားရှုက သူ့နှုတ်ခမ်းကို လျာဖြင့်လျက်ကာ မျက်လုံးကို မှေးကျဉ်းလိုက်၏။ သူ့အမူအယာမှာ အတော်လေး ကျေနပ်အားရသွားဟန်ပင်။ 


ဟုတ်ပြီ ဒီအနမ်းက နောက်ထပ် နာရီဝက်စာလောက်တော့ လုံလောက်သွားပြီ နောက်ထပ် နာရီဝက်နေမှပဲ နောက်တစ်ခါ ပြဿနာ ရှာကြတာပေါ့ ..." 


ရုံးခန်းထဲသို့ မလာမီ ဇာတ်ညွှန်းအားလုံးကို အကြမ်းဖျဉ်း ဖတ်ရှုပြီးဖြစ်သည်။ သိပ်မကြာခင် ရိုက်ကူးရေး စရတော့မည့် ရုပ်ရှင်များကို ဦးစွာ ဖယ်ထုတ်လိုက်၏။ သူနှင့် ကျိကောမှာ လက်ထပ်ထားပြီးကာစဖြစ်ရာ အလုပ်လုပ်ရာတွင် စိတ်အားတက်ကြွ‌မှု ရှိစေရန် အိမ်ထောင်သည်ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းရဦးမည်ဖြစ်သည်။ အနမ်းခန်းနှင့် အိပ်ယာပေါ်မှ အခန်းများ ပါရှိသည့် ရုပ်ရှင်တို့ကိုလည်း ဖယ်ထုတ်လိုက်၏။ ကျိကောမှလွဲ၍ မည်သူနှင့်မှ ရုပ်ပိုင်းဆိုင်ရာ မထိတွေ့ မပူးကပ်လိုပေ။ 


အကြိမ်ပေါင်းများစွာ အကဲဖြတ်ပြီးနောက်တွင်တော့ ဇာတ်ညွှန်းများများစားစား မကျန်ရစ်တော့။ ထိုအခါမှသာ ကျိမြန်ကို ပြသလိုက်တော့သည်။ 


ကျိမြန်က ဇာတ်ညွှန်းတို့ကို လှန်ကြည့်နေရင်း ရယ်မောလိုက်၏။ 


ပြောကြတာတော့ ယောကျာ်းတွေက လူအရမ်းကပ်လွန်းတဲ့ ချစ်သူမျိုးကို သဘောမကျကြဘူးတဲ့ ဒါပေမယ့် ဒါက တစ်ခြားသူအတွက်ပဲ မှန်ချင်မှန်မယ် ကျိမြန်က အများနဲ့မတူတဲ့ လူထူးလူဆန်းလေ မိ‌ဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတော့ သူက အမှီခိုခံရတဲ့ ခံစားချက်ကို ပိုသဘောကျတယ် ရှောင်ရှုက သူ့ကို နှစ်နှစ်ကာကာ ယုံကြည်ပြီး အားကိုးတိုင်း၊သူ့အာရုံစိုက်မှုကို ရဖို့အတွက် မျိုးစုံ ကြိုးစားတိုင်း ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာ သူ့ဘေးကနေ တစ်ဖဝါးမှ မခွါချင်တာတွေ ဒီလိုတွေ ကြုံလာရတဲ့အခါ ထူးထူးခြားခြား ပိုင်ဆိုင်စိတ်ကို ခံစားရပြီးတော့ နက်နက်ရှိုင်းရှိုင်းကို ကျေနပ်စိတ်တိုင်းကျမိလာတော့တာပဲ ... 


သူ ဘယ်လောက်ပျော်နေသလဲဆိုတာ ဘယ်သူမှကို တိတိကျကျ သိနိုင်မှာ မဟုတ်ဘူး သူ့အတွက် ရှောင်ရှုရဲ့ တည်ရှိမှုက အောက်ဆီဂျင်လို မရှိမဖြစ် လိုအပ်တဲ့ အဖိုးတန်လေးပဲ သူ့ကြောင့်ပဲ ဆောက်တည်ရာမရတဲ့ နှလုံးသားလေး အနားရသွားရတာ ... 


ရှောင်ကျားရှုမှာ အာရုံနောက်ဖွယ် ကောင်းလှသည်၊ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်ရန် သင်ကြားပေးသင့်သည်ဟု ဘယ်သောအခါကမှ မတွေးခဲ့မိ။ သူ့ဘဝသက်တမ်းတစ်ဝက်ခန့်ကို မိခင်ဖြစ်သူ၏ ကာကွယ်ပေးမှုဖြင့် ကြီးပြင်းလာရာ ကျန်သက်တမ်းကို ချစ်ရသူ၏ ကာကွယ်မှုအောက်တွင် ကုန်ဆုံးခြင်းမှာ သဘာဝပင်ဖြစ်သည်။ ၎င်းနှင့် ပတ်သက်၍ ချွတ်ချော်မှားယွင်းနေသည်ဟု လုံးဝ မခံစားရပေ။ 


ထိုသို့ တွေးမိပြီးနောက် ရှောင်ကျားရှုကို ငုံ့နမ်းလိုက်မိပြန်တော့သည်။ 


ရှောင်ကျားရှုကလည်း အနမ်းတို့ကို လက်ခံရင်း တိတ်တိတ်လေး တွေးနေလိုက်သည်။ 


ပထမတစ်ခေါက် နမ်းပြီး ဆယ်မိနစ်အတွင်း ရလာတဲ့ အနမ်းတွေကို ထည့်မရေဘူး နာရီဝက်က နာရီဝက်ပဲ နောက်ထပ် မိနစ်သုံးဆယ်နေရင် ထပ်ပြီး အားသွင်းရဦးမှာ ... 


သူ့ကိုယ်သူလည်း အလွန်အမင်း လူကပ်လွန်းလှသည်ဟု ခံစားနေရရာ ကျိကောကိုလည်း အသိမခံလိုသည့်အတွက် အထိအခိုက် မရှိသည့် လှည့်ကွက်အချို့ကိုသာ ဖန်တီးလိုက်ရတော့သည်။ 


ကျိမြန်မှာ ရယ်မချမိစေရန် လက်သီးကို တင်းတင်းဆုပ်လျက် နှုတ်ခမ်းနှစ်လွှာကို ဖိပိတ်ထားလိုက်ရတော့သည်။ 


ခုံပေါ် လှဲနေသော ရှောင်ကျားရှုက ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်တစ်ဖက်က ကျိမြန်၏ လည်စည်းကလစ်ကို ကစားနေသည်။ အကြည့်တို့မှာလည်း သူ့ထံမှ ဖယ်ခွါမသွား။ ပရိုဂျူဆာကို ကတိပေးခဲ့မိသည့်အပေါ်ပင် နောင်တရလာတော့သည်။ ကျိကောကို ပြောသင့်မပြောသင့် စဉ်းစားရ ခက်နေတော့သည်။ ချစ်သူစုံတွဲများအကြား ရံဖန်ရံခါတွင် surprise အသေးစားလေးများ ရှိကြခြင်းသည် ရိုမန့်တစ်ဆန်သည်ဟု ယူဆဖွယ် ရှိသော်ငြား ယခုအခြေအနေမှာမူ လုံးဝ မသင့်လျော်လှချေ။ 


ရိုက်ကူးရေးကို မသွားခင် ကျိကောက သူနဲ့အတူတူ လိုက်ချင်လားလို့ သေချာပေါက် မေးမှာပဲ သူကလည်း လိုက်ချင်ပေမယ့် မလိုက်ချင်ဘူးလို့ ပြောရမှာ ကျိကော ဘယ်လို ခံစားသွားရမလဲ စိတ်ကူးယဉ်ကြည့်လိုက်လေ စိတ်ပျက်မယ် ဝမ်းနည်းမယ် သွားဖို့အရေး တုန့်ဆိုင်းသွားမယ် မကောင်းတဲ့ ခံစားချက်တွေပဲ သူ့စိတ်ထဲ ပြည့်နှက်သွားပြီးတော့ ဒီ စိတ်ခံစားချက် မကောင်းတာကြီးက ခရီးစဉ် အစကနေ ရိုက်ကူးရေး တစ်ဝက်လောက်အထိ ပါနေမှာ ရက်နဲ့ချီပြီး စိတ်ညစ်ရမှာနဲ့ ယှဉ်ရင် surprise ဖြစ်သွားတာက တကယ်ကို မပြောပလောက်အောင် တိုတိုလေးတင် ...


အာ ဖာ့ခ် ... 


ရှောင်ကျားရှုမှာ ဤကဲ့သို့သော surprise မျိုးကို မလိုချင်၊ ကနဦးအစမှ စတင်ကာ ကျိမြန်ဘေးနား ရှိနေရခြင်းကိုသာ လိုလားပေသည်။ ကျိကောကို မည်သည့်ကိစ္စဖြစ်စေ ဆိုင်းတွခြင်း မရှိဘဲ ဖွင့်ပြောပါမည်ဟု ကတိပေးထားပြီးဖြစ်ရာ သူ့စကားတို့ကို မည်သည့်နည်းနှင့်မှ ပြန်လည်ရုတ်သိမ်းနိုင်မည် မဟုတ်ချေ။ ၎င်းမှာ ဘဝတစ်သက်တာ စောင့်ထိန်းသွားရမည့် ကတိပင် ဖြစ်ပေသည်။ 


ထိုသို့တွေးကာ ရှောင်ကျားရှုက စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် မျက်နှာကို ပွတ်သပ်လိုက်သည်။ 


ကျိမြန်က ဇာတ်ညွှန်းများကို ဖတ်မနေ၊ သူ့မျက်ဝန်းတို့ထဲတွင် နက်ရှိုင်းသည့် ခံစားချက်အချို့ အစပျိုး ထွက်ပေါ်လာတော့သည်။ 


ရှေးဘဝတုန်းက ကမ္ဘာကြီးကို ကယ်တင်တာလိုမျိုး အရမ်းကို ထူးကဲကောင်းမွန်တဲ့ ကုသိုလ်တွေ လုပ်ခဲ့မိတယ် ထင်တယ် အဲဒါကြောင့် ဘုရားသခင်က ရှောင်ကျားရှုကို သူ့လက်ထဲ ပို့ပေးလိုက်တာနေမှာ ... 


တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကို ထိန်းချုပ်ကာ စကားပြောမည် ပြင်လိုက်စဉ်မှာပင် ရှောင်ကျားရှုထံမှ စကားသံ ထွက်ပေါ်လာသည်။ 


"ကျိကော ကျွန်တော် ပြောစရာတစ်ခု ရှိတယ် ..." 


"ဘာပြောမလို့လဲ ..." 


ကျိမြန်က သူ့ကို အလွန်လေးနက်သည့် အမူအယာဖြင့် စိုက်ကြည့်လိုက်သည်။ 


"ကျွန်တော် အခုပဲ Adventurers in the wilderness ရဲ့ စတုတ္ထအပိုင်းအတွက် စာချုပ်ချုပ်ခဲ့ပြီးပြီ ကောနဲ့အတူတူ နှစ်ရက်အတွင်း အလုပ်လုပ်ရတော့မှာ ဒါပေမယ့် ပရိုဂျူဆာက ပရိသတ်တွေ အံ့ဩသွားအောင် ကျွန်တော့်ကို လျှို့ဝှက်ဧည့်သည်တော်အဖြစ် ပါဝင်ဖို့ ပြောလာတယ် ကောကိုလည်း မပြောရဘူးတဲ့ အစကတော့ နည်းနည်းလေး surprise ဖြစ်တာ ကောင်းတယ်လို့ ထင်ပေမယ့် သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါ ကောကို ဖွင့်ပြောမယ်လို့ပဲ ဆုံးဖြတ်လိုက်တော့တယ် ကောကို စိတ်ပျက်လက်ပျက်ကြီး မဖြစ်စေချင်ဘူး လေယာဉ်ပေါ်မှာ ဆယ်နာရီကျော်လောက် အထီးကျန်ပြီး ရိုက်ကူးရေး လုပ်နေတုန်းမှာလည်း ကျွန်တော့်အကြောင်းပဲ တွေးနေရတာမျိုးကို မဖြစ်စေချင်ဘူး ..." 


သူ့ပါးနှစ်ဖက်ကို ကုတ်ခြစ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။ 


"ကျိကော ကျွန်တော်သာ ကောနဲ့အတူတူ လိုက်မလာနိုင်ရင် ကော ဝမ်းနည်းနေမယ်ဆိုတာကို သိနေတယ် ကောကို ဝမ်းမနည်းစေချင်ဘူး ဘဝမှာ ဘာပဲဖြစ်လာဖြစ်လာ တစ်ယောက်ကိုတစ်ယောက် ဖွင့်ပြောရမယ်လို့ ကတိပေးထားတယ်လေ အခု ကျွန်တော် ဖွင့်ပြောလိုက်တော့ surprise မဖြစ်တော့ဘူး ပျင်းစရာ ကောင်းသွားလောက်လားဟင် ..." 


ကျိမြန်က ခေါင်းကို ယမ်းပြလိုက်သည်။ 


"မဖြစ်ပါဘူး မင်းက ကိုယ့်ဘဝအတွက် အကြီးမားဆုံး surprise ပဲ ..." 


ဟုတ်တယ် သူ့ဘေးနားမှာသာ ရှောင်ကျားရှု ရှိနေမယ်ဆို အချိန်တိုင်းကို surprise ဖြစ်နေရတာ ... 


မနီမြန်းတော့သည်မှာ လွန်စွာ ကြာမြင့်နေပြီဖြစ်သော ရှောင်ကျားရှု၏ မျက်နှာသည် ချက်ခြင်းပင် နီသွေးဖြန်းလာကာ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ကျိမြန်ကို ပွေ့ဖက်ရင်း နူးညံ့စွာ ပြောလိုက်သည်။ 


"အခုမှ သတိထားမိတယ် ကျိကော ကောက စကားချိုချိုလေးတွေ ပြောတဲ့နေရာမှာ တကယ်ကို တော်တာပဲ ကျွန်တော်က တကယ်ကို ဒီလောက်အထိ အရေးပါတာလား ..." 


"အရေးပါတာပေါ့ ..." 


ကျိမြန်က သူ့ကို ငုံ့ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ 


"အရမ်းကို အရေးပါတယ် ဒီလောကကြီးမှာ ရှိတဲ့ ဘယ်သူမဆိုထက် ၊ မင်း စိတ်ကူးယဉ်ကြည့်လို့ ရတဲ့ အတိုင်းအတာထက်ကို ပိုလွန်ပြီး အရေးပါတယ် ..." 


သူ့အဖို့မူ ရှောင်ကျားရှုသည် အနာဂတ်၏ စတင်ရာ၊ အတိတ်တို့၏ အဆုံးသတ်ပင်ဖြစ်သည်။ 


အား ...  မရတော့ဘူး ပျော်လွန်းလို့ မူးမေ့လဲတော့မှာပဲ ... 


ရှောင်ကျားရှုက သူ့ရင်အုပ်ပေါ် ခေါင်းတင်ရင်း ငေးမောနေလိုက်သည်။ သူ့အဖို့လည်း ကျိကောမှာ ထပ်တူထပ်မျှပင် အရေးပါပေသည်။ ပြုတ်ကျမည်၊ ကျရှုံးမည်ကို ကြေ

ာက်ရွံ့ခြင်း မရှိပါဘဲ ကျိမြန်၏ လက်ကို တွဲထားနိုင်ကာ ဖဝါးအောက်ရှိ ခရီးလမ်းမှာလည်း ယခုကဲ့သို့ တစ်ခါမှ တည်ငြိမ်ပြတ်သားမနေခဲ့ဖူးချေ။ 




Xxxxxx