Chapter 158
ကပ္ပတိန်ဖြစ်တဲ့ နတ်ဘုရားကျိက ဆင်းကိုဆင်းရမှာလေ ဟိုဖက်အသင်းက ရှစ်ထင်းဟန် ဆင်းသွားတာကို မမြင်ဘူးလား ဒီလိုကြီး ဘယ်ညာခုန်ပေါက် လှုပ်ယမ်းနေတာ နင် အဓိကရိုက်ချက် ရပြီး နတ်ဘုရားကျိကို ဆွဲချချင်လို့ မဟုတ်လား ...
နတ်ဘုရားကျိက အမြဲတမ်း သန်မာပြတ်သား တည်ငြိမ်ပြီး အလောသုံးဆယ် မလုပ်တတ်တော့ ဒီတာဝန်ကို သေချာပေါက် အောင်မြင်နိုင်မှာ နင် ဒီလိုကြီး လုပ်နေတာက အပြာအသင်းကို တမင်တကာ အလျော့ပေးလိုက်တာနဲ့ အတူတူပဲဆိုတာကိုရော သိရဲ့လား ...
"ဖာ့ခ် တော်လိုက်ပါတော့ ငါ့အိုင်ဒေါကို အောက်ဆင်းခိုင်းလိုက်ပါဟ သူက နိုင်လိုစိတ် ပြင်းပြတဲ့သူနော် သူ့ကို ဒုက္ခပေးမနေနဲ့ စောက်ကျိုးနည်း ဆင်းမယ့်သူက ဆင်းတော့မှာကို အစွန်းနားမှာ လှဲပြီး ဒီလိုမျက်နှာမျိုး လုပ်ပြနေသေးတယ် ဘယ်သူကြည့်ဖို့ လုပ်ပြနေတာလဲ ကြိုးနဲ့သိုင်းပြီး တောင်အောက်ဆင်းရတဲ့ကိစ္စက သူ့အတွက် ခက်ခဲတာ တစ်ခုမှ မပါဘူး မင်းအပြုအမူတွေက အရမ်းကို လွန်ကျူးနေလွန်းပြီနော် ..."
ချိုးလင်လင်က တရစပ် ပြောနေလိုက်သည်။
ကြည့်ရတာ သူမတော့ ရှောင်ကျားရှုကို မှားပြီး အကဲဖြတ်မိတာ ထင်တယ် ဘယ်နားကများ အေးစက်ချောမောနေလို့လဲ ဒရမာကွင်းမှန်း ဒီလောက်သိသာနေတာကို ...
သူမနှင့် အတွေးသူများလည်း အများအပြားပင်။ ထိုသူတို့၏ ထောက်ခံမှတ်ချက်တို့က စခရင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။
[မင်းရဲ့ အိုင်ဒေါကို ဂရုစိုက်တယ် ဆိုပေမယ့် ဒါမျိုးကြီးအထိတော့ လုပ်ဖို့ မလိုအပ်ဘူးလေ ဟုတ်တယ်မဟုတ်လား သရုပ်ဆောင်တာကြီးက အရမ်းကို အိုဗာဖြစ်လွန်းနေပြီ]
[ရှောင်ကျားရှုက လုပ်တာတော့ ကျိလောင်ရှီး မျက်နှာသာရအောင် လုပ်တာပဲဟယ် ဒါပေမယ့် အကြိုးစားလွန်သွားတော့ ရလဒ်တွေက ပြောင်းပြန်ဖြစ်ကုန်ပြီ သူ့အမူအယာကိုလည်း ကြည့်လိုက်ပါဦး ကျိလောင်ရှီးက သေလမ်းသွားရမှာလားကျလို့ ဟားဟားဟား ငါတော့ သူ့အစား ကြိုရှက်နေမိပြီ ]
ရှောင်ကျားရှု၏ anti များမှာ ယခင်ထက်ပင် ပိုမိုတက်ကြွလာကာ သရဖူလေးများကပင်လျှင် သူတို့အိုင်ဒေါကို အသုံးချပြီး သရုပ်မဆောင်ရန် တောင်းပန်လာကြတော့သည်။
စီနီယာကို လေးစားတာလား ရတယ် ကိုယ့်အိုင်ဒေါကို ဂရုစိုက်ပေးချင်တာလား ဒါဆိုလည်း အဆင်ပြေသေးတယ် ဒါပေမယ့် အရမ်းကြီးတော့ လွန်လွန်ကျူးကျူးကြီး ဟန်မဆောင်ပါနဲ့လားဟယ် ဒါကြီးက လူတွေရဲ့ အမြင်ကို တစ်မျိုးဖြစ်စေရုံတင် မကဘူး နတ်ဘုရားကျိရဲ့ စတိုင်ကိုပါ ဆွဲချလိုက်သလိုပဲ ...
အနီအသင်း တောင်အောက်ဆင်းကာ ခေါက်ဆွဲခြောက်ထုပ်များ ရလာခဲ့သည့်တိုင် ချိုးလင်လင်၏ စိတ်ပျက်မှုက လျော့နည်းမသွား။ နတ်ဘုရားကျိ၏ အချိန်ကို ဖြုန်းနေသော ရှောင်ကျားရှုကြောင့်သာ မဟုတ်ပါလျှင် လက်ဆတ်သည့် သားငါးသီးရွက်တို့ကိုပါ ရရှိနိုင်မည်ဖြစ်ပေသည်။
ထင်မထားမိဘူး အမျိုးသားအနုပညာရှင်တွေအနား ရောက်ရင် "ပန်းပွင့်ဖြူလေး" ပုံစံ ပြောင်းသွားတဲ့ သူတွေလည်း ရှိနေသေးတာပဲ တကယ်ကို ဆန်းကြယ်လိုက်ကြတာ ...
ဟွမ်ရင်ရွှယ်က အိမ်တွင်းပုန်းတစ်ယောက် ဖြစ်နေ၍သာ တော်သေးသည်။ သူမ၏ အချက်အပြုတ်စကေးက အသင့်စား ခေါက်ဆွဲပြုတ်ကို ပင်လယ်စာခေါက်ဆွဲအဖြစ် ပြောင်းလဲနိုင်ခဲ့၍သာ တစ်ဖွဲ့လုံး၏ အစာအိမ်များ သက်သာရာ ရခဲ့ခြင်း ဖြစ်ပေသည်။ သူမသည် မူလက imperial sister သရုပ်ကို ယူဆောင်ထားရာ လှပချောမောလှသည့် ရုပ်ရည်သွင်ပြင်မှာ ရှားပါးတောင်ထိပ်ပန်းတစ်ပွင့်နှယ် ချဉ်းကပ်ရန် ခဲယဉ်းလွန်းလှသည်။ သို့သော် ယခု ပြသနေသည့် အစီအစဉ်တွင် သူမ၏ မူလစရိုက်သဘာဝမှ ခွဲထွက်ကာ ပိုမို ချဉ်းကပ်နိုင်လောက်သည့် ပုံရိပ်တစ်ခုကို ပြသခဲ့သည့်အတွက် ကြည့်ရှုသူလူထု၏ အသိအမှတ်ပြုမှုကို ရရှိခဲ့တော့သည်။
ကျော်ကြားမှုကို အဆင့်သတ်မှတ်ရပါလျှင် သူမ၏ အရှေ့တွင် ကျိမြန်နှင့် ရှစ်ထင်းဟန်သာ ရှိတော့သည်။ နောက်ဆုံးသူမှာ ရှောင်ကျားရှုဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်တော့။
အပြင်ပန်းသရုပ်သကန်တစ်ခုကို တည်ဆောက်မလား ဖျက်ဆီးမလား ရိုက်ချက်တစ်ခုတည်းနဲ့တင် အကုန် လုပ်လိုက်လို့ ရတယ် ဒါကြောင့် စိန်မရှိဘဲ ကြွေထည်မလုပ်နဲ့ ထိုးဖောက်ခံရလိမ့်မယ်လို့ ပြောကြတာနေမှာ ...
(လုပ်နိုင်တဲ့ အရည်အချင်း မရှိရင် မလုပ်တာ အကောင်းဆုံး ဆိုတဲ့ သဘောပါ)
"Reality show တွေက တကယ်ကို လူတိုင်းနဲ့ မသင့်လျော်ဘူးပဲ ..."
ချိုးလင်လင်က မသဲမကွဲ ရေရွတ်လိုက်သည်။ ထိုစဉ် အသင်းသားများကို ရှောင်ကွင်းကာ ထောင့်တစ်နေရာသို့ သွားပြီး အင်တာဗျူးဖြေနေသည့် ကျိမြန်ကို တွေ့လိုက်ရတော့သည်။
ဘာ နတ်ဘုရားကျိက အမြင့်ကြောက်တတ်တယ် ဟုတ်လား လူတိုင်းက သူ့ကို အနိုင်မခံ အရှုံးမပေးတတ်တဲ့သူလို့ ထင်နေကြပေမယ့် ရှောင်ကျားရှုတစ်ယောက်ကပဲ သူ့အားနည်းချက်ကို အာရုံခံမိတာ ဒါကြောင့်လည်း သူ့နေရာမှာ အစားထိုးဝင်ချင်ခဲ့တာပေါ့ ရှောင်ကျားရှုကိုယ်တိုင်ကလည်း အမြင့်ကြောက်တတ်တာကိုတောင်လေ ကျန်တဲ့တစ်ယောက်က ဒီအကြောင်းကို မသိလောက်ပါဘူးဆိုပြီး ကြောက်တဲ့စိတ်ကို တစ်ယောက်တည်း ထမ်းပိုးထားချင်နေကြတာပဲ ...
ဒါက အိုဗာဖြစ်နေတာလည်း မဟုတ်သလို အဓိကရိုက်ချက်ကို လုတာလည်း မဟုတ်ဘူး ရှောင်ကျားရှုက ကျိမြန်ကို တကယ်ကို စိုးရိမ်တာ ဖြစ်နေတာပဲ ကျောက်ဆောင်အစွန်းမှာ လှဲနေတုန်းက သူ ဘယ်လောက်အထိ ကြောက်နေခဲ့မလဲ ဘယ်သူမှ မသိနိုင်ဘူး ကျိမြန်တစ်ယောက်ပဲ နားလည်မှာ ဒါကြောင့်လည်း သူ့ကို ခပ်ဝေးဝေးမှာ သွားနေဖို့ ပြောခဲ့တာကိုး ...
နှစ်ယောက်လုံးက အမြင့်ကြောက်တတ်တဲ့သူတွေချည်းပဲ ဒါပေမယ့် အပြန်အလှန် စိုးရိမ်ပေးတဲ့စိတ်တွေက ကျန်တဲ့အရာအားလုံးကို အသာစီးရသွားတာပဲ ...
ချိုးလင်လင်၏ မျက်နှာတစ်ခုလုံး နီမြန်းလာကာ အချိန်အတော်ကြာသည်အထိ "ဘုရားရေ" ဟုသာ တဖွဖွ ရေရွတ်နေမိတော့သည်။ ကျိမြန်၏ ဖန်ကလပ်ခေါင်းဆောင်တစ်ဦးဖြစ်သည့်တိုင် ကျိမြန်မှာ အမြင့်ကြောက်တတ်ကြောင်း မသိခဲ့၊ သူ့အိုင်ဒေါကို ကာကွယ်ပေးနေသည့် ရှောင်ကျားရှုကိုပင် ဆူညံသည်ဟု အပြစ်တင်ခဲ့မိသေးသည်။
ရှက်စရာ ကောင်းလိုက်တာ သရဖူလေးလို့ အခေါ်ခံရဖို့ရော ထိုက်တန်သေးရဲ့လား ...
သူမထက်ပိုကာ အရှက်ရနေသူများမှာမူ ရှောင်ကျားရှုကို ဒရမာကွင်းဟု ခေါ်ခဲ့သူများပင်ဖြစ်သည်။ စခရင်ပေါ်ရှိ မှတ်ချက်အားလုံး စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်ကာ သွေးနီရောင် စာတန်းရှည်တစ်ကြောင်းသာ ထွက်ပေါ်လာတော့သည်။
[ဒါကမှ တကယ်ကို အချစ်စစ်ပဲ ရှောင်ကျားရှုက အဓိကရိုက်ချက်ကို ခိုးယူဖို့ ကြံနေတာလို့ ပြောခဲ့တဲ့သူတွေ ဘယ်ရောက်သွားကြပြီလဲ ရှောင်ကျားရှုက ကျိမြန်ကိုပါ ဆွဲသွင်းပြီး ဒရာမာခင်းနေတာဆိုတဲ့သူတွေရော ထွက်ခဲ့ကြပါဦး ကိုယ့်အိုင်ဒေါက အမြင့်ကြောက်တတ်မှန်းတောင် သိကြရဲ့လား ]
ချိုးလင်လင်က မျက်နှာကို အုပ်ထားလျက် ဗလုံးဗထွေး မြည်ကြွေးလိုက်သည်။ မြေကြီးပေါ်တွင် အက်ကွဲကြောင်းတစ်ခုသာ ပေါ်ထွက်လာပါလျှင် ချက်ခြင်းပင် ထိုထဲဆင်းကာ ပုန်းအောင်းမိတော့မည်ဖြစ်သည်။ ယခုမူ အစောပိုင်းက ရှောင်ကျားရှုကို မုန်းတီးခဲ့မိသည့် ပမာဏနှင့် ထပ်တူထပ်မျှပင် သဘောကျနှစ်သက်လာရတော့သည်။ ထို့အပြင် သူနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်ဟုပါ ခံစားလာရတော့၏။ ဗီဒီယိုကို ပြန်ရစ်ကာ ကျောက်ဆောင်အစွန်းတွင် လှဲချလျက် ကျိမြန်ကို ငေးကြည့်နေသည့် အပိုင်းအား ပြန်ကြည့်ရင်း သူမ၏ နှာခေါင်းတစ်ခုလုံး စပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့သည်။
သူ့ခြေထောက်တွေက မတ်တပ်ရပ်လို့ မရလောက်အောင်ကို ပျော့ခွေသွားလို့ ထိုင်ချလိုက်တာလား ဟုတ်လား သူ ဘယ်လောက်တောင် ကြောက်နေခဲ့ရှာမလဲ ကြောက်နေတာတောင် ထွက်မသွားဘဲ ကျိမြန်နဲ့ နေရာလဲပေးချင်နေတုန်းပဲ ကျိမြန်အပေါ် ထားတဲ့ သူ့ရဲ့ စိတ်ရင်းစေတနာတွေက ဘယ်လောက်အထိတောင် နက်ရှိုင်းလိုက်သလဲ ...
ချိုးလင်လင်က သူမ၏ နှာခေါင်းနှင့် ပါးစပ်တို့ကို ခေါင်းအုံးဖြင့် ဖိကပ်ထားလိုက်၏။ လူတစ်ကိုယ်လုံး လေထဲ လွင့်မျောနေဟန်ပင်။
ဒီလိုပုံစံနဲ့ ရှောင်ကျားရှုကို တကယ်ကို သဘောကျမိနေပြီ မြေကြီးပေါ် လှဲချရင်း ကျိမြန်ရဲ့ ပုံရိပ်လေး တစ်ဖြည်းဖြည်း သေးသွားတာကို မကြည့်ချင်ကြည့်ချင် ကြည့်နေရတဲ့ သူ့ပုံစံလေးကိုရောပဲ စိုးရိမ်လွန်းအားကြီးလို့ ချုပ်တည်းသည်းခံဖို့ကို မေ့သွားပြီလား ဟားဟားဟား ချစ်စရာလေး ...
ပျင်းတိပျင်းရွဲ ထိုင်နေသည့် သူမ၏ အမူအယာမှာ လက်နှစ်ဖက်ဖြင့် မေးထောက်လျက် စိတ်ဝင်တစား စိုက်ကြည့်နေဟန်သို့ အလိုလို ပြောင်းလဲသွားတော့သည်။ သူတို့နှစ်ဦးအကြား ဆက်ဆံရေးကို ပို၍ အာရုံစိုက်လာမိကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးပြလေတိုင်း နွေးထွေးချိုမြိန်မှုကို တစ်ဖြည်းဖြည်း ခံစားလိုက်ရတော့သည်။
ဒီလိုခံစားချက်မျိုးဆိုတာ အတုလုပ်ယူလို့ ရတာမှ မဟုတ်တာ ...
သို့သော် ၎င်းမှာ ကြာရှည်မခံ။ နောက်တစ်နေ့မနက် ရောက်သည့်အခါ ရှောင်ကျားရှု၏ စိတ်နေစိတ်ထားအားလုံး ပြောင်းလဲသွားတော့၏။ ရုတ်ချည်း ငြိမ်ကျသွားကာ တောက်ပနေသည့် မျက်ဝန်းတစ်စုံမှာလည်း အတွေးများစွာတို့ကို သိုဝှက်ထားသည့်ဟန် မှုန်ရီမှိုင်းပျနေတော့သည်။ တောင်တက်သည့်အခါ ကျိမြန်က နောက်ပြန်လှည့်၍ သူ့နာမည်ကို ခေါ်လေတိုင်း ယဉ်ယဉ်ကျေးကျေး ပြုံးပြရုံမှအပ မလိုအပ်သည့် စကားတစ်ခွန်းကိုမျှ မပြောတော့ချေ။
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ် ...
ချိုးလင်လင်က ကျိမြန် ရှောင်ကျားရှုနာမည်ကို လှမ်းခေါ်နေသည့် အကြိမ်တို့အား တိတ်တဆိတ် ရေတွက်ရင်း စောဒကတက်လိုက်သည်။
"နတ်ဘုရားကျိကို ဘာလို့ လျစ်လျူရှုနေတာလဲ မနေ့က အများကြီး ဂရုစိုက်ခံရတဲ့အပေါ် လူထုက အမြင်စောင်းသွားမှာကို ကြောက်လို့လား အဲဒါကြောင့် ဒီနေ့ ပိုပြီး အမှီအခိုကင်းကင်း နေနေတာလား မလုပ်ပါနဲ့ နတ်ဘုရားကျိ မင်းကို ဂရုစိုက်ပေးတာ ဘာမှားလို့လဲ သူက မင်းကို ညီလေးအရင်းလို ချစ်တာလေ ..."
သို့သော် အခြေအနေက တိုးတက်မလာ။ ကင်မရာပေါ်ရှိ သူတို့နှစ်ဦး၏ ပြောဆိုဆက်ဆံမှုမှာ နည်းသည်ထက် နည်းလာကာ ကျိမြန်အနားတွင် အမြဲလိုလို ကပ်နေတတ်သည့် ရှောင်ကျားရှုမှာ ထူးထူးခြားခြားပင် သူ့ကို ရှောင်ကွင်းလာတော့သည်။ သတင်းဆိုးထွက်မည်ကို စိုးရိမ်စိတ်ကြောင့် သူတို့နှစ်ဦး ရင်းနှီးပူးကပ်နေမည်ကို မလိုလားခဲ့သည့် ချိုးလင်လင်၏ အသည်းနှလုံး ကျောက်ကပ်မကျန် ကိုယ်တွင်းကလီစာအားလုံး ယားကျိကျိ ဖြစ်လာတော့သည်။
သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုပဲ ကြည့်ချင်တာလို့ ...
သူမနှင့် အတွေးတူသူများ အများအပြား ရှိနေရာ မှတ်ချက်ကဏ္ဍတစ်ခုလုံး "ရှောင်ကျားရှု ဘာဖြစ်သွားတာလဲ" "ဘာလို့ ကျိမြန်နဲ့ ရင်းရင်းနှီးနှီး စကားမပြောတော့တာလဲ" အစရှိသည့် မေးခွန်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ထိုသူနှစ်ဦးမှာ ရှိုး၏ အဓိကထောက်တိုင်နှစ်ဦး ဖြစ်ရာ သူတို့ကို ခွဲထားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်မဟုတ်ချင်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလာတော့သည်။
နောက်ဆုံးတွင်တော့ ရှောင်ကျားရှု၏ ခြေဖဝါးရှိ အရည်ကြည်ဖုတို့ ပေါက်ပြဲသွားသည့်အတွက် ရှိုးမှ ထွက်ခွါလိုက်ရတော့၏။
Holy shit ဘာ ထပ်ကြည့်စရာ ရှိတော့မှာလဲကွ သူ စကားမပြောတာ မထူးဆန်းတော့ပါဘူး ကျိမြန်သာ ထူးဆန်းတာ တစ်ခုခုကို သတိပြုမိသွားရင် သူ့ကို အဝေးပို့ပစ်မှာ ကြောက်လို့ မဟုတ်လား ကျိမြန်နဲ့အတူ ရိုက်ကူးရေး ပြီးတဲ့အထိ နေချင်လို့ တစ်ခွန်းမှ မပြောဘဲ အောင့်အည်းသည်းခံနေခဲ့တာပေါ့ ...
ချိုးလင်လင်၏ ဦးနှောက်ထဲတွင် ဇာတ်လမ်းတွဲပေါင်းများစွာ တန်းစီထွက်လာတော့၏။ အသနားစိတ်များ ပိုလျှံထွက်လာသည့်အတွက် မျက်လုံးထောင့်စွန်းရှိ မျက်ရည်စတို့ကို သုတ်ရန် တစ်သျှူးအချို့ လှမ်းယူလိုက်ရတော့သည်။ ချစ်စရာအကောင်းဆုံးသူ ထွက်သွားပြီးနောက် ကျန်အပိုင်းတို့မှာ စိတ်ဝင်စားစရာ ကောင်းလှသည်ဟုပင် မမြင်မိတော့ချေ။
ဒါပေမယ့် ရှောင်ကျားရှု မရှိတော့တဲ့အခါ ဒေါသစိတ်ကို မထိန်းနိုင်တော့တဲ့ နတ်ဘုရားကျိကတော့ တကယ် ရယ်ချင်စရာကြီး ဟားဟားဟား ...
ကျိမြန်မှာ အလွန်အမင်း ဒေါသကြီးနေသော်ငြား သူ့အသင်းသားများက ရှောင်ကျားရှု၏ နာမည်ကို ဒိုင်းအဖြစ် အသုံးချလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်းလက်ငင်းပင် ညင်သာသိမ်မွေ့သွားကြောင်း မျက်စိကန်းနေသူပင်လျှင် အထင်အရှား မြင်သာနေပေသည်။ အချို့က သူ့ကို အသင်းသားများအပေါ် တင်းကြပ်လွန်းသည်ဟုပင် ထင်မြင်လာကြတော့သည်။
ဒါက အိမ်လေးဆောက်ရုံ အသီးလေး ခူးရုံပဲဟာကို ဘာလို့ ရေးကြီးခွင်ကျယ်တွေ ဗာရာဏသီ ချဲ့နေရတာလဲ ...
သို့သော် သူ့စကားများမှာ လုံးဝ မှန်ကန်နေကြောင်းကို ရုတ်ချည်း သည်းထန်လာသည့် မိုးသက်မုန်တိုင်းက သက်သေပြလိုက်တော့သည်။ သူသာ ကယ်ဆယ်ရန် အမြန် မဆုံးဖြတ်နိုင်ခဲ့ပါလျှင် လင်းလဲ့ယန်နှင့် ဟွမ်ရင်ရွှယ်တို့ နှစ်ယောက်လုံး နေရာတွင်ပင် ပွဲသိမ်းသွားတော့မည်ဖြစ်ပေသည်။
ကြည့်ရှုနေသူအားလုံး ကြက်သေသေသွားကာ သူ၏ အလျင်အမြန် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ချီးကျူးဂုဏ်ပြုလိုက်ကြတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို အားပေးသူများ မရေမတွက်နိုင်အောင်ပင် တိုးပွားလာကာ လင်းလဲ့ယန်နှင့် ဟွမ်ရင်ရွှယ်တို့မှာမူ သူတို့၏ လုပ်ရပ်ကြောင့် အတိုက်ခိုက်ခံလိုက်ရတော့သည်။ ဟွမ်ရင်ရွှယ်မှာ မိန်းကလေး ဖြစ်သည့်အပြင် ရှေ့ထွက်ကာ အကျိုးဆက်ကို တာဝန်ယူခဲ့သည့်အတွက် သက်ရောက်မှုမှာ သိပ်မကြီးလှ။ လင်းလဲ့ယန်၏ ပုံရိပ်မှာမူ သူရဲဘောကြောင်လှသူအဖြစ်သို့ တစ်ဖြည်းဖြည်း ရောက်ရှိသွားတော့သည်။
ကျိမြန်က သူတို့နှစ်ဦးကို အပြစ်မတင်ဘဲ ဤအပိုင်း ပြီးဆုံးပြီဟုသာ စိတ်မပါလက်မပါ ကြေငြာလိုက်သည်။ ချိုမြိန်ကာ ချစ်စဖွယ်ကောင်းသည့် နူးညံ့မှုများသာမက ဘေးအန္တရာယ်များကိုပါ ယှဉ်တွဲပြီး တွေ့လိုက်ရသည့်အတွက် လက်ရှိပြသနေသည့် အပိုင်းမှာ တစ်ရှိန်ထိုး ပေါက်ကွဲထွက်သွားတော့သည်။ တစ်ဝက်တစ်ပျက်တွင်ပင် ထွက်ခွါခဲ့ရသည့် ရှောင်ကျားရှုမှာလည်း နာမည်ကျော်ကြား လူကြိုက်များလာကာ ယခင် သူ့ကို နာမည်ဖျက်ခဲ့သည့်
သတင်းဆိုးအားလုံးမှာလည်း ပရိုဂရမ်အဖွဲ့က အလိုအလျောက် ရှင်းလင်းပေးပြီး ဖြစ်သွားတော့သည်။
Xxxxxx