Chapter 144
သူတို့၏ ပျော်ရွှင်မှုမှာ သန်မာလွန်း၍ လေထုထဲသို့ ပျံ့နှံ့နိုင်သည့် အစွမ်းသတ္တိပင် ရှိနေသယောင်။
"အိုကေ အိုကေ အချိန်ဖြုန်းမနေနဲ့တော့ နောက်တစ်ခန်းကို မြန်မြန်လေး ရိုက်လိုက်ရအောင် ..."
အံကို တင်းတင်းကြိတ်ကာ ပွေ့ဖက်ကျီစယ်နေသူ နှစ်ဦးအား နှောင့်ယှက်လိုက်သည်။
"လာဦး ..."
ရှောင်ကျားရှုက ရိုက်ကွင်းနေရာသို့ ထွက်သွားတော့မည်ပြုစဉ် ကျိမြန်က သူ့ခါးကို ဖက်လျက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"နောက်ပိုင်းကျ ကိုယ့်ကို lap dance ကပြရမှာနော် ဇာတ်ညွှန်းထဲမှာ ဒီအတိုင်း ရေးထားတာ မဟုတ်လား ..."
(Lap Dance က အဖော်အချွတ်အက အမျိုးအစား တစ်ခုပါ ကိုယ် ကပြရမယ့်လူရဲ့ ပေါင်ပေါ်ထိုင်ပြီး ဆက်စီကျကျ ကပြရတာမျိုးပါ)
"ဟုတ်တယ် ဟုတ်တယ် ..."
ရှောင်ကျားရှုက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြောလိုက်သည်။
"ဘယ်လိုပုံစံမျိုး ကပြမှာလဲ ..."
ကျိမြန်က သူ့ကို နောက်မှ သိုင်းဖက်ကာ လက်နှစ်ဖက်ဖြင့် ခါးကို မြဲမြံစွာ ပွေ့ဖက်လျက် ခြေထောက်တို့ကို ထပ်ထားရင်း ရှေ့သို့ တစ်လှမ်းချင်း တွန်းသွားလိုက်သည်။ ရိုက်ကူးရေး မရှိသည့် အချိန်တိုင်း ကိုယ်ချင်းဆက် အမြွာနှယ် သူတို့နှစ်ယောက်ကို လုံးဝ ခွဲခွါထား၍မရ။ တရုတ်မှ လိုက်လာသော ဝန်ထမ်းများမှာ အစောပိုင်းက အံ့ဩမိကြသေးသည့်တိုင် တစ်ဖြည်းဖြည်း နေသားကျသွားတော့သည်။ ကယ်လ်ဖိုးနီးယားတွင် လိင်တူလက်ထပ်ခြင်းသည်ကပင်လျှင် တရားဝင် အသိအမှတ်ပြုထားပြီးဖြစ်ရာ ချစ်ကြိုက်သည့် ဆက်ဆံရေးမှာမူ ပြောနေရန်ပင် မလိုအပ်တော့ချေ။
"အဲဒါနဲ့ ပတ်သက်လို့ မတွေးကြည့်ရသေးဘူး ရိုက်နေရင်း စိတ်ကူးပေါ်လာသလိုပဲ လုပ်လိုက်တော့မယ် ..."
စုံတွဲအကမှအပ မည်သည့်ကနည်းကိုမှ မသိကြောင်းကိုတော့ ကျိမြန်အား ပြောပြလိမ့်မည် မဟုတ်ချေ။
ကျောက်ချွမ်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ထဲမထား။ သူ့ကိုလည်း အကသင်ရန် အတင်းအကြပ် ဖိအားမပေးခဲ့ချေ။ မည်သို့မည်ပုံ ကရမည်မှန်း မသိသည်ကပင် ပို၍ ကောင်းပေသေးသည်။ မည်သို့ ကရမည်မှန်း မသိသည့်အခါ ကင်မရာရှေ့တွင် အနည်းငယ် တွန့်လိမ်ရုံမျှသာ စွမ်းနိုင်မည်ဖြစ်ပြီး ဤသည်ကပင်လျှင် ကသိကအောက်ဖြစ်ဖွယ်၊ ရယ်မြူးဖွယ် ကောင်းနေမည်ဖြစ်သည်။ ဤသို့ဖြင့် သူလိုချင်သည့် ဟာသရလဒ်မျိုး ရလာပေလိမ့်မည်။
ကျိမြန်ကလည်း စိတ်ပျက်သွားဟန်မတူ။ သူ့နားရွက်ကို ငုံထွေးလျက် တီးတိုးပြောလိုက်သည်။
"ကိုယ် မျှော်လင့်နေမယ် ..."
လုံးဝန်းနေသည့် တင်ပါးကို အသာပုတ်ပေးရင်း ပြောလိုက်သည်။
ရှောင်ကျားရှုက တင်ပါးကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ကာ ဘားအပေါက်ဝအထိ ထွက်သွားလိုက်ပြီးကာမှ သူ့ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်သည်။ သို့သော် ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတို့ကြောင့် ခြိမ်းခြောက်နေသည်နှင့် မတူ၊ နှုတ်ခမ်းစူကာ ကလူကျီစယ်နေဟန် ဖြစ်သွားသည့်အတွက် ကျိမြန်က မေးကိုမော့ကာ လေထဲမှတစ်ဆင့် အနမ်းတစ်ပွင့် ပို့လွှတ်လိုက်မိတော့သည်။
ဝူချွမ်းရီမှာ ရှက်ရွံ့လွန်းလှသည့်အတွက် သူတို့နှစ်ဦး ကလူကျီစယ်၍ အားရသည်အထိ စောင့်ပြီးမှသာ ရှောင်ကျားရှုအနား လျှောက်လာကာ တီးတိုးပြောလိုက်တော့သည်။
"အဆင်သင့်ဖြစ်ပြီလား ..."
"ဖြစ်ပြီ ..."
ရှောင်ကျားရှုက ကျောက်ချွမ်ကို လက်ဟန်ခြေဟန် ပြလိုက်သည်နှင့် တစ်ပြိုင်နက် clapper ၏ အသံကို ကြားလိုက်ရတော့သည်။ ဗလခပ်တောင့်တောင့် လူမည်းနှစ်ဦး ဘားထဲမှ ထွက်လာကာ သူတို့နှစ်ဦး၏ အထောက်အထားများကို စစ်မေးလိုက်သည်။ ပြည့်တန်ဆာခေါင်းနှင့် အပျော်မယ်များဖြစ်ကြောင်း သိလိုက်ရသည့်အခါ လက်နက်မပါကြောင်း အသေအချာ စစ်ဆေးပြီး ဘားထဲသို့ ဝင်ခွင့်ပြုလိုက်သည်။
ရှောင်ကျားရှုက အတွင်းခံကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားရာ အသက်ရှူကြပ်သည်ဟု ခံစားရသည့်အတွက် ရင်ဘက်ကို အဆက်မပြတ် ပွတ်သပ်နေလိုက်သည်။ သူ့လုပ်ရပ်များမှာ မည်မျှအထိ ဖျားယောင်းသွေးဆောင်ရာ ရောက်နေကြောင်းကိုမူ သတိမပြုမိသေးချေ။ သူတို့ကို သင်္ကာမကင်းသေးသည့် ဂိုဏ်းခေါင်းဆောင်များပင်လျှင် လေချွန်ကာ စနောက်မိကြတော့သည်။
"ဟေးလူ ဒီလောက်မိုက်တဲ့ မိန်းမလှလေးကို ဘယ်ကနေ သွားရှာလာတာလဲ ..."
"သူမက ငါ့ဆီမှာ လောင်းကစားကြွေးတွေ အများကြီး တင်ထားတယ်လေ မင်းသိပါတယ် ..."
ဝူချွမ်းရီက သူ့ကို ရှေ့သို့ တွန်းပို့ရင်း မျက်ရိပ်မျက်ခြည် ပြလိုက်သည်။
"ဧည့်သည်တွေကို ကောင်းကောင်း ဧည့်ခံထား ငါ အိမ်သာသွားမလို့ ..."
"စောက်ကျိုးနည်း ... မင်း ..."
ရှောင်ကျားရှုက သူ့အသံမှာ အလွန်ဩရှနေကြောင်း သတိထားလိုက်မိသည့်အတွက် ချက်ခြင်း ခပ်စူးစူးအသံကို ပြောင်းလဲလိုက်တော့သည်။
"ကျွန်မ ကြောက်လို့ သွက်သွက်လေး ပြန်လာခဲ့နော် ..."
"ဘာတွေ ကြောက်နေတာလဲ မင်းမှာ အချိန်ကောင်းလေးတွေ ရှိလာမယ့်ဟာကို ..."
ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်ရင်း လက်ကို ယမ်းပြလိုက်သည်။
"ဒီလို ထူးရှယ်လေးဆို ဘော့စ်က သေချာပေါက် သဘောကျမှာပဲ သူ့ကို အခန်းနံပါတ်တစ်ထဲ ပို့လိုက်ကြ ..."
ဤသို့ဖြင့် ရှောင်ကျားရှုကို ကော်ရစ်ဒါတစ်လျှောက် ဆွဲခေါ်ကာ ဇိမ်ခံပစ္စည်းတို့ဖြင့် အလှဆင်ထားသော အခန်းနံပါတ်တစ်ထဲ ထည့်လိုက်ကြတော့သည်။
လူမည်းဂိုဏ်း၊ လူဖြူဂိုဏ်း၊ အရှေ့တောင်အာရှဂိုဏ်း အစရှိသဖြင့် ဒေသအသီးသီးမှ ဂိုဏ်းခေါင်းဆောင်များ စုရုံးပျော်ပါးနေကြသော်ငြား အဓိကထိုင်ခုံတွင် ထိုင်နေသူမှာမူ တရုတ်လူမျိုးတစ်ယောက် ဖြစ်ပေသည်။ ကျန်ခေါင်းဆောင်များက တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်၍ ဖြစ်စေ၊ မိန်းမလှလေးများကို ရင်ခွင်ထဲ ထည့်ထား၍ဖြစ်စေ ပျော်ပါးသောက်စားနေကြသော်ငြား သူကမူ အလယ်ခေါင်ရှိ ဆိုဖာရှည်တွင် တစ်ယောက်တည်းသာ ထိုင်နေပေသည်။ လက်တစ်ဖက်က ဆိုဖာနောက်မှီပေါ် တင်လျက် ကျန်လက်တစ်ဖက်ဖြင့် စီးကရက်ကို ကိုင်ထားသော သူ့ပုံစံမှာ လွန်စွာ အေးစက်ပြီး မည်သည့်သက်ရှိကိုမှ မျက်လုံးထဲ ထည့်မထားသည့် အတိုင်းပင်။
သီးသန့်ချုပ်လုပ်ထားသည့် အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ကာ စံနမူနာ တြိဂံဇောက်ထိုးပုံစံ အချိုးအစားနှင့် ဂုဏ်သရေရှိလှသည့် အရှိန်အဝါတို့မှာ အထက်တန်းလွှာတစ်ဦးနှယ်။ သို့သော် အရေပြားပေါ်တွင် တွေ့နေရသည့် စက်ဆုပ်ရွံရှာထိတ်လန့်ဖွယ် တက်တူးတို့မှာမူ သူ၏ သေစေနိုင်လောက်သည်အထိ အန္တရာယ်များလှသော သဘောသဘာဝကို မီးမောင်းထိုးပြနေပေသည်။ သွယ်လျလှပသည့် ရှောင်ကျားရှုကို ကျန်ခေါင်းဆောင်များက အကြည့်မလွှဲစတမ်း စိုက်ကြည့်နေသည့်တိုင် သူကမူ သက်မဲ့တစ်ခုကို ကြည့်နေသည့်နှယ် ဖျတ်ခနဲသာ လှည့်ကြည့်လိုက်သည်။
သူ့အကြည့်တို့ကြောင့် ဇာတ်ကောင်စရိုက်ထဲ ချက်ခြင်း ရောက်သွားသော ရှောင်ကျားရှုက ခပ်မတ်မတ် ရပ်လျက် စကတ်အနားစများကို ဆက်တိုက် လုံးချေနေလိုက်တော့သည်။
"တရုတ်လား အရှေ့တောင်အာရှသားလား ..."
အာရှခေါင်းဆောင်တစ်ဦးက ပျင်းတိပျင်းရွဲ မေးလိုက်သည်။
"တ ... တရုတ်ပါ ..."
ရှောင်ကျားရှုမှာ သူ ရင်ဆိုင်ရမည့် အရာများကို မသိသည့်အတွက် အလိုက်သင့် ပြန်ဖြေပေးရုံသာ ရှိပေတော့သည်။
"တင်း သူမက မင်းအတွက်ပဲ ..."
ခေါင်းဆောင်များက အသစ်ရောက်လာသည့် မိန်းမလှလေးကို သိမ်းပိုက်ရန် လက်လျော့လိုက်ကြတော့သည်။
"က ..."
ကျိမြန်က လက်ကိုသာ စိတ်မပါလက်မပါ ယမ်းပြလိုက်သည်။ လူကို စိုက်ကြည့်ရန်ပင် အာရုံမလာခဲ့။
"အထင်သေးရွံရှာသည်" ဟူသည့် စကားလုံးတို့ကို မြင်နေသည့်အတွက် ရှောင်ကျားရှုလည်း စိတ်သက်သာရာ ရသွားတော့သည်။ အခန်းထဲတွင် ကပြနေသူများ အများအပြား ရှိနေသည့်အတွက် သူတို့၏ လှုပ်ရှားမှုကို တုပကာ ယောက်ယက်ခတ်စွာဖြင့် တင်ပါးတို့ကို တွန့်လိမ်လှုပ်ရှားလိုက်တော့သည်။ ဤသည်မှာ သရုပ်ဆောင်နေခြင်း မဟုတ်၊ ရှောင်ကျားရှုမှာ အမှန်တကယ်ကို မကတတ်သူဖြစ်ရာ ဤကဲ့သို့ သဘာဝကျလှသည့် သရုပ်ဆောင်မှုကပင်လျှင် ပိုမိုရယ်ရွှင်ဖွယ် ဖြစ်လာပေတော့သည်။
ကိုယ်ကို တစ်ပတ်လှည့်သည့်အခါ ပိုမိုကာ ဟန်ချက်ညီရမည် ဖြစ်သော်ငြား ဒေါက်ဖိနပ်စီးထားသည့်အတွက် ဟန်ချက်ပျက်နှင့်နေပြီဖြစ်ရာ ရုတ်ချည်း ပြိုလဲကျသွားတော့သည်။ ကျိမြန်၏ ခြေတံရှည်များအကြား လဲကျသွားသည်နှင့် တစ်ပြိုင်နက် ဆူညံနေသော အခန်းတစ်ခုလုံး ငြိမ်ကျသွားရာ ရှောင်ကျားရှုလည်း အေးစက်နေသော မျက်နှာထားနှင့် ကျိမြန်ကို သတိကြီးကြီးထားလျက် ပြုံးပြလိုက်မိတော့သည်။
နောက်တစ်စက္ကန့်အတွင်းမှာပင် သူ့ခေါင်းထဲသို့ ကျည်ဆန်တစ်တောင့် ထည့်သွင်းပေးရန် ရည်ရွယ်ချက်ဖြင့် လက်တစ်ဖက်က ခါးကြားထိုးထားသော သေနတ်ပေါ် ရောက်နှင့်နေပြီဖြစ်ကာ ကျန်လက်တစ်ဖက်က ကိုင်ထားသော ဆေးလိပ်မှာမူ ရှောင်ကျားရှု၏ ရင်ဘက်ပေါ်ရှိ အဝတ်စကို လောင်ကျွမ်းသွားစေသည့်အတွက် ပြင်းထန်လှသည့် ညှော်နံ့တို့ ထွက်ပေါ်လာတော့သည်။
ရှောင်ကျားရှုမှာ အလွန်ကြောက်လန့်နေသည့်အတွက် ထိုလောင်ကျွမ်းမှုကို ဂရုမပြုမိသေး။ ကျိမြန်ကမူ နာကျင်မှုဟူ၍ လုံးဝ မခံစားရသည့် ရင်ဘက်ကိုသာ အဓိပ္ပါယ်အပြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။
"ဒါဘာလဲ ..."
စီလီကွန်ရင်သားအတုကို ဆေးလိပ်ဖင်စီခံဖြင့် ထိုးလျက် မေးလိုက်သည်။ သူ့အမူအယာမှာ လုံးဝ အကဲခတ်ကြည့်၍ မရ။
ငုံ့ကြည့်လိုက်မိသည့် ရှောင်ကျားရှုမှာလည်း လိပ်ပြာလွင့်လုမတတ် ကြောက်လန့်သွားတော့၏။ ချက်ခြင်း မတ်တပ်ထရပ်ကာ ထွက်ပြေးတော့မည်ပြုစဉ် ကျိမြန်က သူ့လက်မောင်းကို ဆောင့်ဆွဲကာ အင်္ကျီလည်ပင်းကို ဆွဲဖြဲပြီး စီလီကွန်ရင်သားအတုကို ဆွဲထုတ်ကာ နက်ရှိုင်းသည့် အသံဖြင့် မေးလိုက်သည်။
"မင်းက ယောကျာ်းလား ..."
သွားပြီ သွားပြီ သွားပြီ ...
ရှောင်ကျားရှု၏ ခေါင်းတစ်ခုလုံး ထိုစာလုံးနှစ်လုံးဖြင့်သာ ပြည့်နှက်သွားတော့သည်။ သိူ့သော် ပြင်းပြလှသည့် ရှင်သန်လိုစိတ်ကြောင့် ထူးကဲလှသော အကြံဉာဏ်များ ထွက်ပေါ်လာကာ ပုံမှန်မဟုတ်သည့် အသံဖြင့် ပြောလိုက်သည်။
"မိန်းကလေး အဝတ်အစားဝတ်ပြီး မိန်းကလေးလို နေရတာကို ကြိုက်တဲ့သူတွေ ရှိသားပဲ အဲဒီတော့ ဘာဖြစ်လဲ ဖောက်သည်ရလာဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ ကျား မ ခွဲခြားချင်နေလို့ မရဘူး ဟုတ်ပြီလား ..."
မြောက်များစွာသော သက်တော်စောင့်များက သူ့ခေါင်းကို သေနတ်ဖြင့် ချိန်ထားလိုက်ကြသည်။ ကျိမြန်က သူ့ကို မပွင့်တပွင့်ပြုံးကာ စိုက်ကြည့်နေပြီး ဆံပင်အတုကို ဆွဲချွတ်ကာ ရေပုလင်းလိုက် လောင်းချလိုက်တော့သည်။
အရည်အသွေး ညံ့ဖျင်းလှသည့် မိတ်ကပ်အားလုံး ကွာကျသွားကာ ရှောင်ကျားရှု၏ မူလရုပ်သွင် ပေါ်ပေါက်လာတော့သည်။ မျက်ဝန်းတစ်ခုလုံး နီမြန်းကာ ကြောက်ရွံ့စိတ်တို့ ပြည့်နှက်နေသည်မှာ ထူးကဲဖြစ်စဉ်တစ်ခုနှယ်။ လက်ရှိသူ့ပုံစံမှာ မိန်းကလေးအဝတ်အစား ဝတ်ဆင်ထားသည်ထက်ပင် အဆရာပေါင်းများစွာ ပိုမိုကြည့်ကောင်းနေပေသည်။ အစောပိုင်းက သူ့ကို အကြည့်တစ်ချက်ပင် မပေးခဲ့သည့် ကျိမြန်မှာ ယခုမူ မေးရိုးကို ဖျစ်ညှစ်ကာ အတင်းအကြပ် မော့စေလျက် နက်မှောင်ပြီး အဓိပ္ပါယ်ဖော်ရခက်သည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေလိုက်သည်။
အေးစက်မှုနှင့် မတူမတန်မှုများအားလုံး လွင့်စင်ပပျောက်ကာ စိတ်ဝင်စားကျေနပ်မှုများသာ ကျန်ရစ်ခဲ့တော့သည်။ လက်ကို ယမ်းကာ အက်ကွဲနေသည့် လေသံဖြင့် ပြောလိုက်သည်။
"အားလုံး ထွက်သွား ..."
လူတစ်ယောက်အပေါ် စိတ်ဝင်စားကြောင်း ပထမဆုံးအကြိမ် ထုတ်ပြမိခြင်းပင်ဖြစ်သည်။
ခေါင်းဆောင်များက အလှလေးများကို ဖက်တွယ်လျက် ထွက်သွားကြပြီး သက်တော်စောင့်များက တံခါးပိတ်ကာ အပြင်ဘက်မှသာ စောင့်ကြပ်ပေးလိုက်ကြတော့သည်။ ထိုအခါမှ သူက ရှောင်ကျားရှု၏ မေးစေ့ကို လွှတ်ပေးကာ ဆိုဖာပေါ် ထိုင်လျက် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ငါ့ကို ကပြ ကောင်းကောင်း ကနိုင်ရင် လွှတ်ပေးမယ် ..."
"တကယ်လား ..."
ရှောင်ကျားရှုက အသံခပ်စူးစူးဖြင့် သတိကြီးကြီးထားကာ မေးလိုက်သည်။
"ပုံမှန်အတိုင်းပြော ..."
ကျိမြန်က နှုတ်ခမ်းနီတို့ ကျန်ရစ်နေဆဲဖြစ်သော နှုတ်ခမ်းကို လက်မဖြင့် အသာအယာ ပွတ်သပ်လျက် ပြောလိုက်သည်။ သူ့အမူအယာမှာ အတိမ်အနက် ခန့်မှန်းရခက်နေပေသည်။
"တကယ်လား ..."
ရှောင်ကျားရှုက သူ့ပင်ကိုယ် ယောကျာ်းလေးအသံဖြင့် တစ်ဖန် ထပ်မေးလိုက်ပြန်သည်။
"တကယ်ပေါ့ ..."
ကျိမြန်က ခပ်တိုးတိုး ရယ်မောလိုက်လျှင် သေစေနိုင်လောက်အောင် အန္တရာယ်များသည့် အရှိန်အဝါအားလုံး လွင့်စင်ပပျောက်သွားတော့၏။ ရှောင်ကျားရှုကို စိုက်ကြည့်နေသည့် အကြည့်တို့မှာ သားကောင်ကို ချောင်းနေသည့် သားရဲတစ်ကောင်နှယ်ပင်။
ရှောင်ကျားရှုမှာ ဆံပင်များ ထောင်သွားသည်အထိ ကျောချမ်းသွားသော်ငြား မတ်တပ်ထရပ်ကာ အင်္ကျီကော်လာကြယ်သီးကို ဖြုတ်လျက် အစောပိုင်းက ကခုန်နေသူများကို အတုယူကာ စတင် ကပြလိုက်ရတော့သည်။ ဆက်စီကျကျ ရမ္မက်ကြွစဖွယ် လှုပ်ရှားမှုများကို သိနိုင်ရန် မဆိုထားနှင့် လုံးဝ မကတတ်ကြောင်းကိုမူ ဘုရားသခင်သာ သိပေလိမ့်မည်။ ဤသို့ဖြင့် သူ၏ ကကွက်မှာ လက်သီးဆုပ်ကာ ကြောင်တစ်ကောင်နှယ် ဘယ်ညာယိမ်းလျက် ခါးနှင့် တင်ပါးတို့ကို အနည်းငယ် တွန့်လိမ်လှုပ်ရှားပြခြင်းမျှသာ ဖြစ်ပေတော့သည်။
ဖာ့ခ် မူကြိုတုန်းက ပထမဆုံး သင်ခဲ့ဖူးတဲ့ "Kitty Meow Meow" အကကိုတောင် သတိရသွားပြီ သင်ရတာလည်း လွယ်ပြီး မေ့လည်း မမေ့တော့ဘူးလေ ...
ကခုန်ခြင်းအပေါ်တွင်သာ အလွန်အမင်း အာရုံစိုက်ထားရာ ခုန်ပေါက်လှုပ်ရှားပြီးနောက် လက်သီးဆုပ်ကို ပါးနှစ်ဖက်နှင့် ကပ်လျက်ပင် "မြောင်" ဟု လှလှပပ အော်ပြလိုက်သေးသည်။
ကျိမြန်က သူ့ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ကာ ဆိုဖာကိုမှီလျက် အားရပါးရ ရယ်မောလိုက်တော့သည်။ ထို့နောက်တွင်မှ လက်ညှိုးကိုကွေးကာ အက်ကွဲနေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒီနားလာခဲ့ ..."
"ကလို့ ပြီးသွားပြီလေ ..."
ရှောင်ကျားရှုက သူ့ကို လွှတ်ပေးသင့်ပြီဖြစ်ကြောင်း သတိပေးလိုက်သော်ငြား မျက်လုံးအပြူးသားဖြင့် ခွကြားနေရာကို အလန့်တကြား ငေးကြည့်နေမိလိုက်တော့သည်။
ဖာ့ခ် ဘာလို့ ပေါင်ကို ဒီလောက်အကျယ်ကြီး ဟထားရတာလဲ heat တက်နေတာလား ...
ထိုအခါမှ ဆက်ဖြစ်လာမည့် ကိစ္စတို့ကို သဘောပေါက်သွားသော်ငြား နောက်ပြန်ဆုတ်စရာ မရှိတော့ချေ။
ကျိမြန်က သူ့ခွကြားရှိ အထုပ်အထည်အကြီးကြီးကို အတိုင်းသား ပြထားရသည့်အတွက် ရှက်ရွံ့နေဟန်မရှိ၊ နောက်တစ်ဖန် အမိန့်ပေးလိုက်ပြန်သည်။
"ဒီနားလာခဲ့ ..."
ပျင်းရိပျင်းတွဲ အမူအယာတွင် လက်ဦးမှု ရယူလိုစိတ်နှင့် ကြင်နာမှုတို့ ရောယှက်နေသော်ငြား လေသံမှာမူ အလွန်မာထန်လှသည်။
ရှောင်ကျားရှု၏ မျက်လုံးတို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားကာ ချက်ခြင်း အကြံရသွားတော့၏။ ခပ်ဖြည်းဖြည်း လျှောက်လာကာ ညွှန်ပြထားသည့်
အတိုင်း ကျိမြန်ခါးပေါ် တက်ခွထိုင်လိုက်၏။ ထို့နောက် သူ့နှုတ်ခမ်းကို နမ်းတော့မည့်ဟန်ဖြင့် အနားကပ်လာကာ သတိလစ်မေ့မြောသည်အထိ အရှိန်ပြင်းစွာ ရိုက်နှက်လိုက်တော့သည်။
Xxxxxxx