အပိုင်း ၁၄၂
Viewers 57k

Chapter 142





စက္ကန့်ပိုင်းအတွင်း နားလည်သွားသော ကျောက်ချွမ်က လက်ခုပ်တီးကာ ပြောလိုက်သည်။ 


"အိုကေ ရလဒ်က သိပ်ကိုကောင်းတယ် နောက်တစ်ပိုင်းကို ဆက်သွားရအောင် လွမ်ကျဲ အဆင်သင့်ပဲလား ..." 


ထောင့်တွင်ပုန်းကာ သောက်နေသည့် ကျွမ်းလွမ်က ချက်ခြင်း ပြေးထွက်လာလိုက်သည်။ 


"အဆင်သင့်ပဲ ..." 


နောက်တစ်ပိုင်းမှာ ကျွမ်းလွမ်တစ်ယောက် လိုက်လံဖမ်းဆီးခံရသည့်အပိုင်း ဖြစ်သည်။ လူသတ်သမားလက်ထဲမှ လွတ်လာကာ ဘား၏ နောက်ဖေးပေါက်မှတစ်ဆင့် ဝင်လာပြီး လူအုပ်ထဲမှ ဟန်သုံကို လိုက်လံရှာဖွေလိုက်သော်ငြား ဘားထဲသို့ သောက်စရာ သွားယူသူကို မသိလိုက်မသိဘာသာဖြင့် ဖြတ်လာမိခဲ့တော့သည်။ စတန့်သရုပ်ဆောင်များ ဖြစ်ကြသော ဝူချွမ်းရီနှင့် ကျွမ်းလွမ်အဖို့ ဤအခန်းမှာ မခဲယဉ်းလှ၊ အလျင်အမြန်ပင် ရိုက်ကူးပြီးစီးသွားတော့သည်။



ထို့နောက် ကျွမ်းလွမ်နှင့် တွဲဖက်သရုပ်‌ဆောင်ရမည့် ရှောင်ကျားရှု၏ အလှည့်သို့ ရောက်လာတော့သည်။ တစ်ဦးက ကော်ရစ်ဒါအပြင်တွင် ရပ်ကာ လူရှာနေပြီး ကျန်တစ်ဦးက မိန်းကလေးများ ခြံရံလျက် သီးသန့်ခန်းထဲ ဝင်မည်ပြုစဉ် သန့်စင်ခန်းသို့ အတင်းဆွဲခေါ်ကာ chip တစ်ခု ပေးခြင်းကို ခံလိုက်ရတော့သည်။ 


ရိုက်ကူးရေး မစတင်မီ သူက ကျိမြန်ကို အလေးအနက် ပြောလိုက်သည်။ 


"ကျိကော ကျွန်တော်တို့က ရိုက်ကူးရေး လုပ်နေတာနော် အားလုံးက အတု‌အယောင်တွေပဲဆိုတော့ အရမ်းကြီး အတွေးမလွန်နဲ့ ဟုတ်ပြီလား ..." 


"ကိုယ်က ဘာကို အတွေးလွန်ရမှာလဲ ..." 


ကျိမြန်က စနောက်လိုက်သည်။ 


"ကျွန်တော် အရန်ဇာတ်ကောင်တွေနဲ့ ဖက်ပြီးတော့ အရက်သောက်ရရင် အတွေးမလွန်နဲ့နော် ရိုက်ကူးရေး လုပ်နေရပေမယ့် ကျွန်တော့်နှလုံးသားကတော့ ကောတစ်ယောက်တည်းနဲ့ပဲ ပြည့်နှက်နေတာ လာပါ ဒါကို ယူထားလိုက် ..." 


သူ့ဘယ်ဘက်ရင်အုံထဲမှ တစ်ခုခုကို ဆွဲထုတ်လာသည့်နှယ် လက်ငါးချောင်းကို ဆန့်တန်းလျက် ကျိမြန်၏ ဘယ်ဘက်ရင်အုံကို ဖိကပ်ကာ အလေးအနက် ပြောလိုက်သည်။ 


"ရိုက်ကူးရေး ပြီးတာနဲ့ ဒါကို ပြန်လာယူမှာနော် သေချာလေး သိမ်းထားပေး ..." 


"Pfft! ..." 


ကျိမြန်မှာ မရယ်ဘဲပင် မနေနိုင်။ သူ့ကောင်လေး၏ နောက်စေ့ကို လက်ဖဝါးဖြင့် ညင်ညင်သာသာ ပွတ်ပေးလျက် အလိုလိုက် အကြိုက်ဆောင်လိုက်သည်။ 


"ဒီလောက်အထိ ချစ်ဖို့ကောင်းနေရအောင် ဘာတွေစားပြီးများ ကြီးပြင်းလာလဲ ... ဟင် ..." 


"ကျွန်တော် အတည်ပြောနေတာလေ ဘာလို့ ရယ်နေတာလဲ ..." 


ရှောင်ကျားရှုက မျက်ခုံးကိုပင့်ကာ စိတ်ဆိုးတကြီး ဆူပူလိုက်ပြီးကာမှ ရယ်မောလိုက်လျှင် နီရဲနေသည့် နှုတ်ခမ်းပါးတစ်ခုလုံး လှပစွာ ကွေးညွတ်သွားတော့သည်။ 


ကျိမြန်က သူ့ကို ဖိနမ်းလိုက်ပြီးကာမှ ရင်ဘက်ကို ဖိလျက် အလေးအနက် ပြောလိုက်သည်။ 


"စိတ်ချပါ ကိုယ် ဂရုစိုက်ပေးပါ့မယ် ဒီအကြောင်း တွေးမနေနဲ့ သွက်သွက်လေး ရိုက်ကူးရေးလုပ်တော့ ..." 


"ဒါဆို ကျွန်တော် သွားပြီနော် ..." 


ထို့နောက် ပြုံးလျက်နှင့်ပင် သီးသန့်ခန်းထဲ ပြေးဝင်သွားလိုက်တော့သည်။ 


ဘေးနားတွင် ရပ်နေသည့် ကျောက်ချွမ်က မျက်လုံးကို လှိမ့်လျက် ချဉ်စူးလေဟန်ဖြင့် ပြောလိုက်သည်။ 


"မရင့်ကျက်လိုက်တာ ..." 


"ငါက မရင့်ကျက်တဲ့ ကောင်လေးတွေကို သဘောကျတယ် ..." 


ကျိမြန်က ဝိုင်ခွက်ကို အသာကိုင်ထားရင်း ပြောလိုက်သည်။ 


ကျောက်ချွမ်က မနှစ်မြို့သည့်နှယ် အေးစက်စွာ လှောင်ရယ်လိုက်သော်ငြား အကြည့်တို့မှာမူ အားကျမှုတို့ ပြည့်နှက်နေပေသည်။ နေရာအနှံ့ လူလိုက်ရှာနေသည့် ကျွမ်းလွမ်ကို ဦးစွာ ရိုက်ကူးလိုက်ကာ ကောင်မလေးများကို သီးသန့်ခန်းထဲ ခေါ်သွားသည့် ရှောင်ကျားရှုကိုပါ တစ်ဆက်တည်း ရိုက်ကူးလိုက်သည်။ ထိုအခန်းများမှာ မခက်ခဲလှရာ အလျင်အမြန်ပင် ရိုက်ကူးပြီးစီးသွားပြီး မှန်ကန်သည့် အခန်းကို ရှာတွေ့ကာ လူကို ဆွဲထုတ်လာသည့် အခန်းသို့ ရိုက်ကူးချိန် ရောက်လာတော့သည်။ 


"ရှောင်ကျားရှု မင်းက အိမ်သာထဲ ထိုင်ပြီးတော့ ကျွမ်းလွမ်ကို အတင်းငုံ့နမ်း ကျွမ်းလွမ် မင်းကကျ သူ နမ်းဖို့လုပ်တာနဲ့ တစ်ပြိုင်နက် လေးငါးခြောက်ကြိမ်လောက် ပါးရိုက်လိုက် ..." 


သူ့စကားပင် မဆုံးသေး ၊ ဘေးတွင် ရပ်နေသော ကျိမြန်က ဖြည့်ပြောလိုက်သည်။ 


"ဂရုစိုက် ရှောင်ရှုကို မထိခိုက်စေနဲ့ ..." 


ကျွမ်းလွမ်က နဖူးကို ဖိကိုင်ကာ ပြောလိုက်သည်။ 


"ငါသိပါတယ် ဇာတ်လမ်းရိုက်လာတဲ့ နှစ်တွေလည်း နည်းမှ မနည်းတော့တာ ဘယ်လို ပါးရိုက်ရမလဲဆိုတာကို မသိဘဲ နေမလား ကျိမြန် ဘေးဖယ်နေစမ်းပါ နင် သည်းမခံနိုင်ဘဲ ရှောင်ကျားရှုကိုယ်စား လက်စားချေလာမှာကို ကြောက်လွန်းလို့ ..." 


အိမ်သာထဲ ထိုင်နေသော ရှောင်ကျားရှုက သဘောတကျ ပြုံးရယ်လိုက်သည်။ ကျိမြန်က သူ့ကို လှည့်ကြည့်ကာ အရှုံးပေးလိုက်ဟန်ဖြင့် ပြောလိုက်၏။ 


"အိုကေ ဘာမှ မပြောတော့ဘူး ရိုက်ကူးရေးကိုသာ စလိုက်တော့ ..." 


ကျွမ်းလွမ်က စိတ်သက်သာရာ ရသွားသည့်တိုင် အနည်းငယ် သတိကပ်‌ထားဆဲပင်။ အရက်မူးနေသည့် သရုပ်ကို ပီပြင်စေရန် အလို့ငှာ ရှောင်ကျားရှုက ပါးနီများ လိမ်းခြယ်ထားပြီး ရီဝေယစ်မူးနေသဖြင့် တစ်ဖက်သူ၏ ပြောစကားကို လုံးဝ ဂရုမစိုက်တော့။ သူမက သူနှင့်အတူ အိပ်ချင်နေသည်ဟုသာ ထင်ကာ အတင်းအကြပ် ငုံ့နမ်းနေသည့်အတွက် သူမအနေဖြင့်လည်း ပြင်းထန်သည့် သင်ခန်းစာတစ်ရပ် ပေးလိုက်ရုံမှအပ ရွေးစရာ မရှိတော့ချေ။ 


သန့်စင်ခန်းထဲ ဝင်လာသူက ပါးရိုက်သည့်အသံအပေါ် နားလည်မှုလွဲကာ တံခါးရွက်ပေါ် နားရွက်ကပ်လျက် ခိုးနားထောင်လိုက်သည်။ ကျွမ်းလွမ်ထွက်သွားပြီးနောက် ထိုသူက အထဲဝင်ကာ အခြေအနေကို အကဲခတ်လိုက်သည့်အခါ မတ်တပ်ပင် မရပ်နိုင်၊ အိမ်သာပေါ်တွင် သေလုနီးပါး အခြေအနေဖြင့် ထိုင်နေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အတွက် ထွက်သွားနှင့်ပြီဖြစ်သော ကျွမ်းလွမ်ကို အထင်တကြီး စိုက်ကြည့်ရင်း ရှောင်ကျားရှုကို လှောင်ရယ်လိုက်တော့သည်။ 


ထိုအခန်းမှာ မခက်ခဲလှသည့်အပြင် သရုပ်ဆောင်နှစ်ဦး၏ ပူးပေါင်းမှုမှာလည်း ကောင်းမွန်သည့်အတွက် အင်မတန် လွယ်ကူသည်ဟုပင် ပြော၍ရပေသည်။ အနိုင်ကျင့်ခံရပြီးနောက် ရှောင်ကျားရှုမှာ အထင်အမြင်လွဲစေရန် အလို့ငှာ ငြီးငြူသံအချိူ့ကိုလည်း ထုတ်ပေးနေရသေးသည်။ သို့မှသာ လူသတ်သမားက ထိုသူနှစ်ဦးမှာ သူ့ပစ်မှတ်မဟုတ်ဟု တွေးကာ ထွက်သွားမည်ဖြစ်သည်။


အပြင်ဘက်ရှိ လူသတ်သမားကို အာရုံပြောင်းနိုင်ရန် အလို့ငှာ ကျွမ်းလွမ်မှာ သူ့ကို ဆက်တိုက် ပါးရိုက်နေရသည်။ ပါး၊ လက်မောင်း၊ ရင်အုပ်နှင့် ပေါင်တို့ကို ရိုက်ရုံသာမက ဒွိဟဖြစ်စေနိုင်လောက်သည့် ဆူညံသံတို့ ထွက်လာစေရန် အလို့ငှာ သူ့ကို အကြိမ်ကြိမ်အဖန်ဖန် မ ထူလိုက်၊ အိမ်သာခွက်ပေါ် ပစ်ချလိုက်လည်း လုပ်ခဲ့ရသေးသည်။ 


အကြောင်းပြချက်မရှိ အနိုင်ကျင့်ခံလိုက်ရသည့် ရှောင်ကျားရှုက chip ပြားကို နံရံအစွန်းသို့ အားမာန်အပြည့်ဖြင့် လွှင့်ပစ်လိုက်ရာ ၎င်းက ဆက်တိုက် လိမ့်ဆင်းသွားပြီး နံရံအက်ကြောင်းအကြား ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။ 


ဟာသကားရိုက်ကူးရာတွင် ပထမဆုံးအကြိမ်ဖြစ်သည့် ရှောင်ကျားရှုက ဤအရေးပါလှသည့် အခိုက်အတန့်ကို သဘောမပေါက်။ ပထမစာသားအချို့ကို ‌မပြောနိုင်ခဲ့သော်ငြား နောက်ပိုင်းတွင် တစ်ဖြည်းဖြည်း အံဝင်ခွင်ကျ ဖြစ်လာတော့သည်။ ချုပ်တည်းထားခြင်း မရှိဘဲ အားမာန်အပြည့်ဖြင့် ငြီးငြူလိုက်သည့်အပြင် ရံဖန်ရံခါ မောဟိုက်သံများလည်း ထွက်လာပေးနေရာ ကျွမ်းလွမ်ပင် ရယ်ချလုမတတ် ဖြစ်သွားတော့သည်။ သို့သော် ကျိမြန်မှာမူ လုံးဝ မရယ်နိုင်။ သူ့ချစ်သူလေးကို နက်မှောင်နေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်နေကာ သူ မည်သည့်အရာများအား တွေးနေကြောင်းကိုမူ မည်သူမှ မခန့်မှန်းတတ်ကြချေ။ 


သန့်စင်ခန်းထဲမှ အပိုင်းကို ရိုက်ကူးပြီးနောက် ကျွမ်းချွမ်က လက်ခုပ်တီးလျက် ပြောလိုက်သည်။ 


"ဒီတစ်ခုလည်း ပြီးသွားပြီဆိုတော့ chip ပြားရှာတဲ့အခန်းပဲ ကျန်တော့တယ် ရှောင်ကျားရှု မိတ်ကပ်သွားပြင်လိုက်တော့ ကျိမြန်နဲ့ ဝူချွမ်းရီက အဆင်သင့် ပြင်ထားမယ်နော်  ..." 


ဟန်သုံ၏ ကယ်တင်ခြင်းကို ခံရပြီးနောက် ရှုထျန်းယုမှာ chip ပြား၏ အရေးပါပုံကို သဘောပေါက်သွားရာ ၎င်းကို ပြန်လည်ရှာဖွေရန် ဘားသို့ ပြန်လာကြသည့်အခန်း ဖြစ်သည်။ နောက်တစ်နေ့ရောက်ကာမှသာ ဘားကို သွားခဲ့နိုင်ပြီး သူတို့ရောက်သွားသည့် အချိန်တွင် big shot အချို့၏ ကြိုတင်ငှားရမ်းမှုကြောင့် ပြည့်တန်ဆာခေါင်းနှင့် မိန်းမလှလေးများမှအပ ဘားထဲသို့ မည်သူမှ မဝင်ရချေ။ ရှုထျန်းယု၏ လှပသော မျက်နှာလေးကို ငေးကြည့်ရင်း အကြံရသွားသော ဟန်သုံက သူ့ကိုယ်သူ ပြည့်တန်ဆာခေါင်းအဖြစ် ဟန်ဆောင်ကာ ရှုထျန်းယုအား မိန်းကလေးအဖြစ် ဝတ်စားဆင်ယင်စေလျက် ဘားအတွင်း ဝင်ရောက်ကြရန် အကြံပြုလာသည်။ ဤသို့ဖြင့် ရှုထျန်းယုနှင့် တင်းကျင်းစုန့်တို့၏ ပထမအကြိမ် တွေ့‌ဆုံမှု စတင်ပေါ်ပေါက်လာခဲ့ရတော့သည်။ 


ဘားထဲသို့ မဝင်မီအခန်းမှာ အလွန်ရိုးစင်းသည့်အတွက် ရှောင်ကျားရှုနှင့် ဝူချွမ်းရီတို့ အလျင်အမြန်ပင် ရိုက်ကူးပြီးစီးသွားတော့သည်။ ထို့နောက် ရှောင်ကျားရှုက ရှေ့ဆက်ရိုက်ကူးမည့် အခန်းအတွက် မိန်းကလေးအဝတ်အစားများ လဲလှယ်လိုက်ရတော့သည်။ စတိုင်လစ်က သူ့ကို အစစ်နှင့်မခြား ထပ်တူညီလှသည့် ဆီလီကွန်ရင်သားများ ဝတ်ဆင်ပေးကာ ဇာဘော်လီတစ်ထည်နှင့်အတူ ခန္ဓာကိုယ်အတိုင်း ကွက်တိကျအောင် ချုပ်ထားသည့် အစိမ်းရင့်ရောင် တရုတ်ရိုးရာ Cheongsam ဝတ်စုံကို ပြင်ဆင်ပေးထားလိုက်သည်။ ဝတ်စုံမှာ တင်ပါးဖုံးရုံမျှသာ ရှည်လျားကာ ခြေတံရှည်တို့ကို အနက်ရောင် အသားကပ်ခြေအိတ်နှင့် ဒေါက်ဖိနပ်တစ်ရန်တို့ဖြင့် ဆင်ယင်ပေးထားပြီး မိတ်ကပ်ထူထူ လိမ်းကျံရုံသာမက ဆံပင်အတုကိုပင် ဝတ်ဆင်ထားလိုက်သေးသည်။ 


အဝတ်လဲခန်းမှ ထွက်လာသည့်အခါ ဘီယာသောက်နေသည့် ဝူချွမ်းရီပင် ဘီယာ‌များ ထွေးထုတ်မိလုမတတ် ဖြစ်သွားတော့သည်။ ကျိမြန်ကမူ နေရာတွင်ပင် ကြောင်အသွားတော့၏။ ရှောင်ကျားရှု၏ ရုပ်ရည်မှာ လွန်စွာ လှပကြောင်း သိထားသည့်တိုင် မိန်းကလေးကဲ့သို့ ဝတ်ဆင်လိုက်ပါလျှင် ဤမျှအထိ လှပလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။ ရွှယ်မြောင်နှင့် ရှောင်ချီကျဲတို့၏ ကောင်းကွက်အားလုံးကို အမွေဆက်ခံထားရရာ မျက်နှာကောက်ကြောင်းတို့ကို အနည်းငယ် နူးညံ့စေလိုက်သည့်အခါ အရုပ်တစ်ရုပ်နှယ် နူးညံ့လှပ‌သွားတော့သည်။ 


ခြေတံတို့က ဖြောင့်တန်းရှည်လျားသည့်အပြင် တင်ပါးတစ်စုံမှာလည်း သေးကျဉ်းသည့်တိုင် ပုံပန်းကျလှသည့်အတွက် အစိမ်းရင့်ရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်လိုက်သည့်အခါ ချစ်စရာကောင်းမှုနှင့် ညှို့အားပြင်းမှုတို့ ရောယှက်ပေါင်းစပ်သွားတော့သည်။ အိတ်သေးသေးလေး တစ်လုံးကို လွယ်လျက် ရပ်နေသည့်အခါ သူ့ဘေးရှိ ကြည့်ကောင်းလှပါသည့် ကျွမ်းလွမ်ပင်လျှင် ‌ယောကျာ်းလျာတစ်ဦးနှယ် ထင်မှတ်သွားရတော့သည်။ 


"သွားပါပြီ သွားပါပြီ ငါ ဘယ်လိုလုပ်ပြီး ရုပ်ရှင်ဆက်ရိုက်လို့ ရတော့မှာလဲ အမျိုးသားသရုပ်ဆောင်ရဲ့ လွှမ်းမိုးမှုကို ခံနေရတာ ငါ့မျက်နှာကို ဘယ်နား ဖွက်ထားရတော့မှာလဲ ..." 


ကြောင်အနေသော ဝန်ထမ်းအားလုံး သတိပြန်ကပ်လာကာ ဝမ်းသာအားရ ရယ်မောလိုက်ကြတော့သည်။ 


ကျိမြန်က ဖုန်းကိုထုတ်ကာ ချော့မော့ပြောလိုက်သည်။ 


"ရှောင်ရှု ဒီနားလာပြီး ကိုယ်နဲ့ ဓာတ်ပုံလာရိုက်လှည့်ပါဦး Weibo မှာ ပို့စ်တင်ချင်လို့ ..." 


ကျိမြန်၏ ခေါ်သံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက ဒေါက်ဖိနပ်စီးကာ အိတ်အသေးလေးကို လွယ်လျက် လျှောက်လာလိုက်သည်။ သူ ပြုတ်မကျစေရန် အလို့ငှာ ကျိမြန်က လက်တစ်ဖက်ဖြင့် ခါးကို တင်းတင်းကြပ်ကြပ် ဖက်လျက် ကျန်လက်တစ်ဖက်က ကျစ်လျစ်နေသော တင်ပါးကို ပွတ်သပ်ရင်း ခပ်တိုးတိုး ရယ်‌သံနှောရင်း ပြောလိုက်သည်။ 


"အရမ်းကို အိစက်နေတာပဲ ..." 


"ကျိကော ကောက နှာဘူးလား ..." 


ရှောင်ကျားရှုက ပါးနှစ်ဖက် နီမြန်းလျက် မကျေမနပ် ပြောလိုက်သည်။ 


"ကိုယ့်ချစ်သူကို လုပ်တာက နှာဘူးလို့ ပြောလို့ မရပါဘူးနော် ..." 


ကျိမြန်က သူ့ကို ဖျတ်ခနဲ ငုံ့နမ်းရင်း စနောက်လိုက်သည်။ 


"မင်းမျက်နှာက အရမ်းကို ပူနေပြီ ဘာလဲ ရှက်နေတာလား ..." 


"ကောလည်း ဂါဝန် ဝတ်ကြည့်ပါလား ..." 


ရှောင်ကျားရှုက ဂါဝန်အနားစကို တင်ပါးဖုံးသည်အထိ ဆွဲချရင်း ပြောလိုက်သည်။ 


"စကတ်ကလည်း တိုလိုက်တာ အပေါ်အထိကို လိပ်တက်နေပြီ စတိုင်လစ်က ဘာတွေကို တွေးနေတာလဲ ..." 


"မင်းက ဘာဝတ်ဝတ်ကို ကြည့်ကောင်းတယ် ..." 


ကျိမြန်က သူ့တင်ပါးတို့ကို လက်ဖဝါးကြီးများဖြင့် အမြဲလိုလို ထိန်းကိုင်ထားပေးသည့်အတွက် တုန်တုန်ယင်ယင် ဖြစ်မနေတော့ချေ။ 


တစ်ယောက်က ချောမောခန့်ညားကာ ကျန်တစ်ဦးက မက်မွန်ပွင့်သဖွယ် လှပနေသည့်အပြင် ထူးထူးကဲကဲ ကျစ်လျစ်သွယ်လျလှသည့် ကိုယ်နေဟန်ထားတို့ဖြင့် ယှဉ်တွဲလိုက်သည့်အခါ သရုပ်ဆောင်အစား စူပါမော်ဒယ်တို့နှင့်ပင် ပို၍ ဆင်တူသွားတော့သည်။ အရှိန်အဝါတို့မှာလည်း လွန်စွာ သန်မာလှရာ ကျောက်ချွမ်က အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။ 


"ဓာတ်ပုံဆရာရေ ဒီနားကို သွက်သွက်လေး လာပြီး အလှဓာတ်ပုံလေးတွေ ရိုက်ပေးလိုက်ပါဦး ..." 


အကျိုးနည်းဟေ့ ဒီပုံတွေက အရင်တစ်ခေါက်က ပုံတွေထက်တောင် ပိုပြီး ပေါက်ကွဲထွက်ချင်စရာ ကောင်းနေသေးတယ် ပို့်စ် ဆင်တူ လုပ်ခိုင်းပြီး ရှေ့တစ်ခေါက်က ပုံတွေနဲ့သာ ယှဉ်ပြီး တင်လိုက်မယ်ဆိုရင် ဟာသလည်း ဖြစ်၊ ရုပ်ရည်ကလည်း မျက်စိပသာဒဖြစ်နဲ့ သက်ရောက်မှု‌က နှစ်ဆတောင် ပိုကောင်းသွားဦးမယ် ... 


ထိုသို့ တွေးမိပြီးနောက် ဓာတ်ပုံဆရာအား ပြီးခဲ့သည့်အခေါက်က ရိုက်ကူးထားသော ဓာတ်ပုံများကို ယူလာခိုင်းလိုက်တော့သည်။ ကျိမြန်နှင့် ရှောင်ကျားရှုတို့ကို ယခင်ရိုက်ကူးခဲ့သည့် ဓာတ်ပုံများအတိုင်း ကိုယ်နေဟန်ထား၊ အမူအယာနှင့် ရိုက်ကွင်းနေရာတို့ကို တစ်ပုံစံတည်း ပြန်ရိုက်စေကာ ခြားနားချက်ဟူ၍ အမျိုးသားဝတ်စုံ ဝတ်ထားသည့် ရှောင်ကျားရှုမှ အမျိူးသမီးဝတ်စုံ ဝတ်ထားသည့် ရှောင်ကျားရှုအဖြစ်သို့ ပြောင်းလဲသွားခြင်း တစ်ခုသာ ရှိပေသည်။ ထိုပြောင်းလဲချက်ကပင်လျှင် ခံစားချက်တို့ကိူ လုံးဝဥဿုံ ပြောင်းလဲသွားစေတော့၏။ 


ထိုပုံထဲရှိ မုန်းတီးမှုမှာ များစွာ မပြင်းထန်တော့သော်ငြား ဇာတ်ကောင်နှစ်ယောက်အကြား ဆွဲဆောင်မှုနှင့် ဆန္ဒရမ္မက်တို့မှာမူ ပိုမိုပြင်းထန်လာကာ အဓိပ္ပါယ်နှစ်ခွဖြစ်ဖွယ် လေထုမှာလည်း လွန်စွာ သန်မာလာသည်မှာ ဖြတ်သွားဖြတ်လာများသာ မြင်ခဲ့ပါလျှင် ရန်ဖြစ်နေသည့် အချစ်ငှက်နှစ်ကောင်ဟု မုချ ထင်မှတ်သွားလုမတတ်ပင်။ သို့သော် ယခု ရိုက်ကူးထားသည့် ပုံများနှင့် ယခင်ပုံများကို ယှဉ်တွဲတည်းဖြတ်လိုက်သည့်အခါ ရုတ်ချည်း သဘောပေါက်သွားကြတော့၏။ 


ဘုရားရေ ဒီမိန်းမလှလေးနဲ့ ဟိုကောင်ချောလေးနဲ့က တစ်ယောက်တည်းပဲတဲ့လား ... 


အလှည့်ဖျားခံရမှုအပြီး မယုံနိုင်မှုနှင့် ရယ်မောလိုသည့် ခံစားချက်တို့ ပြန်လည်ရောက်ရှိလာကာ အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် ထိုလှပလှသည့် ဓာတ်ပုံ၏ ဆွဲငင်မှုနောက်သို့ မုချ လိုက်ပါသွားရတော့မည်ဖြစ်သည်။ 


ဒီနှစ်ခုလုံးကိုသာ တစ်ပြိုင်တည်း ထုတ်လွှင့်လိုက်ရင် ဟာသနဲ့ ပတ်သက်တဲ့ သက်ရောက်မှုက ပိုပြီး တိုးလာမယ့်

အပြင် ကြည့်ရှုနှုန်းကပါ နောက်က လိုက်လာမှာ အားလုံးမှာ ထွင်လုံးတွေ ရှိနေပြီးသားဆိုတော့ ပရိသတ် မဝယ်မှာကို ပူနေစရာ လိုသေးလို့လား ... 




Xxxxxxxx