အပိုင်း ၁၃၂
Viewers 57k

Chapter 132




"ဟုတ်ကဲ့ပါ ကျိလောင်ရှီး ကျွန်တော့်ကို အကြံတွေ ပေးပါဦး ..." 


ဝူချွမ်းရီမှာ အလွန်စိတ်လှုပ်ရှားသွားကာ ချက်ခြင်းပင် မြောက်များစွာသော သရုပ်ဆောင်တို့နှင့်အတူ စတင်ပြင်ဆင်လိုက်တော့သည်။


 ကျိမြန်က ကင်မရာမှတစ်ဆင့် တိုက်ကွက်များကို တစ်ခုခြင်း အကဲဖြတ်ကာ အင်မတန် ဆီလျော်လှသည့် ထင်မြင်ယူဆချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ အကြံပေးလိုက်သေးသည်။ သူသည် "Zerg" ရုပ်ရှင် သုံးပိုင်းလုံး၏ ထုတ်လုပ်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး ထိုရုပ်ရှင်၏ တိုက်ကွက်များမှာ ခေတ်သစ်ဂန္တဝင်လက်ရာဟုပင် သတ်မှတ်၍ ရပေရာ ဘက်ဂျက်နည်းနည်းဖြင့် ရိုက်ကူးထားသည့် ဟာသအက်ရှင်ဇာတ်ကားမျိုးမှာမူ သူ့အတွက် မပြောပလော‌က်တော့ချေ။ 


ရှောင်ကျားရှုကမူ ဝူချွမ်းရီကိုပင် မကြည့်။ ကျိမြန်ကိုသာလျှင် တည့်တည့်စိုက်ကြည့်နေပေသည်။ 


ယောကျာ်းတွေက အလုပ်လုပ်နေတဲ့အချိန်မှာ အခန့်ညားဆုံးဆိုတာ တကယ် အမှန်ပဲကိုး ကျိကောက အရမ်းအရမ်းကို ခန့်ညားတာပဲ ဒီလိုခန့်ညားတဲ့ ယောကျာ်းလေးမျိုးက ဘယ်လိုဖြစ်ပြီး ငါ့ကောင်လေး ဖြစ်လာတာလဲ မသိဘူး အိပ်မက်မက်နေတာများလား ... 


ပေါင်ကို ဆွဲဆိတ်ကာ နာကျင်မှုကို ခံစားလိုက်ရကာမှ တိတ်တဆိတ်ခိုးရယ်မောလိုက်တော့သည်။



အလုပ်ထဲ ဈာန်ဝင်စားနေသည့် ကျိမြန်က ချက်ခြင်းပင် ရပ်တန့်ကာ နောက်နားတွင် ရပ်နေသည့် သူ့ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲသွင်း၍ တစ်ခဏ နမ်းလိုက်ပြီးကာမှ ကင်မရာဘက်သို့ ပြန်လှည့်လိုက်တော့သည်။ 


ဖြစ်ပျက်သွားသည်အားလုံးမှာ မြန်ဆန်ကာ ရုတ်တရက်ဆန်လှသည့်အတွက် ရှောင်ကျားရှုမှာ အတော်ကြာသည်အထိ အသိစိတ်ပြန်မကပ်နိုင်တော့။ ထို့နောက်တွင်တော့ မျက်နှာကို အုပ်လျက် ပြုံးလိုက်မိတော့သည်။ 


မရတော့ဘူး ကျိကောကို ချစ်လွန်းလို့ သေတော့မှာပဲ ဟားဟားဟား ... 


ကျိမြန် "... ရှောင်ရှု ခပ်ဝေးဝေးမှာ သွားရပ်နေ ..." 


"အာ ဘာလို့လဲ ..." 


ရှောင်ကျားရှုက မျက်နှာကို အုပ်ထားသည့် လက်များအား ချက်ခြင်း အောက်ပြန်ချလိုက်သည်။ သူ့မျက်နှာမှာ စောဒကတက်လိုမှု အပြည့်ပင်။ 


"မင်းသာ ကိုယ့်အနား အရမ်းကပ်နေရင် ကိုယ့်အလုပ်မှာ သက်ရောက်သွားလိမ့်မယ် ..." 


"ကျွန်တော် လှုပ်လည်းမလှုပ်၊ စကားလည်း မပြောဘူး အနားမှာပဲ တိတ်တိတ်လေး နေနေမယ်လေ ဒါဆို ကောကို မနှောင့်ယှက်မိဘူး မဟုတ်လားဟင် ..." 


ရှောင်ကျားရှုက ပါးနှစ်ဖက်ကို ဖောင်းလျက် ပြောလိုက်သည်။  


"ဟုတ်တယ် ကိုယ့်အနား တအားကပ်နေရင် မင်းကိုပဲ အမြဲတမ်း နမ်းချင်နေလို့ ..." 


ကျိမြန်က တောက်လောင်နေသော မျက်ဝန်းတို့ဖြင့် လှည့်ကြည့်လိုက်သည်။ 


ရှောင်ကျားရှု၏ မျက်နှာပေါ်ရှိ မကျေနပ်ချက်တို့ ရုတ်ချည်း ပျောက်ကွယ်သွားကာ သူ့ကို ငွေ့ရည်ဖွဲ့နေသည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်ပြီး ခပ်တိုးတိူးရယ်မောကာ ပြေးထွက်သွားတော့သည်။ သူသာ ခွေးလေးတစ်ကောင်သာ ဖြစ်ခဲ့ပါလျှင် အမြီးကို လေရဟတ်ထက်ပင် လျင်မြန်အောင် ဝှေ့ယမ်းနေမည်ဖြစ်ကြောင်းပင် မြင်ယောင်ကြည့်၍ ရပေမည်။ 


ဒီသက်ရှိရတနာတုံးလေးကတော့ ... 


ကျိမြန်က နှစ်နှစ်ကာကာ ပြုံးလိုက်ပြီးကာမှ တစ်ဖက်ပြန်လှည့်ကာ ဝူချွမ်းရီကို ဆက်လက်အကဲဖြတ်ပေးလိုက်တော့သည်။ ချိုမြိန်လှသည့် ခွေးစာများကို တစ်အိုးလုံးအပြည့် စားလိုက်ရသော ဝူချွမ်းရီနှင့် ကျောက်ချွမ်တို့မှာမူ အစာအိမ်များပင် ပေါက်ထွက်လုမတတ် ခံစားလိုက်ရတော့သည်။ 


တစ်နာရီနီးပါးခန့် လေ့ကျင့်ပြီးနောက်တွင်တော့ တိုက်ကွက်အားလုံးကို ဆုံးဖြတ်ပြီးဖြစ်သည်။ တွဲဖက်နှင့် လိုက်လျောညီထွေ ဖြစ်သည်အထိ လေ့ကျင့်ပြီးနောက် ဝူချွမ်းရီသည် ရလဒ်ကိုကြည့်ရန် မော်နီတာရှိရာသို့ အပြေးရောက်လာခဲ့တော့၏။ တိုက်ကွက်များမှာ ယခင်ထက်ပိုပြီး ပြေပြစ်သွက်လက်ကာ ရင်သပ်ဖွယ် ကောင်းလှသည် အကြိမ်ကြိမ်အခါခါ ပြင်ဆင်ပြီးနောက် ဆန်းပြားမှုအဆင့်မှာ ရုတ်ချည်း မြင့်တက်သွားတော့သည်။ 


"ကျိလောင်ရှီး ခင်ဗျား စီစဉ်ထားတဲ့ တိုက်ကွက်အတိုင်းပဲ လုပ်လိုက်ပါ့မယ် လောင်ရှီးက တကယ်ကို ကျွမ်းကျင်သူပဲ ..." 


ဝူချွမ်းရီမှာ လုံးလုံးလျားလျား လက်ခံယုံကြည်သွားတော့သည်။ 


"မဟုတ်ပါဘူး ငါက မင်းရဲ့ တိုက်ကွက်တွေကို အခြေခံပြီးပဲ ပြောင်းလဲလိုက်တာ မင်းကမှ တကယ်ကို ကျွမ်းကျင်သူပါ ..." 


ကျိမြန်က သူ့ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။ 


"အားလုံးက မင်းတွေးထားတဲ့ အတိုင်းပဲ ဆက်သွားနေမှာ ယုံကြည်ချက်ကို လျော့ချမပစ်နဲ့ မင်းက အရမ်းကို တော်တယ် ရုပ်ရှင်သာ အောင်အောင်မြင်မြင်နဲ့ရုပ်သံလွှင့်နိုင်ရင် မင်း တီထွင်ခဲ့တဲ့ တိုက်ကွက်တွေက highlight ဖြစ်လာမှာ ကျိန်းသေတယ် ..." 


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မစ္စတာကျိ ..." 


ဝူချွမ်းရီ၏ မျက်လုံးတို့မှာ အနည်းငယ်ပင် နီရဲလာတော့သည်။ နှစ်ပေါင်းများစွာ ဆောင်းခိုနေခဲ့ရသူအဖို့ ကျိမြန်ကဲ့သို့သော ဝါရင့် ရုပ်ရှင်ဖန်တီးသူထံမှ ချီးကျူးစကားမှာ အဖိုးဖြတ်၍ပင် မရနိုင်ချေ။ 


"ကောင်းပြီ ရိုက်ကူးရေး စလိုက်ကြရအောင် ..." 


ထိုသို့ ပြောနေစဉ်မှာပင် နောက်နားဆီမှ ရှောင်ကျားရှု၏ ခေါ်သံကို ကြားလိုက်ရတော့သည်။ 


"ကျိကော ကျွန်တော် ပြန်လာလို့ ရပြီလား ..." 


မနီးမဝေးတွင် ရပ်လျက် ဤဘက်သို့ လှမ်းကြည့်နေပြီး စတိုင်ကျကျ ပြင်ဆင်ထားသည့် သူ့ဆံပင်တို့မှာလည်း ဖရိုဖရဲ ကျဆင်းနေသည်။ 


ကျိမြန်မှာ လက်ကိုသာ ယမ်းပြလိုက်တော့သည်။ 


"ဒီနားလာခဲ့ ..." 


ဒီကလေးက ဘာလို့ ဒီလောက်တောင် လူကပ်ရတာလဲ ... 


ရှောင်ကျားရှုက အနားသို့ ပြေးလာသည့်တိုင် ကျိမြန်၏ ရိုက်ကူးရေးကို မနှောင့်ယှက်။ သူ့နောက်ကျောကိုသာ အသာလေး ပွေ့ဖက်ထားလိုက်တော့သည်။ 


သူလည်း ကျိကောကို တစ်ချိန်လုံး ထိမနေချင်ပါဘူး တစ်ခြားသူတွေ ရှိနေတော့ အရမ်း သိသိသာသာကြီးလည်း မလုပ်ရဲဘူးလေ ပြီးတော့ သူက ယောကျာ်းကြီးတစ်ယောက်ဟာကို ကောင်မလေးတွေလို လုပ်နေလို့မှ မရတာ ကြည့်ရတာ သူလည်း ကျိကောနဲ့ ဝေးဝေးနေဖို့ လင်းလဲ့ယန် ခြောက်လှန့်တာကို ခံလိုက်လို့ ထင်တယ် အခု ဘယ်လိုမှ ပြန်မကုသနိုင်တော့ဘူး ... 


ကျိမြန်က တစ်ခုခုကို ခံစားမိလိုက်ဟန်ဖြင့် ရုတ်ချည်း သူ့လက်ကို ဆွဲကိုင်ကာ လက်ချောင်းချင်း လိမ်ယှက်ထားလိုက်တော့သည်။ 


ရှောင်ကျားရှုလည်း ရုတ်ချည်း စိတ်ကျေနပ်သွားပြီး နှလုံးသားတစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ 


ဝူချွမ်းရီက အပြင်ဘက်ရှိ ပြန်ပေးဆွဲသမားများကို အလျင်အမြန် သတ်ဖြတ်ကာ အနက်ရောင်အိမ်ငယ်၏ တံခါးကို ကန်ပြီးဖွင့်လိုက်သည်။ ကျောက်ချွမ်က လက်ခုပ်တီးလျက် ပြောလိုက်၏။ 


"Cut ကျိကော ဒီတစ်ခုကို တွေ့လိုက်လား ..." 


ကျိမြန်က အနည်းငယ် မချောမွေ့သည့် နေရာအချို့ကို ညွှန်ပြလိုက်သည်။ ဝူချွမ်းရီနှင့် မြောက်များစွာသော လူဖြူသရုပ်ဆောင်တို့ ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် ပြန်လည်သရုပ်ဆောင်ပြီးကာမှသာ အားလုံး စိတ်တိုင်းကျသွားတော့၏။ ဤသည်မှာ တိုက်ခိုက်ရေးအခန်းများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရပ်ပင် ဖြစ်ပေသည်။ တိုက်ခိုက်သည့် အခန်းများမှာ တစ်ခုနှင့်တစ်ခု အချိတ်အဆက် မမိပါလျှင် ဒါရိုက်တာစိတ်ကြိုက်ဖြစ်သည်အထိ အထပ်ထပ်အခါခါ ပြန်လည်ရိုက်ကူးရမည်ဖြစ်သည်။ ဒါရိုက်တာ၏ စံနှုန်းမှာ မြင့်မားပါလျှင် ရိုက်ချက်များမှာလည်း လွန်စွာ အံ့ချီးလောက်ဖွယ် ဖြစ်လာမည်ဖြစ်ပြီး ဒါရိုက်တာ၏ လိုအပ်ချက်က နိမ့်ပါးပါလျှင်မူ ရိုက်ချက်များမှာ ကြည့်၍ပင် မရနိုင်။ ဒါရိုက်တာကသာလျှင် ရုပ်ရှင်၏ အဓိကအသက် ဖြစ်ပေသည်။ 


ရှောင်ကျားရှုက အလေးအနက် အလုပ်လုပ်နေသော ကျိမြန်ကို ငေးကြည့်နေရင်း အာရုံမစိုက်တတ်သည့် ဒါရိုက်တာဝမ်အန်းကို သတိရသွားသည့်အခါ သူ့နှလုံးသားတစ်ခုလုံး ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ 


အနုပညာလောကမှာ ကောင်းတဲ့သူရော ဆိုးတဲ့သူရော လူပေါင်းစုံ ရှိနေတာ တကယ်လို့ ပညာရှင်မဆန်တဲ့သူနဲ့ တွေ့ရင် ဝါးလုံးတစ်ချောင်းကြောင့် တစ်လှေလုံး မမှောက်သင့်ဘူးလို့ ပြောကြတယ် မဟုတ်လား အနည်းဆုံးတော့ ဒါက ကျိကော၊ ကျောက်ချွမ်၊ ဝူချွမ်းရီတို့နဲ့ မသက်ဆိုင်ဘူး ပြီးတော့ ရှစ်ထင်းဟန်တို့ မြောင်မူချင်တို့လည်း ရှိသေးတယ် အကုန်လုံးက အရမ်းကို တော်တဲ့ အနုပညာသမားတွေ ပြီးတော့ ပူးပေါင်းဖို့လည်း ထိုက်တန်တယ် ... 


အနာဂတ်မှာ သူသာ ရုပ်ရှင်တစ်ကား ရိုက်ခွင့်ရမယ်ဆိုရင် ဇာတ်ညွှန်း၊ သရုပ်ဆောင်နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို သေချာ ကြည့်ရမယ် အလားတူကိစ္စမျိုးတွေ ထပ်ပြီး မဖြစ်စေရတော့ဘူး ... 


ဤသို့ တွေးလိုက်မှသာ ရှောင်ကျားရှုလည်း လုံးဝဥဿုံ စိတ်သက်သာရာ ရသွားတော့သည်။ 


ကျိမြန်က သူ့ကို လှည့်ကြည့်ကာ ဖြူဖွေးနူးညံ့နေသည့် ပါးပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်တော့သည်။ သူ၏ ရင်းနှီးကျွမ်းဝင်နေသော လှုပ်ရှားမှုတွင် ပျော်ရွှင်မှုအရိပ်အယောင်တို့ လွှမ်းခြုံနေပေသည်။ 


ကျောက်ချွမ်က မျက်လုံးကိုလှိမ့်လျက် လောဆော်လိုက်၏။ 


"ရှောင်ရှု မိတ်ကပ်မြန်မြန်သွားပြင်တော့ မင်းအလှည့် ရောက်တော့မှာ ..." 


"အိုကေ ..." 


ရှောင်ကျားရှုက အဝတ်လဲခန်းထဲသို့ အပြေးသွားကာ ပြန်ထွက်လာသည့်အခါတွင်မူ သူ့မျက်နှာတစ်ခုလုံး မျက်ရည်နှာရည်တို့ဖြင့် စိုရွှဲကာ အနည်းငယ်ပင် ရွံရှာဖွယ် ကောင်းနေတော့သည်။ မျက်နှာတစ်ခုလုံး နီရဲကာ ကျိမြန်ကို အသာချောင်းကြည့်လိုက်သည့်တိုင် သူ့ရှေ့တွင် တစ်စက္ကန့်မျှပင် နေရဲဟန်မတူ။ နက်မှောင်နေသည့် အခန်းငယ်ထဲသို့ လှစ်ခနဲ ပြေးဝင်သွားလိုက်တော့သည်။ 


"အဆင်သင့်ဖြစ်ပြီလား ..." 


ကျောက်ချွမ်က ကျယ်လောင်စွာ မေးလိုက်သည်။ 


ရှောင်ကျားရှုက ဖြစ်ပြီဟု ပြန်ဖြေမည် ပြုပြီးကာမှ လက်ကို အချိန်မီ မြှောက်ပြလိုက်သည်။ 


"ခဏလေး အရင်ဆုံး ခံစားချက်တွေကို အစပျိုးလိုက်ဦးမယ် ..."


ယခင်ကမူ မှောင်မည်းနေသည့် အခန်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာသည့်အတွက် ဇာတ်ကောင်စရိုက်ထဲ ဈာန်ဝင်လာရန် တမင်တကာ လုပ်ယူနေရန်ပင် မလိုအပ်ချေ။ သို့သော် ယခု ဘေးတွင် ကျိမြန်ရှိနေသည့်အတွက် ကြောက်ရမည့်အစား ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ပျော်ရွှင်နေမိတော့သည်။ 


ဒီအခန်းကို ဘယ်လိုရိုက်ရတော့မှာလဲ ဟမ် ... 


အတော်ကြာ ကြိုးစားကြည့်သည့်တိုင် ကြောက်ရွံ့ပြိုလဲစိတ်ကို မွေးမြူ၍ မရသည့်အတွက် ကျိမြန်ကို ကြည့်ကာ မသဲမကွဲ ပြောလိုက်သည်။ 


"ကျိကော ခပ်ဝေးဝေးမှာ သွားနေပေးလို့ မရဘူးလား ..." 


ကျိမြန်က သူ့ကိုကြည့်ကာ စနောက်လိုက်သည်။ 



"ဘာလို့လဲ ..." 


"ကောကို မြင်နေရရင် ‌ကြောက်ရမယ့်အစား ရယ်ချင်လာလို့ ..." 


တကယ်ပြောနေတာ ကျိကောကို မြင်လိုက်တာနဲ့ သူ့ရင်ဘက်တစ်ခုလုံး ပန်းတွေပွင့်ပြီး အရူးတစ်ယောက်လိုကို ရယ်မိနေတာ ဒါက ပြန်ပေးဆွဲခံရတဲ့သူ ဖြစ်နေရမယ့် အမူအယာမှ မဟုတ်တာ ... 


ကျိမြန်က နဖူးကို အုပ်ကိုင်လျက် ခေါင်းငိုက်စိုက်ချကာ နက်နက်ရှိုင်းရှိုင်း ပြုံးလိုက်သည်။ အတော်ကြာကာမှ ... 


"ဒါဆို ရပြီလား ..." 


"နည်းနည်းလောက် ထပ်ဝေးလိုက်ဦး ..." 


ရှောင်ကျားရှုက လက်ကိုသာ အဆက်မပြတ် ယမ်းပြလိုက်သည်။ ကျိကော သူ့မျက်စိအောက်မှ ပျောက်ကွယ်သွားကာမှ အော်ပြောလိုက်၏။ 


"ပြန်လာခဲ့ဦး ဟုတ်တယ် အဲဒီ့နားမှာပဲ ရပ်နေ ကျွန်တော့်ကို ကောရဲ့မျက်နှာလေး တစ်ခြမ်းလောက်တော့ ပြထားဦးလေ ..." 


ဝူချွမ်းရီကမူ နောက်ကျောပေးလျက် မရယ်မိအောင် မနည်း ထိန်းချုပ်နေကာ ကျောက်ချွမ်၏ နဖူးမှာ သွေးကြောပြာတို့ပင် ထွက်ပေါ်လာတော့သည်။ 


ဒီနှစ်ယောက်က ဘာဖြစ်ချင်နေတာလဲ ဟမ် တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် မိုးကြိုးပစ်ချပြီး မီးမွှေးလိုက်သလိုပဲ ပေါက်ကွဲထွက်ပြီးတော့ ကောင်းကင်ဘုံကို တက်လှမ်းချင်နေကြတာလား ဒါဆို ငါ မင်းတို့ကို ပို့ပေးဖို့ ပေါက်ကွဲတတ်တဲ့ ပစ္စည်းတွေ ဆယ်ပေါင်လောက် အခုချက်ခြင်း ဝယ်ပေးမယ် ... 


ဒါပေမယ့် ဒါကလည်း မကျေနပ်ချက် သပ်သပ်ပါပဲ နှစ်ယောက်လုံးက ကြွယ်ဝခြင်းနတ်ဘုရားတွေဟာကို ဘယ်လိုလုပ် ဒီငမွဲလေးက ရန်စရဲမှာလဲ ဒီလိုဆိုမှတော့ တိတ်‌တိတ်လေး သည်းခံနေရုံပဲ ရှိတော့တာပေါ့ ဒီလို ခံစားချက်ပြင်းပြတဲ့ စုံတွဲမျိုး အနုပညာလောကမှာ တွေ့ကို မတွေ့ဖူးပါဘူး တကယ်ကို အာရုံနောက်စရာကောင်းလိုက်တာ ... 


ကျိမြန်မှာမူ မရယ်ဘဲပင် မနေနိုင်တော့။ မီတာနှစ်ဆယ်ခန့် အကွာရှိ နံရံကို မှီလျက် မေးလိုက်သည်။ 


"ဒါဆို ရပြီလား ..." 


"ရပြီ ..." 


ရှောင်ကျားရှုက ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တစ်ဝက်တစ်ပျက် ကွယ်နေသော ကျိမြန်ကို ကြည့်ကာ စိတ်မပါစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးကာမှ ခံစားချက်တို့ကို ပြန်လည်မွေးမြူလိုက်တော့သည်။ မျက်လုံးကိုမှိတ်ကာ ကျဉ်းကြပ်လှသည့် အခန်းငယ်တစ်ခုထဲတွင် ဖမ်းဆီးခံထားရသည်ဟု စိတ်ကူးယဉ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်ရွံ့စိတ်တို့ တစ်မဟုတ်ချင်း ထိုးတက်လာတော့သည်။ သို့သော် တစ်ဖက်ကို လှည့်ကြည့်လိုက်ပါလျှင် သူ့ကို စိုက်ကြည့်နေသည့် ကျိကောကို မြင်နေရသဖြင့် ကြောက်ရွံ့စိတ်တို့က သူ့ကို လုံးဝဥဿုံ ဖုံးလွှမ်းမသွားနိုင်။ 


သနားစရာ ကောင်းသည့်တိုင် ရယ်စရာလည်း ကောင်းလှသေးသည့် အမူအယာမျိုးကို ပြုလုပ်ရင်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ကွေးညွတ်ထားလိုက်တော့သည်။ 


သူ အဆင်သင့်ဖြစ်သည်နှင့် တစ်ပြိုင်နက် ဝူချွမ်းရီက တံခါးကို ကန်ဖွင့်ကာ အနီးဆုံး ပြန်ပေးသမား၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် သေနတ်ပြောင်းကို သူ့အဖော်ထံ လှည့်စေကာ ချက်ခြင်း ပစ်ခတ်လိုက်သည်။ ထို့နောက် သူ့ဗိုက်ကို အကြိမ်ပေါင်းများစွာ ထိုးနှက်၍ လက်ကောက်ဝတ်ကိုချိုးကာ သေနတ်ကို လွှင့်ပစ်ပြီး ‌ဒူးထောက်စေလိုက်သည်။ ဤသို့ဖြင့် ထိုသူကို အနိုင်တိုက်ခိုက်နိုင်ခဲ့၏။ 


ထိုလှုပ်ရှားမှုတစ်ရပ်လုံးမှာ ရှင်းလင်းပြတ်သားကာ ထက်ရှလှသည့်အတွက် ရှောင်ကျားရှုကို အံ့အားသင့်သွားစေတော့သည်။ ဝူချွမ်းရီ တံခါးကို ကန်ကာ ဝင်လာသည့် အခန်းတွင်လည်း ပါးစပ်ကို အုပ်ကာ  "ouch" ဟူသည့် အသံကို ထုတ်ရန် မမေ့ခဲ့။ သူ့လှုပ်ရှားမှုမှာ အမျိုးသမီးတစ်ယောက်ထက်ပင် ပိုမိုကာ ဘဝင်ကျဖွယ် ကောင်းလှပေသည်။ 


ဝူချွမ်းရီက ပြန်ပေးသမားကို အနိုင်တိုက်လိုက်နိုင်ပြီမှန်း သိသည်နှင့်တစ်ပြိုင်နက် တစ်ဖက်သူ ရှိရာသို့ ချက်ခြင်း တွားသွားကာ သူ့ခြေထောက်ကို ဖက်လျက် စိတ်လှုပ်ရှားစွာဖြင့် ငိုကြွေးလိုက်တော့သည်။ 


"ဟန်သုံ နောက်ဆုံးတော့ ငါ့ကို လာကယ်ပြီပေါ့ ဝူးဝူးဝူးဝူး ... မင်းကို လစာတိုးပေးဖို့ အဖေ့ကို သေချာပေါက် ပြောရမယ် ..." 


ထိုသို့ ပြောနေရင်းပင် သူ့မျက်ရည်နှင့် နှာရည်တို့ကို ဝူချွမ်းရီ၏ ဘောင်းဘီဖြင့် သုတ်ပစ်လိုက်သေးသည်။ 


ဟန်သုံအဖြစ် သရုပ်ဆောင်သည့် ဝူချွမ်းရီမှာ ထိုသခင်ငယ်လေးကို အလွန်စိတ်ကုန်နေဟန်ပင်။ ခြေထောက်ကို ခါယမ်းကာ သူ့ကို ဖယ်ထုတ်လိုက်သည့်တိုင် လက်ကိုမလွှတ်။ ပို၍ပင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သေးသည်။ ထို့ကြောင့်

သော့ဖွင့်ပေးရန် အလို့ငှာ သူ့ကို တရွတ်တိုက်ဆွဲရင်းပင် ပြန်ပေးသမားတို့ထံမှ သော့ကို ရှာလိုက်ရတော့သည်။ 


"Cut ..." 


ကျောက်ချွမ်က လက်ကိုမြှောက်ကာ မေးလိုက်သည်။



Xxxxxxxx