အပိုင်း ၁၃၀
Viewers 57k

Chapter 130





ရှောင်ကျားရှုနှင့် ဝူချွမ်းရီ နှစ်ယောက်လုံးမှာ အလုပ်ထဲတွင် စိတ်ပါဝင်စားသူများ ဖြစ်သည့်အတွက် ချက်ခြင်းပင် အဝတ်လဲခန်းသို့ သွား၍ မိတ်ကပ်ပြင်လိုက်ကြတော့သည်။ ကျန်သရုပ်ဆောင်များမှာမူ ကျောက်ချွမ်အနား စုရုံးလျက် ဇာတ်ကွက်များအကြောင်း ရှင်းပြသည်ကို နားထောင်နေလိုက်ကြသည်။ 


ရှောင်ကျားရှုက မိတ်ကပ်ပြင်ပေးသူကို သူ့အား မြောက်များစွာသော ဒဏ်ရာအတုများ ထည့်ပေးရန် ပြောရင်း စာသားများကို အသံတိတ် ဖတ်နေလိုက်သည်။ အမှန်အတိုင်း ဝန်ခံရပါလျှင် အဓိကဇာတ်လိုက် ရှုထျန်းယုမှာ သူနှင့် မိဘနောက်ခံချင်း၊ စိတ်နေစိတ်ထားချင်း၊ ကြုံတွေ့ခဲ့ရပုံချင်း တူညီနေသည့်အတွက် ဇာတ်ညွှန်းကို ဖတ်ပြီးသည့်အခါ အနည်းငယ် တုန့်ဆိုင်းကာ ကြောက်စိတ် ဝင်ခဲ့မိသေးသည်။ 


ထို့အပြင် ယနေ့ရိုက်ကူးရမည့် အခန်းမှာ ပြန်ပေးဆွဲခံရသည့်အခန်း ဖြစ်ပေသည်။ ရှုထျန်းယုသည် တရုတ်ပြည်ရှိ အချမ်းသာဆုံး မိသားစု၏ အငယ်ဆုံးသား ဖြစ်ကာ အသောက်အစား၊ အပျော်အပါးနှင့် လောင်းကစားတို့တွင်သာ မွေ့လျော်သူ ဖြစ်သည်။ မွေးနေ့ပွဲ ကျင်းပရန် U.S သို့ လာခဲ့ခြင်း ဖြစ်သော်လည်း ကြွယ်ဝမှုကို ကြွားဝါခဲ့သည့်အတွက် မြောက်များစွာသော ရာဇဝတ်ကောင်တို့၏ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတော့သည်။ သူ၏ သက်တော်စောင့် ဟန်သုံအဖြစ် သရုပ်ဆောင်ထားသည့် ဝူချွမ်းရီက အချိန်မီ လာရောက်ကယ်ဆယ်ခဲ့ခြင်းဖြင့် ရန်သူများ၏ မုန်းတီးမှုကို ခံရသော မိတ်ဆွေများ ဖြစ်လာကာ စွန့်စားခန်းတို့ကို စတင်လိုက်တော့သည်။ 


ရှောင်ကျားရှု မိတ်ကပ်ပြင်ဆင်ပြီး၍ ရိုက်ကူးရမည့် နေရာသို့ ရောက်လာချိန်တွင် ရှုထျန်းယု အဖမ်းခံထားရသည့် အခန်းကို ပြင်ဆင်ထားပြီး ဖြစ်သည်။ မြောက်များစွာသော ညှင်းပန်းနှိပ်စက်ရေး ကိရိယာများကို ချိတ်ဆွဲထားပြီး လူဖြူဇာတ်ပို့နှစ်ဦးကလည်း သူ၏ သေးသွယ်လှသော ခန္ဓာကိုယ်ကို စုန်ချီဆန်ချီ စိုက်ကြည့်နေကြ၏။ 


"ရှောင်ရှု နောက်ပိုင်းကျ မင်းကို ဒီနံရံမှာ သံကြိုးနဲ့ ချည်ထားမှာ ပြီးရင် ကြာပွတ်နဲ့ ရိုက်လိမ့်မယ် သိလား အရမ်းကို သည်းသည်းထန်ထန်သာ ငိုချပစ် မင်းရဲ့ ပုံရိပ်တွေဘာတွေကို ဂရုမစိုက်မနေနဲ့ မင်း သရုပ်ဆောင်ရမယ့် ရှုထျန်းယုဆိုတာ အလိုလိုက်ခံထားရတဲ့ လူချမ်းသာသခင်လေးတစ်ယောက်ဆိုတော့ သေရမှာ ကြောက်လို့ ဒါကို လုံးဝ သည်းခံနိုင်မှာ မဟုတ်ဘူး မင်းမျက်နှာကိုလည်း အနီးကပ် ရိုက်ရမှာ ချူသံပါအောင် အော်ငိုတယ်ဆိုတာကို သိတယ် မဟုတ်လား အဲဒီ့အတိုင်းပဲ ရုပ်ဆိုးလေ ကောင်းလေ သနားစရာဖြစ်လေ ကောင်းလေပဲ နားလည်ပြီလား ..." 


ရှောင်ကျားရှုက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ 


"နားလည်ပြီ သူ ခံရတဲ့ဟာတွေကို ကြောက်လေလေ လာကယ်တဲ့ ဟန်သုံကို ပိုပြီး ကျေးဇူးတင်လေပဲ အဲဒါကြောင့်လည်း သူတို့ရဲ့ သူငယ်ချင်းသံယောဇဉ်က တစ်သက်လုံး တည်မြဲပြီးတော့ ခံစားချက်တွေကို သိမ်းဆည်းထားရတာ ..." 


"ဟုတ်တယ် ဒီအတိုင်းပဲ ..." 


ကျောက်ချွမ်က ဇာတ်ကွက်ပြင်ဆင်ပေးသူကို လှမ်းခေါ်လိုက်သည်။ 


"လာ လာ သူလက်တွေကို နံရံ‌မှာ ချိတ်ဆွဲထားလိုက်တော့ ..." 


ဤသို့ဖြင့် ဒဏ်ရာဒဏ်ချက်တို့ ပြည့်နှက်နေသော ရှောင်ကျားရှုတစ်ယောက် နံရံတွင် ချိတ်ဆွဲခံလိုက်ရကာ ကြာပွတ်များ ကိုင်ထားသည့် လူဖြူဇာတ်ပိူ့နှစ်ယောက်ကလည်း သူ့ကို ရက်စက်ကြမ်းကြုတ်မှု အပြည့်ဖြင့် စိုက်ကြည့်နေလိုက်ကြသည်။ ရိုက်ကူးရေး မစတင်မီမှာပင် ဤ အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသည့် မြင်ကွင်းကြောင့် သူ့နှလုံးသားအောက်ခြေအထိ မြှုပ်နှံထားသည့် ကြောက်မက်ဖွယ် အမှတ်တရတို့ ပြန်လည်နိုးထလာကာ ဟန်မဆောင်နိုင်လောက်အောင်ပင် ကြောက်ရွံ့လာတော့သည်။ ထို့ကြောင့် ဤသည်မှာ သရုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း၊ အတုအယောင်သာ ဖြစ်ကြောင်း အထပ်ထပ်အခါခါ သတိကပ်ရင်း ထိန်းချုပ်မှု လွတ်မသွားစေရန် ကြိုးစားလိုက်ရတော့သည်။ 


မည်သို့ပင်ဖြစ်စေ သူ့ကိုယ်ပေါ်သို့ ကြာပွတ်တစ်ချက် ကျရောက်လာသည့်အခါ ၎င်းမှာ မနာကျင်သည့်တိုင် ငရဲသို့ ခေါ်ဆောင်သွားနိုင်ဆဲပင်။ အကြည့်တစ်ခုလုံး မျက်ရည်တို့ဖြင့် ပြည့်နှက်သွားကာ ပြင်းထန်လှသည့် ကြောက်ရွံ့စိတ်က သူ့တစ်ကိုယ်လုံးကို ဝါးမျိုစားသောက်သွားတော့သည်။ နောက်ဆုံးလက်ကျန် အသိစိတ်လေးနှင့်အတူ မြေပေါ် ဒူးထောက်ကာ တစ်ကိုယ်လုံး တခိုက်ခိုက် တုန်ရီလျက် တောင်းပန်လိုက်သည်။ 


"ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့ အဖေ့ကို ဖုန်းဆက်လိုက်ပါ သူက လိုချင်တာ မှန်သမျှ ပေးလိမ့်မယ် 139XXXXXXXXXX ဒီနံပါတ်ကိုသာ ဆက်လိုက်ပါ ..." 


ပြောနေရင်းတန်းလန်းပင် နှာရည်များ စီးကျလာကာ အသက်ကို ပြင်းပြင်းရှူနေသည့်အတွက် နှာရည်များမှာလည်း ပူစီဖောင်းသဏ္ဍာန် ထွက်ပေါ်လာတော့သည်။ 


လူဖြူနှစ်ယောက်မှာ သူ၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်အပေါ် မင်သက်သွားကာ ထိုနှာရည်ပူဖောင်းများကြောင့် အော်ရယ်မိလုမတတ်ပင်။ မနည်း အောင့်အည်းသည်းခံပြီးမှသာ သူတို့ ပြောရမည့် စာသားများကို ပြောနိုင်ပေတော့သည်။ တစ်ယောက်က ကြာပွတ်ကို တဖျန်းဖျန်း လွှဲရိုက်နေကာ ကျန်တစ်ယောက်က ဖုန်းဆက်ရန် အပြင်သို့ ထွက်သွားတော့သည်။


ကြာပွတ်ဖြင့် အရိုက်ခံရချိန်တိုင်း ရှောင်ကျားရှုက အလွန်အမင်း ချဲ့ကားအော်ဟစ်ကာ ပြန်ပေးဆွဲသူက ဖုန်းကို သူ့ပါးစပ်နား ထားသည့်အခါ ကြက်တစ်ကောင် အော်သံထက်ပင် ပို၍ ဆူညံစွာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။ ဇာတ်ညွှန်းထဲတွင် ရှုထျန်းယု၏ ဖခင်သည် မူလက ပြန်ပေးသမားတို့ တောင်းသည့်ငွေကို ပေးရန် မစဉ်းစားခဲ့ဖူးသော်ငြား ပြန်ပေးသမားတို့က သူ့ဖုန်းထဲသို့ သားဖြစ်သူ အော်ဟစ်ငိုကြွေးနေသည့် အသံကို ဆက်တိုက် ပို့လာသည်။ အိပ်ယာဝင်ချိန်၊ အလုပ်လုပ်ချိန်မှအစ ကားမောင်းနေသည့် အချိန်တွင်ပါ ဆက်တိုက် ကြားနေရ၍ ကားတိုက်မှု ဖြစ်ပွားလုနီးပါး ကြုံလာရသည့်အတွက် တောင်းဆိုသည့် ငွေပမာဏကို လိုက်လျောရန်သာ ရှိပေတော့သည်။ 


ဇာတ်ညွှန်းမှာ လွန်စွာ ရွှင်မြူးဖွယ် ကောင်းလှသော်ငြား ပြန်ပေးဆွဲမှုကို ကိုယ်တိုင်ကြုံဖူးသည့် ရှောင်ကျားရှုအဖို့ မည်မျှ နာကျင်ရကြောင်းကိုမူ မည်သူမှ မသိကြချေ။ သူ့အဖို့ ၎င်းမှာ ရုပ်ရှင်မဟုတ်။ ထပ်ကာထပ်ကာ ပြန်လာနေသည့် အိပ်မက်ဆိုးပင်ဖြစ်သည်။ အသံတို့ အက်ကွဲကာ မျက်ရည်တို့ ခန်းခြောက်ပြီး နှာရည်များပင် မထွက်နိုင်လောက်တော့သည်အထိ သည်းသည်းထန်ထန် အော်ဟစ်ငိုကြွေးလိုက်လျှင် ကျောက်ချွမ်က လက်ခုပ်တီးလျက် ချီးကျူးလိုက်၏။ 


"Cut ဒီတစ်ခန်း ပြီးသွားပြီ ရှောင်ကျားရှု လာကြည့်လှည့်ဦး မင်းသရုပ်ဆောင်သွားတာ တကယ်ကို အမိုက်စားပဲ နှာရည်ပူဖောင်းတွေ တကယ်ကြီး ထွက်လာတာက မျက်လှည့်ပြလိုက်သလိုပဲ ..." 


ဘေးနားတွင် ရပ်ကြည့်နေသည့် ဝူချွမ်းရီမှာလည်း ပြောပြ၍ မရနိုင်လောက်အောင်ပင် ထိတ်လန့်သွားရတော့သည်။ 


တစ်ဖက်သူက ကြောက်ရွံ့အားငယ်နေတဲ့ အမူအယာကို သရုပ်ဖော်ပြတယ် တစ်ချိန်တည်းမှာလည်း ရှင်းမပြနိုင်လောက်အောင် ရယ်ချင်စရာ ကောင်းနေတုန်းပဲ သူသာဆို ဒီ ချောမောတဲ့ မျက်နှာလေးကနေ ရယ်စရာကောင်းတဲ့ အမူအယာမျိုး ဘယ်လိုလုပ်ရမလဲ လုံးဝ သိမှာ မဟုတ်ဘူး ... 


ရှောင်ကျားရှု၏ "တမန်တော်" ကို ကြည့်ရှုပြီးဖြစ်ရာ ယခု "Running all the way" တွင် သရုပ်ဆောင်ချက်ကို ကြည့်ပြီးနောက်တွင်တော့ ရှောင်ကျားရှုမှာ  ဇာတ်ကောင်တိုင်းကို လွယ်လင့်တကူ ကိုင်တွယ်တတ်သူဖြစ်ကြောင်း ဝန်ခံရပေတော့မည်။ 


"ရှောင်ကျားရှု မင်း သရုပ်ဆောင်သွားတာ တကယ်ကို ရင်သပ်ရှုမောစရာပဲ ..." 


သူက နှောင့်နှေးခြင်းမရှိ ချီးကျူးလိုက်ပြီး လူဖြူသရုပ်ဆောင်နှစ်ဦးကပါ လက်ခုပ်ဩဘာ ပေးလိုက်ကြသည်။ 


ရှောင်ကျားရှုကမူ မြေပြင်ပေါ်မှ မထနိုင်သေး။ မျက်ရည်နှင့် နှာရည်တို့ကိုပင် မသုတ်နိုင်သေးဘဲ အားနည်းချိနဲ့စွာ‌ ပြောလိုက်သည်။ 


"ချွမ်အာ ဒီနေရာကို ရှင်းလင်းပေးပါလား ငါ့ခံစားချက်တွေကို ပြန်ပြင်ဆင်ဖို့ လိုအပ်လို့ ..." 


ကျောက်ချွမ်ကလည်း သူ့အမူအယာမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသည့်တိုင် ယခု သူ လိုအပ်နေသည်မှာ နှစ်သိမ့်မှုမဟုတ်၊ ငြိမ်သက်သည့် နေရာတစ်ခုသာဖြစ်ကြောင်း သိသည့်အတွက် လူတိုင်းကို ခေါ်ထုတ်သွားလိုက်တော့သည်။ 


ရှောင်ကျားရှုက နက်မှောင်နေသည့် အခန်းထဲမှ ထွက်ကာ မီးထိုးထားသည့် နေရာအောက်တွင် ခန္ဓာကိုယ်ကို ကွေးညွတ်လျက် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ အလင်းရောင်ကိုသုံး၍ အမှောင်နှင့် ကြောက်ရွံ့မှုများကို မောင်းထုတ်ရန် ကြိုးစားလိုက်သော်ငြား အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။ ဖြူဖွေးနေသော မီးအလင်းရောင်ကြောင့် ဘေးနားပတ်လည်ရှိ မည်သည့်အရာကိုမှ မမြင်ရ။ ရိုက်ကွင်းတစ်ခုလုံး ဗလာဖြစ်နေကာ သူတစ်ယောက်တည်း ကျန်ရစ်နေခဲ့သယောင်ပင်။ 


တလိမ့်လိမ့် တက်လာသော ကြောက်ရွံ့မှုနှင့် အထီးကျန်မှုများကြောင့် ခေါင်းကို လက်မောင်းကြား ဖွက်လိုက်သော်ငြား သည်းမခံနိုင်လောက်အောင်ပင် ချမ်းစိမ့်လာပြန်သည်။ တဆတ်ဆတ် တုန်ရီစပြုလာပြီး ထိုခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားလေ ပိုပြီး တုန်ရီလာမိလေဖြစ်သည်။ မြေပေါ်သို့ လဲကျတော့မည်ဟု ခံစားလိုက်ရချိန်မှာပင် ကိုယ်ငွေ့အနည်းငယ် ကပ်ငြိနေသော ဂျာကင်တစ်ထည် လွှမ်းခြုံခံလိုက်ရပြီး သန်မာသည့် လက်မောင်းတစ်စုံက သူ့ကို ပွေ့ဖက်ပေးလာတော့သည်။ 


"ရှောင်ရှု ကိုယ် ဒီမှာရှိတယ် ..." 


အလွန်အမင်း ရင်းနှီးနေသော အသံကို ကြားလိုက်ရ၍ ချက်ခြင်း မော့ကြည့်လိုက်မိတော့၏။ 


"ကျိ ကျိကော ..." 


ရှောင်ကျားရှုမှာ မျက်ဝန်းတို့ နီရဲနေသည့်တိုင် လုံးဝ မငိုခဲ့။ သို့သော် သူ့ကို မြင်လိုက်ရသည့် တစ်ခဏ၌ နှာတရှုံ့ရှုံ့ဖြင့် နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်ရီကာ ကလေးတစ်ယောက်နှယ် ငိုချလိုက်မိတော့သည်။ 


"ကျိကော ဘာလို့ ဒီကို ရောက်လာတာလဲ ..." 


ငိုရင်းတန်းလန်း မေးနေခြင်း ဖြစ်သည့်အတွက် သူ့စကားတို့မှာ တစ်ပိုင်းတစ်စစီ ကွဲထွက်သွားတော့သည်။ 


ကျိမြန်၏ ‌အရှေ့တွင် ရှိနေသည့်အခါ သူ့နှလုံးသား တစ်ခုလုံး လုံခြုံအေးချမ်းနိုင်ကြောင်း ၊ ကျိကောက သူ့အတွက် ဘေးကင်းသည့် ကောင်းကင်ဘုံ ဖြစ်ပေးနိုင်ကြောင်း ကောင်းကောင်းကြီး သိထားပေသည်။ ကျိမြန်ကို မြင်လိုက်ရသည့် တစ်ခဏ၌ ကြောက်ရွံ့မှုအားလုံးက မကျေနပ်မှု၊ တွယ်ကပ်လိုမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


မင်းမေကြီးကို ရည်းစား မင်းမေကြီးကို တတိယလူ ဒီလောင်ဇီက ဘာကိုမှ ဂရုမစိုက်‌တော့ဘူးကွ ... 


ကျိမြန်၏ လည်ပင်းကို ဖက်တွယ်ထားသည့် လက်တစ်စုံမှာ ပလာယာဖြင့် ဆွဲမခွါပါလျှင် မည်သူမှ သူ့ကို ကျိကောထံမှ ဆွဲထုတ်နိုင်တော့မည် မဟုတ်ချေ။


ခွေးတစ်ကောင်နှယ် ကျိမြန်၏ လည်ပင်းကို တွဲလွဲခိုလျက် တအီအီ ငိုကြွေးလိုက်တော့သည်။ 


ကျိမြန်၏ နှလုံးသားမှာလည်း နာကျင်လွန်း၍ သွေးစိမ်းရှင်ရှင် စီးကျနေသည့်တိုင် မရယ်ဘဲလည်း မနေနိုင်။ နောက်ဆုံးတွင်တော့ "သနားချစ်စဖွယ်" ဟူသည့် စကားလုံး၏ အဓိပ္ပါယ်ကို နားလည်သွားချေပြီ။ ထိုသည်မှာ ရှောင်ကျားရှုကို ဆိုလိုခြင်းပင် ဖြစ်ဟန်တူသည်။ လွန်စွာ သနားဖွယ် ကောင်းလှသည့်တိုင် ချစ်စရာ‌လည်း ကောင်းနေသည့်အတွက် ကျိမြန်မှာ ရယ်မိလုနီးပါးပင်။ သူ့နှလုံးသားတစ်ခုလုံး နူးညံ့နေကာ ရှောင်ကျားရှု၏ အနက်ရောင်ဆံနွယ်များကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ပြီး သူ့လက် ညစ်ပေသွားမည်ကိုပင် မကြောက်၊ မျက်ရည်နှင့် စီးကျလာတော့မည့် နှာရည်တို့ကို ကူညီကာ သုတ်ပေးလိုက်တော့သည်။ 


"မငိုပါနဲ့ ကိုယ် ဒီမှာ ရှိနေပြီလေ မဟုတ်ဘူးလား ဟမ် လူလိမ္မာ‌လေးဆို ..." 


သူ့ကို နှစ်သိမ့်ပေးရန် အလို့ငှာ စိတ်ရှည်သည်းခံမှုနှင့် နူးညံ့သိမ်မွေ့မှုအားလုံးကို ထုတ်သုံးလိုက်ပြီး ခေါင်းကိုငုံ့လျက် နီရဲနေသော နှုတ်ခမ်းပါးတစ်စုံကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်တော့သည်။ 


နည်းနည်းလေး စိုပြီးတော့ ငန်တဲ့အရသာလည်း ရနေတယ် ကြည့်ရတာ မျက်ရည်နဲ့ နှာရည်တွေကြောင့်ထင်တယ် ... 


အတိတ်က ကျိမြန်သာဆိုလျှင် သေချာပေါက် ရွံရှာမိမည် ဖြစ်သော်လည်း ယခု သူ့ရင်ခွင်ထဲ ရောက်နေသူမှာ ရှောင်ကျားရှု ဖြစ်သည့်အတွက် ချစ်ဇောအဟုန်တို့ကသာ သူ့အတွေးကို လွှမ်းခြုံထားသည်။  ခပ်ဟဟ ပွင့်နေသည့် သွားတို့ကို လျှာဖြင့် ထိုးလျက် ရှောင်ကျားရှု၏ လျာဖျားကို ထိကာ ခံတွင်းအရသာကို နည်းနည်းစီ စုပ်ယူလိုက်သည်။ ကူးလူးရောယှက်နေသည့် နှုတ်ခမ်းနှင့် သွားတို့မှာ လွန်စွာ လိုက်လျောညီထွေ ဖြစ်နေကာ ကြားလေပင် တိုး၍မရအောင် ‌တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ကြတော့သည်။ 


၁၀ မိနစ် သို့မဟုတ် မိနစ် ၂၀ ခန့်အကြာမှသာ အသက်ရှူ၍ မဝတော့သည့် ရှောင်ကျားရှုက မခွါချင့်ခွါချင်ဖြင့် ကျိမြန်ရင်ခွင်ထဲမှ ရုန်းထွက်လျက် အသံသေးသေးလေးဖြင့် မေးလိုက်သည်။ 


"ကျိကော ကောမှာ ကောင်လေးရှိတယ် မဟုတ်လား ..." 


"ကိုယ်တို့က ဟိုးအရင်ကတည်းက လမ်းခွဲပြီးသွားပြီ ..." 


ကျိမြန်က ခပ်တိုးတိုးပြောကာ သူ့နှုတ်ခမ်းထောင့်စွန်းနှင့် ပါးနှစ်ဖက်ကို ငုံ့နမ်းလိုက်ပြန်၏။ 


"ရှောင်ရှု ကိုယ် မင်းကို မေးစရာရှိလို့ ရောက်လာတာ ကိုယ်တို့နှစ်ယောက် အတူတူရှိခွင့် ရမလား ..." 


ရှောင်ကျားရှုမှာ မည်သည့်အမူအယာမှပင် မပြနိုင်။ နေရာတွင်ပင် ‌အကြောင်သား ငေးကြည့်နေမိတော့သည်။ 


ကျိမြန်က သူ့နဖူးကို ငုံ့နမ်းလျက် မေးလိုက်ပြန်၏။ 


"ရှောင်ရှု ကိုယ်နဲ့အတူတူ ရှိသွားချင်လား ဒါမှမဟုတ် စဉ်းစားချိန် ပေးဖို့ လိုသေးလား ..." 


စဉ်းစားနေဖို့ လိုသေးလား ကျိကောက ရည်းစားမရှိဘူး ဆိုမှတော့ သေချာပေါက်ကို ချက်ခြင်း သဘောတူရမှာပေါ့ ... 


ရှောင်ကျားရှု၏ ခပ်တင်းတင်း ပိတ်ဆို့ထားသော ရင်ခွင်တံခါးမှာ ရုတ်ချည်း ပွင့်ဟလာကာ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည့် ချစ်စိတ်အားလုံး ကျိမြန်အပေါ် အရှိန်အဟုန်ပြင်းစွာဖြင့် ကျဆင်းလာတော့သည်။ သူက ကျိမြန်၏ လည်ပင်းကို တင်းကြပ်စွာ ဖက်တွယ်ရင်း အလောတကြီး ပြန်ဖြေလိုက်သည်။ 


"ဟုတ်ကဲ့ သေချာပေါက်ကို ဆန္ဒရှိပါတယ် ..." 


အရမ်းအရမ်းကို ဆန္ဒရှိတာပေါ့ ... 


ရှောင်ကျားရှု၏ ပွင့်လင်းလှသော ချစ်စိတ်တို့ကို ပြန်လည်ခံစားမိလာရသည့်အတွက် ကျိမြန်မှာ ငိုချလုမတတ်ပင် ဖြစ်သွားတော့သည်။ အချိန်အတော်ကြာ ကသောင်းကနင်း ဖြစ်နေသည့် စိတ်ဖိစီးနေသော နှလုံးသားတစ်ခုလုံး တစ်ဖြည်းဖြည်း ပြန်လည် နေသားတကျ ဖြစ်လာတော့၏။ သူ့နှုတ်ခမ်းတို့ကို ရှောင်ကျားရှုအပေါ် ဖိကပ်လျက် နူးညံ့စွာ ပြောလိုက်သည်။ 


"ဒါဆို အခုကနေစပြီး ကိုယ်က မင်းရဲ့ ချစ်သူကောင်လေး ဖြစ်သွားပြီနော် ..." 


ရှောင်ကျားရှုက နာခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သွေးနီရောင်သန်းနေသည့် နှုတ်ခမ်းတစ်စုံတို့က ယောင်ယောင်လေး ကော့တက်နေကာ မျက်ဝန်းတစ်ခုလုံး အလင်းရောင်တို့ ဖြာထွက်တောက်ပနေပေသည်။ 


ကျိမြန်က နှုတ်ခမ်းချင်း ဖိကပ်ထားလျက်နှင့်ပင် ဆက်မေးလိုက်သည်။ 


"အခုရော ကြောက်နေသေးလား..." 


ကျိကော ရှိနေမှတော့ ဘယ်လိုလုပ် ကြောက်နေဦးမှာလဲ ... 


ရှောင်ကျားရှုက ခေါင်းယမ်းပြလိုက်ချင်သော်လည်း အချိန်မီပင် ခေါင်းပြန်ငြိမ့်ကာ တီးတိုးပြောလိုက်သည်။ 


"နည်းနည်းတော့ ကြောက်နေသေးတယ် ..." 


ကျိကောဆီကနေ နောက်ထပ် အနမ်းလေး နည်းနည်းလောက် ခိုးချင်သေးတယ် ပြင်သစ်အနမ်းဆို ပိုတောင်ကောင်းသေး ပူပြင်းတောက်လောင်ပြီး အသက်ရှူလို့ကို မရနိုင်တဲ့ အနမ်းမျိုးလေး ... သူ့မှာ တစ်ချိန်လုံး နာကျင်မှုတွေနဲ့ နပန်းလုံးနေရတာ သေချာပေါက် ဒီစိတ်ဒဏ်ရာကို ပြင်ဆင်ဖို့ နည်းလမ်း ရှာရမှာပေါ့ ... 


ရှောင်ကျားရှု၏ ခံစားချက်တို့ကို နောက်တစ်ဖန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့်အတွက် ကျိမြန်မှာ ဝမ်းသာစိတ်တို့ လျှံကျလာ၍ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ရယ်မောမိသွားတော့သည်။ ထို့နောက် ခေါင်းကိုငုံ့လျက် ကြာရှည်စောင့်ဆိုင်းခဲ့ရသည့် နှုတ်ခမ်းတစ်စုံကို ထိန်းမနိုင် သိမ်းမရ ဖိကိုက်နမ်းရှိုက်လိုက်တော့သည်။ 


ရှောင်ကျားရှုကို စိုးရိမ်၍ တံခါးကြားမှ ချောင်းကြည့်နေသည့် ဝူချွမ်းရီမှာလည်း ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားတော့သည်။



စောက်ကျိုးနည်း သူ သူတို့က နမ်းနေကြတာ မဟုတ်လား ငါ မှားမြင်မိတာတော့ မဟုတ်ပါဘူးနော် ... 


ကျောက်ချွမ်က အေးစက်စွာ လှောင်ရယ်လိုက်သည်။  


"ကျိမြန်လို စူပါစတားက ငါတို့ရဲ့ ငမွဲ

ရိုက်ကူးရေးအဖွဲ့လေးမှာ ဘာလို့ အရန်နေရာကနေ လာသရုပ်ဆောင်ပေးလဲ သိပြီမဟုတ်လား ဒါက အချစ်ပဲကွ အချဉ်နံ့တွေ အပြည့်ဖြစ်နေတဲ့ အချစ် ..."



Xxxxxxxxxxx