Chapter 127
ပြီးခဲ့သည့် နှစ်များအတွင်း ဝမ်အန်းသည် ကျော်ကြားသည့် ရုပ်ရှင်အချို့ကို ရိုက်ကူးနိုင်ခဲ့သည့်တိုင် လက်ရှိအချိန်အထိတော့ ထိုကျော်ကြားမှုကို ထိန်းမထားနိုင်ချေ။ ကြည့်ရှုသူတို့၏ အကြိုက်မှာလည်း အချိန်ကာလအလိုက် ပြောင်းလဲနေရာ ထူးကဲကောင်းမွန်လှသည့် အရသာအစုံစုံတို့ကို မြည်းစမ်းနေကျ ပရိသတ်တို့မှာ ရုတ်ချည်းဆိုသလို အမှိုက်သရိုက်တစ်အိုးကို စားလိုက်ရပါလျှင် မည်သိူ့မှ သဘောတူလက်ခံနိုင်လောက်မည် မဟုတ်ချေ။
ကျိမြန်က ခေါင်းကို ခါယမ်းလိုက်သည်။ အနုပညာလောက၏ အရှုပ်အထွေးများအကြောင်း သတိရသွားသည့်အခါ ရှောင်ကျားရှုအတွက် ပိုမို စိတ်ဖိစီးသွားတော့၏။ ထိုစဉ် ဖုန်းခေါ်ဆိုမှုတစ်ခု ထပ်ဝင်လာပြန်သည်။ ဖုန်းနံပါတ်မှာ အလွန်ရှည်လျားကာ ပြည်ပမှ ဖုန်းနံပါတ် ဖြစ်ဟန်ပင်။ နှစ်ဦးသား အင်္ဂလိပ်လို ဆွေးနွေးကာ သဘောတူညီလိုက်ကြပြီးနောက် ဘေးနားမှ နားထောင်နေသော ဖန်ခွင်းက ခေါင်းကိုသာ အသာယမ်းလိုက်တော့သည်။
ငါတော့ ကျန်းပင်းကျဲအစား ရင်လေးနေပြီ ပြောတော့ကျ ရုပ်ရှင်ရိုက်နေရလို့ မအားဘူးဆို အလုပ် မရှိဘဲနဲ့များ ဘာလို့ ရှောင်ကျားရှုကို နင်းချဖို့ ကြိုးစားနေရတာလဲ အခုတော့ မင်း ကြိုးစားပမ်းစား ရိုက်ခဲ့သမျှ အားလုံးကို ပရိုဂျူဆာက ဖြုတ်ထားခဲ့တော့မှာ ဒါကို မသိဘဲနဲ့များ ပထမတန်းစား စူပါစတား နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်မင်းသမီး ဖြစ်လာတော့မှာနဲ့ အားကြိုးမာန်တက် ပရိုမိုးရှင်းဆင်းနေသေးတယ်နော်...တကယ်ပါပဲ ...
"Robocop" ရုံတင်၍ ကျန်းပင်းကျဲ၏ ပရိသတ်တို့ လာရောက်ကြည့်ရှုသည့်အခါ ဖြစ်လာမည့် ပုံရိပ်ကိုပင် ကြိုတင်မှန်းဆ၍ ရနေပေသည်။ သူမ ပေါ်ထွက်လာမည့် အချိန်ကို စက္ကန့်နှင့်အမျှ ရင်တမမ စောင့်နေသည့်တိုင် တစ်ပိုင်းတွင်မှ ပါလာမည် မဟုတ်ချေ။
တစ်ရုံလုံး မျက်နှာဖြတ်ရိုက်ခံရတဲ့ အသံတွေနဲ့ ဆူညံနေလောက်ပြီ မျက်နှာတွေတော့ ပူထူနေအောင်ကို နာနေကြမှာပဲ ...
ကျိမြန်က ငယ်ရွယ်တက်ကြွနေတဲ့ အချိန်ကို ပြန်ရောက်သွားသလိုပဲ သူ့ရဲ့ လက်စားချေတဲ့ နည်းလမ်းတွေက အရမ်းကို ရက်စက်လိုက်တာ ...
"ကျိကော မင်းက တကယ်ကို ... ရှောင်ကျားရှုအပေါ် ကောင်းတာပဲ ..."
ဖန်ခွင်း၏ စကားသံမှာ အာမေဋိတ်သံ အပြည့်ပင်။ ကျိမြန်က လက်မြှောက်လျက် သူ့ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
သူက ရွှယ်မြောင်၏ ဖုန်းနံပါတ်ကို ဆက်လိုက်၏။
"အန်တီရွှယ် ကျွန်တော် ရှောင်မြန်ပါ ဟုတ်ကဲ့ အမေရိကားက ကိစ္စတွေအားလုံး ကိုင်တွယ်ပြီးသွားပါပြီ ရှောင်ရှုကို ဂရုစိုက်ပေးဖို့ပဲ ကျန်တော့တယ် မဟုတ်တာ ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး သူ အခုပဲ အိမ်ပြန်သွားတယ် ဒေါသကတော့ ထွက်နေတုန်းထင်တယ် အိမ်ပြန်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်ပါဦး ဟုတ်ကဲ့ အခွင့်အရေးရမှပဲ တစ်ခါလောက် စကားပြောကြာတာပေါ့ ... မဟုတ်တာ ကျွန်တော့်ကို ဖိတ်စရာ မလိုပါဘူး ကျွန်တော့်ဘက်ကပဲ ဖိတ်ပါ့မယ် ဒါဆို ရှောင်ရှုကို ဖုန်းခေါ်လိုက်ပါဦး အတူတူ ဆုံကြတာပေါ့ ... ဟုတ်ကဲ့ ဒါဆို နှုတ်ဆက်ပါတယ် ..."
မျက်နှာချင်းဆိုင် ပြောနေခြင်း မဟုတ်သည့်တိုင် သူ့လေသံနှင့် အမူအယာမှာမူ ဦးညွတ်ချလုမတတ်ပင် ရိုကျိူးနေပေသည်။
ဖန်ခွင်းက အားရပါးရ လှောင်ရယ်လိုက်သည်။
"ဇာတ်လမ်းတောင် မစရသေးဘဲနဲ့ သမက်လောင်းလေး ပုံစံမျိုး ပြနေပြီ ရွှယ်မြောင်သာ မင်းက သူ့သားကို ကြံနေမှန်း သိလို့ကတော့ ဓားနဲ့တောင် ထိုးလောက်တယ် ..."
"ဒီအကြောင်းတွေကို နောက်မှပဲ တွေးတော့မယ် လောလောဆယ်တော့ ရှောင်ရှုနောက်ကိုပဲ လိုက်ကြတာပေါ့ ..."
သက်ပြင်းကို နက်ရှိုင်းစွာ ချလျက် ရှောင်ကျားရှုအား ဆက်ပြီး ဖုန်းခေါ်ရန် ပြင်ဆင်လိုက်တော့သည်။
လျစ်လျူရှုနေသည့် ရှောင်ရှု၊ ဒေါသထွက်နေသည့် ရှောင်ရှု၊ သူ့ကို နားလည်မှု လွဲနေသည့် ရှောင်ရှု ... ထို ကလေးဆန်သည့် အမူအယာအားလုံးမှာ သူ့အတွက်တော့ လွန်စွာချစ်မြတ်နိုးဖွယ်ရာပင်။ ထိုအခါမှ ရှောင်ကျားရှုအပေါ် သူ၏ သည်းခံနိုင်စွမ်းတို့မှာ ထူးကဲသာလွန်လွန်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ ဤအရာကိုမှ အချစ်ဟု မခေါ်နိုင်ပါလျှင် မည်သည်ကိုမှ အချစ်ဟု ခေါ်ဆို၍ မရတော့ချေ။
ရွှယ်မြောင်က ဖုန်းချကာ ရှို့ချန်ယုကို ပြောလိုက်သည်။
"ကျိမြန်က တကယ်ကို ကောင်းတာပဲ သူ့ကို ဒီပြန်ပို့ဖို့ အရဲစွန့်ခဲ့ရတာ တကယ် မမှားဘူး ကျွန်မတောင် သူ့ကို သွားမရှာရသေးဘူး အမေရိကားက ကိစ္စကို ကိုင်တွယ်ဖို့ သူက အရင်လာရှာတယ် တော်တော်လည်း ဖြောင့်မတ်ပေမယ့် စကားပြောတာတော့ မကောင်းဘူးနော် ကျွန်မကို အန်တီရွှယ်လို့တောင် ခေါ်လိုက်သေးတယ် ကျွန်မရုပ်က ဒီလောက်အထိကို အိုစာနေပြီလား မှတ်မိပါသေးတယ် ဟိုးအရင်ကဆို ရွှယ်ကျဲလို့ပဲ ခေါ်တဲ့ဟာကို ..."
"မင်းက လုံးဝကို မအိုသေးပါဘူး ဒီနှစ် ၂၀ အတွင်း မင်းမျက်နှာက အရင်အတိုင်းလေးပဲ ..."
ရှို့ချန်ယုက အလျင်အမြန်ပင် သံသယတို့ကို ဖြေဖျောက်ပေးလိုက်သည်။
ရွှယ်မြောင်က မှန်ကိုထုတ်ကာ သူမ၏ ရုပ်ရည် လှပနေသေးကြောင်း အတည်ပြုပြီးကာမှ ပစ္စည်းတို့ကို သိမ်းပြီး မတ်တပ်ထရပ်လိုက်သည်။
"ရှင့်အပြောကလည်း နှစ် ၂၀ လုံးကို ပြောင်းမသွားဘူးနော် လူတွေကို နှစ်သိမ့်တဲ့နေရာမှာ တော်နေတုန်းပဲ ကောင်းပြီ ဒါဆို ရှောင်ရှုကို ပြန်ကြည့်လိုက်ဦးမယ် သူ့ကို စကားပြောခွင့်ပေးလို့ မရဘူး သူ တော်တော်လေးကို မကျေမနပ် ဖြစ်နေတာ ..."
သူမ စကားအဆုံးတွင် ရှောင်တင်းပန်းထံမှ ဖုန်းဝင်လာကာ ရှောင်ကျားရှု၏ အခြေအနေနှင့် သူ့အကူအညီ လိုအပ်မှု ရှိမရှိ မေးမြန်းလာသည်။ သူမလည်း ကျေးဇူးတင်စကား ပြောကာသာ ငြင်းဆိုလိုက်တော့သည်။
သူမ အိမ်သို့ပြန်ရောက်သည့်အခါ ဆိုဖာပေါ် လှဲလျက် ဖုန်းကို ခါးသီးမုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေသော ရှောင်ကျားရှုကို တွေ့လိုက်ရသည်။
သူ့ပုံစံကို မြင်လိုက်ရသည့် ရွှယ်မြောင်မှာလည်း ချက်ခြင်း ပြုံးမိသွားကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ဘာတွေ လုပ်နေတာလဲ တစ်နေကုန် မင်းကို ဘယ်သူမှကို ရှာမတွေ့ဘူး ..."
"ဘာလို့ ကျွန်တော့်ကို Weibo ပေါ်က အမှန်တရားအကြောင်း မပြောတာလဲ ..."
ရှောင်ကျားရှုက ဖုန်းကိုပိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။
တစ်လောကလုံးကို စိတ်ပျက်နေပြီ ...
ရွှယ်မြောင်က သူ့ဆံပင်ကို ပွတ်သပ်ပေးကာ ဓာတ်ပုံနှစ်ပုံကို စားပွဲပေါ်တင်လျက် မေးလိုက်သည်။
"ဒီနှစ်ပုံမှာ ဘာ မတူတာရှိလဲ ကြည့်ကြည့်လိုက်ဦး ..."
ထိုပုံမှာ ရှောင်ကျားရှု သရုပ်ဆောင်ထားသည့် လီယွမ်ဟောက်နှင့် ချိုးတု သရုပ်ဆောင်ထားသော လီကွေ့ရီဇာတ်ကောင်၏ အပြီးသတ်ဓာတ်ပုံများ ဖြစ်သည်။ တစ်ဦးမှာ အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးက အဖြူရောင်ကို ဝတ်ဆင်ထားသည့်အတွက် ဝတ်စားဆင်ယင်မှု အပိုင်းမှာ များစွာ မကွာခြားလှ။ သို့သော် ရုပ်ရည်သွင်ပြင်နှင့် စရိုက်လက္ခဏာမှာမူ များစွာ ကွဲပြားလှပေသည်။ ရှောင်ကျားရှုမှာ ချောမော ဂုဏ်သရေရှိပြီးတုနှိုင်းမဲ့လှသည် အကြည့်တို့ထဲမှ ထိုးထွက်လာသည့် နတ်ဆိုးဆန်ဆန် အရှိန်အဝါတို့မှာ လီယွမ်ဟောက်ကို သက်ရှိထင်ရှား မြင်တွေ့လိုက်ရသည့်နှယ်။ ချိုးတုမှာလည်း ချောမောသည့်တိုင် ရှောင်ကျားရှုနှင့် ဘေးချင်းယှဉ်လျက် ရပ်နေသည့်အခါ တစ်ဖက်သူ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။ အကြည့်တို့မှာ သက်ဝင်လှုပ်ရှားခြင်း မရှိ၊ အလွန်သာမန်ဆန်လှကာ သမားရိုးကျ ပုံစံထဲမှ ကွဲထွက်သွားခြင်း မရှိချေ။
ရှောင်ကျားရှုက ဓာတ်ပုံကို ငေးကြည့်ကာ စပ်ဆုပ်စွာဖြင့် ပြောလိုက်သည်။
"အကြီးဆုံး ကွာခြားချက်ကို ပြောပါဆို သူက ကျွန်တော်လောက် မခန့်ညားဘူး ..."
"ဒါပေါ့ ..."
ရွှယ်မြောင်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။
"သူလည်း ရှေ့ပြေးနေတဲ့ စတားတစ်ယောက်ပဲလေ နာမည်ကြီးနေပြီးသားသူ ဖြစ်ရဲ့သားနဲ့ သားလို လူသစ်လေးရဲ့ ဖိနှိပ်တာကို ခံလိုက်ရတော့ ဒါကို လက်ခံနိုင်မှာတဲ့လား သားရဲ့ ရိုက်ချက်တွေကို ကြည့်ပြီးပြီ အရိုးသားဆုံး ပြောရရင် မင်းရဲ့ သရုပ်ဆောင်တာတွေက သူ့ထက် အများကြီး ပိုကောင်းတယ် ကြည့်ရှုသူတွေရဲ့ အကြည့်တွေကလည်း စူးရှတယ်လေ ပြီးတော့ ဇာတ်လမ်းတစ်ခုတည်းက လူတွေကို နှိုင်းယှဉ်ရတာကိုလည်း ကြိုက်တတ်ကြတော့ ဒါက သူ့ဂုဏ်သိက္ခာအတွက်တော့ တော်တော်လေးကို ထိခိုက်နိုင်တဲ့ အရာပဲ ဒါကြောင့်လည်း ဇာတ်ညွှန်းပြောင်းပြီး သားကို တမင်တကာကို မောင်းထုတ်တာပေါ့ ..."
"ဒါဆို အရမ်း ကောင်းလွန်းနေတာကလည်း အပြစ်တစ်ခုပဲလား သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်လို့ မရဘူးလား ..."
သူက မျက်ရည်တို့ ရစ်သိုင်းလျက် မေးလိုက်သည်။
သူမက သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့ရင်း ဆက်ပြောလိုက်သည်။
"မဟုတ်ပါဘူး သေချာပေါက်ကို သားရဲ့အမှား မဟုတ်ဘူးပေါ့ အခု ချိုးတုက ဘာလို့ သားကို နှင်ထုတ်ချင်လဲ သိသွားပြီဆိုတော့ ကျန်းပင်းကျဲကလည်း ဘာလို့ တစ်ပါတ်ရိုက်ချင်မှန်း သိပြီလား ..."
"မသိသေးဘူး သူမကို ဘယ်အချိန်လောက် ရိုက်ကူးရေးလုပ်ဖို့ ပြန်လာနိုင်မလဲလို့ပဲ မေးခဲ့တာလေ ဘောင်ကျော်တဲ့ စကားမျိုး တစ်ခွန်းမှ မပြောဖူးဘဲနဲ့ ဘာလို့ သူမကို အနိုင်ကျင့်ပါတယ်ဆိုပြီး လျှောက်ပြောရတာလဲ ..."
သူက မျက်လုံးထောင့်စွန်းတို့ကို ပွတ်ဆွဲရင်း ပြောလိုက်သည်။ ထိုသူတို့၏ စိတ်အကြံကို လုံးဝ နားမလည်နိုင်တော့။
"သူမက နာမည်ကြီးရုပ်ရှင်တစ်ခုကို ရိုက်မလို့ အမေရိကားကို ရောက်နေတာလေ ဒါပေမယ့် သားက ဇာတ်လမ်းတွဲသေးသေးလေး ရိုက်ဖို့အတွက်ပြန်လာစေချင်နေတယ် သူမအနေနဲ့ သားကို ဘာမှ မတုန့်ပြန်ဘူးဆိုတာကမှ ထူးဆန်းမနေဘူးလား ..."
ရွှယ်မြောင်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"သားကို အမြဲ ပြောဖူးသားပဲ အနုပညာလောကက မရိုးရှင်းပါဘူးလို့ တိုက်ခိုက်မှုတွေမှ အများကြီး တစ်ယောက်ယောက်ရဲ့ အကျိုးအမြတ်ကို နှောင့်နှေးအောင် လုပ်လိုက်ရင် သူတို့ကလည်း သေချာပေါက် လက်တုန့်ပြန်လာမှာပဲ ဒါကြောင့် ငတုံးလေး ရှေ့လျှောက် ပိုပြီး ဂရုစိုက် သတိလက်လွတ် မနေနဲ့ ဟုတ်ပြီလား...လူတွေက ဘာလို့ စာချုပ်ဖျက်တာလဲလို့ မေးရင် ဘာမှ ပြန်မဖြေဘဲသာ လှည့်ထွက်လာခဲ့ သူမအကြောင်း ဘာလို့ လျှောက်ပြောနေမှာလဲ မဟုတ်ဘူးလား ..."
"ကျိမြန်ကလည်း မူရင်းစာရေးသူနဲ့ ဆွေးနွေးပြီးသွားပြီ ဇာတ်လမ်းကို ရုပ်သံလွှင့်တာနဲ့ တစ်ပြိုင်နက် သူက မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲပြီး ထုတ်လွှင့်မှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိမ့်မယ် မင်းရဲ့ အန်ကယ်ရှို့ကလည်း ကြီးကြီးမားမား မဆုံးရှုံးရအောင် ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်ထုတ်ပြီးသွားပြီ အမေတို့ သားကို ဘာမှ မပြောခိုင်းဘူး ဆိုတာကလည်း ရိုက်ကူးရေးအဖွဲ့ သတိလက်လွတ် ဖြစ်နေစေချင်လို့ပါ သားသာ တိတ်တိတ်လေး နေလိုက်ရင် သူတို့ကို ကြောက်သွားတယ်ထင်ပြီး ဒီ့ထက်ကို ပိုပြီး အထိန်းအကွပ် မဲ့လာကြတော့မှာလေ ဘုရားသခင်က တစ်ခုခုကို ဖျက်ဆီးချင်ရင် ရူးသွပ်သွားအောင် အရင်လုပ်တယ်ဆိုတဲ့ စကားပုံကို ကြားဖူးတယ် မဟုတ်လား အမေတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုက အစချီနေတုန်းပဲ ရှိသေးတယ် သား အခု ကြုံနေရတဲ့ ပြစ်တင်ဝေဖန်မှုတွေအားလုံး မကြာခင် ရှင်းလင်းနိုင်တော့မှာ အနုပညာလောကဆိုတာ မင်းက တက်နင်းသွားမလား ဒါမှမဟုတ် မင်းကို တက်နင်းရမလား ဆိုတာမျိုးပဲ မအောင်မြင်ချင်တဲ့သူ အထက်ကို မရောက်ချင်တဲ့သူရယ်လို့ ရှိလို့လား အနိုင်ရတဲ့သူ နည်းနည်းတော့ ရှိပေမယ့် အများစုက ခြေနင်းကျောက်တုံးတွေပဲ ဖြစ်သွားတာလေ ဒီလောကမှာ နောက်ဆုံး အသက်ရှင်ကျန်တဲ့သူက အင်အားအကြီးဆုဲးပဲ အနှေးနဲ့အမြန် အသားကျသွားပါလိမ့်မယ် ..."
ရှောင်ကျားရှု၏ သုံးဖက်မြင် အတွေးတို့ ပြန်လည်ပေါ်ထွက်လာတော့၏။ အတော်ကြာ ကြောင်အနေပြီးကာမှ ခေါင်းကို ခါယမ်းလျက် ပြောလိုက်သည်။
"နေသားကျကောင်း ကျသွားနိုင်ပါတယ် ဒါပေမယ့် ဒီရေရဲ့ ဆွဲခေါ်မှုနောက်ကိုတော့ ဘယ်တော့မှ လိုက်ပါသွားမှာ မဟုတ်ဘူး ..."
ရွှယ်မြောင်က ပြုံးကာ ပြောလိုက်သည်။
"ကောင်းတယ် ပါမသွားစေနဲ့ ကိုယ့်ခံယူချက်နဲ့ကိုယ် ဖြစ်နေဖို့ပဲ လိုတယ် ..."
ရှောင်ကျားရှုက တွေးဆဆ ပြောလိုက်သည်။
"မား ကျိကောကလည်း ကျွန်တော့်ကို နောက်ကွယ်ကနေ ကူညီပေးခဲ့တာလား ..."
"အများကြီးကို ကူညီခဲ့တာ ချင်းယွင်ကျစ်ရှန့်ကို တိတ်တိတ်လေး နေပေးဖို့ နားချခဲ့ရုံတင် မကဘူး အမေရိကားက ကျန်းပင်းကျဲရဲ့ အခန်းတွေကိုပါ ဖြတ်ချဖို့ နည်းလမ်းရှာခဲ့သေးတယ် သူက သားအပေါ် သိပ်ကို ကောင်းတာပဲ သားကလည်း သူ့ကို တစ်ချိန်လုံး ချီးကျူးနေတာ မထူးဆန်းတော့ပါဘူး ..."
သူမက သားဖြစ်သူ၏ နားရွက်နီနီလေးကို လက်ညှိုးထိုးပြကာ စနောက်လိုက်သည်။
"စိတ်အခြေအနေ ကောင်းသွားပြီ မဟုတ်လား မိန်ရွှမ်ကျဲကို အပြစ်မတင်နဲ့တော့နော် မျက်နှာ မြန်မြန်သွားသစ်တော့ ဒီအရွယ်ကြီး ရောက်နေတာတောင် ငိုနေတုန်း ..."
ရှောင်ကျားရှုက နှာခေါင်းကို အမြန်အုပ်ထားလိုက်၏။ သူ့နှလုံးသားတစ်ခုလုံး ရှက်ရွံ့စိတ်၊ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။
တကယ်တမ်းတော့ မိန်ရွှမ်ကျဲနဲ့ ကျိကောကို အထင်လွဲခဲ့မိတာပဲ သူတို့ရဲ့ ပြဿနာဖြေရှင်းနည်းက ကွဲပြားနေတာကိုး ...
မိန်ရွှမ်ကျဲကို ချက်ခြင်း ဖုန်းခေါ်ကာ တောင်းပန်လိုက်သော်ငြား ကျိမြန်ကိုမူ လုံးဝ မဆက်သွယ်ရဲသေးချေ။
ကျိကောက ဘယ်လောက်ကောင်းကောင်း သူက သူများကောင်လေးလေ ဟိုးအရင်ကတည်းက ကြိုက်နေတာ ဆိုပေမယ့် ဒီကိစ္စပြီးမှ သိလိုက်ရတာ ကျိကောက လုံးဝကို ပြီးပြည့်စုံနေတဲ့ လူသားပဲ သန်မာတယ် စွမ်းဆောင်ရည်ရှိတယ် ရင့်ကျက်တယ် ပြီးတော့ အရမ်းလည်း ညင်သာသေးတယ် အစ်ကိုကြီးကလွဲရင် တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ယောကျာ်းပဲ ကျိကောနဲ့သာ ဆက်ပြီး ထိတွေ့ဆက်ဆံနေရရင် သိပ်မကြာခင် အကျင့်စာရိတ္တပိုင်းဆိုင်ရာရဲ့ အောက်ဆုံးစည်းကို ကျော်မိပြီး နောင်တရစရာတွေ ဖြစ်ကုန်တော့မှာ သေချာတယ် ...
ငါ ဘာလုပ်သင့်လဲ ...
စခရင်ပေါ်ရှိ မြောက်များစွာသော missed call များကို ငေးကြည့်ရင်း အတွေးတို့ နယ်လွန်သွားတော့သည်။
အချိန်အတော်ကြာ ရုန်းကန်တွေးတောနေပြီးနောက် Weibo ကိုဖွင့်ကာ ပို့စ်တစ်ခု တင်လိုက်၏။
"ဘယ်လောက်ပဲ အကျပ်ရိုက်နေပါစေ အများ မိုးခါးရေသောက်တိုင်း မသောက်နဲ့ ဘယ်လောက်ပဲ သာမညောင်
ည ဖြစ်နေပါစေ ခေတ်ရေစီးကြောင်းနောက် မလိုက်နဲ့ ဘယ်လောက်ပဲ အနိမ့်အမြင့်အတက်အကျတွေ ကြုံရပါစေ ကြိုးစားမှုကို မလျော့လိုက်နဲ့ "
Xxxxxxx