အပိုင်း ၁၁၈
Viewers 57k

Chapter 118





"ငါထင်ခဲ့တာ ရှောင်ကျားရှုကို မောင်းထုတ်နိုင်ရင် ငါ အနိုင်ရပြီလို့ပေါ့ တကယ်တမ်းတော့ ငါ့ဘက်ကပဲ ဆထက်တိုးပြီး ဆုံးရှုံးသွားရတာ အမြဲတမ်း မာနကြီးပြီး ခုခံမနေခဲ့သင့်ဘူး ငါသာ ရိုးသားခဲ့ရင် ခံစားချက်တွေ စစ်မှန်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူး ... 


သူ့လက်ထောက်မှာလည်း ထိတ်လန့်သွားဟန်ပင်။ ပြတင်းပေါက်ကို ပိတ်လျက် အလန့်တကြား မေးလိုက်သည်။ 


"လင်းကော ဘာတွေ ပြောနေတာလဲ ရှောင်ကျားရှုက ခြေထောက်ထိခိုက်လို့ ပြန်သွားရတာ မဟုတ်ဘူးလား အဲဒါ ကောနဲ့ ဘာဆိုင်နေလို့လဲ မစ္စတာကျိကလည်း ဒီအကြောင်း သိသွားလို့ စာချုပ်ကို ရပ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာလား အိပ်မနေပါနဲ့ ကျွန်တော့်ကို မြန်မြန် ပြန်ပြောဦး ဒီကိစ္စက ကောရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်နော် တကယ်လို့ မစ္စတာကျိကသာ ထောက်ပံ့‌မပေးတော့ဘူးဆိုရင် ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြတော့မလဲ ..." 


လင်းလဲ့ယန်က မျက်နှာကို အုပ်ထားလျက်သာ အိပ်ယာပေါ် လှဲနေလိုက်တော့သည်။ သူ့တွင် စကားပြောရန်ပင် အားမရှိတော့။ 


ချိန်ဖမ်းရှင်းက နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကာ သုတ်သီးသုတ်ပျာ ပြောလိုက်ပြန်သည်။ 


"လဲ့ယန် ဘာတွေ ဖြစ်ကုန်တာလဲ ငါ အခုပဲ ရှေ့နေဆီကနေ ရပ်စဲခြင်း အကြောင်းကြားစာ ရလာတယ် ဘယ်လိုဖြစ်ပြီး ပရိုဂရမ်ကနေ အထုတ်ခံလိုက်ရတာလဲ ဟေး ဟေး အသံတိတ်မနေနဲ့ကွ အင်တာနက်ပေါ်ကလူတွေ မင်းကို ဘာပြောနေကြလဲ ထကြည့်လိုက်ဦး မင်းက မစ္စတာကျိကို အပြစ်ပြုမိလို့ ban ခံလိုက်ရတာတဲ့ ဓာတ်ပုံတွေ ဖျက်ပစ်တယ်ဆိုတာ အကင်းပဲ ရှိသေးတယ်လို့ ပြောနေကြတယ် နောက်ထပ် ထပ်လာမှာတွေ အများကြီး ရှိသေးတယ်တဲ့ ငါ သူတို့ရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတွေကို ဟာသလုပ်နေတုန်းပဲ ရှိသေးတယ် ‌ရှေ့နေဆီကနေ စာရောက်ချလာတာ လန့်ဖျပ်ပြီး အသက်ကို ထွက်တော့မလို့ သိရဲ့လား မစ္စတာကျိသာ မင်းကို ပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ငါတို့တော့ ဗိုက်ဟောင်းလောင်းနဲ့ အေးခဲပြီး သေတော့မှာကွ တစ်ခုခု ပြောဦးလေ သေချင်ယောင် ဆောင်မနေနဲ့ ..." 


လက်ထောက်က ဖုန်းကို လင်းလဲ့ယန်၏ နားရွက်ပေါ် ဖိပေးလိုက်သည်။ သို့သော် သူ့တွင် စကားပြောရန် ရည်ရွယ်ချက်မရှိ။ မျက်ရည်စီးကြောင်းနှစ်ခုသာ ကျဆင်းလာကြောင်း တွေ့လိုက်ရသည့်အခါ ပြဿနာ မည်မျှအထိ ကြီးနေပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ 


ဖုန်းကို ယူလျက် တုန်ရီစွာ ပြောလိုက်သည်။ 


"ချိန်ကော မကောင်းတော့ဘူး ကြည့်ရတာ လင်းကောက တကယ်ကြီးကို မစ္စတာကျိကို အပြစ်ပြုမိတယ်ထင်တယ် သူ့ကို လူတွေ‌အများကြီးရှေ့မှာကို အော်ဟစ်ဆူပူခဲ့တာ ကော တစ်ခုခု လုပ်ရအောင် နည်းလမ်းလေးဘာလေး တွေးကြည့်မှ ရတော့မယ် ..." 


"သူ့ကို ဘယ်လို ဆူပူတာလဲ ..." 


ချိန်ဖမ်းရှင်းပင်လျှင် စိတ်ကို အေးအေးမထားနိုင်တော့။ 


လက်ထောက်က လင်းလဲ့ယန်ကို ချောင်းကြည့်ကာ အခန်းအပြင်သို့ ထွက်ပြီး ကော်ရစ်ဒါထောင့်တွင် ထိုင်ချလျက် တီးတိုးပြောလိုက်သည်။ 


"သူက လင်းကောကို .. လောဘကြီးလွန်းတယ်တဲ့ ..." 


ထိုစကားမှာ ကောင်းသည့်စကား မဟုတ်။ မစ္စတာကျိက လင်းလဲ့ယန်ကို အလိုကြီးလွန်းသည်ဟု ထင်မိ၍ ရှေ့လျှောက် မည်သည့်အခွင့်အရေးကိုမှ မပေးတော့ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေငြာလိုက်သည့် စကားပင်ဖြစ်သည်။ ချိန်ဖမ်းရှင်းမှာ လေအေးတစ်စု ရှူသွင်းရင်း သူနှင့် လင်းလဲ့ယန်၏ အနာဂတ်မှာ တစ်စစီ ပျက်စီးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်မိတော့သည်။ 



........



ရှောင်ကျားရှုက ဆယ်ရက်တိုင် အပြင်မထွက်ဘဲ အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။ ထိုကာလအတွင်း မိခင်ဖြစ်သူ၏ အမျိုးမျိုးအဖုံဖုံ ဂရုစိုက်မှုများကြောင့် နားသန်သီးတစ်ခုလုံး စုတ်ပြဲကာ ခေါင်းခေါက်ခံရသဖြင့် နဖူးပင် ပေါက်သွားတော့မည်ဟု ခံစားလိုက်ရတော့သည်။ နေ့တိုင်း ဖုန်းကိုသာ စိုက်ကြည့်နေပြီး ကျိမြန်ထံမှ စာရောက်လာသည်ကို တွေ့ရသည်နှင့် တစ်ပြိုင်နက် ဖွင့်ဖတ်ချင်စိတ်တို့က ထိန်းချုပ်၍မရ။ စာပြန်ပို့‌လိုက်ချင်သော်ငြား နောက်ဆုံးတွင်တော့ စာပိုဒ်အရှည်ကြီး တစ်ပိုဒ်လုံးကို ပြန်ဖျက်လိုက်ခြင်းဖြင့်သာ အဆုံးသတ်လိုက်ရတော့သည်။ 


နေ့ရက်တိုင်း အချိန်တိုင်း ကျိကောက သူ့ကို "အဆင်ပြေရဲ့လား" "ဒီမှာ ရှိနေလား" "အိမ်ပြန်ရောက်ပြီလား" "ကောင်းကောင်းနားရဲ့လား" အစရှိသဖြင့် မေး‌တတ်ပြီး မေးခွန်းတိုင်းမှာ နွေးထွေးမှုတို့ ပြည့်နှက်နေသည်။ သို့သော် သူကမူ ချောင်းကြည့်ရုံမှအပ စာပြန်မပို့ရဲတော့ချေ။ 


ခံစားချက်တွေကို အခုမှ မြိုသိပ်နိုင်ခဲ့တာကို ဘယ်လိုလုပ် နောက်တစ်ခါ ပြန်ထွက်လာခွင့် ပေးလို့ ရမှာလဲ တစ်ခြားသူတွေရဲ့ နှလုံးသားရေးရာကို ကဖျက်ကယက် ဝင်လုပ်လို့ မသင့်တော်ဘူးလေ ကျိကောက သူ့ကို စီနီယာဂျူနီယာလို ဂရုစိုက်ခဲ့တာ ဆိုပေမယ့် သူကတော့ အဓိပ္ပါယ် အကောက်မှားပြီး တစ်ကိုယ်တော်ပြပွဲတွေ လုပ်ခဲ့မိတာကို အကြာကြီးပဲ ကျိကောက လင်းလဲ့ယန်ရဲ့ ပုံကို ဖျက်ခဲ့တယ်ဆိုတာလည်း ဒီကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး တစ်ချိန်ချိန် သူတို့ရဲ့ ဆက်ဆံရေးကို ချပြလိုက်တာနဲ့ တစ်ပြိုင်နက် အနုပညာလောက တစ်ခုလုံး မုန်တိုင်းထန်သွားတော့မှာ ဒီပုံတွေက သက်သေဖြစ်လာနိုင်‌လို့ စောစောစီးစီး ရှင်းလင်း လက်စဖျောက်ထားတာ နေမှာပေါ့ ... 


ကျိကောကို ကပ်တွယ်ခဲ့မိသည့် နေ့ရက်တို့ကို ပြန်လည်စဉ်းစားမိလေတိုင်း ရှောင်ကျားရှုမှာ ရှက်ရွံ့မှုနှင့် နာကျင်မှုတို့ကို ထပ်တူ ခံစားလိုက်ရတော့သည်။ သူ့အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ နင့်နင့်နဲနဲ သဘောကျနိုင်တော့မည် မထင်တော့။ လက်လျော့လိုက်ရခြင်းမှာ အသားကို ဓားထက်ထက်ဖြင့် လှီးဖြတ်ခံလိုက်ရသည့်နှယ် သေလုအောင် နာကျင်လှပေသည်။ 


လွန်ကျူးလှသည့် အတွေးတို့ကို မောင်းထုတ်နိုင်ရန် အလို့ငှာ နေ့တိုင်း ဇာတ်ညွှန်းများစွာတို့ကို ဖတ်ရှူပြီး အတတ်နိုင်ဆုံး အလုပ်ပြန်လုပ်နိုင်ရန် ကြိုးပမ်းလိုက်တော့သည်။ အလေးအနက်ထားကာ ရုပ်ရှင်ရိုက်ခြင်းကသာလျှင် သူ့ကို ရွှံ့ဗွက်အိုင်ထဲ ကျမည့်ဘေးမှ ကယ်တင်နိုင်မည်ဖြစ်သည်။ 


"မိန်ရွှမ်ကျဲ ကျွန်တော် "နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" ကို ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ..." 


ဇာတ်ညွှန်းအားလုံးကို ဖတ်ရှုပြီးစီးပြီးနောက် သူစိတ် အဝင်စားဆုံး တစ်ခုကို ရွေးချယ်လိုက်သည်။ 


"ရှောင်ရှုမြောင်လေးက တကယ်ကို အမြင်ရှိတာပဲ ဒီဟာက ဒီနှစ်အတွက် နာမည်အကြီးဆုံး IP ထဲက တစ်ခုလေ ကောင်းပြီ ဒါဆို ကျဲ စတူဒီယိုနဲ့ သွားပြောထားလိုက်မယ် လူရွေးပွဲအတွက် စိတ်မပူနဲ့ ဒါက လုပ်ရိုးလုပ်စဉ်လေးပဲ မင်းသာ ရိုက်ချင်ရင် ဒီဇာတ်ကောင်က ဘယ်သူ့လက်ထဲမှ မရောက်စေရဘူး ..." 


ဟွမ်မိန်ရွှမ်က ပြောလိုက်သည်။ 


"နောက်ထပ် ဇာတ်လိုက်တစ်ယောက်ကရော ဘယ်သူလဲ ..." 


ရှောင်ကျားရှုမှာ တွဲဖက်သရုပ်ဆောင်စာရင်းကို စိတ်အဝင်စားဆုံးဖြစ်သည်။ သူသည် ရုပ်ရှင်နှစ်ကားသာ ရိုက်ကူးဖူးကာ ရိုက်သမျှတိုင်းမှာလည်း ကျိကောနှင့်သာ တွဲဖက်သရုပ်ဆောင်ထားရသည့်အတွက် အခြားသူနှင့် အလုပ်တွဲလုပ်ရပါလျှင် အဆင်ပြေနိုင် မပြေနိုင် မသိနိုင်သေးချေ။


"နဂါးနှစ်ကောင်ရဲ့ ရာဇဝင်" မှာ ဇာတ်လိုက်နှစ်ဦးဖြင့် ဇာတ်အိမ်တည်ထားခြင်းဖြစ်ကာ ဇာတ်ကြောင်းမှာလည်း များစွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ မူရင်းဝတ္ထု၏ ပရိသတ်ကပင်လျှင် သန်းပေါင်းများစွာ ရှိနေရာ ရုပ်ရှင်ရိုက်မည်ဟု ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အင်တာနက်ပေါ် ဆူညံပွက်လောရိုက်ကုန်သဖြင့် ထိုရုပ်ရှင်ကို မျက်စိကျနေသူများ မည်မျှ များပြားကြောင်း ခန့်မှန်း၍ပင် မရတော့ချေ။ ရှောင်ကျားရှုအတွက် ဤဇာတ်လိုက်နေရာကို အရယူပေးရန် အလို့ငှာ ဟွမ်မိန်ရွှမ်သည် သူမ တတ်စွမ်းသရွေ့ အားလုံး ဆောင်ရွက်ပေးမည်ဖြစ်သည်။ 


သူမက အသေအချာ ပြောလိုက်သည်။ 


"နောက်ထပ် ဇာတ်လိုက်ကတော့ ဘယ်သူလဲ မသိဘူး ဒါပေမယ့် မင်းကတော့ သေချာပေါက်ကို ဇာတ်လိုက်နေရာ ရစေရမယ် ကုမ္ပဏီကို လာခဲ့ပါလား အသေးစိတ် ဆွေးနွေးကြရအောင်..." 


"ဟုတ်ကဲ့ အခုပဲ ထွက်လာခဲ့လိုက်မယ် ..." 


ရှောင်ကျားရှုက ဆိုဖာပေါ် ထိုင်နေရာမှ ချက်ခြင်း ထရပ်လိုက်သည်။ 


ရေချိုးခန်းထဲဝင်ကာ မှန်ကြည့်လိုက်ကာမှ သူ့ရုပ်ရည်သွင်ပြင်ကို ရက်အတော်ကြာ ပစ်ထားခဲ့မိမှန်း သဘောပေါက်သွားတော့သည်။ ဆံပင်တို့ ရှုပ်ပွနေကာ မျက်လုံးအောက်ခြေတွင်လည်း အမဲရောင် အဝိုင်းနှစ်ခု ရှိနေသေးသည်။ အသားအရေက ဖြူဖွေးတောက်ပနေ၍သာ တော်သေးသည်။ မျက်နှာအစိတ်အပိုင်းတို့က ချောမောကာ ဆွဲဆောင်မှု ရှိနေသည့်အတွက် ထိုအမဲရောင် အဝိုင်းနှစ်ခုက smokey eye makeup လိမ်းထားသည့်နှယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေဘဲ ဖရိုဖရဲနှင့် အလှလေးဟု ယူဆနိုင်ဖွယ် ဖြစ်သွားတော့သည်။ 


ခပ်သွက်သွက် ရေချိုးကာ ပွယောင်းယောင်းဆံပင်တို့ကို သာမန်ကာလျှံကာ ဆွဲဖွရင်း အဖြူရောင်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ဆင်၍ ထွက်လာခဲ့လိုက်တော့သည်။ ကွမ်ရှစ် အဆောက်အဦးသို့ ရောက်လာပြီးနောက် ကားကို သော့ခတ်ကာ နံရံတွင် မှီလျက် ဓာတ်လှေကားကို စောင့်နေလိုက်သည်။ မြေအောက်သုံးလွှာမှ တက်လာသော ဓာတ်လှေကားက သူရှိနေသည့် မြေအောက်တစ်လွှာအရောက်တွင် တံခါးပွင့်သွားကာ မြောက်များစွာသော ဝန်ထမ်းများကို တွေ့လိုက်ရတော့သည် အားလုံးအနက် အထင်ရှားဆုံးမှာမူ ကျိမြန်ပင် ဖြစ်ပေသည်။ 


သူက နေကာမျက်မှန်တစ်လက်ကို ဝတ်ဆင်ကာ ဆံပင်တို့ကိုလည်း ကောင်းစွာ ဖြီးသင်ထားသည်။ ငွေမင်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ကာ အိတ်ကပ်ထဲ လက်ထည့်လျက် မေးရိုးကို ခပ်မြင့်မြင့် မြှောက်ထားသည်မှာ ဓာတ်လှေကားနံရံကို စိုက်ကြည့်နေဟန်ပင်။ သို့သော် တံခါးဝတွင် ရပ်နေသူအား တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ပျင်းတိပျင်းရွဲ ကိုယ်ဟန်တို့ ချက်ခြင်း ပျောက်ကွယ်ကာ ရုတ်ချည်း လေးနက်သွားတော့သည်။ 


သူပင် သတိမထားမိလိုက်ဘဲ ခါးကိုမတ်လျက် မျက်မှန်ကိုချွတ်ကာ နူးညံ့စွာ ပြောလိုက်သည်။ 


"ရှောင်ရှု မတွေ့ရတာတောင် ကြာပြီနော် ..." 


"ကျိကော မတွေ့ရတာ ကြာပြီ ..." 


ရှောင်ကျားရှုက ရှေ့တိုးလာခြင်းလည်း မရှိ၊ နောက်ပြန်ဆုတ်သွားခြင်းလည်း မရှိ။ နေရာတွင်သာ ရပ်နေပေသည်။ 


"ဝင်မလာဘူးလား ..." 


ကျိမြန်က ချက်ခြင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ 


ရှောင်ကျားရှုက နောက်ကျောဘက်သို့ လှည့်ကြည့်လျက် လက်ယမ်းပြလိုက်၏။ 


"မဝင်တော့ဘူး ကျိကော ကျွန်တော် မိန်ရွှမ်ကျဲ ကားပါကင်ထိုးပြီးတာကို စောင့်ရဦးမှာ ကောပဲ အရင်တက်သွားနှင့်လိုက်လေ ..." 


ကျိမြန်၏ အကြည့်ထဲရှိ အလင်းရောင်တို့ ရုတ်ချည်း ချုပ်ငြိမ်းသွားတော့သည်။ ဓာတ်လှေကားခလုတ်ကို ဖိလျက် နူးနူးညံ့ညံ့ ပြုံးပြရန် ကြိုးစားလိုက်သည်။ 


"ရှောင်ရှု မင်း အခုတလော ဘာတွေရော လုပ်နေလဲ ..." 


မတွေ့ရတာ နှစ်ပတ်ပဲ ရှိသေးတာကို ဘာလို့ နှစ်တစ်ရာလောက် မတွေ့ရသလို ခံစားနေရပါလိမ့် အခုအချိန်အထိ ရှောင်ကျားရှုရဲ့ အတွေးတွေကို ခံစားကြည့်လို့ မရသေးဘူး သူက တိတ်တိတ်လေး နောက်ပြန်ဆုတ်ပြီး အမှောင်ထဲမှာ ပုန်းအောင်းနေတာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားမယ့် ရေပူဖောင်းတွေလိုပဲ သူ့တစ်ကိုယ်လုံးလည်း စိတ်ဓာတ်ကျပြီး ‌အမှောင်ဖုံးနေတာ နည်းနည်းလေးသာ နောက်ပြန်ဆုတ်လိုက်မိရင် အရိပ်ထဲမှာ လုံးဝ ပျောက်ကွယ်သွားပြီး မမြင်နိုင် မထိနိုင်တော့ဘူး ... 


‌ကျိမြန်မှာ သူ့ကို ဓာတ်လှေကားထဲ ဆွဲသွင်းကာ တင်းတင်းကြပ်ကြပ် မဖက်မိစေရန် မနည်းပင် စိတ်ကို ထိန်းထားလိုက်ရတော့သည်။ 

(မထိန်းနဲ့လေဟဲ့🥲) 


ဒီကလေး ရှောင်ကျားရှုကတော့ တကယ်ပဲ သူ့ကို ရင်နာအောင် လုပ်နိုင်တာပဲ ပြီးတော့ မရေမရာ ဖြစ်အောင်ရောပဲ ... 


"ကျွန်တော်က ရှေးခေတ်ဇာတ်လမ်း တစ်ခုလောက် ရိုက်မလို့ပါ အခု ကုမ္ပဏီကို လာတာကလည်း အဲဒီ့ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးစရာလေးတွေ ရှိနေလို့ ..." 


ဓာတ်လှေကား အလင်းရောင် ပျောက်သွားကာမှ သူလည်း သက်ပြင်းချနိုင်‌လိုက်တော့သည်။ နောက်ဆုံးကျန်နေသည့် သိက္ခာတရားတို့ကို ထိန်းသိမ်းနိုင်ရန် အလို့ငှာ မရှိသင့်သည့် အတွေးအားလုံးတို့ကို သိုဝှက်ထားရမည်ဖြစ်သည်။ 


"ဘယ်လိုဇာတ်လမ်း အမျိုးအစားလဲ နာမည်ပြောလိုက်လေ ကိုယ် ကူကြည့်ပေးမယ် ..." 


ကျိမြန်က ဓာတ်လှေကားကို ပြန်ဖွင့်ရင်း မေးလိုက်သည်။ သူ့လေသံမှာ အသနားခံလိုသည့် အရိပ်အယောင်တို့ ယှက်နွယ်နေသည်။ 


"ကျွန်တော်လည်း မသေချာသေးဘူး ပြောမိပြီးကာမှ အရူးဖြစ်သွားမှာကိုလည်း ကြောက်လို့ ..."


ရှောင်ကျားရှုက လက်ကို ကပျာကယာ ခါယမ်းပြလိုက်သည်။ ကျိကောကို မြင်လိုက်ရသည့်အခါ သူ့ကိုယ်သူ နစ်နာသည်ဟု ခံစားရ၍ ငိုချလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ မှိန်ဖျော့ဖျော့ အလင်းရောင်ကြောင့်သာ မဟုတ်ပါလျှင် သူ့မျက်လုံးတို့ နီရဲနေကြောင်း သိသာနေမည်ဖြစ်သည်။ 


ကျိမြန်က ရှေ့သို့ နှစ်လှမ်းတိုးလာကာ ဓာတ်လှေကားထဲမှ ကိုယ်တစ်ဝက် ထွက်ရင်း ခလုတ်ကို တင်းတင်းကြပ်ကြပ် ဖိထားပြီး နူးညံ့စွာ ပြောလိုက်သည်။ 


"ဘယ်လိုလုပ် မင်းကို လှောင်မှာလဲ ကိုယ့်ရုံးခန်းထဲကို လာခဲ့လေ စကားပြောကြရအောင် ..." 


ရှောင်ကျားရှုကို ရှောင်ကြဉ်မည်ဟူသည့် သူ၏ မူလရည်ရွယ်ချက်ကိုပင် မေ့လျော့သွားတော့သည်။ အမှောင်ထဲတွင် တစ်ယောက်တည်း ရပ်နေသူအား ငေးကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး နာကျင်မှုတို့ ဆထက်တိုးပွားလာတော့သည်။ 


ဓာတ်လှေကားထဲတွင် ရပ်နေသူ တစ်ဦးက ဆက်ပြီး မစောင့်နိုင်တော့သည့်အတွက် တမင်တကာ ချောင်းဟန့်လိုက်တော့သည်။ 


ဖန်ခွင်းက ကသိကအောက်ဖြစ်စွာဖြင့် ပြောလိုက်၏။ 


"ကျိကော နောက်ပိုင်းမှ ရုံးခန်းထဲမှာ စကားဆက်ပြောရရင်ရော ..." 


ရှောင်ကျားရှုကလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် ချက်ခြင်းပင် ဦးညွတ်လိုက်သည်။ 


"ကျိကော သွားနှင့်လိုက်ပါ ..." 


သူက ရုံးခန်းထဲသို့ လိုက်လာပါမည်ဟုတော့ လုံးဝ မပြော။ ကျိကောနှင့် မျက်နှာချင်းဆိုင် တွေ့နေရသည်ကပင်လျှင် သူ့တစ်ကိုယ်လုံးရှိ ခွန်အားတို့ ဆုတ်ယုတ်နေရာ မျက်နှာချင်းဆိုင် ထိုင်၍သာ စကားပြောရပါလျှင် သူ့ကို အသေသတ်နေသည်နှင့် မထူးတော့ချေ။ 


ကျိမြန်က လည်ပင်းကိုဆန့်ကာ လှမ်းကြည့်လိုက်သည့်တိုင် ဟွမ်မိန်ရွှမ်၏ ပုံရိပ်ကို မတွေ့ရသေးသည့်အတွက် ခလုတ်ကို လွှတ်ပေးလိုက်ရတော့သည်။ ရှောင်ကျားရှုကို ရှုသိုးသိုး စိုက်ကြည့်နေရင်း သတ္ထုတံခါး ပိတ်သွားကာ ရှောင်ကျားရှု ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဗလာဖြစ်မှု၊ ပူပန်မှုနှင့် ဆုံးရှုံးမှုတို့က သူ့မျက်နှာပေါ် ရောက်ရှိလာတော့၏။ နောက်ကျောဘက်စီမှ စပ်စုနေသည့် အကြည့်တို့ကို သတိပြုမိသည့်အတွက် နေကာမျက်မှန်ကို ပြန်တပ်ကာ သူ့မျ

က်ဝန်းတို့၏ အောက်ခြေမှ ဆန်တက်လာသည့် ရှုပ်ထွေးကာ ရှင်းပြ၍ မရနိုင်လောက်သော ခံစားချက်အားလုံးကို ပိတ်ဆို့ထားလိုက်တော့သည်။ 



Xxxxxxxx