အပိုင်း ၁၁၀
Viewers 57k



Chapter 110




ဝဝလင်လင် စားသောက်ထားသည့်အပြင် အကြောင်းပြချက် ရေရေရာရာ မရှိဘဲ အင်တာဗျုးခံလိုက်ရပြီးနောက် ရှောင်ကျားရှုသည် သစ်ပင်ခြေရင်းတွင် ခြေဆင်းကာ တစ်ရေးတစ်မော မှေးစက်ရန် ပြင်လိုက်တော့သည်။ ကျိမြန်က သူ့အနားသို့ ဆေးသေတ္တာဖြင့် ရောက်လာကာ အမိန့်ပေးလိုက်သည်။ 


"ဖိနပ်တွေ ချွတ်လိုက် မင်းခြေထောက်က အဖုတွေကို ကြည့်ကြည့်မလို့ ..." 


ရှောင်ကျားရှု၏ အမူအယာမှာ ရုတ်ချည်း လေးနက်သွားကာ မျက်နှာကို မဲ့လျက် ဖိနပ်ကို ချွတ်လိုက်သည်။ ကျိမြန် အနံ့တစ်ခုခု ရသွားမည်ကို စိုးရိမ်သည့်အတွက် ခြေထောက်ကို ဦးစွာ နမ်းကြည့်လျက် ပေါင်ပေါ် တင်ထားလိုက်သည်။ သူ့ပုံရိပ်မှာ ထိန်းသိမ်းရန်ပင် မကျန်တော့သည့်အတွက် စိတ်ကို အပြည့်အဝ လွှတ်ထားလိုက်တော့သည်။ 


ကျိမြန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။ 


"ဘာအနံ့ပဲထွက်ထွက် ငါ့စိတ်ထဲမှာ မကြိုက်တဲ့ ခံစားချက်မျိုး မရှိပါဘူး ..." 


ရှောင်ကျားရှုက မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြောလိုက်သည်။ 


"ဒါပေမယ့် ကျိကော ကျွန်တော့်ခြေထောက်က တကယ်လည်း မနံပါဘူး ..." 


"အိုကေ အိုကေ အိုကေ မင်းခြေထောက်က မနံပါဘူး ..." 


ကျိမြန်က ပတ်တီးစကို ဖြည်ကြည့်လိုက်ပြီးကာမှပင် စိတ်အေးသွားရတော့သည်။ 


"ဖောက်ထားတဲ့ အရည်ကြည်ဖုတွေက သွေးတော့ မထွက်ပါဘူး အဆင်ပြေတယ် အရေပြားကိုတော့ မခွာနဲ့နော် မဟုတ်ရင် မနက်ဖြန်ကျ လမ်းမလျှောက်နိုင်ဘဲ နေလိမ့်မယ် ..." 


ထိုသို့ပြောရင်း ခြေဖဝါးပေါ်ရှိ သဲများကို ခါပေးကာ ဆေးပြန်ထည့်၊ ပက်တီးပြန်စည်းပေးလိုက်သည်။ 


"ဖိနပ်မစီးနဲ့ဦး အရင်ဆုံး လေသလပ်ခံလိုက် အဲဒါမှ အဖုတွေ မြန်မြန်ခြောက်သွားမှာ ..." 


သူက ဆေးသေတ္တာကို ပြန်သိမ်းရင်း ပြောလိုက်သည်။ 


"ဒီမှာပဲထိုင်နေ ရိုက်ကူးရေးအဖွဲ့ကနေ မင်းအတွက် ခြေညှပ်ဖိနပ် တစ်ရံလောက် သွားတောင်းလိုက်ဦးမယ် ပြီးမှ တစ်ခြားသူတွေဆီမှာ တောင်တက်ဖိနပ်တစ်ရံလောက် အပိုပါလား မေးကြည့်ပေးမယ် ဒီဖိနပ်တွေကတော့ ထပ်စီးလို့ မရတော့ဘူး မဟုတ်ရင် ခြေထောက်တစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ် ..." 


"ပရိုဂရမ်အဖွဲ့က ဖိနပ်လဲခွင့် ပေးတယ်လား ..." 


ရှောင်ကျားရှုက တောက်တောက်ပပပြုံးကာ မေးလိုက်သည်။ 


ကျိကောက တကယ်ကို ထောက်ထားညှာတာတတ်တာပဲ ... 


"အခုရိုက်နေတာ ရသစုံရှိုးလေ survival show မှ မဟုတ်တာ ပါဝင်တဲ့ ဧည့်သရုပ်ဆောင်တွေရဲ့ ကျန်းမာရေးကို တွေးပေးရမှာပေါ့ ..." 


သူ၏ နွေးထွေးမှုတို့ ကူးစက်သွားသည့် ကျိမြန်မှာ မရယ်မောဘဲပင် မနေနိုင်တော့။ 


"ခဏစောင့်ဦး သိပ်မကြာခင် ပြန်လာခဲ့မယ် ..." 


နောက်ထပ်မိနစ်အနည်းငယ် အကြာတွင် ခြေညှပ်ဖိနပ်တစ်ရံနှင့် တောင်တက်ဖိနပ်တစ်ရံ ကိုင်လျက် ပြန်ရောက်လာတော့သည်။ 


"ကျိုးရှောင်လုံက ပေးလိုက်တာ အသစ်တဲ့ တံဆိပ်တောင် မခွာရသေးဘူး စမ်းကြည့်ကြည့်လိုက် သူ့ဖိနပ်ဆိုဒ်က မင်းနဲ့ အတူတူဆိုတော့ စီးလို့ ရလောကမယ်ထင်တယ် ..." 


"ကျေးဇူးတင်ပါတယ် ကျိကော ..." 


ရှောင်ကျားရှုက ဖိနပ်နှစ်ရံကိုယူကာ လက်ကိုမြှောက်လျက် မနီးမဝေးရှိ ကျိုးရှောင်လုံကို အော်ပြောလိုက်သည်။ 


"ရှောင်လုံ ကျေးဇူးတင်ပါတယ် ပြီးမှ ညစာလိုက်ကျွေးမယ်နော် ..." 


"မလိုပါဘူး ငါတို့ကိုသာ ဂိမ်းဆော့ရင် အလျော့ပေး ..." 


ကျိုးရှောင်လုံက အမှုမထားဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ 


ရှစ်ထင်းဟန်က သူ့နောက်ကျောကို ရိုက်ကာ ဟန်ဆောင်ပန်ဆောင် ဆဲရေးလိုက်သည်။ 


"ငါတို့က သူတို့အလျော့ပေးတာကို လိုအပ်သေးလို့လား မင်းကတော့ ကိုယ့်ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး တစ်ဖက်သူတွေရဲ့ ရည်မှန်းချက်ကို မြှင့်တင်ပေးနေတာပဲ သွား ကျန်သေးတဲ့ shellfish တွေ ယူလာပြီး သူ့ကို ဒူးထောက်ခိုင်းထားလိုက် ..." 


ရယ်မောသံတို့ တသောသော ညံသွားကြတော့သည်။ 


ရှောင်ကျားရှုက တပျော်တပါးပင် ခြေညှပ်ဖိနပ်များ ပြောင်းစီးကာ ကျိမြန်အား လမ်းလျှောက်ထွက်ရန် ခေါ်မည်ပြုစဉ် ဟွမ်ရင်ရွှယ်က ပါးစပ်‌အဟောင်းသားဖြင့် အနားရောက်လာ၏။ 


"ကပ္ပတိန် လျန့်မင်ကျန်းနဲ့ တစ်ခြားသူတွေ စားနေတာကို ကြည့်ကြည့်လိုက်ပါဦး ကျွန်မလည်း နည်းနည်းလောက် စားချင်တယ် ..." 


နှစ်ဦးသား လှည့်ကြည့်လိုက်သည့်အခါ ဓားမြောင်တစ်ချောင်းဖြင့် မည်သည့်နေရာမှ ရလာမှန်း မသိသော အုန်းသီးများကို ခွဲကာ အုန်းရည်သောက်၊ အုန်းဆံစားရင်း ပျော်ပါးနေကြသည်ကို တွေ့လိုက်ရသည်။ 


ရှောင်ကျားရှုလည်း ရုတ်ချည်း သွားရည်တမြားမြား ဖြစ်သွားကာ သူမ၏ စကားကို ထောက်ခံတော့မည် ပြုပြီးကာမှ အချိန်မီ ရပ်တန့်လိုက်သည်။ 


အုန်းသီးက ဘယ်က ရတာလဲ သေချာပေါက်ကို အုန်းပင်ပေါ်က ရတာပေါ့ ဒါပေမယ့် ဒီလောက်မြင့်တဲ့ အပင်ကို ဘယ်သူတက်မှာလဲ ဒီကိစ္စက ကျိကောခေါင်းပေါ် ရောက်လာဦးမှာမှန်း ဗေဒင်မေးနေစရာကို မလိုဘူး ဘာလို့လဲဆိုတော့ သူက အသင်းခေါင်းဆောင်ဖြစ်နေလို့လေ ... 


မဖြစ်ဘူး မဖြစ်ဘူး ဒီကိစ္စကို လုံးဝ ခွင့်ပြုလို့ မရဘူး ဟွမ်ရင်ရွှယ်ကို သေချာလေး နားချမှ ရတော့မယ် ... 


ထိုသို့တွေးပြီးနောက် ချက်ခြင်းလက်ငင်းပင် တုန့်ဆိုင်းနှေးကွေးနေဟန်သို့ ပြောင်းသွားတော့သည်။ 


"အုန်းသီးဆံက ကယ်လိုရီ အရမ်းများပြီး အဆီ ၃၀ ရာခိုင်နှုန်းတောင် ပါဝင်တယ်တဲ့ စားပြီးတာနဲ့ ဝိတ်တက်ဖို့ အရမ်းလွယ်ကူတယ်လို့ ကြားဖူးတယ် ဒါမှမဟုတ် ငှက်ပျောသီး ခူးပေးမယ်လေ တောင်အောက်ကို ဆင်းလာတုန်းက ငှက်ပျောပင်တွေ တွေ့ခဲ့သေးတယ် ..."


ပြောရင်းဆိုရင်းပင် ချက်ခြင်း မတ်တပ်ထရပ်လိုက်သည်။ 


ကျိမြန်က သူ့ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။ 


"ဒီမှာပဲ ထိုင်နေ ငှက်ပျောသီးရော အုန်းသီးရော ခူးခဲ့ပေးမယ် ..." 


ပထမအကြိမ် ရှိခဲ့ပါလျှင် ဒုတိယအကြိမ်လည်း ရှိလာမည်ဖြစ်သည်။ ထို့အပြင် သူ့အဖို့ မည်မျှပင် ကြောက်ရွံ့နေပါစေ ရှောင်လွဲ၍ မရနိုင်သည့် ဝတ္တရားအချို့ ရှိနေပေသည်။ 


"ကျွန်တော်လည်း လိုက်ခဲ့မယ် ..." 


ရှောင်ကျားရှုက ချက်ခြင်းပင် တောင်တက်ဖိနပ်ကို ကောက်စီးလိုက်သည်။ ကျိကောတစ်ယောက်တည်း လွှတ်လိုက်ရန် လုံးဝ စိတ်မအေးရချေ။ 


"သွားဖို့ မလိုတော့ဘူး ..." 


လင်းလဲ့ယန်က အုန်းသီးအမြောက်အများကို သယ်လျက် တောအုပ်ထဲမှ ထွက်လာလိုက်သည်။ 


"ကျွန်တော်က ငယ်ငယ်လေးကတည်းက သစ်ပင်တက်ရတာ သဘောကျခဲ့တာ ပြီးတော့ ကျွမ်းလည်း ကျွမ်းကျင်တယ် အဲဒါကြောင့် ရှေ့လျှောက် အုန်းသီးလိုချင်ရင် ကျွန်တော့်ကို လာရှာနော် ..." 


ဟွမ်ရင်ရွှယ်က ချက်ခြင်းလက်ငင်းပင် ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်တော့သည်။ 


"‌ရှို့ရှို့ ဓားမြှောင်ယူခဲ့တော့ ငါတို့မှာလည်း အုန်းသီးတွေ ရလာပြီ ..." 


အားလုံး အနားသို့ ရောက်လာကာ အုန်းသီးခွဲနေရင်း တပျော်တပါး စကားပြောနေလိုက်ကြသည်။  တစ်ဦးတည်းသော မိန်းကလေးက တစ်လုံးသီးသန့် သောက်လိုက်ကာ ကျန်နှစ်လုံးကို ကျိမြန်နှင့် အခြားသူများ ခွဲဝေယူလိုက်ကြသည်။ 


ဤတစ်ကြိမ်တွင်တော့ ရှောင်ကျားရှုလည်း ဝိတ်တက်မည်ကို မစိုးရိမ်တော့။ အုန်းသီးကို ကျိမြန်အရှေ့သို့ ကမ်းပေးရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ကျိကော ကောအရင်ဆုံး အရသာ မြည်းကြည့်လိုက်နော် ချိုလား မချိုဘူးလား သိရအောင် ..." 


ကျိမြန်က တစ်ငုံသောက်လိုက်ကာ နေလောင်ဒဏ်ကြောင့် နီရဲနေသော သူ့မျက်နှာကို ငေးကြည့်လျက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ချိုတယ် ..." 


ထိုအခါမှ ရှောင်ကျားရှုလည်း တစ်ငုံ မော့သောက်ကာ လက်မထောင်ပြလိုက်တော့သည်။ 


နှစ်ဦးသား တစ်ယောက်တစ်ငုံစီ အလှည့်ကျ သောက်လိုက်ကြပြီး ‌တစ်ယောက်တံတွေးကို ကျန်တစ်ယောက်က ရွံရှာနေခြင်း အလျဉ်းမရှိ။ တစ်ဖက်တွင်မူ လင်းလဲ့ယန်နှင့် ယုပိုင်ရှို့တို့က အုန်းသီးကို ခပ်မြင့်မြင့်မြှောက်ကာ နှုတ်ခမ်းနှင့် မထိဘဲ သောက်လိုက်သည်။ အလွန်အမင်း ရင်းနှီးသူများသာ ရွံရှာနေခြင်း မရှိရာ သူတို့နှစ်ဦးမှာ ထိုအဆင့်အထိ ရောက်လောက်အောင် မရင်းနှီးကြသေးချေ။ 


နောက်ဆုံးကျန်သည့် တစ်ငုံမှာ ကျိမြန်သောက်ရမည့်အလှည့် ဖြစ်သော်ငြား သူက အုန်းသီးကို လှုပ်ယမ်းလျက် ညင်သာစွာ ပြောလိုက်သည်။ 


"ရှောင်ရှု သောက်လိုက် ..." 


"ကျိကော သောက်ပါ ..." 


ရှောင်ကျားရှုကလည်း သူ့ပါးစပ်နားအထိ ရောက်လာသော အုန်းသီးကို ပြန်တွန်းပေးလိုက်သည်။ 


"ဟေး မင်းမသောက်ရင် ငါသောက်လိုက်တော့မှာနော် ..." 


ထပ်ကာထပ်ကာ သည်းခံပြီးနောက် ခံနိုင်ရည်ကုန်ဆုံးသွားပြီဖြစ်သော လင်းလဲ့ယန်က စနောက်သလိုဖြင့် အုန်းသီးကို ဆွဲယူလိုက်တော့သည်။ 


ရှောင်ကျားရှုက လက်ကို ယမ်းလျက် ပြောလိုက်သည်။ 


"ဒါဆိုလည်း သောက်လိုက် ..." 


ကျိမြန်ကမူ သူ့ကို တွေးဆဆ စိုက်ကြည့်နေလိုက်သည်။ 


တစ်နေကုန် ပင်ပန်းထားသည့်အတွက် ညပိုင်းတွင် မည်သည့် ဖျော်ဖြေရေးမှ မဆောင်ရွက်နိုင်ကြတော့။ မီးပုံအနီးထိုင်ကာ ဂိမ်းအချို့ ကစားကြပြီးနောက် အားလုံး လဲလျောင်းအနားယူလိုက်ကြတော့သည်။ ရှောင်ကျားရှုက sleeping bag ထဲ ဝင်ကာ ကျိမြန်ကို လက်ယပ်ခေါ်လိုက်၏။ 


"ကျိကော မြန်မြန်လေး လာလေ ..." 


နှစ်ယောက်အိပ် sleeping bag ဖြစ်သည့်အတွက် ဝင်အိပ်လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များ အလွန်နီးကပ်သွားတော့မည်ဖြစ်သည်။ 


ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ကို ဆင်မြန်းလျက် လက်တစ်ဖက်ထောက်ကာ သူ့ကို လက်ယပ်ခေါ်နေသည့် ရှောင်ကျားရှုကို တွေ့လိုက်ရသည့်အခါ ကျိမြန်မှာ ကြက်သေသေသွားတော့သည်။ တံခါးဘေးတွင် အကြာကြီး ထိုင်နေပြီးကာမှ တဲထဲသို့ ဝင်လာကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။ 


"ငါတို့ရဲ့ ခန္ဓာကိုယ်တွေက မသေးတော့ အထဲဝင်အိပ်ရင် ကြပ်သွားမယ်ထင်တယ် ဒါမှမဟုတ် ဒါကို အခင်းလို သဘောထားပြီးပဲ ခင်းအိပ်ကြရင်ရော ..." 


ရှောင်ကျားရှုက သူ့စကားကို အပြည့်အဝ နာခံတတ်သူ ဖြစ်သည့်အလျောက် စကားတစ်ခွန်းမှပင် စောဒကတက်မနေဘဲ ချက်ခြင်း စောင်ထဲမှ ထွက်လာလိုက်သည်။ 


"အခင်းအနေနဲ့ သုံးရင်လည်း တော်တော်လေးကို ဇိမ်ရှိလောက်တယ်နော် ပြီးတော့ ညပိုင်းဆိုပြီးတော့လည်း အေးမှ မအေးတာ ..." 


ထိုအခါမှ ကျိမြန်လည်း တိတ်တခိုး သက်ပြင်းချလျက် သူ့ဘေးတွင် ဝင်လှဲလိုက်တော့သည်။ သရုပ်ဆောင်တို့၏ ကိုယ်ရေးကိုယ်တာကို အလွန်အမင်း စွက်ဖက်ရာ မရောက်စေရန် ကင်မရာသည် ည‌ ရှစ်နာရီထိုးသည်နှင့် တစ်ပြိုင်နက် အလိုပလျောက် ပိတ်သွားကာ နောက်နေ့မနက် ခုနစ်နာရီခွဲမှ ပြန်ပွင့်လာမည်ဖြစ်သည်။ သူက လက်ကို ခေါင်းအောက်ခုလျက် မေးလိုက်သည်။ 


"ဒီနေ့ ပင်ပန်းလား ..." 


"အရမ်းအရမ်းကို ပင်ပန်းတာပေါ့ အထူးသဖြင့် တောင်အောက်ကို ဆင်းရတဲ့အချိန်ပဲ နောက်ဆုံးတော့ "တောင်ပေါ်တက်ရတာ လွယ်သလောက် ဆင်းရတာ ခက်တယ်" ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကို နားလည်သွားပြီ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့ အချိန်မှာ အလွယ်တကူ ခြေချော်ကျနိုင်သလို အန္တရာယ်များတဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်ရနိုင်တယ် ကျွန်တော့်ခြေထောက်တွေဆို ခဏခဏကို ညွတ်ခွေကျသွားတာ


အဲဒါကြောင့် ကျိကောကို မှီခိုပြီး ဆင်းလာရတာလေ ..." 


သူက ကျိမြန်ဘက်သို့ လှည့်ကာ ပြောလိုက်သည့်အတွက် ပူနွေးလှသည့် လေငွေ့အားလုံး ကျိမြန်၏ မျက်နှာပေါ်သို့ အတိုင်းသား ကျဆင်းလာတော့သည်။ 


ကျိမြန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ခပ်နိမ့်နိမ့်အသံဖြင့် ပြောလိုက်သည်။ 


"ပင်ပန်းနေရင် စောစောအိပ်တော့ စကားများမနေနဲ့ ..." 


ရှောင်ကျားရှု၏ စိတ်ထဲတွင် ပြောစရာစကားလုံးတို့ ပြည့်နှက်နေသော်ငြား အတားခံလိုက်ရသည့်အတွက် မမှိတ်ချင်မှိတ်ချင်ဖြင့် မျက်လုံးကို အတင်းမှိတ်ထားလိုက်တော့သည်။ ဘေးနားတွင် ကြားနေရသော ကျိမြန်၏ အသက်ရှူသံကြောင့် စိတ်အေးလက်အေး ဖြစ်သွားကာ ငါးမိနစ်ပင် မကြာဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။ ကျိမြန်လည်း သူ့ကို ငုံ့ကြည့်နေကာ တစ်ဖြည်းဖြည်း စည်းချက်မှန်သွားသည့် အသက်ရှူသံကို နားထောင်ရင်းပင် အိပ်မောကျသွားတော့သည်။ 


မနက်လေးနာရီ ငါးနာရီခန့်တွင် ပြင်းထန်သည့် ကြောက်လန့်စိတ်ကို ခံစားလိုက်ရသည့်အတွက် ကျိမြန်လည်း လန့်နိုးလာခဲ့ရတော့သည်။ ရှောင်ကျားရှုနှင့် နဖူးချင်းတေ့လျက် အာရုံစိုက်ကြည့်လိုက်ကာမှ တစ်ဖက်သူမှာ အိပ်မက်ဆိုးမက်နေခြင်းဖြစ်ကြောင်း သတိထားလိုက်မိတော့သည်။ အနည်းငယ် ကြောင်အသွားပြီးနောက် ရုတ်ချည်းပင် ကြောက်ရွံ့စိတ်ကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့သည်။ 


အိပ်မက်ထဲတွင် ရှောင်ကျားရှုက ကျောက်တောင်အစွန်းသို့ ပြန်ရောက်သွားကာ ကျိမြန်မှာ တောင်အစွန်းတွင် တွဲလောင်းကျနေသည်။ ဆားနံ့သင်းသည့် ပင်လယ်လေညှင်းတို့က တဝုန်းဝုန်း တိုက်ခိုက်နေကာ ဘေးနားတွင် လူသူဟူ၍လည်း တစ်ဦးတစ်ယောက်မှ မရှိ။ ကျိမြန်၏ ခါးတွင် ရစ်သိုင်းထားသည့် လုံခြုံရေးသိုင်းကြိုးမှာလည်း ကျောက်စိုင်များဖြင့် ပွတ်တိုက်မှုကြောင့် ပြတ်လုဆဲဆဲပင်။ ရှောင်ကျားရှုမှာ ကြောက်လန့်လွန်း၍ မည်သည်ကိုမှ မစဉ်းစားနိုင်တော့။ ထိုကြိုးကို လက်ဗလာဖြင့် ဆွဲယူလိုက်သည့်အတွက် လက်ဖဝါးတစ်ခုလုံး စုတ်ပြတ်သွားကာ လက်ချောင်းအရိုးတို့ ကျိုးသွားတော့သည်။ ထိုသို့ နာကျင်နေရသည်ကိုပင် ဂရုမပြုအား။ ကျိမြန်မှာ ပြုတ်ကျသွားကာ ထူထဲလှသည့် မြူမှုန်တို့အကြား ပျောက်ကွယ်သွား၍ ကြောက်မက်ဖွယ် ငြိမ်သက်မှုတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။ 


စူးစူးဝါးဝါး အော်ဟစ်လိုက်သံက လေနှင့်အတူ ပျံလွင့်သွားကာ ကျဆင်းနေသည့် မျက်ရည်တို့ပါ ခြောက်သွေ့သွားတော့သည်။ အစွန်းတွင် လှဲလျက် အဆုံးမဲ့ ငိုကြွေးနေသည်မှာ နှလုံးသားတစ်ခုလုံးကို ဓားသန်းပေါင်းများစွာဖြင့် ထိုးသွင်းခံထားရသည့်နှယ်။ တစ်ခဏအကြာတွင် တောင်အောက်ရှိ မြူနှင်းထုကို တစ်ဖြည်းဖြည်း ငုံ့ကြည့်လျက် ခုန်ချလိုက်တော့သည်။ 


လက်တွေ့တွင်မူ တစ်ကိုယ်လုံး ကွေးညွတ်လျက် ငိုကြွေးနေပြီး ပြင်းထန်လှသည့် ငိုကြွေးသံအကြားတွင် "ကျိကော" ဟူသည့် စကားလုံးတစ်လုံးကိုသာ မသဲမကွဲ ကြားနေရသည်။ 


ကျိမြန်မှာ သူ့ကို ဤကဲ့သို့ မျက်နှာလွှဲခဲပစ် မလုပ်နိုင်တော့။ 


သူ တောင်အောက် ပြုတ်ကျသွားတာနဲ့ပဲ တစ်ဖက်သူကပါ ဘာမှမစဉ်းစားတော့ဘဲ လိုက်ခုန်ချတာ... ဘာလို့လဲ ...ရှောင်ကျားရှု မင်း ဘာတွေတွေးနေတာလဲ ... 


ရှောင်ကျားရှုမှာ သူ့ကို စိတ်ရှုပ်ထွေးစေ၊ အံ့ဩစေသည့် ကမ္ဘာ့အခက်ခဲဆုံး ပုစ္ဆာတစ်ပုဒ်ဟုပင် ခံစားလာမိတော့သည်။ သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ တစ်ဖက်က ခါးကိုဖက်လျက် ကျန်လက်တစ်ဖက်ဖြင့် သူ့နောက်ကျောကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ချော့မြူလိုက်သည်။ 



"ရှူး ... မငိုနဲ့တော့ မင်းက အိပ်မက်မက်နေတာနော် ရှောင်ရှု ထတော့ ထတော့ နိုးလာရင် အားလုံး အဆင်ပြေသွားလိမ့်မယ် ..." 


ရှောင်ကျားရှုအတွက် သူက ဘယ်လိုတည်ရှိမှုမျိုးလဲ ... 



Xxxxxxxx