Chapter 107
ရဟတ်ယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ရှောင်ကျားရှုက နားရွက်ကို ဖုံးအုပ်လျက် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်လိုက်သည်။ ဧည့်သည် စုစုပေါင်း ဆယ်ဉီးရှိကာ အချို့ကိုမူ သူသိထားပြီးဖြစ်သည်။ ကျိကော၊ ဟန်ကောနှင့် လင်းလဲ့ယန်အပါအဝင် နာမည်ကို သိသည့်တိုင် မရင်းနှီးသူများလည်း ပါဝင်နေပေသည်။
ကျိကောကို မတွေ့ရသည်မှာ နှစ်လခန့်ပင် ရှိနေပြီ ဖြစ်သည့်အတွက် သူ့ကို ပြေးဖက်လိုက်ချင်သော်ငြား ထိုအချိန်မှာပင် အစီအစဉ် တင်ဆက်သူက စကားစပြောလာသည်။
“စူးစမ်းရှာဖွေသူတွေကို ကျွန်တော်တို့ရဲ့ ကျွန်းကနေ ကြိုဆိုလိုက်ပါတယ် အခု စိတ်ကြိုက် အသင်းသားတွေ ရွေးချယ်ဖို့ ကပ္ပတိန်နှစ်ယောက်ကို ခေါ်ထုတ်လိုက်ကြရအောင်နော် ...”
ရှစ်ထင်းဟန်နှင့် ကျိမြန်တို့မှာ နာမည်အကြီးဆုံးဖြစ်၍ သဘာဝကျစွာပင် အနီအသင်းနှင့် အပြာအသင်းတို့၏ ခေါင်းဆောင်များ အသီးသီး ဖြစ်သွားကြတော့သည်။ မျှတစေရန် အလို့ငှာ မည်သူက ဦးစွာ အသင်းသား ရွေးသင့်ကြောင်း အနိုင်အရှုံးဖြင့် ဆုံးဖြတ်လိုက်ကြသည်။ ရှစ်ထင်းဟန်မှာ ကံအလွန်ကောင်းဟန်ပင်။ ဦးစွာရွေးချယ်ခွင့်ကို ရရှိသွားတော့သည်။ ရှာဖွေနေသည့် သူ့အကြည့်တို့ကို တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုမှအပ ကျန်လူအားလုံး ရှေ့တစ်လှမ်း တိုးလာလိုက်ကြတော့သည်။ သူကမူ အရွေးခံရမည်ကိုပင် ကြောက်နေဟန်ပင်။ နာမည်ကြီးသရုပ်ဆောင်တစ်ဦး၏ နောက်နား၌ ဝင်ပုန်းနေလိုက်၏။
သူက ကျိကောနဲ့ပဲ တစ်သင်းတည်း ကျချင်တာလို့ ...
ရှစ်ထင်းဟန်က မျက်ဆံအပေါ်လှန်လျက် ပြောလိုက်သည်။
“ရှောင်ကျားရှု ဘာကို ပုန်းနေတာလဲ မင်းကို ရွေးလိုက်မှာ ကြောက်နေတာလား ပူမနေနဲ့ မင်းကို ကျိမြန်လက်ထဲပဲ ထည့်လိုက်မှာ ...”
ထိုသူနှစ်ဦးမှာ Weibo တွင် မကြာခဏ အဆက်အသွယ် လုပ်လေ့ရှိကာ အလွန်ရင်းနှီးကြကြောင်း အနုပညာလောကတစ်ခုလုံးနီးပါး သိပြီးကြပြီးဖြစ်သည်။
ရှောင်ကျားရှုကမူ ထိုသို့ အပြောခံလိုက်ရသည့်အတွက် ရှက်မိဟန်လည်း မရှိ။ လက်နှစ်ဖက်ကို စုစည်းကာ ပြောလိုက်သည်။
“ဒါဆိုရင်တော့ ဟန်ကောရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ...”
ရှစ်ထင်းဟန်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။
“ငါ့ရှေ့ကနေ ဖယ်လိုက်တော့ နန်ရှီကို ရွေးမလို့ ...”
ချောမောသည့် အမျိုးသားသရုပ်ဆောင်တစ်ဦး ထွက်လာကာ သူနှင့် လက်သီးချင်း တိုက်လိုက်သည်။
ကျိမြန်၏ အလှည့်သို့ ရောက်သည့်အခါ အားလုံးက ထုတ်မပြသည့်တိုင် စိုးရိမ်ကြောင့်ကြကုန်ကြတော့သည်။ကျိမြန်မှာ ရှစ်ထင်းဟန်နှင့်မတူ။ ရုပ်ရှင်ရိုက်ခြင်းကိုသာ အာရုံစိုက်ထားသူ ဖြစ်သည့်အပြင် စီးပွားရေးသမားတစ်ဦးလည်း ဖြစ်နေသေးသည်။ ဟောလိဝုဒ်မှ အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် သူနှင့်သာ ရင်းနှီးပါလျှင် များစွာ အကျိုးအမြတ် ခံစားရမည်ဖြစ်သည်။
နောက်တွင် ပုန်းနေသော ရှောင်ကျားရှုက ချက်ခြင်း ရှေ့သို့ တိုးထွက်လာကာ ကျိမြန်ကို အသက်ပင် ရဲရဲမရှူဘဲ စိုက်ကြည့်နေလိုက်သည်။ ကျိမြန်ကမူ သူ့ကို လုံးဝ လှည့်မကြည့်။ သူ့နောက်တွင် ရပ်နေသူများကိုသာ အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေလိုက်သည်။ ရှောင်ကျားရှုမှာ အနည်းငယ် ပူပန်လာသည့်အတွက် လက်ကိုမြှောက်ကာ ခုန်ဆွခုန်ဆွလုပ်ရင်း စိတ်ထဲမှ တိတ်တိတ်လေး အော်ခေါ်နေလိုက်သည်။
ကျိကော ကျွန်တော့်ကို ရွေးပါ ကျွန်တော့်ကိုပဲ ရွေးလိုက်ပါ ကျွန်တော်က ဒီမှာလေ...
ကျိမြန်၏ အကြည့်တို့ ရွေ့သွားလေရာနောက်သို့ တကောက်ကောက်လိုက်ကာ မတ်တပ်ရပ်ပြနေသည့်အတွက် ကြည့်နေသူအားလုံး ရယ်ရခက် ငိုရခက်သွားကြတော့သည်။
ကျိမြန်က သူ့ကို စိုက်ကြည့်ကာ အရှုံးပေးလိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ရှောင်ရှု ဒီကိုလာခဲ့ ..."
“ရေး ...”
ရှောင်ကျားရှုက လက်သီးလက်မောင်းတန်း၍ပင် ဝမ်းသာအားရ ခုန်ပေါက်လိုက်တော့သည်။ ထို့နောက် ကျိမြန်ကို ပြေးဖက်ကာ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
“ကျိကော ကောကို အရမ်းသတိရနေတာ ...”
အမေရိကားမှ ပြန်လာပြီးနောက် နှစ်ဦးသား မတွေ့ရတော့သည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်သည်။ ရံဖန်ရံခါတွင် WeChat မှတစ်ဆင့် အဆက်အသွယ်လုပ်သည် ဆိုသော်ငြား လူကိုယ်တိုင် တွေ့ရသည်လောက်တော့ မကောင်းချေ။
လက်တလောတွင် စိတ်ဝင်စားစရာ ကိစ္စလည်း ရှိမနေသည့်အတွက် ဤရသစုံရှိုးတွင် ကျိမြန်ပါဝင်မည်ဟု သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူလည်း ပါဝင်ရန် ချက်ခြင်း ဆုံးဖြတ်လိုက်တော့သည်။
ကျိမြန်ကလည်း သူ့ကို ပြန်လည်ပွေ့ဖက်ကာ ဆံပင်တို့ကို ထိုးဖွလိုက်သည်။ သူလည်း သတိရနေပါသည်ဟု ပြောလိုက်ချင်သော်ငြား ထိုစကားမှာ လျှာဖျားတွင် ပျောက်ကွယ်သွားတော့သည်။
မနီးမဝေးတွင် ရပ်ကာ သူတို့ကို ကြည့်နေသည့် လင်းလဲ့ယန်မှာလည်း ကင်မရာရှေ့တွင် ငိုမချမိစေရန် အနည်း စိတ်ထိန်းထားရ၏။ ရှေ့တည့်တည့်တွင်ရပ်ကာ ကျိကော နောက်ထပ်ရွေးချယ်မည့်သူက သူဖြစ်စေရန် ဆုတောင်းနေမိသည့်တိုင် ဖြစ်နိုင်ချေ နည်းပါးလှပေသည်။
ကျိကောက သူ့ဖုန်းတွေကိုတောင် ပြန်မဖြေတော့တဲ့ဟာ ဘယ်လိုလုပ် လက်ဦးမှုယူပြီး အနားကပ်လို့ ရတော့မှာလဲ ...
သူ့အတွေးအတိုင်း ကွက်တိပင် ကျိမြန်က သူ့ကို မရွေး။ သို့သော် ကံကောင်းထောက်မသည်မှာ အခြားဧည့်သည်များမှာ သူ့ထက် နာမည်ကြီးသည့်အတွက် စောစောစီးစီး အရွေးခံလိုက်ရပြီး သူတစ်ယောက်သာ ကျန်ရစ်နေခဲ့တော့သည်။ ထိုသို့ ကျန်ရစ်နေသည့်အပေါ် မရှက်မိသည့်အပြင် ကျေးဇူးပင် တင်နေမိတော့သည်။
ကျိမြန်က တစ်ယောက်တည်း ကျန်နေခဲ့သည့် လင်းလဲ့ယန်ထံ လက်ကိုဆန့်တန်းလျက် ပြောလိုက်သည်။
“နောက်ဆုံးအသင်းသားကို ကြိုဆိုပါတယ် ...”
လင်းလဲ့ယန်က ချက်ခြင်း အနားရောက်လာကာ ခပ်ကြီးကြီးအပြုံးတစ်ပွင့်နှင့်အတူ လက်သီးချင်းတိုက်လိုက်သည်။
ကောင်းတယ် နောက်ဆုံးတော့ ကျိကောအနား ပြန်ရောက်လာနိုင်ပြီ ...
ရှောင်ကျားရှုကမူ ထိုသူနှစ်ဦး၏ အကျပ်အတည်းကို လုံးဝ သတိမပြုမိ။ ကျိမြန်၏ လေးလံလှသော ကျောပိုးအိတ်ကို အထုပ်ကူဖြည်ပေးရင်း တစပ်တစု မေးမြန်းလိုက်သည်။
“ကျိကော ဘာတွေ သယ်လာတာလဲ ..."
အစီအစဉ်တင်ဆက်သူက ပြောလိုက်သည်။
“အားလုံးအတွက် သတင်းဆိုးတစ်ခု ရှိနေပါတယ် ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အဝတ်အစားကလွဲလို့ ခရီးဆောင်အိတ်ထဲက နှစ်သက်ရာ ပစ္စည်းသုံးမျိုးကိုပဲ ယူလို့ ရပါမယ် ကျောပိုးအိတ်တွေကို ဒီမှာချထားပေးပါ ရိုက်ကူးရေးအဖွဲ့သားတွေက လိုက်ပြီး စစ်ဆေးပါလိမ့်မယ် ဒါနဲ့ ဖုန်းတွေကိုလည်း ယူသွားလို့ မရဘူးနော် ဒါတွေကိုပါ ထားခဲ့ရမှာပါ ...”
“သုံးခုပဲ ယူလို့ရမယ် ဟုတ်လား မင်းတို့က အရမ်းကို ရက်စက်တာပဲ ...”
နာမည်အကြီးဆုံး သရုပ်ဆောင်တစ်ဦးက တုန်လှုပ်ခြောက်ခြားစွာဖြင့် ငြီးတွားလိုက်သည်။
“ဟုတ်ကဲ့ သုံးခုကိုပဲ ယူလို့ရမှာဖြစ်လို့ မြန်မြန်လေး ရွေးကြပါ ...”
တင်ဆက်သူက အေးစက်စွာ ပြောလိုက်သည်။
မည်သူမှ မရွေးချယ်နိုင်တော့သည့်အတွက် ပါသမျှပစ္စည်းတိုင်းကိုသာ သွန်ချလိုက်ကြတော့သည်။
ရှောင်ကျားရှုက ကျိမြန်ဘေးနားတွင် ခွေးတစ်ကောင်သဖွယ် ထိုင်နေကာ သူ၏ ဖွင့်ထားသော လက်ဆွဲအိတ်ကို ညွှန်ပြလျက် မေးလိုက်သည်။
“ကျိကော ကျွန်တော့အတွက်ပါ ရွေးပေးလေ ကျွန်တော် ကော ပြောတာ ဘယ်ဟာမဆို ယူလာလိုက်မယ် ...”
ကျိမြန်က သူ့ကို ပြုံးကာ ကြည့်နေရင်း လက်ယပ်ခေါ်လိုက်သည်။
“မရွေးနဲ့ဦး တစ်ခြားသူတွေ ဘာယူလာခဲ့လဲ အရင်ကြည့်ကြတာပေါ့ ...”
“ကောင်းပါပြီ ...”
သဘောမတူသူ မရှိသည့်အတွက် ခရီးဆောင်အိတ်အားလုံးကို တစ်စုတစ်စည်းတည်း ကပ်ထားလိုက်ကြတော့သည်။
ကျိမြန်က ဓားမြှောင်တစ်လက်၊ မီးခြစ်တစ်ခု၊ ကြိုးတစ်ခွေ၊ ရေနွေးအိုးတစ်လုံး၊ အကြော်အိုးတစ်အိုး အစရှိသည့် အလွန်အသုံးဝင်သော ပစ္စည်းဆယ့်ငါးမျိုးကို ရွေးချယ်ကာ ကျန်ပစ္စည်းအားလုံးကို ချန်ထားခဲ့လိုက်သည်။ တစ်ဦးတည်းသော အမျိုးသမီးအဖွဲ့ဝင် ဟွမ်ရင်ရွှယ်က ဝမ်းနည်းနေဟန် မျက်နှာထားဖြင့် ပြောလာ၏။
“မစ္စတာကျိ ကျွန်မအတွက် အလှပြင်ပစ္စည်းတွေကိုပါ ယူလာပေးလို့ ရမလားဟင် ကျွန်မရဲ့ အသားအရေက တော်တော်လေး ပါးတော့ နေလောင်ကာလိမ်းဆေး မပါလို့ မရလို့ပါ ...”
သူမသည် လှပသည့် ရုပ်ရည်သွင်ပြင်ကြောင့် ကျော်ကြားလှသူဖြစ်ကာ လက်ရှိတွင် မည်သည့်အလုပ်မှ မရှိသည့်တိုင် အလွန်နာမည်ကြီးနေဆဲဖြစ်သည်။ ပုံမှန်အားဖြင့် ရှိုးတစ်ခုကို ကြည့်ရုံ၊ ကော်ဇောနီပေါ် လျှောက်ပြရုံဖြင့်ပင် ပရိသတ်တစ်အုပ်စု တိုးလာသူဖြစ်သည်။ သူမအဖို့ reality show တွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည့်အတွက် ကြည့်ရှုသူများမှာလည်း လွန်စွာ စိတ်လှုပ်ရှားနေကြပေသည်။
ကျိမြန်ကလည်း “အားနည်းသူကိုပင် မညှာတာတတ်” ဟူသည့် နာမည်မျိုး မလိုချင်၊ ပစ္စည်း ၁၄ မျိုးပါလျှင်ပင် လုံလောက်သည်ထက် ပြည့်စုံနေပြီဖြစ်ရာ အပိုဖြစ်နေသည့် ဓားမြှောင်အစား အလှပြင်ပစ္စည်းတစ်စုံကိုသာ အစားထိုးလိုက်တော့သည်။
ဟွမ်မိန်ရွှမ်က ကျေးဇူးတင်သည့် အပြုံးတစ်ပွင့် ပြုံးပြလာကာ နေရောင်ကြောင့် နီရဲနေသည့် သူမ၏ မျက်နှာမှာ အလွန်နူးညံ့နေပေသည်။ ရှောင်ကျားရှုကမူ အနည်းငယ် မျက်စိကျိန်းလာသလို ခံစားလိုက်ရတော့သည်။ သူ့အတွက် ကျိမြန်ရွေးပေးထားသည့် ပစ္စည်းသုံးခုကို အိတ်ထဲထည့်ကာ ခပ်တိုးတိုး သရော်လိုက်သည်။
အလှပြင်ပစ္စည်းက ဘာအသုံးဝင်လို့လဲ ဗိုက်ဆာလာမှ အကြောင်းသိလိမ့်မယ် ...
သူ့ကို ချက်ခြင်း လှည့်ကြည့်လာသည့် ကျိမြန်၏ မျက်နှာမှာ အံ့ဩမှုတို့ ပြည့်နှက်နေဟန်ပင်။
ဒီကလေးကလည်း ရှာလကာရည်ပုလင်းလိုက်ကို လောင်းချနေတာပါ့လား... သူက မနာလို မဖြစ်တတ်ဘူးမဟုတ်လား အမြဲလိုလို ဒီလိုပဲလား ...
.........
အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းပြီးနောက် တင်ဆက်သူက တောင်ခါးပန်းရှိ အလံတိုင်ကို ညွှန်ပြလိုက်သည်။
"ကဲ စွန့်စားသူလေးတို့ရေ ဟိုးက အရောင်ခြယ်ထားတဲ့ အလံကို တွေ့ရဲ့လား အဲဒီ့အလံတိုင် ရှိတဲ့နေရာကို ပထမဆုံး ရောက်တဲ့သူ ဘယ်သူမဆို တဲဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရမှာပါ ..."
လူတိုင်း သဘောတူကာ သီးသန့်စီ ခွဲထွက်သွားလိုက်ကြတော့သည်။ မူလကမူ အားအင်အပြည့်ဖြင့် တက်ကြွနေကြသော်ငြား များမကြာမီမှာပင် တောင်စဉ်တောင်တန်းများအပေါ် ခြေလျင်တက်ရခြင်းမှာ မည်မျှခက်ခဲကြောင်း သဘောပေါက်သွားတော့သည်။ ပိုးကောင်မွှားကောင်တို့က နေရာအနှံ့ ပျံသန်းနေကာ သူတို့ ခြေဖဝါးအောက်ရှိ မညီညာ ကြမ်းတမ်းလှသော မြေပြင်မှာ အန္တရာယ်အများဆုံးပင်ဖြစ်သည်။ အမြဲလိုလို လှပချောမောနေတတ်သည့် ဟွမ်ရင်ရွှယ်ပင်လျှင် ဆယ့်ငါးမိနစ်အကြာတွင် ပေရေညစ်ပတ်ကာ ကျိမြန်ကို ခဏလောက် အနားယူခွင့်ပေးရန် ငိုယိုတောင်းပန်လာတော့သည်။ သူမကို ကူညီပေးနေသည့် နာမည်ကြီး ဂျူနီယာလေး ယုပိုင်ရှို့ကြောင့်သာ မဟုတ်ပါလျှင် ချက်ခြင်း လဲကျသွားတော့မည်ဖြစ်သည်။
ရှောင်ကျားရှုမှာမူ <<The Zerg Wars 3>> ရိုက်ကူးရန် အလို့ငှာ လေ့ကျင့်ခန်း အပြင်းအထန် လုပ်ခဲ့သည့်အတွက် တောင်တက်ရခြင်းလောက်က သူ့အတွက် ပြဿနာ မဟုတ်ချေ။ သို့သော် ကျိမြန်ကို သူ၏ အခန့်ညားဆုံးဘက်ခြမ်းအား ပြသနိုင်ရန် အလို့ငှာ အလွန်စတိုင်မိမိုက်လှသည့် Doc Martin ဖိနပ်တစ်ရန်ကို ဝတ်ဆင်လာခဲ့သည်။ ဖိနပ်၏ စတိုင်က ခြေခုံတစ်ခုလုံးကို ဖျစ်ညှစ်ထားသည့်နှယ် တင်းကြပ်နေသည့်အတွက် လမ်းလျှောက်ရန် မသက်မသာ ဖြစ်လာတော့သည်။
အံတင်းတင်းကြိတ်ကာ သည်းခံခဲ့သော်ငြား ဆယ်မိနစ်ကျော် ကြာသည့်အခါ ဓားပေါ် လမ်းလျှောက်နေရသည့်နှယ် ခြေဖဝါးတစ်ခုလုံး နာကျင်ထုံထိုင်းလာတော့သည်။
ကျိကောက ရှေ့ကနေ သွားနေတာဆိုတော့ သူ့ကို နောက်ပြန်ဆွဲမိလို့ မဖြစ်ဘူး ပြီးတော့ ဟွမ်ရင်ရွှယ်ကလည်း နားရအောင်ပါဆိုပြီး ငိုယိုတောင်းပန်နေတာတောင် လမ်းလျှောက်မပျက်ဘူးလေ ဟုတ်တယ်မဟုတ်လား ...
ထိုသို့တွေးကာ သူ့ခန္ဓာကိုယ်ကို ထောက်ရန် အလို့ငှာ ကျိုးကျနေသော သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူလိုက်သည်။
ထိုအချိန်မှပင် ရှေ့မှ သွားနေသည့် ကျိမြန်က ချက်ခြင်း နောက်ပြန်လှည့်လာကာ မေးလိုက်သည်။
"ရှောင်ရှု မင်း အဆင်ပြေရဲ့လား ..."
"ကျိကော ကျွန်တော် အဆင်ပြေပါတယ် ..."
သူက ချက်ခြင်း လက်ကိုယမ်းကာ တောက်တောက်ပပ ပြုံးပြလိုက်သည်။
သစ်ကိုင်းတို့ကြောင့် တစ်ခေါင်းလုံး ရှုပ်ပွနေပြီဖြစ်သော ဟွမ်ရင်ရွှယ်က စောဒကတက်လိုက်သည်။
"ကပ္ပတိန် စောစောက ကျွန်မ ငိုနေတုန်းကကျ ဒီလို တစ်ခွန်းလေးတောင် မမေးဘူး အရမ်းဘက်လိုက်တာပဲ ..."
ကျိမြန်က ပြုံးရုံသာ ပြုံးနေကာ ဘာမှ ဆက်မပြော။ သူ့လက်တစ်ဖက်ကို ရှောင်ကျားရှု၏ လက်မောင်းအောက်သို့ လျှိုသွင်းလျက် တောင်တက်လမ်းကျဉ်းဆုံးသည်အထိ ကူတွဲကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ကိုယ့်အပေါ် မှီထား ဒီနားက တအားမက်စောက်တော့ နားလို့မကောင်းဘူး ရှေ့နားက မြေညီတဲ့နေရာလေးနား ရောက်မှပဲ နားကြရအောင် ..."
ရှောင်ကျားရှုက သူ့ခန္ဓာကိုယ် အလေးချိန်တစ်ခုလုံးကို ကျိမြန်ကိုယ်ပေါ် ပစ်တင်လျက် တိတ်တဆိတ် ဇိမ်ခံလိုက်သေးသော်ငြား ဤနည်းလမ်းမှာ ကျိမြန်အတွက် အန္တရာယ်များလှကြောင်း တွေ့လိုက်မိသည့်အတွက် ချက်ခြင်း တည့်တည့်မတ်မတ် ပြန်ရပ်ကာ တီးတိုးပြောလိုက်သည်။
"ကျိကော ကျွန်တော် တကယ်ကို အဆင်ပြေပါတယ် ကိုယ့်ဘာသာကို လျှောက်လို့ရတယ် ..."
"မင်းခြေထောက်က ဒီလောက်အထိ ထော့နဲ့ထော့နဲ့ ဖြစ်နေတာတောင် အဆင်ပြေပါတယ်လို့ ပြောနေသေးတယ်ပေါ့ ..."
ကျိမြန်၏ လက်မောင်းတို့မှာ လွန်စွာသန်မာလှရာ သူ့ကို မ,ချီလျက် နက်ရှိုင်းသည့် အသံဖြင့် ပြောလိုက်သည်။
"ဆက်သွားရအောင် ..."
ရှောင်ကျားရှု၏ အနာကျင်ဆုံးခြေထောက်မှာ မြေကြီးနှင့်ပင် မထိတော့။ ကျိမြန်က သူ့ကို တစ်ဝက်တစ်ပျက် ပွေ့ချီကာ တစ်ဝက်တစ်ပျက် ဆွဲခေါ်ရင်း လမ်းဆုံးသည်အထိ လျှောက်လာခဲ့လိုက်သည်။ သူကမူ ကျိမြန်၏ လုံခြုံရေးကို စိတ်ပူရ၍သာမက သူ၏ တွေးတောပေးတတ်မှုတို့ကြောင့် ရင်ထဲထိရှမိသွား၍ ချွေးများဖြင့် စိုရွှဲသွားတော့သည်။
သူက နောက်ဆုံးနားကနေ လျှောက်နေတာတောင် ကျိကောက ဘာမှားနေမှန်း တန်းသိသေးတယ်ပေါ့ တကယ်ကို အဖွဲ့သားတွေအပေါ် အာရုံစိုက်တတ်တာပဲ ...
ကျိကော၏ ချွေးများ စိုရွှဲနေသော ဘေးတိုက်မျက်နှာကို တွေ့လိုက်ရသည့်အခါ တွေးပင်မနေဘဲ ချွေးသုတ်ပေးလိုက်မိတော့သည်။ ကျိမြန်က တစ်ခဏမျှ တုန့်ဆိုင်းသွားသော်ငြား ရှေ့သို့သာ ဆက်လျှောက်သွားလိုက်သည်။ သူတို့ကို အချိန်ပြည့် လိုက်ကြည့်နေမိသည့် လင်းလဲ့ယန်၏ အကြည့်တို့မှာမူ တစ်စထက်တစ်စ ပိုမိုနက်မှောင်လာတော့သည်။
မြေပြန့်တစ်နေရာသို့ ရောက်သည့်အခါ ဟွမ်ရင်ရွှယ်က အားရပါးရ ထိုင်ချရင်း စောဒကတက်လိုက်သည်။
"ဒီလောက်အထိ ပင်ပန်းမယ်မှန်းသာ သိထားရင် မလာခဲ့ပါဘူး ..."
ဤတစ်ကြိမ်တွင်မူ သူမ၏ ပုံရိပ်ကို ထိန်းမထားနိုင်တော့။ ပရိသတ်များသာ မြင်သွားပါလျှင် မုချအံ့ဩသွားမည် ဖြစ်သော်ငြား သူတို့အတွေးကိုပင် ဂရုစိုက်မနေနိုင်။ အကြောသေလုမတတ် ပင်ပန်းလွန်းနေ၍ ဟန်ရေးပြရန်ပင် အားမရှိတော့ချေ။
Xxxxxxxx