Chapter 104
ရှောင်ကျားရှုကလည်း ကျိမြန်ကို ဒူးထောက်ရှိခိုးတော့မည့်ဟန်ဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ကျိကော ကောက အရမ်းကို စွမ်းအားကြီးတာပဲ ဒါနဲ့ နောက်ဆုံးပြောသွားတဲ့ ဘာသာစကားက ဘာလဲဟင် ဘယ်လိုဖြစ်လို့ တစ်ခါမှ မကြားဖူးရတာလဲ မသိဘူး ...”
“ဘာ ဘာသာစကားမှ မဟုတ်ဘူး စိတ်ထဲ ပေါ်လာတာ ပြောလိုက်တာ ..."
ကျိမြန်က ဂိမ်းဇာတ်ကောင်ကို ထိန်းချုပ်ကာ ထိုကိုရီးယားအနီးသို့သွား၍ ပစ်ခတ်လိုက်သည်။
ရှောင်ကျားရှု "..."
ပြောကြတာတော့... လှတဲ့သူက မရှားဘူး စိတ်ဝင်စားစရာကောင်းတဲ့သူက တစ်သန်းမှာ တစ်ယောက်ပဲ ရှိနိုင်တာတဲ့ ဒါပေမယ့် ကျိကောကတော့ မျက်နှာလေး လှရုံတင် မကဘူး စိတ်ပိုင်းဆိုင်ရာကလည်း စိတ်ဝင်စားစရာ ကောင်းနေသေးတယ် ကျိကောကို လေးစားတဲ့စိတ်တွေ နည်းနည်းလေးတောင် ပိုများလာသလိုပဲ ...
ကိုရီးယားကောင်ကို အသေပစ်သတ်ပြီးနောက် ရှောင်ကျားရှုလည်း အားရဝမ်းသာစွာဖြင့် ဂိမ်းထဲမှ ထွက်လာလိုက်သည်။ ထို့နောက် ပွဲစဉ်တစ်လျှောက်လုံးကို အနည်းငယ် တည်းဖြတ်ကာ "ခေါင်းမငုံ့နဲ့ သရဖူလေး ပြုတ်ကျသွားလိမ့်မယ်" account တွင် တင်လိုက်၏။
"သူက ငါအလေးစားရဆုံးလူပဲ တက္ကသိုလ်ရဲ့ အာဏာရှင် လုပ်ငန်းခွင်မှာ big boss ဂိမ်းထဲမှာဆို အစ်ကိုကြီး တစ်ကမ္ဘာလုံးမှာ သူ့ထက်ကောင်းတဲ့သူဆိုတာ မရှိတော့ဘူး #ပေါင်လုံးကိုဖက်#
ထို့နောက်တွင်မှ သတိရသွားတော့သည်။
အကျိုးနည်း ကျိကောကလည်း ဒီ account ကို follow လုပ်ထားသေးတယ်ထင်တယ် သူ့ရဲ့ အရန်account လေးတော့ ဖြုတ်ချမခံရလောက်ပါဘူးနော် ...
ထိုသို့တွေးကာ ကျိမြန်ကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သော်ငြား တစ်ဘက်သူက ဆေးလိပ်ဘူးကို ကိုင်လျက် ပြောလာ၏။
"ရေချိုးခန်းထဲသွားပြီး ဆေးလိပ်သောက်လိုက်ဦးမယ် ..."
ရှောင်ကျားရှုက မျက်နှာနီနီဖြင့်ပင် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုပို့စ်ကို ဖျက်မည်ကြံလိုက်သော်လည်း အနည်းငယ် တုန့်ဆိုင်းမိသည့်အတွက် သူ့ကိုယ်သူသာ နှစ်သိမ့်လိုက်တော့သည်။
ကျိကောက အမြဲတမ်း အလုပ်ရှုပ်နေတာဆိုတော့ ဒီ account ပိစိလေးကို လိုက်ကြည့်မနေလောက်ပါဘူး အားရအောင် ကြွားသွားပြီးလို့ ရက်နည်းနည်းလောက်ကြာမှ ဖျက်လိုက်ကြတာပေါ့ ...
သူက ဗီဒီယိုကို အနည်းငယ် ပြန်ပြင်ကာ ကျိကောဟု ခေါ်လိုက်သည့်နေရာကို တည်းဖြတ်ထားသဖြင့် "ကော" ဟု ခေါ်သံကိုသာ ကြားရတော့သည်။ ၎င်းကို တင်ပြီးသည်နှင့် တစ်ပြိုင်နက် သဘာဝလွန်စွမ်းရည်ပိုင်ရှင် အင်တာနက်သုံးစွဲသူများက ဗီဒီယိုထဲရှိ စကားများကို ချက်ခြင်း ဘာသာပြန်ကာ သူတို့နှစ်ဦးလုံးကို အရိုအသေပေးလိုက်ကြတော့သည်။
"ဖာ့ခ် ဒီဘလော့ဂါရဲ့ အစ်ကိုကြီးက မိုက်လိုက်တာ နောက်ဆုံး သူပြောသွားတဲ့ ဘာသာစကားကလည်း အလန်းကြီး ရယ်ရမလို ငိုရမလိုနဲ့ ဟားဟားဟားဟား ..."
"ငါ့အမြင်ပြောရရင် ဟိုကိုရီးယားကောင်လည်း အံ့ဩသွားလောက်တယ် ဒီဘာသာစကားက ဘယ်ဟာလဲ ဘယ်ကလဲနဲ့ စဉ်းစားနေတာနဲ့တင် အပစ်ခံလိုက်ရတာနေမှာ ဒီဘလော့ဂါရဲ့ အစ်ကိုကြီးကတော့ IQ ရော EQ ရော ဖျက်ဆီးနိုင်စွမ်းမှာရော ဆရာကြီးပဲ အဲဒါကြောင့် နောက်ဆုံးပစ်ချက်ကို အရမ်းကြီး ကြည့်ကောင်းအောင် မလုပ်ပါနဲ့ ..."
"တကယ်တမ်း ပြောရရင် ဒီဘလော့ဂါကလည်း တော်တော်လေး မိုက်တယ်နော် သူကလည်း တစ်ခြားနိုင်ငံက ဘာသာစကားတွေ အများကြီး သိတယ်နော် ထင်ထားတဲ့ အတိုင်းပါပဲ လူတော်တွေက လူတော်တွေအနားပဲ ရှိတာ ..."
"တိုင်းပြည်ရဲ့ စွမ်းအားတွေကို ထုတ်ပြလိုက်တာပဲ ငါ့ရဲ့ ကုတ်အင်္ကျီအနီဝတ် တပ်ဖွဲ့ထဲကို နောက်ထပ် ဗိုလ်ကြီးနှစ်ယောက် ထပ်ထည့်လိုက်တော့မယ် ..."
(ကုတ်အင်္ကျီအနီဝတ်တပ်ဖွဲ့ - ဒါက ၁၈ ရာစုက ဗြိတိသျှစစ်တပ်ကို ရည်ညွှန်းတာပါ လက်နက်အင်အား၊ လူအင်အားရော၊ အရည်အချင်းမှာရော ထိပ်တန်းလို့ တင်စားပြောချင်တဲ့ သဘောပါ)
"ကျေးဇူးပြုပြီး ငါ့ကိုလည်း ဒီလိုမျိုး ပေါင်လုံးကြီး တစ်ဒါဇင်လောက် ရှာပေးကြပါဦး ကျေးဇူးတင်ပါတယ် ..."
ကျိကောကို လေးစားအားကျ ကိုးကွယ်ကြသည့် မှတ်ချက်များဖြင့် ပြည့်နှက်လာသည့်အတွက် ရှောင်ကျားရှုမှာ များစွာ ဘဝင်ကျသွားတော့သည်။ သူက အလေးအနက်ဖြင့် စာလုံးတစ်လုံးပြီးတစ်လုံး ရိုက်နေလိုက်သည်။
"ဒီရွှေပေါင်လုံးကြီးက ငါတစ်ယောက်တည်းအတွက် သီးသန့်ပဲ မင်းတို့ဖို့ မပါဘူး ..."
ထိုreply ကြောင့် အင်တာနက်သုံးစွဲသူအားလုံး မနာလိုအားကျစိတ်များ ပြည့်နှက်သွားကြောင်း တွေ့လိုက်ရသည့်အခါ ရှောင်ကျားရှုက အားရဝမ်းသာ ရယ်မောလိုက်တော့သည်။ တစ်ကိုယ်လုံးကို စောင်ဖြင့်ပတ်ပြီး နှစ်ကြိမ်ခန့် လူးလိမ့်ပြီးသည်အထိ သူ့နှလုံးသားထဲမှ ဂုဏ်ယူမှုတို့ကို မထိန်းချုပ်နိုင်သေး။ ထို့ကြောင့် ဇဝေဇဝါ ဖြစ်နိုင်သည့် ပို့စ်တစ်ခု ထပ်တင်လိုက်ပြန်သည်။ "စကြဝဠာထဲမှာ အသန်မာဆုံးအိုင်ဒေါ"
တစ်ချို့သူများက သူ့ကို နတ်ဘုရားကျိအား မှတ်မိပါသေးရဲ့လားဟု မေးလာပြန်သည်။ မျက်နှာတစ်ခုလုံး နီမြန်းသွားသည့်တိုင် ထိုသူနှစ်ယောက်မှာ တစ်ယောက်တည်းဖြစ်ကြောင်း ပြန်မပြောရဲတော့ချေ။
မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ထဲမှ အသံမှာ နားကြပ်မှတစ်ဆင့် ထွက်လာသည့်အသံ ဖြစ်သဖြင့် မည်သူကမှ သူတို့ကို သတိမပြုမိကြ။ ထို့ကြောင့် ဂိမ်းဆော့သူ အသိုင်းအဝိုင်းမှအပ အင်တာနက်ပေါ်သို့ ပျံ့နှံ့မသွားတော့ချေ။
ရှောင်ကျားရှုက သူ့အိုင်ဒေါအကြောင်း ကြွားဝါနေစဉ် သန့်စင်ခန်းထဲရှိ ကျိမြန်ကလည်း စခရင်ကို စူးစိုက်ကြည့်နေသည်။ ခေါင်းကို ခါယမ်းလျက် ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်ရင်း ပြုံးလိုက်ပြီး သူ့နှလုံးသားတစ်ခုလုံး ဖော်ပြ၍ မရနိုင်လောက်သည့် နူးညံ့မှုတို့ ပြည့်လျှမ်းသွားတော့သည်။
ရှောင်ကျားရှု ... ဒီကလေးကတော့လေ ဘာတွေစားပြီးများ ကြီးလာတာလဲ မသိဘူး အသက် ၂၀ ရှိနေပြီကိုတောင် အခုထိ ကလေးလေးလိုပဲ ...
ဆေးလိပ်သောက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ ရယ်မြူးရိပ်တို့ကို ရှောင်ကျားရှု သတိမထားမိရန် အလို့ငှာ မျက်နှာကို ရှင်းလင်းလိုက်သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျားရှုက တအံ့တဩ ပြောလာသည်။
"ကျိကော လင်းလဲ့ယန်က တကယ်ကို ကြိုးစားတာပဲနော် "The Lover" ကို ကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့ စိတ္တဇဆေးရုံကိုတောင် သွားခဲ့သေးတယ်တဲ့ ..."
"ဟုတ်လား ..."
ကျိမြန်၏ လေသံမှာ စိတ်ဝင်စားမှု ကင်းမဲ့နေဟန်ပင်။
"ကြည့်လိုက်ပါဦး သူ Weibo မှာ တင်ထားတယ် ..."
ရှောင်ကျားရှုက ဖုန်းကို မြှောက်ပြလိုက်သည်။
ကျိမြန်က လှမ်းကြည့်လိုက်သည့်တိုင် ရင်ခုန်ခြင်းလည်းမရှိ၊ ရင်တုန်ခြင်းလည်းမရှိ။ သူသည် အမြဲလိုလို တည့်တိုးဆန်တတ်သူဖြစ်ကာ ပြတ်စဲသွားသည့်တိုင် အဆက်အသွယ် ဖြတ်တတ်သူမဟုတ်။ လင်းလဲ့ယန်ကို လမ်းမပိတ်ခြင်းမှာလည်း မလိုလားအပ်သည့် လူထုမှန်းဆချက်များကို ရှောင်ရှားရန်ဖြစ်သည်။
ရှောင်ကျားရှုက ဆက်ပြီး သက်ပြင်းချနေဆဲဖြစ်သည်။
"ကျွန်တော်သာ The Lover ရဲ့ ဇာတ်ကောင်နေရာကို ရရင်လည်း စိတ်ကျန်းမာရေးဆေးရုံကို သွားကြည့်မိမှာပဲ ..."
ကျိမြန်၏ အလေးအနက်မထားဟန် အမူအယာ ချက်ခြင်း ပျောက်ကွယ်သွားကာ အလေးအနက် ပြောလိုက်သည်။
"ရှောင်ရှု မင်းကို ပြောချင်တာရှိတယ် မင်းရဲ့ သရုပ်ဆောင်ပုံဆောင်နည်းက တစ်ခုခု မှားယွင်းနေတယ်လို့ ထင်တယ် ..."
ဟမ် ... ကျိကောက ငါ့ကို ရှောင်ကျားရှုလို့ မခေါ်တော့ဘူး ငါ့ကို ရှောင်ရှုတဲ့ ... ဒါ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက လုပ်ဖော်ကိုင်ဖက်ကနေ သူငယ်ချင်းကောင်း ဖြစ်လာပြီလို့ ပြောချင်တာလား ...
ရှောင်ကျားရှုက မျက်နှာကို အတတ်နိုင်ဆုံး တည်ထားသော်ငြား သူ့နှလုံးသားမှာမူ မိုးထိရောက်လုမတတ် လှိုင်းထန်နေပြီဖြစ်သည်။
ကျိမြန် "..."
ငါ တကယ်ကို ဒေါသလည်း ထွက်ချင်တယ် ဒေါသလည်း မထွက်နိုင်ဘူး ...
"နားထောင်နေရဲ့လား ..."
သူ့မျက်နှာကို ဇွတ်အတင်း တင်းမာထားလိုက်၏။
"ဟုတ်ကဲ့ ..."
ရှောင်ကျားရှုက ချက်ခြင်း ခါးမတ်ထိုင်ကာ "လူတော်လေး" အဖြစ်သို့ ရုတ်ချည်း ကူးပြောင်းလိုက်တော့သည်။
ကျိမြန် "..."
"မင်းရဲ့ သရုပ်ဆောင်ချက်တွေက ဘယ်လောက်အထိ အန္တရာယ်များလဲဆိုတာကိုရော သိရဲ့လား မင်းဇာတ်ကောင်က 001 ဖြစ်လို့ တော်သေးတာပေါ့ The Lover သာဆိုရင် မင်းကိုယ်မင်း စိတ်ရောဂါသည်ဖြစ်အောင် လုပ်ဦးမလို့လား ..."
ရှောင်ကျားရှုက တစ်ခဏမျှ တွေးကာ ခေါင်းငြိမ့်ပြလိုက်သည်။
"ဖြစ်နိုင်လောက်တယ် ..."
စိတ်ကစဉ့်ကလျား ရောဂါသည်ဆိုတာ ဘယ်လိုမျိုးမှန်း မသိဘဲနဲ့ ဒီဇာတ်ကောင်ကို ဘယ်လိုလုပ် သရုပ်ဆောင်နိုင်မှာလဲ ...
ကျိမြန်က အပြင်းအထန် မျက်မှောင်ကြုတ်ကာ အလေးအနက် ပြောလိုက်သည်။
"မင်းသာ တကယ်ကြီး ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်ဖြစ်အောင် လုပ်ခဲ့ရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ ပိတ်မိနေပြီးတော့ တစ်သက်လုံး ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး ရုပ်ရှင်လောကမှာ အလားတူ ဥပမာတွေ အများကြီး ..."
ရှောင်ကျားရှုက သူ့စကားများကို ဖြတ်ပြောလိုက်သည်။
"ကျိကောသာ ကျွန်တော့်ဘေးမှာ ရှိနေပေးမယ်ဆိုရင် လုံးဝ နစ်မြုပ်သွားမှာ မဟုတ်ဘူး ..."
ကျိမြန်မှာ နားဝေတိမ်တောင် ဖြစ်သွားတော့သည်။ ပါးစပ်ကို အကြိမ်ကြိမ်အဖန်ဖန် ဖွင့်လိုက်ပိတ်လိုက် လုပ်ပြီးကာမှ စကားပြောလိုက်မိတော့သည်။
"ကိုယ် မရှိခဲ့ရင်ရော ..."
"ဘယ်လိုလုပ် မရှိဘဲနေမှာလဲ ကောက ကောင်းကင်ပေါ် ပြေးတက်သွားမှာမှ မဟုတ်တာ ..."
ရှောင်ကျားရှုက အပိုင်တွက်ဆထားသည့်နှယ် ပြောလိုက်သည်။ သူရိုက်ခဲ့သည့် ရုပ်ရှင်နှစ်ခုလုံးတွင် ကျိမြန်ပါဝင်ခဲ့ကာ သူ့ကို သရုပ်ဆောင်ခြင်းအကြောင်း သင်ပြပြီး ဇာတ်ကောင်၏ အရိပ်အောက်မှ ထွက်ခွါရန်လည်း လမ်းညွှန်ပြသပေးခဲ့သည်။ ကျိမြန်မှာ သူ၏ စိတ်အပန်းဖြေဆေး၊ လမ်းပြမီးရောင်သဖွယ် တည်ငြိမ်ကာ ယုံကြည်ကိုးစားထိုက်ပေသည်။
ကျိမြန် ကမ္ဘာပေါ်တွင် ရှိနေကာ သူ့ကို မြင်နိုင်ကြားနိုင်နေသရွေ့ ရှောင်ကျားရှုမှာ လုံးဝ တုံ့ဆိုင်းမည်မဟုတ်။ လမ်းပျောက်ခြင်းလည်း ရှိမည်မဟုတ်သလို လုံးဝ ကြောက်ရွံ့မိမည် မဟုတ်ချေ။ ကျိမြန်ကို သူ့ကိုယ်သူထက်ပင် ပိုပြီး ယုံကြည်သေးသည်။
ကျိမြန်မှာ လုံးဝဥဿုံ ပြောစရာစကား ကင်းမဲ့သွားတော့သည်။ ရှောင်ကျားရှု၏ နှလုံးသားကို ရှင်းရှင်းလင်းလင်း မြင်နေရသည့်အတွက် ကူကယ်ရာမဲ့မှုနှင့် ရင်ထဲထိရှမှုတို့က ပိုမိုသိသာလာတော့၏။
ရှောင်ကျားရှုက သူ ဘာပြောနေလဲဆိုတာကိုရော နားလည်ရဲ့လား သူ့နေရာမှာ တစ်ခြားသူသာဆိုရင် ဒီလိုပြောတဲ့တစ်ယောက်က ကျိမြန်ကို ရူးရူးမူးမူးကို ချစ်နေလို့ဆိုပြီး တွေးမိတော့မှာ ဒါပေမယ့် ရှောင်ကျားရှုကတော့ မတူဘူး သူ့စိတ်က တအားကို ရိုးရှင်းလွန်းတယ် ယုံကြည်တယ်ဆို ယုံကြည်တယ်ပဲ ဘာအကြောင်းပြချက်မှ မရှိဘူး ...
သူ့ခေါင်းကို ပွတ်သပ်ကာ ရှင်းပြပေးရုံမှအပ ရွေးစရာ မရှိတော့ချေ။
"ဇာတ်ကောင်ရွေးတဲ့နေရာမှာ နည်းနည်းလေး ဂရုတစိုက်ရွေးဖို့ အကြံပေးချင်တယ် ပြဿနာရှိရင်လည်း ငါ့ဆီ အချိန်မရွေး လာခဲ့ မင်းပြောခဲ့သလိုပဲ ငါက ကောင်းကင်ပေါ် ပြေးတက်မှာ မဟုတ်တော့ လိုအပ်တဲ့အချိန်တိုင်း အချိန်မရွေးသာ လာရှာ ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ် သရုပ်ဆောင်မှုမှာ နည်းလမ်းတကျ လုပ်လွန်းရင် ဆိုးကျိုးတွေ ရှိတယ်နော် ဖော်ပြတဲ့စတိုင်တွေရဲ့ ကောင်းကွက်တွေကို ရောမွှေပြီး သရုပ်ဆောင်တဲ့ နည်းလမ်းသစ်တစ်ခုကိုပဲ လုပ်ကြည့်ကြည့် မင်းရဲ့ သရုပ်ဆောင်ခရီးလမ်းက အစပဲ ရှိသေးတာ သင်ယူစရာတွေ အများကြီး ရှိနေသေးတယ် ..."
သင်ယူမှုအပိုင်းအကြောင်း ရောက်ရှိလာသည့်အခါ ရှောင်ကျားရှုက များစွာ တင်းခံမနေတော့ဘဲ နာခံမှုရှိစွာဖြင့် ခေါင်းငြိမ့်ပြလိုက်တော့သည်။
"ဟုတ်ကဲ့ပါ ကျိကော ကျွန်တော် သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ထပ်ပြီး ဖတ်ကြည့်လိုက်ပါ့မယ် တိုးတက်မှုတွေ ရပ်တန့်သွားမယ့် အဖြစ်မျိုး မဖြစ်စေရပါဘူး ..."
ကျိမြန်က သူ့ကို အတော်ကြာ စိုက်ကြည့်နေပြီးကာမှ နှင်ထုတ်လိုက်တော့သည်။
"အိုကေ အိပ်ဖို့ ပြန်တော့ သုံးနာရီတောင် ထိုးနေပြီ ..."
ရှောင်ကျားရှုက တင်ပါးကို လှစ်ခနဲရွှေ့ကာ မျက်နှာချိုသွေး ပြောလိုက်သည်။
"ကျိကော ကောနဲ့ပဲ အိပ်လိုက်လို့ မရဘူးလားဟင် ဒီအချိန်လောက်ဆို ကျိုးလျန့်လျန့်လည်း အိပ်နေလောက်ပြီ ကျွန်တော်သာ ပြန်သွားရရင် သူ့ကို နှိုးမိသလို ဖြစ်မသွားလောက်ဘူးလား ဒါကြီးက သိပ်မကောင်းဘူးနော် ..."
သူ့ပုံစံမှာ ကိုယ်ပိုင်အခန်းမရှိ၊ လက်ထောက်နှင့် အခန်းမျှသုံးရသည့် သာမန်သရုပ်ဆောင်တစ်ဦးနှယ်ပင်။
ကျိမြန်က သူ့ကို နက်ရှိုင်းနေသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်လိုက်တော့သည်။
သူက မျက်နှာကိုမော့ကာ စပ်ဖြဲဖြဲ ရယ်ပြီး မျက်တောင်ကိုပါ တဖျတ်ဖျတ် ခတ်ပြလိုက်သည်။ သူ့ပုံစံမှာ နဖူးတွင် "လူလိမ္မာလေးပါ ကျေးဇူးပြုပြီး အတူတူအိပ်ခွင့်ပေးပါ" ဟု ရေးထားသည့်အတိုင်းပင်။
ကျိမြန်က နဖူးကို ပွတ်သပ်လျက် သက်ပြင်းချလိုက်၏။
ဒီခွေးသားရေ ပလာစတာလေးကတော့ ခွာလို့မရအောင်ကို ကပ်နေပြီထင်တယ် ...
"မျက်နှာသစ် သွားတိုက်ပြီး ခြေလက်ဆေးချည် ..."
နောက်ဆုံးတွင်တော့ သူ့ဘက်ကသာ အလျော့ပေးလိုက်ရတော့သည်။
ရှောင်ကျားရှုလည်း အလျင်အမြန်ပင် ဆေးကြောသန့်စင်ကာ အိပ်ယာပေါ်သို့ ခုန်တက်လျက် ဂရုတစိုက်ဖြင့် ကျိမြန်ဘေးသို့ ဝင်လှဲလိုက်သည်။ ဂွမ်းကပ်ကို မ ယူကာ ကျိမြန်၏ ရေချိုးဆပ်ပြာအနံ့ကို အမျိုးအစား ခွဲနေလိုက်၏။ တစ်ဖန် ခေါင်းအုံးကို တရှုံ့ရှုံ့နမ်းကာ ကျိမြန်၏ ခေါင်းလျော်ရည်တံဆိပ်ကို ရှာဖွေရန် ကြိုးစားလိုက်ပြန်သည်။ ကျိမြန်ကို တိတ်တိတ်လေး ချောင်းကြည့်ချင်သော်ငြား လူမိသွားမည်ကိုလည်း စိုးရိမ်နေရပြန်သည်။
ဒီခံစားချက်က ... ကြယ်တွေကို ခူးဆွတ်လိုက်ရသလိုပဲ ...
အိပ်ပျော်ချင်ဟန်ဆောင်လိုက်သော်ငြား သူ့စိတ်တစ်ခုလုံး ရှုပ်ထွေးနေကာ စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုတို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး လေထဲ မျောလွင့်နေသည့်အတိုင်းပင်။
အိပ်ယာပေါ် လူးလှိမ့်ရင်း ဆက်တွေးနေလိုက်၏။
ကျိကောက အိပ်ပျော်သွားရင် အံကြိတ်တာတို့၊ ဟောက်တာတို့ ဒါမှမဟုတ် စောင်ကို ကန်တတ်တာတို့များ ရှိလား မသိဘူး သူ စောင်ကန်တတ်တယ်ဆိုလည်း တိတ်တိတ်လေးပဲ ပြန်ခြုံပေးလိုက်တာပေါ့ ...
ကျိမြန် "..."
ဒရမာကွင်းလေးရေ မြန်မြန်အိပ်လိုက်ပါတော့ ...
နှစ်ဦးသား ကျောပေးလျက် ဆယ်မိနစ်ကြာ လဲလျောင်းနေလိုက်သည်။ တစ်ယောက်က တစ်ဖက်သူကို အိပ်မောကျနေပြီဟု တွေးကာ ကျန်တစ်ယောက်က အိပ်ချင်ဟန်ဆောင်နေပေသည်။
ရှောင်ကျားရှုက တိတ်တိတ်လေး ထထိုင်ကာ ကျိမြန်အနားသို့ တစ်ဖြည်းဖြည်း တိုးလာလိုက်သည်။ ပူပန်စိတ်တို့ ဖိစီးနေသည့်အတွက် အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
ကျိမြန်ကလည်း မလှုပ်မယှက် နေနေသည့်တိုင် စိတ်အစုံမှာမူ ရှုပ်ထွေးနေရှာသည်။
ဒီကလေးက သူ့ကို ခိုးနမ်းမလို့တော့ မဟုတ်ပါဘူးနော် ...
သူ့ဘေးနားသို့ အောင်အောင်မြင်မြင် တိုးလာနိုင်သည့် ရှောင်ကျားရှုက သူ့ပုခုံးကို နဖူးဖြင့် ခပ်ဖွဖွ ပွတ်တိုက်ကာ စိတ်ထဲမှ တီးတိုးပြောလိုက်သည်။
ကျိကော ကောရှိနေတာ ကောင်းလိုက်တာ ကျေးဇူးတင်ပါတယ် ...
ထို့နောက် စက္ကန့်သုံးဆယ်ပင် မကြာလိုက်။ အိပ်ပျော်သွားကာ ဟောက်သံခပ်တိုးတိုး လွင့်ပျံ့လာတော့သည်။
Xxxxxxxxx