အပိုင်း ၉၁
Viewers 57k

Chapter 91


ကျိမြန်က သူ့ကို ဖျတ်ခနဲကြည့်ကာ အတွေးပြောင်းလိုက်တော့သည်။ 


“ပင်လယ်စာပါဆို ပုစွန်မစားလို့ ဘယ်ဟာသွားစားရမှာလဲ... စီချွမ်အစားအစာ စားမလား ...”


စီချွမ်အစားအစာဆိုလည်း ကောင်းတာပဲ ယုန်ခေါင်းလေးရယ် ဝက်ဦးနှောက်အစပ်လေးရယ် ...


ရှောင်ကျားရှုက လျာကိုသပ်ကာ အားရပါးရ ပြန်ဖြေလိုက်သည်။


“ဟုတ် ဒါဆိုလည်း စီချွမ်ဟင်းလျာပဲ စားကြမယ်လေ စီချွမ်အရသာစစ်စစ် ရတဲ့ဆိုင်ကို ကျွန်တော်သိတယ် ရန်မင်တောင်ဘက်လမ်း ပေါ်မှာ ရှိတာ ကျွန်တော် လမ်းညွှန်ပေးမယ် ...”


ကျိမြန်က ကားကို သူပြောသည့်ဘက်သို့ ဦးတည်လိုက်သည့်တိုင် မိနစ်အနည်းငယ် ကြာလေတိုင်း ရှောင်ကျားရှုကိုသာ ငေးကြည့်နေ မိတော့သည်။ ရှောင်ကျားရှုမှာ သူ့အလိုလိုက်ကာ သဘောတူခြင်း မဟုတ်၊ အစားအစာကို အမှန်တကယ် နှစ်သက်ခြင်းဖြစ်ကြောင်း များစွာ သိသာလှပေသည်။ သူနှင့် အတူရှိနေတိုင်း များစွာ စဉ်းစားနေရန်မလို၊ သူဖြစ်ချင်သည်များကို ပွင့်ပွင့်လင်းလင်း ပြော၍ ရပေ သည်။ သူကြိုက်ပါလျှင် ကျယ်ကျယ်လောင်လောင်ဖြင့် သဘောတူကြောင်း ထုတ်ပြောမည်ဖြစ်ကာ မကြိုက်ပါလျှင်လည်း အခြားသူများ မလိုလားအပ်သည့် အတွေးမျိုး မတွေးနိုင်စေရန် အဝေးသို့သာ တိတ်တိတ်လေး ထွက်သွားမည်ဖြစ်သည်။ ရှောင်ကျားရှုနှင့် ပေါင်းသင်းဆက်ဆံရန် လွန်စွာ လွယ်ကူလှ၏။


ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှုမှာ အပေါ်ယံစကားမျှသာ မဟုတ်၊ မြင်သာနေသည့် အနာဂတ်ပင်ဖြစ်သည်။ ထိုသို့ တွေးလိုက်မိ သည့်အခါ ကျိမြန်မှာ ရှောင်ကျားရှုကို ရွေးချယ်မိသည့်အပေါ် များစွာ ဝမ်းမြောက်သွားမိတော့သည်။


လက်မှတ်ထိုးသည့်ကိစ္စကို ကိုင်တွယ်ရန်နှင့် အွန်လိုင်းပေါ်တွင် ကြေငြာချက် ထုတ်ပြန်ရန် ဟွမ်မိန်ရွှမ်မှာ သုံးရက်သာ အချိန်ယူလိုက် ရသည်။ ထို့နောက်တွင်တော့ ရှောင်ကျားရှုကို ဝိတ်လျော့ခိုင်းရမည့် အချိန်သို့ ရောက်ရှိလာတော့သည်။


“ဝိတ်ချဖို့ လိုတယ် ဟုတ်လား ဒါပေမယ့် ကျွန်တော်က အနေတော်ပဲလေ ...”


ရှောင်ကျားရှုက မှန်ရှေ့တွင် ကိုယ်ကို တစ်ပတ်လည်ပြလိုက်သည်။


“ဒါက မစ္စတာကျိ ညွှန်ကြားထားတာ gym ကို ချက်ခြင်းလာခဲ့ သူစောင့်နေမယ်တဲ့ ...”


သူမ စကားပင် မဆုံးသေး၊ ရှောင်ကျားရှုက ကမူးရှူးထိုး ပြေးထွက်သွားတော့သည်။


Gym အခန်းမှာ ၁၂ လွှာတွင် ရှိကာ အမျိုးမျိုးသော ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးထားပြီး သီးသန့်ထရိန်နာများလည်း အများအပြား ငှားရမ်းပေးထားသည်။ သူရောက်သွားချိန်တွင် ကျိမြန်က ဒိုက်ထိုးနေကာ ထရိန်နာတစ်ဦးက ဘေးမှ အကြိမ်ရေတွက် ပေးနေသည်။ အခြားထရိန်နာများကလည်း ခပ်လှမ်းလှမ်းတွင် ရပ်ကာ လေးစားအားကျစိတ်အပြည့်ဖြင့် ငေးကြည့်နေကြသည်။


ကျိမြန်က အနက်ရောင် စွပ်ကျယ်တစ်ထည်နှင့် ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားပြီး ချောမွေ့သည့် အသားအရေ တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေသည့်အတွက် အလွန်အမင်း ညှို့ဓာတ်ပြင်းနေပေသည်။ ရှောင်ကျားရှုလည်း အတော်ကြာ ကြက်သေသေနေပြီး ကာမှသာ သူ့အနား ခပ်သွက်သွက် လျှောက်လာလိုက်တော့သည်။


ကျိကောရဲ့ ခန္ဓာကိုယ် အချိုးအစားက မိုက်လိုက်တာ လက်မောင်းကြွက်သားတွေလည်း အများကြီး ရှိတယ်ဆိုပေမယ့် အရမ်း ရုပ်ပျက်ဆင်းပျက် ကြီးနေတာမျိုးလည်း မဟုတ်ပြန်ဘူး ချွေးတွေစိုနေတဲ့ အသားအရေကလည်း ပြောင်လက်ပြီး အရသာရှိမယ့်ပုံပဲ သူ့ကို ခုန်အုပ်ပြီး ကုန်းကိုက်ချင်လိုက်တာ အား ... ဆံပင်တွေကလည်း စိုရွှဲပြီး အဖျားတွေက မျက်နှာမှာ ကပ်နေတာ အရမ်းကို ကပိုကရိုနဲ့ ယောကျ်ားပီသပြီး အရိုင်းဆန်လိုက်တာ ချောပါတယ်ဆိုတဲ့ ယောကျ်ားတွေ တစ်ရာလောက် စုလာရင်ကို ကျိကောက သာနေတုန်းပဲ “Women’s Wear” က သူ့ကို အာရှတိုက်ရဲ့ အလိုချင်ဆုံး ယောကျ်ားလို့ ရေးထားတာ အံ့ဩစရာ မရှိတော့ပါဘူး ဒီလောက် အလုပ်များနေတာတောင် နေ့တိုင်း လေ့ကျင့်ခန်းကို မပျက်မကွက် လုပ်နိုင်သေးတယ်နော် ဒါကို ဘယ်လိုခေါ်ပါလိမ့် အိပ်ယာပေါ်က တစ်မိနစ်အတွက် ဆယ်နှစ် ကြိုးစားခဲ့ရတယ် ဆိုလားပဲ ကျိကောက အမိုက်ဆုံးပဲ ...


“ရှောင်ကျားရှု မင်းသိလား ...”


ကျိမြန်က အံတင်းတင်းကြိတ်ကာ လှမ်းပြောလိုက်သည်။


“ငါ စံချိန်ချိုးနိုင်တော့မလို့ ...”


ရှောင်ကျားရှုက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။


“ဘာစံချိန်လဲဟင် ...”


“တစ်နာရီအတွင်းမှာ အခေါက်ရေ ၁၃၀၀ မရပ်မနားဘဲ ဒိုက်ထိုးတာ...”


“ဘုရားရေ ကျိကော ကောက တကယ်ကို မိုက်လိုက်တာ ...”


ရှောင်ကျားရှုက ကြက်သေသေသွားပြီးကာမှ စိတ်ရင်းစေတနာအပြည့်ဖြင့် လက်ခုပ်တီးလိုက်သည်။


သူ၏ ရိုးသားလှသည့် မျက်ဝန်းတို့ကို စိုက်ကြည့်နေသည့် ကျိမြန်မှာမူ ချက်ခြင်းပင် ကျွဲမြီးတိုသွားတော့သည်။


“ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးတဲ့အခန်းထဲကို သွား ...”


သူ့ကို အခန်းငယ်ထဲသို့ တွန်းပို့ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။


“ဖိနပ်တွေ ခြေအိတ်တွေကို ချွတ်ပြီး တိုင်းတာရေးစက်ပေါ် မတ်တပ်ရပ်လိုက် အရင်ဆုံး တိုင်းတာကြည့်လိုက်ရအောင် ဒီတစ်ခေါက် မင်း သရုပ်ဆောင်ရမယ့် ဇာတ်ကောင်က စက်ရုပ် ရုပ်ရည်ကို အင်ဂျင်နီယာတွေက အကြိမ်ပေါင်း တစ်ရာကျော်အထိ ပြင်ဆင်ထားတဲ့အတွက် အလှအပအမြင်နဲ့ပဲ ကြည့်ကြည့် စက်မှုပိုင်းဆိုင်ရာနဲ့ပဲ ကြည့်ကြည့် ပြစ်ချက်မရှိဘူး အဲဒါကြောင့် မင်းရဲ့မျက်နှာ တစ်ခုတည်းနဲ့တင် မလုံလောက်ဘူး ခန္ဓာကိုယ်အချိုးအစားပါ ပြည့်စုံနေရမှာ သဲလွန်စနည်းနည်း ပေးလိုက်မယ် အဝတ်ဗလာနဲ့ တစ်ခန်းလောက် ရိုက်ရနိုင်တယ် ...”


ရှောင်ကျားရှုက ဖိနပ်ချွတ်ရင်း တအံ့တဩ မေးလိုက်သည်။


“ကိုယ်လုံးတီး အခန်း ... မင်းသမီးနဲ့ တွဲရိုက်ရမှာလား ...”


“အိပ်ယာပေါ်ကအခန်း ...”


ကျိမြန်က နဖူးကို ပွတ်သပ်လျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။


“မင်း စပြီး ပေါ်ထွက်လာတဲ့အချိန်မှာ ထိန်းသိမ်းရေးဆေးရည်ထဲ ဝင်စိမ်ရမှာ အဲဒါဆိုတော့ တစ်ကိုယ်လုံး အဝတ်ဗလာ ဖြစ်နေမှာလေ ဒါပေမယ့် စိတ်ချပါ ပြီးတာနဲ့ အဝတ်အစား တန်းဝတ်ရမှာပါ အဆင်ပြေရဲ့လား ...”


“ကိစ္စမရှိပါဘူး ကျွန်တော်က ယောကျ်ားတစ်ယောက်ပဲဟာ ဘာကြောက်နေရမှာလဲ ...”


ရှောင်ကျားရှုမှာ နိုင်ငံခြားတွင် အတော်ကြာ နေလာခဲ့သူဖြစ်ရာ အမြင်ပွင့်လင်းလှပေသည်။ ရိုက်ကူးရာတွင်လည်း ထိုအပိုင်းကို အပြည့်အဝ ထုတ်လွှင့်မည်မဟုတ်၊ သူ့ခန္ဓာကိုယ်ကို မှုန်ဝါး၍ဖြစ်စေ ရှုထောင့်ပြောင်း၍ဖြစ်စေ ထုတ်လွှင့်မည်ဖြစ်ရာ ပူပန်နေခြင်း အလျဉ်း မရှိပေ။ 


သူ စိတ်ထဲ မထားကြောင်း သိလိုက်ရမှသာ ကျိမြန်လည်း စစ်ဆေးချက်ရလဒ်ကို ကြည့်ရှုလိုက်တော့သည်။


“နှစ်ကတ်တီတောင် တိုးနေတယ် ဝိတ်ချမှ ရတော့မယ် ...”


“ဟမ် ကျွန်တော်က ဒီလောက် ပိန်နေတာတောင် ဝိတ်များနေသေးတယ်လား ...”


သူ့ခန္ဓာကိုယ်မှာ မဝ၊ မကျစ်လျစ်ခြင်းသာ ဖြစ်သည်ဟု တွေးထားသည့် ရှောင်ကျားရှုမှာ အံ့ဩမင်သက်သွားရတော့သည်.


“မင်းက ပိန်တယ်ပေါ့ ...”


ကျိမြန်က သူ့အင်္ကျီကိုမြှောက်ကာ ခါးနားရှိ အသားပျော့ပျော့လေးများကို ဆွဲဆိတ်လျက် မေးလိုက်သည်။


“ဒါက ဘာလေးလဲ ...”


ရှောင်ကျားရှုက ခေါင်းကိုငုံ့ကာ ပြန်ဖြေလိုက်သည်။


“swimming ring လေး ...”


“ပိုနေတဲ့ အသားနှစ်ကတ်တီက ဒီရောက်နေတာ ထင်တယ် ...”


ကျိမြန်က ထိုအသားစိုင် အိအိလေးကို တစ်ဖန် ထပ်ဆွဲလိုက်ပြန်သည်။ ခံစားချက်မှာ ကောင်းမွန်လွန်း၍ လက်ပင် မလွှတ်ချင်တော့။ ရှောင်ကျားရှု၏ခေါင်းက သူ့ရင်ခွင်ထဲ ရောက်လာမှသာ လွှတ်ပေးလိုက်တော့သည်။


“ရှေ့လအစဆိုရင် အမေရိကန်ကို သွားရတော့မှာ မင်းမှာ ရက် ၂၀ ပဲကျန်တော့တယ် ဒီအတောအတွင်း ဝိတ်ချရုံတင် မကဘူး ကြွက်သားထွက်အောင်ပါ လုပ်ရဦးမှာ လုပ်နိုင်ပါ့မလား ...”


“လုပ်နိုင်ပါတယ် ...”


ရှောင်ကျားရှုက ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်သည်။


“မလုပ်နိုင်ရင်ရော ...”


“မလုပ််နိုင်ရင် စာချုပ်ကို ရပ်ဆဲလိုက်ပါ့မယ် ...”


“သေချာလား ...”


“သေချာပါတယ် တကယ်လို့ ကျိကော မယုံရင် ကျွန်တော် မှတ်တမ်းယူထားလိုက်မယ် ...”


ရှောင်ကျားရှုက ဖုန်းကိုထုတ်ကာ အသံသွင်းပြီး ကျိမြန်ထံ ချက်ခြင်း ပို့ပေးလိုက်တော့သည်။


ကျိမြန်က ဖွင့်နားထောင်ပြီးနောက် သူ့ဆံပင်ကို ထိုးဖွလိုက်သည်။


“အိုကေ ဖောင်သွားဖြည့်ပြီး သွေးပူလေ့ကျင့်ခန်းလုပ် ပြီးရင် ဆယ်မိနစ် အနှေးပြေးမယ် ...”


ရှောင်ကျားရှုက ဖောင်ကို ဂရုတစိုက် ဖြည့်လိုက်သည်။နောက်ဆုံးတွင်တော့ အပြေးစက်ပေါ် တက်ဖူးချေပြီ။ အတတ်နိုင်ဆုံး ဘွဲ့မြန်မြန် ရစေရန် အလို့ငှာ တစ်နေကုန် စာကြည့်တိုက်တွင်သာ အချိန်ကုန်ခဲ့ပြီး လေ့ကျင့်ခန်းလုပ်ရန် အချိန်မရှိခဲ့။ အပြေးစက်ပေါ် ပထမဆုံးအကြိမ် တက်ဖူးခြင်းဖြစ်ကြောင်း ထုတ်ပြောရန်မှာလည်း ရှက်ဖွယ်ကောင်းလှပေသည်။ ဆယ်မိနစ် မဆိုထားနှင့်၊ ငါးမိနစ် ပင် မခံနိုင်လောက်သော်ငြား ကျိမြန်က ဘေးနားတွင် ရပ်ကြည့်နေသည့်အတွက် အံတင်းတင်းကြိတ်ကာ ဆက်ပြေးနေလိုက်ရ တော့သည်။


ကျိမြန်၏ ရှေ့တွင် ဘာကြောင့် အကောင်းဆုံး ဖြစ်ချင်နေမိမှန်း သူ့ကိုယ်သူလည်း နားမလည်။ဆယ်မိနစ်အကြာတွင် ချွေးများ အဆက်မပြတ် စီးကျကာ နှုတ်ခမ်းတစ်ခုလုံး ဖြူလျော်နေပြီး ခြေဖဝါးနှစ်ဖက်လုံး နာကျင်ကိုက်ခဲလာတော့သည်။


ကျိမြန်က သူ့ကို ပြေးဖက်ကာ နူးနူးညံ့ညံ့ နှစ်သိမ့်ပေးလိုက်သည်။


“ကိစ္စမရှိဘူး အဆင်ပြေသွားမှာ ဒါ ပထမဆုံးအကြိမ် အပြေးစက်ကို သုံးဖူးတာဆိုတော့ မူးဝေနေမှာ သေချာတယ် ရေနည်းနည်း လောက် သောက်ပြီး ခဏ ထိုင်နေလိုက်ဦး ...”


“ကျိကော ပြေးတာက မလှုပ်ရှားနိုင်လောက်တဲ့အထိ ဖြစ်နိုင်တယ်လို့လည်း မပြောခဲ့ဘူးနော် ...”


သူက ကျိမြန်၏ ကော်လာကို တင်းတင်းကြပ်ကြပ် ဆွဲထားရင်း လွှတ်ကနဲ ပြောမိသွားတော့သည်။


“ကျိကော ကောရဲ့ ရင်ဘက်ကြွက်သားတွေက ကောင်းလိုက်တာ အိအိလေးနဲ့ ချွေးတွေလည်း ရွှဲနစ်လို့ ...”


စိုးရိမ်နေသော ကျိမြန် “...” ဒီကလေးက အဆိပ်ပြင်းလိုက်တာ ...


..........


စက်ရုပ်ဇာတ်ကောင်ကို လက်ခံပြီးနောက် ရှောင်ကျားရှုသည် သရုပ်ဆောင်အတန်းများအား သွားမတက်တော့ဘဲ အချိန်အားလုံးကို gym တွင်သာ ကုန်‌ဆုံးလိုက်တော့သည်။ ချွေးများ နစ်ရွှဲလျက် ကြမ်းပေါ် လှဲနေစဉ် သီးသန့်ထရိန်နာနှင့် စကားပြောနေရာမှ သူ့အနားသို့ ရောက်လာသော ကျိမြန်ကို ‌တွေ့လိုက်ရသည်။ 


"ဘယ်လိုခံစားရလဲ ..." 


"တအားပင်ပန်းတာပဲ ..." 


ရှောင်ကျားရှုမှာ အသက်ပင် မရှူနိုင်၊ လက်ကိုသာ ယမ်းပြလိုက်တော့သည်။ 


"မနက်တစ်ကြိမ် ညနေပိုင်းတစ်ကြိမ် တစ်ကြိမ်ကို တစ်နာရီခွဲနဲ့ တစ်ရက်ကို နှစ်ကြိမ် လေ့ကျင့်ခန်းလုပ် အဲဒါက ပင်ပန်းတာလည်း သက်သာပြီးတော့ ကြွက်သားတွေလည်း သိပ်ပြီး ဒဏ်မဖြစ်တော့ဘူး အချိန်တွေ အများကြီး ပေးပြီး လေ့ကျင့်ခန်း လုပ်ရမယ် ဆိုပေမယ့် အကြာကြီး အနားယူဖို့လည်း လိုအပ်သေးတယ် ပါးစပ်ကို ချုပ်ထိန်းထား ကယ်လိုရီများတဲ့ စားစရာတွေကို မစားမိစေနဲ့ မင်းကို ပေးထားတဲ့ ပရိုတင်းအမှုန့်တွေရော သောက်ဖြစ်ရဲ့လား လေ့ကျင့်ခန်းလုပ်ပြီးတိုင်း တစ်ခွက် ပုံမှန်သောက်ရင် ကြွက်သားတည်ဆောက်တဲ့နေရာမှာ အထောက်အကူ ဖြစ်လိမ့်မယ် ..." 


ကျိမြန်က အပေါ်ဝတ်အင်္ကျီကို ချွတ်ကာ သန်မာလှသည့် ကိုယ်နေဟန်ထားကို လှစ်ဟပြလိုက်သည်။ သူသည်လည်း နေ့စဉ် တစ်နေ့လျှင် နှစ်နာရီ လေ့ကျင့်ခန်းလုပ်သည့်အကျင့် ရှိပေသည်။ 


"ကျွန်တော် နေ့တိုင်း သောက်ပါတယ် ..." 


ရှောင်ကျားရှုက သူ၏ တောင့်တင်းချောမွတ်သည့် ကြွက်သားတို့ကို စိုက်ကြည့်ရင်း အားတက်‌သရော ပြောလိုက်သည်။ 


"ကျိကော ဒီကြွက်သားတွေ ရလာအောင် ဘယ်လောက်လောက် အချိန်ယူခဲ့ရလဲ ..." 


"မမှတ်မိတော့ဘူး လေ့ကျင့်ခန်းက ဟိုးအစောပိုင်းကတည်းက လုပ်ခဲ့တာ ပြီးတော့ ဆယ်နှစ်ဆက်တိုက် တစ်ရက်မှ မပျက်ခဲ့ဘူး ..." 


ကျိမြန်က အလျားလိုက် ချထားသည့် ဝိတ်တုံးကို ယူကာ အလေးမ ရန် ပြင်ဆင်လိုက်သည်။ 


ဝိတ်တုံး၏ အလေးချိန်ကို တိတ်တဆိတ် တွက်‌ကြည့်နေသည့် ရှောင်ကျားရှုမှာလည်း အံ့ဩမင်သက်သွားရတော့သည်။ 


ဘုရားရေ ကျိကောက နှစ်ရာကတ်တီတောင် မ နိုင်တာပါရော ဒါဆို သူ ငါ့ကိုတောင် လွယ်လွယ်လေး မ နိုင်လောက်တယ် အင်္ကျီသာ မချွတ်ထားရင် ကျိကောလို နူးညံ့ကျော့ရှင်းတဲ့ ယောကျာ်းမျိုးက ကြွက်သားတွေ အပြည့်နဲ့ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ... 


ကျိမြန်က သူ့ကို လှမ်းကြည့်ကာ လက်ယမ်းပြလိုက်သည်။ 


"တစ်နေရာရာမှာ သွားလှဲနေ မခိုက်မိအောင် ဂရုစိုက် ..." 


ရှောင်ကျားရှုက ခက်ခက်ခဲခဲ နေရာရွှေ့ကာ ကြမ်းပေါ်တွင် အသေကောင်သဖွယ် လဲလျောင်းနေလိုက်သည်။ ယခင်က သူလှဲနေသည့် နေရာတွင် လူပုံစံ ချွေးကွက်ကြီး ကျန်ရစ်ခဲ့ရာ ရယ်ချင်စဖွယ် ကောင်းလှသည်။ ကျိမြန်က သွေးပူလေ့ကျင့်ခန်း လုပ်နေရင်း ပြောလိုက်သည်။ 


"ဟမ် မင်းက ဒီနေ့ ကြိုးကြိုးစားစားကို လေ့ကျင့်ခန်း လုပ်ထားတာပဲ ပြီးရင် ပရိုတင်းအမှုန့်တွေ သောက်ဖို့ သတိရဦး ..." 


"ဟုတ်ကဲ့ပါ ..." 


ရှောင်ကျားရှုက ဖုန်းကိုထုတ်ကာ Weibo ကို ကြည့်နေလိုက်သည်။ လက်မြှောက်ရန်ပင် ပင်ပန်းလွန်း၍ နံဘေးသို့ စောင်းကာ လဲလျောင်းလိုက်သည်။ ထို့နောက်တွင်တော့ ပရိသတ်များအကြား နာမည်ကြီးနေသော blog တစ်ခုကို တွေ့လိုက်ရ၍ မနေနိုင်မထိုင်နိုင် ဝင်ဖတ်လိုက်မိတော့၏။ ၎င်း၏ ခေါင်းစဉ်မှာ "တမန်တော် မင်းက ကိုယ့်ရဲ့ မနက်ဖြန်လေး" ပင်ဖြစ်သည်။ 


အာ ဒါက "တမန်တော်" ကို အညွှန်းရေးထားတာ ထင်တယ် သေချာလေး ဖတ်ကြည့်ဦးမှပဲ ... 


မိနစ်အနည်းငယ် အကြာတွင်တော့ သူ့အတွေးတို့ မှားယွင်းသွားကြောင်း သဘောပေါက်သွားတော့သည်။ ၎င်းမှာ ရုပ်ရှင်အညွှန်းမဟုတ်၊ fanfiction တစ်ခုသာ ဖြစ်သည်။ စာရေးသူက "တမန်တော်" ၏ ဇာတ်ညွှန်းကို ကိုယ်ပိုင်အိုင်ဒီယာဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ကာ လင်မျိုးနွယ် ညီအစ်ကိုအတွက် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းတစ်ခု ယူဆောင်ပေးမည်ဟု ကတိပြုလာသည်။ သူမ၏ စကားများမှ မူရင်းဇာတ်ကြောင်းအပေါ် မကျေနပ်မှုကို အတိုင်းသား တွေ့နေရကာ ဤ fanfiction ရေးရခြင်း၏ ရည်ရွယ်ချက်မှာလည်း လင်ထောင်နှင့် လင်ဖုန်းတို့အတွက် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရန်ဖြစ်သည်။ 


အရမ်းကို နွေးထွေးတာပဲ ... 


ရှောင်ကျားရှု၏ ရင်ထဲတွင် ခံစားချက်တို့ ပြည့်နှက်သွားကာ ဆက်ဖတ်ရန် ပြင်လိုက်တော့သည်။ သို့သော် မိနစ်အနည်းငယ် အကြာတွင်တော့ သူ့ခံစားချက်အားလုံး တစ်စစီ ယိုယွင်းပျက်စီးသွားတော့သည်။ 


လင်ဖုန်းက ပြန်ပေးဆွဲခံရတာကို ရှောင်ရှားနိုင်လိုက်တယ် ကောင်းသားပဲ လင်ဖုန်းက အချစ်ကို ရှာတွေ့သွားပြီ ဒါလည်း ကောင်းတာပဲ ဒါပေမယ့် နေပါဦး ဘာလို့ လင်ထောင်က သူ့ကို အိမ်သေးသေးလေးထဲမှာ ပိတ်ထားပြီး သူ့ရည်းစားနဲ့ လမ်းခွဲ့ဖို့ အတင်းအကြပ် ဖိအားပေးနေရတာလဲ ဒါကြီးက ယုတ္တိမရှိလိုက်တာ တကယ့် လင်ထောင်သာ သူ့ညီလေးမှာ ရည်းစားရှိမှန်း သိသွားရင် ဘယ်လောက်တောင် ပျော်နေလိုက်မလဲ ... 


အယ် အယ် အယ် ဘာကြီးလဲ ဘာလို့ လင်ထောင်က လင်ဖုန်းကို အတင်းအကြပ်ကြီး နမ်းပစ်ရတာလဲ ငါပဲ မှားဖတ်မိတာလား ... 


နမ်းရှိုက်သည့် အခန်းကို ပြောင်မြောက်အောင် သရုပ်ဖော်ပြသွားနိုင်သည့် အရေးအသားကြောင့် ရှောင်ကျားရှုမှာ ခေါင်းများပင် တစ်ဆစ်ဆစ် ကိုက်လာကာ တစ်ကိုယ်လုံး ကမောက်ကမ ဖြစ်သွားတော့သည်။


Xxxxxx