Chapter 86
ကျိမြန်က ခေါင်းကို ခါယမ်းလျက် ခပ်ဟဟ ရယ်မောလိုက်သည်။ သူတို့ကို အတော်ကြာ ငေးကြည့်နေပြီးကာမှ ကားပါကင်ရှိရာသို့ စိတ်အေးလက်အေး ထွက်လာလိုက်၏။ အချိန်ကိုက် ရောက်လာသော ဖန်ခွင်းက သူ့အတွက် ကားတံခါးဖွင့်ပေးရင်း အမူအယာကို အကဲခတ်လျက် အံ့ဩတကြီး မေးလိုက်သည်။
"ဒီလောက် အလုပ်ရှုပ်လာတာကိုတောင် ပင်ပန်းပုံလည်း မပေါ်ပါဘူးရော ..."
"ပြောပလောက်အောင်လည်း အလုပ်မများပါဘူး ဒီတိုင်း ဟိုနားသည်နား လှည့်ပတ်ကစားရုံလေးပဲကို ..."
ကျိမြန်က ဖုန်းကိုကြည့်ရင်း ပြန်ပြောလိုက်သည်။
အေးဂျင့်ဖြစ်သူက အိတ်အကြီးကြီးတစ်လုံးနှင့်အတူ နောက်ခုံတွင် ဝင်ထိုင်ရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ရှောင်ကျားရှုက တကယ်ကို မင်းသားလေးပဲ ဘယ်သူကမှ သူ့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူးလေ ဒီတိုင်း ဓာတ်ပုံလေး တစ်ပုံနှစ်ပုံလောက် ရိုက်လိုက်ရုံနဲ့တင် ပြီးသွားပြီ ..."
သာမန်လေး ဟုတ်လား ...
ဓာတ်ပုံဆရာ ပေးပို့လာသည့် နမူနာများကို ကြည့်နေသည့် ကျိမြန်မှာမူ ထိုစကားကို သဘောမတူနိုင်။ ဓာတ်ပုံထဲတွင် သူနှင့် ရှောင်ကျားရှု နှစ်ယောက်လုံး ဝမ်းသာအားရ ပြုံးနေကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေသည့် အကြည့်တို့မှာလည်း ပြင်ပလောကကို အလင်းရောင် ပေးနိုင်သည်အထိ နူးညံ့လှသော အလင်းဓာတ်တို့ ပြည့်နှက်နေသည်။ သူ့အနေဖြင့် မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံများစွာကို ရိုက်ကူးခဲ့ဖူးသော်ငြား ယခုလိုမျိုး တစ်ခါမှ နှစ်နှစ်ခြိုက်ခြိုက် မပြုံးရယ်ခဲ့ဖူးချေ။
ရိုက်ကူးရေး ပြီးသွားသည့်တိုင် ထိုဓာတ်ပုံများကို မြင်လေတိုင်း ခံစားချက်တို့ ထူးကဲကောင်းမွန်လာကာ နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်မိဆဲဖြစ်သည်။
ဒီလောက်အထိ လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ ဓာတ်ပုံကို ဘာလို့များ သာမန်ကာလျှံကာလေး ရိုက်ထားတာလို့ ပြောရတာလဲ ...
ခေါင်းကိုယမ်းလျက် ဓာတ်ပုံအားလုံးကို တစ်ခုပြီးတစ်ခု သူ့ဖုန်းထဲ သိမ်းထားလိုက်သည်။ Weibo ကို ဖွင့်ကြည့်လိုက်သည့်အခါ ရှောင်ကျားရှု၏ account မှ ပုံတစ်ပုံ တင်ထားကြောင်း တွေ့လိုက်ရသည်။
.......
ကားထဲသို့ ရောက်ပြီးနောက် ရှောင်ကျားရှုက ဖုန်းကိုမြှောက်ကာ သူ့အစ်ကိုကြီးနှင့်အတူ ဓာတ်ပုံရိုက်လျက် weibo တွင် တင်လိုက်သည်။
[ငါ့အစ်ကိုကြီး]
သူ့ဘက်သို့ လှည့်ကြည့်နေသည့် ရှောင်တင်းပန်းမှာ မျက်နှာသေနှင့် ဖြစ်နေသည့်တိုင် သူ့အကြည့်တို့မှာမူ ချစ်ခင်မှုတို့ ယိုဖိတ်နေသည်။ ထိုဓာတ်ပုံတစ်ခုတည်းဖြင့်ပင် သူတို့နှစ်ဦးကြား ညီအစ်ကိုဆက်ဆံရေးမှာ အတုအယောင်မဟုတ် ကြောင်း မြင်သာနေပေသည်။ ပြင်ပကောလဟာလများကဲ့သို့ အမွေအတွက် အသေအကြေ တိုက်ခိုက်ကြမည့်သူများ မဟုတ်ပေ။
ပရိသတ်များက အလန့်တကြား ဟစ်ကြွေးလိုက်ကြတော့သည်။
“အား အား အား အစ်ကိုကြီးက တအားကိုချောမောခန့်ညားတာပဲ လွှမ်းမိုးခြယ်လှယ်တတ်တဲ့ ဥက္ကဌ သက်ရှိ ဗားရှင်း ဖြစ်ထိုက်ပါပေတယ် ...”
“အစ်ကိုကြီး မောင်းနေတဲ့ကားက ဘာတံဆိပ်လဲ စတီယာတိုင်ပေါ်က တံဆိပ်ကို တစ်ခါမှ မမြင်ဖူးလို့ Bentley လား ...”
“အရူးကောင် အဲဒါ Brabus ကွ ခရီးဝေးသွားတဲ့နေရာမှာပါ သုံးလို့ရတဲ့အထိ ကြောက်ခမန်းလိလိကို ကောင်းတာလေ ပုံစံကတင် အရမ်းမိုက်တာ မဟုတ်ဘူးနော် လုပ်ဆောင်ချက်ကလည်း ထိပ်တန်းပဲ ဒီလိုကားမျိုးဆိုတာ တကယ့် အမျိုးကောင်းသားတွေပဲ မောင်းနိုင်တာ ဈေးကလည်း အနည်းဆုံး ခြောက်သန်းပဲ အစ်ကိုကြီးက အရမ်းကို ချမ်းသာတာ ပဲ မျက်လုံးထဲမှာက်ို တဖျတ်ဖျတ်လက်နေပြီ ...”
“နေကြပါဉီး ထောင်ကောကို(ကျိမြန် ဇာတ်ကောင် လင်ထောင်) မေ့နေကြပြီလား ထောင်ကောနဲ့ ရိုက်ထားတာတွေ ရှိရင်လည်း ထုတ်ပြကြပါဦး ..."
“ငါတို့လည်း ထောင်ကောကို လိုချင်တယ် ရှောင်ရှုမြောင်ရေ အချိုလေးတွေ ကျွေးပါဦး ...”
“သခင်လေးနဲ့ ထောင်ကောဆီကနေ ခွေးစာ မစားရမချင်း ဒီနေ့ လိုင်းပေါ်က မဆင်းဘူး @ ကျိမြန် ရေ ညီငယ်လေးက တစ်ခြားသူတွေနဲ့ ချစ်ခြင်းမေတ္တာတွေ ထုတ်ပြကုန်ပြီနော် သေချာဂရုစိုက်ပါဦး ...”
“ရှောင်ရှုမြောင်အတွက် သီချင်းလေးတစ်ပုဒ်လောက် တောင်းပေးချင်ပါတယ် : မင်းဘေးနားက ယောကျ်ားတွေအကုန် ညီအစ်ကိုတွေပဲလား သူ့အသဲလည်းကွဲ ငါ့အသဲလည်းကွဲ မင်းက ဝမ်းနည်းမှုတွေအားလုံးကို စုဆောင်းနေတဲ့သူလား တစ်ချိန်တစ်ခါက ပျော်ရွှင်ခဲ့ဖူးတဲ့ ယောကျ်ားတွေအားလုံး မင်းနဲ့ တွေ့တဲ့အခါ ဝမ်းနည်းရတဲ့ ညီအစ်ကိုတွေ ဖြစ်သွားရ တော့မှာလား သူလည်း ယစ်မြူး ငါလည်း ပျော်ဝင်နေပြီ ဒါတွေအားလုံးက မင်းပိုင်ဆိုင်ထားတဲ့ ရီဝေယစ်မူးခြင်းတွေပဲ ..."
ထိုမှတ်ချက်မှာ သရော်လှောင်ပြောင်သည့် မှတ်ချက်တို့ဖြင့် ပြည့်နှက်သွားတော့သည်။
“ကျဲမေ့ရေ သီချင်းဆိုနေတာကို ရပ်လိုက်ပါတော့ နင့်အသက်ကိုပါ ထုတ်ပြောသလို ဖြစ်နေပြီ ...”
“ဟား ဟား ဟား ဟား ငါလည်း မဆိုဘဲ မနေနိုင်ဘူး # မျက်နှာကို အုပ်တဲ့စတစ်ကာ # …”
“...”
အင်တာနက်သုံးစွဲသူများ၏ မှတ်ချက်မှာ တစ်စထက်တစ်စ ပိုပြီး ရယ်ရွှင်ဖွယ် ကောင်းလာသည့်အတွက် ရှောင်ကျားရှုပင် လျှင် ရယ်ရလွန်း၍ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျကာ “မင်းမှာ ညီမလေးတွေ ဘယ်လောက်တောင် ရှိနေတာလဲ” ဟူသည့် မူရင်းသီချင်းကိုပင် နားထောင်ရန် ရှာကြည့်လိုက်မိတော့သည်။
ထိုအချိန်တွင် ရှောင်ကျားရှု၏ weibo ကို ဝင်ကြည့်နေမိသည့် ကျိမြန်၏ အပြုံးတို့မှာလည်း အစမှ အဆုံးအထိ မှိန်ဖျော့ သွားခြင်း အလျဉ်းမရှိ။ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ကာ ရေပူစမ်းဘေးတွင် ကြက်ဉ အပြန်အလှန် ခွံ့ကျွေးနေသည့်ပုံကို ရွေးကာ “ငါ့ညီလေး” ဟု ရေးလျက် တင်မည်ပြုလိုက်သော်လည်း အချိန်မီပင် ရပ်တန့်လိုက်သည်။
သူ တုန့်ဆိုင်းနေစဉ်မှာပင် ရှောင်ကျားရှုထံမှ ပို့စ်အသစ်တစ်ခု တက်လာပြန်သည်။ တင်ထားသည့် ဓာတ်ပုံမှာ သူတင်ရန် ရွေးထားသည့်ပုံပင် ဖြစ်ကာ စကားလုံးသုံးလုံးကိုပါ တစ်ပါတည်း ရေးသားထားသေးသည်။ “ငါ့ထောင်ကော” ပုံထဲရှိ သူ့အပြုံးမှာ အနည်းငယ် ရူးကြောင်ကြောင်နိုင်ကာ စိုစွတ်နေသည့် မျက်ဝန်းတို့တွင် နွေးထွေးမှုများ ရစ်သိုင်းနေသည်။
ကျိမြန်၏ လက်ထိပ်ဖျားတို့က မျက်ခုံးနှစ်ခုကြားတွင် အတော်ကြာ ရစ်ဝဲနေကာ အသိပြန်ဝင်လာကာမှ လက်ကို ကမန်းကတမ်း ပြန်ရုတ်သိမ်းလိုက်သည်။
ဆုတောင်းပြည့်သွားရှာသည့် ပရိသတ်တို့ကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ထိုပုံကို နှစ်သက်သူ ထောင်ဂဏန်းအထိ ရှိလာကာ အချို့က အူမြူးစွာဖြင့် လူးလိမ့်နေကြပြီး စခရင်ကို လျက်၍ သက်ပြင်းချနေသူများလည်း အများအပြားပင်။
“ငါသိနေတယ် တရားဝင်ကျွေးတဲ့ သကြားကမှ အချိုဆုံးဆိုတာကို ငါ့သွားတော့ သွားပိုးပေါက်တွေတောင် ဖြစ်ကုန်ပြီ ထင်တယ် ...”
“ဘယ်မှာလဲ ရေပူစမ်းကို အတူတူ စိမ်နေကြတာလား ဒါက ကိစ္စကြီးနော် ...”
“အစ်ကိုကြီး ခွံ့ကျွေး တဲ့ ကြက်ဥက တကယ်ကို အရသာရှိတာပဲလား အတူတူ ရှိနေပေးကြနော် ကွဲသွားလို့ကတော့ ငါ ချက်ခြင်း အနက်ရောင်ဖန် လုပ်ပြီး ဓားတွေ ပို့ပစ်မှာ #မီးဖိုချောင်သုံးဓားကို ကိုင်ပြီး နတ်ဆိုးဆန်ဆန် ပြုံးပြနေတဲ့ စတစ်ကာ# …”
CP ဖန်များမှာ များစွာ ကျေနပ်သွားကြကာ မားမားဖန်များကမူ ၎င်းကိုကြည့်ကာ ဝမ်းသာနေကြသည်။ သူတို့နှစ်ဦးမှာ ရိုးရိုးသားသား ညီအစ်ကိုကောင်းများ ဖြစ်သည်ဟု ယုံကြည်ကြသူဟူ၍ ချစ်သူမိန်းကလေးဖန်များသာ ရှိကြသည်။ “တမန်တော်” ကို ရုံတင်နေဆဲ ဖြစ်သည့်အတွက် ပရိုမိုးရှင်းဆင်းရန် အလို့ငှာ ဓာတ်ပုံအများအပြား ထပ်မံထွက်ပေါ်လာ တော့သည်။
ကျိမြန်က ခပ်ဟဟ ရယ်မောကာ ယခင်တည်းဖြတ်ထားသည့် ပို့စ်ကို ဖျက်လျက် “ငါ့ညီလေး” ဟု ခေါင်းစဉ်တပ်ကာ gif တစ်ခုကိုသာ ထပ်ထည့်လိုက်သည်။
၎င်းမှာ ရုံတင်သည့်နေ့တွင် ရိုက်ကူးထားခဲ့ခြင်း ဖြစ်သည်။ သူက ရှောင်ကျားရှု၏ မျက်ရည်များကို ကူသုတ်ပေးကာ နီရဲ နေသည့် ပါးနှစ်ဖက်ကို ခပ်ဖွဖွ ပုတ်နေပုံဖြစ်သည်။ လှုပ်ရှားမှုအားလုံးမှာ လွန်စွာ သိမ်မွေ့လှသည့်အပြင် တုန်နေအောင် ချစ်ကြောင်းလည်း သိသာနေပေသည်။ ညာဘက်ထောင့်စွန်းနားတွင်လည်း စာတန်းတစ်ခု ပါရှိနေသေးသည်။
[ပေါင်ပေါင်လေး မငိုပါနဲ့]
ထိုသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်များမှာ အချိုလွန်၍ သေရပါတော့မည်ဟု သံပြိုင်အော်ဟစ်လိုက် ကြတော့သည်။ ထိုစတစ်ကာကို တစ်ခါမှ မမြင်ဖူး၍ မည်သည့်နေရာမှ ဒေါင်းလုဒ်ဆွဲရမလဲဟု မေးသူများလည်း အများအပြားပင်။ သူတို့အနေဖြင့် မြင်ဖူးစရာလည်းမရှိ၊ စာသားအပါအဝင် စတစ်ကာတစ်ခုလုံးကို ကျိမြန်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။
အဆက်မပြတ် အသံမြည်နေသည့်အတွက် ဖုန်းဖွင့်ကြည့်လိုက်သော ဖန်ခွင်းမှာ CPဖန် အရေအတွက် အဆမတန် တိုးများလာပြန်ကြောင်း တွေ့လိုက်ရသည့်အတွက် ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်တော့သည်။
“ကျိကောရေ နည်းနည်းပါးပါးလောက်လည်း စိတ်လျော့ပါဦး ယောကျ်ားလေးနှစ်ယောက်ကြားက CP က သိပ်ပြီး လူကြိုက်မများနိုင်ဘူးလေ ...”
“လူကြိုက်များအောင် လုပ်တာ မဟုတ်ဘူး ဒီတိုင်း အပျော်သက်သက်ပဲ ...”
ဖုန်းကို ပိတ်လိုက်တော့မည့်အချိန်မှာပင် ရှောင်တင်းပန်းကပါ ပို့စ်တင်လာကြောင်း တွေ့လိုက်ရသည်။ သူနှင့် ရှောင်ကျားရှုတို့ အတူတူ ညစာစားနေသည့်ပုံကို “ငါ့ညီလေး” ဟူသည့် ခေါင်းစဉ်ဖြင့် တွဲကာ တင်လာသည်။ “အရင်းအချာ” ဟူသည့် စကားလုံးကို ထပ်ထည့်ထားရာ ပမာမခန့်ပြုလိုသည့် အရိပ်အယောင်မှန်း လွန်စွာ သိသာလှပေ သည်။
ကျိမြန်မှာ စိတ်ကို ထိန်းချုပ်ထား၍ မရတော့။ လက်သီးဆုပ်ကို ပါးစပ်နားတေ့လျက် အားရပါးရ အော်ဟစ်ရယ်မောလိုက် တော့သည်။
ရှောင်ကျားရှုက တအားကို ရိုးသားနေတာ မထူးဆန်းတော့ပါဘူး သူ့မျိုးရိုးကကို ဒီလိုဖြစ်နေတာကိုး ...
ပရိသတ်များမှာလည်း အလွန် သဘောတွေ့သွားကြကာ “hahahaha” ဟူ၍ အများအပြား မှတ်ချက်ရေးလိုက်ကြတော့ သည်။
သိလား ရှောင်တင်းပန်းက တအားကို အေးစက်တာကွ ကုမ္ပဏီကိစ္စကလွဲလို့ ဘာကိုယ်ရေးကိုယ်တာကိုမှ ပို့စ်မတင်ဖူး ဘူး အခုကျ ရှာလကာရည်အိုးလိုက် မှောက်ကျပြီး ပြန်တိုက်ခိုက်နေပြီ ဒီညီအစ်ကိုနှစ်ယောက်က တကယ်ကို ဆက်ဆံ ရေး ကောင်းတာထင်တယ် ...
မူလမူ ရှောင်ကျားရှုသည် နတ်ဘုရားကျိကို မှီခိုကာ သူ့ကျော်ကြားမှုကို အသုံးချသည်ဟု စွပ်စွဲသူများ ရှိနေသေးသော်ငြား အင်အားတောင့်တင်းလှသည့် နောက်ခံကြီး ရှောင်တင်းပန်းကို တွေ့လိုက်ရသည့်အခါတွင်တော့ စကားတစ်ခွန်းမှ မပြော ရဲတော့။
ရှောင်ကျားရှုရဲ့ နောက်ခံနဲ့ဆို သူများရဲ့ ကျော်ကြားမှုကို အသုံးချစရာ လိုတယ်များ ထင်နေကြလား ...
ဘလော့ဂ်လေးခုမှ ဆက်တိုက် တစ်ခုပြီးတစ်ခု တင်လိုက်ကြကာ ဆင်တူရိုးမှား ပို့စ်များမှာ ရိုးရှင်းသည့်တိုင် အချက်အလက် အမြောက်အများ ပါဝင်သည့်အပြင် ရယ်ရွှင်ဖွယ်လည်း ကောင်းသည့်အတွက် #တိုက်ခိုက်နေသော အစ်ကိုကြီးနှစ်ဦး # ဟူသည့် ခေါင်းစဉ်ဖြင့် hot search သို့ ရောက်သွားတော့သည်။
ဖန်ခွင်းက ၎င်းကိုကြည့်ရင်း လက်လျော့ဟန်ဖြင့်သာ ပြောလိုက်တော့သည်။
“မင်းပြောသလိုပဲ သွားကြတာပေါ့ သက်ရှိရတနာလေး ရှောင်ကျားရှုနဲ့ ပတ်သက်ပြီး ဘာမှမှ မလုပ်နိုင်တာကို ..."
သူ့ဘဝတစ်လျောက် အနုပညာလောက၏ ရှုပ်ထွေးပွေလီမှု အဖုံဖုံကို ကြုံတွေ့ဖူးသည့်တိုင် ရှောင်ကျားရှုကဲ့သို့ ရိုးသားသူ များမှာမူ လက်တစ်ဆုပ်စာပင် မရှိချေ။
တစ်ပတ်ခန့်အကြာတွင် ချန်းယွဲ့ ရေပူစမ်းအပန်းဖြေစခန်း၏ ကြော်ငြာများကို အကျယ်တဝံ့ ဖြန့်ချီလိုက်တော့သည်။ ရှောင်ကျားရှုနှင့် ကျိမြန်တို့၏ ဓာတ်ပုံများကို လေဆိပ်၊ ဈေးဝယ်စင်တာနှင့် မိုးမျှော်တိုက်တို့၏ ကြော်ငြာချိတ်ဆွဲရာ နေရာများတွင် ချိတ်ဆွဲပြသထားသည်။ နှစ်ဦးလုံးမှာ အနောက်တိုင်းဝတ်စုံကိုသာမက ထသွားထလာ အဝတ်အစား၊ အားကစားဝတ်စုံနှင့် ရေချိုးဝတ်ရုံတို့ကိုပင် ဝတ်ဆင်ထားကြပြီး အပြန်အလှန် နားလည်သဘောပေါက်နိုင်ပုံမှာလည်း များစွာ သဘာဝကျလှသည်။ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေသည့် အကြည့်တို့တွင် နွေးထွေးမှုတို့ ရစ်သိုင်း နေရာ မြင်သူအပေါင်းမှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ပြုံးရယ်မိသွားတော့သည်။
ထိုအခါမှသာ ပရိသတ်များလည်း သူတို့တင်ခဲ့သည့် ဓာတ်ပုံများမှာ နှစ်ဦးတည်း သီးသန့်ခရီးသွားကြခြင်း မဟုတ်ဘဲ အလုပ်ကိစ္စဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
အရမ်းကို ဝုန်းဒိုင်းကြီး အရူးလုပ်ခံလိုက်ရတာပဲ ဒါပေမယ့် ဒီနှစ်ယောက်က တော်တော်လေး တွဲဖက်ညီတယ်ဆိုတာကို တော့ ဝန်ခံရမယ် တစ်ယောက်က ရင့်ကျက်ထိန်းချုပ်တတ်ပြီးတော့ ယုံကြည်ချက်အပြည့်နဲ့ သန်မာတယ် နောက်တစ် ယောက်က ငယ်ရွယ်တက်ကြွပြီးတော့ ဉာဏ်နီဉာဏ်နက်များတယ် မိသားစုလို့ပဲ ပြောမလား သူငယ်ချင်းလို့ ပြောမလား ဒါမှမဟုတ် ချစ်သူရည်းစားတွေလို့ ပြောမယ်ဆိုရင်တောင် လိုက်ဖက်ညီနေတုန်းပဲ ...
ထိုကြော်ငြာမှာလည်း ကြီးကြီးမားမား အောင်မြင်သွားသည့်အတွက် ရှောင်ကျားရှု၏ ကျော်ကြားမှုအဟုန် တစ်ဖန် တိုးမြင့်လာပြန်သည်။ သူသာ အရည်အသွေး မြင့်မားရုံသာမက နာမည်ကြီးသည့် ရုပ်ရှင်တွင် ထပ်မံပါဝင်နိုင်ပါလျှင် ချက်ခြင်း ဒုတိယအဆင့် အနုပညာရှင်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
ဟွမ်မိန်ရွှမ်က သူ့ကို ၂၆ လွှာသို့ ခေါ်လာကာ အလေးအနက် မေးလိုက်၏။
“The Zerg Wars ရဲ့ တတိယပိုင်းမှာ ပါဝင်ချင်လား ...”
“The Zerg Wars ဆိုတာ CROWN Universal Pictures က ထုတ်မယ့်ရုပ်ရှင် မဟုတ်လား ...”
ပျင်းရိလေးတွဲ့နေသည့် ရှောင်ကျားရှုက ချက်ခြင်း မတ်တပ်ထရပ်ကာ တဖိတ်ဖိတ်တောက်နေသော မျက်ဝန်းတို့ဖြင့် မေးလိုက်သည်။
“ဟုတ်တယ် အဲဒါက တရုတ်နဲ့ အမေရိကန် ဖက်စပ်ပူးပေါင်းထားတာလေ သိလား တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသူက ကျိမြန်တဲ့ ရှေ့မှာ ရိုက်ခဲ့တဲ့နှစ်ကားရဲ့ ရုံဝင်ကြေးကတောင် တော်တော်မိုက်တာ တတိယကားဆို ပိုပြီးနာမည်ကြီးမှာ သေချာတယ် ငါကြားတာတော့ သူတို့က အရှေ့တိုင်းသားတစ်ယောက်ကို ထပ်ထည့်မလို့တဲ့ အဲဒီဇာတ်ကောင်က ဇာတ်လိုက်နေရာနဲ့တောင် ယှဉ်လို့ရတယ်လို့ ကြားတယ် လိုချင်ရင် ကျိမြန်ဆီသွားပြီး တောင်းဆို သူ့ရှေ့မှာဆို ငါ့မျက်နှာ က မင်းလောက် မကြီးဘူးဆိုတော့ ငါပြောပေးလည်း အလကားပဲ ပြောပြမယ်နော် သူဌေးလက်သစ်တွေရဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေကို အတုမယူနဲ့ နာမည်ကြီးချင်ရင် ကိုယ်တိုင် တိုက်ယူမှရမှာ တစ်ခြားသူတွေက မင်းကို ရွေးချယ်မှာကိုပဲ စောင့်မနေနဲ့ ...”
ထိုသို့ပြောရင်း ဟွမ်မိန်ရွှမ်မှာ အနည်းငယ် မွန်းကြပ်သွားကာ နဖူးကိုသာ တိတ်တဆိတ် ဖိနှိပ်နေလိုက်တော့သည်။
စိတ်လှုပ်ရှားနေသည့် ရှောင်ကျားရှုကမူ အိတ်ကပ်ထဲရှိ ခေါင်းဘီးကိုထုတ်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးသင်ရင်း မှန်သဖွယ် တဖိတ်ဖိတ်လက်နေသည့် ဓာတ်လှေကားနံရံကို စိုက်ကြည့်နေလိုက်သည်။ သူ့ရုပ်ရည်တွင် တစ်စုံတစ်ရာ ချို့ယွင်းသွားမည်ကို စိုးရိမ်နေသည့်ဟန်။
“The Zerg Wars ကို ရိုက်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ ..."
သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ရိုက်ကူးပြီးစီးသည့်နှစ်ခုအနက် တစ်ခုမှာ ကမ္ဘာမြေကို ကပ်ပါးကောင်တို့ လာရောက်ဖျက်ဆီးကြပုံကို ရိုက်ကူးထားသည့် “ကမ္ဘာမြေပေါ်မှ ထွက်ပြေးလွတ်မြောက်ခြင်း” ဖြစ်သည်။ အသက်ရှင်ကျန်ရစ်ခဲ့သည့် လူသားတို့မှာ ခုခံခြင်းငှာ မစွမ်းသာ ၍ အာကာသထဲသို့ ထွက်ပြေးလာခဲ့ကြရတော့သည်။ ဒုတိယပိုင်းမှာ ထိုကပ်ပါးကောင်များသည် သက်ရှိအားလုံးအတွက် သဘာဝက ပေးသော ရန်သူဖြစ်ကြောင်း သိလိုက်ရသည့် လူသားတို့ နဂါးငွေ့တန်းမှ ထွက်ပြေးလာသည့်အကြောင်း ရိုက်ကူးထားသော “နဂါးငွေ့တန်းကို စွန့်ခွါခြင်း” ဖြစ်သည်။ ဂြိုဟ်ပေါင်းများစွာတွင် ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီးနောက် တွင်တော့ နေရပ်စွန့်ခွါခဲ့ရသော ဉာဏ်ရည်မြင့်မျိုးနွယ်စုအားလုံး ပေါင်းစုကာ အသက်ရှင်ရန် ကြိုးစားခဲ့ကြတော့သည်။ ဒုတိယအပိုင်း အဆုံးနားတွင် Tark ဂြိုဟ်ရှိ အနာဂတ်ကို ခန့်မှန်းနိုင်သော နောက်ဆုံး အကြီးအကဲက မသေဆုံးမီ စကား တစ်ခွန်း မှာကြားခဲ့သည်။ “စကြဝဠာတစ်ခုလုံးရဲ့ မျှော်လင့်ချက်က ကမ္ဘာမြေပေါ်မှာ”
ဤသို့ဖြင့် ကမ္ဘာမြေသို့ ပြန်လာမည့် တတိယရုပ်ရှင် ရိုက်ကူးရန် ဖြစ်ပေါ်လာခဲ့တော့သည်။ ဇာတ်ကြောင်းကိုမူ လျှို့ဝှက် ထားဆဲဖြစ်ပြီး ပါဝင်မည့် သရုပ်ဆောင်အနေဖြင့် အသက် ၂၅ နှစ်အောက် အရှေ့တိုင်းသား အမျိုးသားဖြစ်ရမည်ဟူသည့် လိုအပ်ချက်သုံးခုနှင့် ကိုက်ညီရမည်ဖြစ်သည်။
ထိုရုပ်ရှင်များမှာ စတင်ရုံတင်ကတည်းက ရုံဝင်ကြေးစုစုပေါင်း ၅.၀၃ ဘီလီယံကို ပိုင်ဆိုင်ခဲ့သည့်အပြင် တတိယရုပ်ရှင်ကို သုံးနှစ်ကျော် အချိန်ယူကာ ပြင်ဆင်ခဲ့သည့်အတွက် အများ၏ အာရုံစိုက်မှုက်ိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ရှောင်ကျားရှုသည် ရုပ်ရှင်လက်မှတ် ဝယ်ယူနိုင်ရန် အလို့ငှာ အရောင်းဌာနရှေ့တွင် ညအိပ်ရင်းပင် စောင့်ခဲ့သည်အထိ စိတ်အားထက်သန်လှသော ပရိသတ်ဖြစ်သည့်အတွက် တတိယရုပ်ရှင်တွင် ပါဝင်နိုင်မည့် အခွင့်အရေးနှင့် ကြုံလာချိန်တွင် အကောင်းဆုံး မကြိုးစားစရာအကြောင်း မရှိပေ။
ဆံပင်တို့ကို သပ်တင်ကာ အဆင်သင့်ဖြစ်ပြီဆိုကာမှ ကျိမြန်၏ ရုံးခန်းထဲသို့ ဟန်ပါပါ ဝင်သွားလိုက်တော့သည်။
“မင်းလည်း ရောက်လာတာလား ဒီမှာ ထိုင်ဦး ...”
ရှောင်ကျားရှုမှာ လင်းလဲ့ယန်နှင့် ယဲ့ရှီတို့ကိုပါ တွေ့လိုက်ရသည့်အတွက် အနည်းငယ် မင်သက်သွားတော့သည်။ နှစ်ဦးလုံးမှာ ကျိမြန်၏ ကုမ္ပဏီမှဖြစ်ကာ လက်ရှိတွင် နာမည်ကျော်ကြား လူကြိုက်များနေသူများ ဖြစ်ပေသည်။
Xxxxxxx