အပိုင်း ၈၁
Viewers 57k

Chapter 81


လီကျားအာသည် ဟဲရီ၏ ညီညီမများဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုအချိန်က အမျိုးမျိုးသော သတင်းများ ပျံ့နှံ့လာကာ သူမ၏ မိဘများပါ အဖော်ထုတ်ခံလိုက်ရတော့သည်။ လူတိုင်းက ထိုမိသားစုတစ်ခုလုံး၏ အကျည်းတန်မှုကို မျက်ဝါးထင်ထင် တွေ့ကြုံပြီးဖြစ်၍ ရှောင်ကျားရှု၏ စကားများကို တစ်ဖက်စောင်းနင်းဆန်လွန်းသည်ဟု မမြင်ကြ။ 


နင်က စာချုပ်ကို ဖျက်လိုက်တယ် ဟုတ်လား ဒါဆို ငါယူရိုက်မယ် နာမည်ကြီးလာမှ နောင်တမရနဲ့ ... 


လီကျားအာ၏ အနုပညာလမ်းကြောင်းမှာ အစောကြီးကတည်းကပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ 


သူမ ငြင်းခဲ့တဲ့ ရိုက်ကွင်းက အခု နာမည်ကြီးနေပြီးတော့ ဒီဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မင်းသမီးကလည်း အဆင့် ၁၈ ကနေ B အဆင့်အထိ ခုန်တက်သွားနိုင်တာ ဘယ်လိုလုပ် နောင်တမရဘဲ နေမလဲ နောင်တရလွန်းလို့ သွားဖုံးတွေတောင် ညိုမဲနေလောက်ပြီ သူမသာ ကျိမြန်ရဲ့ ကြင်နာမှုကို ပြန်ပြီး ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ ဒီဇာတ်ကားကို ရိုက်ဖို့ သဘောတူလိုက်ရင် အခုအချိန်လောက်ဆို အခြေအနေက တစ်မျိုးဖြစ်ချင် ဖြစ်နေဦးမှာ အခုတော့ အားလုံး နောက်ကျသွားပြီ ... 


လီကျားအာ၏ သနားစဖွယ် အခြေအနေကို သတိရသွားသည့် ပရိသတ်များက စိတ်သက်သာရာ ရဟန်ဖြင့် အားရပါးရ အော်ဟစ်အားပေးလိုက်ကြတော့သည်။ 


တင်ဆက်သူက စနောက်လိုက်သည်။ 


"ရှောင်ရှုမြောင်မှာလည်း ဒီလိုမျိုး လွှမ်းမိုးနိုင်တဲ့ ဥက္ကဌပုံရိပ်မျိုး ရှိနေ‌တာပဲ ဒီဟာက မင်းအစ်ကိုရဲ့ ဝိသေသလက္ခဏာလို့ပဲ ထင်ထားခဲ့တာကို ကြည့်ရတာ "ဒီနေ့ ငါ့ကို လျစ်လျူရှုထားတဲ့သူတွေ မနက်ဖြန် နေထွက်တာကို မမြင်ရအောင် လုပ်ပစ်မယ်" ဆိုတာလိုပေါ့ ဒီလောကထဲမှာ ကျင်လည်မယ်ဆို လမ်းကြောင်းမှန်ကို ရွေး၊ ကောင်းတာတွေ လုပ်ပြီးတော့ ကိုယ့်ရှေ့မှာ ရှိတဲ့ အခွင့်အရေးကို ကောင်းကောင်း တန်ဖိုးထားမှ ရမှာ ..." 


ရှောင်ကျားရှုက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မျက်နှာမှာ ခံစားချက်တို့ဖြင့် ပြည့်နှက်နေ၏။ 


တစ်ချိန်တည်းမှာပင် သွေးရောင်ပြန်လွှမ်းလာကာစ လင်းလဲ့ယန်၏ မျက်နှာမှာ တစ်ဖန် ဖြူလျော်သွားပြန်တော့သည်။ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" နှင့် "သွေးအေးမင်းသား၏ မိန်းမပျို" မှာ အလွန် နာမည်ကြီးလွန်း၍ သူ့အနေဖြင့် မမြင်ချင်‌ယောင် ဆောင်ထား၍ပင် မရချေ။ 


သူ ကြားထဲကနေ ဝင်ဖျက်လိုက်လို့ ကျိကောက မရင်းနှီးခဲ့တော့တာ အခု ရှောင်ကျားရှုက ဝင်ငွေတွေ အများကြီး ရသွားပြီ ကျိကောကရော ဘာရလိုက်လဲ ဘာတစ်ခုမှ မရလိုက်ဘူး ပြီးတော့ စတူဒီယိုကလည်း ဒီရင်းနှီးမြှုပ်နှံမှုက သေချာပေါက် ဆုံးရှုံးရမှာလို့ တစ်ဆင့်ပြန်အကြံပေးခဲ့တဲ့ ဖန်ခွင်းကိုပါ မကျေမနပ် ဖြစ်နေပြီ ... 


ထိုအကြောင်းကို တွေးမိလေတိုင်း သို့မဟုတ် နာမည်ကျော်ကြား အကျိုးအမြတ်များသည့် ထိုဇာတ်ကားနှစ်ခုအကြောင်း သတင်းကြားရလေတိုင်း လင်းလဲ့ယန်မှာ အချိန်ခရီးသွားကာ သူ့ခေါင်းကို ရိုက်ခွဲ၍ အထဲတွင် ရွှံ့များ ပိတ်ဆို့နေသလားဟု ကြည့်လိုက်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ 


မင်းက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဝင်ဖျက်ပစ်မှတော့ ကျိကောက သေချာပေါက် စိတ်ပျက်သွားရောပေါ့ ဒီ့ထက်ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ ရှိဦးမှာတဲ့လား အခုဆို မင်းက သူ့နှလုံးသားထဲမှာ ဟာသတစ်ခုထက် မပိုတော့ဘူး တစ်ခါတစ်လေဆို ဒီလိုတောင် တွေးချင်တွေးနေဦးမှာ "တော်သေးတယ် လင်းလဲ့ယန်နဲ့ လမ်းခွဲလိုက်မိလို့ မဟုတ်ရင် သေချာပေါက် ချောက်ထဲ ကျတော့မှာ" ဆိုပြီးတော့ ... 


လင်းလဲ့ယန်မှာ တွေးလေလေ ပိုပြီး ထိတ်လန့်လာမိတော့သည်။ ခေါင်းပင် မဖော်ရဲတော့သည့်အတွက် ထိုအကြောင်းအရာကို အမြန်ဆုံး စကားစဖြတ်နိုင်ရန်သာ တိတ်တဆိတ် ဆုတောင်းနေလိုက်တော့သည်။ 


သို့သော် Murphy ၏ ဥပဒေသက အချိန်ကိုက် ဖြစ်ပေါ်လာပြန်သည်။ တစ်စုံတစ်ခုကို သတိရသွားသည့် ရှစ်ထင်းဟန်က ချက်ခြင်း ဝင်ပြောလိုက်သည်။ 


"ဟေး ငါမှတ်မိသလောက်ဆို အဲဒီ့အချိန်တုန်းက ကျိလောင်ရှီးပါ ဒီဇာတ်ကားနှစ်ကားမှာ ရင်းနှီးမြှုပ်နှံမလို့ မဟုတ်ဘူးလား ချက်လက်မှတ်တောင် ထုတ်ပေးတော့မလို့ကို ဘာလို့ ဆက်မလုပ်ခဲ့တာလဲ ..." 


ရှောင်ကျားရှုက ရှင်းပြမည် ပြင်စဉ်မှာပင် ကျိမြန်၏ ခပ်ဖျော့ဖျော့အပြုံးကို တွေ့လိုက်ရသည်။ 


"နည်းနည်းလောက် တုန့်ဆိုင်းသွားမိတာ ရှေ့ဆက်ပြီးလည်း မတိုးရဲခဲ့ဘူးလေ အခုတော့ တုန့်ဆိုင်းခဲ့မိတဲ့ ငါ့လက်တွေကိုတောင် နုတ်နုတ်စင်းပစ်ချင်နေပြီ ..." 


ကြည့်ရှုသူများက အံ့ဩတကြီး ရယ်မောလိုက်ကြပြန်သည်။


"ရွှေလက်ပိုင်ရှင် နတ်ဘုရားကျိကလည်း ဒီလိုမျိုး အတွက်အချက် မှားသွားလိမ့်မယ်လို့ ထင်ကို ထင်မထားခဲ့ဖူးဘူး သူ့အတွက် ဝမ်းနည်းသင့်တယ်ဆိုပေမယ့် ဘာလို့ တအားအူမြူးနေမိတာလဲ မသိဘူး နိုး နိုး နိုး ငါ ပီတိတဖွားဖွား ဖြစ်နေလို့ မရဘူးလေ " 


ထိုသို့ မှတ်ချက်ပြုလိုက်သည့် အင်တာနက်သုံးစွဲသူတစ်ဦးကြောင့် ကြည့်ရှုသူအားလုံး မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ကြရပြန်သည်။ 


ကျိမြန်ကလည်း စခရင်ကို လှမ်းကြည့်ရင်း အလွန်ဝမ်းနည်းနေဟန်ဖြင့် နဖူးကို ကိုင်လျက် သက်ပြင်းချလိုက်သည်။ ယနေ့ ကင်မရာရှေ့ရှိ သူ့ပုံစံမှာ အလွန်နှစ်လိုဖွယ် ကောင်းလှသည့်အပြင် စကားများမှာလည်း အခြေအမြစ် ရှိလှသည့်အတွက် ဖြတ်လျှောက်များပင်လျှင် သူ့ပရိသတ် ဖြစ်ကုန်ကြတော့သည်။ နတ်ဘုရားကျိမှာ သူတို့ ထင်ထားသလို မြင့်မားအေးစက်ခြင်း မရှိ၊ သာမန်သူများကဲ့သို့ပင် ဆုံးရှုံးမှုနှင့် ရှက်ရွံ့မှုများ ရှိနေဆဲဖြစ်သည်ဟု အမြင်ပြောင်းလဲသွားကြတော့သည်။ 


ကျိမြန်က အားလုံး ရယ်မောပြီးသည်အထိ စောင့်ပြီးကာမှ ရှောင်ကျားရှု၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ 


"နောက်တစ်ခေါက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီအစ်ကိုကြီးကို ဂရုစိုက်ပေးဖို့ သတိရဦး ..." 


ရှောင်ကျားရှုက အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကျိကော မပူပါနဲ့ ကျွန်တော် စွတ်ပြုတ်သောက်တဲ့အချိန်မှာ ကော အသားစားနိုင်အောင် လုပ်ပေးပါ့မယ် ..." 


အစီအစဉ် တင်ဆက်သူက သူ့အမှားကို ချက်ခြင်း ထောက်ပြလိုက်သည်။ 


"ဟေး မင်း အသားစားနေတဲ့အချိန်မှာ ကျိကောက စွတ်ပြုတ်သောက်ရမှာ မဟုတ်ဘူးလား လျှာလိပ်သွားတာလား ဒါမှမဟုတ် ဦးနှောက်သေနေတဲ့ ပရိသတ်ဖြစ်နေလို့ မတော်တဆ ပြောလိုက်မိတာလား ..." 


ရှောင်ကျားရှုမှာ ပါးနှစ်ဖက်လုံး နီရဲလာပြီး အတော်ကြာသည်အထိ စကားမပြောနိုင်တော့။ သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့ တစ်ခါမှ ဖော်ထုတ်မခံရဖူးချေ။ 


ပရိသတ်များက တသောသော ရယ်မောလိုက်ကြပြန်သည်။ 


နတ်ဘုရားကျိရဲ့ အသားတုံးကို လုစားရမယ့်အစား အသေပဲ ခံလိုက်မယ်ဆိုတာကမှ ဦးနှောက်သေနေတဲ့ ပရိသတ်တွေရဲ့ ခံယူချက် အစစ်အမှန်ပဲ ... 


စခရင်တစ်ခုလုံး "hahahaha" ဟူသည့် မှတ်ချက်များက ဖုံးလွှမ်းသွားကာ ကျိမြန်၏ တစ်နိုင်ငံလုံးဆိုင်ရာ ဖန်ကလပ်ကပါ သွေးနီရောင် စာလုံးကြီးများပါ စာတန်းတစ်ခု ပေးပို့လိုက်သည်။ 


"အိုကေ အိုကေ ရှောင်ရှုမြောင်ရဲ့ စိတ်အားထက်သန်မှုတွေကြောင့် သူ့ကို ဧကရီအဖြစ် သရဖူဆောင်းပေးလိုက်ပြီ ဘယ်သူမှ သူ့ဆီကနေ မခိုးကြနဲ့နော် " 


"မခိုးရဲပါဘူး လုံးဝ လုံးဝကို မခိုးရဲပါဘူး" 


"ခိုးချင်ရင်တောင် ခိုးလို့ မရပါဘူးနော် ဧကရီလေးက သရုပ်လည်းဆောင်နိုင်တယ် ငွေလည်း ရှာနိုင်တယ် ရုပ်ကလေးကလည်း ကြည့်လို့ကောင်းနေသေးတယ်" 


"..." 


သရဖူလေးများက ရှောင်ကျားရှုကို အမျိုးမျိုးအဖုံဖုံ စနောက်ကျီစယ်လိုက်ကြသည့်အတွက် လေထုတစ်ခုလုံး တစ်ဖန် လှုပ်ရှားသက်ဝင်လာပြန်တော့သည်။ 


ရှောင်ကျားရှုမှာ အလွန် ရှက်ရွံ့သွားရတော့၏။ 


သူက တကယ်ကို လျှာလိပ်သွားတာပါနော် ဧကရီကရော ဘာကြီးလဲ တစ်နိုင်ငံလုံးရှေ့မှာ ဒီလို အခေါ်ခံလိုက်ရတာ တကယ်ကို မျက်နှာပူစရာကြီး ... 


သူက မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လျက် ကျိကောကို လှမ်းဆွဲကာ တိုးလျှိုးတောင်းဆိုလိုက်သည်။ 


"ကျိကော တစ်ခုခု လုပ်ပါဦး ..." 


ကျိမြန်က ပြန်ပြုံးပြကာ ပြောလိုက်သည်။ 


"ဟုတ်ပြီ ဟုတ်ပြီ စမနေကြ‌နဲ့တော့ ရှောင်ရှုက ရှက်နေပြီ ..." 


"Pfft! ဧကရာဇ်က ဧကရီကို တကယ်ကြီး တုန်နေအောင် ချစ်တာပဲဟ ငါတော့ သူမ နန်းစွန့်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး " 


ကျိမြန်၏ ပရိသတ်များက တစ်ပြန်တစ်လှည့် ထပ်မံ စနောက်လိုက်ကြပြန်ရာ ကြည့်ရှုသူအားလုံး သောင်းသောင်းဖျဖျ ရယ်မောလိုက်ကြရပြန်တော့သည်။ 


ဒီနေ့ ကျိမြန်ရဲ့ လုပ်ရပ်တွေက တကယ် သူတို့ကို အမြင်သစ် ဖွင့်ပေးလိုက်တာပဲ သူက ဘယ်အကြောင်းအရာပဲလာလာ လာသမျှ အကြောင်းအရာနဲ့ ပတ်သက်ပြီး အကုန် အရွှန်းဖောက်နိုင်တယ် သူ့အပေါ် ထားရှိတဲ့ လူတိုင်းရဲ့ အမြင်တွေကို အလွယ်လေး ပြောင်းလဲပစ်နိုင်တာပဲ ဒီလိုပုံစံမျိုးက ပိုပြီး စစ်မှန်ပုံပေါ်တာကတော့ ငြင်းစရာကို မရှိဘူး ... 


လင်းလဲ့ယန်က အယောင်ယောင် အမှားမှားဖြင့် မတ်တပ်ထရပ်လိုက်သည်။ ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကျနေသူနှစ်ဦးကို တွေ့လိုက်ရသည့်အခါ သူ့နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ယိုစီးကျလာတော့သည်။ 


ချိန်ဖမ်းရှင်းက သူ့အနားသို့ စိုးရိမ်တကြီး ရောက်လာကာ ပြောလိုက်သည်။ ဤပရိုဂရမ်၏ ကြည့်ရှုနှုန်းမှာ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် စံချိန်တင်သွားခဲ့တော့သည်။ အကြောင်းရင်းကို ဆန်းစစ်ပြီးနောက် ဒါရိုက်တာက သူ့ကို ခေါ်ပြောလိုက်၏။ ရှောင်ကျားရှုနှင့် ကျိမြန်တို့ စကားပြောလေတိုင်း ကြည့်ရှုနှုန်း ထိုးတက်လာသည်။ ကြည့်ရှုသူများက သူတို့နှစ်ဦးကို သဘောကျဟန်ပင်။ သို့သော် လင်းလဲ့ယန်၏ လုပ်ဆောင်ချက်မှာမူ အလွန်အမင်း ဆိုးဝါးလှသည်။ စကားပြောသည့်နေရာတွင် ကို့ရို့ကားယား ဖြစ်လှသည့်အပြင် လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ကောင်းစွာ မဆက်သွယ်နိုင်။ အမြင်အာရုံ ချို့တဲ့နေသူပင်လျှင် သူတစ်ယောက်တည်း ကွဲထွက်နေကြောင်း မြင်သာ နေရာ မြောင်မူချင်၊ ရှောင်ကျားရှုတို့နှင့် သဘောထားချင်း မတိုက်ဆိုင်ဟူသည့် ကောလဟာလကို ချေဖျက်ရန် မလွယ်ကူလှချေ။ 


"လာပါ ပြုံးပြုံးလေးနေ ကင်မရာက ရိုက်နေတုန်းပဲ ရှိသေးတယ် ..." 


ချိန်ဖမ်းရှင်းက သူ့ပုခုံးကို နှိပ်ပေးလိုက်သည်။ 


"ငါ မရယ်နိုင်တော့ဘူး ..." 


လင်းလဲ့ယန်မှာ ရင်ဘက်တစ်ခုလုံး မွန်းကြပ်နေသည့်တိုင် နှုတ်ခမ်းထောင့်စွန်းမှာမူ အပြုံးတစ်ပွင့်ကို ခပ်ယဲ့ယဲ့ ချိတ်ဆွဲထားဆဲဖြစ်သည်။ 


"အဝတ်လဲခန်းထဲကို အရင်သွားရအောင် ..." 


နှစ်ဦးသား စင်နောက်သို့ အလျှိုလျှို ထွက်သွားလိုက်ကြသည်။ 


တစ်ချိန်တည်းမှာပင် ရှောင်ကျားရှုကလည်း အလွန် ပူပန်နေမိသည်။ သူက တစ်ခုခု ပြောစရာရှိနေသည့်နှယ် ကျိမြန်၏ အနောက်သို့ တကောက်ကောက် လိုက်နေသော်ငြား မည်သို့ ပြောသင့်မှန်းလည်း မသိ။ သူ့ဘဝထဲကို ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်၊ အလွန်အမင်း သဘောကျနေသောကြောင့်သာ အသေးအဖွဲလေးများမှအစ အာရုံစိုက်မိသွားခြင်းဖြစ်ကြောင်း ရှင်းပြလိုပေသည်။ သူ့အတွေးတို့ကို မထိန်းချုပ်နိုင်သည့်တိုင် အမူအယာကို ထိန်းချုပ်နိုင်သည့်အတွက် ကျိမြန်ကို မခွါစတမ်း ကပ်တွယ်နေမည် မဟုတ်သလို အရူးအမူး သဘောကျသည်ကို အကြောင်းပြု၍လည်း မည်သည်ကိုမှ တောင်းဆိုမည် မဟုတ်ချေ။ သူက ကျိမြန်ကို သူ့နှလုံးသားထဲတွင် သိမ်းထားရင်းသာ တိတ်တဆိတ် အားပေးနေမည်ဖြစ်သည်။ 


ဤသည်မှာ သူ့အတွေးများသာ ဖြစ်ပြီး လက်တွေ့တွင်မူ ကျိမြန်နောက်မှ တကောက်ကောက် လိုက်မိနေဆဲဖြစ်သည်။ သူသွားသည့်နောက် ဘယ်ညာလှည့်ပတ်လျက် လိုက်နေရာ လက်ထောက်နှင့် ဝင်တိုက်မိမှသာ သတိပြန်ကပ်သွားတော့သည်။ 


ဝင်အတိုက်ခံလိုက်ရသည့် လက်ထောက်လေး ထောင့်နားသို့ ရောက်သွားကာမှ ကျိမြန်က မေးလိုက်သည်။ 


"မိတ်ကပ်ဖျက် အဝတ်အစားလဲဖို့ မလုပ်သေးဘူးလား ..." 


"အာ ..." 


ရှောင်ကျားရှုက သူ့ကို မော့ကြည့်လိုက်ပြီးကာမှ ကျိမြန်၏ အဝတ်အစားလဲခန်းအထိ လိုက်လာမိကြောင်း သတိထားမိသွားသည့်အတွက် အလောတကြီး ပြန်ဖြေလိုက်သည်။  


"ကျွန်တော်က ကောကို လိုက်ပြီး နှုတ်ဆက်ချင်လို့ပါ ဒါဆို အရင် သွားနှင့်တော့မယ်နော် ..." 


သူ့အတွေးစများကို ထုတ်မပြောရဲသည့်တိုင် အပြုအမူနှင့်တော့ ဖော်ပြ၍ ရပေသည်။ သူက ကျိကောကို လုံးဝ ပြဿနာ ပေးမည်မဟုတ်၊ သူသည် ဦးနှောက်သေနေသည့် ပရိသတ်မဟုတ်၊ သစ္စာရှိကာ ဝေဖန်ပိုင်းခြားတတ်သည့် ပရိသတ်တစ်ဦးပင်ဖြစ်သည်။ 


"အိုကေ အိမ်ကို စောစောပြန်ပြီး အနားယူလိုက်တော့ ..." 


သူ့ကို ငုံ့ကြည့်လိုက်သည့် ကျိမြန်၏ အကြည့်တို့မှာမှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ပျံ့လွင့်နေသည်။ 


ရှောင်ကျားရှုက လက်ကို ယမ်းပြလျက် ထွက်သွားလိုက်သည်။ ထောင့်ချိုးနားအရောက်တွင် ခပ်အုပ်အုပ် ရယ်သံတစ်ခုကို ကြားလိုက်ရသည့်အတွက် နောက်ပြန်လှည့်ကြည့်လိုက်သော်ငြား မောပန်းနွမ်းနယ်စွာဖြင့် မျက်ခုံးတို့ကို ကုတ်ခြစ်နေသည့် ကျိမြန်ကိုသာ တွေ့လိုက်ရသည်။ သူက ကျိမြန်ကို တစ်ဖန် တိုက်တွန်းလိုက်၏။ 


"ကောလည်း အိမ်ကို စောစောပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါ ..." 


"Hmm ..."


ကျိမြန်က ခေါင်းငြိမ့်ပြပြီး သူ ထွက်သွားကာမှ အပြုံးခပ်သေးသေးတစ်ပွင့်ကို လှစ်ဟလိုက်သည်။ 


"မစ္စတာကျိ ရှောင်ကျားရှုက ဆရာ့ကို တကယ်လေးစားတာလို့ ထင်လား ဒါမှမဟုတ် ဆရာ့နာမည်ကို သုံးပြီး လူကြိုက်များအောင် လုပ်ချင်တာလား ..." 


လက်ထောက်က စိုးရိမ်တကြီး မေးလိုက်သည်။ 


"သူ့အဆက်အသွယ်တွေနဲ့ဆို ငါ့ကို အသုံးချဖို့ လိုအပ်သေးလို့လား ..." 


ကျိမြန်က တံခါးကို တွန်းဖွင့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ 


"အနုပညာလောကကြီး တစ်ခုလုံးက ဗြောင်းဆန်နေတယ် ဆိုပေမယ့် တည့်မတ်တဲ့သူတွေလည်း ရှိနေပါသေးတယ် ..." 


သူ့အမူအယာမှာ သိပ်ပြီး မူမမှန်လှသည့်အတွက် လက်ထောက်လည်း စကားတစ်ခွန်းမှပင် ဆက်မပြောရဲတော့။ ဖုန်းပြောရင်း အထဲသို့ ဝင်လာသည့် ဖန်ခွင်းက ဖုန်းကိုချလျက် ကျိန်ဆိုလိုက်သည်။ 


"ဖာ့ခ် "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" နဲ့ "သွေးအေးမင်းသားရဲ့ မိန်းမပျို" မှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အထဲမှာ စာရင်းစစ်ဌာနကအစ ပါနေတဲ့ဟာကို ဘယ်လိုဖြစ်လို့ ငါတစ်ယောက်တည်း အပြစ်ပြောခံနေရတာလဲ ဟိုကလေး လင်းလဲ့ယန်ကြောင့်သာ မဟုတ်ရင် ..." 


သူက အချိန်မီ စကားလမ်းကြောင်းပြောင်းကာ ဖျော့တော့စွာ မေးလိုက်သည်။ 


"ကျိကော ကော ကိုယ့်နာမည်နဲ့ကိုယ် ရင်းနှီးမြှုပ်နှံမယ်လို့ ပြောခဲ့တယ် မဟုတ်လား ဘာလို့ မလုပ်ခဲ့တာလဲ ..." 


"မလုပ်ချင်တော့လို့ မုန့်တစ်ခုကို လူတစ်ယောက်တည်းစားရင် ဗိုက်ဝပေမယ့် နှစ်ယောက်ခွဲစားရရင် တစ်ယောက်က သေချာပေါက် အငတ်ခံရမှာပဲလေ ငါမပါလည်း ဒီဇာတ်လမ်းနှစ်ခုက ဆက်ရိုက်နေဦးမှာပဲကို ပြီးတော့ ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့သားပဲ ..." 


ကျိမြန်က ဆိုဖာပေါ်တွင် လှဲကာ အိပ်ချင်ယောင်ဆောင်နေလိုက်ပြီး မိတ်ကပ်ပြင်ဆရာက သူ့မိတ်ကပ်များကို ဖျက်ပေးလိုက်သည်။ 


Xxxxxx