အပိုင်း ၇၅
Viewers 57k

Chapter 75


အကြွေးတစ်သန်းကိုမှ ဆပ်ပြီးမယ် မကြံသေးဘူး နောက်ထပ်သန်းနှစ်ဆယ် အကြွေးတင်သွားပြီ ကျိမြန်က စကားမတည်ဘဲ အဲဒီ့ အကြွေးစာချုပ်ကို တရားရုံးတင်ပြီး တရားစွဲလိုက်ရင် ဘယ့်နှယ့်လုပ်မလဲ ဘယ်လိုနည်းလမ်းနဲ့ လျော်ကြေးပေးနိုင်မှာလဲ ... 


ဖန်ခွင်းကလည်း အံ့ဩသွားမိသည်။ သူက ကျိမြန်သည် ဤကိစ္စကို ရေးကြီးခွင်ကျယ် လုပ်လိမ့်မည်မဟုတ်ဟုသာ ထင်ထားရာ ဤမျှအထိ အကြင်နာကင်းလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ အလားတူ ဖြစ်ရပ်မျိုး အတိတ်တွင်လည်း တစ်ခါ ဖြစ်ပျက်ခဲ့ဖူးသည်။ ထိုစဉ်က ကျိမြန်သည် IOU စာချုပ် ရေးပေးရန် တောင်းဆိုကာ ထိုသူ၏ မှတ်ပုံတင်နံပါတ်ကို သုံးလျက် ဘဏ်ကတ်တစ်ခု လျောက်ထားခဲ့သည်။ ငွေလွှဲပြောင်းမှုက ဆယ်သန်းသာဖြစ်သော်ငြား အမျိုးမျိုးသော ဥပဒေသတို့ကို အသုံးပြုကာ ယူဆောင်သွားခြင်းဖြစ်ပြီး အစမှအဆုံးအထိ တစ်ဖက်သူမှာ ငွေဆယ်သန်း ဆုံးရှုံးသွားသည်ကို သိရန် မဆိုထားနှင့်၊ ဘဏ်ကတ်ရှိနေမှန်းပင် မသိခဲ့ချေ။ ထိုသူမှ တရုတ်ပြည်မှပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ 


ကျိမြန်မှာ များစွာ သည်းခံတတ်သည်ဆိုသော်ငြား သူ့အတိုင်းအတာကို ကျော်လွန်လာပါလျှင်မူ အသက်ဆုံးရှုံးရသည့်တိုင် အကြောင်းအရင်းကို သိလိုက်ရမည် မဟုတ်ချေ။ သူက လင်းလဲ့ယန်ကို စိုက်ကြည့်ကာ ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။ 


" သူတို့သာ မလျော်ကန်တဲ့ အတွေးတွေ ကြံစည်တာ၊ လုပ်ဆောင်တာမျိုး မရှိဘူးဆိုရင် ဒီ IOU က ပျက်ပြယ်သွားမှာပါ လဲ့ယန် ဒီနည်းလမ်းကို မင်း သဘောတူရဲ့လား ..." 


သဘောမတူဘူး ကျိကော ခင်ဗျားက လူတွေကို သေလမ်းအထိ တွန်းပို့နေတာပဲ ... 


လင်းလဲ့ယန်က စိတ်ထဲတွင် ဤသို့ အော်ဟစ်လိုက်သော်ငြား အပြင်ဘက်တွင်တော့ ထုတ်ဖော်မပြောရဲ။ ကျိမြန်က ကြိုတင်ကာကွယ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းကိုလည်း သိနေပေသည်။ ယွမ်သန်းနှစ်ဆယ်ဟူသည့် ဖိအားသာ ရှိထားပါလျှင် ရှောင်ယွီနှင့် ချိန်ဖမ်းရှင်း၏ လက်ထဲ၌ လျှို့ဝှက်ချက် မည်မျှပင် ရှိနေပါစေ လှုပ်ရှားရဲတော့မည် မဟုတ်ချေ။ 


"ဖမ်းရှင်းကိုတော့ အေးဂျင့်အဖြစ် ဆက်ပြီး ခန့်ထားလို့ ရမလား သူ့အတွက် ဒီနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ဘူးလေ ကောက စကားလေး နည်းနည်းပါးပါးပဲ ပြောလိုက်တာ ဆိုပေမယ့် သူ့အနာဂတ်တစ်ခုလုံး ပျက်စီးသွားတော့မှာ သူ့မှာ ထောက်ပံ့ရမယ့် မိအိုဖအိုတွေလည်း ရှိသေးတယ် ရှောင်ယွီဆိုတာကလည်း ငွေဘယ်လိုဖြုန်းရမလဲ ဆိုတာကလွဲပြီး ဘာမှ သိတာ မဟုတ်ဘူး ကျိကော သူ့ကို တစ်ခါလောက် အခွင့်အရေး ပေးလိုက်ပါလားဟင် သူသာ အလုပ်ပြုတ်သွားရင် တစ်မိသားစုလုံး လမ်းဘေးမှာ တောင်းစားရတော့မှာ သူ့မိဘတွေက အခုမှ အိမ်သစ်လေး ဝယ်ထားကာစပဲ ရှိသေးတာ တစ်လတစ်လကို ယွမ်လေးထောင်ကနေ ငါးထောင်အထိ အတိုးပေးနေရလို့လေ ..." 


လင်းလဲ့ယန်က သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။ 


"ကောင်းပြီလေ ..." 


ကျိမြန်၏ အဖြေကြောင့် လူတိုင်း အံ့ဩသွားရတော့သည်။ 


သူက စောစောကအထိ တအားရက်စက်နေတာ မဟုတ်ဘူးလား ဘယ်လိုဖြစ်လို့ ချက်ခြင်းကြီး သနားသွားတာလဲ ... 


"IOU ရေး တစ်ယောက်ကို ဆယ်သန်း ပြီးတော့ မှတ်ပုံတင်မိတ္တူတွေ ထားခဲ့ ..." 


ကျိမြန်က A4 စာရွက် အထပ်လိုက်ကြီး ချပေးထားလိုက်သည်။ 


ချိန်ဖမ်းရှင်းမှာ ရွေးစရာမရှိတော့။ IOU ရေး၊ လက်‌ဗွေနှိပ်ကာ မှတ်ပုံတင်မိတ္တူကို ချန်ထားခဲ့လိုက်ရတော့သည်။ ချိန်ဖမ်းယွီလည်း အလားတူ ဆောင်ရွက်ပြီးနောက် မြေကြီးပေါ် ပြိုလဲကျသွားတော့သည်။ 


ကျိမြန်ကလည်း ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ထင်ကို ထင်မထားဘူး သူ့နည်းလမ်းတွေက အွန်လိုင်းပေါ်က ငွေချေးတဲ့ကုမ္ပဏီတွေထက်ကို ပိုပြီး ရက်စက်သေးတယ် အနုပညာလောကမှာ လူမိုက်ဂိုဏ်းတွေလည်း ရှိတယ်လို့ အားလုံးက ပြောကြတာ ကျိမြန်လည်း အဲ့ဒီ့ဂိုဏ်းတွေထဲကလားမှ မသိတာ ဒီလိုမှန်းသာ သိရင် အစောကြီးကတည်းက ဝန်ခံလိုက်ပါတယ် လဲ့ယန်ကောက နှလုံးသား နူးညံ့တော့ အကြွေးတွေကို သေချာပေါက် ကူဆပ်ပေးမှာပဲ ... 


"ဒါကို နည်းလမ်းဟောင်းအတိုင်းပဲ ကိုင်တွယ်လိုက် ..." 


ကျိမြန်က စာချူပ်နှင့် မှတ်ပုံတင်မိတ္တူများကို ဖန်ခွင်းထံ လွှဲအပ်လိုက်လျှင် သူလည်း ခေါင်းငြိမ့်ကာ ထွက်သွားလိုက်တော့သည်။ 


"မင်းတို့သာ ရိုးရိုးသားသားနေရမယ်ဆိုရင် ဘာမှ မလုပ်ပါဘူး ..." 


သူက လက်ကိုယမ်းပြလိုက်သည်။ 


"မင်းတို့ ထွက်သွားလို့ရပြီ လဲ့ယန် နေခဲ့ ..." 


ချိန်ဖမ်းရှင်းနှင့် ချိန်ဖမ်းယွီတို့က ခြေကုန်သုတ်ကာ ပြေးထွက်သွားတော့သည်။ ချွေးသံတရဲရဲနှင့် ဒူးတို့ ညွတ်ခွေလျက် ပြေးထွက်သွားပုံမှာ အလွန်ရှက်ရွံ့ဖွယ် ကောင်းလှသည်။ 


လင်းလဲ့ယန်က လက်မလျော့လိုသော်ငြား စကားလည်း မပြောရဲသည့်အတွက် ခေါင်းငုံ့လျက်သာ ဓာတ်ပုံနှင့် ပို့ထားသည့် စာများကို ဖျက်နေလိုက်သည်။ 


ကျိကော နည်းနည်းလေး စိတ်တိုတာ ရပ်သွားမှပဲ IOU ကိုဖျက်ဖို့ နည်းလမ်းရှာကြတာပေါ့ ကျိကောက အိပ်ယာပေါ်မှာဆို နားဝင်လွယ်ပါတယ် သူ့ကို ကောင်းကောင်းလေး ကပ်တွယ်ပေးလိုက်ဖို့ပဲလိုတာ ... 


ထိုသို့ တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ပူပန်စိတ်တို့ လျော့နည်းသွားတော့သည်။ 


ဆေးလိပ်မီးညှိနေသည့် ကျိမြန်၏ လှုပ်ရှားမှုတို့ ရုတ်ချည်း ရပ်တန့်သွား၏။ ခေါင်းကိုမော့ကာ အေးစက်နေသည့် အကြည့်တို့ဖြင့် တည့်တိုးပြောလိုက်သည်။ 


"လဲ့ယန် လမ်းခွဲကြရအောင် ..." 


"အာ ..." 


လင်းလဲ့ယန်မှာ နေရာတွင်ပင် အေးခဲသွားတော့သည်။ 


"ငါတို့နှစ်ယောက်ကြားမှာ ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ ကွာဟချက်တွေ အများကြီး ရှိနေတယ် အဲဒါကြောင့် လမ်းခွဲကြရအောင် ..." 


သူက ထပ်ပြောလိုက်သည်။ 


"ဘယ်လို ကွာခြားချက်တွေလဲ ကျွန်တော်တို့တွေ အဆင်ပြေနေတာပဲ မဟုတ်လား ဘာလို့ လမ်းခွဲမှာလဲ ရှောင်ယွီရဲ့ ကိစ္စကြောင့်လား ဒါမှမဟုတ် ကျွန်တော်တို့တွေ come out လုပ်ကြမယ်လေ ကျွန်တော် ဘာကိုမှ မကြောက်ဘူး ကျိကော ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ပြောတော့ကျ ဒါတွေကို ပြည်ဖုံးကားချလိုက်တော့မှာဆို ..." 


လင်းလဲ့ယန်မှာ ပူပန်လွန်း၍ ငိုချမိလုမတတ်ပင်။ သူ့တစ်ဘဝလုံးကို ကျိကောနှင့်အတူ ကုန်ဆုံးသွားရန် တွေးထားပြီးဖြစ်သည်။


"come out လုပ်ရမှာ မကြောက်ဘူးပေါ့ ဟုတ်လား ကောင်းပြီလေ ဒါဆို PR ဌာနကို သတင်းထုတ်ပြန်ဖို့ ညွှန်ကြားလိုက်မယ် ..." 


ထိုစကားများကြောင့် လင်းလဲ့ယန်၏ ကမောက်ကမ အတွေးစများနှင့် အလျင်အမြန် စီးဆင်းနေသော သွေးအားလုံး အေးခဲသွားတော့သည်။ ယခင်ကသာ ဖြစ်ခဲ့ပါလျှင် လိုလိုလားလား come out လုပ်လိုက်မည် ဖြစ်သော်လည်း ယခုအချိန်တွင် ဤသို့ လုပ်ရပါလျှင် သူ၏ အသစ်စက်စက် အလုပ်အကိုင်လေး ပျက်စီးသွားရမည်ဖြစ်သည်။ ထိုသည်သာမက နောက်ထပ် ရုပ်ရှင်ရိုက်ကူးခွင့်ပင် မရှိတော့ဘဲ အနုပညာလောကထဲမှ ကန်ထုတ်ခံရမည်ဖြစ်သည်။ ကျိကော၏ ပရိသတ်များက သူ့ကို ဆန့်ကျင်ကာ ဒါရိုက်တာနှင့် သရုပ်ဆောင်များကလည်း သူ့ကို ဖယ်ကွင်းကြမည်ဖြစ်သည်။ အများပြည်သူအားလုံးက ဆန့်ကျင်မည့် ကိစ္စမျိုးကို ကျိကောကဲ့သို့ သန်မာသူကသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သူ့အနေဖြင့် ထိုအဆင့်မျိုးအထိ ရောက်အောင် မစွမ်းဆောင်နိုင်သေးချေ။ come out လုပ်မည်ဟု ပြောလိုက်ခြင်းမှာ သူ့စိတ်ဆုံးဖြတ်ချက်ကို ကျိကော နားလည်သွားစေရန်မျှသာ ဖြစ်သည်။ သို့သော် ကျိကောက သဘောတူလိုက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။ 


လက်တွေ့ကြုံလိုက်ရသည့်အခါ ကြောက်အားလန့်အားဖြင့် နောက်ပြန်ဆုတ်ပြီး အသံတစ်သံမှပင် မထွက်နိုင်တော့။ 


"လမ်းခွဲကြရအောင် ဒါ ငါတို့နှစ်ယောက်လုံးအတွက် အသင့်တော်ဆုံးပဲ come out လုပ်တာ မလုပ်တာနဲ့ ဘာမှ မဆိုင်ဘူး ငါတို့ရဲ့ စိတ်နေစိတ်ထားတွေက အံဝင်ခွင်ကျ မဖြစ်တော့လို့ မပူပါနဲ့ မင်းကို ဖိနှိပ်ထားမှာ မဟုတ်ဘူး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကုန်လုံးနဲ့ စာချုပ်ထဲမှာ ပါတဲ့ အချက်အလက်တွေအားလုံးကို ပေးနေဦးမှာပါ A အဆင့် စာချုပ်ချုပ်ထားတာ ဖြစ်တဲ့အတွက် မင်းရဲ့ လွတ်လပ်ပိုင်ခွင့်က တော်တော်လေး မြင့်မားပါတယ် ရှေ့လျောက် ကောင်းကောင်း အလုပ်လုပ်ပေါ့ ..." 


ကျိမြန်က သူ့ပုခုံးကို ပုတ်ပေးကာ ဆေးလိပ်ငွေ့တို့ ပြည့်နှက်နေသည့် ရုံးခန်းထဲမှ ဦးစွာ ထွက်သွားလိုက်တော့သည်။ 


လင်းလဲ့ယန်က မြေအောက်ကားပါကင်အထိ စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာခဲ့လိုက်သည်။ ချိန်ဖမ်းရှင်းက သူ့ကို တံခါးကူဖွင့်ပေးရင်း စိုးရိမ်တကြီး မေးလိုက်၏။ 


"လဲ့ယန် ငါ့ကို IOU ပြန်ရုတ်ပေးဖို့ ကူပြောပေးလို့ ရမလား သန်းနှစ်ဆယ်ကို ဘယ်လိုလုပ် ပေးနိုင်မှာလဲ ဥက္ကဌကျိက တရားစွဲလိုက်ရင်ရော ဒါဆို ငါတို့တွေ သေပြီပေါ့ ဥပဒေဌာနက ရှေ့နေတွေက တစ်နိုင်ငံလုံးမှာ အကောင်းဆုံးလေ ငါတို့သာ တရားစွဲခံရရင် ရှုံးမှာ သေချာတယ် ငါ သ‌ဘောပေါက်သွားပြီ ငါတို့ ယဲ့ရှီရဲ့ ထောင်ချောက်ထဲ ကျသွားတာ ကောလဟာလတွေအကြောင်း ပြောပြီး ငါ့ကို လူရွေးပွဲဗီဒီယိုတွေ ပေးခဲ့တာလည်း သူပဲ ပြီးတော့ မင်းအတွက် ရေတပ်တွေ ဝယ်ဖို့လည်း သူပဲ အကြံပေးခဲ့တာ မင်းကို ရွေးပြီးသားဆိုတာ သူ အစောကြီးကတည်းက သိထားပြီးသား နေမှာ မဟုတ်ရင် ဒါမျိုး အကြံပေးလာမှာ မဟုတ်ဘူး ဖာ့ခ် တော်တော်ကို ကလိန်စေ့ငြမ်းဆင် လုပ်တတ်တာပဲ မင်း ဇာတ်လိုက်နေရာကို လက်လွှတ်သွားရအောင် လုပ်ရုံတင် မကဘူး ကုမ္ပဏီကိုပါ ရေတပ်တွေငှားပြီး ငွေကုန်အောင် ကြံစည်လိုက်သေးတယ် ..." 


"မင်းတို့နှစ်ယောက်သာ ကျိကောအကြောင်းတွေ အစဆွဲထုတ်မလာရင် သူလည်း မင်းတို့ကို ဘာမှ လုပ်မှာမဟုတ်ဘူး ငါ ကျိကောအကြောင်းကို ကောင်းကောင်းကြီး နားလည်တယ် သူက သူ့စကားကို တည်တဲ့သူ ယဲ့ရှီ မင်းကို အကွက်ချတာ ဟုတ်မဟုတ်က အရေးမပါဘူး ဖြစ်တာက ဖြစ်ပြီးသွားပြီ အခုမှ နောင်တရနေလည်း ဘာမှ ပြင်လို့ မရတော့ဘူး ..." 


လင်းလဲ့ယန်က မျက်နှာကို အုပ်လျက် နင့်နင့်သည်းသည်း ရေရွတ်လိုက်သည်။ 


"အခုတော့ ငါလည်း မင်းကို IOU နဲ့ ပတ်သက်ပြီး မကူညီနိုင်တော့ဘူး ကျိကောက ငါ့ကို လမ်းခွဲလိုက်ပြီ ..." 


"ဘာ ... ဘာဖြစ်တယ် ... လမ်းခွဲလိုက်ပြီ ဟုတ်လား ဒီကိစ္စကြောင့်လား ..." 


ချိန်ဖမ်းရှင်းက ရုတ်ချည်း ကျိန်ဆဲလိုက်သည်။ 


"သူက ဘာလို့ မင်းနဲ့ လမ်းခွဲရတာလဲ ဒါက မင်းအမှားမှ မဟုတ်တာ ငါက ရှောင်ယွီကို ကောင်းကောင်း မကြပ်မတ်မိလို့လေ ပြီးတော့ ဓာတ်ပုံတွေလည်း အပြင်ကို ထွက်မသွားဘူး မဟုတ်လား သူလည်း ဘာမှ မဆုံးရှုံးလိုက်ဘဲနဲ့ကို ဘာလို့ ဒီတိုင်းလေး ကျော်သွားမပေးနိုင်ရတာလဲ မင်းက ကောင်မလေးရည်းစားတွေတောင် ထားခဲ့ဖူးတဲ့ အဖြောင့်စစ်စစ်လေ သူ့ကြောင့်သာ မင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းပေးခဲ့ရတဲ့ဟာကို ပြီးတော့ မင်းက အောက်ထပ်က နေရတာ မဟုတ်လား မင်းကိုလည်း အ‌ဆုံးစွန်အထိ အခွင့်ကောင်းယူထားတာတောင် သူက လမ်းခွဲချင်နေသေးတယ်ပေါ့ ဆန်ကုန်မြေလေးကောင် သူ့ကို ဒီလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ လုံးဝကို ထင်မထားဘူး ..." 


"ထပ်မပြောနဲ့တော့ ..." 


လင်းလဲ့ယန်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သည်။ 


"ကျိကောက မင်းထင်သလို မဆိုးဘူး သူက ငါ့ကို အမြဲတမ်း ဂရုစိုက်ပေးခဲ့တာ ..." 


"ဒါဆို သူ ဘာလို့ လမ်းခွဲချင်လဲ ဒီကိစ္စက ဒီလောက်အထိ ပြင်းထန်စရာ လိုလို့လား ..." 


လင်းလဲ့ယန်မှာလည်း ကျိမြန် ဘာကြောင့် ရုတ်ချည်း လမ်းခွဲချင်မှန်း နားမလည်နိုင်။ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့မိခဲ့ချေ။ ကျိကောသည် သူ့အပေါ် ထာဝစဉ် ကောင်းပေးခဲ့ကာ သူ့ခံစားချက်များကိုလည်း ထောင့်စေ့အောင် ဂရုစိုက်ပေးခဲ့သူဖြစ်သည်။ အနည်းငယ် ထိန်းချုပ်ကာ လွတ်လပ်မှုများကို ကန့်သတ်တတ်သည့်တိုင် လင်းလဲ့ယန်အဖို့ သည်းခံနိုင်နေသေးသည်။ 


ခံစားချက်ဆိုတာ ဒီလိုမျိုး ဖြစ်ရမှာ မဟုတ်ဘူးလား တစ်ယောက်နဲ့တစ်ယောက် နားလည်သည်းခံပေးပြီး အထောက်အပံ့ ဖြစ်ပေးရမှာလေ ဒီအတိုင်းပဲ တစ်ယောက်‌နဲ့တစ်ယောက် လေးလေးစားစား ကောင်းကောင်းမွန်မွန် နေလာခဲ့ကြတာ မဟုတ်ဘူးလား ... 


"သူ တစ်‌‌ယောက်ယောက်ကို ကြိုက်သွားလို့များလား ..." 


ချိန်ဖမ်းရှင်းက တီးတိုး ရေရွတ်လိုက်သည်။ 


လင်းလဲ့ယန်မှာ ကြက်သေသေသွားတော့၏။ သူ့စိတ်ထဲတွင် အရိပ်တစ်ခု ရုတ်ချည်း ထင်ဟပ်လာသည်။


"ရှောင်ကျားရှု" ဟုတ်တယ် သူ ပေါ်လာတဲ့နေ့ကစပြီး အားလုံး ပြောင်းလဲကုန်တာ ကျိကောက သူ့ကို တအား အာရုံစိုက်ပြီး ကူညီပေးလွန်းတယ် သူ့အတွက်နဲ့ အင်တာနက်ပေါ်က တိုက်ပွဲတွေထဲမှာတောင် ဝင်ပါပေးခဲ့သေးတယ် ပြီးတော့ အဲဒီ့အချိန်ကနေစပြီးတော့ ကျိကောက သူနဲ့ စကားကောင်းကောင်းမပြောဖြစ်တော့တာပဲ ခံစားချက်တွေလည်း တစ်ဖြည်းဖြည်း လျော့နည်းလာတယ် ... 


"ကျိကောက မဟုတ်လောက်ပါဘူး ..." 


လင်းလဲ့ယန် ခေါင်းကိုယမ်းကာ ငြင်းလိုက်သော်ငြား သူ့လေသံမှာမူ အလွန်အမင်း ဖျော့တော့နေသည်။ မည်သို့ပင် ဖြစ်နေပါစေ သူ့အနေဖြင့် အလွယ်တကူ လက်လျော့မပေးနိုင်ချေ။ 


"ငါလည်း ဒီလိုပဲ တွေးပါတယ် ဥက္ကဌကျိက တစ်နေကုန် အလုပ်ရှုပ်နေတာကို ဘယ်နားသွားပြီး ဖောက်ပြန်ဖို့အချိန် ရှိမှာလဲ ဒီနေ့ကိစ္စကြောင့် ဒေါသထွက်သွားတာ နေမှာပါ လဲ့ယန် ငါနဲ့ရှောင်ယွီကြောင့် မင်းပါ ဆွဲထည့်ခံလိုက်ရပြီ ပြန်ရောက်ရင် ငါ IOU ရေးပေးပါ့မယ် ယွမ်တစ်သန်းကိုပဲ ငါ့လစာထဲကနေပဲ ဖြတ်လိုက်လေ မပူပါနဲ့ ဥက္ကဌကျိ‌ ‌စိတ်ဆိုးပြေသွားကာမှ သူနဲ့ ကောင်းကောင်းမွန်မွန် ပြောကြည့်လိုက်လေ သေချာပေါက် ပြန်အဆင်ပြေမှာပါ အခုခေတ်အတွဲတွေ အကုန်လုံးလည်း ဒီလိုပဲကို တွဲလိုက်ပြတ်လိုက် ပြတ်လိုက်တွဲလိုက်နဲ့ ဒါက ပုံမှန်ပါပဲ ..." 


ထိုစကားများ ကြားလိုက်ရသည့်အခါ လင်းလဲ့ယန်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။


Xxxxxx