Chapter 73
တစ်ဖြည်းဖြည်းဖြင့် ရှောင်ကျားရှု၏ ဘက်တော်သားများမှာ လင်းလဲ့ယန်၏ အင်အားစုထက် များစွာ သာလွန်သွားတော့သည်။ လင်းလဲ့ယန်၏ သရုပ်ဆောင်မှုမှာ မကောင်းဟု မဆိုလို၊ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုက ခေတ်အကြိုက်နှင့် ပိုမိုကိုက်ညီနေခြင်းဖြစ်သည်။ Stenven Abel၏ ပရိသတ်အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြပြီး လူငယ်များမှာ အလှအပကိုသာ ပိုမိုသဘောကျကြပေသည်။ Love Chaser ကို သည်းထိတ်ရင်ဖို စွန့်စားခန်းအဖြစ် အသက်သွင်းပါလျှင် ပိုမိုပြီး နာမည်ကြီးလာနိုင်ကာ အမျိုးသား ကြည့်ရှုသူများကိုသာ အမျိုးသမီးကြည့်ရှုသူများကိုပါ အများအပြား ဆွဲဆောင်နိုင်မည်ဖြစ်သည်။
Blogger က မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းလိုက်သည့်အခါ မျက်နှာလှလှလေးကို အရူးအမူး စွဲလမ်းကြသူများကြောင့် ရှောင်ကျားရှု၏ မဲအရေအတွက်မှာ လင်းလဲ့ယန်ထက် သာလွန်သွားတော့သည်။ ရုပ်ရည်ချောမောသည့် စိတ္တဇလူသတ်သမားမှာ သာမန်ရုပ်ရည်ပိုင်ရှင် စိတ္တဇလူသတ်သမားများထက် ပိုမိုဆွဲဆောင်မှု ရှိပေသည်။
သို့သော် ရှောင်ကျားရှုကမူ မကျေနပ်။ သူ့ကိုယ်သူ အရိုးသားဆုံး ပြန်မေးရပါလျှင် လင်းလဲ့ယန်က ပိုကောင်းသည်ဟု ခံစားနေမိသည်။ သူ၏ ဝင်းလက်နေသော အကြည့်တို့မှာ ဒုတိယစရိုက်ကို အပီအပြင် ထင်ဟပ်နေပြီး Stenven Abel ဖော်ပြချင်ခဲ့သည်နှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ အပေါ်ယံမျက်နှာ၏ ဆွဲဆောင်နိုင်စွမ်း မဟုတ်၊ စာဖတ်သူ၏ ကြောက်လန့်စိတ်ကို ထင်ဟပ်အောင် ရေးသားထားခြင်းဖြစ်သည်။
ရှုံးပြီ အပြတ်အသတ်ကို ရှုံးသွားပြီ ...
ရှောင်ကျားရှုမှာလည်း လင်းလဲ့ယန်၏ သရုပ်ဆောင်မှုအောက် နစ်မြောသွားတော့သည်။ လက်ရှိ ပျံ့နှံ့နေသည့် ကောလဟာလများအကြောင်း တွေးကာ လှေကားနားသို့ သွားလျက် ဖုန်းဆက်လိုက်သည်။
"ဟယ်လို ဒါရိုက်တာဟူမင်လားမသိဘူး Love Chaser ရဲ့ အဓိကဇာတ်လိုက်နေရာက ကျွန်တော်နဲ့ မသင့်တော်ဘူးလို့ ထင်လို့ပါ ဒါရိုက်တာကြီးအနေနဲ့ တစ်ခြားတစ်ယောက်ကို စဉ်းစားသင့်တယ်လို့ ထင်ပါတယ် လင်းလဲ့ယန် သရုပ်ဆောင်သွားတာက တော်တော်လေးကို ကောင်းတယ် ...
အာ? လင်းလဲ့ယန်ကိုပဲ ရွေးဖို့ စဉ်းစားထားပြီးသားလား အိုး ဆောရီးပါ ကျွန်တော် အမှတ်မှားသွားလို့ ရွေးချယ်မှုက မှန်ကန်ပါတယ် ဒီရုပ်ရှင် အောင်မြင်ဖို့ ဆုတောင်းပေးနေတယ်နော် ..."
ဖုန်းချလိုက်ပြီးနောက် မျက်နှာကို လက်ဖြင့်အုပ်လျက် နံရံကို ခေါင်းဖြင့် ခပ်ဖွဖွ တိုက်လိုက်သည်။
အကျိုးနည်း ရှက်စရာကောင်းလိုက်တာ သူများက မင်းကို မရွေးဘဲနဲ့တောင် တကူးတကကြီး ဖုန်းဆက်နေလိုက်သေးတယ် ကိုယ့်ကိုယ်ကို မျက်နှာကြီးတယ်များ ထင်နေလား ...
ရှောင်ကျားရှုမှာ တွေးလေလေ ရှက်မိလာသည့်အတွက် ထောင့်နားတွင် တိတ်တိတ်လေး ထိုင်နေပြီးကာမှ မျက်နှာပူပူဖြင့် ပြန်ထွက်သွားလိုက်တော့သည်။
သူထွက်သွားသည်နှင့်တစ်ပြိုင်နက် လှေကားထစ်ထိပ်မှ အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ကျိမြန်က ဆေးလိပ်ကို လက်တစ်ဖက်က ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့် သူ့နဖူးကို ဖိထားလိုက်သည်။ ရယ်သံမှာ တိုးညှင်းသည့်တိုင် နှစ်လိုမှုတို့ ပြည့်နှက်နေသည်။ သူ့ဘဝတစ်လျှောက်လုံး ဤကဲ့သို့သော သက်ရှိရတနာလေးကို တစ်ခါမှ မတွေ့ဖူးချေ။
ချိန်ဖမ်းယွီက Weibo ပေါ်မှ မှတ်ချက်များကို ဖတ်ကြည့်နေလိုက်သည်။ ဒါရိုက်တာဟူမင်က ဇာတ်ကောင်နေရာအတွက် လင်းလဲ့ယန်ကို လျာထားထားရာ ကျန်ထုတ်လုပ်သူများပါ စိတ်ကူးပြောင်းသွားနိုင်စေရန် အလို့ငှာ လင်းလဲ့ယန်အတွက် လူထုအကူအညီအချို့ ဖန်တီးပေးရန် ပြင်ဆင်လိုက်သည်။ ရုပ်ရှင်ရိုက်ကူးခြင်းမှာ အများပြည်သူ ကြည့်ရှုနိုင်စေရန်သာမက ဝင်ငွေတိုးတက်ရေးကိုလည်း ဦးတည်နေရာ ဇာတ်လိုက်၏ အရည်အချင်းကိုပင် ပရိသတ်က သတိမပြုမိပါလျှင် မျှော်မှန်းထားသော ရုံဝင်ကြေးကို ရနိုင်တော့မည် မဟုတ်ချေ။
သို့သော် ချိန်ဖမ်းရှင်းသည် အရေးအကြီးဆုံး အချက်တစ်ခုကိုတော့ သတိမပြုမိသေး။ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုမှာလည်း မညံ့လှ။ နှစ်ဦး၏ ဇာတ်ကောင်အပေါ် ချဉ်းကပ်သည့် နည်းလမ်းများမှာ မတူညီကြရာ လင်းလဲ့ယန်ထက် ညံ့ပါသည်ဟုလည်း မဆိုနိုင်။ သို့ဖြစ်ရာ သာမန်သူများအဖို့ သူတို့နှစ်ဦးကြားမှ ကွာဟချက်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှောင်ကျားရှု၏ ရုပ်ရည်၊ အရပ်အမောင်း၊ စိတ်နေစိတ်ထားနှင့် ကျော်ကြားမှုတို့မှာ လင်းလဲ့ယန်ထက် များစွာသာလွန်ရာ သူတို့နှစ်ဦးကို နှိုင်းယှဉ်ကြည့်ပါလျှင် ချိန်ဖမ်းယွီ၏ ရေတပ် ထောင်ပေါင်းများစွာ ပေါင်းစု၍ပင် ရှောင်ကျားရှု၏ ပရိသတ်အားကို မှီနိုင်မည် မဟုတ်ပေ။
သူ့ပရိသတ်အများစုမှာ ပြင်းထန်လှသည့် ကာကွယ်လိုစိတ် ပိုင်ရှင် မားမားဖန်များပင်ဖြစ်သည်။ "ငါတို့ကလေးက အကောင်းဆုံး" ဟူသည်မှာ မိခင်များအကြား အပြောအများဆုံး စိတ်ကူးစိတ်သန်းပင်ဖြစ်သည်။
ပရိသတ်တစ်ယောက်က မှတ်ချက်ရေးလိုက်သည်။
"အခုခေတ်လူငယ်တွေက တကယ်ကို တော်ကြပါတယ် ဒါပေမယ့် သရုပ်ဆောင်တဲ့နေရာမှာဆို ငါတို့အိမ်ရဲ့ သစ်ပင်ပေါက်ကလေးက ပိုပြီးတော်တယ် ခေါင်းကို မော့ပြီးတော့ စဉ်းလဲတဲ့ အပြုံးမျိုး ပြုံးပြလိုက်တဲ့အချိန်တုန်းကဆိုလေ ငါ့ခြေထောက်တွေများ ပျော့ခွေသွားတာမှ ဒူးထောက်ပြီးတော့ကိုလေ "ရှိသမျှ အကုန်သာ ယူသွား ယူသွားပေးပါ ကျွန်မရဲ့ ဘဝကိုပါ ပေးပါ့မယ် ရည်ရည်မွန်မွန်လေး ဆင်မြန်းပြီးသာ သေရမယ်ဆိုရင် ကျွန်မရဲ့ ဝိဉာဉ်ကအစ ရို့မန်တစ် ဖြစ်နေမှာ သေချာတယ်" လို့ကို အော်ဟစ်ငိုယိုပြီး ပြောလိုက်ချင်တာ"
နောက်တစ်ယောက်က သံယောင်လိုက်လိုက်သည်။
"ဟုတ်တယ် အဲဒါက မူရင်းစာအုပ်ထဲမှာလည်း ရေးထားတယ်လေ သူ့ကို ကယ်ခဲ့တဲ့ အမျိုးသမီးက ပထမဆုံးသားကောင် ဖြစ်သွားတယ် ဆိုပြီးတော့ အဲ့ဒီညမှာ သူမက သူ့ကို အိမ်ခေါ်သွားပေးတဲ့အပြင် ရူးရူးမူးမူးပါ ကြိုက်သွားလိုက်သေးတယ် ဦးနှောက်ရှိတဲ့ မိန်းမသာဆို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ သူစိမ်းကို အိမ်ခေါ်သွားပါ့မလား တစ်ဖက်သူက သူမကို ဆွဲဆောင်နိုင်တာ တစ်ခုခု ရှိနေလို့ပေါ့ သစ်ပင်ပေါက်ကလေး သရုပ်ဆောင်တာကို ကြည့်ပြီးကတည်းက အဲဒါနဲ့ ပတ်သက်ပြီး စိတ်မပူမိတော့ဘူး Stenven Abel ရဲ့ အဓိကဇာတ်ကောင်က ရှောင်ရှုရဲ့ ရုပ်ရည်နဲ့ ထူးကဲထင်ရှားနေတဲ့ နှစ်လိုဖွယ်ကောင်းမှုမျိုးသာ ရှိနေရင် ငါသာဆို ရက်စက်တဲ့ နတ်ဆိုးလို့ သိရင်တောင် အိမ်ကို ခေါ်လာဦးမှာ ဒါကအလှအပကို ကြိုက်တတ်တဲ့သူတွေရဲ့ သဘာဝပဲ ဘယ်လိုနည်းနဲ့မှ ထိန်းချုပ်လို့ မရဘူး ah!''
"ဒါပေမယ့်ဟယ် ငါသာ လင်းလဲ့ယန်ကို ကယ်မိပြီး သူ မျက်လုံးလှိမ့်ပြတာကြီးကို မြင်လိုက်ရမယ်ဆိုရင်လေ ဒီမားမားတော့ နောက်ပြန်ဆုတ်ပြီးတောင် လန့်ဖျတ်ပြီး ပါးရိုက်မိမလားပဲ ငါ့ကို သေလောက်အောင် ခြောက်လှန့်ပြီးတာတောင် နင့်ကို အိမ်ခေါ်သွားစေချင်သေးတာလား ဆုတောင်းနေလိုက်"
"ဟုတ်တယ် ဟုတ်တယ် လင်းလဲ့ယန် သရုပ်ဆောင်ပြသွားတာ အရမ်းမိုက်တယ်ဆိုပေမယ့် ထူးထူးဆန်းဆန်းနဲ့ ကြောက်စရာကြီး ငါသာ အဲဒီ့မိန်းမဆိုရင် သူ့အနားကို မချဉ်းကပ်ရဲပါဘူး ပြီးတော့ သူက သိပ်လည်း မချောဘူးလေ "ဘေးအခန်းက အစ်ကိုကြီး" ဆိုတဲ့ ခံစားချက်လောက်ပဲ ပေးနိုင်တာ ဇာတ်လမ်းရဲ့ တစ်ဝက်လောက်အထိ နစ်နာသူတွေက Stockholm syndrome ခံစားရပြီး ဇာတ်လိုက်ကို ရဲတွေရဲ့ လက်ထဲက လွတ်အောင်ပါ ကူညီပေးခဲ့တာ မဟုတ်ဘူးလား ဒီလိုကိစ္စမျိုးဆိုတာ လုံလောက်တာထက်ပိုပြီး ဆွဲဆောင်မှု ရှိနေမှ ဖြစ်မှာလေ ဟုတ်တယ်မဟုတ်လား ဒါရိုက်တာကသာ လင်းလဲ့ယန်ကို ရွေးခဲ့မိရင် သူ မူရင်းဝတ္ထုကို ဖတ်ကြည့်မိရဲ့လားလို့တောင် တွေးချင်စရာပဲ ဇာတ်လိုက်က တဏှာရူးဆိုပေမယ့် ခပ်မိုက်မိုက်နှာဘူးလေ "ဘေးခန်းကလူ" ပုံစံမျိုးနဲ့ ကြောက်စရာကောင်းတဲ့ နှာဘူးကောင် မဟုတ်ဘူး"
(Stockholm syndrome က ရာဇဝတ်ကောင် ဒါမှမဟုတ် ကိုယ့်ကို ပြန်ပေးဆွဲထားတဲ့သူကိုမှ ပြန်ကြိုက်မိသွားတာမျိုးပါ)
"ရှောင်ကျားရှုရဲ့ သရုပ်ဆောင်တာကကျ နတ်ဆိုးဆန်တယ်ဆိုတဲ့ ခံစားချက်မျိုး ပေးတယ်ကွာ ကြောက်တယ်လို့ ခံစားရတယ် ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ စွဲလမ်းစရာလည်း ကောင်းသေးတယ် လင်းလဲ့ယန်ကကျ သရဲလိုပဲ မချဉ်းကပ်ရဲလောက်တဲ့အထိ ကြောက်တဲ့ ခံစားချက်မျိုး ငါကတော့ ရှောင်ကျားရှုပဲ "
"ငါလည်း ရှောင်ကျားရှုပဲ အစောပိုင်းကတော့ တွေးမိတယ်ကွာ သခင်လေးရှောင်က သူ့မိသားစုနောက်ခံရယ်၊ မျက်နှာလှလှလေးရယ်ကို သုံးပြီး အနုပညာလောကထဲ ဝင်လာတာ ဘာညာပေါ့ ဒါပေမယ့် အခုတော့ ငါ့အတွေးတွေ အကုန်ပြောင်းကုန်ပြီ သူ့ရဲ့ သရုပ်ဆောင်စကေးက ရုပ်ရည်ထက်တောင် ပိုမိုက်နေသေးတယ် တစ်ခွန်းပဲ ပြောမယ် perfect ပဲ"
"....."
မဲပေးသည့်နေရာတွင် အလားတူမှတ်ချက်များ ပြည့်နှက်နေသည့်အတွက် ချိန်ဖမ်းရှင်းမှာ စိတ်ဖိစီးလာတော့သည်။
ဒီနေ့ခေတ် အနုပညာလောကကြီးမှာ ဘာလို့ မျက်နှာကိုပဲ အရူးအမူး စွဲလမ်းတဲ့သူတွေ တအားများလာရတာလဲ "ရုပ်ချောနေသရွေ့ ဘာလုပ်လုပ်မှန်တယ်" ဆိုတဲ့စကားက ဟာသမဟုတ်ဘူးပဲ ...
လင်းလဲ့ယန်အတွက် နောက်ထပ် ရေတပ်တစ်ဖွဲ့ ထပ်ဝယ်ရန် ကြံလိုက်သော်လည်း ပိုက်ဆံမရှိတော့သည့်အတွက် ပြည်သူ့ရေးရာဆက်ဆံရေးဌာနကိုသာ တင်ပြလိုက်ရတော့သည်။
"လဲ့ယန် လူထုဆက်သွယ်ရေးမှာ သုံးမယ့် ကုန်ကျစရိတ်တွေအတွက် ဥက္ကဌကျိကို မြန်မြန်လေး သွားရှာလိုက်ပါဦး ငါတို့ နောက်ထပ် ရေတပ်တွေ ထပ်ငှားဖို့ လိုသေးတယ် ..."
သူက ဤကိစ္စကို ဖြစ်ရိုးဖြစ်စဉ်နှယ် သဘောထားကာ ပြောလိုက်သည်။
တစ်ချိန်လုံး အလုပ်များနေသူကို ကြည့်ရင်း လင်းလဲ့ယန်၏ ရှက်ရွံ့စိတ်တို့ တစ်စထက်တစ်စ တိုးပွားလာတော့သည်။ သူ့ကိုယ်သူ ယုံကြည်မှုမှာလည်း အင်တာနက်သုံးစွဲသူတို့၏ မှတ်ချက်ကြောင့် ပြိုပျက်စပြုနေလေပြီ။ သူ့ဘက်မှ ထောက်ခံအားပေးသူများ ရှိနေသေးသည်ဆိုသော်ငြား အများစုမှာ ချိန်ဖမ်းရှင်း ငှားရမ်းထားသည့် ရေတပ်များသာ ဖြစ်ကာ ချီးကျူးထားသည့် မှတ်ချက်များမှာလည်း တီထွင်ဆန်းသစ်မှုမရှိ၊ အားလုံး တစ်ပုံစံတည်းပင်ဖြစ်သည်။ သူကိုယ်တိုင်ပင်လျှင် ထူးဆန်းသည်ဟု ခံစားနေရရာ အမြင်စူးရှသည့် အင်တာနက်သုံးစွဲသူများကိုမူ ထည့်ပြောနေရန်ပင် မလိုတော့ချေ။
ဒါက သူ့အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် အခွင့်အရေး မဟုတ်ဘဲ ကိုယ့်ကိုယ်ကို အရှက်ခွဲရမယ့် အခွင့်အရေး ဖြစ်နေတာပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလိုက်တာ ...
"ထားလိုက်တော့ အရှုံးပေးလိုက်ပြီ ..."
သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ဆက်မလုပ်နဲ့တော့ တကယ်လို့ လူရွေးပွဲ အောင်ခဲ့ရင် ကံကောင်းလို့ မအောင်ရင်လည်း ကံစီမံရာအတိုင်းပဲပေါ့ ငါ့အသက်က ငယ်ပါသေးတယ် နောက်ထပ် အခွင့်အရေးတွေ အများကြီး ရလာဦးမှာပါ ..."
"မရဘူး ဒါရိုက်တာဟူမင်က မင်းကို မျက်စိကျနေတာလေ ဘာလို့ အရှုံးပေးရမှာလဲ မင်းအတွက် မဲပိုရလာအောင် ရေတပ်တွေ ထပ်ဝယ်မှဖြစ်မယ် ..."
ချိန်ဖမ်းယွီ၏ အကောင်းဆုံး အရည်အချင်းမှာ လေ့လာစူးစမ်းမှုအားကောင်းခြင်းနှင့် သူရှာတွေ့ထားသည့် အခွင့်အရေး တစ်ခုကိုမှ လက်လွတ်မခံနိုင်ခြင်းဖြစ်သည်။
ဒါရိုက်တာ ဟူမင်က လဲ့ယန်ကို မရွေးဘူးဆိုရင်တောင် ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ကျော်ကြားမှု မြင့်တက်လာအောင် လုပ်လို့ရသားပဲ ဘယ်လိုဖြစ်ဖြစ် အကျိုးမယုတ်ဘူးလေ ...
လင်းလဲ့ယန်က တစ်ခုခု ပြောလိုက်မည် ပြင်နေစဉ်မှာပင် ရေခဲရိုက်မျက်နှာထားနှင့် ဖန်ခွင်းရောက်လာကာ အလေးအနက် ပြောလိုက်သည်။
"ကျိကောက မင်းတို့ကို ရှာနေတယ် နှစ်ယောက်စလုံးကို ..."
နှစ်ဦးသား အပူတပြင်းနှင့် ရုံးခန်းထဲသို့ သွားလိုက်ကြရာ ဖုန်းပြောနေသော ကျိမြန်ကို တွေ့လိုက်ရသည်။ တစ်ဖက်သူက ဘာပြောနေသလဲ မသိရသော်ငြား ကျိမြန်၏ အမူအယာမှာမူ အလွန်လေးနက်နေဟန်ပင်။ သူက စားပွဲကို တတောက်တောက် ခေါက်လျက် ကတိပေးလိုက်သည်။
"မပူပါနဲ့ အင်တာနက်ပေါ်က လူထုအမြင်ကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ် ထပ်တိုးရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ကတော့ ပြဿနာ မရှိပါဘူး လိုအပ်တဲ့ ငွေကြေးပမာဏကို ဆုံးဖြတ်ပြီးရင် ကျွန်တော့်ကို အကြောင်းကြားပေးပါ သက်ဆိုင်ရာဌာနနဲ့ တိုင်ပင်ပြီး အကဲဖြတ်လိုက်ပါ့မယ် ဟုတ်ကဲ့ ပူပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ..."
သူက ဖုန်းကိုချကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"အခု ငါ ဖုန်းပြောနေတာ ဘယ်သူလဲသိလား ..."
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းနှစ်ဦးလုံး ခေါင်းကို ပြိုင်တူ ယမ်းခါလိုက်ကြသည်။
"ဒါရိုက်တာဟူမင်... သူက လူရွေးပွဲပြီးကတည်းက မင်းကို အဓိကဇာတ်လိုက်အဖြစ် ရွေးချယ်ဖို့ ထုတ်လုပ်သူတွေအများကြီးနဲ့ လိုက်ပြီး ညှိနှိုင်းနေခဲ့တာ ဒါပေမယ့် လူထုက ရှောင်ကျားရှုကို ပိုပြီး သဘောကျနေကြလို့ မင်းနေရာမှာ ရှောင်ကျားရှုကို အစားထိုးဖို့ ..."
လင်းလဲ့ယန်၏ မျက်နှာမှာ ရုတ်ချည်း ဖြူလျော်သွားကာ ဖန်ခွင်းက သူ့ဆံပင်သူ ပြန်ဆွဲလိုက်သည်။ ရလဒ်မှာ ဤသို့ ဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထား။ အကယ်၍သာ ထုတ်လုပ်သူများက လင်းလဲ့ယန်ကို ရွေးမည်ဟု ကြိုသိခဲ့ပါလျှင် လုံးဝ စိတ်ပူနေမည် မဟုတ်ချေ။
သတင်းအမှားတွေကို ဘယ်ကောင် သယ်လာတာလဲကွ သေတဲ့အထိကို ရိုက်သတ်ပစ်ဦးမယ် ...
ကျိမြန်က လင်းလဲ့ယန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမယ့် ရှောင်ကျားရှုက ငြင်းလိုက်တယ် ..."
ဒါရိုက်တာက သူ့ကို ပထမဦးစားပေးအနေနဲ့ မရွေးတဲ့ ရုပ်ရှင်မျိုးမှာ မပါဝင်ချင်ဘူး ရုပ်ရှင်ဆိုတာက အင်တာနက်သုံးစွဲသူတွေရဲ့ အမြင်လည်း မဟုတ်သလို မူရင်းစာရေးသူရဲ့ အမြင်လည်း မဟုတ်ဘူး ဒါရိုက်တာတစ်ယောက်တည်းရဲ့ အမြင်တဲ့ စာပေကလည်း အနုပညာ၊ ရုပ်ရှင်ကလည်း အနုပညာပဲ နှစ်ခုစလုံးက သီးသန့်စရိုက်လက္ခဏာကို ဖော်ကျူးနိုင်တဲ့ အနုပညာလက်ရာတွေ လူတိုင်းက ဒါရိုက်တာရဲ့ အမြင်ကို သဘောမတူရင်တောင် ဒါရိုက်တာကတော့ မဆုတ်မနစ် ကြိုးစားနေရမှာတဲ့ ..."
ထိုစကားများမှာ ဒါရိုက်တာဟူမင်၏ ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားကာ ရှောင်ကျားရှုအပေါ် သူ့အမြင်မှာလည်း လုံးဝဥဿုံ ပြောင်းလဲသွားတော့သည်။ အင်တာနက်သုံးစွဲသူများက ရှောင်ကျားရှုကို တစ်ဖက်သတ် ထောက်ခံသည့်တိုင် သူ့ရွေးချယ်မှုက မှားယွင်းသည်ဟုလည်း မခံစားရပေ။ သို့သော် သူသည် စီးပွားဖြစ်ရုပ်ရှင်ဒါရိုက်တာ ဖြစ်သည့်အတွက် ရုံဝင်ကြေးကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ ရှောင်ကျားရှုနှင့် ဆက်သွယ်ပြီးကာမှ ဤမျှ ထူးချွန်သော သရုပ်ဆောင်တစ်ဦးကို လက်လွတ်ခံလိုက်ရကြောင်း နားလည်သွားတော့သည်။ တစ်ဖက်သူကသာ Love Chaser တွင် ပါဝင်မည်ဟု သဘောတူလိုက်ပါလျှင် ရလဒ်မှာ သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းနှင့် သွေဖယ်သွားတော့မည်ဖြစ်သည်။
ဟူမင်က ထိုကိစ္စကိုသာ ဆက်တိုက် တွေးနေမိသည့်အတွက် ကျိမြန်နှင့် ဖုန်းပြောနေရင်းပင် များစွာ ချီးကျူးမိလိုက်တော့သည်။
သူ၏ ခေါင်းမာမှုအပေါ် ပထမဆုံးအကြိမ် နောင်တရသွားတော့သည်။ ထို့အပြင် ကူကယ်ရာမဲ့နေသည့် ကျိမြန်မှာလည်း နက်နက်ရှိုင်းရှိုင်း ထိရှသွားတော့သည်။ ရှောင်ကျားရှု၏ စကားအပေါ် ထိရှသွားပြီး ကူကယ်ရာမဲ့မှုမှာမူ လင်းလဲ့ယန်ကြောင့်ဖြစ်သည်။ သူက ပြည်သူ့ဆက်ဆံရေးဌာနကို စာပို့ကာ သူ့ရှေ့တွင် ရပ်နေသူနှစ်ဦးကို ပြောလိုက်သည်။
"ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ပြီးတော့ အဓိကဇာတ်ကောင်နေရာကို လဲ့ယန်အတွက် ဆွဲထားပေးလိုက်တယ် ..."
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့ နှစ်ဦးလုံးမှာ ခေါင်းမဖော်နိုင်လောက်အောင်ပင် ရှက်ရွံ့သွားရတော့သည်။
Xxxxxxx