အပိုင်း ၆၃
Viewers 57k

Chapter 63


ကျိကောက ဘာလို့ ဒီလိုကြီး ဆုံးဖြတ်လိုက်တာလဲ ဘယ်ဟာကများ သူ့ကို စိတ်ပြောင်းဖို့ တွန်းအားပေးလိုက်တာလဲ ထပ်ပြီး ဂရုမစိုက်တော့ဘူးလို့ ပြောတာ သူ့အတွက် ငါက အရေးမကြီးတော့လို့လား ... 


လင်းလဲ့ယန်မှာ တွေးလေလေ ပိုပြီး စိတ်ပူပန်လာမိလေဖြစ်သည်။ နဖူးကို တံခါးနှင့်ကပ်ထားသည်မှာ ပြင်းပြင်းထန်ထန် တိုက်ချလိုက်ချင်သည့်နှယ်။


 တံခါးအတွင်းဘက်ရှိ ကျိမြန်မှာမူ ပို၍ပင် စိတ်ပျက်နေသေးသည်။ 


ဒါလည်း မဟုတ်ဘူး ဒီဟာဆိုလည်း မမှန်သေးဘူး သူ့မှာ လူတွေရဲ့ အတွေးကို မြင်ရတဲ့စွမ်းရည် ရှိတော့ရော ဘာထူးလဲ လင်းလဲ့ယန် တကယ်လိုချင်တာက ဘာဆိုတာကိုတောင် မသိသေးဘူးလေ ... 


တစ်ဖြည်းဖြည်း လေးနာရီထိုးလာချိန်တွင် ဥရောပမှ ပြန်ရောက်လာကာစ ရှောင်တင်းပန်းက ဒရိုင်ဘာကို ပြောလိုက်သည်။ 


"အိမ်မပြန်ဘူး ချန်းယွဲ့ဟော်တယ်ကို အရင်သွားမယ် ငါမှတ်မိသလောက်ဆို ဒီနေ့က ရှောင်ရှုနဲ့ စာချုပ်လက်မှတ်ထိုးရမယ့်နေ့ မဟုတ်လား ..."


"ဟုတ်ကဲ့ပါ ..." 


ကားမောင်းသူက ချန်းယွဲ့ရေပူစမ်း အပန်းဖြေဟော်တယ်သို့ လမ်းကြောင်းပြောင်းလိုက်သည်။ 


သူ့ဘေးတွင် ထိုင်နေသည့် အတွင်းရေးမှူးအမျိုးသမီးက တစ်ခုခုပြောမည် ပြင်လိုက်သော်လည်း အဆုံးတွင်တော့ ဘာမှ မပြောဖြစ်တော့။ 


ဖိတ်ကြားထားသည့် သတင်းထောက်များအားလုံး ရောက်နှင့်နေကြပြီဖြစ်ကာ ၎င်းတို့နောက်တွင်တော့ ရွမ်လင်ယီနှင့်အတူ အပန်းဖြေစခန်း၏ စီမံခန့်ခွဲရေးအပိုင်းမှ အကြီးတန်းအရာရှိတစ်ဦး အတူတူ ရောက်ရှိလာတော့သည်။ ရယ်ကာမောကာဖြင့် အတူတူ ဝင်လာကြပုံမှာ အလွန် သဟဇာတဖြစ်နေသည့်နှယ်။ အကြီးအကဲများ ဝန်းရံကာ ဝင်လာသော ချောမောခန့်ညားသည့် လူငယ်လေးက ရွမ်လင်ယီအတွက် ထိုင်ခုံတစ်ခုံ ဆွဲထုတ်ပေးကာ မိုက်ခရိုဖုန်းကိုပါ သူမအရပ်နှင့် အဆင်ပြေအောင် ချိန်ညှိပေးပြီးကာမှ ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


ထိုသူမှာ အပန်းဖြေစခန်း၏ CEO ရှောင်တင်းပန်း၏ ဝမ်းကွဲ ရှောင်တင်းကျယ်ဖြစ်သည်။ သူက အားလုံးကို ပြုံးကာကြည့်လျက် ပြောလိုက်သည်။ 


"ဒီနေ့ စာချုပ်လက်မှတ်ရေးထိုးပွဲကို တက်ရောက်လာပေးကြတဲ့အတွက် အားလုံးကို‌ ကျေးဇူးတင်ပါတယ် မစ်ရွမ်လင်းယီကို ချန်းယွဲ့ရေပူစမ်းအပန်းဖြေစခန်းရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေငြာ ..." 


သူ့စကားပင် မဆုံးသေး။ ချောမောခန့်ညားလှသည့် အရပ်ရှည်ရှည်အမျိုးသားတစ်ဦး ရောက်လာကာ မျက်ခုံးအစုံကို ပင့်တင်လျက် ပြောလိုက်သည်။ 


"ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရွမ်လင်ယီ ဟုတ်လား ဘယ်တုန်းကများ ပြောင်းလိုက်ပါလိမ့် ..."


သတင်းထောက်တို့၏ ကင်မရာမီးရောင်များက ထိုသူထံ တဖျတ်ဖျတ် ကျရောက်သွားတော့သည်။ ဤသူမှာ အခြားမဟုတ်၊ ရှောင်မိသားစု၏ ပဲ့ကိုင်ရှင် ရှောင်တင်းပန်းပင် ဖြစ်သည်။ အစောပိုင်းက တည်ငြိမ်နေခဲ့သည့် ရှောင်တင်းကျယ်မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ကိုယ်ကိုကိုင်းညွတ်ရင်း ပြောလိုက်သည်။ 


"ကော ... ကော ... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ ..." 


ရွမ်လင်ယီက နားထင်ဘေးနားတွင် ကျဆင်းနေသည့် လှိုင်းတွန့်ဆံပင်များကို ကပိုကရိုသိမ်းကာ ပြောလိုက်သည်။ 


"ဟယ်လို မစ္စတာရှောင် ရှင်နဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ် ..." 


ရှောင်တင်းပန်းက သူတို့ကို လျစ်လျူရှုကာ လူအုပ်ကြားထဲ ပိုက်စိတ်တိုက်ရှာလိုက်သည့်တိုင် သူ့ညီလေးကို မတွေ့ရ။ ထိုအစား အတွင်းရေးမှူး၏ ပျာယာခတ်နေသော အမူအယာကိုသာ သတိထားမိလိုက်သည်။ airplane mode တင်ထားသည်ကို ပြန်ဖြုတ်လိုက်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်သည့်အခါ ၂ နာရီထိုးခါနီးတွင် သူ့ညီထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်ထားကြောင်း တွေ့လိုက်ရသည်။ သိူ့သော် ထိုအချိန်က လေယာဉ်ပေါ် ရောက်နေသဖြင့် မကိုင်လိုက်ရ။ နောက်ပိုင်းတွင်လည်း ဟော်တယ်သို့ အလောတကြီး ပြန်လာသည့်အတွက် ဖုန်းပြန်ဖွင့်ရန် မေ့သွားခဲ့သည်။ 


တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည့်အတွက် ခန်းမထဲ ဖြည်းဖြည်းချင်း ဝင်လာကာ အဓိကထိုင်ခုံတွင် ထိုင်လိုက်သည်။ သတင်းထောက်များ၏ ပေါကြောင်ကြောင်မေးခွန်းများကို လျစ်လျူရှုထားပြီး အင်တာနက်ဖွင့်ကြည့်လိုက်ချိန်တွင် သူသိလိုသည်များမှာ ရှာနေစရာပင် မလို၊ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာတော့သည်။ 


သူ့ညီလေးက နိုင်ငံခြားမှာ ကားမောင်းပြိုင်တယ်၊ ဆေးသုံးတယ်၊ လူသတ်တယ်၊ မုဒိန်းကောင်ကိုတောင် ကူညီလိုက်သေးတယ် ဟုတ်လား ဒါတွေက ဘယ်တုန်းက ဖြစ်သွားတာလဲ ... 


သူ၏ ယခင်ကတည်းက အေးစက်နေသည့် မျက်နှာထားမှာ ယခုမူ ရေခဲတောင်တစ်တောင်နှယ် အစွမ်းကုန် အေးစက်နေပေတော့သည်။ ဆူညံပွက်လောရိုက်နေသည့် သတင်းထောက်များကလည်း အခြေအနေကို အကဲခတ်မိ၍ ရုတ်တရက် အသံတိတ်သွားတော့သည်။ ဆယ်မိနစ်ခန့်အကြာ၌ သူက လူအုပ်ကို ဝေ့ဝဲကြည့်ကာ အလေးအနက် ပြောလိုက်သည်။ 


"ဒီနှစ်ထဲမှာ အသက် ၂၀ ပြည့်တော့မယ့် ကျွန်တော့်ညီလေး ရှောင်ကျားရှုကို မိတ်ဆက်ပေးချင်ပါတယ် နှစ်နှစ်ဆက်တိုက် အမြင့်မားဆုံး ရလဒ်တွေနဲ့အတူ Wharton စီးပွားရေးတက္ကသိုလ်ကနေ မဟာဘွဲ့ ရထားခဲ့ပြီးတော့ အကျင့်ဆိုးမရှိ၊ အကျင့်စာရိတ္တ ချို့ယွင်းချက်မရှိ၊ သည်းမခံနိုင်လောက်စရာ အတိတ်ဆိုးတွေ မရှိတဲ့အကြောင်းကိုတော့ အားလုံးကို သက်သေပြနိုင်ပါတယ် ..." 


ထို့နောက် ချန်းယွဲ့၏ တရားဝင် WeChat မှာ စာနှစ်စောင်ကို ဖျက်ပစ်ကာ ရွမ်လင်ယီကို ပြောလိုက်သည်။ 


"ဒီဘက်က မိန်းကလေး မင်း ဘယ်သူလဲ‌ဆိုတာ မသိပေမယ့် ‌မင်းရောက်နေတဲ့နေရာက မှားနေတယ် ငါ့ညီ အပုပ်ချခံရတဲ့ကိစ္စက မင်းနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ တရားရင်ဆိုင်ဖို့ကိုသာ ပြင်ဆင်ထားလိုက်ပါ အဆုံးအထိ တရားစွဲသွားမှာဖြစ်လို့ ..." 


မာနတလူလူဖြစ်နေသည့် ယွမ်လင်ယီက ရုတ်ချည်း ဖြူလျော်ကာ တဆတ်ဆတ် တုန်ရီသွားတော့သည်။ 


"မစ္စတာရှောင် နားလည်မှုလွဲနေပြီထင် ..." 


"လုံခြုံရေးတွေ ... သူမကို ဆွဲထုတ်သွား ဒီနေ့အခမ်းအနားကို ဖျက်သိမ်းလိုက်ပြီ ..." 


ရှောင်တင်းပန်းမှာ အမြဲလိုလို ဤပုံစံအတိုင်းပင်။ သူ သဘောမတွေ့ပါလျှင် နေရာတွင်ပင် ပြောင်းပြန်လှန်ပစ်တတ်သူဖြစ်သည်။ 


ဟုတ်တယ် ငါက EQ နိမ့်လို့ ဒီလိုမျိုး တိုက်ခိုက်တာ မင်းရဲ့ EQ က မြင့်ရင် သည်းခံလေ ... 


ရွမ်လင်ယီက သူမ၏ ပုံရိပ်ကို ထိန်းသိမ်းရန် အလို့ငှာ ခန်းမထဲမှ ချက်ခြင်း ထွက်သွားလိုက်သည်။ ‌ခြေထောက်ချလိုက်သည့်အချိန်တွင် ဒူးတို့ ပျော့ခွေကျလာသည့်အတွက် နှာခေါင်းတွင် ဒဏ်ရာရသွားကာ မျက်နှာတစ်ခုလုံး ဖူးယောင်လာတော့သည်။


 ရှောင်တင်းကျယ်က အံကိုကြိတ်လျက် ပြောလိုက်သည်။ 


"ကောကော ပြောစရာရှိတယ်ဆိုလည်း ပွဲပြီးတဲ့အထိ စောင့်ပါလား ဒီလောက်ကြီးအထိ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပစ်ဖို့ လိုလို့လား ကုမ္ပဏီရဲ့ပုံရိပ် ပျက်စီးသွားမှာကို မစဉ်းစားတော့ဘူးလား ..." 


"မင်းတောင် အမဲနဲ့ အဖြူ ပြောင်းပြန်ဖြစ်သွားမှာကို မကြောက်တာ ငါကရော ဘာလို့ ကုမ္ပဏီရဲ့ပုံရိပ် ပျက်စီးသွားမှာကို ကြောက်နေရဦးမှာလဲ ရှောင်ရှုက ငါ့ညီလေး ဒီအချက်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ..." 


သူက ရှောင်တင်းကျယ်ကို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ သတိပေးလိုက်သည်။ 


"အဲဒီ့ညတုန်းက ရှောင်ရှုသာ အနုပညာလောကရဲ့ ကောလဟာလတွေထဲမှာ ပါလာခဲ့ရင် သူ့ကို မိသားစုကနေ နှင်ထုတ်ပြီး ရှယ်ယာငါးရာခိုင်နှုန်းကိုပါ ပြန်သိမ်းမယ်လို့ အဘိုးက ထပ်ကာထပ်ကာ မပြောခဲ့ရင် ဒီနေ့လိုကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး ..." 


ရှောင်ရှုသာ မောင်းထုတ်ခံရရင် ဘယ်သူက အကျိုးအမြတ် အများဆုံး ရမှာလဲ ရွမ်လင်ယီတော့ မဟုတ်တာ သေချာတယ် သူ့ညီတွေပဲ ရမှာပေါ့ ရှယ်ယာငါးရာခိုင်နှုန်းဆိုတာကလည်း တစ်ယောက်စီ ညီတူညီမျှ ခွဲယူလိုက်ရင်တောင် တစ်နှစ်တစ်နှစ် ရတဲ့ပိုက်ဆံက နည်းမှမနည်းတာ ...


ရှောင်တင်းပန်းက သရော်ကာ ခေါင်းတယမ်းယမ်းဖြင့် ပြန်ထွက်သွားလိုက်တော့သည်။ မေးခွန်း‌မေးနေသည့် သတင်းထောက်များနှင့် ပျာယာခတ်နေသော အကြီးအကဲများကိုမူ ဂရုပင်မစိုက်။ ကားထဲသို့ မဝင်မီ အတွင်းရေးမှူးကို လက်ယမ်းပြလိုက်သည်။ 


"မင်းကို အလုပ်ဖြုတ်လိုက်ပြီ ..." 


သူမက နောင်တရမိသော်ငြား နောက်ကျသွားချေပြီ။ ရှို့ချန်ယုက စာချုပ်အကြောင်း လာပြောချိန်တွင် မစ္စတာရှောင်က ခေါင်းပင် မော့မကြည့်ဘဲ ပြောခဲ့သည်။ 


"သူ့ကိုပေးလိုက် ..." 


ခပ်ပြတ်ပြတ် စကားသံမှာ သူတောင်းစားကို စားစရာပေးနေသည့်နှယ်ပင်။ ထိုအချိန်က သူမသည် မစ္စတာရှောင်မှာ ဒုတိယသခင်လေးကို မမြင်ချင်ဟု ယူဆလိုက်မိသည့်အတွက် စတုတ္ထသခင်လေး၏ ကမ်းလှမ်းမှုကို လက်ခံကာ ပြည်တွင်းသတင်းများကို ကူညီဖုံးဖိပေးခဲ့မိခြင်းဖြစ်သည်။ 


သို့သော် ယခုမူ နားလည်သွားချေပြီ။ သူဂရုမစိုက်သည်မှာ ဒုတိယသခင်လေးမဟုတ်၊ ထောက်ခံချက်အတွက် စာချုပ်ကိုသာ ဖြစ်သည်။ သူ့အဖို့ ကြော်ညာကြေး ဆယ်သန်းမှာ သူ့ညီလေးကို ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်မည့် ပစ္စည်းမျှသာ ဖြစ်ပေသည်။ 


ဘယ်သူကများ သူ့ညီလေးကို ဂရုမစိုက်ဘူးလို့ ပြောလဲ ဂရုစိုက်တာမှ ဟိုဘက်တောင် လွန်လို့ ... 


ကားထဲသို့ ဝင်ပြီးနောက် ရှောင်တင်းပန်းက missed call များကို ငေးကြည့်လိုက်သည့်တိုင် ပြန်လည်း မဆက်သွယ်ရဲတော့။ ရှောင်ရှုသည် အသက်ဆယ်နှစ်မတိုင်ခင်အထိ သူ့နောက်မှ တကောက်ကောက် လိုက်နေတတ်သော်ငြား သူကတော့ ညီဖြစ်သူအပေါ် စိတ်မရှည်ခဲ့။ အတန်းဖော်များနှင့် ကစားနိုင်ရန် ရှောင်ရှုကို တမင်တကာ ချန်ထားခဲ့၍သာ မဟုတ်ပါလျှင် သူလည်း ပြန်ပေးဆွဲခံခဲ့ရမည် မဟုတ်ချေ။ နှစ်ပေါင်းများစွာကြာသည့်တိုင် အပြစ်မကင်းစိတ်တို့ ရှိနေသေးသော်ငြား မည်သို့ပြင်ဆင်သင့်မှန်းလည်း မသိချေ။ ရှောင်ရှုက သူ့အား မုန်းတီးနေမည်ကို ကြောက်ရွံ့မိသဖြင့် သူ့ဆန္ဒတို့ကိုသာ အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့သည်။ 


ရှောင်ရှုသာ အလုပ်မလုပ်ရန် ဆုံးဖြတ်ထားပါလျှင် အလုပ်လုပ်ရန်မလို။ ဆံဖြူသွားကျိုးသည်အထိ လည်ပတ်ကစားရင်း အချိန်ဖြုန်းချင်လျှင်ပင် သူက ရှောင်ရှုကို ထောက်ပံ့ပေးနေဦးမည်ဖြစ်သည်။ ရှောင်ရှုက သရုပ်ဆောင်လုပ်လိုပါလျှင် စိတ်ကြိုက် သရုပ်ဆောင်ခိုင်းကာ ကျန်ဖိအား အားလုံးကို သူတစ်ယောက်တည်း ခါးစည်းခံလိုက်မည်။ သို့သော် ရှောင်ရှုအနားသို့ မချဉ်းကပ်ရဲသည့် သူ့အပြုအမူကို တစ်ခြားသူများက နားလည်မှုလွဲသွားလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့ချေ။ 


အတိုချုပ်ပြောရရင် တော်တော်ကို ဆိုးဝါးရက်စက်ခဲ့မိတာပဲ ... 


သူ့ရင်ဘက်တစ်ခုလုံး အပြင်းအထန် ဖောင်းတက်လာတော့သည်။ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ရှောင် ဆေးဝါးလုပ်ငန်းစု၏ တရားဝင် Weibo ကို ဖွင့်ကာ ပို့စ်တစ်ခု တင်လိုက်သည်။ 


"@ သစ်ပင်ပေါက်ကလေး ဒါက ငါနဲ့ သွေးသားတော်စပ်တဲ့ ငါ့ညီလေးအရင်းပဲ " 


ရှောင်တင်းပန်းသည် သူ၏ သန်မာသော အရည်အချင်းနှင့် ပြောင်မြောက်လှသော ရလဒ်တို့ကြောင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းတွင် လူသိများထင်ရှားသူဖြစ်သည်။ ငယ်ရွယ်ချောမောကာ အရည်အချင်းနှင့်လည်း ပြည့်စုံသည့်အတွက် follower အရေအတွက်မှာ များပြားလှပေသည်။ ရေခဲတုံးအာဏာရှင်ကြီးစရိုက်ကို ရုတ်ချည်း ပြောင်းလဲကာ သူ့ညီလေးဘက်မှ ရှေ့ထွက်ရပ်တည်ပေးလိုက်သည့်အတွက် မြင်သူတိုင်း လွန်စွာ အံ့ဩသွားကြတော့သည်။ 


ဤကိစ္စများ မတိုင်ခင်က ရှောင်ကျားရှု၏ ဘဝမှာ လျှို့ဝှက်မှုတို့ ပြည့်နှက်နေသည်။ အချို့က သူသည် ရှောင်မိသားစု၏ သွေးသား ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသော်ငြား ရှောင်မိသားစုက တစ်ခွန်းတစ်လေမှပင် ရှင်းမပြခဲ့သည့်အတွက် နောက်ခံမရှိသည့် သာမန်လူချမ်းသာတစ်ဦးဟုသာ တွေးလိုက်ကြတော့သည်။ 


သို့သော် ရှောင်တင်းပန်း၏ ရုတ်ချည်း တိုက်ခိုက်မှုအောက်တွင် လူအများအပြား အလူးအလဲ အသက်ပါကုန်ကြတော့သည်။ ရှောင်ကျားရှုကို ပြစ်တင်ပြောဆိုစွပ်စွဲထားသည့် ဖျော်ဖြေရေးသမားများနှင့် အနုပညာရှင်များမှာ ကြက်ပေါက်စလေးများနှယ် အသံတိတ်သွားကြကာ သူ့ကို ဆက်လက်ရွဲ့စောင်းရန် မဆိုထားနှင့် အသက်ပင် ပြင်းပြင်းမရှူရဲကြတော့ပေ။ 


သို့သော် ပြည်သူလူထုမှာမူ ရှောင်တင်းပန်းကို ကြောက်ရွံ့နေရန်မလို။ သူတို့က ရှောင်ကျားရှုသည် အခြားသူများကို အနိုင်ကျင့်ခဲ့သည့် ဆန်ကုန်မြေလေးကောင်ဟုသာ ယုံကြည်ထားခဲ့ကြပြီး သူ့မိသားစုမှာ မည်မျှပင် အာဏာကြီးမားပါစေ ဥပဒေအရ အပြစ်ပေးခြင်းကို ခံရမည်ဟု ပြောလာကြသည်။ နိုင်ငံရပ်ခြားတွင် လူသတ်ခဲ့ခြင်းသည်လည်း ရာဇဝတ်မှုပင်ဖြစ်ရာ သေချာပေါက် ထောင်ဒဏ်ကျခံရမည်ဖြစ်သည်။ 


လူထုက တစ်ဖန် ဆူပူထကြွလာကြပြန်သော်ငြား ရှောင်ကျားရှုမှာ သူတို့ကို အာရုံစိုက်ရန် ရည်ရွယ်ချက်ပင် မရှ်ိချေ။ Weibo ကို ကြည့်နေရင်း အမြင်မှားမည်ကို စိုးရွံ့စိတ်ဖြင့် မျက်စိကို ကြိမ်ဖန်များစွာ ပွတ်သပ်လိုက်သည်။ 


"အမေ့ အစ်ကိုကြီးရဲ့ ပို့်စ်ကို တွေ့ပြီးပြီလား သားက သူ့ရဲ့ သွေးသားတော်စပ်တဲ့ ညီလေးတဲ့ ..." 


"တင်းပန်းက လူကောင်းလေးပါ မင်းအဖေလို မဟုတ်ဘူး ..." 


‌ရွှယ်မြောင်က စိတ်အေးသွားလေဟန်ဖြင့် ပြောလိုက်သည်။ 


"အိုကေ ဖုန်းကြည့်မနေနဲ့တော့ တို့တွေဘက်ကလည်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပြင်ရတော့မယ်လေ အဝတ်အစားသွားလဲတော့ ..." 


ရှောင်ကျားရှုက ဝမ်းသာအားရ သဘောတူလိုက်ကာ အဝတ်အစား ပြင်ဆင်ရန် သူမနောက်မှ လိုက်လာလိုက်သည်။ ဖြစ်ရပ်ဆိုးများ အများအပြား ဖြစ်သွားသည့်တိုင် အစ်ကိုကြီး၏ အသိအမှတ်ပြုခြင်းကို ရလိုက်ခြင်းသည် အဆိုးထဲမှ အကောင်းပင်ဖြစ်သည်။ 


၂၆ လွှာတွင် လင်းလဲ့ယန်က စီနီယာအစ်ကိုအစ်မများနှင့်အတူ ချန်းယွဲ့ဟော်တယ်ရှိ လက်မှတ်ထိုးပွဲကို ကြည့်နေလိုက်သည်။ ရှောင်တင်းပန်း ဝင်လာကာ အလောတကြီး ပြန်ထွက်သွားကြောင်း တွေ့လိုက်ရချိန်တွင် အားလုံး ရှက်ရွံ့သွားကြတော့၏။ စီနီယာအစ်မက နှမြောတသ ရေရွတ်လိုက်သည်။ 


"ချောလိုက်တာဟယ် ရှောင်ကျားရှုရဲ့ နောက်ခံက ဒီလောက်အထိ နက်ရှိုင်းလိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး ရွမ်လင်ယီက ထောက်ခံချက်ကို လုယူရုံတင် မကဘူး ရှောင်မိသားစုခေါင်းဆောင်ကိုပါ တပ်မက်လိုက်သေးတယ် ဒီမိန်းမ‌ကတော့ သေချင်နေတာပဲ ..." 


စီနီယာအစ်ကိုက ခေါင်းကိုယမ်းကာ ငြင်းဆန်လိုက်သည်။ 


"ရှောင်မိသားစုကမှ ရူးနေတာ မဟုတ်ဘူးလား သေတဲ့အထိ တွန်းချခံနေရ‌တာတောင် ဘာရှင်းလင်းချက်မှ ထုတ်ပြန်မလာဘူး ဒီအမည်းစက်ကိုသာ သေချာ မရှင်းလင်းနိုင်ရင် ဘော့စ်ကျိမြန်ပါ ဆွဲထည့်ခံရတော့မှာလေ အခု အင်တာနက်သုံးစွဲသူတွေက ဒီလိုအကြောင်းအရာမျိုးတွေပေါ်မှာ ပိုပိုပြီး အာရုံစိုက်လာကြပြီ အထိခိုက်မခံနိုင်လေ ဖြေရှင်းဖို့ ခက်လေပဲ သက်သေအခိုင်အမာ ပြနိုင်ရင်တော့ တစ်မျိုးပေါ့ ..." 


Xxxxxxx