Chapter 55
လင်းလဲ့ယန်မှာ ဘာလုပ်၍ လုပ်ရမည်မှန်း မသိတော့။ ခေါင်းကိုသာ အသည်းအသန် ခါယမ်းပြလိုက်တော့သည်။
"မရဘူး ကျွန်မ ငိုလို့မရဘူး ..."
"ဘာလို့လဲ ..."
ကျိမြန်က စိတ်ရှည်ရှည်ထားကာ မေးလိုက်သည်။
"မိတ်ကပ်လိမ်းထားတာတွေ ပျက်သွားလိမ့်မယ် ..."
မိတ်ကပ်ပျက်သွားရင် ယောကျာ်းလေးမှန်း လူသိသွားမှာပေါ့ ...
ဟုတ်တယ် ဒါက ခိုင်မာတဲ့ အကြောင်းပြချက်ပဲ ၁၀၁ မှတ်ပေးမယ် အပိုတစ်မှတ်ကတော့ မိန်းကလေးယောင်ဆောင်ရမှာ မကြိုက်တဲ့ ငါ့ကိုယ်ငါ ပြန်ဆုချတာပေါ့ ...
ကြည့်နေသူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြကာ ကျိမြန် မည်သို့မည်ပုံ တုန့်ပြန်မည်ကို စောင့်မျှော်နေလိုက်ကြတော့သည်။
ကျိမြန်က တံခါးဝနားသို့ လျှောက်သွားကာ လက်တစ်ဖက်ကို အသာဆန့်ထုတ်လျက် ပြောလိုက်သည်။
"ဒါဆို ထွက်သွားလို့ရပြီ ဆိုလည်းမဆို၊ ကလည်းမကနိုင်တဲ့အပြင် သရုပ်ဆောင်နေတဲ့အချိန်မှာလည်း ပုံရိပ်ထိခိုက်မှာ ကြောက်သေးတယ် ဒီအတိုင်းသာဆို ငါတို့အနေနဲ့ မင်းကို လေ့ကျင့်မပေးနိုင်ဘူး တကယ်လို့ အနုပညာလောကထဲကို ဝင်ချင်တယ်ဆိုရင်တော့ မော်ဒယ်လုပ်ဖို့ပဲ အကြံပေးချင်တယ် ..."
လဲ့ယန်ရေ နတ်ဘုရားကျိက မင်းကို အလှပန်းအိုးလို့ ပြောလိုက်တာပဲကွ ဟားဟားဟားဟား ထင်ထားသလိုပဲ နတ်ဘုရားကျိကတော့ လူတွေကို ရိုင်းစိုင်းတဲ့စကားလုံး မသုံးဘဲနဲ့ကို အပြစ်ထောက်ပြနိုင်တာပဲ ဒီလို လှပတဲ့ မိန်းကလေးနဲ့ မျက်နှာချင်းဆိုင် ထိုင်နေရတာတောင် စီးပွားရေးအကြောင်း တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တယ်နော် ဒါက စိတ်ဓာတ်ခိုင်မာမှုရဲ့ စွမ်းအားပဲ နတ်ဘုရားကျိကို like တွေ သောင်းနဲ့ချီပြီး ပေးလိုက်ကြရအောင် ...
အလားတူမှတ်ချက်များက တိုက်ရိုက်ထုတ်လွှင့်သည့် စာမျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ like ပေးသည့် အရေအတွက်မှာလည်း စံချိန်ကျော်လွန်သွားတော့သည်။
ဖုန်းစခရင်ကို မျက်စိဒေါက်ထောက်ကြည့်နေသည့် ချိန်ဖမ်းရှင်းမှာ စိတ်လှုပ်ရှားလွန်း၍ လေဖြတ်တော့မလိုပင်။
ဖာ့ခ် မိနစ်ပိုင်းလေးပဲ လူရွေးပွဲ လုပ်လိုက်တာနဲ့တင် ပိုက်ဆံတွေ အများကြီး ရနေပြီ သစ်ပင်ရဲ့ အရိပ်အောက်မှာ လှဲနေရတာ အေးမြတယ်ဆိုတဲ့ စကားက တကယ် အမှန်ပဲကိုး
(လူတစ်ယောက်ကို မှီခိုရတာ ကောင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ)
သို့သော် လင်းလဲ့ယန်မှာမူ စိတ်ပျော်မနေ။ တံခါးပေါက်နားသို့ ရောက်ပြီးကာမှ တုန့်ကနဲရပ်ကာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။
"ကျိကော တကယ်တော့ ကျွန်တော်က လဲ့ယန်ပါ ဒီဟာက သင်ကြားမှု အကဲဖြတ်ခြင်းအတွက် ရိုက်ကုးရမယ့်ဟာပါ ..."
သူ၏ ပုံမှန်အမျိုးသားအသံကို အသုံးပြုလျက် ပြောလိုက်ရာ အသံနှစ်ခုအကြား ကွာခြားချက်ကြောင့် ကြည့်ရှုသူများမှာ သေလုနီးပါး ရယ်မောလိုက်ကြပြန်တော့သည်။
ကျိမြန်က မျက်ခုံးကိုပင့်ကာ ထိတ်လန့်သွားဟန် လုပ်ပြလိုက်သည်။
လင်းလဲ့ယန်က ဆံပင်အတုကိုချွတ်ကာ ပြောလိုက်ပြန်၏။
"ကျိကော ကျွန်တော်က တကယ်ကို လဲ့ယန်ပါ ဆရာဟွမ်က ကျွန်တော်တို့ကို သရုပ်ဆောင်လေ့ကျင့်ခိုင်းလို့ ကျွန်တော်ရတဲ့ခေါင်းစဉ်က အမျိုးသမီးလေ ..."
ထိုသို့ ရှင်းပြလိုက်ကာမှ ကျိမြန်က ထိတ်လန့်နေသည့် အမူအယာကို ရုတ်သိမ်းကာ ရယ်သံနှော၍ ပြောလိုက်သည်။
"ဒီလိုကိုး မင်းမှာ crossdressing လုပ်ရတာကို ကြိုက်တဲ့ ဝါသနာများ ရှိနေသလားလို့ ထင်လိုက်တာ ..."
သူ့အပြုံးကို မြင်ကာမှ လင်းလဲ့ယန်လည်း စိတ်အေးသွားတော့သည်။ သူက ချိန်ဖမ်းရှင်းကို အချက်ပြလိုက်သည်။
"အိုကေ တိုက်ရိုက်လွှင့်နေတာကို ရပ်လိုက်တော့ အိမ်စာအတွက်က လုံလောက်နေပြီ ..."
ချိန်ဖမ်းရှင်းက စူးစူးဝါးဝါး အော်ဟစ်နေသည့် ပရိသတ်များကို မျက်နှာလွှဲကာ တိုက်ရိုက်လွှင့်ခြင်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူ့ဝင်ငွေကို ဦးစွာ စစ်ကြည့်ပြီးကာမှ လင်းလဲ့ယန်၏ Weibo follower အရေအတွက်ကို စစ်ဆေးလိုက်သည်။ လူသောင်းဂဏန်းခန့် တိုးလာကြောင်း သိလိုက်ရသည့်အခါတွင်မူ သူစိတ်ထဲတွင် ပြောမပြတတ်လောက်အောင်ပင် ဂုဏ်ယူဝံ့ကြွားသွားရတော့သည်။
လင်းလဲ့ယန်က လက်နှစ်ဖက်ကို ပွတ်သပ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။
"ကျိကော ဆရာဟွမ်ကလေ ကျွန်တော်တို့ကို မှတ်တမ်းတင်ဖို့ပါ ပြောထားလို့ အဲဒါကြောင့် တိုက်ရိုက်လွှင့်လိုက်တာ ကျွန်တော့်ကို စိတ်မဆိုးဘူး မဟုတ်လားဟင် ..."
"ကိစ္စမရှိပါဘူး ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ ကြိုပြော ..."
ကျိမြန်က စားပွဲတွင် ပြန်ထိုင်ကာ သူတို့ကို ပြောလိုက်သည်။
"စစ်ဆေးစရာ စာရွက်စာတမ်းတွေ ရှိနေသေးလို့ မင်းတို့ အရင်ပြန်လိုက်ကြတော့ ..."
"ကျွန်တော် ဒီနားမှာပဲ ထိုင်စောင့်ပေးနေမယ်လေ နေ့လည်စာ အတူတူ သွားစားကြမလား ..."
လင်းလဲ့ယန်မှာ ကျိမြန်နှင့် အတူတူ အချိန်ကုန်ဆုံးခြင်း နည်းပါးလာကြောင်း သတိထားမိလိုက်သည်။
"ဒီလိုပုံစံမျိုး ဖြစ်နေတာတောင် ကိုယ်နဲ့ နေ့လည်စာ လိုက်စားချင်သေးတယ်လား ..."
ကျိမြန်က သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။
ထိုအခါမှ လင်းလဲ့ယန်လည်း သူ့ကိုယ်သူ ဆံပင်တုစွပ်၊ စကတ်အတိုဝတ်ကာ ဒေါက်ဖိနပ်ကို စီးလျက် ရင်ဘက်ထဲတွင်လည်း စီလီကွန်အလုံးများ ထည့်ထားလျက်သာ ရှိနေသေးကြောင်း သတိရသွားတော့သည်။ ဤပုံစံမျိုးဖြင့် အပြင်ထွက်စားရန် မဆိုထားနှင့်၊ တစ်မိနစ်ခန့် ဆက်နေနေရခြင်းကပင်လျှင် စိတ်ကျဉ်းကြပ်ဖွယ်ရာဖြစ်သည်။ နောက်က သရဲလိုက်နေသည့်နှယ် အမောတကော ပြေးထွက်သွားသည့်အတွက် ချိန်ဖမ်းရှင်းလည်း ကျိမြန်ကို နှုတ်ဆက်ကာ သူ့နောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်သွားရတော့သည်။
နှစ်ဦးသား ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကျိမြန်၏ မျက်နှာပေါ်ရှိ အပြုံးတို့ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ စီးကရက်ကို မီးညှိကာ တစ်ဖြည်းဖြည်း ရှိုက်ထုတ်လိုက်သည်။ မီးခိုးငွေ့များကြားမှ မြင်နေရသည့် မျက်ဝန်းတို့မှာ ပျင်းရိငြီးငွေ့နေဟန်ပင်။
တစ်ခဏအကြာတွင် ဖန်ခွင်းရောက်လာကာ trending search များကို ပြလျက် ပြောလိုက်သည်။
"မင်းနဲ့ လင်းလဲ့ယန်နဲ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာလား မင်းကိုယ်မင်း ဘယ်အဆင့်ရောက်နေတယ်များ ထင်နေလဲ ဟမ် ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုမျိုး လုပ်ရလောက်အောင်လေ ပြီးတော့ တစ်ချိန်လုံး အမှောင်ထဲမှာပဲ နေနေတာ ကြော်ညာကုမ္ပဏီရဲ့ ဖုန်းကောလ်တွေကြောင့် ငါ့ဖုန်းလေး ပျက်တော့မလို့ဆိုတာရော သိရဲ့လား ပရိသတ်တွေက ပျော်နေတယ်ဆိုပေမယ့် မင်းရဲ့ပုံရိပ်ကတော့ သွားပြီ လင်းလဲ့ယန်က မင်းရဲ့ ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး သူ့ကိုယ်သူ ပိုနာမည်ကြီးလာအောင် လုပ်သွားတာပဲ ..."
"ရပါတယ် တစ်ခါတစ်လေမှာ မြေကြီးပေါ် ဆွဲချခံရတာလည်း ကောင်းသလိုလိုပါပဲ မင်းထင်သလောက် မပြင်းထန်ပါဘူး ..."
ကျိမြန်က အေးအေးဆေးဆေး ပြောလိုက်သည်။
တစ်အချက်အနေနဲ့ဆို သူက အလှလေးရဲ့ သွေးဆောင်တာကို မခံရဘူး။ နှစ်အချက်အနေနဲ့ ဘယ်သူကိုမှ မျက်နှာမလိုက်ဘူး တစ်ချိန်လုံး အလေးအနက်နဲ့ ပရော်ဖက်ရှင်နယ်ကျကျပဲ ပြောဆိုဆက်ဆံခဲ့တာ ဒါတွေအကုန်လုံးက အကောင်းမြင်စရာတွေပဲလေ ပရိသတ်တွေရဲ့ မှတ်ချက်ကလည်း ဆိုးရွားတာ မပါတော့ anti-fan တွေအနေနဲ့ အပြစ်ရှာချင်ရင်တောင် ရှာလို့ရမှာ မဟုတ်ဘူး နောက်ဆက်တွဲက ထင်သလောက်လည်း မဆိုးဝါးပါဘူး ...
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဖန်ခွင်းမှာတော့ သူ့ကို ပြောစရာပင် မရှိတော့။
"ငါနားမလည်တော့ဘူး ..."
အတော်ကြာ ငြိမ်သက်နေပြီးကာမှ သူက ပြောလိုက်သည်။
"မင်းက မင်းကိုယ်မင်းကျ အရမ်းတင်းကြပ်တဲ့ဟာကို လင်းလဲ့ယန်ကိုကျ ဘာလို့ ဒီအခြေအနေအထိ ရောက်လာတာတောင် ညှာတာနေသေးတာလဲ တစ်ခြားတစ်ယောက်ကသာ မင်းကို ဒီပုံစံမျိုး လာလုပ်ရင် အခုလိုမျိုး တည်ငြိမ်နေပါ့မလား မင်းသာ သူ့ကို ညှာတာထောက်ထားနေရင် သူနာမည်ကြီးလာတဲ့အခါ မင်းကို ချနင်းသွားမှာ မကြောက်ဘူးလား ..."
ကျိမြန်က ဆေးလိပ်ကို ချကာ ခပ်ဩဩအသံဖြင့် ပြောလိုက်သည်။
"ဆက်ဆံရေးတစ်ခုကို စတင်မယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက လွယ်လွယ်နဲ့ အဆုံးသတ်လို့ မရဘူးလေ မပူပါနဲ့ ငါ့မှာလည်း ကိုယ်ပိုင်ကန့်သတ်ချက်တွေ ရှိပါတယ် ..."
"အခုအချိန်မှာ မင်းရဲ့ကိစ္စတွေထဲ လုံးဝ ဝင်မပါရဲတော့ဘူး ကိုယ်ဘာလုပ်နေလဲ သိရင် ပြီးတာပါပဲ ..."
ဖန်ခွင်းက ဖုန်းကို ထုတ်ကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။
"အခုခေတ်လူငယ်တွေက ကိုယ့်ကိုယ်ကို နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြတာပဲ လင်းလဲ့ယန်လည်း တိုက်ရိုက်လွှင့်လို့ ပြီးသွားရော ဂျက်စီနဲ့ ဂျင်ရှီဂျွန်းကပါ သူ့လမ်းစဉ်အတိုင်း လိုက်နေကြပြီ ဖာ့ခ် နေပါဦး ဒါက လောင်ကျောက်ရဲ့ ချွေးမ ဖွင့်ထားတဲ့ အသင့်စားစားသောက်ဆိုင် မဟုတ်လား ..."
ကျိမြန်ကလည်း မှတ်ချက်များမှတစ်ဆင့် ထိုတိုက်ရိုက်ထုတ်လွှင့်မှုနှစ်ခုကို ရှာတွေ့သွားတော့သည်။ ဂျက်စီက အဘိုးကြီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားကာ စားသောက်ဆိုင်ရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေရင်း သူသည် သတိမေ့တတ်သူတစ်ဦး ဖြစ်သည့်အတွက် အိမ်အပြန်လမ်းကို မမှတ်မိတော့ကြောင်း ပြောနေသည်။
စားသောက်ဆိုင်ပိုင်ရှင်က လုပ်လက်စအလုပ်အားလုံးကို ချထားကာ သူ့မိသားစုကို ကူညီရှာဖွေပေးသည့်အတွက် ကြည့်ရှုသူတို့၏ နှလုံးသား ထိရှသွားရတော့သည်။ သို့သော် အမှန်တရားမှာ ထိုစားသောက်ဆိုင်သည် ကွမ်ရှစ် Entertainment ၏ ဝန်ထမ်းတစ်ဦးက ဖွင့်လှစ်ထားခြင်းဖြစ်ကာ ဆိုင်ရှင်မှာလည်း ထိုကဲ့သို့ ကြင်နာတတ်သူ မဟုတ်ချေ။ အားလုံးမှာ သရုပ်ဆောင်ခြင်းသပ်သပ်သာ ဖြစ်ပေသည်။
positive energy များ ဖြန့်ဝေပေးနေခြင်းဟု ပြောရမည်လား ပရိသတ်ကို လှည့်ဖျားနေသည်ဟု ပြောရမည်လားပင် မသိတော့။ ကျိမြန်မှာ ရွံရှာစိတ်ပျက်မှုကိုသာ ခံစားလိုက်ရတော့သည်။
ဂျင်ရှီဂျွန်းမှာလည်း အလားတူပင်။ မသန်စွမ်းတစ်ဦးက မြေအောက်ရထားဘူတာအနီးတွင် တန်းစီနေစဉ် ကြင်နာတတ်သည့် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သူမက သူ့ကို လက်မှတ်ကူဝယ်ပေးကာ အိမ်ရောက်သည်အထိ လိုက်ပို့ခဲ့သည်။ ထိုမိန်းမပျိုလေးမှာ ရုပ်ရည်ချောမောလှပသည့်အပြင် အတွင်းစိတ်သဏ္ဌာန်မှာ ပို၍ပင် လှပနေသည့်အတွက် ပရိသတ်တို့၏ နှစ်သက်မှုကို သိမ်းကြုံးယူငင်သွားတော့သည်။ သို့သော် ထိုအမျိုးသမီးမှာ မကြာခင် ပွဲဦးထွက်တော့မည့် trainee တစ်ဦးဖြစ်ကြောင်းကိုတော့ မည်သူမှ မသိကြချေ။
"ဇာတ်လမ်းထွင်နေတာဆိုရင်တော့ ဒီလိုနည်းလမ်းမျိုးက ပိုကောင်းတာ အမှန်ပဲ ..."
ဖန်ခွင်းက မှတ်ချက်များကို ဖတ်နေရင်း တတွတ်တွတ် ရေရွတ်လိုက်သည်။
"အတန်းထဲမှာ လူ ၄ ယောက်ပဲ ရှိတာ သုံးယောက်က အကဲဖြတ်ဗီဒီယိုတွေ တင်ပြီးကြပြီဆိုတော့ ရှောင်ကျားရှုတစ်ယောက်ပဲ ကျန်တော့တာ သူ့အဖွဲ့က ပိုတောင် ကောင်းသေးတော့ hype အောင် လုပ်မယ့် နည်းလမ်းတွေက ဒီလူတွေထက်တောင် မိုက်လိမ့်ဦးမယ် ..."
ကျိမြန်က အနုပညာသတင်းများကို လှန်လှောဖတ်ရှုလိုက်သည့်တိုင် ရှောင်ကျားရှုနှင့် ပတ်သက်၍ တစ်ခုတစ်လေကိုမှ မတွေ့ရသေးချေ။ သူ၏ တင်းမာနေသော မျက်နှာမှာ ရုတ်ချည်း နူးညံ့သွားကာ လက်ကိုယမ်းလျက် ပြောလိုက်သည်။
"ဘာလို့ တစ်ခြားသူရဲ့ ကိစ္စကို လိုက်ပြီး ပူနေတာလဲ လူထုဆက်ဆံရေးဌာနကိုသွား သတင်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ ပြောလိုက် လဲ့ယန်ရဲ့ ကိစ္စတွေကို မပျက်စီးစေနဲ့ ..."
"ဘယ်အချိန်ရပ်ရမလဲဆိုတာ သိပါတယ်..."
ဖန်ခွင်းက ခေါင်းတယမ်းယမ်းဖြင့် တံခါးကို တွန်းဖွင့်ရင်း ပြောလိုက်သည်။
"ရိုက်တော့ရိုက်ပါရဲ့ အစစ်အမှန်နဲ့တူအောင် ဘယ်လိုရိုက်ရမလဲ ဆိုတာကိုတော့ မသိကြဘူး တစ်ယောက်က လောင်ကျောက်ချွေးမရဲ့ဆိုင်ကို ကူပြီး ကြော်ညာပေးတယ် နောက်တစ်ယောက်ကကျ ပွဲဦးထွက်တော့မယ့် trainee ကို နာမည်ရလာအောင် လုပ်ပေးတယ် တစ်ချိန်ချိန်မှာ ပရိသတ်တွေသာ ဒီအကြောင်း သိသွားရင် အကုန် သဲထဲရေသွန် ဖြစ်မှာပဲ ပြဿနာကို မီးခွက်ထွန်းရှာနေလိုက်ကြတာ ..."
ကျိမြန်ကမူ ထိုကိစ္စများအပေါ် လုံးဝ စိတ်မဝင်စားသည့်နှယ် ခေါင်းပင် မော့ကြည့်မလာတော့။ ည ၈ နာရီခွဲသည်အထိ အလုပ်လုပ်နေကာ အိမ်ပြန်ရန် ပြင်ရင်း ဓာတ်ဆီဆိုင်ကို ကျော်လာပြီးကာမှ တစ်ခုခုကို သတိရသွားသည့်အတွက် အတော်ဝေးဝေးရှိ Nan Men Plaza ဘက်သို့ ပြန်လှည့်လာလိုက်သည်။
ပေကျင်းမြို့၏ ညဘက်ရှုခင်းမှာ မီးရောင်များဖြင့် ထိန်ညီးနေသည်။ ဟိုဟိုသည်သည် သွားလာနေသူများကြောင့် လမ်းမတစ်ခုလုံး စည်ကားနေကာ အိမ်ဟူ၍ မရှိသည့်အတွက် ခြေဦးတည့်ရာ လျှောက်သွားနေသူများလည်း အများအပြားပင်။ ထိုသူများမှာ အဝတ်အစားများ စုတ်ပြဲနေကာ မျက်တွင်းတို့ ချိုင့်ဝင်နေပြီး မည်သည့်အချိန်မှ နောက်ထပ်ထမင်းတစ်နပ် စားရမည်မှန်းလည်း မသိ၊ မနက်ဖြန်တွင် ဘယ်နေရာသို့ သွားရမည်မှန်းလည်း မသိ၊ ဘဝတစ်ခုလုံးကို မျှော်လင့်ချက်ကင်းမဲ့လျက် ရေစုန်မျောကာ ကုန်ဆုံးနေကြသည်။
ကျိမြန်က ကားကိုရပ်ကာ ပလာဇာအနှံ့ လျှောက်သွားလိုက်သည်။ သူတောင်းစားတိုင်း၏ မျက်နှာကို လိုက်လံ အကဲခတ်ကြည့်သော်ငြား တစ်ယောက်ကိုမှ ရှာမတွေ့သည့်အတွက် ခေါင်းကိုယမ်းကာ ပြုံးလိုက်မိတော့သည်။
သူ ဘာတွေများ လုပ်မိနေတာပါလိမ့် ဘယ်သူ့ကို ရှာတွေ့ဖို့ မျှော်လင့်နေမိတာလဲ ...
Xxxxxxxx