Chapter 48
ကျိမြန်က နားထင်နှစ်ဖက်ကို ဖိနှိပ်ရင်း ခံစားချက်တို့ကို ပြန်လည်ထိန်းချုပ်ကာ သည်းခံနိုင်သည့် အတိုင်းအတာ မကျော်လွန်သွားခင် သူ့ကို လေပြေအေးဖြင့် ပြောလိုက်သည်။
"ဒီဇာတ်လမ်းနှစ်ခုလုံးက သူတို့ကိုယ်ပိုင် ဝိသေသလက္ခဏာတွေ ရှိကြတယ် နှစ်ခုလုံးက ဒီနေ့ခေတ် ရုပ်ရှင်ဈေးကွက်နဲ့ ကိုက်ညီတဲ့အပြင် ပရိသတ်ရဲ့ အကြိုက်နဲ့လည်း ကွက်တိပဲ အခုခေတ် လူမှုဘဝတွေက အလုပ်ထဲမှာပဲ အချိန်ကုန်နေရလို့ ဖိအားတွေ တစ်စထက်တစ်စ များများလာတယ်လေ အိမ်ပြန်ရောက်တဲ့အချိန်မှာ ဂျပန်ဆန့်ကျင်ရေးဇာတ်လမ်းတွေ၊ Gongdou ပြဇာတ်တွေ၊ Zhaidou ပြဇာတ်တွေ ကြည့်နေရရင် ပိုပြီး မပင်ပန်းဘူးလား ဒီရုပ်ရှင်တွေက ကြည့်ရှုသူကို အပန်းပြေစေနိုင်မယ့်အပြင် ဟာဒယရွှင်ဆေးပါ တိုက်ကျွေးလိမ့်မယ် အရည်အသွေးကလည်း သိပ်မဆိုးလှဘူးဆိုတော့ ပရိသတ်ကောင်းကောင်း ရှ်ိလာမှာ သေချာတယ် အတိုချုပ်ပြောရရင် မမြတ်ရင်တောင် မရှုံးနိုင်မယ့် အနေအထားမျိုးပဲ ပြီးတော့ ထုတ်လွှင့်တဲ့အချိန်မှာ ပရိုမိုးရှင်း လုပ်ဖို့ဆိုတာကလည်း ခက်မှ မခက်တာ ..."
လင်းလဲ့ယန်က ခေါင်းငြိမ့်ကာ နှစ်နှစ်ကာကာ ပြုံးပြလိုက်သည်။
"ကျိကောက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ဖူးပြီး တစ်ခုမှလည်း မရှုံးဖူးသေးဘူးဆိုတော့ ဒီတစ်ခေါက်လည်း အဆင်ပြေမှာ သေချာတယ် ကောကို အားပေးနေမယ်နော် ..."
ထိုသို့ ပြောလိုက်သည့်တိုင် ကျိမြန်ပြောခဲ့သမျှ တစ်လုံးကိုမှ အယုံအကြည်မရှိချေ။
ကလေးပြဇာတ်ဆိုတာ နာမည်မှ မရှိတာ ပြီးတော့ ယုတ္တိမရှိတဲ့ ရှေးခေတ်နောက်ခံဇာတ်လမ်းတဲ့ အကျိုးအမြတ်ရမယ်လို့ ပြောရင်မှ ထူးဆန်းလိမ့်ဦးမယ် ပြီးတော့ ပရိသတ်က အကြိုက်တွေ့လိမ့်မယ် ဟုတ်လား ကျိကောက ရှောင်ကျားရှုကို အကြိုက်တွေ့နေတာ မဟုတ်ဘူးလား ...
ကျိမြန်၏ အကြည့်တို့က သူ့ထံတွင် ကပ်ငြိနေပေသည်။ သို့သော် လင်းလဲ့ယန်၏ မျက်လုံးထဲတွင် ကြောင်သူတော်ယောင်ဆောင်နေသည့် အရိပ်အယောင်ကို အနည်းငယ်မျှပင် မတွေ့ရချေ။
လဲ့ယန်ရဲ့ သရုပ်ဆောင်တာက ရှောင်ကျားရှုထက် ဆိုးနေတာများလား ဒါလည်း မဟုတ်လောက်ဘူး နှစ်ယောက်က အတူတူ ... မဟုတ်ဘူး ... သူက ရှောင်ကျားရှုထက် ပိုသာတယ်လို့တောင် ပြောလို့ရသေးတယ် ဒါပေမယ့် ဒါကတောင် သူ့ကို မပျော်ရွှင်စေဘူးလား ...
ကျိမြန်၏ အကြည့်တို့ကြောင့် လင်းလဲ့ယန်၏ ဦးရေပြားတစ်ခုလုံး တင်းမာသွားတော့သည်။ တင်းမာမှု လျော့ပါးသွားစေရန် အလို့ငှာ တစ်ခုခုပြောမည် ပြင်နေစဉ်မှာပင် ရှောင်ကျားရှုက မြောင်မူချင်နှင့်အတူ ပြန်ရောက်လာသည်။ သူမက မှန်ကိုကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်ကျားရှု ငါ့မျက်နှာပေါ်က အမာရွတ်တွေ ဘယ်လိုနေသေးလဲ ..."
လင်းလဲ့ယန်မှာ သူမကို အပြစ်ပြုမိမည် စိုးရိမ်သဖြင့် လက်ဦးမှုယူကာ ဝင်ပြောလိုက်သည်။
"မူချင်ကျဲ ကျွန်တော့်အထင်တော့ အမာရွတ်တွေက မနေ့ကထက် အများကြီး ပိုမှိန်လာပြီ ..."
မြောင်မူချင်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားကာ နောက်တစ်ကြိမ် ယမ်းပုံမီးကျ ဖြစ်တော့မည့် အချိန်မှာပင် ရှောင်ကျားရှုက မျက်ခုံးနှစ်ဖက်ကိုတွန့်ကာ ပြောလိုက်သည်။
"မူချင်ကျဲ အနာက လုံးဝ အယောင်ကျမသွားဘူးနော် မနေ့ညက ဆေးလိမ်းဖို့ မေ့နေတာ မဟုတ်လား ..."
ကိုယ်ရေးကိုယ်တာလက်ထောက် ရှောင်ကျိုးမှာ ဤမျှ တည့်တိုးဆန်လှသည့် အဖြေကြောင့် ကြက်သေသေသွားတော့သည်။
ရှောင်ကျားရှုက နိုင်ငံခြားမှာ အကြာကြီးနေလာတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့နေရာမှာ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို မသိဘူးပဲ အမျိုးသမီးတစ်ယောက် အထူးသဖြင့် အနုပညာရှင်တစ်ယောက်နဲ့ တွေ့တဲ့အခါ သူမရဲ့ မျက်နှာအကြောင်းကို ဒီလိုကြီး လက်လွတ်စပယ် ပြောလိုက်လို့ မရဘူးလေ မင်းအဖြေက အမှတ်မရမယ့်အပြင် သေတောင်သေသွားနိုင်တယ်ကွ ...
မြောင်မူချင်၏ မည်းမှောင်နေသော မျက်နှာမှာ ရုတ်ချည်း ဝင်းလက်သွားတော့သည်။
"ဟုတ်တယ် လုံးဝကို မှိန်မသွားဘူး မနေ့က ငါ L'Oreal ရုံးချုပ်ကို ရောက်ခဲ့တာ သူတို့က ငါ့မျက်နှာပေါ်က ညိုမဲပြာနှမ်းနေတာတွေကို တော်တော်သဘောကျသွားလို့ ဒီပုံစံအနေအထားအတိုင်း ထိန်းသိမ်းထားဖို့ ပြောခဲ့တယ်လေ ဒီနေ့ လုံးဝကို ပြီးပြည့်စုံအောင် ပြောင်းလဲသွားတဲ့ ဗီဒီယို ရိုက်ကြမှာ ငါသာ အမာရွတ်ပျောက်အောင် လုပ်မိရင် ရထားတဲ့ အလုပ်ကလေး ပျက်စီးသွားတော့မလို့ အခုခေတ်ကြီးကလည်းနော် ပိုပိုပြီးကို ကြောင်သူတော် ကြွက်သူခိုးတွေ များလာတာပဲ မျက်စိကြီး ဖွင့်ပြီးတော့တောင် လိမ်ရဲကြတယ် ငါတို့ရှောင်ကျားရှုလေးပဲ ချစ်စရာအကောင်းဆုံး ..."
သူမက ရှောင်ကျားရှုကို မျက်ခုံးပင့်ပြရင်း အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။ အစမှအဆုံးအထိ လင်းလဲ့ယန်ကို တစ်ချက်လေးပင် စောင်းငဲ့ကြည့်မသွား။ ကျိမြန်၏ အနောက်တွင် တမင်တကာ ဝင်ပုန်းနေသည့် လင်းလဲ့ယန်မှာလည်း မကျေချမ်းနိုင်မှုတို့ ပြည့်နှက်သွားတော့သည်။
သူက မြောင်မူချင်ကို နှစ်သိမ့်ပေးချင်ရုံလေးတင်ပါ ဘယ်လိုဖြစ်လို့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်သွားရတာလဲ ...
မြောင်မူချင်မှာ ဒဏ်ရာရသွားပါလျှင် L'Oreal နှင့် ပူးပေါင်းမှု ပျက်စီးသွားမည်ကို စိုးရိမ်နေခဲ့သည့်အတွက် ရိုက်ကူးနေစဉ် ကာလတစ်လျှောက် စိတ်တင်းကာ သတိကပ်ထားခဲ့ရသည်။ ယခုမူ အားလုံး အဆင်ပြေသွားပြီဖြစ်သည့်အတွက် တိုက်ခိုက်သည့်အခန်းများကို စိတ်လက်ပေါ့ပါးစွာဖြင့် ရိုက်ကူးနိုင်ရာ သရုပ်ဆောင်မှုမှာ ပို၍ပင် လက်တွေ့နှင့် နီးကပ်လာတော့သည်။
လောကျန်းဝေ့မှာ ယခင်ကတည်းက သူမ၏ ခက်ထန်မှုကို သဘောကျခဲ့သူဖြစ်ရာ ရိုက်ချက်အနည်းငယ် ရိုက်ကူးရုံနှင့်ပင် စိတ်ကျေနပ်သွားတော့သည်။ သူက ပြောလိုက်သည်။
"မူချင်ကတော့ ဒီနေ့ အရမ်းကို ကောင်းကောင်းလုပ်နေတာပဲဟေ့ အမျိုးသားသရုပ်ဆောင်တွေနဲ့ကို အမီလိုက်နိုင်နေပြီ လင်းလဲ့ယန် သေချာအာရုံစိုက်ထား မင်းအလှည့် ရောက်တော့မှာ မင်းလည်း ဒီခွန်အားအတိုင်း သရုပ်ဆောင်ရမယ် ဒီတိုက်ခိုက်တဲ့အခန်းက တကယ်တိုက်ခိုက်နေကြတာပါ့လားလို့ ထင်ရလောက်တဲ့အထိကို သရုပ်ဆောင်ရမှာ မင်းခန္ဒာကိုယ် ထိခိုက်သွားမှာကိုတော့ မပူနဲ့ ဒီမှာ ဝါရင့်တိုက်ခိုက်ရေးပညာရှင်တွေ အများကြီး ငှားထားတယ် ..."
လင်းလဲ့ယန်က ပြုံးကာ သဘောတူလိုက်သည်။ ဒါရိုက်တာလော၏ ထက်ရှလှသော စကားများမှာ သူ့အပေါ် ဘာမှ မသက်ရောက်သည့်နှယ်ပင်။ ဤသည်မှာ ရိုက်ကူးချိန်တိုင်း NG ရတတ်ခြင်း၏ အဓိက အကြောင်းအရင်းပင်ဖြစ်သည်။ သူ့နှလုံးသားထဲတွင် သိုဝှက်ထားမှုများ များပြားနေရာ သူကိုယ်တိုင် မဖြေရှင်းနိုင်သရွေ့ အာရုံစိုက်ရန် ပိုမိုခက်ခဲလာဦးမည်ဖြစ်သည်။
"Cut" ဟု ဒါဇင်များစွာ ရေရွတ်ခံရပြီးနောက် ဒါရိုက်တာလော၏ စိတ်ရှည်သည်းခံနိုင်မှုတို့ ကုန်ဆုံးသွားသည့်အတွက် လင်းလဲ့ယန်ကို နောက်ပို့ကာ ကျန်သူများကို အရင် ရိုက်ကူးစေလိုက်တော့သည်။ ရှက်ရွံမှုကြောင့် မျက်နှာကို အုပ်မိုးထားပြီးနောက် သူ့ကို လက်ယမ်းပြနေသည့် ကျိမြန်ကို တွေ့လိုက်ရချိန်တွင် အပြေးအလွှား ရှင်းပြလိုက်တော့သည်။
"ကျိကော ကျွန်တော့်ရဲ့ ကြွက်သားနဲ့ အာရုံကြောတွေက ကောင်းကောင်း မဖွံ့ဖြိုးသေးဘူးထင်တယ် လှုပ်ရှားမှုနည်းစနစ်တွေကို သင်ယူရတာ အရမ်းကို ခက်တာပဲ ..."
ကျိမြန်က စီးကရက်တစ်လိပ်ကို မီးညှိကာ ခပ်လေးလေး ပြောလိုက်သည်။
"မသင်ယူနိုင်ရင် ပိုပြီး ကြိုးစား တိုက်ခိုက်ရေးနည်းပြတွေက ဒီမှာ အလှကြည့်ဖို့ ထားထားတာ မဟုတ်ဘူး သူတို့နဲ့အတူတူ ပိုပြီး လေ့ကျင့်သင့်တယ် ..."
လင်းလဲ့ယန်က ချစ်စရာကောင်းအောင် ပြုမူကာ နှစ်ကြိမ်ဆက်တိုက် ခေါင်းငြိမ့်ပြလိုက်သည်။
ကျိမြန်က သူ့ကို မီးခိုးငွေ့အလွှာပါးကြားမှ စိုက်ကြည့်ရင်း ဆက်ပြောလိုက်သည်။
"ကိုယ်နဲ့ နေလည်စာစားဖို့ လိုက်ခဲ့ ကျောက်ချွမ်က လူသစ်လေး မဟုတ်ဘူး သူရိုက်ထားတဲ့ ဇာတ်လမ်းတိုတစ်ပုဒ်က ဒါရိုက်တာအသစ်လေးတွေအတွက် နိုင်ငံတကာ ဒါရိုက်တာဆု ရထားပြီးသား သူက နိုင်ငံခြားမှာပဲ နေလို့ ဒီဘက်အထိ နာမည်မကြီးသေးတာ မင်းကို သူနဲ့ မိတ်ဆက်ပေးမယ် ..."
ခေါင်းငြိမ့်ကာ သဘောတူလိုက်သည့် လင်းလဲ့ယန်မှာလည်း ထိုအခါမှသာ စိတ်သက်သာရာရသွားတော့သည်။
ကျိကောနဲ့ ရှောင်ကျားရှု အတူတူမရှိအောင် တားနိုင်လိုက်တာ ကောင်းတာပဲ ဒါရိုက်တာအသစ် ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာလုပ်ရမှာလဲ ဇာတ်လမ်းနှစ်ခုလုံးက တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အဆင်မပြေမှန်း သိသာနေတာကို ကျိကောသာ ရင်းနှီးမြှုပ်နှံရင် သေချာပေါက် ဆုံးရှုံးမှာပဲ သူ့ရဲ့ အာရုံတွေကို လမ်းကြောင်းပြောင်းဖို့ နည်းလမ်းရှာမှ ရတော့မယ် ...
မလှမ်းမကမ်းရှိ ဖန်ခွင်းကို တွေ့လိုက်ရသည့်အခါ သူ့အကြည့်တို့ ဝောာက်ပသွားတော့သည်။
သူ့ကို ထပ်မံနှစ်သိမ့်ပေးရန် ကြံရွယ်ထားသည့် ကျိမြန်က စီးကရက်ကို မီးညှိရင်း ပြောလိုက်သည်။
"အိုကေ ဒါဆို တိုက်ခိုက်ရေးဆရာကို သွားရှာပြီး လေ့ကျင့်တော့ ..."
"ကောင်းပါပြီဗျ ..."
မြောက်များစွာသော NG တို့ ရထားသည့်တိုင် စိတ်မပျက်သေးလေဟန်ဖြင့် တောက်တောက်ပပ ပြုံးပြလိုက်သည်။ တိုက်ခိုက်ရေးနည်းပြနှင့် ကြိမ်ဖန်များစွာ လေ့ကျင့်ပြီးနောက် ဖန်ခွင်းကို ထောင့်နားသို့ ဆွဲခေါ်ကာ စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် ရိုက်ကူးရေး စတင်ချိန်တွင်မူ အလွန် အာရုံစူးစိုက်နိုင်သွားကာ ခက်ခဲသည့် တိုက်ခိုက်မှုများကိုပင် အောင်အောင်မြင်မြင် ရိုက်ကူးနိုင်သွားသည့်အတွက် လောကျန်းဝေ့၏ နှစ်လိုမှုကို တစ်ဖန် ပြန်လည်ကာ အရယူနိုင်သွားတော့သည်။
ကျိမြန်က မျက်လုံးတို့ကို မှေးကျဉ်းလျက် သူ့ကို စဉ်ဆက်မပြတ် အကဲခတ်နေသည်။ သူ့အမူအယာမှာ အလွန် မှန်းဆနိုင်ရန် ခဲယဉ်းလှပေသည်။
နေ့ခင်းပိုင်းတွင် ဖန်ခွင်းက သူ့ကို လာရှာကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျိကော ငါအခုပဲ စတူဒီယိုက ဒါရိုက်တာတွေနဲ့ စကားပြောလာတာ "နှစ်ရာရှည်ကြာ အိပ်မက်ကမ္ဘာ" ကိုရော " အေးစက်တဲ့ ရေခဲမင်းသားက တကယ်တော့ ချောမောတဲ့ မင်းသမီးတစ်ပါးတဲ့" ကိုရော လုံးဝ စိတ်တိုင်းမကျဘူး လူတိုင်းနဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ချက်ချချင်လား ရှုံးရှုံးမြတ်မြတ် ဒါတွေက ဝန်ထမ်းတွေရဲ့ လုပ်အားခတွေထဲကနေ လာတာလေ မင်းတစ်ယောက်ထဲ ဆုံးဖြတ်လို့ မရဘူး ..."
ကျိမြန် ပြန်ပြောတော့မည့်အချိန်တွင် ရှောင်ကျားရှုရောက်လာကာ ချောင်းဟန့်လျက် သူရှိနေကြောင်း အသိပေးလိုက်သည်။
ဒီနားသာ ရောက်မလာခဲ့ရင် ဖန်ခွင်းရဲ့အတွေးက ဘယ်လိုဆိုတာလဲ သိမှာ မဟုတ်ဘူး သာမန်သူတွေရဲ့ မျက်လုံးထဲမှာတော့ ရုပ်ရှင်နှစ်ခုစလုံးက တစ်စက်မှ ယုံစရာ မကောင်းဘူးပဲ သူက ဘယ်သူ့အတွက်မှ တာဝန်မရှိလို့ ငွေကုန်ခံပြီး မြေစမ်းခရမ်းပျိုးလည်း ကိစ္စမရှိပေမယ့် ကျိကောကတော့ မတူဘူးလေ ကျိကောမှာ ကုမ္ပဏီတစ်ခု ရှိနေတော့ သူရဲ့ ဆုံးဖြတ်ချက်တိုင်းက လူအများကြီးရဲ့ အကျိုးအမြတ်နဲ့ ဆက်စပ်နေမှာ ...
အကျိုးအမြတ်ရမှာ သေချာတယ် အန္တရာယ် မများဘူးဆိုရင်တော့ ကျိကောကို ရင်းနှီးမြှုပ်နှံဖို့ သေချာပေါက် အကြံပေးမိမှာပဲ ဒါပေမယ့် အခုအခြေအနေက မသေချာတဲ့အပြင် ဆုံးရှုံးနိုင်ချေလည်း များတော့ ကျိကောကို ပြဿနာမပေးတာပဲ ကောင်းမယ်ထင်ပါတယ် ...
ထိုသို့တွေးကာ ရှက်ရွံ့အားနာမှုအပြည့်ဖြင့် လက်ကိုယမ်းလျက် ပြောလိုက်သည်။
"ကျိကော တကယ်လို့ အဆင်မပြေရင်လည်း ကိစ္စမရှိဘူးနော် ကျွန်တော်က ဒါရိုက်တာကျောက်နဲ့ ဒါရိုက်တာဝေ့ကို ချိန်းထားပြီးပြီ ..."
ကျိမြန်က ရှောင်ကျားရှုကို ဆွဲထားရန် ကြံနေစဉ်မှာပင် ထိုသူက လှစ်ကနဲ ပြေးထွက်သွားလေတော့သည်။ ခြေထောက်နှစ်ဖက်မှာ ဆီသုတ်ထားသည့်နှယ် ဖမ်း၍ပင် မမိတော့။
ဖန်ခွင်းက သက်ပြင်းခိုးချရင်း တွေးလိုက်သည်။
ရှောင်ကျားရှုက ကုမ္ပဏီကို ဆွဲမချသင့်မှန်း သိနေသေးလို့ တော်သေးတာပေါ့ ဘယ်လိုစိတ်ကူးနဲ့များ စုတ်ပြတ်နေတဲ့ ဇာတ်လမ်းတွေကို ရွေးရဲရတာလဲ မသိဘူး နိုင်ငံခြားမှာ နေလာခဲ့တာတောင် ပတ်ဝန်းကျင်နဲ့ နေသားတကျဖြစ်အောင် မနေတတ်ဘူး တုံးလိုက်တာ ...
ကျိမြန်က စီးကရက်ကို မီးညှိလိုက်သည်။ သူ့အမူအယာမှာ ယခင်ကလောက် မပျူငှာတော့။
"ဖန်ခွင်း မင်း ငါနဲ့အတူတူ အလုပ်လုပ်လာတာ ဘယ်လောက်ကြာပြီလဲ ..."
"ကျိကော အတိတ်မေ့သွားပြီလား ကော ပွဲဦးထွက်ကတည်းက အတူတူ ရှိလာတာဆိုတော့ ၁၃ နှစ်နီးပါး ရှိနေပြီလေ ..."
"ဒါဆို ငါ ဘာကို အမုန်းဆုံးလဲဆိုတာ သိသင့်လောက်ရောပေါ့ ..."
ဖန်ခွင်းမှာ ကြောက်လန့်လွန်းအားကြီး၍ စကားပင် မပြောနိုင်တော့။
ကျိကောက ဘာကို အမုန်းဆုံးလဲ သူ့လို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားတဲ့သူတွေက တစ်ခြားသူတွေ သူ့ဆုံးဖြတ်ချက်ကို လိုက်ချုပ်ခြယ်တာ မကြိုက်ဘူး ဖျောင်းဖျလို့ရတယ် ဒါပေမယ့် ခြိမ်းခြောက်လို့ မရဘူး ဖန်ခွင်း အခုလုပ်ခဲ့မိတဲ့ လုပ်ရပ်ကလည်း ကုမ္ပဏီနာမည်ကို သုံးပြီး ခြိမ်းခြောက်ခဲ့တာလေ ...
"ကုမ္ပဏီက သဘောမတူဘူးဆိုရင်တောင် ငါ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံလို့ရတယ် ဝန်ထမ်းတွေရဲ့ အကျိုးအမြတ်ကို သုံးပစ်မှာ မဟုတ်ဘူး ရွှေအဆင့်မန်နေဂျာဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ငါ့နောက်ကို အချိန်အကြာကြီး လိုက်လာတော့ ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ အခြေခံစည်းမျဉ်းတွေကို မေ့ကုန်ပြီထင်တယ် ရှေ့ရက်ပိုင်းတုန်းက ကုမ္ပဏီကို ရောက်လာတဲ့ လူသစ်တစ်ယောက်ရှိတယ် သူမကို ဂရုစိုက်ပေးလိုက် ..."
ကျိမြန်က နှုတ်ခမ်းပါးမှတစ်ဆင့် ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။ သူ့စကားများမှာ ညှာတာထောက်ထားခြင်း ကင်းမဲ့နေတော့၏။
ဘက်ပေါင်းစုံမှ ဖိအားပေးခြင်းကို ခံလိုက်ရသော ဖန်ခွင်းက တီးတိုးပြောလိုက်သည်။
"ကျိကော ကျွန်တော့်ကို မောင်းထုတ်နေတာလား ကျွန်တော် စောစောက စကားမှားသွားတဲ့အတွက် တောင်းပန်ပါတယ် ..."
"မင်းကို အေးဂျင့်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြန်ပြီး စစ်ဆေးစေချင်ရုံလေးပါ ..."
ကျိမြန်၏ လေသံမှာ မည်သည့်ခံစားချက်မှ မရောစွက်၊ ဗလာသပ်သပ်သာ ဖြစ်နေသည်။
"အိုကေ အခုပဲ ပြန်လိုက်တော့ ..."
ဖန်ခွင်းမှာ အလွန်နောင်တရနေသော်ငြား သူ့နောက်သို့လည်း လိုက်မသွားရဲတော့သည့်အတွက် ပြောထွက်ခဲ့သည့် ပါးစပ်ကိုသာ တိတ်တဆိတ် အပြစ်တင်လိုက်တော့သည်။
ကျိကောက ရင်းနှီးမြှုပ်နှံချင်တယ်ဆိုလည်း ရင်းနှီးမြှုပ်နှံပါစေ ရှုံးနိုင်ချေ များတယ်ဆိုရင်လည်း ကုမ္ပဏီမှာ ဝါရင့်ဝန်ထမ်းတွေ ရှိသားပဲ သေချာပေါက် အဖက်ဆယ်နိုင်မှာပေါ့ ...
"ကျိကောရော..."
လင်းလဲ့ယန်က ရိုက်ကူးရေး ပြီးနောက် ကျိမြန်ကို လာရှာလိုက်သော်ငြား အခန်းထဲ၌ ဖန်ခွင်းတစ်ဦးတည်းကိုသာ တွေ့လိုက်ရသည်။
"ကျိကောက သွားနှင့်ပြီ ..."
ဖန်ခွင်းက ဒေါသတကြီး ပြောလိုက်သည်။
လင်းလဲ့ယန်က မြှောက်ထိုးပင့်ကော် လုပ်ပေးလို့သာ မဟုတ်ရင် ဒီလိုမျိုး စိတ်ရူးဖောက်တဲ့ စကားမျိုး ပြောမိစရာလား ...
Xxxxxxx