Chapter 37
လင်းလဲ့ယန်က ကျေးဇူးတင်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သော်လည်း အတွင်းစိတ်မှာမူ အလိုမကျမှုတို့ ပြည့်နှက်နေသည်။
ကျိကောက သူ့သရုပ်ဆောင်စွမ်းရည်ကို အဆင့်မြှင့်ဖို့ လိုနေသေးတယ်လို့တောင် ပြောထွက်နိုင်ပြီပေါ့ အရှိန်အဝါတွေ အများကြီး ရှိနေတယ်လို့လည်း သူကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား ရှောင်ကျားရှု သရုပ်ဆောင်တာကို တွေ့သွားလို့ နှစ်ယောက်ကို ယှဉ်ကြည့်နေတဲ့ သဘောလား ...
မသိလိုက်မသိဘာသာဖြင့် ချိန်ဖမ်းရှင်း ပြောခဲ့သော "အရှေ့လေကပဲ အနောက်လေကို တိုက်ထုတ်မလား အနောက်လေကပဲ အရှေ့လေကို ဖုံးလွှမ်းပစ်မလား ..." ဟူသည့် စကားသံမှာ သူ့နှလုံးသားထဲတွင် အမြစ်တွယ်သွားတော့သည်။ မည်သည့်အချိန်တွင် ပေါက်ကွဲထွက်လာမည်လဲတော့ မသိသေးချေ။
ကျိမြန်က မျက်မှောင်ကြုတ်လိုက်သော်ငြား ပြောစရာစကား မရှိတော့သည့်အတွက် လင်းလဲ့ယန်၏ နဖူးကိုသာ အသာပွတ်ပေးလိုက်တော့သည်။ သူ့အကြည့်တို့မှာ ကူကယ်ရာမဲ့မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ထို့နောက်တွင်တော့ အဝတ်လဲခန်းတံခါးခေါက်သံနှင့်အတူ ရှောင်ကျားရှု၏ အသံပါ ပူးတွဲထွက်ပေါ်လာတော့သည်။
"ကျိကော အထဲမှာလားဗျ ..."
ကျိမြန်က စက္ကန့်ဝက်ခန့် ဆိုင်းတွနေပြီးကာမှ ပြန်ဖြေလိုက်သည်။
"ဝင်လာခဲ့ပါ ..."
လင်းလဲ့ယန်၏ အပြုံးတို့ အေးခဲသွားသော်ငြား ချက်ခြင်းပင် မူလအတိုင်း ပြန်ဖြစ်သွားပြန်သည်။
ရှောင်ကျားရှုက တံခါးကိုဖွင့်ကာ အထဲသို့ ဝင်လာ၏။ မလှမ်းမကမ်းရှိ ကျိမြန်ကို တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် သူယူလာသည်များကို နေရာချရင်း ပြောလိုက်သည်။
"ကျိကော ဒါက အနာလိမ်းဆေးပါ တိုက်ခိုက်တဲ့အခန်းတွေ ပြီးသွားရင် အများကြီး နာကျင်ကိုက်ခဲတတ်တယ်လို့ ပြောကြလို့ လိမ်းဆေးလေး လိမ်းလိုက်ရင် နေရထိုင်ရ သက်သာသွားပါလိမ့်မယ် ..."
သူက ကျိမြန်ကို လေးစားသည့်တိုင် ဤသည်မှာ စိတ်အလိုလိုက်ခြင်းမျှသာ ဖြစ်ပေသည်။ တစ်ဖက်သူကို နေ့ရှိသရွေ့ တွယ်ကပ်နေရလောက်သည်အထိ မရူးနှမ်းပေ။ ရွှယ်မြောင်မှာလည်း နာမည်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးရာ သူတို့အားလုံးသည် နောက်မှ တကောက်ကောက် အလိုက်ခံရခြင်းအစား သီးသန့်နေထိုင်ရခြင်းကိုသာ ပိုပြီး သဘောကျကြကြောင်း သိထားပေသည်။ ရုပ်ရှင်ရိုက်ကူးရသည်မှာ အလွန်ပင်ပန်းလှရာ တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက် မဖြစ်မိလေ ကောင်းလေပင်ဖြစ်သည်။
ထိုသို့တွေးရင်း သူက ခပ်သွက်သွက် ထပ်ပြောလိုက်သည်။
"ကျိကော ကျွန်တော့်မှာ လုပ်စရာလေး ရှိသေးလို့ အရင်သွားနှင့်တော့မယ်နော် ကောင်းကောင်း အနားယူလိုက်ပါ ..."
ထို့နောက် သူက လင်းလဲ့ယန်ကိုပါ ပြုံးပြနှုတ်ဆက်လိုက်သည်။ ကျိမြန်၏ အပြုံးတို့ ပိုပြီး နူးညံ့လာကာ သူတို့နှစ်ဦးကြား ကွာဟချက် တစ်ဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်းကိုတော့ သတိမပြုမိသေးချေ။
"အိုကေ ကျေးဇူးပါ ..."
ကျိမြန်က ပြောလိုက်သည်။ ဘေးကို လှည့်ကြည့်လိုက်ချိန်တွင် ဆေးသေတ္တာကို အံ့ဩတကြီး ကိုင်ကြည့်နေသည့် လင်းလဲ့ယန်ကို တွေ့လိုက်တော့၏။
"ဒါက ရှောင်ဆေးဝါးကုမ္ပဏီက ထုတ်ထားတဲ့ အထူး ဒဏ်ကြေလိမ်းဆေးပါ့လား ဒါက ဝယ်ဖို့ တအားခက်ပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားတွေအတွက်ပဲ သီးသန့်ထုတ်ထားတာ ဆိုလားပဲ ကျိကော ရှောင်ကျားရှုက တကယ်ကို ကြင်နာတတ်တာပဲနော် ..."
ထိုသို့ပြောလိုက်သော်ငြား သူ့စိတ်မှာမူ ပို၍ပင် မသက်မသာ ဖြစ်လာတော့သည်။
ကျိမြန်က ရှောင်ကျားရှုကို ရှင်းမပြနိုင်လောက်အောင်ကို ထူးထူးကဲကဲ အာရုံစိုက်မိနေတာ အခု ရှောင်ကျားရှုကလည်း ကျိကောအနားကို ကပ်လာပြီ ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင် သူတို့တွေ ...
သူ့အတွေးတို့မှာ အခြေအမြစ် မရှိတော့မှန်း သိနေသည့်တိုင် မရပ်တန့်နိုင်တော့ချေ။
ကျိမြန်က မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်သည်။
"အဝတ်အစား သွားလဲလိုက်တော့ မင်းကို အတန်းတက်ဖို့ ကုမ္ပဏီကို ပြန်ခေါ်သွားပေးမယ် ..."
"ဟုတ်ကဲ့ ကျိကော ကျွန်တော် ဆေးသေတ္တာကို ကောရဲ့ အိတ်ထဲပဲ ထည့်လိုက်မယ်နော် ..."
လင်းလဲ့ယန်က ဆေးသေတ္တာကို လွှင့်ပစ်လိုက်ချင်သော်ငြား မလုပ်နိုင်သည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့်သာ သယ်လာလိုက်ရတော့သည်။
"ညကျ ကိုယ့်ကို လိမ်းပေးမလား ..."
ကျိမြန်အနေဖြင့်လည်း သူ့ကောင်လေးကို အာရုံပြောင်းနိုင်ရန် အခြားနည်းလမ်းတစ်ခုကို ထုတ်သုံးလိုက်ရတော့သည်။
လင်းလဲ့ယန်၏ မျက်နှာပေါ်ရှိ အပြုံးတို့ ရုတ်ချည်း အေးခဲသွားတော့သည်။ သူက ရှောင်ကျားရှုတစ်ယောက် ကျိကောအနား ချဉ်းကပ်လာခြင်းကို မလိုလာသော်ငြား သူကိုယ်တိုင်ကလည်း ကျိကောနှင့် နီးနီးကပ်ကပ် မနေလိုပေ။ သူက ဂေးအဖြစ် မွေးဖွားလာသူ မဟုတ်ရာ ရုပ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ရနိုင်ရန် မလွယ်ကူလှချေ။ မျိုးတူယောကျာ်းတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ခဲ့ခြင်းမှာလည်း ထိုသူက သူ့ဘဝ၏ အခက်ခဲဆုံးအချိန်များတွင် ကူညီပေးခဲ့ဖူးသည့်အပြင် လိင်တူဖြစ်နေသည့် ပြဿနာကို မေ့ထား၍ ရလောက်အောင်ပင် စွဲမက်ဖွယ်ကောင်းနေ၍ဖြစ်သည်။ သို့သော် မေ့ထားခြင်းမှာ မေ့ပျောက်ခြင်း မဟုတ်။ ရံဖန်ရံခါ အထူးသဖြင့် အိပ်ယာပေါ်တွင် လိင်တူနေသည့် ပြဿနာသည် သူ့ကို အလွန် နေရထိုင်ရ ခက်ခဲစေပေသည်။
"ကောင်းပြီလေ ဒါဆို ကျွန်တော် ညနေပိုင်းလောက် လာပြီး ကောကို ညစာ ကူပြင်ပေးမယ် ဘာစားချင်လဲ ..."
လင်းလဲ့ယန်က မတုန့်မဆိုင်းဘဲ ကတိပေးလိုက်သော်ငြား သူ့လက်များမှာမူ တင်းကြပ်နေသည်။
ကျိမြန်က သူ့ကို နင့်နင့်သည်းသည်း စိုက်ကြည့်ရင်း နည်းလမ်းပြောင်းလိုက်သည်။
"ကိုယ် မေ့တော့မလို့ ဒီညနေပိုင်း ဒါရိုက်တာ ကျိုးဖန်ဖန်က ကိုယ့်ကို ညစာစားဖို့ ဖိတ်ထားသေးတယ် ပူးပေါင်းဖို့အတွက် ဆွေးနွေးရဦးမှာလေ ..."
လင်းလဲ့ယန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းခိုးချရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း နောက်တစ်ခေါက်မှပေါ့ အိမ်ပြန်ရောက်ရင် မမေ့မလျော့လိမ်းနော် ..."
ကျိမြန်က ခေါင်းငြိမ့်ပြလိုက်သော်ငြား သူ့ချစ်သူ၏ နောက်ကျောကို ငေးကြည့်နေသည့် အကြည့်တို့မှာမူ ဝေခွဲမရမှုတို့ဖြင့် ပြည့်နှက်နေသည်။ ကုမ္ပဏီကို ပြန်လာသည့် လမ်းတစ်လျှောက် မည်သူကမှ စကားမပြောကြတော့။ သို့သော် ချိန်ဖမ်းရှင်းက အတင်းကာရော ရင်းနှီးလိုနေသည့်အတွက် ဖန်ခွင်းပင်လျှင် အာရုံနောက်လာတော့သည်။
"၁၂ လွှာကိုသွားပြီး အစီရင်ခံလိုက် တစ်မိနစ်အတွင်း ငါပြန်လာခဲ့မယ် ..."
ကျိမြန်၏ စတူဒီယိုမှာ ၂၆ လွှာတွင် ရှိနေကာ ၁၂ လွှာမှာမူ လေ့ကျင့်ရေးခန်းမ ဖြစ်သည်။
"ဟုတ်ကဲ့ပါ ..."
လင်းလဲ့ယန်နှင့် ချိန်ဖမ်းရှင်းတို့လည်း ဓာတ်လှေကားဖြင့် ၁၂ လွှာသို့ ဆင်းလာလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ကျိမြန်က နံရံကိုမှီကာ မျက်နှာကို အကြမ်းပတမ်း ပွတ်သတ်လိုက်သည်။
"ဘာဖြစ်လို့လဲ မင်းကို ကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေသလိုကြီးပဲ ..."
ဖန်ခွင်းက မေးလိုက်သည်။
"တွဲပြီးကာကျမှ မင်းကောင်လေးက အဖြောင့်ဖြစ်မှန်း သိလိုက်ရရင် မင်း ဘာလုပ်မလဲ ..."
ကျိမြန်က အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ဓာတ်လှေကားထဲတွင် ဆေးလိပ်သောက်မရကြောင်း သတိရသွားသည့်အတွက် ဆေးလိပ်ဘူးထဲသို့သာ ပြန်ထည့်လိုက်တော့သည်။ စိတ်ဓာတ်ကျနေမှုတို့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။
ဖန်ခွင်းက ပီတိတဖွားဖွားဖြင့် သရော်လိုက်သည်။
"အဲဒီ့ သနားစရာကောင်လေးက မင်းပဲ မဟုတ်လား ..."
ကျိမြန်က သူ့ကို ရေခဲရိုက်အကြည့်တစ်ချက်သာ ပစ်လွှတ်ကာ ဘာမှ ပြောမလာတော့။
ဖန်ခွင်းက အကောင်းဘက်မှတွေးကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ဖြောင့်တဲ့ကောင်လေးကို ကွေးအောင် လုပ်နိုင်ပြီးသားလေ ဘာလို့ ကျန်တာတွေကို ဂရုစိုက်နေဦးမှာလဲ အခု လင်းလဲ့ယန်ကလည်း မင်းနဲ့ တွဲနေပြီပဲ မဟုတ်လား ..."
ကျိမြန်က ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်တော့သည်။ ပြင်းထန်လှသည့် မတော်တဆမှု ဖြစ်ပွားခဲ့သည့်တိုင် အသက်ရှင်နေခြင်းမှာလည်း အလုံးစုံ မကောင်းမွန်လှချေ။
နှစ်ဦးသား စတူဒီယိုထဲ ဝင်ကာ စာရွက်စာတမ်းများကို ဖြေရှင်းပြီးကာမှ ၁၂ လွှာသို့ ထွက်လာလိုက်ကြတော့သည်။
ထိုစဉ် လင်းလဲ့ယန်ကလည်း အခန်းထဲတွင် အတန်းစမည့်အချိန်ကို ထိုင်စောင့်နေသည်။ သရုပ်ဆောင်အတန်း၏ နည်းပြဆရာမှာ ကြယ်ပွင့်ဖန်တီးရာတွင် ဆရာကျလှသည့် နာမည်ကြီး ဟွမ်ကျိကျင်းဖြစ်သည့်အတွက် အတန်းလာတက်သူများမှာလည်း သာမန် မဟုတ်ချေ။ ကျောင်းသားနှစ်ဦးမှာ ကိုရီးယားမှ ပြန်ရောက်လာကာစ နာမည်ကြီးများ ဖြစ်ကာ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုရီးယားစကားဖြင့်သာ အချင်းချင်း စကားပြောနေကြသည်။ လင်းလဲ့ယန်ကို မြင်လိုက်သည့်အခါ နှာခေါင်းရှုံ့၍ အချင်းချင်း မျက်ရိပ်မျက်ခြည် ပြကာ တီးတိုးပြောလိုက်၏။ စိတ်အခြေအနေ မကောင်းသည့် လင်းလဲ့ယန်မှာ ပို၍ပင် စိတ်နောက်ကျိလာတော့သည်။
ကျန်တစ်ယောက်မှာမူ သူ့အတွက် ပို၍ပင် ဆိုးရွားသေးသည်။ ရှောင်ကျားရှုလည်း ထိုထဲတွင် ရှိနေ၏။ သူက ထိုင်နေသူနှစ်ဦးထက်ပင် ပိုပြီး အရပ်ရှည်လျားကာ နာမည်ကြီးနတ်ဆိုး ဟွမ်မိန်ရွှမ်နှင့်အတူ အခန်းထဲသို့ မဆိုင်းမတွ ဝင်လာသည်။ နေရာတွင် ဝင်ထိုင်ပြီးနောက် ဟွမ်မိန်ရွှမ်က စာချုပ်တစ်စောင်ထုတ်ကာ သူ့ကို အသေးစိတ်ရှင်းပြနေသည်။ ရှောင်ကျားရှုက နားမလည်သည်များကို ပြန်မေးနေသော်ငြား သူ့အသံမှာ အလွန်တိုးလှသည့်အတွက် မည်သူမှ ကောင်းစွာ မကြားရချေ။ အနားတွင် ထိုင်နေသော လင်းလဲ့ယန်က တိတ်တခိုး လှမ်းကြည့်လိုက်သည့်အခါ ရှောင်ကျားရှု၏ စာချူပ်မှာ ကန့်သတ်ချုပ်နှောင်ချက် တစ်စုံတစ်ရာမှ မပါရှိသည့် S အဆင့်စာချုပ် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ လူသစ်နှစ်ယောက်ကလည်း စကားပြောနေသည်ကို ရပ်ကာ အလျင်အမြန် ဦးညွတ်နှုတ်ဆက်လိုက်ပြီး
သူတို့၏ အေးဂျင့်ကပါ "ဟွမ်ကျဲ" ဟု တလေးတစား ခေါ်ဝေါ်လာသည်။
ဤသည်မှာ အနုပညာလောကရှိ လူတန်းစား ကွာဟမှုပင် ဖြစ်သည်။ မတရားခံရသည်ဟု ခံစားနေရသည့် လင်းလဲ့ယန်မှာလည်း ချိန်ဖမ်းရှင်း၏ အတင်း ဆွဲခေါ်ထုတ်မှုကြောင့် တရိုတသေ နှုတ်ဆက်လိုက်ရတော့သည်။
ဟွမ်မိန်ရွှမ်းက လက်ကို အသာယမ်းပြရင်း စာချူပ်ကို လက်ဆွဲအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ များမကြာမီ ဟွမ်ကျိကျင်း ရောက်လာတော့၏။ သူဝင်လာသည်ကို မည်သူကမှ ဂရုမပြုမိလိုက်ကြ။ ရှောင်ကျားရှု၏ အကြည့်တို့မှာ ဝင်းလက်တောက်ပနေကာ ဖျတ်လက်မှုတို့ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည့်အခါ သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ထိုင်ကြပါ ..."
သူ့မျက်လုံးထဲတွင် ရှောင်ကျားရှုမှအပ မည်သူမှ မရှိကြောင်း အားလုံး သိလိုက်ကြသည်။
သူ့ဘေးနားသို့ အေးဂျင့်များနှင့်အတူ ကျောင်းသားလေးဦး ဝင်ထိုင်လိုက်ကြကာ စာရွက်များကို လက်ဆင့်ကမ်းပေးလိုက်သည်။ ထို့နောက် အတွင်းရေးမှူးတစ်ယောက် ရောက်လာကာ ရည်ရည်မွန်မွန် မေးလိုက်၏။
"ဘာသောက်ချင်ပါသလဲ ကော်ဖီ ဒါမှမဟုတ် အအေး ..."
အချို့က ကော်ဖီကို မှာကြပြီး အချို့က အအေးဟု ပြောလိုက်ကြသည်။ လင်းလဲ့ယန်ကမူ ရေတစ်ခွက်သာ ဝောာင်းဆိုလိုက်၏။ ရှောင်ကျားရှုကမူ ဘာကိုမှ မသောက်ဘဲ ဖုန်းကိုသာ ထုတ်ကြည့်နေလိုက်သည်။
ဟွမ်ကျိကျင်းက ထိုအချိန်ကို အခွင့်ကောင်းယူကာ လေးဦးလုံး၏ အချက်အလက်များကို ဖတ်နေလိုက်သည်။ သူ့လက်ထဲသို့ ရောက်လာသည့် လူသစ်အများစုမှာ ကုမ္ပဏီ၏ အဓိကမျက်နှာသစ်များ ဖြစ်ကြကာ သူ့အနေဖြင့် ၎င်းတို့ကို အချိန်တိုအတွင်း ပြောင်းလဲပြုပြင်ပေးရမည်ဖြစ်သည်။ ဖတ်ရှုပြီးနောက် သူက လင်းလဲ့ယန်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"မင်းပုံက ရုပ်ဆိုးတယ် နည်းနည်းလေးမှ ကြည့်မကောင်းဘူး ဒီအနုပညာလောကမှာဆို အရမ်းကို သာမန်ဆန်လွန်းတဲ့ ရုပ်ရည်မျိုးပဲ မင်းမှာ ရှိတဲ့ တစ်ခုတည်းသော ကောင်းကွက်က အပြုံးနဲ့ နေရောင်လို နွေးထွေးတဲ့ ပင်ကိုယ်စရိုက်ပဲ ..."
သူ့စကားပင် မဆုံးသေး။ တောင်ကိုရီးယားမှ ရောက်လာသည့် လူသစ်တစ်ဦးက တစ်ခစ်ခစ် ရယ်မောကာ ကျန်တစ်ဦးက မျက်စောင်းထိုး ကြည့်လိုက်သည်။
လင်းလဲ့ယန်က ဖန်ခွက်ကို မရည်ရွယ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိတော့သည်။ သို့သော် သူ့လက်မှာ ချွေးထွက်နေသည့်အပြင် ဖန်ခွက်၏ မျက်နှာပြင်မှာလည်း မညီညာသည့်အတွက် ဘောင်းဘီပေါ်သို့ ရေများ သွန်ချလိုက်မိတော့သည်။ ရှက်ရွံ့မှုနှင့် ဒေါသတို့က နှလုံးသားအောက်ခြေမှ ဆန်တက်လာကာ မျက်နှာတစ်ပြင်လုံး နီရဲလောင်ကျွမ်းသွားတော့သည်။ သို့သော် ကုမ္ပဏီတွင် ရောက်နေသည့်အပြင် သူ့ရှေ့၌ ရှိနေသူမှာ ဟွမ်ကျိကျင်းဖြစ်သည့်အတွက် ပေါက်ကွဲလိုက်၍လည်း မဖြစ်သည့်အတွက် ကြိတ်မှိတ်၍သာ သည်းခံလိုက်ရတော့၏။ မတ်တပ်ထရပ်ကာ ခပ်အက်အက်လေသံဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ် မစ္စတာဟွမ် ကျွန်တော် သန့်စင်ခန်းကို သွားပြီး သန့်ရှင်းလိုက်ပါ့မယ် ..."
ချိန်ဖမ်းရှင်းက သူ့ကို ခေါ်ထုတ်သွားရန် ပြင်လိုက်သော်ငြား တံခါးဝကို မှီကာ ရပ်နေသည့် ကျိမြန်ကို တွေ့လိုက်ရချိန်တွင် ဣန္ဒြေဆယ်လျက် လင်းလဲ့ယန်ကို ပြန်ထိုင်ခိုင်းစေပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"မင်းက မိန်းမမိုလို့လား ဘောင်းဘီလေး စိုသွားရုံပဲလေ အပြေးအလွှား သန့်ရှင်းဖို့ တွေးမနေနဲ့ ဒီတိုင်းထိုင်ပြီး နားထောင်နေ ..."
လင်းလဲ့ယန်မှာ မနာခံလိုမှု၊ ရှက်ရွံ့မှုတို့ ပြည့်နှက်နေသော်ငြား သည်းခံကာ ပြန်ထိုင်ရုံမှအပ ရွေးစရာ မရှိတော့ချေ။
ဒီလူတွေက ကျွန်တော့်ကို ဝိုင်းပြီး အရှက်ခွဲနေကြတာလေ ကျိကော ခင်ဗျား ဒါကို မမြင်ဘူးလား ဒီနေရာမှာ ဆက်နေခိုင်းမယ့်အစား ဘာလို့ ကျွန်တော့်ကို အပြင် ခေါ်ထုတ်မသွားတာလဲ ...
ထိုသို့ တွေးလိုက်သည့်တိုင် ဟွမ်ကျိကျင်း၏ စကားများကိုတော့ ဆက်နားထောင်နေဆဲဖြစ်သည်။
"ဒါပေမယ့် ဒါကပဲ မင်းရဲ့ အကြီးမားဆုံး အားသာချက် ဖြစ်နေတယ် မင်းရဲ့ ပုံပန်းသဏ္ဍာန်က အံဝင်ခွင်ကျ ဖြစ်နေသရွေ့ ဇာတ်လိုက်နေရာရော ဗီလိန်နေရာကပါ သရုပ်ဆောင်လို့ ရတယ် အသက်ကြီးကြီး၊ ငယ်ငယ်၊ လူလတ်ပိုင်းပဲဖြစ်ဖြစ် အားလုံး အိုကေပဲ မင်းရဲ့ ဇာတ်ကောင်ရွေးနိုင်စွမ်းက တစ်ခြားသူတွေထက် အများကြီး ပိုကျယ်ပြန့်တော့ ဒီမျက်နှာလေးနဲ့သာဆို ဇာတ်ကောင်တွေ အများကြီးကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်တယ် မင်းရုပ်ရည်အတွက် အမှတ်ပြည့် ၁၀ မှတ်မှာ ၉ မှတ်ပေးချင်တယ် ဒါက ပိတ်ကားပေါ်တင်ဖို့ သင့်လျော်တဲ့ မျက်နှာမျိုး သင့်လျော်တဲ့ သရုပ်ဆောင်စကေးနဲ့သာ တွဲဖက်လိုက်ရင် နာမည်ကြီးလာဖို့ကတော့ လုံးဝ မခဲယဉ်းဘူး ..."
သူက လူသစ်တစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
Xxxxxxx