Chapter 30
လောကျန်းဝေ့အနေဖြင့် ရှောင်ကျားရှုမှာ ဤကဲ့သို့သော စိတ်ကူးစိတ်သန်းမျိုး မည်သည့်နေရာမှ ရလာခဲ့သလဲတော့ မသိ။ သို့သော် ရုံးခန်းထဲသို့ ရောက်လာပြီးနောက် သူပြသခဲ့သည့် မဝေခွဲနိုင်မှုနှင့် ကြောက်ရွံ့ခြင်းတို့မှာ အစစ်အမှန်လေလားဟု တွေးမိလောက်အောင်ပင် သဘာဝကျလွန်းလှသည်။ သို့သော် အကယ်၍သာ ထိုကြောက်ရွံ့မှုမှာ အစစ်အမှန်ဖြစ်ခဲ့ပါလျှင်လည်း ကောင်းစွာ သရုပ်ဆောင်နိုင်ဦးမည် မဟုတ်ချေ။ အကြောင်းမှာ ထိုကြောက်ရွံ့မှုမှာ ရှောင်ကျားရှု၏ ကြောက်ရွံ့မှု မဟုတ်၊ လင်ဖုန်း၏ ကြောက်ရွံ့မှုသာ ဖြစ်သင့်၍ဖြစ်သည်။ ထိုအချိန်မှာပင် ရှောင်ကျားရှုက ရုတ်ချည်း သဘောပေါက်သွားကာ သတိလက်လွတ်ဖြစ်နေရာမှ သူ့ကိုယ်သူ ရုတ်ချည်း သတိကပ်နိုင်လိုက်သည်။ ထိုပြောင်းလဲမှုမှာ အလွန်မြန်ဆန်ချောမွေ့သည့်အတွက် အလိုရှိသည့် သရုပ်ဆောင်ချက်ကို ကွက်တိ ရရှိနိုင်လိုက်တော့သည်။
(ဒီအပိုဒ်ကို နားလည်ကြလား မသိဘူး🥲 သူပြောချင်တာက ရှောင်ကျားရှု ကြောက်တဲ့ပုံစံက လုံးဝ အစစ်အတိုင်းပဲ ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင် လင်ဖုန်းအနေနဲ့ ကြောက်တာ မဟုတ်လို့ သရုပ်ဆောင်တာ အသက်မပါသေးဘူး ဒါပေမယ့် ရှောင်ကျားရှုက သူ့ကိုယ်သူ လင်ဖုန်းအဖြစ် ချက်ခြင်း ပြောင်းနိုင်လိုက်လို့ ဇာတ်ကောင်စရိုက်နဲ့ ကွက်တိကျပြီး သရုပ်ဆောင်တာ အသက်ပါသွားတာလို့ ပြောချင်တာပါ)
လောကျန်းဝေ့သည် ရုပ်ရှင်များစွာ ရိုက်ကူးဖူးကာ သရုပ်ဆောင်အမြောက်အများကို တွေ့ခဲ့ဖူးသော်ငြား ဆေးစွဲမှုကို ချုပ်တည်းသည့် သရုပ်ဆောင်မှုမျိုးမှာ အကောင်းဆုံးသုံးယောက်စာရင်းထဲပင် ဝင်နိုင်လောက်သည်အထိ ကောင်းမွန်ကာ ပြောသွားသည့် စကားများမှာလည်း အပြစ်ဆိုနိုင်ဖွယ်ရာပင် မရှိချေ။
သူက အပြစ်ရှာရန်အတွက် ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ရစ်ကြည့်လိုက်သော်ငြား တစ်ခုမှပင် ရှာမတွေ့။ အားလုံး ပြီးပြည့်စုံလွန်းလှသည်။
လောကျန်းဝေ့က နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ပြန်လည်အကဲခတ်နေစဉ် ရှောင်ကျားရှုကလည်း ကျိမြန်၏ သရုပ်ဆောင်ချက်ကို ကြည့်နေလိုက်သည်။ ကျိမြန်၏ အကြည့်တို့ကြောင့် ဇာတ်ကောင်ထဲသို့ လုံးလုံးလျားလျား ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သော်ငြား မေးကို တစ်ဖက်သူ၏ ပခုံးပေါ် တင်ထားရာ နောက်ကျောတစ်ခုသာ ပေါ်နေသည့်အတွက် တစ်က်တော်ရိုက်ချက်နှင့်ပင် ပို၍ တူနေသေးသည်။ သူ့အဖို့ ကျိမြန်၏ သရုပ်ဆောင်ချက်များမှာ များစွာ မရှင်းလင်းလှသေးချေ။
ယခုမူ ကျိမြန်၏ သရုပ်ဆောင်မှုကို စခရင်ပေါ်တွင် အနီးကပ် တွေ့နေရသည်။ လင်ဖုန်းကို ပွေ့ထားပြီးနောက် ဆေးထိုးအပ်ရာကို တွေ့လိုက်ရသည့်အခါ သူ့မျက်ဆန်အိမ်တို့် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတော့သည်။ ပြင်းပျလှသည့် အမျက်ဒေါသနှင့် များပြားလှသော ချစ်ခြင်းမေတ္တာများ ထပ်ကာထပ်ကာ ရောထွေးကာ မျက်ရည်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး ထိုမျက်ရည်မှာ အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့သည်။ လင်ဖုန်းကို သတ်ရန် လက်ကို မြှောက်လိုက်ချိန်တွင် သူ့မျက်လုံးတစ်ခုလုံး အမှောင်ဖုံးကာ လူသားဆန်ခြင်း တစ်ခုတစ်လေမှပင် မကျန်ရစ်တော့ချေ။
အစမှ အဆုံးအထိ ကျိမြန်၏ မျက်နှာမှာ ကျောက်သားကျောက်စိုင်နှယ် မာကြောနေခဲ့သည်။ ကင်မရာကို အောက်သို့နှိမ့်ကာ သူ့လက်ကို အသားပေး ရိုက်ကူးလိုက်သည့်တိုင် ထိုလက်ကပင်လျှင် ဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်နေဆဲဖြစ်သည်။ သွေးကြောပြာများပင် ထွက်ပေါ်နေသည့် လက်ဖမိုး၊ သွေးဆုတ်ဖြူလျော်နေသော လက်ဆစ်များနှင့် တဆတ်ဆတ်တုန်ရီနေသော လက်ကောက်ဝတ်တို့မှာ အပြင်းအထန် နာကျင်နေမှု၏ စကားမပြောတတ်သော ပြယုဂ်များပင်ဖြစ်ပေသည်။
ရှောင်ကျားရှုက စခရင်ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ရင်း အတွင်းစိတ်ထဲတွင်လည်း အူလှိုက်သည်းလှိုက် အော်ဟစ်နေလိုက်သည်။ သူ့အဖို့ သရုပ်ဆောင်ခြင်းတွင်လည်း ဖျတ်လက်တက်ကြွကာ လှုပ်ရှားသက်ဝင်မှု အပြည့်ရှိနေသည်ဟု ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က သရုပ်ဆောင်ခြင်းသည် မမြင်နိုင်၊ မတွေ့နိုင်၊ ထိတွေ့ခံစားခြင်း မပြုနိုင်ဟု ဆိုလာပါလျှင် ထိုသူသည် ကျိမြန်ကဲ့သို့ သရုပ်ဆောင်မျိုးကို မတွေ့ဖူး၍သာ ဖြစ်ပေမည်။ ကျိမြန်၏ သရုပ်ဆောင်စွမ်းရည်မှာ လင်ထောင်ကို ရုပ်လုံးကြွလာစေနိုင်သည်အထိ သက်ဝင်လှုပ်ရှားနိုင်စွမ်းတို့ ပြည့်နှက်နေပေသည်။
ရှောင်ကျားရှုက သူသရုပ်ဆောင်ခဲ့ပုံကိုပင် ကြည့်မနေအား။ ကျိမြန်၏ အပိုင်းများကိုသာ ထပ်ကာထပ်ကာ လောဘတကြီး ကြည့်နေပြီး သူ့နှလုံးသားထဲရှိ တုန်လှုပ်မှုကို ပေါ်လွင်အောင်ပင် မဖော်ပြတတ်တော့ချေ။
ထိုစဉ် ကျိမြန်ကလည်း ရှောင်ကျားရှု၏ သရုပ်ဆောင်ချက်များကို စိုက်ကြည့်နေသည်။ မူလက အာရုံစူးစိုက်မှုအပြည့်ဖြင့် စိုက်ကြည့်နေသော်ငြား တစ်ဖြည်းဖြည်း စိတ်ပျံ့လွင့်သွားကာ နားရွက်ဖျားတို့ ပူလာတော့သည်။ အနေရခက်သည့်နှယ် လက်သီးဆုပ်ကာ ချောင်းအသာဟန့်လျက် ရှောင်ကျားရှုကို လှမ်းကြည့်လိုက်သည်။ အကြိမ်အနည်းငယ် ကြည့်နေမိသည့်တိုင် တစ်ဖက်သူက သူ့ကို သတိမပြုမိသေး၊ စခရင်ကိုသာ အဆက်မပြတ် စိုက်ကြည့်နေသည့်အတွက် အနားမှ တိတ်တဆိတ် ထွက်လာခဲ့လိုက်တော့သည်။
အနားတွင် မိနစ်အနည်းငယ်ခန့် ရပ်နေပြီးနောက် လောကျန်းဝေ့၏ ဝမ်းသာအားရ စကားသံကို ကြားလိုက်ရတော့သည်။
"အိုကေ ဒီတစ်ခုလည်း ပြီးသွားပြန်ပြီ ကျိမြန်နဲ့ ရှောင်ကျားရှု ခပ်သွက်သွက်လေး စားလိုက်ကြတော့ ပြီးရင် လူသတ်တဲ့အခန်းရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ရိုက်ကြရအောင် ..."
ဘေးနားတွင် ဝိုင်းအုံနေသူအားလုံး လူစုခွဲလိုက်ကြကာ အားလုံး၏ မျက်နှာမှာ ပြုံးနေသည့်တိုင် အတွေးတို့မှာမူ ပို၍ပို၍ပင် ရှုပ်ထွေးလာကြတော့သည်။ လောင်းကြေးစတင်ခဲ့သည့် သရုပ်ဆောင်ကလည်း ငွေပြန်အမ်းပေးနေရတော့သည်။ ရှောင်ကျားရှုက တစ်ကြိမ်မှပင် NG မရခဲ့သည့်အတွက် သူတို့အားလုံး ရှုံးနိမ့်သွားရတော့သည်။
အရင်းအမြစ်တွေကို ဘယ်လို စုပ်ယူရမလဲပဲ သိပြီး သရုပ်ဆောင်တာက ဘယ်လိုဆိုတာ မသိ၊ အသုံးမကျတဲ့ ဒုတိယမျိုးဆက် လူချမ်းသာလို့ ဘယ်သူများ ပြောခဲ့တာလဲကွ ပြောတဲ့သူရေ မင်းမျက်နှာတွေ ယောင်ကိုင်းနေပြီ မဟုတ်လား ...
ရှောင်ကျားရှုမှာတော့ သူ၏ အောင်မြင်မှုများအကြောင်း လုံးဝမသိသေး။ ကျိမြန်၏ သရုပ်ဆောင်မှုအပေါ်တွင်သာ နစ်မြောနေဆဲဖြစ်သည်။ တစ်ဖက်သူက မနီးမဝေးတွင် ရပ်နေကာ သူ့ကို နူးနူးညံ့ညံ့ ပြုံးပြနေကြောင်း သိလိုက်ရသည့်အခါ နီမြန်းနေသော ပါးနှစ်ဖက်နှင့်အတူ ခြေကုန်သုတ်ကာ ပြေးသွားတော့သည်။ စခရင်ပေါ်ရှိ ကျိမြန်မှာ လက်တွေ့ဘဝရှိ ကျိမြန်နှင့် များစွာ ကွာခြားလှပေသည်။ စခရင်ပေါ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် တွင်းနက်ကြီးတစ်ခုနှယ် လူတိုင်း၏ အာရုံစိုက်မှုတို့ကို စုပ်ယူသွားတော့သည်။
ကျိမြန်မှာလည်း သခင်လေးရှောင်၏ ရှက်ရွံ့သွားမှုကို အနည်းငယ် အံ့ဩမိသည့်အတွက် ခေါင်းကို ယမ်းကာသာ ရယ်မောလိုက်တော့သည်။
ဖန်ခွင်းက ကျိမြန် စားနိုင်ရန်အတွက် ထမင်းဘူးကို ကားထဲသို့ သယ်လာပေးလိုက်သည်။ နေ့ခင်းပိုင်းတွင် ရိုက်ကူးရေး မရှိသည့် လင်းလဲ့ယန်က နောက်ခုံတွင် အိပ်မောကျနေပြီး ကားတံခါးလှပ်သံကို ကြားလိုက်ရသည့်အခါ အလျင်အမြန် ထလာလိုက်သည်။
"ကျိကော စားစရာတွေက အေးကုန်ပြီထင်တယ် ကျွန်တော် အပြင်ထွက်ပြီး သွားဝယ်ပေးမယ်လေ ..."
"ရတယ် ပြီးရင်လည်း ဆက်ရိုက်ရဦးမှာဆိုတော့ အချိန်မရှိတော့ဘူး ကိုယ့်အတွက် ပူမနေနဲ့ ကိုယ့်ဘာသာကိုယ်သာ အိပ်ရေးဝအောင်အိပ် ..."
ကျိမြန်က ပြောလိုက်သည်။
"ကျွန်တော် ဆက်အိပ်လို့ မရတော့လို့ ကောရဲ့ ကုတ်အင်္ကျီက ညစ်ပတ်နေပြီ သန့်ရှင်းတဲ့တစ်ထည် ပြောင်းလိုက်ပါလား အင်္ကျီတွေအကုန်လုံးက ဒီဇိုင်းအတူတူပဲဆိုတော့ ပရိသတ်တွေလည်း သတိထားမိမှာ မဟုတ်ပါဘူး ..."
ကျိမြန်၏ ရင်ဘက်ပေါ်ရှိ စိုစွတ်နေသော အကွက်ကို တွေ့လိုက်ရသည့်အခါ လင်းလဲ့ယန်၏ အကြည့်တို့ မည်းမှောင်သွားတော့သည်။
"လဲဖို့ မလိုပါဘူး ခဏနေရင် ရိုက်မယ့်အခန်းက ရှေ့အခန်းရဲ့ အဆက်လေ တကယ်လို့ မျက်ရည်တွေသာ ခြောက်သွားရင် ပြန်ပြီး စိုအောင် လုပ်နေရဦးမှာ ရှေ့လျှောက် ရုပ်ရှင်ရိုက်မယ်ဆိုရင် အချက်သေးသေးလေးတွေကအစ သတိထားပြီးလုပ် ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက သတိပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ မင်းစိတ်ထဲမှာ အားလုံးကို သတိထားထား ..."
ကျိမြန်က တူကို ကောက်ကိုင်လိုက်သည့်တိုင် လက်ကို မရွေ့သေး။ အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချကာ ပြောလိုက်သည်။
"ဖန်ခွင်း ငါ သမ်းလောင် ပြောခဲ့ဖူးတဲ့စကားကို မှတ်မိနေသေးတယ် ပထမတန်းစား သရုပ်ဆောင်ကပဲ ဘဝရဲ့ အရှက်ရွံ့ရဆုံး၊ ဝမ်းအနည်းရဆုံးနဲ့ အကြောက်ရွံ့ရဆုံး အတွေ့အကြုံတွေကနေ အနုပညာတစ်ရပ်ကို တူးထုတ်နိုင်တာ ဆိုတဲ့စကားလေ ... ငါလောင်းရဲတယ် ရှောင်ကျားရှုက အနာဂတ်မှာ သေချာပေါက်ကို ပထမတန်းစား သရုပ်ဆောင် ဖြစ်လာမှာ ..."
ဖန်ခွင်းမှာလည်း ဤလောကတွင် ဝါနုသေးသူ မဟုတ်ရာ ရှောင်ကျားရှု၏ စွမ်းရည်ကို မမြင်နိုင်စရာအကြောင်း မရှိချေ။ သူက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
"နောက်ဆုံးတော့ ငါလည်း လက်ခံနိုင်သွားပြီ အနုပညာလောကမှာ အရည်အချင်းက ဇွဲကောင်းတာထက် ပိုပြီးသာတာတော့ အမှန်ပဲ တစ်ချို့သူတွေက သရုပ်ဆောင်ဖြစ်ဖို့ မွေးဖွားလာပေမယ့် တစ်ချို့ကတော့ တစ်ဘဝလုံး ခက်ခက်ခဲခဲ ကြိုးစားတာတောင် အဘယ်အလတ်အဆင့်ကနေ မတတ်နိုင်ဘူး ဘဝဆိုတာ ဒါပဲ ..."
သူတို့နှစ်ဦး၏ စကားသံကို ကြားလိုက်ရသည့်အခါ လင်းလဲ့ယန်၏ အကြည့်တို့ မီးဝင်းဝင်းတောက်လာပြီး တိတ်တခိုး ဆဲရေးလိုက်သည်။
ဒါဆို ငါကရော ဘယ်လိုလူမျိုးလဲ အရည်အချင်းရှိတာလား မရှိတာလား တစ်ချို့သူတွေက လိုတရဘဝနဲ့ မွေးဖွားလာပေမယ့် တစ်ချို့တွေကကျ ဘာတစ်ခုမှလည်း မပိုင်ဆိုင်၊ အကုန်လုံးကို ကိုယ်တိုင် ကြိုးစားနေရတာလဲ မဟုတ်သေးဘူး ဒါက အမှားကြီးပဲ ဖြစ်ရမယ် ကြိုးစားသရွေ့ အိပ်မက်တွေက အမှန်ဖြစ်လာမှာ သေချာတယ် ..."
ကျိမြန်က သူ့ကို ကြည့်ကာ ညင်သာနူးညံ့စွာ ပြောလိုက်သည်။
"လဲ့ယန် မင်းမှာက ပါရမီရော ဝီရိယရော ရှိတယ် အနာဂတ်မှာ ကျိန်းသေပေါက် အောင်မြင်မှာ ..."
လင်းလဲ့ယန်၏ စိတ်နှလုံးတို့ ပြန်လည်ကာ လန်းဆန်းသွားသည့်အတွက် ကျိမြန်ကို အလောတကြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
ကျိမြန်က စားသောက်ကာ ရေတစ်ငုံ သောက်ပြီးနောက် မြင်လွှာတို့ကို တင်းတင်းကြပ်ကြပ် ဖိပိတ်လျက် ရှေ့ခုံတွင် လဲလျောင်းနေလိုက်သည်။
လင်းလဲ့ယန်က သူနှင့် စကားစမြည် ပြောချင်သေးသော်ငြား ဖန်ခွင်း၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
"သူ့ကို သွားပြီး စကားမပြောနဲ့တော့ နောက်ရိုက်မယ့်အခန်းအတွက် စိတ်ထဲမှာ ကြိုပြီး လေ့ကျင့်နေတာ အဲဒါ သူ့အကျင့်လေ ..."
ဖန်ခွင်းအနေဖြင့်လည်း ကျိမြန်ကို ထိုပုံစံမျိုးဖြင့် မတွေ့တော့သည်မှာ အလွန်ကြာနေပြီဖြစ်သည်။ ဤအလုပ်ကို စတင်လုပ်ကိုင်စဉ်က ကျိမြန်သည် ရိုက်ကူးရေးတိုင်းကို အလေးအနက်ထားကာ ရိုက်ကူးရေး မစမီ ဇာတ်ကောင်အတွက် လိုအပ်သည့် စိတ်ခံစားချက်များကို ကြိုတင်မွေးမြူပြီး ခွန်အားအပြည့်ဝဆုံးအခြေအနေဖြင့် ရိုက်ကူးလေ့ရှိသည်။ ထူးချွန်လှသည့် ပင်ကိုယ်အရည်အချင်းနှင့်အတူ အလေးအနက်ထားမှုနှင့် ထက်သန်သော ဇွဲလုံ့လဝီရီယတို့ကြောင့် အချိန်တိုအတွင်းမှာပင် ယခုရပ်နေသည့်နေရာ(ရုပ်ရှင်ဧကရာဇ်အဖြစ်)သို့ ရောက်ရှိလာနိုင်ခဲ့သည်။
သို့သော် အလျင်အမြန် တိုးတက်ကျော်ကြားလာခဲ့သည့်အတွက် ဤနှစ်များတွင် သူ၏ သရုပ်ဆောင်မှုအပေါ် စိတ်ပါဝင်စားမှု တစ်ဖြည်းဖြည်း ယုတ်လျော့လာခဲ့တော့သည်။ ရှေ့ဆက်တိုးရန်လည်း ဆန္ဒမရှိတော့။ ယခုရောက်နေသည့် နေရာတွင်သာ ရပ်တန့်နေကာ ဆက်လက်ရွေ့လျားရန် တွန်းအားမရှိတော့သည့်အတွက် ရိုက်ကွင်းနောက်ကွယ်တွင် အလုပ်လုပ်ရန်ကိုသာ တစ်ဖြည်းဖြည်း ရွေးချယ်လိုက်တော့သည်။
ဖန်ခွင်းမှာ ထိုစိတ်အခြေအနေအပေါ် ပူပန်သောကရောက်ခဲ့ရသည့်အတွက် ယခုတစ်ဖန် အလေးအနက် ပြန်ဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။
ဒါက လူသစ်လေးကြောင့်များလား ရှောင်ကျားရှုရဲ့ အရည်အချင်းက ဒီလောက်တောင် အံ့ဩဖို့ ကောင်းတယ်ပေါ့ ကျိမြန်ကိုတောင် လှုပ်ရှားစေနိုင်လောက်တဲ့အထိလေ ...
လင်းလဲ့ယန်မှာ ကျိမြန်၏ လက်ထောက်အဖြစ် လအနည်းငယ်သာ လုပ်ကိုင်ခဲ့ဖူးပြီး နောက်ပိုင်းတွင် တက္ကသိုလ်ဆက်တက်ခဲ့ရာ ထိုအကျင့်ရှိကြောင်း သိမထားသည့်အတွက် စိတ်ချလက်ချသာ နေလိုက်တော့သည်။ မိနစ် ၂၀ ထက်မနည်း အနားယူပြီးနောက် လောကျန်းဝေ့၏ စကားသံမှာ ကားအပြင်ဘက်နားအထိ ပျံ့လွင့်လာပြန်တော့သည်။
"ရိုက်ကူးရေး စတင်ချိန် ရောက်ပါပြီ ရိုက်ကူးရေး စပါတော့မယ် အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ..."
ကျိမြန်က မျက်လုံးတို့ကို ဖွင့်ကာ ပင့်တင်ထားသော အင်္ကျီလက်ကို ပြန်ချရင်း အပေါ်ဝတ်အင်္ကျီကို ပြန်ဝတ်ပြီး ရိုက်ကူးမည့်နေရာသို့ တစ်ချိုးတည်း ထွက်သွားလိုက်သည်။ ထိုအချိန်အတွင်း မည်သူကိုမှ ကြည့်လည်းမကြည့်၊ စကားလည်း မပြော၊ သူ့အမူအယာမှာလည်း အလွန်လေးနက်နေသည့်အတွက် လင်းလဲ့ယန်မှာ အလွန်ထိန်လန့်သွားကာ ကျိမြန်နောက်သို့ ချက်ခြင်း လိုက်မလာနိုင်လောက်အောင်ပင် ဆွံ့အသွားတော့သည်။ သူ့နောက်ပါးဆီမှ ဖန်ခွင်း၏ ရေရွတ်သံများလည်း ပျံ့လွင့်လာသည်။
"တကယ် ... တကယ်ကို ရှောင်ကျားရှုကြောင့် ပြန်တက်ကြွလာတာပဲ ..."
ရှောင်ကျားရှုကြောင့် ပြန်ပြီး တက်ကြွလာတယ် ဟုတ်လား အဲဒါ ဘာကိုဆိုလိုတာလဲ ...
ဖြစ်နိုင်ချေများကို စဉ်းစားရင်း လင်းလဲ့ယန်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
ရှောင်ကျားရှုကလည်း စားသောက်ပြီးနောက် မိတ်ကပ်ပြန်ပြင်ကာ လောကျန်းဝေ့၏ ဘေးနားတွင်ရပ်ရင်း ရိုက်ကူးရေးစတင်မည်ကို စောင့်နေလိုက်သည်။ သူရိုက်ရမည့် အခန်းများမှာ အလွန်နည်းပါးသည့်အပြင် အလောင်းကောင်အဖြစ် သရုပ်ဆောင်ရန်သာ လိုအပ်ရာ အတိတ်အချိန်များတွင်သာ ဖြစ်ပါလျှင် ထောင့်နားတွင်ထိုင်ကာ ဂိမ်းဆော့ရင်း ပျင်းတိပျင်းရွဲဖြင့် အချိန်ကုန်ဆုံးမိမည်ဖြစ်သည်။ သို့သော် ယခုမူ သူ့အကြည့်တို့မှာ စိတ်အားထက်သန်မှုတို့ကြောင့် ဝင်းလက်တောက်ပနေသည်။
မိတ်ကပ်ဆရာမအား သူ့အင်္ကျီကို တစ်ဖန် စိုစွတ်သွားအောင် ပြန်လုပ်ခိုင်းရန်အတွက် ကျိမြန်ရောက်လာသည့်အခါ သူ့အကြည့်အားလုံးကို ကျိမြန်ထံတွင်သာ အခြေချလိုက်တော့သည်။ ပစ်မှတ်နောက်သို့ တကောက်ကောက်လိုက်နေသည့် အမဲလိုက်ခွေးနှယ် သူ့အကြည့်တို့မှာ ကျိမြန် ရွေ့လျားလေရာနောက်သို့သာ ကပ်ငြိနေတော့သည်။
သူ့ကို ပြန်ကြည့်လိုက်သော ကျိမြန်၏ အကြည့်တို့မှာလည်း ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။ ဒါရိုက်တာက ရိုက်ကူးရေး စတင်တော့မည်ဟု ပြောလိုက်သည့်အခါ သူ့မျက်နှာပေါ်ရှိ နူးညံ့မှုအားလုံးကို အေးစက်မှုများက အစားထိုးဝင်ရောက်လာတော့သည်။
နောက်ထပ်ရိုက်ကူးရမည့်အပိုင်းမှာ ဤကဲ့သို့ ဖြစ်သည်။ လင်ထောင်၏ ရန်ဘက်ဖြစ်သူ တုပျောင်မှာ လင်ဖုန်းတစ်ယောက် စမ်းသပ်ထားသော ဆေးဝါးအသစ်၊ အီဗိုလာပိုးနှင့် AIDS ပိုးတို့ ထိုးသွင်းခံလိုက်ရကြောင်း မသိသေး။ သူသည်လည်း လင်ထောင်ကို လက်တုန့်ပြန်လိုသူများ၏ အသုံးချခြင်းကို ခံလိုက်ရသူဖြစ်သည်။ သို့မဟုတ်ပါလျှင် လင်အုပ်စုနှင့် ညှိနှိုင်းရန် ရောက်လာလိမ့်မည် မဟုတ်ချေ။ သို့သော် လင်ထောင်ကမူ လုံးဝ ဂရုမစိုက်။ သူ့ညီထံ ဖြစ်ပွားခဲ့သမျှ ကိစ္စအားလုံးမှာ တုပျောင်၏ လက်ထဲတွင် ရှိနေစဉ်က ဖြစ်ခဲ့သည့်အတွက် သူ့ကို မြေအောက်ကားပါကင်တွင် လုပ်ကြံသတ်ဖြတ်လိုက်သည်။
Xxxxxxx