Chapter 13
ဖန်ခွင်း၏ ရင်ထဲတွင် မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျိမြန်က ကောက်ကာငင်ကာ ပြောလိုက်သည်။
"သူတို့က အရက်လည်းမသောက် ဆေးလည်း မသုံးထားဘူး ပန်းကန်းပြားပျံကို ငါလည်း တွေ့လိုက်တယ် ..."
"အာ ..."
ဖန်ခွင်းက အလန့်တကြား မေးလိုက်သည်။
"ငါ အကျယ်ကြီး ထုတ်ပြောလိုက်မိတာလား ..."
"မင်းက ဘာမှ မပြောခဲ့ဘူးလား ..."
ကျိမြန်က မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့အမူအယာမှာကို မှန်းဆရန်မှာမူ ခဲယဉ်းလှပေသည်။
"ပြောခဲ့လို့လား မပြောမိပါဘူး ..."
ဖန်ခွင်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်ငြား သူ့ကို တင်းတင်းကြပ်ကြပ် သတိပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒီ့ပန်းကန်ပြားပျံအကြောင်း ထပ်မပြောနဲ့တော့ ရဲတွေက အကုန်စုံစမ်းပြီးပြီ ဘရိတ်ချော်သွားတာကလွဲပြီး ကားကို ဝင်တိုက်ထားတဲ့ ခြေရာလက်ရာ တစ်ခုမှ မရှိဘူး ပြီးတော့ ပန်းကန်ပြားပျံရဲ့ အရိပ်အယောင်ရောပဲ ရှောင်လျှို့မောင်းတာ အရှိန်များလွန်းလို့ တောင်ပေါ်ကနေ ကားဘီးချော်ပြီး ပြုတ်ကျလာတာပဲ ဖြစ်ရမယ် ..."
ပန်းကန်ပြားပျံကိုသာ အကြောင်းပြလိုက်ရင် နောက်နေ့မနက် သတင်းစာ ခေါင်းစီးပိုင်းမှာ "စိတ်ဝေဒနာ ခံစားနေရတဲ့ ရုပ်ရှင်ဧကရာဇ်" ဆိုတဲ့ ဆောင်းပါးကြီး ပါလာတော့မှာ သေချာတယ် ...
ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့ကို သူနာပြုတစ်ယောက်လောက် သွားရှာပေးဦး ခေါင်းကိုက်လာပြန်ပြီ ..."
"အိုကေ ..."
ဖန်ခွင်းက ခလုတ်ကိုနှိပ်ကာ သူနာပြုတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
သူနာပြုအချို့ ချက်ခြင်း ရောက်လာကာ တစ်ယောက်က ကျိမြန်၏ ပတ်တီးများကို စစ်ဆေးနေပြီး ကျန်တစ်ယောက်က သွေးပေါင်ချိန် တိုင်းပေးနေလိုက်သည်။ သူတို့၏ မျက်နှာမှာ ရဲရဲနီနေပြီး လှုပ်ရှားမှုတို့မှာလည်း စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေပေသည်။
ဒါက ရုပ်ရှင်ဧကရာဇ်ကျိမြန်ကို အပြင်မှာ ပထမဆုံး မြင်ဖူးတာပဲ တီဗီထဲကထက်ကို အဆတစ်ရာလောက် ပိုပြီးချောလိုက်တာ ပုခုံးကြီးကလည်း အကျယ်ပြီး ခါးသေးသေးလေးနဲ့ ခြေတံရှည်ကြီးကနေ အမျိုးသားဟော်မုန်းဓာတ်တွေ ဆက်တိုက်ကို ထုတ်လွှတ်နေလိုက်တာများ ah ah ah တကယ်ကို မူးမေ့လဲကြတော့မှာပဲ ..."
သူတို့က မှတ်စုစာအုပ်များထုတ်ကာ လက်မှတ်ထိုးပေးရန် တောင်းဆိုလိုက်ကြ၏။ တစ်ဆတ်ဆတ် တုန်ရီနေသော လက်ချောင်းများက သူတို့၏ စိတ်လှုပ်ရှားနေမှုကို ဖော်ပြနေပေသည်။ ကျိမြန်က ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ကာ လက်မှတ်ထိုးပေးသည့်အပြင် ဓာတ်ပုံပါ ရိုက်ပေးပြီး အစမှ အဆုံးအထိ စိတ်မရှည်လေဟန် တစ်ချက်မှပင် မပြသခဲ့ချေ။ VIP ခန်းများကို အထက်တန်းလွှာနှင့် ရာထူးအမြင့်ပိုင်းမှ ပုဂ္ဂိုလ်များအတွက်သာ အသုံးပြုသည့်အတွက် သတင်းအချက်အလက် ပေါက်ကြားသွားမည်ကို စိုးရိမ်နေရန် မလိုအပ်ချေ။
သူတို့ ထွက်သွားပြီးမှသာ ကျိမြန်လည်း ဝန်ထုပ်ကြီး ကျဆင်းသွားသည့်နှယ် သက်တောင့်သက်သာ ဖြစ်သွားတော့သည်။
ဖန်ခွင်းက သူ့ကို ကျီစားလိုက်သည်။
"မင်းရဲ့ သည်းခံနိုင်စွမ်းက အရမ်းကို မြင့်မားတာပဲ လူနာဖြစ်နေတာတောင် သူနာပြုတွေ လက်မှတ်ထိုးခိုင်း၊ ဓာတ်ပုံရိုက်ခိုင်းတာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်နေပေးတော့ ခေါင်းကိုက်နေတာ မထူးဆန်းတော့ပါဘူး အိပ်မပျော်ရင် ရုပ်ရှင်လေးဘာလေး ကြည့်နေလေ ငါ ဥက္ကဌရှို့ကို ဖုန်းဆက်လိုက်ဦးမယ် သူက မင်းကို တစ်ညလုံး စောင့်ပေးပြီး မနက် ငါးနာရီထိုးမှ ပြန်သွားတာ ..."
"သူ့ကို သွားမနှောင့်ယှက်ပါနဲ့ အေးအေးဆေးဆေး နားပါစေ ..."
ဖန်ခွင်းကမူ သူ့စကား မဆုံးခင်မှာပင် အပြင်ရောက်သွားပြီဖြစ်သည်။ ဆေးရုံအခန်းမှာ ကော်ရစ်ဒါအဆုံးတွင် ရှိနေပြီး ကော်ရစ်ဒါတံခါးမှ ထွက်လိုက်ပါလျှင် ဘယ်ဘက်တွင် အရေးပေါ်လှေကားများ ရှိနေပေသည်။ လှေကားနှင့် အခန်းမှာ ငါးမီတာပင် မဝေးလှ။ ဖန်ခွင်းက လှေကားအနီးတွင် ဖုန်းပြောနေခြင်း ဖြစ်သော်ငြား အခန်းထဲရှိ ကျိမြန်မှာ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရပေသည်။ ထိုစကားများမှာ အခြားသူနှင့် ပြောနေခြင်းမဟုတ်ဘဲ သူတစ်ယောက်တည်း တီးတိုးရေရွတ်နေခြင်းနှင့်ပင် ပို၍ တူနေပေသေးသည်။ ကျိမြန်မှာ အစောပိုင်းက ထူးဆန်းသည်ဟု မခံစားရသော်ငြား ဆေးရုံ၏ အသံလုံစနစ်မှာ အလွန်ကောင်းမွန်ကြောင်း သတိထားမိလိုက်ချိန်တွင်မူ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။
ဥက္ကဌရှို့က ကျိကောကို တကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာပဲ သူတို့အသက်တွေက သိပ်မကွာကြလို့သာ မဟုတ်ရင် ကျိကောက ဥက္ကဌရှို့ရဲ့ သားအရင်းလို့တောင် ထင်မိလောက်တယ် ...
ဖန်ခွင်းက သက်ပြင်းချကာ အခန်းထဲသို့ ပြန်လာချိန်တွင် သူ့ကို စိုက်ကြည့်နေသော ကျိမြန်ကို တွေ့လိုက်ရတော့သည်။
"ဘာ ဘာဖြစ်လို့လဲ ငါ့မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား ..."
ဖန်ခွင်းက မျက်နှာကိုသုတ်ကာ မေးလိုက်သည်။
"စောစောက မင်း ပါးစပ်လှုပ်လိုက်သေးလား ..."
"မလှုပ်ပါဘူး ဘာမှ မစားဘဲနဲ့ ဘာလို့ ပါးစပ်လှုပ်ရမှာလဲ ..."
ဖန်ခွင်းက သူဆိုလိုသည်ကို နားမလည်သည့်အတွက် ကြောက်အားလန့်အားဖြင့် ပြောလိုက်သည်။
"ကျိကော ခဏလေးစောင့်ဦးနော် ဦးနှောက်ကို ဓာတ်မှန်ရိုက်ပေးဖို့ ဆရာဝန် သွားခေါ်လိုက်ဦးမယ် ..."
ကားတိုက်မှုကြောင့် ဦးနှောက်ပျက်သွားပြီထင်တယ် ...
ကျိမြန်၏ နှုတ်ခမ်းတို့က တစ်ခုခု ပြောချင်နေသည့်နှယ် ကော့တက်သွားသော်ငြား တစ်ခုကိုမှ ထုတ်မပြောတော့ဘဲ ကုတင်ဘေးတွင် ချိတ်ထားသော ဆေးမှတ်တမ်းကိုသာ အလေးအနက် ဖတ်နေလိုက်တော့သည်။
...
ကျိမြန်သည် သူ့အထက်အရာရှိ ဖြစ်ခဲ့ဖူးသည့်အပြင် ယခု ကားတိုက်မှု ဖြစ်ထားသည့်အတွက် ရှောင်ကျားရှုအဖို့ မဖြစ်မနေ လူနာလာမေးရတော့မည် ဖြစ်သည်။ သို့သော် သူ ဆေးရုံသို့ ရောက်လာချိန်မှာပင် လီလီပန်းစည်းကို လက်ကကိုင်လျက် တံခါးခေါက်မည်ပြင်နေသည့် လီကျားကို တွေ့လိုက်ရတော့သည်။
"ရှင်ကိုး ..."
ရှောင်ကျားရှုကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမက တံခါးဆက်ခေါက်ရမည်ကိုပင် မေ့လျော့သွားပြီး ရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် ပြောလိုက်၏။
"ကျွန်မကြားရသလောက်ဆို ကျွန်မကို ပိတ်ဆို့ဖို့ကြိုးစားတဲ့သူက ရှင်ဆို ဘာလို့လဲ ရှင့်ကို တစ်ခါမှတောင် မတွေ့ဖူးဘူးလေ မစ္စတာရှောင်း စကားနည်းနည်းလောက် ပြောကြရအောင် ကျွန်မတို့ တစ်ခုခု နားလည်မှုလွဲနေတယ် ထင်တယ် ..."
ရှောင်ကျားရှု၏ ပူပန်နေမှုများမှာ အမျက်ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူက ရှင်းရှင်းလင်းလင်း ပြောလိုက်၏။
"ငါ့မှာ မင်းနဲ့ ဆွေးနွေးစရာ တစ်ခုမှ မရှိဘူး တစ်ခုပဲ မေးချင်တယ် ဟဲရီကို မှတ်မိသေးလား ..."
"ဟဲရီ ..."
လီကျား၏ လက်ထဲရှိ လီလီပန်းများမှာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူမက ရှောင်ကျားရှုကို မယုံနိုင်ဟန်၊ အံ့ဩထိတ်လန့်ဟန်များဖြင့် စိုက်ကြည့်ပြီးနောက် ချာကနဲ လှည့်ထွက်သွားတော့သည်။
သူမကို အားရပါးရ ကျိန်ဆဲရန် ပြင်ဆင်နေသည့် ရှောင်ကျားရှု "..."
မကျေနပ်ချက်များကို မထွေးနိုင်၊ မအန်နိုင် ဖြစ်နေသည့်အတွက် ရှောင်ကျားရှုလည်း မြေပေါ်ရှိ ပန်းများကိုသာ တက်နင်းရင်း ဒေါသကို ပုံချလိုက်ရတော့သည်။ ဖြတ်သန်းသွားသော သူနာပြုများက သူ့ကို အထူးတဆန်း စိုက်ကြည့်နေကြကြောင်း သိလိုက်ရသည့်အတွက် ပန်းများကို အမှိုက်ပုံးထဲ ပစ်ထည့်ကာ လှေကားနားတွင် ပုန်းနေလိုက်တော့သည်။
သူက နားကြပ်ကိုတပ်ကာ download ဆွဲထားသည့် သီချင်းများကို နားထောင်နေလိုက်သည်။ rock-and-roll အဆိုတော်၏ စိတ်ခြောက်ချားဖွယ် ငိုကြွေးသံက သူ၏ စုပုံနေသော ဒေါသများကို ပေါက်ကွဲထွက်လာစေသည့်အတွက် နံရံကိုမှီကာ ထိုင်ချလိုက်တော့သည်။ သူ့အတွေးတို့မှာမူ နက်မှောင်လှသည့် အတိတ်ကာလများထံ ပျံ့လွင့်သွားတော့၏။
ရှောင်ကျားရှုထံတွင် ဟဲရီဟု ခေါ်သည့် သူငယ်ချင်းကောင်းတစ်ဦး ရှိခဲ့ဖူးသည်။ မိသားစုနောက်ခံခြင်းလည်း လိုက်ဖက်ညီကာ စိတ်ဝင်စားမှုခြင်းလည်း တူညီပြီး အိမ်နီးနားချင်းအဖြစ် ကြီးပြင်းခဲ့ကြသည့် တစ်ကျောင်းတည်းသား သူငယ်ချင်းများ ဖြစ်သည့်အတွက် အခက်အခဲများကို နှစ်ယောက်အတူတူ ရင်ဆိုင်ဖြေရှင်းရန် ကျိန်ဆိုခဲ့သည်အထိ ဆက်ဆံရေးကောင်းမွန်ခဲ့ကြပေသည်။ သို့သော် ရှောင်ကျားရှု ဆယ်နှစ်သားအရွယ်တွင် မတော်တဆမှုတစ်ခုကြောင့် နိုင်ငံခြားသို့ အပို့်ခံခဲ့ရပြီး ဟဲရီက ပြည်တွင်းတွင်သာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုသို့ ဝေးကွာသွားသည့်တိုင် ယခင်အတိုင်း ရင်းနှီးနေဆဲဖြစ်သည်။ သူတို့ ၁၆ နှစ်သားအရွယ်တွင် ဟဲရီက ရုတ်ချည်း ဆက်သွယ်ကာ သူ့မွေးနေ့ပွဲ ကျင်းပသည့် ဟိုတယ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း ခံနေရသည့် မိန်းကလေးတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလာသည်။ သူက ထိုမိန်းကလေးကို ဆေးကြောသန့်စင် အဝတ်လဲရန် သူ့အခန်းသို့ ခေါ်သွားပေးသည့်အပြင် အိမ်ကိုပါ ပြန်ပို့ပေးခဲ့သေးသည်ဟု ပြောလာ၏။
ထိုစာမှာ အိပ်မက်ဆိုးများ၏ စတင်ရာပင် ဖြစ်သည်။ များမကြာမီမှာပင် ဟဲရီသည် ထိုမိန်းကလေးမှာ သူနှင့် တစ်ကျောင်းတည်း ဖြစ်သည့်အပြင် ရုပ်ရည်လှပသည့်အတွက် ကျောင်းသားများ၏ အနိုင်ကျင့်ခြင်းကို အမြဲလိုလို ခံနေရကြောင်းပါ သိရှိသွားတော့သည်။ ထိုကျောင်းသူက သူမကို ကယ်တင်ပေးခဲ့ခြင်းအား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် နေ့တိုင်း သူ့စားပွဲထဲသို့ နေ့လည်စာထမင်းဘူး လာထားပေးလေ့ရှိရာ တစ်ဖြည်းဖြည်းဖြင့် အတန်းဖော်များအကြား သူတို့နှစ်ဦး၏ ကောလဟာလများ ထွက်ပေါ်လာတော့သည်။ သို့သော် ဟဲရီကမူ ထိုကိစ္စများကို အာရုံမထား။ သူသည် ပြင်ပသူများ၏ လွှမ်းမိုးမှုကို လုံးဝ မခံယူသည့် ခိုင်မာသော စိတ်ထားပိုင်ရှင်ဖြစ်သည်။ မည်သို့ပင် စိတ်ဓာတ်ခိုင်မာစေကာမူ ထိုမိန်းကလေးကို ကယ်တင်ပြီး ရက်လေးဆယ်အကြာတွင် မုဒိန်းမှုကျုးလွန်သည်ဟုဆိုကာ ရဲများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားချေ။ သက်သေမှာ ထိုမိန်းကလေး၏ ဗိုက်ထဲရှိ သန္ဓေသားပင်ဖြစ်သည်။
သူက ထိုကဲ့သို့ အရှက်မဲ့သည့် ပြစ်မှုမျိုးကို တစ်ကြိမ်တစ်ခါပင် ကျူးလွန်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ဝန်မခံခဲ့သော်ငြား သူ့ဖခင်ကမူ တရားရုံးပြင်ပတွင်ပင် ကိစ္စကို အပြီးသတ်ရန် ဆုံးဖြတ်ကာ ထိုမိန်းကလေးကိုလည်း စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးအတွက် ယွမ်တစ်သန်း ပေးလျော်ခဲ့သည်။ ဟဲရီမှာ ထောင်မကျခဲ့သည့်တိုင် အပြစ်ရှိသည်ဟု သတ်မှတ်ခံခဲ့ရသည့်အတွက် သူ့မိသားစုက ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည်ဟုဆိုကာ အမေရိကသို့ အတင်းအကြပ် စေလွှတ်လိုက်တော့သည်။ ထို့နောက်တွင်တော့ ခါးသီးဖွယ် ယာဉ်မတော်တဆမှုတစ်ခု ကပ်ပါလာတော့၏။
ထိုသို့ဖြင့် သူနှင့် ပြန်လည်တွေ့ဆုံရသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည့် သူငယ်ချင်းဖြစ်သူကို အပြီးတိုင် ခွဲခွါလိုက်ရတော့သည်။ ရှောင်ကျားရှုမှာ လုံးဝ လက်မခံနိုင်ခဲ့။ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ သွေးရူးသွေးတန်းဖြင့် ပြေးသွားကာ ဟဲရီ၏ ရုပ်အလောင်းကို ဖက်ရင်း အသည်းတို့ကြေမွသွားမတတ် အော်ဟစ်ငိုကြွေးခဲ့သည်ကို ယခုတိုင် မှတ်မိနေဆဲဖြစ်သည်။ သူက ထို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို လုံးဝ လက်မခံခဲ့။ သူ့သူငယ်ချင်းမှာ အကွက်ချကြံစည်ခြင်းကို ခံလိုက်ရသည်ဟုသာ အမြဲတမ်း ယုံကြည်ထားခဲ့ပေသည်။
သူ့သံသယများမှာ မှန်ကန်ကြောင်း သက်သေပြနိုင်မည့် အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဟဲရီမှာ ယာဉ်တိုက်မှု မဖြစ်ပွားမီ ဖုန်းပြောနေခဲ့ကြောင်း သိလိုက်ရပြီး ဖုန်းခေါ်ဆိုမှုကိုလည်း အသံဖမ်းထားခဲ့သေးသည်။ အမျိုးသမီးသံတစ်ခုက သူ့ကို သရော်နေသည်။
"ဟဲရီ ငါ့ကို ကယ်ပေးဖို့ ဘယ်သူက တောင်းဆိုမိလို့လဲ အဲဒီ့အချိန်တုန်းကဆို ဘာအကျိုးအမြတ်မှတောင် မယူရသေးဘူး အကုန်လုံးက မူးရူးပျော်ပါးနေကြတုန်းပဲ ရှိသေးတယ် နင့်ကြောင့်သာ မဟုတ်ရင် အဲဒီ့ညက အချိန်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ရမှာလေ ... ငါ့ဗိုက်ထဲက ကလေးရဲ့ အဖေကို မသိလို့ ဟိုခွေးကောင်တွေအကုန်လုံးကို လိုက်ဆက်သွယ်ခဲ့ပေမယ့် တစ်ယောက်ကမှ ဝန်မခံကြဘူးလေ ငါ့မိဘတွေကလည်း မပြောရင် သတ်ပစ်မှာတဲ့ ... ဘယ်လိုလုပ်မလဲ ငါသိသမျှထဲမှာတော့ နင်က အတုံးဆုံးနဲ့ အချမ်းသာဆုံးဆိုတော့ ... နင့်ကိုမှ မရွေးရင် ဘယ်သူ့ကို သွားရွေးရတော့မှာလဲ နင့်အခန်းထဲကို ဝင်ခွင့်ပေးလိုက်တဲ့ ဗီဒီယိုမှတ်တမ်းကိုက အကောင်းဆုံးသက်သေ ဖြစ်နေပြီလေ ... ငါ့ကို မုန်းနေလား ဟားဟားဟား အခုထိ နင့်ကိုယ်နင် ငတုံးပါလို့ ဝန်မခံချင်သေးဘူးပေါ့ ဟုတ်လား နင့်အမေက ငါ့ကို လေးလလောက်အထိ ကိုယ်ဝန်ကို ဆက်လွယ်ထားခိုင်းတယ်လေ DNA စစ်ပြီး နင် အပြစ်ကင်းကြောင်း သက်သေပြချင်လို့ နေမှာပေါ့ ဒါပေမယ့် နင့်အဖေက ကိုယ်ဝန်ဖျက်ချခိုင်းဖို့ နင့်အမေကို စည်းရုံးတဲ့အပြင် နင့်အမေ ရှာမတွေ့နိုင်လောက်တဲ့နေရာမှာ ရှောင်ပုန်းနေဖို့ပါ ယွမ်တစ်သန်း ပေးလိုက်သေးတယ်လေ ... နင် ငါ့ကို မုဒိန်းကျင့်တာ မဟုတ်မှန်း သူသိသားပဲ ဒါပေမယ့် သူက နင့်ကို လုံးဝ နာမည်ပျက်သွားစေချင်တာလေ ... နင့်အဖေအရင်းကတောင် နင့်ကို ပျက်စီးစေချင်နေတဲ့ဟာ ... အခုထိ အကုန်ငါ့ကြောင့်လို့ ပြောချင်နေသေးတာလား ... ဟဲရီ ဟဲရီ ... နင်က တကယ်ကို သနားစရာကောင်းတာပဲ ..."
စကားသံအဆုံးတွင်တော့ အင်မတန် ကျယ်လောင်သည့် ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာတော့သည်။ ဟဲရီမှာ ထိတ်လန့်မှုကို မချုပ်တည်းနိုင်သည့်အတွက် အယောင်ယောင်အမှားမှားဖြင့် လီဗာကို ဆွဲလိုက်မိပြီး တံတားတိုင်ခြေကို အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားတော့သည်။ ... အတော်ကြာ ရုန်းကန်ပြီးကာမှ လီကျားကို ဆက်သွယ်နိုင်ခဲ့တော့သည်။ မူလကမူ သူသည် အမှန်တရား ထွက်ပေါ်လာသည်အထိ သူမကို ရန်စကာ အသံဖမ်းထားပြီး သူ့ကို စိတ်ပျက်သွားသည့် ဖခင်ဖြစ်သူထံ ပို့ပေးခြင်းသော်ငြား ... သူ့အဖေသည် သူအပြစ်ကင်းကြောင်း သိနှင့်နေပြီးဖြစ်သည်။
ရှောင်ကျားရှုက ထိုအသံဖိုင်ကို ကော်ပီကူးထားပြီး ညစဉ်ညတိုင်း မအိပ်မနေဖြင့် မျက်ရည်တို့ ကုန်ခမ်းသွားသည်အထိ နားထောင်နေလိုက်တော့၏။ အချို့လူများမှာ သူတို့ကို ကယ်တင်ပေးခဲ့သူ၏ အသွေးအသားများကိုပင် ဝါးမျိုဖျက်ဆီးသည်အထိ ဘာကြောင့် ယုတ်မာကြကြောင်း လုံးဝ နားမလည်နိုင်တော့ချေ။
ဈာပနကိစ္စ စီစဉ်ရန်အတွက် ဟဲရီ၏ မိသားစုများ အမေရိကသို့ ရောက်လာသည့်အခါ သူက ထိုအသံဖိုင်ကို ဟဲရီ၏ အမေထံ တိတ်တဆိတ် ပေးပို့ခဲ့သည်။ ထိုသို့ လုပ်လိုက်ပါလျှင် သူ့သူငယ်ချင်း၏ နာမည်ဆိုးကို ရှင်းလင်းကာ စိတ်ဖြောင့်ဖြောင့်ဖြင့် ထွက်သွားစေနိုင်လောက်မည်ဟု ထင်ခဲ့သော်ငြား ဟဲရီ၏ အမေတွင် နှလုံးရောဂါ ရှိနေကာ ရုတ်ချည်း သတိလစ်မေ့မြောသွားမည်ဟုတော့ ထင်မှတ်မထားမိချေ။ သူမမှာ စိတ်ကျဝေဒနာ ခံစားနေရကြောင်း သိရှိလိုက်ရသည့်အတွက် နိုးမလာမီမှာပင် နာလန်ထလူမမာဆောင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။ ထို့နောက်တွင်တော့ ဟဲရီ၏ အမေမှာလည်း ပျောက်ဆုံးသွားရာ သူ၏ အရိုးပြာသည် နွေးရပ်မြေသို့ပင် ပြန်လည်သယ်ဆောင်ခြင်း မခံရတော့ဘဲ ရေခြားမြေခြားတွင်သာ အထီးကျန်စွာဖြင့် မြှုပ်နှံခြင်းကို ခံလိုက်ရတော့သည်။
Xxxxxxxx