Chapter 8
ဖန်ခွင်းမှာ သခင်လေးရှောင်ကို အရိုအသေပေးလိုစိတ်များ တစ်ဖွားဖွား ထွက်ပေါ်လာတော့သည်။ သူ့ဘဝတစ်သက်တာတွင် မည်ကဲ့သို့ စကားလက်ဆုံကျသင့်မှန်း မသိသူများစွာနှင့် ဆုံဖူးသည့်တိုင် ဤကဲ့သို့ ရိုက်နှက်ချင်စရာ ကောင်းလောက်အောင် ပြောတတ်သူမျိုးနှင့်တော့ တစ်ခါမှ မကြုံဖူးသေးချေ။ လျီကားနေရာတွင် သူသာ ဖြစ်ခဲ့ပါလျှင် လက်သီးတစ်လုံး ပျံဝဲနှင့်နေပြီဖြစ်သည်။
လီကျားက သက်ပြင်းတစ်ချက် ခိုးချကာ ရှေ့ခုံရှိ ကျိမြန်ကို ကြည့်ရင်း တီးတိုး ပြောလိုက်သည်။
"ကျိကော ကျွန်မ ပြောမယ်ဆိုပြီး မေ့နေလို့ ကျွန်မရဲ့မျက်နှာက ခွဲစိတ်ပြုပြင်ထားဖူးပါတယ် ကျွန်မကို ရှာတွေ့သွားမှာမျိုး မဖြစ်ချင်လို့ ကျောင်းထွက်ပြီးတာနဲ့ ချက်ခြင်း ခွဲစိတ်လိုက်ရတာပါ ..."
ကျိမြန်က နွေးနွေးထွေးထွေး နှစ်သိမ့်ပေးလိုက်သည်။
"ဒါက ပြဿနာ မဟုတ်ပါဘူး ပြောရရင် ဒီလိုကိစ္စမျိုးက အနုပညာလောကမှာ အဆန်းမှ မဟုတ်တာ ကြယ်ပွင့်တစ်ယောက်ရဲ့ ရုပ်ရည်ဆိုတာကလည်း ရောင်းကုန်တစ်မျိုးလိုပဲ စနစ်တကျ ပြင်ဆင်ထားရတာပဲလေ မင်း မခွဲစိတ်ခင်က ပုံတွေကို ဖန်ခွင်းဆီ ပို့ထားလိုက် ရှေ့လျှောက် လူထုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်အောင် ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျိကော ကျွန်မရဲ့လက်ရှိဖုန်းထဲမှာ အရင်ကဓာတ်ပုံ တစ်ပုံမှ မရှိတော့ပါဘူး အိမ်ပြန်ရောက်မှ ဖုန်းအဟောင်းကိုရှာပြီး ပို့ပေးပါ့မယ် တကယ်လို့ သတင်းထောက်တွေ မေးလာရင်လေ ဒီကိစ္စကို ဖုံးကွယ်မထားချင်ဘူး အဆင်ပြေမလားဟင် အဲဒါက လူထုအတွက် အမြင်စောင်းသွားနိုင်လောက်လား ကျွန်မက မလိမ်မညာဘဲ အစစ်အမှန်ကိုပဲ ချပြချင်လို့ပါ ..."
လီကျားက ချီတုံချတုံဖြင့် မေးလိုက်သည်။
"ပလက်စတစ်ဆာဂျရီ လုပ်ထားတာတောင် အစစ်အမှန်ပဲ ပြချင်ပါတယ်လို့ ပြောနေသေးတယ်ပေါ့ ohh ..."
ရှောင်ကျားရှုက တည်ငြိမ်နေသည့် လေထုကို တစ်ဖန် ဖျက်ဆီးလိုက်ပြန်သည်။
လီကျား "..." ဒီကောင်က ဘာလဲ ရူးနေတာလား ...
ဖန်ခွင်းနှင့် ကျိမြန် "..." သခင်လေးရှောင်မှာ သူတို့သဘောကျတဲ့ ကောင်မလေးတွေဆိုရင် အနိုင်ကျင့်တတ်တဲ့ အထက်တန်းကျောင်းသားတွေလို အတွေးမျိုး ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော် ...
တစ်ခဏကြာမှ ကျိမြန်က ပြန်ပြောလိုက်သည်။
"ဝန်ခံမယ့်ကိစ္စကတော့ မင်းရဲ့ ရွေးချယ်မှုအတိုင်းပါပဲ ငါ့အနေနဲ့ လုံးဝ ဝင်စွက်ဖက်မှာ မဟုတ်ဘူး စတူဒီယိုက လူထုဆက်ဆံရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို ကိုင်တွယ်ပေးလိမ့်မယ် အပြစ်ကင်းကြောင်း သက်သေပြနိုင်သရွေ့ ရေဆိုးသွန်ချခံရမှာကို ကြောက်နေစရာ မလိုပါဘူး ..."
"ဟုတ်တယ် ပထမဆုံး ရေဆိုးသွန်ချခံ ပြီးမှ ဖြူစင်မှုကို ပြန်ယူတာကလည်း နာမည်ကြီးလာဖို့ သုံးကြတဲ့ နည်းလမ်းတစ်မျိုးပဲ အမှန်တရားကို မဖုံးကွယ်ချင်ဘူးဆိုရင်လည်း လူထုကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်လေ အခုခေတ် ပရိသတ်တွေက ရိုးသားပွင့်လင်းတဲ့ ကြယ်ပွင့်တွေကို သဘောကျကြတော့ ကောင်းကောင်းသာ ကိုင်တွယ်နိုင်ရင် လူထု အမြင်စောင်းသွားမှာ ပူစရာ မလိုပါဘူး ..."
ဖန်ခွင်းကလည်း သူမကို နှစ်သိမ့်ပေးလိုက်သည်။
Super New Voice Generation ၏ ပြိုင်ပွဲဝင်အများစုမှာ ခွဲစိတ်ပြုပြင်ထားကြသူများ ဖြစ်ကာ အချို့မှာမူ ခေါင်းငုံ့လိုက်လျှင် ရင်ဘက်ကို ထိုးမိလုမတတ် မေးရိုးများကို ချွန်ထက်နေအောင်ပင် ပြုပြင်ထားကြသည်မှာ မျက်စိမမြင်သူမှအပ မည်သူမဆို သိနိုင်သည့်တိုင် သူတို့ကတော့ ဝန်မခံ၊ အတိအလင်း ငြင်းနေဆဲပင်ဖြစ်သည်။ အကယ်၍ လီကျားသာ ရိုးရိုးသားသား ဝန်ခံလိုက်ပါလျှင် လူထု၏ မုန်းတီးမှုကို တားဆီးနိုင်ရုံသာမက ပရိသတ်များအပြင် ပရိသတ်မဟုတ်သေးသူများ၏ သဘောကျနှစ်ခြိုက်မှုကိုပါ ခံရမည်ဖြစ်သည်။ လိုအပ်လာသည့် အချိန်တွင် လူထုဆက်ဆံရေးဌာနက ရေတပ်ကို ငှားရမ်းကာ သူမအပေါ် အကောင်းမြင်လာစေရန် ဖန်တီးပြီး
"ပြောရဲဆိုရဲ လုပ်ကိုင်ရဲကာ ရိုးသားပွင့်လင်းသူ" ဟူသည့် သရုပ်ကိုပါ အလွယ်တကူ ဦးတည်နိုင်မည်ဖြစ်သည်။ ၎င်းမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်ခြင်းပင် ဖြစ်ပေသည်။
ဖန်ခွင်းမှာ တွေးလေလေ ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိလာလေ ဖြစ်သည့်အတွက် ပြန်ရောက်ပါလျှင် အစီအစဉ် မူကြမ်း ဆွဲခိုင်းရန် မှတ်ထားလိုက်တော့သည်။
လီကျား၏ စိတ်ထဲတွင်လည်း ဝန်ပေါ့သွားလေတော့သည်။ သူမက ဖုန်းကိုထုတ်ကာ မခွဲစိတ်မီက ပုံအဟောင်းများကို ရှာဖွေနေလိုက်တော့၏။
ရှောင်ကျားရှု၏ စကားသံ ထပ်ထွက်လာပြန်သည်။
"ကျွန်တော့်ကိုလည်း ကော်ပီတစ်ခု ပေးထားဦး WeChat မှာလည်း add လိုက်ရအောင်လေ ..."
ထို့နောက် သူက WeChat account QR code ကို scan ဖတ်နိုင်ရန် အဆင်သင့် ထုတ်ပေးလိုက်၏။
လီကျားမှာ ထိုလက်ထောက်ရှောင်ကို လုံးဝ သည်းမခံနိုင်တော့။
စောစောလေးကမှ သူ ရန်စထားတဲ့သူကို လာ add နေတယ် ဟုတ်လား ဆေးမသောက်ခဲ့ဘူးလား ...
"ကောင်မလေးတစ်ယောက်နဲ့ ပထမဆုံးတွေ့တဲ့ အကြိမ်မှာတင် ဓာတ်ပုံတောင်းရမယ်လို့ ဘယ်ကနေများ သိလာလဲ ..."
ကျိမြန်က စိတ်မဝင်စားလေဟန်ဖြင့် ဝင်ပြောလိုက်သည်။
"လက်ထောက်ရှောင် မင်း ဘယ်မှာ နေတာလဲ မင်းကို အရင် ပြန်ပို့ပေးမယ် ..."
ဖန်ခွင်းက သူ့ကို ခိုးကြည့်ရင်း တိတ်တခိုး ရယ်မောလိုက်သည်။
ကျိကော မင်းလည်း သည်းမခံနိုင်တော့ဘူး မဟုတ်လား ဒီရှောင်ကျားရှုက တကယ်ကို အံ့ဩစရာပဲ ကျိကောလို ဟန်ဆောင်ကောင်းတဲ့သူကိုတောင် သည်းမခံနိုင်တော့အောင် လုပ်နိုင်တယ် ...
ရှောင်ကျားရှုက လက်ယမ်းပြလိုက်သည်။
"ကျွန်တော်လည်း ညစာ လိုက်စားမယ်လေ ..."
အန္တရာယ်များ၍သာ မဟုတ်ပါလျှင် ဖန်ခွင်းသည် ကားစတီယာဘီးကို လွှတ်၍ပင် သခင်လေးရှောင်ကို အလေးပြုလိုက်ချင်မိတော့သည်။ သို့သော် ကျိမြန်ကမူ ဖုန်းကိုသာ ငုံ့ကြည့်နေပြီး တစ်ခဏအကြာတွင် လိပ်စာတစ်ခုကို အသံထွက်ကာ ဖတ်ပြလာသည်။
"တုန်ချန်ခရိုင် တင်းထိုက်လမ်း ရှင်းဟဲကျားယွမ် ..."
ဝေး ဝေး ဝေး ... ဘာလို့ င့ါအိပ်လိပ်စာကြီးကို ဖတ်နေတာလဲ ...
တစ်သက်တွင်တစ်ခါ ပထမဆုံးအကြိမ် လူဆိုးလုပ်ခဲ့ဖူးသည့် သခင်လေးရှောင်မှာ အလွန်အမင်း ရှက်ရွံ့နေလေတော့သည်။ သို့သော် ရှင်းဟဲကျားယွမ်၏ ဂိတ်ပေါက်ဝသို့ ကားကို ဦးတည်နေသည့် ဖန်ခွင်းကိုလည်း မဟန့်တားနိုင်ပေ။ ရှင်းဟဲကျားယွမ်သည် မြို့တော်၏ နာမည်ကျော် လူချမ်းသာအိမ်ယာဖြစ်ကာ အိမ်ယာဝင်းတစ်ခုလုံး အိမ်ကြီးအိမ်ကောင်းများဖြင့် ပြည့်နှက်နေပြီး လုံခြုံရေးလည်း အလွန်တင်းကြပ်လှသည့်အတွက် ပြင်ပမှကားများ ဝင်ရောက်ဖြတ်သန်းခြင်း မပြုနိုင်ပေ။ ဖန်ခွင်းသည်လည်း ထိုထဲသို့ မောင်းမဝင်ချင်သည့်အတွက် မည်းမှောင်နေသော မျက်နှာပိုင်ရှင် သခင်လေးရှောင်ကို လှည့်ကြည့်ပြီးသာ လောဆော်လိုက်တော့သည်။
"ရောက်နေပြီ မြန်မြန်ပြန်တော့ ..."
ကားက ဝင်ပေါက်တည့်တည့်တွင် ရှိနေသည့်အတွက် စစ်ဆေးရန် ထွက်လာသော လုံခြုံရေးကို တွေ့လိုက်မှသာ ရှောင်ကျားရှုလည်း အလွန်တုန့်ဆိုင်းနေဟန်ဖြင့် တံခါးဖွင့်ပြီး ဆင်းသွားတော့သည်။
ဘိုးဘေးလေး ထွက်သွားသည်ကို မြင်လိုက်ကာမှသာ ဖန်ခွင်းနှင့် လီကျားတို့လည်း အသက်ကို ဖြောင့်ဖြောင့်ရှူရဲပေတော့သည်။ ကျိမြန်ကမူ လည်စည်းကိုသာ အသာ ဖြေလျော့လိုက်၏။
သုန်မှုန်နေသော မျက်နှာနှင့်အတူ အိမ်ထဲဝင်လာပြီးနောက် ရှောင်ကျားရှုသည် iPad ကို စိုက်ကြည့်ရင်း သူ့ကို စောင့်နေသည့် အမေဖြစ်သူကို တွေ့လိုက်ရတော့သည်။
"ပြန်လာပြီလား အဝတ်အစားတွေ မြန်မြန်လဲလိုက် မင်းအဖေနဲ့ အစ်ကိုက စာဖတ်ခန်းထဲမှာ အလုပ်အကြောင်း ဆွေးနွေးနေကြတယ် သားက သူငယ်ချင်းတွေနဲ့အတူ ရှိုးပွဲသွားကြည့်နေတာလို့ ပြောထားတာ ..."
သူမက ခေါင်းကိုပင် မော့မကြည့်ဘဲ လက်ကိုယမ်းကာ အပေါ်ထပ်သို့ အတင်း တွန်းပို့လိုက်သည်။
"အမေ ဘာတွေ ကြည့်နေတာလဲ ..."
ရှောင်ကျားရှုက သူမအနား ဝင်ထိုင်ကာ မေးလိုက်သည်။ ထို့နောက် သူမသည် Super New Voice Generation ၏ website စာမျက်နှာကို ဝင်ကြည့်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။ website ၏ ပင်မစာမျက်နှာတွင် အနိုင်ရသွားသူ လီကျား၏ ဓာတ်ပုံကို ဖော်ပြထားသည်။
"ဒီနှစ်ပြိုင်ပွဲဝင်တွေအားလုံးက အတော့်ကို သန်မာကြတာ ဒါပေမယ့် လီကျားကိုတော့ ဟိုးအစကတည်းက အမြင့်ဆုံးအထိ ရောက်မယ်လို့ မှန်းထားတယ်လေ သူမရဲ့ ရုပ်ရည်လေးက ချိုမြိန်ပြီးတော့ အကျင့်စရိုက်ကလည်း သဘောကျချင်စရာလေး အသံကလည်း တုနှိုင်းမဲ့တဲ့အပြင် လတ်တလောမှာလည်း နာမည်ရနေတယ်လေ သူမသာ ဒီလို ကောင်းကွက်တွေကို ဆက်ထိန်းထားနိုင်ရင် မကြာခင် အောင်မြင်လာမှာ ကျိန်းသေတယ် သူမနဲ့ စာချုပ်ချုပ်ဖို့ မင်းရဲ့ အန်တီစုကို ဆွေးနွေးခိုင်းခဲ့ပေမယ့် သူမကတော့ "ကံကောင်းခြင်းရေစင်" အေဂျင်စီကို စိတ်ဝင်စားဟန် မတူဘူး ဖန်ခွင်းနဲ့ပဲ ခဏခဏ ဆက်သွယ်နေတယ်လေ နှမြောစရာပဲ ..."
ရွှယ်မြောင်က ခေါင်းကိုယမ်းကာ နှမြောတသဖြစ်စွာဖြင့် ရေရွတ်လိုက်သည်။ သူမ၏ လီကျားကို သဘောကျမှုမှာ အလွန်သိသာနေပေသည်။
အလွန်အမင်း မနှစ်မြို့မှုကို ခံစားနေခဲ့ရသည့် သခင်လေးရှောင်မှာမူ ပို၍ပင် ဒေါသထွက်လာတော့သည်။ သူက အေးစက်စွာဖြင့် သရော်လိုက်၏။
"အမေ သိလား သူမက အရင်နှစ်တွေမှာ ကျွန်တော်လိုက်ရှာနေခဲ့တဲ့ အထက်တန်းကျောင်းသူလေး ဖြစ်နိုင်လောက်တယ် သူမသာ တကယ်ဟုတ်ခဲ့ရင် စာချုပ်မချုပ်နဲ့နော် တော်ဝင်သရဖူပဲဖြစ်ဖြစ် သရဖူခေတ်ပဲဖြစ်ဖြစ် ဘယ်တစ်ခုကိုမှ သူမနဲ့ ပူးပေါင်းခွင့်ပြုမှာ မဟုတ်ဘူး ..."
ရွှယ်မြောင်က သူ့ကို အလန့်တကြား ပြန်ကြည့်လိုက်သည်။
"သူမက သားရှာနေတဲ့ တစ်ယောက် ဟုတ်လား ..."
"ဖြစ်နိုင်ချေတော့ များတယ် ဒါပေမယ့် အရင်ဆုံး စစ်ဆေးကြည့်ဖို့တော့ လိုလိမ့်ဦးမယ် ..."
ရှောင်ကျားရှု၏ မျက်နှာမှာ အလွန်မည်းမှောင်နေပြီဖြစ်သည်။ သူက အတန်းဖော်ဟောင်းတစ်ဦးကို ဆက်သွယ်ရင်း အပေါ်ထပ်သို့ တက်သွားလိုက်၏။ ထိုအတန်းဖော်မှာ သူနှင့်အတူ အမေရိကားတွင် ပညာသင်ခဲ့သူဖြစ်ကာ အလွန် ထူးချွန်သော ဟက်ကာတစ်ဦးလည်း ဖြစ်ပေသည်။ တရုတ်သို့ ပြန်ရောက်ပြီးနောက် ထိုသူက စုံစမ်းရေးအေဂျင်စီတစ်ခုကို ဖွင့်လှစ်ထားကာ အဆင့်အတန်းမြင့်မားသူများ သို့မဟုတ် အင်တာနက်နှင့် ပတ်သက်၍ account တစ်ခုတစ်လေမှပင် မရှိသူများမှအပ ကျန်သူများ၏ နောက်ကြောင်းကို နာရီပိုင်းအတွင်းမှာပင် တူးဆွနိုင်ပေသည်။
ရှောင်ကျားရှုက ငွေကြေးအမြောက်အများဖြင့် ကမ်းလှမ်းထားသည့်အတွက် တစ်ဖက်သူ၏ ရှာဖွေနှုန်းမှာလည်း တစ်ဟုန်ထိုး တိုးမြင့်လာခဲ့ပေသည်။ တစ်နာရီပင် မပြည့်သေး။ လီကျား၏ အချက်အလက်အားလုံး သူ့ mailbox ထဲသို့ ရောက်လာတော့၏။
သူမ၏ အမည်ရင်းမှာ ဝမ့်ရှစ်ချီဖြစ်သည်။ ပေကျင်းဇာတိဖြစ်ကာ ရှစ်တဖု အထက်တန်းကျောင်းတွင် တက်ရောက်ခဲ့သော်ငြား နောက်ပိုင်းတွင် အမှုအခင်းတစ်ခု၌ ဝင်ရောက်ပတ်သက်ခဲ့၍ ကျောင်းထွက်ခဲ့သည်။ ထို့နောက် ပလက်စတစ်ဆာဂျရီလုပ်ကာ လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် နှစ်အတွင်း အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရတော့သည်။
ရှောင်ကျားရှုသည် ဝမ့်ရှစ်ချီနှင့် တစ်ကြိမ်တစ်ခါမှ လူကိုယ်တိုင် မတွေ့ဆုံခဲ့ဖူး၊ ဓာတ်ပုံထဲတွင်သာ တွေ့ခဲ့ဖူးသော်ငြား သူမကို တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိနိုင်ပေသည်။ ထို့အပြင် သူမ၏ အသံကိုလည်း သူ့အိပ်မက်ထဲတွင် မကြာခဏ ကြားနေရသည့်အတွက်
မှတ်မိနေပြီဖြစ်သည်။ ထိုလူများ၊ ထိုအဖြစ်အပျက်များနှင့် ရက်စက်လှသည့် အရှုပ်အထွေးများသည် သူ့မှတ်ဉာဏ်ထဲမှ လုံးဝ ပျောက်ကွယ်သွားတော့မည် မဟုတ်ချေ။ သူသည် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်ကာ အခြားသူ၏ ဘဝကို ဖျက်ဆီးတတ်သည့် ဆန်ကုန်မြေလေး လူချမ်းသာမျိုးဆက်မျိုး မဟုတ်သော်ငြား ယခုအကြိမ်တွင်မူ တစ်ဖက်သူ၏ တောက်ပနေသော အနာဂတ်အား သူကိုယ်တိုင် နင်းခြေဖျက်ဆီးပစ်လိုစိတ်များ တစ်ဖွားဖွား ဖြစ်ပေါ်နေပေသည်။
ရှောင်ကျားရှုမှာ အိပ်မရနိုင်သည့် ညတစ်ညကို ဖြတ်သန်းခဲ့ရသည့်အတွက် နောက်တစ်နေ့မနက် ဓာတ်လှေကားထဲ၌ ဖန်ခွင်းနှင့် ကျိမြန်တို့ကို ဆုံလိုက်ရချိန်တွင် မျက်လုံးများမှာ ပန်ဒါကဲ့သို့ ဖြစ်နေပေတော့သည်။
"ကျိကော ခွင်းကော မင်္ဂလာမနက်ခင်းပါ ..."
သူက ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာမနက်ခင်းပါ ..."
ကျိမြန်က ယမန်နေ့ညတွက် မည်သည့် မကျေနပ်မှုမှ မရှိခဲ့သည့်နှယ် အသာပြုံးကာ ပြန်နှုတ်ဆက်လိုက်သည်။
ဖန်ခွင်းကမူ သူ့ကို အထက်အောက် အစုန်အဆန်ကြည့်ကာ ဝေဖန်လိုက်သည်။
"ရှောင်ရှု ငါတို့တွေ မင်းကို အိမ်အထိ လိုက်ပို့တာတောင် အပြင်ထွက်ပြီး လည်ပတ်ကစားနေသေးတယ်ပေါ့ မင်းကိုပဲ မျက်စိဒေါက်ထောက်ပြီး အပြစ်ပြောနေတာတော့ မဟုတ်ပေမယ့် လူငယ်တွေက ခွန်အားတွေ၊ ကျန်းမာရေးတွေ ကောင်းနေသေးတယ်ဆိုပြီး အထိန်းအကွပ်မဲ့တဲ့အထိ နေလို့မရဘူးလေ ဒီလိုသာဆို မင်း အသက်ကြီးလာတဲ့အခါ အခက်ကြုံနေရလိမ့်မယ် ..."
ဖန်ခွင်းမှာ သာမညလူ မဟုတ်ရာ ထိုကဲ့သို့ မာနကြီးကာ အဆိပ်ပြင်းသည့် ပါးစပ်ပိုင်ရှင် သခင်ငယ်လေးအား သူ့ဘိုးဘေးကဲ့သို့ သဘောထားကာ သည်းခံနေရန် အကြောင်းမရှိပေ။ လူတစ်ယောက်ကို မနှစ်မြို့ခြင်းကြောင့် သူ့ကိုယ်သူ မွန်းကြပ်သည်အထိ ထိန်စချုပ်နေရန် အကြောင်းမရှိပေ။
ရှောင်ကျားရှုက အလေးအနက် ရှင်းပြလိုက်သည်။
"ခွင်းကော ကျွန်တော်က လျှောက်လည်နေတာ မဟုတ်ပါဘူး အိပ်မပျော်တဲ့ရောဂါ ရှိနေလို့ပါ ..."
"ဟား ဟား ..."
ဖန်ခွင်းက ရယ်ရုံမှတစ်ပါး မည်သို့မှ ပြန်မပြောခဲ့ချေ။
ကျိမြန်ကမူ ဓာတ်လှေကား တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထွက်လာလိုက်သည်။ သူ၏ စိတ်သဘောထားမှာ နူးညံ့ပျော့ပြောင်းသည် ဆိုသော်ငြား လူတိုင်းအပေါ်တွင် ညင်သာနေခြင်းမဟုတ်။ တစ်ဖက်သူ၏ အနေအထားပေါ်တွင်လည်း မူတည်နေသေးပေသည်။
ဘော့စ် ရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် လက်ထောက်တစ်ဦးက ချက်ခြင်း အနားသို့လာကာ အစီရင်ခံလိုက်သည်။
"ကျိကော မစ်လီရှားက ရောက်နှင့်နေပါပြီ အခု ဧည့်ခန်းထဲမှာ စောင့်နေပါတယ် စာချုပ်ကလည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ အခုပဲ လာပို့ပေးရတော့မလား ..."
"အခုပဲ ပရင့်ထုတ်လိုက်တော့ ဒီနေ့ သေချာပေါက် ချုပ်ဖြစ်မှာဆိုတော့ လေ့ကျင့်ရေးဌာနရဲ့ ခေါင်းဆောင်ရှန်ကိုပါ ခေါ်ထားလိုက်တော့ ..."
ကျိမြန်က အပေါ်ဝတ်ရုံကို ချွတ်ကာ ပြောလိုက်သည်။ သူ့လှုပ်ရှားမှုတို့မှာ ညင်သာကာ သိမ်မွေ့နေပေသည်။
"ဟုတ်ကဲ့ ဆရာ ..."
လက်ထောက်လေးက ပြန်ဖြေလိုက်သည်။ သူတို့၏ ဘော့စ်နောက်သို့ အရိပ်ပမာ ကပ်လိုက်နေရုံမှအပ မည်သည့်အလုပ်ကိုမှ လုပ်ရန် မလိုအပ်သည့် သခင်လေးရှောင်ကို တွေ့လိုက်ရချိန်တွင်မူ သူ့အကြည့်ထဲတွင် မနာလိုအားကျမှုတို့ ဖြတ်ပြေးသွားတော့၏။
Xxxxxxx