အပိုင်း ၆
Viewers 57k

Chapter 6


သူ့လက်အောက်ရှိ စူပါစတားမှာ သရုပ်ဆောင်လောကမှ အနားယူချင်နေသည့်အတွက် ဖန်ခွင်းတစ်ယောက် အတော်ကို ခေါင်းခဲနေလေသည်။ ထို့ကြောင့် သခင်လေးရှောင်နှင့် စာချုပ်ချုပ်နိုင်လိမ့်မည်ဟု ကြားလိုက်ရသည့်အခါ မုချမသွေ စိတ်ဝင်စားလာတော့သည်။ 


"သူ့ကို နေ့လည်စာ ဖိတ်ကျွေးပြီးတော့ ဘာလုပ်ချင်လဲ နည်းနည်းလောက် တီးခေါက်ကြည့်ရင်ရော မင်း အနားယူပြီး ရိုက်ကွင်းနောက်ကွယ်ကနေပဲ လှုပ်ရှားရင်တောင် ဒီစတူဒီယိုက ပုံမှန်အတိုင်း လည်ပတ်နေရမှာပဲလေ သူ့ကို ဆက်ခံသူအဖြစ် ရွေးဖို့ အခွင့်အရေးကောင်းပဲ ..." 


ကျိမြန်က သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။ 


"ငါ့ရဲ့ ဆက်ခံသူ ဟုတ်လား ဒီလောက် လွယ်မနေဘူး..." 


အရည်အချင်း အစစ်အမှန် မရှိဘဲနဲ့ အနုပညာလောကထဲက ဘယ်သူမှ ဒီလိုစကားမျိုး မပြောရဲဘူး သူဒီနေရာကို ရောက်လာတယ်ဆိုတာ မျက်နှာလေးကိုပဲ အားကိုးပြီး ရောက်လာတာ မဟုတ်ဘူး ... 


ဖန်ခွင်းက ကမန်းကတမ်း လက်ကို ယမ်းပြလိုက်သည်။ 


"အရမ်းကြီး အတည်မမှတ်ပါနဲ့ ဒါက ဒီတိုင်း ပြောလိုက်တာလေးပဲ ဘယ်သူမှ မင်းနေရာကို အစားမထိုးနိုင်ပါဘူး ..." 


ထိုအခါမှ ကျိမြန်လည်း ဇာတ်ညွှန်းဖတ်ရန် ခေါင်းကို ပြန်ငုံ့လိုက်တော့သည်။ 


အခက်အခဲမျိုးစုံကို နေ့လည်စာစားချိန်အထိ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီးနောက် ရှောင်ကျားရှုသည် ကဖေးတစ်ခုတွင် အချိန်ဖြုန်းရန် ထွက်လာစဉ် ဖန်ခွင်း၏ တားဆီးခြင်းကို ခံရကာ ကျိမြန်က ထမင်းစားဖိတ်လိုက်ကြောင်း ကြားလိုက်ရတော့သည်။ 


ဒါက တကယ့်ကို ဖိတ်ကြားချက်အကြီးစားကြီးလေ ဘယ်လိုလုပ် ငြင်းလို့ရမှာလဲ ... 


သို့သော် စားသောက်ဆိုင်သို့ ရောက်လာချိန်တွင်မူ သူ့အမူအယာတို့မှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ 


ရုပ်ရှင်ဧကရာဇ်တစ်ဦးအနေဖြင့် ကျိမြန် မကြာခဏ သွားရောက်လေ့ရှိသည့် နေရာတိုင်းမှာ အဆင့်အတန်း မြင့်မားရုံသာမက လုံခြုံရေးမှာလည်း ကောင်းမွန်လှပေသည်။ ထိုအနောက်တိုင်း စားသောက်ဆိုင်မှာလည်း နိုင်ငံတကာအထိပင် ကျော်ကြားကာ Michelin စားဖိုမှူးတစ်ဦးက ကွပ်ကဲသည့်အတွက် အစားအစာတို့၏ အရသာမှာလည်း ထူးကဲကောင်းမွန်လှပေသည်။ သို့သော် ၎င်းက အဓိကအချက်မဟုတ်။ သူ့ရှေ့တွင် ရှိနေသည့် အနေတော် လှီးဖြတ်ထားသော အမဲသား steak ကသာ အဓိကဖြစ်သည်။ ... ရှောင်ကျားရှုသည်ကျန်းမာရေးနှင့် မညီညွတ်သော အစပ်ချောင်း၊ အာလူးကြော်၊ ခေါက်ဆွဲခြောက်တို့ကိုသာ လပေါင်းများစွာ စားသောက်ထားခဲ့သည့်အတွက် ပါးစပ်ထဲတွင် အပူနာ ခုနစ်ခု၊ရှစ်ခုနီးပါးခန့် ပေါက်နေရာ အသားကို ဝါးရန် မဆိုထားနှင့်၊ ရေသောက်နိုင်ရန်ပင် များစွာ ခဲယဉ်းလှပေသည်။ 


ဒီ ဝါးရခက်ပြီးတော့ အကြာကြီး ဝါးရမယ့် အမဲသားသာ သူ့ပါးစပ်ထဲ ရောက်လာရင်တော့ ... အနာတွေဘေးကနေပြီး တချပ်ချပ်နဲ့ ဝါးနေရမှာ ... ဘယ်လောက် နာလိုက်မလဲ တွေးတောင် မတွေးရဲတော့ဘူး ... 


သူသည် လုပ်ငန်းခွင်ထဲရှိ သစ်ပင်ပေါက်သေးသေးလေးသာ ဖြစ်သည့်အပြင် ဘော့စ်ဖြစ်သူ၏ ရှေ့သို့ ရောက်နေသည့်အတွက် ပါးစပ်ထဲ အပြည့်ဖြစ်နေသော အပူဖုတို့ကို ဆွမိသလို ဖြစ်မည်အား စိုးရိမ်နေစိတ်ကို ချိုးနှိမ်ရင်း အတင်း ကြိတ်မှိတ်ကာ စားလိုက်‌ရတော့သည်။ သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်သည်ဟု အထင်ရောက်ခဲ့သော်ငြား ကျိမြန်နှင့် ဖန်ခွင်းတို့၏ အကြည့်ထဲတွင်မူ သူ့အမူအယာမှာ သေဆေးစားနေရသည့်နှယ်ပင် ဖြစ်သည်။ 


"ဒီစတိခ်က မင်းအရသာနဲ့ မကိုက်ဘူးလား ..." 


ကျိမြန်က နွေးနွေးထွေးထွေး မေးလိုက်သည်။ 


"မဟုတ်ပါဘူး ဒါက အရမ်းကို အရသာရှိပါတယ် ..." 


ရှောင်ကျားရှုက လက်တို့ကို အသည်းအသန်ခါယမ်းကာ ငြင်းဆန်ရင်း အသားတို့ကို ဝါးပင် မဝါးတော့ဘဲ အတင်း မျိုချလိုက်တော့သည်။ မျက်လုံးနှင့် မျက်ခုံးတို့မှာလည်း တစ်ထပ်တည်း ကျလုနီးပါးအထိ တွန့်ကျုံ့သွားတော့သည်။ 


ကျိမြန် : "..." 


ဖန်ခွင်းက အခြေအနေများကို အဖက်ဆယ်နိုင်ရန် ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။  


"ဝိုင်ရော သောက်တတ်လား ဒီဆိုင်ရဲ့ စပျစ်ဝိုင်က အရမ်းကို ကောင်းတာနော် စမ်းကြည့်ချင်လား ..." 


ဝိုင် ဟုတ်လား အဲဒါကိုသာ သောက်လိုက်မိရင် ပါးစပ်ထဲက အနာတွေ အကုန်လုံးကို ဆာလဖျူရစ်အက်စစ်နဲ့ ပက်လိုက်သလို ဖြစ်ပြီး သေချင်စိတ်တောင် ပေါက်သွားတော့မှာပေါ့ ... 


ရှောင်ကျားရှုက စိတ်ထဲတွင် မျက်ရည်တို့ကို ခိုးသုတ်လိုက်သော်ငြား သူ့မျက်နှာကမူ အပြုံးတစ်ခုကို အလိုအလျောက် ချိတ်ဆွဲထားပြီးဖြစ်သည်။ 


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခွင်းကော ..." 


ဖန်ခွင်းက ‌ကျိမြန်နှင့် သခင်လေးရှောင်အတွက် ဝိုင်တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။ သူက ထိုဝိုင်ကို အကြောင်းပြုကာ ရှောင်ကျားရှုနှင့် လက်မှတ်ထိုးနိုင်ရေးအတွက် စကားဦးသမ်းရန် ကြံနေစဉ်မှာပင် သခင်လေးရှောင်က ရှုံ့မဲ့နေသော အမူအယာနှင့်အတူ ခေါင်းကို ငုံ့ချလိုက်တော့သည်။ 


"ဘာဖြစ်လို့လဲ ဒီဝိုင်က မင်းအကြိုက်နဲ့ မကိုက်လို့လား ..." 


ကျိမြန်က ပြုံးကာ ပြောလိုက်သည်။ 


"မဟုတ်တာ မဟုတ်တာ ဒါက အရမ်းကို ... အ...ရ ... သာ ... ရှိပါတယ် ..." 


သခင်လေးရှောင်မှာလည်း နာကျင်လွန်း၍ စကားကိုပင် ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်တော့ချေ။ သူ့မျက်နှာမှာလည်း ဒယ်ပြားထက်ပင် မည်းမှောင်နေတော့၏။ 


ကျိမြန် "..." 


ဖန်ခွင်းက အသာရယ်လိုက်သည်။ 


"ကြိုက်တယ်ဆိုရင်‌လည်း သောက်လေ ..." 


ထို့နောက် သူက သခင်လေးရှောင်အတွက် နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်ပြန်သည်။ 


မျက်နှာပျက်ရမည်ကို အင်မတန် စိုးရွံ့လှသည့် သခင်လေးရှောင်အတွက်မူ ဤတစ်ရက်တာကပင် တစ်နှစ်မက ရှည်ကြာလွန်းလှပေသည်။ ဝိုင်ခွက်ကို ကိုင်ထားသော လက်များကပင် တဆတ်ဆတ် တုန်ရီလာကာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ 


ဒီစားသောက်ဆိုင်ကနေသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်ဆိုရင် အဲဒီ့ အမှိုက်သရိုက်လို သရေစာတွေကို တစ်သက်လုံး မစားတော့ဘူး ... 


သူ့နှလုံးသားတစ်ခုလုံး တုန်ရီနေစဉ်မှာပင် အသက်လေးဆယ်ဝန်းကျင်အရွယ် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက အနားသို့ ရောက်လာ၏။ သူမက ကျိမြန်နှင့် ဖန်ခွင်းတို့ကို နှုတ်ဆက်ပြီးနောက် သူ့ပါးကို လိမ်ဆွဲလိုက်သည်။ 


"သစ်ပင်ပေါက်လေး ဒီကို ပြန်ရောက်နေတာတောင် အန်တီစုစီ အလည်လာဖို့ စိတ်ကူးမရှိဘူးပေါ့ ဟုတ်လား ..." 


"အန်တီစု အန်တီလည်း ဒီမှာ လာစားတာလား ..."


ရှောင်ကျားရှုမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလုမတတ် ခံစားလိုက်ရတော့သည်။ သူက မတ်တပ်ထရပ်ကာ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီးနောက် ကျန်သူများနှင့် မိတ်ဆက်ပေးမည် ပြုစဉ်မှာပင် သူမ၏ ငြင်းပယ်ခြင်းငှာ မစွမ်းသာနိုင်လောက်သည့် တောင်းဆိုချက်ကို ကြားလိုက်ရတော့သည်။ 


"ရှောင်ခွင်း အန်တီ သူ့ကို ခဏ ငှားသွားမယ်နော် မင်းတို့တွေ စားနှင့်လိုက်ကြတော့ ကျသင့်ငွေက အန်တီရှင်းပြီးသား ..." 


"အိုက်ယား ... စုကျဲရေ ... ကျဲရဲ့ ကြင်နာမှုကို ဒီလိုကြီး လက်ခံလိုက်လို့ ဖြစ်ပါပမလား ..." 


ဖန်ခွင်းက ယဉ်ကျေးပျူငှာသည့် လောကဝတ်စကားတို့ ဆက်ပြောရန် ပြင်နေစဉ်မှာပင် ထိုအမျိုးသမီးက ရှည်လျားသန်မာ‌လှသည့် သခင်လေးရှောင်ကို ဆွဲခေါ်သွားကာ ခုံနေရာလွတ်တစ်ခုနှင့် ဝိုင်ခွက်တစ်ခွက်သာ ကျန်ခဲ့တော့သည်။ 


"ရှောင်ကျားရှုက စုလွေ့နဲ့တောင် ရင်းနှီးတယ်? သူ့အဆက်အသွယ်တွေက တကယ်ကို ကျယ်ပြန့်တာပဲ ..." 


ဖန်ခွင်းက ဝိုင်တစ်ငုံသောက်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


"ဒီပုံစံအတိုင်းဆို ငါတော့ သူနဲ့ လက်မှတ်မထိုးနိုင်လောက်တော့ဘူး ဒါကလည်း အဆိုးထဲက အကောင်းလို့ ပြောရမှာပါပဲ စိတ်နေစိတ်ထားကလည်း ညံ့ဖျင်း၊ သရုပ်ဆောင်တာကလည်း ဆိုးဝါးတဲ့အပြင် မျက်နှာအမူအယာကို ထိန်းချုပ်တဲ့နေရာမှာတောင် ဖြစ်ဖြစ်မြောက်မြောက် မရှိဘူး ဒီတစ်နပ်ထဲနဲ့တင် ငါ့ရဲ့ ထင်မြင်ချက်ကောင်းတွေအားလုံး ပျောက်ကွယ်ကုန်ပြီ သူ့လိုလူမျိုးက အောင်မြင်ဖို့ လွယ်ပေမယ့် ဒီအောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်ဖို့ မလွယ်လောက်ဘူး reality show တစ်ခုလောက် သွားလိုက်ရုံနဲ့တင် သူ့ရဲ့ သရုပ်မှန်အစစ်က ဗူးပေါ်သလို ပေါ်လာပြီးတော့ ဂုဏ်သတင်း ပျက်စီးသွားမှာပဲ ..." 


ကျိမြန်ကတော့ စကားတစ်ခွန်းမှ မဆို။ ဝိုင်ခွက်ကိုသာ ရှေ့နောက် လှုပ်ယမ်းနေပေသည်။ အနှစ်သက်ဆုံး စားသောက်ဆိုင်တွင် အကြိုက်ဆုံး စတိခ်နှင့် သဘောအကျဆုံး ဝိုင်တို့ကို ‌အနှောင့်အယှက်ပေးမည့်သူ တစ်စုံတစ်ရာ မရှိဘဲ တွဲဖက်စားသုံးခွင့် ‌ရနေခြင်းကပင်လျှင် သူ့အတွက် အကောင်းဆုံး ဖြစ်နေပေသည်။ 


"ထားလိုက်ပါတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါလည်း ဘိုးဘေးလေးနဲ့ လက်မှတ်ထိုးရမှာကို တကယ် မကြိုက်ဘူး မင်းကို ဂရုစိုက်ပေးဖို့က အရမ်း လွယ်ကူခဲ့တော့ တစ်ခြားတစ်ယောက်ကို ထပ်ပြီး ပျိုးထောင်ပေးရမှာနဲ့ အသားမကျတော့ဘူး ..." 


ဖန်ခွင်းက စတိခ်တစ်တုံးကို လှီးဖြတ်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီး မျက်ခုံးတို့ကို ကျေနပ်မှုအပြည့်ဖြင့် ကျုံ့လိုက်သည်။ 


"အရသာရှိလိုက်တာ ရှောင်ကျားရှုရဲ့ လျာက ပျက်စီးနေတာပဲ ဖြစ်ရမယ် ..." 


တစ်ဖက်တွင်မူ စုလွေ့နှင့် လိုက်လာသော ရှောင်ကျားရှုက သီးသန့်ခန်းထဲ ရောက်သည်နှင့်တစ်ပြိုင်နက် အလွန်အမင်း နာကျင်နေသော အမူအယာကို ဖော်ထုတ်လိုက်တော့သည်။ 


"အန်တီစု ကျွန်တော့်ကို ရေလေးတစ်ခွက်လောက် ကမ်းပေးပါဦး သွက်သွက်လေး ပလုတ်ကျင်းလိုက်ချင်လို့ ..." 


"ဘာဖြစ်လို့လဲ ..." 


စုလွေ့က စားပွဲပေါ်ရှိ ရေသန့်ကို ကမ်းပေးရင်း မေးလိုက်သည်။ 


"ကျွန်တော့်ပါးစပ်ထဲမှာ အပူဖုတွေ ထွက်နေတာကို ဝိုင်သောက်လိုက်မိတယ်လေ ..." 


ပလုတ်ကျင်းပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ကျားရှုမှာ မျက်ရည်စက်တို့ စီးကျလာတော့သည်။ သူ့ပုံစံမှာ အနိုင်ကျင့်ခံထားရသည့် ဟက်စကီးနှင့်ပင် တူနေသည့်အတွက် စုလွေ့တစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။ 


သူမက ရွှယ်မြောင်၏ မန်နေဂျာ ဖြစ်ခဲ့ဖူးကာ နောက်ပိုင်းတွင် နှစ်ဦး ပူးပေါင်းပြီး ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်များစွာက နိုင်ငံအနှံ့ အတော်မသတ်နိုင်လောက်သည့် အရည်အချင်းစစ်ပွဲတို့ကို ကျင်းပကာ အမျိုးသမီး အဆိုပြိုင်ပွဲတစ်ခုကို ဖန်တီးရင်း အနုပညာအသိုင်းအဝိုင်းထဲ ဝင်ဆန့်နိုင်မည့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ သူမတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ညီအစ်မ အရင်းအချာများထက်ပင် စစ်မှန်လှကာ စုလွေ့က အိမ်ထောင်ပြုသားမွေးခြင်းအမှု မရှိသည့် လူလွတ်တစ်ဦး ဖြစ်သည့်အတွက် ရွှယ်မြောင်၏ သားမှာ သူမ၏ သားအရင်းကဲ့သို့ပင်ဖြစ်သည်။ 


သူမက ရှောင်ကျားရှု ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့သူတစ်ဦး ဖြစ်သည့်အတွက် သူ့ကို များစွာ ဂရုစိုက်ပေရာ လက်ထောက်ကို အပူလျော့ချပေးနိုင်သည့်ဆေး သွားဝယ်ရန် ချက်ခြင်း ညွှန်ကြားလိုက်ပြီး သူ့ကိုလည်း ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်သင့်ကြောင်း ဩဝါဒ ချွေပြီးမှသာ အလုပ်အကြောင်း မေးမြန်းလိုက်တော့သည်။ 


"အစောကတည်းက သူတို့မှာ ကျွန်တော့်ကို အလုပ်လုပ်ခိုင်းမယ့်အကြံ မရှိကြဘူး အလှပန်းအိုးတစ်လုံးလောက်ပဲ သဘောထားနေကြတာလေ ..." 


အထင်လွဲခံခဲ့ရသည့် ရှောင်ကျားရှုက နာကျင်မှုကို အံကြိတ်ရင်း ခပ်ပျစ်ပျစ်မှိုဟင်းရည်တစ်ဇွန်းကို ခပ်သောက်လိုက်သည်။ သူက အစောပိုင်းကတည်းက ဟင်းရည်တစ်မျိုးမျိုး မှာယူချင်ခဲ့သော်ငြား နိုင်လိုမင်းထက် ပြုမူတတ်သော ကျိမြန်က သူ့ကို တစ်ခုတစ်လေမှပင် မှာခွင့် မပေးခဲ့ချေ။ 


"ရှို့ချန်ယုနဲ့ စကားပြောမှ ရတော့မယ် ..." 


စုလွေ့က ချက်ခြင်း ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"မလုပ်နဲ့ မလုပ်နဲ့ ..." 


ရှောင်ကျားရှုက သူမကို ဟန့်တားလိုက်သည်။


"ကျွန်တော်က လူသစ်လေ သူတို့တွေက ကျွန်တော့်ရဲ့ အရည်အချင်းကို မယုံကြလို့သာ ဒီလို လုပ်ကြတာပါ အန်တီစု တကယ်လို့ အန်တီသာ ဦးလေးရှို့ကို ကူညီခိုင်းလိုက်ရင် သူတို့တွေက ပိုပြီးတောင် အထင်သေးကုန်ကြမှာလေ ကျွန်တော်သာ ကြိုးကြိုးစားစား သင်ယူပြီးတော့ ဘယ်အလုပ်ကိုမဆို တာဝန်ကျေကျေနဲ့ လုပ်မယ်ဆိုရင် သူတို့တွေလည်း ကျွန်တော့်အကြောင်းကို သိလာပြီး တစ်ဖြည်းဖြည်းနဲ့ လက်ခံလာကြမှာပါ ဒါက အလုပ်ထဲကို ရောက်လာတဲ့ လူသစ်တိုင်း ကြုံရမှာပဲလေ ကျွန်တော် သေချာပေါက်ကို ကိုင်တွယ်နိုင်မှာပါ ..." 


သူ၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာထားကို တွေ့လိုက်ရသည့်အခါ စုလွေ့က နဖူးကို ဖိထားရင်း ခပ်ပြုံးပြုံး ပြုံးလိုက်တော့သည်။ 


"အပင်ပေါက်ကလေး ဘာလို့များ ဒီလောက်တောင် စကားပြော ချိုနေရတာလဲ "သရဖူခေတ်" မှာ အလုပ်မလုပ်တော့ဘဲ အန်တီ့ရဲ့ ကုမ္ပဏီကို လာခဲ့ပါလား ..." 


"မရပါဘူး အမေက ဦးလေးရှို့နဲ့အတူ အားလုံးကို စီစဉ်ပေးပြီးပြီလေ ကျွန်တော်က ပြောပြီးသားစကားကို ပြန်ဖျက်တတ်တဲ့သူမျိုး ဖြစ်လို့မှ မရတာ အလုပ်လုပ်တယ်ဆိုတာ အလေးအနက် ထားရမယ့် ကိစ္စလေ ခပ်ပေါ့ပေါ့ သဘောထားလို့ မရဘူး ..." 


သူက စွတ်ပြုတ်ကို သောက်နေရင်း ခေါင်းယမ်းကာ ပြောလိုက်သည်။ 


"ဟုတ်ပါပြီ တို့တွေရဲ့ အပင်ပေါက်ကလေးက မိုးထိအောင် မြင့်တဲ့ အပင်ကြီး ဖြစ်နေပြီပဲ ..." 


စုလွေ့က သူ့ခေါင်းကို အားရပါးရ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ 


"မနက်ဖြန်ကျ အန်တီ့ကုမ္ပဏီကို အလည်လာခဲ့ "Super New Voice Generation" ရဲ့ နောက်ဆုံးအပိုင်းကို ရိုက်ကူးမှာ တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ် သိလား ..." 


"super new voice generation "သည် ရွှယ်မြောင်နှင့် စုလွေ့တို့ အတူတူ စတင်တည်ထောင်ခဲ့သည့် "ကံကောင်းခြင်းရေစင်" အမည်ရ အေဂျင်စီ၏ အဓိက ပရိုဂရမ်ဖြစ်သည်။ ၎င်းသည် နိုင်ငံအတွင်း ကျင်းပခဲ့သည့် ပထမဆုံး အရည်အချင်းစစ် ပြိုင်ပွဲဖြစ်ကာ နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဤတစ်ကြိမ်တွင်မူ "သရဖူခေတ်" နှင့်ပါ ပူးပေါင်းထားသည့်အတွက် ယခင်နှစ်များထက် များစွာ ကြီးကျယ်ခမ်းနားလှပေသည်။ စတင်ထုတ်လွှင့်စဉ်ကတည်းက ကြည့်ရှုသူစံချိန်ကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့ကာ ရှောင်ကျားရှုကဲ့သို့ ခေတ်ကို မျက်‌ခြည်ပျက်နေသူပင် သတိထားမိသည်အထိ အလွန်အမင်း နာမည်ရလာခဲ့သည်။ 


"ဖိုင်နယ်တောင် ရောက်သွားပြီလား ကျွန်တော် မကြည့်လိုက်ရတဲ့ အပိုင်းတွေ အများကြီး ကျန်နေသေးတယ် ..." 


သူ၏ စကားပြောဆိုပုံမှာ အခြားသူများ၏ နှလုံးသားကို ဓားဖြင့် ထိုးလိုက်သည့်နှယ် အဓိပ္ပါယ်သက်ရောက်နေကြောင်းကိုတော့ ရှောင်ကျားရှုမှာ လုံးဝ သတိမထားမိသေးချေ။ 


သို့သော် စုလွေ့က သူ့စရိုက်ကို သိရှိထားသူဖြစ်၍ ဗွေမယူခဲ့။ 


"ဖိုင်နယ်ပွဲက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ သေချာပေါက် လာကြည့်လှဲ့ အန်တီ အထူးတန်းအတွက် လက်မှတ် ချန်ထားပေးမယ် ဒီတစ်ခေါက်ပွဲကို လာပြိုင်တဲ့သူတွေက တကယ်ကို အရည်အချင်းရှိကြတယ် ..." 


"မဟုတ်တာ ကျွန်တော်က အလုပ်လုပ်ရဦးမယ်လေ ကျိမြန်ရဲ့ လက်ထောက်ဆိုတော့ ကျွန်တော့်ရဲ့ တာဝန်တွေကို လျစ်လျူရှုထားလို့ မရဘူး ..." 


သူက ချက်ခြင်း ငြင်းပယ်လိုက်သည်။ အလုပ်လုပ်နေသည့် သစ်ပင်ပေါက်အနေဖြင့် ဇွဲမရှိဘဲ အလွယ်တကူ အရှုံးပေးလိုက်၍ မရချေ။ 


စုလွေ့က နဖူးကိုအုပ်ကာ ပြောလိုက်သည်။ 


"ကျိမြန်လည်း လာမှာ သူက ဖိုင်နယ်ပွဲအတွက် ဒိုင်လူကြီးလေ ..." 


"အိုး ဒီလိုကိုး ဒါဆိုလည်း အထူးတန်းလက်မှတ် ပေးဖို့ မလိုပါဘူး ဒိုင်လူကြီးတွေရဲ့ ထိုင်ခုံနားမှာပဲ ရပ်နေလိုက်မယ်လေ အဲဒါမှ ကျိမြန် လိုအပ်တာရှိရင် တန်းသိနိုင်မှာ ..." 


ရှောင်ကျားရှုက လက်မခံမီ အလေးအနက် တွေးတောလိုက်သေးသည်။ 


စုလွေ့ "..." 


Xxxxxxx