အပိုင်း ၈၉၅-၈၉၆
Viewers 47k

Part 895


လင်းလန် နိုးလာချိန်တွင် ဟန်ချင်စုန့်က လော့ဟိုင်ချန်တို့နှင့်တွေ့ရန် ထွက်သွားပြီဖြစ်သည်။ သူမ မနက်စာပြင်နေချိန်တွင် တ၀မ်က အငယ်လေးများကိုခေါ်၍ မနက်ခင်းလေ့ကျင့်ခန်း လုပ်နေသည်။ 


တ၀မ်က တော်လှန်ရေးကော်မတီအဆောင်၀န်းထဲ၌ လေ့ကျင့်ခန်းလုပ်နေခြင်းသည် လူအများကို စိတ်၀င်စားသွားစေပြီး တော်တော်များများကလည်း အတူလိုက်လုပ်ချင်နေကြသည်။ ဒီနှစ်ပြီးသွားပါက တ၀မ်သည် သူတို့အတွက် သင်တန်းဆရာပင် ဖြစ်နေလောက်၏။ 


ကောင်းလင်းကလည်း ညီဖြစ်သူကိုခေါ်၍ ရောက်လာသည်။ ကောင်းယွီက အိပ်ချင်နေသေးသဖြင့် စူပုတ်နေသည်။


ပြေးပြီးသွားသည့်အခါတွင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရမည့် အလှည့်ဖြစ်သော်လည်း ကောင်းလင်းက လိုက်မလုပ်နိုင်သဖြင့် လမ်းပတ်လျှောက်နေလေသည်။ ထို့နောက် မိုင်ဆွေ့နှင့်အား၀မ်ကို မေးလိုက်သည်။


 " စကိတ်စီးဖို့ သွားချင်ကြလား "


အား၀မ် : " ငါဆိုရင် သွားလို့ရတယ် သူမကတော့ မရဘူး "


ကောင်းလင်း : " ........ " မင်းတို့ကတော့ကွာ ။


မိုင်ဆွေ့ : " ရေကအထူကြီးခဲနေတာ မဟုတ်ဘူး သတိထားဦး မဟုတ်ရင် ကျွံကျနေမယ် "


ကောင်းလင်း : " မဖြစ်နိုင်တာ ငါတို့ နှစ်တိုင်းသွားနေတာပဲ "


ကောင်းယွီက ပြေးပြီးနောက်တွင် ချွေးထွက်လာသော်လည်း ရပ်နေသည့်အခါတွင်မူ ချမ်းလာလေ၏။ " ပြန် ... ပြန်နှင့်မယ် "


မိုင်ဆွေ့က အကြံပေးသည်။ " နောက်ကြ ပြေးမယ်ဆိုရင် ကျောမှာသဘက်ပတ်ထားလိုက် မဟုတ်ရင် အအေးမိလိမ့်မယ် "


" ကျေးဇူး " ကောင်းယွီက နှာခေါင်းရှုံ့ထားရင်း ပြန်ဖြေသည်။ 


စန်း၀မ်နှင့်ရှောင်၀မ်က ကောင်းယွီိကိုကြည့်ကာ ပြုံးနေကြသည်။ " မင်းခန္ဓာကိုယ်က ညှက်တာပဲ "


ကောင်းယွီက စန်း၀မ်နှင့်ရွယ်တူဖြစ်သော်လည်း စန်း၀မ်လို မထွားပေ ။


ရှောင်၀မ် : " လာလေ အိပ်ထမတင်လုပ်ရအောင် အခါနှစ်ဆယ်လောက် အရင်လုပ်ကြည့် "ဟုဆိုကာ သူလည်း လုပ်နေသလို ကောင်းယွီကိုလည်း အတူလုပ်ခိုင်းနေသည်။


ကောင်းယွီက ငါးခေါက်ပြီးသည့်အခါတွင် တုံးလုံးပစ်လဲသွားသည်။ စန်း၀မ်နှင့် ရှောင်၀မ်တို့နှင့် ကစားရတာကပျော်ဖို့ကောင်းသည်ကိုလည်း သိလာရသည်။ ဟန်မိသားစုကသူတွေက ကြောက်ဖို့မကောင်းဘူးပဲ ။ တ၀မ်က တကယ်ကြောက်ဖို့မကောင်းလျှင်တောင် အနားမကပ်ရဲသေးပါ ။ သူ့မျက်နှာကိုမြင်ရုံဖြင့် ကောင်းယွီမှာ လန့်နေဆဲဲဲဖြစ်သည်။ 


တစ်နေ့လုံး ရယ်မောကာ စနောက်နေသည့် စန်း၀မ်နှင့် ရှောင်၀မ်က ပိုကောင်းသည်ဟု သူထင်သည်။ သူ့လိုပဲ အိပ်လိုက်စားလိုက် လုပ်နေကြတာလေ ။


မနက်စာစားပြီးနောက်တွင် လင်းလန်က အလုပ်သွားသလို ကလေးများက ကျောင်းသွားကြသည်။


ရှောင်၀မ်နှင့်စန်း၀မ်တို့ အတန်းထဲ၀င်လိုက်သည်နှင့် ဂီတဆရာက လာပြောသည်။


 " ဟန်၀မ်မင်တို့ ရုံးခန်းကိုလိုက်ခဲ့ကြ "


ရှောင်၀မ်က စန်း၀မ်ကိုဆွဲထားသော်လည်း ဂီတဆရာကဘာမှမပြောဘဲ ရှေ့ကနေသာထွက်သွားသည်။ 


ရုံးခန်းထဲ၌ အမျိုးသမိီးကြီးတစ်ယောက်နှင့် ယောက်ျားကြီးတစ်ယောက် ရှိနေသည်။ အမျိုးသမီးက လေးဆယ်အရွယ်ဖြစ်ပြီး ပိန်းပါးကာချောမောသည်။ ယောက်ျားကြီးကလည်း လေးဆယ်ကျော်အရွယ်ပင် ။ ထိုနှစ်ယောက်က အဆိုအကအဖွဲ့မှလူများဖြစ်သည်ကို စန်း၀မ်သိသဖြင့် ရှောင်၀မ်ကို နှုတ်ဆက်ခိုင်းလိုက်သည်။


 " ဘာကိစ္စရှိလို့ပါလဲ "


ရှောင်၀မ်က ပုလွေနှင့် အကော်ဒီယံကို တီးခတ်ရာ၌ကျွမ်းကျင်ပြီး ပင်လယ်ကို စျေးဆစ်ခြင်း´ မွေးရပ်မြေမှ ဆောင်းဦး ဆောင်း နွေဦး နွေ ´ အစရှိသည့် ပြဇာတ်များတွင်လည်း ပါခဲ့ဖူးသဖြင့် အတော်ကျော်ကြားပြီး နာမည်ရှိသူဟု ဆိုရပေမည် ။ 


ခေါင်းဆောင်လုက ရှောင်၀မ်ကိုကြည့်၍ ပြောသည်။ " ပြဇာတ်တစ်ခုကဖို့ရှိလို့ အဲ့တာ ဆိုနိုင်ကနိုင်ပြီး တူရိယာတွေတီးတတ်တဲ့ ကလေးသရုပ်ဆောင်တစ်ယောက် လိုနေလို့ "


ရှောင်၀မ်က တက်ကြွစွာ " သားလုပ်မယ် " ဟုထအော်သည်။


" ခေါင်းဆောင် ကလေးသရုပ်ဆောင်မှာရော အစ်ကိုအဖြစ်သရုပ်ဆောင်မယ့်သူ လိုသေးလား " စန်း၀မ်က မေးသည်။


ခေါင်းဆောင်လုကလည်း စန်း၀မ်ကို အကဲခတ်နေခဲ့တာဖြစ်သည်။ ထိုကောင်လေးက ပိန်ပိန်ပါးပါး ပုခုံးကျယ်ကျယ် ခါးသွယ်သွယ်နှင့်ဖြစ်ပြီး ခြေတံလက်တံလည်းရှည်သဖြင့် အကကရာတွင် တော်မည့်ပုံပင် ။ အားကစားသတင်းကို စိတ်မ၀င်စားသူဖြစ်၍ ခေါင်းဆောင်လုက စန်း၀မ်ကို သေချာမသိပေ ။


ဂီတဆရာက မိတ်ဆက်ပေးသည်။ 


စန်း၀မ်က အာရှဂိမ်းချန်ပီယံဟု ကြားသောအခါ လုဟွိုင်ရှန်က မျက်လုံးပြူးသွားပြီး အကဲပိုဟန်ဖြင့် စကားဆိုလေသည်။ 


" ဪ ဟန်၀မ်မင်က တော်လိုက်တာ တကယ်ကိုပဲ တိုင်းပြည်ဂုဏ်ဆောင်ပေးတဲ့သူဆိုတော့ မင်းဆီကတောင် အဒေါ်တို့က ပြန်သင်ယူရဦးမှာပဲ "


စန်း၀မ်မှာ ကြက်သီးထလာမိသော်လည်း ပြုံးပြလိုက်သည်။ " ခေါင်းဆောင်လု ကျွန်တော်ကအိမ်မှာ နှစ်လလောက်နေဦးမှာ အဲ့ဒါ ကျွန်တော့်ညီဘာလုပ်လုပ် ဘယ်သွားသွား လိုက်ရမှာမို့ပါ "


" ရတာပေါ့ ရတာပေါ့ " လုဟွိုင်ရှန်းက ချက်ချင်းသဘောတူပြီး ထုံကန်းချန်ဆိုသူကို လှည့်ပြောသည်။ " အင်း နောက်ကာရိုက်တာတစ်ခုထည့်လိုက် အရင်ကမလိုတဲ့ဟာတွေ ဖြုတ်လိုက်တော့ ဒီလိုကပိုကောင်းတယ် "


ထုံကန်းချန်လည်း ထိုသို့တွေးမိသည်။ စန်း၀မ်က ရုပ်ချောတယ်လေ ၊ ပြီးတော့ အမြဲလည်းပြုံးနေသေးတာ ၊ ဆိုတော့ ကြည့်မိသူတိုင်းကို ပြုံးသွားအောင် လုပ်နိုင်မှာပဲ ။


ပြဇာတ်ထဲမှာ ဒီလိုတက်တက်ကြွကြွ ကာရိုက်တာလေးလည်း ပါသင့်တာပေါ့ ။


ဆယ်ကျော်သက်ကောင်လေးတွေက အခုလို တက်ကြွနေတာကို သူ တစ်ခါမှ မမြင်ခဲ့ဖူးဘူး ။


လုဟွိုင်ရှန်းက စိတ်လှုပ်ရှားနေဟန်ဖြင့် ဆက်ပြောသည်။ " ညွှန်မှုးဟန်တို့က ကလေးတွေကို ဘာလို့ဒီလောက်တော်အောင် ပျိုးထောင်နိုင်ကြတာလဲ အကုန်လုံး ကျွန်မတို့အသင်းကို၀င်လာကြရင် ကောင်းမှာပဲရှင် "


သူမက စန်း၀မ်မှလွဲ၍ ကျန်မောင်နှမအားလုံးကို မြင်ခဲ့ဖူးလေသည် ။ တ၀မ်က တက်တက်ကြွကြွမရှိသော်လည်း တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် ရုပ်ချောသည်။ အဓိကက ပါးနပ်ပြီး ကြင်နာတတ်ခြင်းပင် ။ အား၀မ်ကမူ သိမ်မွေ့ကာကြော့ရှင်းပြီး သိပ်မထွားသော်လည်း အမျိုးကောင်းသားတစ်ယောက်၏ ပုံရိပ်နှင့်အညီဖြစ်သည်။ 


ရှောင်၀မ်ဆိုပါက တောင်ပေါ်မှစမ်းရေလေးလိုပင် ဖြစ်ချေသည်။ သူစကားပြောတာ သီချင်းဆိုတာကို နားထောင်ခြင်းဖြင့် ရင်ထဲကို တိုက်ရိုက်စီး၀င်လာသလို ခံစားသွားရအောင် လုပ်နိုင်စွမ်းရှိလေသည်။ 


ထူထဲသည့်မျက်ခုံးတစ်စုံအပြင် မျက်၀န်းနက်များကလည်း ရုပ်ရည်ကို ပို၍ကြည့်ကောင်းသွားစေသည်။ 


စန်း၀မ်က အသားနည်းနည်းညိုသော်လည်း တက်ကြွကာ အားအင်အပြည့်ရှိပြီး ချစ်ဖို့ကောင်းသူဖြစ်သည်။


တစ်ယောက်ချင်းကိုသာ သေချာပျိုးထောင်ပေးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ။


သူမက ဤနေ့ရာတွင် အချိန်တိုင်း ရှိမနေနိုင်၍သာ ထိုအတွေးများကို လက်လျှော့ထားရတာဖြစ်သည်။ ရှောင်၀မ်က သီချင်းဆိုရတာကိုပဲကြိုက်ပြိး ကရသည်ကို သဘောမကျပေ ။ သို့ဖြစ်၍ သူ့အား ရိုးရှင်းကာအခြေခံကျသော ကကွက်များကိုသာ သင်ပေးရတာဖြစ်သည် ။


ထ်ို့နောက်တွင် လုဟွိုင်ရှန်းလည်း ဂီတဆရာထံ ခွင့်တောင်း၍ ကလေးနှစ်ယောက်ကို တော်လှန်ရေးကော်မတီသို့ ခေါ်သွားလိုက်သည်။ 


ရောက်သွားသည့်အခါတွင် ရှောင်၀မ်ကပြောသည်။ " ခေါင်းဆောင်လု သား အမေ့ကို သွားပြောလိုက်ဦးမယ် "


ခေါင်းဆောင်လုက ရှောင်၀မ်ကို ခေါင်းပုတ်ကာ ခွင့်ပြုလိုက်သည်


 " သွားလေ " 


ညီအစ်ကိုနှစ်ယောက်လည်း လင်းလန်ထံ ထွက်လာလိုက်ကြသည်။ 


လင်းလန်က ငလျင်ဖြစ်စဥ်အတွင်း ပြောင်းလဲမှုများကို လေ့လာနေတာဖြစ်သည်။ ရှောင်၀မ်တို့ညီအစ်ကို နှစ်ယောက်ကိုတွေ့သောအခါ လင်းလန်က အံ့သြသွားသည်။ 


" မားမားရဲ့ ကလေးလေးနှစ်ယောက်က ဘယ်လိုဖြစ်လို့ ရောက်လာကြတာလဲ "


ရှောင်၀မ် လင်းလန်၏လည်ပင်းကိုဖက်၍ ပါးကိုနမ်းလိုက်သည်။ " မားမား သားနဲ့စန်း၀မ်က ပြဇာတ်ကတာကို ၀င်ကူညီပေးမလို့ အစမ်းလေ့ကျင့်ဖို့ လိုက်လာတာ "


လင်းလန် ပြုံးကာ ဘာသီချင်းနဲ့လဲဟု ပြန်မေးလိုက်သည်။ 


Xxxx

Part 896


ယခင်နှစ်များတွင် အဆိုအကအဖွဲ့သည် တောင်းဆိုချက်များနှင့်အညီ ကပြကြတာဖြစ်သည်။ ယခုနှစ်တွင်တော့ အနည်းငယ်ပြောင်းလဲမှုရှိသည်ဟု သူမ ကြားထားသည်။ 


" ခေါင်းဆောင်လုက မပြောပြရသေးဘူး စန်း၀မ်အတွက် အသစ်ထည့်ပေးမယ်လို့တော့ပြောတယ် သားက စန်း၀မ်နဲ့တူတူ သရုပ်ဆောင်ရမှာ "


လင်းလန် ၀မ်းသာသွားမိသော်လည်း စန်း၀မ်၏လက်ကိုကိုင်၍ သတိပေးလိုက်သေးသည်။


 " အစမ်းလေ့ကျင့်ရင် ဂရုစိုက်ဦးနော် အပျော်ပဲဆိုပေမယ့်လည်း အခြားလူတွေ အားထုတ်ထားရတာကို ပျက်စီးသွားအောင်တော့ မလုပ်ရဘူးနော် "


စန်း၀မ်က ပြန်ပြုံးပြသည်။ " သားသိပါတယ် မားမားရဲ့ စိတ်မပူပါနဲ့ "


မိဘများရှေ့တွင် မခုတ်တတ်သည့်ကြောင် ဖြစ်သော်လည်း ကွယ်ရာတွင်မူ ဖြစ်ချင်တိုင်းဖြစ်နေသည်က စန်း၀မ်ပင်ဖြစ်သည်။ သို့သော်လည်း နိုင်ငံခြားသွားသည့်အခါတွင် အမိတိုင်းပြည်အရှက်ကွဲရအောင် မလုပ်သလို မိဘများ မျက်နှာပျက်ရမည့်ကိစ္စကိုလည်း သူ လုပ်မည်မဟုတ်ပါ ။


လင်းလန် ထိုအဖြေကို ကျေနပ်လေသည်။


 " ကောင်းပြီ ဒါဆိုလည်း လုပ်စရာရှိတာ သွားလုပ်ကြလေ "


စန်း၀မ်က လင်းလန် လေ့လာနေသည်ကိုကြည့်ကာ ဤသို့ဆိုသည်။ " မားမား အကူအညီလိုရင် သား ဖုန်းဆက်ပေးလို့ရတယ်နော် " မြို့မှခေါင်းဆောင်များကို သိသဖြင့် ငလျင်ဌာနကိုဖုန်းဆက်ကာ လင်းလန်သိလိုသည်များကို မေးပေးနိုင်သည်။


သို့ပါသော်ငြား လင်းလန်ကမူ သားဖြစ်သူ၏အဆက်အသွယ်ကို မသုံးလိုပါ ။


 " ကျေးဇူးပဲနော် စန်း၀မ် ဒါပေမယ့် မားမားဘာသာလည်း လုပ်နိုင်ပါတယ် သွားကြတော့လေ "


အခြေခံဗဟုသုတများကို အရင်နားလည်ထားရဦးမည်ဖြစ်၍ အခြားသူများကို အလောတကြီးမေးနေလည်း သူမ နားလည်မည်မဟုတ်ပါ ။ သူမအား သားဖြစ်သူကိုအသုံးချကာ အရူးလုပ်နေသည်ဟု လှောင်ကြပေလိမ့်မည် ။ အခွင့်အရေးဆိုသည်မျိုးက ပြင်ဆင်ထားသူကိုသာ ပေးတာဖြစ်ပြီး ပြင်ဆင်ထားခြင်းမရှိဘဲ မျှော်နေရုံဖြင့် အကျိုးထူးလာမည် မဟုတ်ပါ ။


သားနှစ်ယောက်ပြန်သွားသည့်အခါ လင်းလန် စာအုပ်ကိုဆက်မဖတ်ဖြစ်ဘဲ ပြတင်းပေါက်အပြင်ကိုငေးကာ တွေးနေမိသည်။ 


ဆောင်းရာသီနေက သိပ်မပူသော်လည်း အအေးဒဏ်ကိုလျှော့ကာ အနွေးဓာတ်ကိုတော့ ဖြန့်ကျက်ပေးနိုင်လေသည်။ နေရောင်ခြည်က သူမ၏မျက်နှာပေါ်သို့ ဖြာကျနေပြီး မျက်တောင်မွှေးများကိုပင် ရေးရေးလေးအရောင်တောက်နေစေသည်။ 


ထိုအချိန်တွင် ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်ဖြတ်သွားသည်ကို မြင်လိုက်ရ၍ လင်းလန် လှမ်းပြုံးပြလိုက်သည်။ လင်းလန်၏မျက်၀န်းများက နေရောင်အောက်တွင် ကြယ်လေးများ တစ်ဖျတ်ဖျတ် တောက်နေသကဲ့သို့ ဖြစ်နေသဖြင့် ဟန်ချင်စုန့် ခြေလှမ်းများကို ရပ်လိုက်မိသည်။ 


စိုက်ကြည့်နေမိပြီး ခဏအကြာမှသာ ဟန်ချင်စုန့် ဆက်လျှောက်သွားလိုက်သည် ။ လော့ဟိုင်ချန်က နောက်မှလိုက်သွားပြီး လင်းလန်က လက်ပြ၍နှုတ်ဆက်ကာ ကျန်ခဲ့သည်။ 


နေ့လယ်ခင်းတွင် ချီဖုန်းပေါ်က လင်းလန်ကို လာရှာလေသည်။


ထိုသူအား မတွေ့တာအတော်ကြာပြီဖြစ်၍ လင်းလန် သိပ်မရှက်မိတော့ချေ ။ အတိတ်တုန်းက ဘာမှမဖြစ်ခဲ့သလို နေနိုင်နေပြီဖြစ်သည်။ 


ချီဖုန်းပေါ်က လင်းလန်အားပြုံးပြသည်။ မျက်လုံးများက ဂဏာမငြိမ်ဖြစ်နေသေးသော်လည်း အငြှိုးထားနေခြင်း ရှိဟန်မတူ ။ " မတွေ့တာ ကြာပြီနော် "


လင်းလန် : " ဟုတ်တယ် ကိစ္စရှိလို့လာတာလား "


" ဆိုပါတော့ တပ်မဟာနဲ့ ပြည်သူ့လုံခြုံရေးဗျူရိုက မေးစရာလေးနည်းနည်းရှိတယ်ဆိုလို့ "


ချီဖုန်းပေါ်က ကျားရှန်ရွာမှဖြစ်ပြီး ကွန်မြူနတီတွင် လုပ်တာဖြစ်သည်။ ဖန်ရှီနုံးက သူတို့ရွာမှဖြစ်သည်။ 


မနေ့တုန်းက ဖန်ရှီနုံး၏ မိသားစုရာဇ၀င်ကို ပြန်လိုက်ခဲ့တာဖြစ်ပြီး ညတွင်းချင်းလူလွှတ်ကာ အကြောင်းကြားခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးတွင် ပူးပေါင်းပေးရန် ရောက်လာခဲ့တာဖြစ်သည်။ 


လင်းလန် : " နေ့လယ်စာ အတူသွားစားကြမလား "


ချီဖုန်းပေါ်က တွေဝေနေသော်လည်း " ကောင်းပါပြီ " ဟုဆိုကာ သဘောတူသည်။ 


ဟန်ချင်စုန့်က အလုပ်များနေသဖြင့် လင်းလန် သွားမရှာတော့ဘဲ ချိီဖုန်းပေါ်ကိုသာ ကန်တင်းကိုခေါ်လာလိုက်သည်။ လမ်းတွင်လည်း ဖန်ရှီနုံး၏အကြောင်းများကို မေးဖြစ်သည်။ 


ချိီဖုန်းပေါ်၏ ပြောစကားများအရ ဖန်ရှိနုံးက ကံမကောင်းရှာသည့်ကလေးဖြစ်သည်။ သူ့ဘိုးဘေးများက မြေပိုင်ရှင်သူဌေးများဖြစ်ပြီး စစ်ပွဲအပြီးတွင် မြေများအသိမ်းခံလိုက်ရကာ မိသားစုဘ၀ပျက်ခဲ့သည်ဟုဆိုသည် ။ အဘိုးဖြစ်သူသည် သစ္စာဖောက်ဟု စွပ်စွဲခံရပြီး ပစ်သတ်ခံလိုက်ရသည်။ အဘိုးဖြစ်သူက ဆုံးသွားပြိိး ဦးလေးများက အခက်တွေ့နေခဲ့ကြလေသည်။ 


နောက်ပိုင်းတွင် သူ့အဖေက ပြည်သူ့လွတ်လပ်ရေးတပ်မတော်ထဲ ၀င်သွားခဲ့ပြီး ခြေထောက်များ အပြင်းအထန်ထိခိုက်ခဲ့လေသည်။ မိသားစုက ပြစ်မှုဟောင်းရှိသဖြင့် သူ့အဖေက ရာထူးလည်းမတိုးဘဲ ထိခိုက်ပြီးနောက်တွင် တပ်ထဲမှထွက်လိုက်ရလေသည်။ 


အိမ်ပြန်ပြီးနောက်တွင် လက်ထပ်လိုက်ပြီး အသက်ငါးဆယ်အရွယ်ကြမှ ဖန်ရှီနုံးဟူသော သားတစ်ယောက်ကို ရခဲ့လေသည်။ 


ထိုခေတ်တုန်းက အနိုင်ကျင့်ခြင်းများလည်း ရှိသဖြင့် ဖန်ရှီနုံးမှာ အတော်လေးနှိပ်စက်အနိုင်ကျင့်ခံခဲ့ရတာဖြစ်သည်။


အဖေဖြစ်သူ အသက်၅၈နှစ်အရွယ်တွင် ကွန်မြူနတီများ ပေါ်ပေါက်လာသဖြင့် အတွင်းရေးမှုးလုပ်ရင်း အသက်ရှူချောင်သွားကြသည်။ သို့သော်လည်း ထိုသည်က ၆၃နှစ်အရွယ်ထိသာဖြစ်ပြီး ညွှန်မှုးအသစ်ပြောင်းသွားချိန်တွင် ဒုက္ခတွင်းထဲသို့ ကျသွားပြန်သည်။ ဖန်ရှီနုံး၏ ဦးလေးနှင့်အဒေါ်များက အရှက်ခွဲခံရသည်ကို သည်းမခံနိုင်တော့ဘဲ သတ်သေသွားကြသည်။ 


သူတို့ကွယ်လွန်ပြီးသွားသည့်နောက်တွင် ဖန်မိသားစု၏အခြေအနေက အနည်းငယ်တိုးတက်လာသည်။ သို့သော်လည်း ကဲ့ရဲ့အပြစ်တင်ကာ ရှုတ်ချခြင်းများရှိနေဆဲပင် ။ ဖန်ရှီနုံး၏ဖခင်က မိန်းမနှင့်သားကို သနားသဖြင့် ကွာရှင်းလိုက်သည် ။ ယင်းနည်းလမ်းက မိန်းမနှင့်သားကို ကာကွယ်ပေးခြင်းဟု ထင်ခဲ့တာဖြစ်သော်လည်း တကယ်တမ်းတွင် ဟုတ်မနေခဲ့ပေ ။


ဖန်ရှီနုံးက ယခုနှစ်တွင် ၂၆နှစ်သာရှိသေးသော်လည်း ၃၀ကျော်ဟု ထင်ရပေသည်။


ချီဖုန်းပေါ်က သက်ပြင်းချလိုက်သည်။


 " တကယ်က သူက ဆိုးသွမ်းနေတာတော့ မဟုတ်ပါဘူး အမေဖြစ်သူကိုလည်း ပြန်လုပ်ကျွေးပြီး ရေသာခိုအချောင်လိုက်နေတာလည်း မရှိဘူး ကျွန်တော်လည်း နှစ်ခေါက်သုံးခေါက်တွေ့ဖူးပေမယ့် စကားသေချာမပြောဖူးဘူး "


လင်းလန် ထမင်းချိုင့်ထဲမှ အသားကိုဇွန်းဖြင့်ထိုးနေမိသည်။ " သူ့ကိုရော ရွာသားတွေက အနိုင်ကျင့်နေကြတုန်းပဲလား "


ချီဖုန်းပေါ် : " ဟင့်အင်း သူ ဆယ့်ရှစ်နှစ်တည်းက ဘယ်သူမှ ဘာမှမပြောရဲကြတော့တာ သူ့အဖေနဲ့အမေက ပြန်လည်းမယူဘဲ တစ်အိမ်တည်းအတူနေကြတာကိုတောင် ဘယ်သူမှ မပြောရဲတော့ဘူး ဒါပေမယ့်လည်း သူ့အ​ဖေက ... သိပ်မကြာပါဘူး ဆုံးသွားတာပဲ "


" သူက မိန်းမရှိလား "


" ဟင့်အင်း သူ့၀မ်းကွဲမိသားစုက ကလေးတွေကိုတော့ တော်တော်ချစ်တာ "


ကလေးလည်းမရှိ မိန်းမလည်းမရှိပါက နောက်ဆံတင်းစရာရှိမည် မဟုတ်ချေ ။ ကလေးချစ်တတ်သူများက လက်ထပ်လိုကြသူများဖြစ်သဖြင့် မိန်းမမယူနိုင်သော အကြောင်းအရင်းရှိနေတာ ဖြစ်ပေလိမ့်မည် ။


Xxx