အပိုင်း ၈၈၅-၈၈၆
Viewers 47k

Part 885


တော်လှန်ရေးကော်မတီ၌ ဂျစ်ကားနှစ်စီးရှိပြီး ပြည်သူ့လုံခြုံရေးဗျူရို၌ တစ်စီးရှိကာ ညွှန်မှုးဟောင်း မောင့်လေ့ရှိသည့်ကားလည်းဖြစ်သည်။ ညွန်မှုးဟောင်းက နေမကောင်းဖြစ်နေသဖြင့် ဆေးရုံတက်နေရသောကြောင့် မောင်းမည့်သူမရှိဘဲ ဗျူရို၌ သောင်တင်နေလေသည်။ 


ဟန်ချင်စုန့်က ဆိုင်ကယ်ကိုသာ အစီးများပြီး ဂျစ်ကားကိုမူ လက်ထောက်ညွှန်မှုးလီကသုံးသည်။ တ၀မ်ရောက်လာသည့်အခါတွင် ဟန်ချင်စုန့်က ဂျစ်ကားမောင်းတတ်ရန် သင်ပေးလေသည်။ 


လင်းလန် လိုက်လာသည်ကို တွေ့သောအခါ ဟန်ချင်စုန့်က " ကိုယ်ပါတာပဲ စိတ်မပူနဲ့ "ဟုဆိုသည်။ 


လင်းလန် : " စန်းကော ကျွန်မလည်း ကားမောင်းသင်ချင်တယ် "


ဟန်ချင်စုန့်နှင့် တ၀မ် : " ..... " ဆိုင်ကယ်စီးတတ်တဲ့ မိန်းမတစ်ယောက်က ဂျစ်ကားမောင်းတတ်တာလည်း မထူးဆန်းဘူးလားလို့ ။


ဟန်ချင်စုန့် : " အနောက်မှာပဲထိုင်နေဦး "


ဟန်ချင်စုန့်က ကားတံခါးကိုဖွင့်ပေးပြီး လင်းလန်အား ကားထဲ၀င်စေသည်။ 


လင်းလန် : " သားကြီး ကြိုးစားထားနော် "


တ၀မ် : မားမား မလာခင်တုန်းက ကျွန်တော် စိတ်မလှုပ်ရှားဘဲ အဆင်ပြေနေပါတယ် 


ဟန်ချင်စုန့် သင်ပေးထားသည့်အတိုင်း ကားမမောင်းခင်တွင် တ၀မ် ကားကိုလှည့်ပတ်၍ စစ်ဆေးကြည့်လိုက်သည်။ ဘာမှမဖြစ်တာသေချာမှ ၀င်ထိုင်ပြီး ခါးပတ်ပတ်လိုက်သည်။ ဂျစ်ကားကို ယခင်ကလည်း မောင်းကြည့်ဖူးသဖြင့် ဘယ်နေရာကဘာဆိုတာကို သိနေသော်လည်း ဟန်ချင်စုန့် ပြောပြသည့်အတိုင်း တ၀မ် လိုက်မှတ်နေလိုက်သည် ။ ဟန်ချင်စုန့်က သင်ပေးရာတွင် စိတ်ရှည်သူမဟုတ်သဖြင့် သူ ဂရုမစ်ိုက်လိုက်ပါက အဓိကအချက်တွေလွတ်သွားမည်ကို စိုးရိမ်ရလေသည်။ 


ဟန်ချင်စုန့်က နှစ်ခေါက်ပြောပြိိးနောက် တ၀မ်ကို ပြန်ပြန်မေးသည်။ သူ ကျေနပ်တော့မှသာ ခေါင်းညိတ်ပြ၍ မောင်းခွင့်ပြုသည်။ 


အနောက်ခုံမှ လင်းလန်ကလည်း " ကျွန်မလည်းဖြေမယ် ကျွန်မရောပဲ " ဟု၀င်ပြောလာသည်။ 


ဟန်ချင်စုန့်က လင်းလန်ကိုကြည့်၍ ပြုံးလိုက်လေသည်။ " ဖြေကြည့်လေ "


လင်းလန်၏အဖြေများကလည်း အကုန်မှန်လေသည်။ 


ဟန်ချင်စုန့် : " အောင်သွားပြီ ပြီးမှပဲ မင်းလည်း မောင်းကြည့်ကြည့်ပေါ့ " ထို့နောက် တ၀မ်အား စိတ်မလှုပ်ရှားဘဲ ပုံမှန်အတိုင်းမောင်းရန် ပြောနေလေသည်။ 


အင်ဂျင်ကိုနှိုး၍ ခြေနင်းကိုနင်းကာ စတင်လိုက်သည်။ 


တ၀မ်က ကားမောင်းသည်ကို လက်သီးထိုးသလိုပင် လွယ်လွယ်လေးသင်သွားသည်။ ပါကင်ထိုးတာ ဂငယ်ကွေ့ကွေ့တာ အစရှိသည်များကိုလည်း လွယ်လွယ်လေး သင်သွားလေသည်။ 


ဒီပုံစံအတိုင်း ဆက်သွားပါက နေ့လယ်လောက်ဆို ကျွမ်းနေလောက်ပြီကို လင်းလန် သိလိုက်သည်။ 


တစ်နာရီကြာပြိိးနောက်တွင် လင်းလန် အလှည့်ရောက်လာသည်။ သူမကိုယ်သူမ ကောင်းကောင်းအရည်အချင်း ပြလို့ရပြီဟု ထင်ထားခဲ့သော်လည်း တကယ်တမ်းတွင် ထင်ထားသလို ဖြစ်မလာခဲ့ချေ ။ သူမ လိုင်စင်ဖြေစဥ်က အော်တိုဂီယာကိုသာ ကိုင်ခဲ့တာဖြစ်ပြီး ကလက်နင်းကာ ဂီယာထိုးခြင်းကိုမူ သေချာမလုပ်ခဲ့သဖြင့် သိပ်မမှတ်မိတော့ပါ ။ 


ယခုလို ဂျစ်ကားအကြီးကြီးသာဆိုပါက ...


လင်းလန် ဂီယာထိုးမည်အပြုတွင် ဟန်ချင်စုန့်က ဘေးသို့ကိုင်းလာပြီး ခါးပတ်ပတ်ပေးသည်။ 


လင်းလန် : " ကျွန်မ မေ့သွားလို့ " 


ဟန်ဆောင်နေဖို့ မလိုတော့သဖြင့် လင်းလန် စမောင်းလိုက်သည်။ 


နာရီ၀က်ခန့်ကြာပြီးနောက်တွင် အနောက်ခုံမှ တ၀မ်က ဤသို့တွေးနေလေ၏။ သူ့ကိုယ်သူ အတတ်မြန်သည်ဟု ထင်နေခဲ့သော်လည်း သူ့အမေက ပို၍ပင် အတတ်မြန်နေသေးပေသည်။ 


ခဏအကြာတွင် ဟန်ချင်စုန့်က နာရီကြည့်လိုက်သည်။ နှစ်နာရီနီးပါးကြာနေပြိိီဖြစ်၍ လက်ထောက်ညွှန်မှုးလီက ဂျစ်ကားကို သုံးဖို့စောင့်နေလောက်ပြိဖြစ်သည်။ 


ကားပေါ်မှဆင်းပြီးနောက်တွင် ဟန်ချင်စုန့်က တ၀မ်ကိုမှာနေသည်။ " ဒီရက်ပိုင်းမှာ တစ်နေ့ကိုတစ်နာရီလောက် အမောင်းကျင့်နေလိုက်  " တ၀မ်၏ အရှိန်အရဆို နှစ်ရက်သုံးရက်လောက်ဆို ကျင့်သားရသွားလောက်ပေသည်။ 


တ၀မ်က စိတ်ထဲတွင် ပျော်နေသော်လည်း အပြင်တွင်မူ အေးတိအေးစက်ဖြင့် " ဟုတ်ကဲ့ " ဟုပြန်ဖြေသည် ။


ထို့နောက် မိဘများကို နှုတ်ဆက်၍ တ၀မ် ကျောင်းသို့ပြန်လာလိုက်သည်။  လမ်းတွင် ဆေးလိပ်သောက်နေကြသော ကောင်းလင်းတို့တစ်စုနှင့် တွေ့လိုက်ရသော်လည်း လျစ်လျူရှုထားလိုက်သည်။ 


ကောင်းလင်းက သူ့ကို ပြုံးပြသည်။ " ဟန်၀မ်ကော မင်းလည်း အတန်းပြေးတာလား "


တ၀မ်က အတန်းထဲတွင် နောက်ဆုံးတန်း၌ထိုင်ကာ အိပ်နေတတ်သော်လည်း အတန်းပြေးခဲသည်။ 


သူ့ကို လျစ်လျူရှုထားသည်ကို တွေ့သည့်အခါ ကောင်းလင်းက ပြေးလာသည်။ " ဟန်၀မ်ကော ငါတို့က အငြှိုးလည်း မရှိကြဘူးလေ ပြေလည်ကြရအောင် "


တ၀မ် ပြန်လှည့်ကြည့်လိုက်သည်။ " အငြှိုးမရှိဘူးဆိုရင် ဘာလို့ ပြန်ပြေလည်ဖို့လိုဦးမှာလဲ "


ကောင်းလင်က ရယ်ကာ ခေါင်းညိတ်သည်။ " ဟုတ်တာပေါ့ နောက်ကြရင် ဘတ်စ်ကတ်ဘောအတူကစားကြရအောင် " 


တ၀မ် : " အခုတလော ငါ မအားဘူး " သူ ကားမောင်းသင်ရဦးမှာ ။


ကောင်းလင်းက စိတ်မဆိုးဘဲ ကျောင်းကိုအတူ ပြန်လိုက်လာသည်။ ထိုနှစ်ယောက်အတူတွဲလျှောက်လာသည်ကို မြင်သောအခါ အကုန်ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ လီချန်း နှင့် ကောင်းလင်းက တ၀မ်နှင့် လွန်ခဲ့သောတစ်နှစ်လောက်က ရန်ဖြစ်ခဲ့ဖူးသည်ကို ယခုတွင်မူ တ၀မ်နှင့်ကောင်းလင်းက အတူတွဲလာကြသဖြင့် အံ့သြနေကြသည်။ 


အခန်းတစ်ရှေ့သို့ရောက်သောအခါ ကောင်းလင်းက တ၀မ်ကိုပြုံးပြ၍ နှုတ်ဆက်ပြီး ထွက်သွားသည် ။


တ၀မ်က ဘာမှမပြောဘဲ အခန်းထဲကိုသာ ၀င်သွားသည်။


အား၀မ်နှင့် မိုင်ဆွေ့၏ စားပွဲဘေးသို့အရောက်တွင် ခဏရပ်သွားလေသည်။ 


အား၀မ် : " အစ်ကိုကြီးအတွက် နေ့လယ်တုန်းက သင်္ချာချိန်နဲ့ ရူပဗေဒချိန်ကို ခွင့်တိုင်ထားပေးတယ် "


တ၀မ်က ခေါင်းညိတ်ပြကာ " အင်း " ဟုဆိုလိုက်သည် ။


မိုင်ဆွေ့ : " အစ်ကိုကြီး နေမကောင်းရင် အိမ်ပြန်နားသင့်တယ် အစ်ကိုရှန်ယွီကလည်း အိမ်မှာလေ " 


ရှန်ယွီအား ညစာကျွေးရန် အား၀မ်က အိမ်သော့ယူ၍ အိမ်ကိုပြန်ပို့ထားခဲ့ပြီး အပျင်းပြေ စာအုပ်ဖတ်ခိုင်းထားခဲ့တာဖြစ်သည်။ 


တ၀မ်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်မေးသည်။ " နေမကောင်းတာလား "


မိုင်ဆွေ့က တခစ်ခစ်ရယ် ပြန်ဖြေသည်။ " လောင်ရှီးကို အစ်ကိုကြီးနေမကောင်းဘူးလို့ ပြောထားတယ် "


မြေခွေးတစ်ကောင်လို သန်မာလျက်ရှိသော တ၀မ်က ချက်ချင်းပင် ပြောင်းလဲသွားသည်။ " ဪ အဲ့လိုကြလည်း သိပ်နေမကောင်းသလိုပဲ အရင်ပြန်နှင့်တော့မယ် " ဟုဆိုကာ လွယ်အိတ်ကိုသိမ်းနေလေ၏။ 


တ၀မ်၏အရှေ့တန်းမှ ကောင်မလေးက သတ္တိမွေးကာ ရှက်ရှက်ဖြင့် လှည့်မေးသည်။ " ဟန်၀မ်ကော ဘယ်လိုနေမကောင်းဖြစ်နေတာလဲ " 


တ၀မ်က လွယ်အိတ်ထဲ ပစ္စည်းတွေထည့်နေရင်း နားကိုထိုးပြကာ " မင်းပြောတာ မကြားရဘူး " ဟုပြန်ဖြေပြီး အေးအေးဆေးဆေး ထွက်သွားလေသည်။ 


ထိုကောင်မလေးက စိတ်မကောင်းဖြစ်သွားသည်။ " ဟန်၀မ်ကောက နားမကြားရဘူးလား သေချာမကြားရတော့ စာလုပ်ရတာ အခက်အခဲဖြစ်ရှာမှာပဲနော် "


ထိုင်ခုံဖော် : ... ဒါကြောင့် အတန်းဖော်တွေကို လျစ်လျူရှုနေတာလား 


ဆောင်းရာသီ၌ နေ့တာတိုသဖြင့် ရာသီဥတုဆိုးပါက ငါးနာရီမထိုးခင်မှာပင် မှောင်သွားတတ်သည်။ 


လင်းလန် ကျန်းချွင်ရှားထံမှ ဖတ်ဖို့စာအုပ်များ ငှားလာသည်။ ဟန်ချင်စုန့်က သူမအား ကားမောင်းသင်ပေးပြီးနောက်တွင် လျိုကျန်းယွင်နှင့် အလုပ်လုပ်ရန် ထွက်သွားသည်။ သို့ဖြစ်၍ သူမလည်း ကိုယ့်ဘာသာပဲ ပြန်လာလိုက်သည်။ 


Xxxxx

Part 886


ကလေးများက အိမ်ပြန်ရောက်နေကြပြိိီဖြစ်သည်။ ရှန်ယွီလည်းရောက်နေသဖြင့် အတော်သိုက်သိုက်၀န်း၀န်း ဖြစ်နေသည်။ သူမ ခြံတံခါးသို့ရောက်သွားသည်နှင့် စန်း၀မ်၏ရယ်မောနေသံများကို ကြားလိုက်ရသည်။ 


မိုင်ဆွေ့နှင့်အား၀မ်က ချက်ပြုတ်နေကြပြီး တ၀မ်နှင့် ရှန်ယွီက ရေဆွဲနေကြသည်။ ခြံ၀င်းထဲ၌ ရေတွင်းရှိသော်လည်း တုန်ကင်မရှိသဖြင့် ကြိုးဖြင့်ဆွဲ၍သာ ခပ်လို့ရသည်။ 


လင်းလန် ပြန်လာသည်ကို တွေ့သောအခါ ရှောင်၀မ်နှင့် စန်း၀မ်က လာပြေးဖက်ကြသည်။ ရှန်ယွီကလည်း လာနှုတ်ဆက်သည်။ 


လင်းလန် ပြန်ပြုံးပြပြီး မေးလိုက်သည်။ " အထည်စက်ရုံကို သွားသေးတယ်ဆို အခြေအနေ ဘယ်လိုလဲ "


ရှန်ယွီ : " စာမေးပွဲအကြောင်း သွားမေးကြည့်တာ ခက်တော့မခက်ပါဘူး"


" လွယ်လည်းမလွယ်လောက်ဘူး " လင်းလန်က ပြောသည်။ 


" မနက်ဖြန်မှ သေချာမေးကြည့်ပေးဦးမယ် "


ရှန်ယွီက အမြန်ငြင်းသည်။ 


" ခေါင်းဆောင်လင်း မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်တော်က စမ်းကြည့်ရုံပါ အောင်အောင် မအောင်အောင် ဘာမှမဖြစ်ပါဘူး "


" ကိစ္စမရှိပါဘူး တစ်ချက်လောက် ကြည့်ပေးရတာပဲဟာ " 


ရှန်ယွီ နားမလည်ဖြစ်နေသော ကိစ္စများရှိနေသည်ကို လင်းလန် မြင်နေရသည်။ သူက ထုတ်မပြချင်ရုံသာဖြစ်သည် ။


ညစာအတွက် အား၀မ်က ပဲခေါက်ဆွဲ ၊ ပေါက်စီ ၊ ကန်စွန်းဥ ၊ ၀က်ပေါင်ခြောက်ကြော် ၊ သခွားသီးဟင်းအပြင် ကြက်ဥနှင့်ပုစွန်ကို ဂေါ်ဖီနှင့် ရောကြော်ထားလေသည်။ ဆောင်းရာသီ၌ ဂေါ်ဖီထုပ်များက အလွန်ချိုပြီး ၀က်ပေါင်ခြောက်ကိုလည်း လင်းလန်နှင့် အား၀မ်ကိုယ်တိုင် လုပ်ထားတာဖြစ်၍ မငံပေ ။


ဟန်ချင်စုန့်က ပြန်မလာသေးသဖြင့် ခွဲထားလိုက်ပြီး သူမတို့က အရင်စားထားလိုက်သည်။ 


စားနေစဥ်တွင် ရှန်ယွီက လင်းလန်ကိုပြောသည်။ 


" ခေါင်းဆောင် ဓာတုစက်ရုံက အခု ကုန်ပစ္စည်းအသစ် ထုတ်လို့ရနေပြီဆိုပေမယ့်လည်း ကျွန်တော် ဘာမှထူးထူးခြားခြား မလုပ်နိုင်သေးဘူး ရှုတုန်းရှင်းတို့တော့ ကိုင်တွယ်နိုင်မှာပါနော် "


 ရှန်ယွီက အထည်စက်ရုံ၌ အလုပ်လုပ်ချင်စိတ် ပိုသာနေသည်ကို လင်းလန် သတိထားလိုက်မိသည်။


ထိုသည်က ရှန်ယွီ၏ ကံကြမ္မာပင်ဖြစ်သည်။ ယခင်ဘ၀တုန်းက ရှန်ယွီနှင့်ယန်ယန်က အတူအလုပ်ရသွားခဲ့တာဖြစ်သည်။ ထို့နောက် ရှန်ယွီက ကောလိပ်၀င်ခွင့် စာမေးပွဲဖြေပြီး တက္ကသိုလ်တက်ကာ ဘွဲ့ရပြီးနောက်တွင် မြို့တော်၌မနေဘဲ အထည်စက်ရုံကို ပြန်လာပြိိး ကေဒါလုပ်ခဲ့လေသည်။ ထို့နောက် ယန်ယန်နှင့်တွဲကာ အထည်စက်ရုံအား နောက်တစ်ဆင့်သို့ရောက်အောင် ဖန်တီးခဲ့ကြပြီး အဆုံးတွင် တရုတ်ပြည်၏ စွန့်ဦးတီထွင်သူများဖြစ်လာကြကာ ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်သည့်စက်ရုံအထိ ဖြစ်လာခဲ့လေသည်။


ရှန်ယွီ၏ဘ၀လမ်းကြောင်းဖြစ်သဖြင့် လင်းလန် ၀င်စွက်ဖက်လိုစိတ် မရှိပါ ။ သူမ ဘာတွေပဲလုပ်လုပ် မူလဇာတ်လိုက်နှစ်ယောက်၏ ဇာတ်ကြောင်းက ပြောင်းလဲသွားမည် မဟုတ်ချေ ။


ရှန်ယွီက စိုးရိမ်နေသည်ဟုထင်၍ လင်းလန် နှစ်သိမ့်ပေးလိုက်သည်။


 " ဓာတုစက်ရုံက အခု အကန့်အသတ်နဲ့ပဲ ဖြစ်နေမှာလေ နောက်ကြမှ ပေါ်လစီတွေ လျော့သွားတော့မှ အခွင့်အရေး ထပ်ရလာမှာပါ လောမနေပါနဲ့ "


နည်းပညာဆိုသည်မျိုးက တစ်ယောက်မဟုတ် တစ်ယောက် တီထွင်လာကြမှာပဲဖြစ်၍ သိပ်အရေးမကြီးပါ ။


ရွာထဲမှအတင်းအဖျင်းများကြောင့် ရှန်ယွီက ယခုလိုဖြစ်နေတာဟု လင်းလန် အတပ်ပြောနိုင်သည်။ ရှန်ယွီကိုလည်း ကိုယ့်ကလေးတစ်ယောက်လိုပင် သဘောထားသဖြင့် လင်းလန်ကတော့ ဘာပဲလုပ်လုပ် ထောက်ခံပေးမှာဖြစ်သည်။


လင်းလန်က ထောက်ခံသဖြင့် ရှန်ယွီလည်း ရင်ထဲမှ သောကများကို လွှတ်ချလိုက်တော့သည်။ လင်းလန် လုပ်နေသည့် ငလျင်ဒေတာများအကြောင်းကိုပင် ပျော်ပျော်ရွှင်ရွှင် ပြောပြလာသေးသည်။ 


" ခရိုင်က ငလျင်ရုံးမှာ ပိုတိကျတဲ့ ကိရိယာတွေနဲ့ အချက်အလက်တွေ ရှိလောက်တယ် အဲ့မှာ သွားမေးကြည့်ပါလား ခေါင်းဆောင်လင်း "


လင်းလန် : " ငါလည်း အဲ့လိုထင်တယ် ဒါပေမယ့် မလုပ်ခင် နားလည်အောင် အရင်လေ့လာရဦးမယ်လေ "


ရှန်ယွီ လင်းလန်၏ အလုပ်ကြိုးစားမှုအား အထင်ကြီးမိသည်။ 


ညစာစားပြီးနောက်တွင် လင်းလန်က သူမဖတ်စရာရှိသည်များကို ဆက်ဖတ်နေသည်။ 


မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှန်ယွီက အင်္ဂလိပ်စာလေ့ကျင့်နေကြသည်။ ထိုမောင်နှမနှစ်ယောက်က အင်္ဂလိပ်စာလုပ်ပြီးမှ အိမ်စာများကို လုပ်သည့်အကျင့် ဖြစ်နေလေပြီ ။


တ၀မ်က ထိုထဲတွင် လုံး၀ ၀င်မပါပေ ။ စာအရမ်း မကြိုးစားသော်လည်း အဆင့်များက အဆိုးထဲတွင်တော့ မပါချေ ။ ဉာဏ်ကောင်းပြီး ဖြတ်ထိုးဉာဏ်လည်း ရှိသဖြင့် ဆရာကြီးပင် ဖြစ်ချေသည်။ ယခုတွင် ခြံထဲ၌ ဓားပေါက်ကျင့်နေလေသည်။ ခြံထဲ၌ မီးလုံးမရှိဘဲ လရောင်ကြယ်ရောင်များသာရှိပြီး ဓားမှနေ အလင်းပြန်နေသည်က ကြယ်လေးများ တစ်လက်လက်တောက်နေသလိုပင် ။


စန်း၀မ်နှင့်ရှောင်၀မ်က အိမ်ထဲတွင် ဆော့နေကြသည်။ ရံဖန်ရံခါလည်း အင်္ဂလိပ်လို ညှက်၍ပြောနေကြသေးသည်။ 


အင်္ဂလိပ်စာလုပ်ပြီးနောက်တွင် မိုင်ဆွေ့က စာအုပ်အချို့ကို ထုပ်ပိုးပေးသည်။


 " အစ်ကိုကြီးရှန်ယွီ ဒါတွေကို ယန်ယန့်ကို ပေးပေးပါလား သူ့အတွက် အဆင်ပြေလောက်တယ် "


အထည်စက်ရုံအကြောင်းကို နားမလည်သော်လည်း မိုင်ဆွေ့က လိုမည်ထင်သည့်စာအုပ်များကို ထုတ်ထားတာဖြစ်သည်။


ရှန်ယွီက ယူပြီး သူ့အိတ်ထဲကို ထည့်လိုက်လေသည်။ 


မိုင်ဆွေ့နှင့် အား၀မ်က အိမ်စာလုပ်နေစဥ်တွင်  ရှန်ယွီက ထိုနှစ်ယောက်ရေးထားသည့် စာစီစာကုံးများကို ဖတ်နေလေ၏။ သူတို့က တကယ် အရေးအသားကောင်းသည်ကိုမူ ရှန်ယွီ ၀န်ခံရပေမည် ။ ရှောင်၀မ်က စန်း၀မ်နှင့်ဆော့နေပြီး စာလုပ်မည့်ပုံမရှိသဖြင့် လှမ်းမေးလိုက်သည်။ " ရှောင်၀မ်ရော အိမ်စာလုပ်ပြီးပြီလား "


ရှောင်၀မ် : " သားက ကျောင်းမှာတည်းက ပြီးသွားတာ " 


ရှန်ယွီ : " ဒါဆိုရင် ပြကြည့် စစ်ပေးမယ်"


ရှောင်၀မ်က လွယ်အိတ်ထဲမှ စာအုပ်ထုတ်ပေးသည်။ 


ရှန်ယွီ ယူကြည့်ပြီးနောက်တွင် မျက်နှာပျက်သွားမိသည်။ ဒီကလေးက ဘယ်တုန်းက ဒီလောက်ထိ ကပြက်ကချော် ဖြစ်သွားတာတုန်း ။ ငယ်ငယ်တုန်းက ဒီလို မဟုတ်ပါဘူး ။


ရှန်ယွီက မျက်မှောင်ကြုတ်နေသည်ကို မြင်သည့်အခါ မိုင်ဆွေ့က ပြုံးကာလှမ်းမေးသည်။


 " အစ်ကိုကြီးရှန်ယွီ ဘာဖြစ်လို့လဲ "


ရှန်ယွီ ရှောင်၀မ်၏အိမ်စာကို ပြလိုက်သည်။ 


မိုင်ဆွေ့လည်း ကြည့်ပြီးနောက်တွင် မနေနိုင်ဘဲ မေးတော့သည်  ။  " ရှောင်၀မ် ဒီရက်ပိုင်း ဘယ်လိုတွေဖြစ်နေတာလဲ "


ယခင်က ရှောင်၀မ်၏အိမ်စာကို မိုင်ဆွေ့နှင့်အား၀မ်က စစ်ပေးနေကြဖြစ်သည်။ ပုံမှန်လုပ်နေသဖြင့် ငါးတန်းလည်းရောက်နေသောကြောင့် မစစ်ပေးတော့တာဖြစ်သည်။ 


သို့သော်လည်း ရက်ပိုင်းလေးအတွင်းမှာကို ဘယ်လိုဖြစ်ပြီး ဒီလောက်ဆိုး၀ါးသွားရတာလဲ ။ သင်္ချာပုစ္ဆာတွေဆို အမှားတွေချည်းပဲ ပြီးတော့ ပီပီသသလည်း ရေးမထားပေ ။


ရှောင်၀မ်က သူ မှားနေသည်ဟု မထင်သေး ။


 " မမ ဘာဖြစ်လို့လဲ သားက အနုပညာကျောင်းတက်မှာပဲဟာ သင်္ချာက မလိုဘူးလေ  "


စန်း၀မ်က ဘေးတွင် ရယ်နေလေ၏။ 


မိုင်ဆွေ့ : " ....... " ရူပဗေဒပုစ္ဆာတွက်နေသော အား၀မ်ကို သူမ လှည့်ပြောလိုက်သည်။


 " စန်း၀မ်ရဲ့လက်ချက်ပဲ  သေချာတယ် "


စန်း၀မ် : " ဘာလို့ သားပဲလဲ သားက သင်ယူရတာကြိုက်တဲ့သူပါ "


မိုင်ဆွေ့ : " နင် မြန်မြန် ၀န်မခံသေးဘူးလား "


စန်း၀မ်က အရှက်မရှိ ပြန်ဖြေသည် ။


 " ဘာပဲဖြစ်ဖြစ် သင်္ချာက လက်တွေ့မှာ အသုံးမှမ၀င်တဲ့ဟာ "


မိုင်ဆွေ့ ၊ အား၀မ်နှင့် ရှောင်ယွီမှာ ထိုစကားကြောင့် ပြန်မပြောနိုင်ဖြစ်သွားကြသည်။ 


မိုင်ဆွေ့  : " အစ်ကိုကြီးရေ ... "


အဖေက သူတို့ စာလုပ်လုပ် မလုပ်လုပ် စိတ်မ၀င်စားဘဲ ကျောင်းကိုသာ မှန်မှန် သွားခိုင်းတာဖြစ်သည်။ လင်းလန်က သူမဘာသာ အလုပ်ရှုပ်နေသဖြင့် တ၀မ်ကိုသာ လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။


Xxx