အပိုင်း ၇၅၅-၇၅၆
Viewers 40k

Part 755


လူတစ်ချို့က သူ့ကိုတားကာ တစ်ချို့က လင်းလန်ကိုကာပေးလိုက်ကြ၏။ ထို့ကြောင့် ကန်ချက်က မပြင်းထန်သော်ငြား ကြီးမားသောအနက်ရောင် ခြေထောက်ရာကြီးသည် လင်းလန်၏‌အရောင်နုနုအဝတ်စားပေါ်တွင် ထင်ရှားစွာကျန်နေခဲ့ပေသည်။


“ ချောင်ကွမ်းရုန် နင်အရမ်းလွန်သွားပြီ၊ မိန်းမတစ်ယောက်ကို ဘယ်လိုရိုက်နိုင်ရတာလဲ ”


လုပ်ဖော်ကိုင်ဖက်နှစ်ယောက်က ချောင်ကွမ်းရုန်ကို အဝေးသို့ဆွဲခေါ်သွားလိုက်သည်။


“ လင်းလန် နင်လွန်သွားပြီနော်၊ ကွန်မြူနတီကို နင်ရိုင်းချင်တိုင်း ရိုင်းလို့ရတဲ့နေရာများ ထင်နေတာလား ”


ယွီရှင်းက အထက်လူကြီးလိုဟန်ပန်ဖြင့် ပြောလိုက်သည်။


လင်းလန်က ဒေါသအရမ်းဖြစ်ကာ တုတ်ကိုပြန်ဆွဲယူလိုက်ပြီး ယွီရှင်းကိုရိုက်ရန်သွားလိုက်သည်။


“ နင့်ကိစ္စကိုပဲ နင်လုပ်လေ ”


ယွီရှင်းက လင်းလန်၏ဟာသများကို ကြည့်ရန် တမင်သက်သက်ရောက်လာခြင်းဖြစ်သည်။ သူမက တစ်ဖက်လှည့်ပြေးရန် ပြင်ထားပြီးသားဖြစ်ကာ ညွှန်မှူးရုံးဆီပြေးသွားလိုက်သည်။


“ ညွှန်မှူးရေ အံ့ဩစရာဘဲ၊ လင်းလန်က ရူးသွားပြီး လူသတ်ဖို့လုပ်နေတယ် ”


ညွှန်မှူးယန်က ထခုန်လိုက်မိသည်။


“ သူပဲလား ” 


လင်းလန်က ဒေါသတကြီးဖြင့်လျှောက်လာသည်ကို ပြတင်းပေါက်မှာ မြင်လိုက်ရသောအခါ သူ့အမူအရာပြောင်းသွား၏။


“ မြန်မြန် တံခါးပိတ်လိုက် ”


လင်းလန်က ‌တံခါးရှေ့တွင် ရပ်လိုက်သည်။ သေချာပေါက်ပင် သူမကိုသူမစိတ်အလိုလိုက်ပြီး ညွှန်မှူးရုံးခန်းထဲဝင်သွားလို့ မရပေ။ လင်းလန်က တံခါးခေါက်လိုက်သည်။


လက်ထောက်ညွှန်မှူးယန်၏ အသံက အနည်းငယ် မတည်မငြိမ်ဖြစ်နေ၏။


“ ဘယ်သူလဲ ”


လင်းလန် :“ သတင်းပြန်ကြားရေးဌာနက လင်းလန်၊ ညွှန်မှူးနဲ့စကားပြောဖို့ ရောက်လာတာပါ ”


ညွှန်မှူးယန်သည် သူမကလက်ထောက်ညွန်မှူးယန်ဟု ထပ်ခေါ်လာသည်ကို ကြားလိုက်ရသောအခါ ကျယ်လောင်စွာပြန်ပြောလိုက်၏။


“ ငါအလုပ်များနေတယ် ”


လင်းလန်က နှာခေါင်းရှုံ့လိုက်သည်။


“ လက်ထောက်ညွှန်မှူး ရှင်နဲ့ယွီရှင်းတို့က နေ့ခင်းဘက်ကြီးမှာ အခန်းထဲရှိနေကြတာ။ တံခါးပိတ်ပြီး ရှင်တို့ဘာလုပ်နေကြတာလဲ ”


လက်ထောက်ညွှန်မှူးယန်က ကြောက်လွန်းလို့ ယွီရှင်းကို တံခါးအမြန်သွားဖွင့်ပေးရန် အမူအရာပြလိုက်သည်။


ယွီရှင်းက ဘယ်လိုလုပ်ပြီး သွားဖွင့်ရဲမှာလဲ။ လင်းလန်က စိတ်လိုလက်ရအတိုင်း လုပ်လိုက်မှာ ကြောက်မိပေသည်။ ‘ သူမက အခုပဲ ရန်စခဲ့မိတာလေ ’


နောက်ဆုံးတွင် ညွှန်မှူးယန်က ပြတင်းပေါက်မှတစ်ဆင့် ဝန်ကြီးကျွမ်းနှင့် ပြည်သူ့လုံခြုံရေးဗျူရိုကို ခေါ်လိုက်ရသည်။ 


ဝန်ကြီးကျွမ်းက တစ်ချိန်လုံး မကြားချင်ယောင်ဆောင်နေခြင်းဖြစ်၏။ ဟန်ချင်စုန့်ကမူ အလုပ်ကိစ္စနှင့် အပြင်ရောက်နေကာ စခန်းတွင်မရှိပေ။ အခုတလောကာလအတွင်း၌ ရဲစခန်းများသည် အလွန်အလုပ်များနေခဲ့၏။


မကြာခင်တွင် ရုံး၌ကျန်နေခဲ့သော စွန်းကျောက်ဝမ်က ဖြေးဖြေးချင်းလျှောက် လာ၏။ 

သူကအခုလေးတင် အပြင်မှပြန်ရောက်လာခြင်းဖြစ်ကာ ခေါင်းဆောင်၏ဇနီးက ချောင်ကွမ်းရုန်နှင့် ရန်ဖြစ်နေသည်ကိုကြားလိုက်ရလေသည်။ သူလိုက်မေးကြည့်လိုက်ကာ လင်းလန်ကယွီရှင်းကို လိုက်ရိုက်နေသည်ဟု ဆိုသောကြောင့် ပုန်းနေခြင်းဖြစ်သည်။ 


ကံမကောင်းသည်မှာ ညွှန်မှူးက ပြည်သူ့လုံခြုံရေးဗျူရိုမှသူများကို အဆက်မပြတ်‌လှမ်းခေါ်နေပေသည်။ ထို့ကြောင့် သူက နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ဖြေးဖြေးချင်း လျှောက်လာလိုက်သည်။


လက်ထောက်ညွှန်မှူးယန် :“ ညွှန်မှူးဟန်က ဘယ်မှာလဲ ”


စွန်းကျောက်ဝမ် :“ အလုပ်ကိစ္စနဲ့ အပြင်သွားတယ်၊ တပ်မဟာအဖွဲ့ဝင်တစ်ယောက်ရဲ့ နွားသေသွားတာ အဲ့ဒါကို အသတ်ခံရတာလို့ သူတို့ကတိုင်ကြားလာလို့။ ခေါင်းဆောင်နှစ်ယောက်လည်း မရှိနေဘူး၊ လူအင်အားလည်း မရှိတာကြောင့် ညွှန်မှူးဟန်က သူကိုယ်တိုင်...”


“ အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့ မြန်မြန်လာခဲ့ ”


စွန်းကျောက်ဝမ်က တံခါးနားကိုလျှောက်လာရာ ဘာကိုမှမသိချင်ယောင်ဆောင်နေသော လင်းလန်ကို တွေ့လိုက်ရ၏။


“ မရီး.....”


လင်းလန် :“ မင်္ဂလာပါ၊ လက်ထောက်ဗျူရိုမှူးစွန်း အရာရှိလင်းလို့ဘဲ ခေါ်ပါ ”


‘ ရှင်ကကျွန်မထက် အသက်ကြီးတယ်၊ ပြီးတော့ မရီးလို့ခေါ်ဖို့ ကျွန်မခွင့်မပြုထားဘူး။ ဒါအပြင့် ကျွန်မကရှင်နဲ့လည်း သိပ်မရင်းနှီးဘူးလေ ’


စွန်းကျောက်ဝမ်က ဟန်ချင်းယွမ်နှင့် လော့ဟိုင်ချိန်‌တို့လို ရောယောင်ကာ မြှောက်ပင့်ပြောသော်လည်း သူမကလိုက်မလျောသည်ကို မြင်သောအခါ ချက်ချင်းပင် သူ့အမူအရာကိုပြင်လိုက်သည်။ သူကလိုက်လျောညီထွေအောင် အနေနိုင်ဆုံးဖြစ်သည်။


“ အရာရှိလင်း ဘာဖြစ်တာလဲ ”


လင်းလန် :“ လက်ထောက်ဗျူရိုမှူးစွန်း ချောင်ကွမ်းရုန်က ကျွန်မရဲ့စာမူကြမ်းကို ခိုးကူးပြီး သူ့ဟာလို့ပြောနေတယ်လို့ တိုင်ချင်ပါတယ်။ ပြီးတော့ သူက လက်ထောက်ညွှန်မှူးကိုလည်း လှည့်စားခဲ့သေးတယ် ”


လက်ထောက်ညွှန်မှူးယန်က နောက်ခံတစ်ခုရှိသည်ကို သူမ သိ၏။ သူမအနေဖြင့် သူ အမှားကြီးကြီးမလုပ်သရွေ့‌ သူ့‌ကိုမောင်းထုတ်နိုင်မှာမဟုတ်ပေ။ ထို့ကြောင့် သူမက လက်ထောက်ညွှန်မှူးယန်ကို မရှုပ်ချင်ပေ။ ဒီအတိုင်း သူက ၎င်းကိုသူမစာမူကြမ်းဟု မသိသည်ဟုသာ ဟန်ဆောင်ခိုင်းထားလိုက်မည်။


စွန်းကျောက်ဝမ် ခေါင်းကုတ်လိုက်မိသည်။


“ ကောင်းပါပြီ၊ ညွှန်မှူးဟန်ပြန်လာမှ ဖြေရှင်းကြတာပေါ့ ”


ဤအချိန်တွင် ယွီရှင်းက တံခါးဖွင့်ကာ လင်းလန်ကို အေးစက်စွာစိုက်ကြည့်လိုက်သည်။


“ စွန်းကျောက်ဝမ် ကျွန်မတို့လည်း အမှုတိုင်ချင်တယ်၊ လင်းလန်က သူ့ရဲဘော်တွေနဲ့ ရန်ဖြစ်တယ်၊ ကျွန်မသူ့ကိုသွားတားတော့ ကျွန်မကိုလည်း ရိုက်ချင်နေတယ် ”


ချောင်ကွမ်းရုန်ကလည်း ပြေးလာကာ နီရဲနေသော သူ့လက်မောင်း၊လည်ပင်းနှင့် ပုခုံးကို ညွှန်ပြလိုက်သည်။


“ ကြည့်၊ ကြည့်၊ ဒါတွေအားလုံး ကြည့်လိုက်ဦး၊ ဘယ်လိုတောင် ဆိုးသွမ်းတဲ့ မိန်းမလဲ ”


စွန်းကျောက်ဝမ်က အရင်ဆုံး လင်းလန်ခါးပေါ်က ခြေရာကြီးကို မြင်လိုက်၏။ 


‘ ဘုရားရေ၊ ဒီလိုခြေရာမျိုးကျန်အောင်ဆိုရင် ဘယ်လောက်တောင် ပြင်းပြင်းကန်ခဲ့တာလဲ။ အရာရှိလင်းခါးက မဲပြာနေပြီလား။ ခေါင်းဆောင်ဟန်ကသာ ပြန်လာပြီး ဒါကိုမြင်သွားရင်....’ စွန်းကျောက်ဝမ်က မတတ်နိုင်ဘဲ တုန်ယင်သွားလေသည်။


သူကချက်ချင်းပင် တစ်ဖက်လှည့်လိုက်သည်။

“ အရာရှိချောင် ခင်ဗျားက ယောက်ျားတစ်ယောက်လေ၊ ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်ကို ကန်ရတာလဲ ”


ချောင်ကွမ်းရုန်က အမောဆို့သလိုဖြစ်သွား၏။

“ သူ၊ သူ့ဘက်ကအရင်ရိုက်လာတာလေ ”


စွန်းကျောက်ဝမ်က ချောင်ကွမ်းရုန်၏မကျေနပ်ချက်ကို လျစ်လျူရှုလိုက်သည်။


“ ကြည့်လိုက်၊ မင်းကအရာရှိလင်းကိုကန်ခဲ့တာ မင်းရဲ့နှလုံးသားက ဘာလို့ ဒီလောက်တောင်မဲနက်နေရတာလဲ ”


မင်းတော့သွားပြီပဲ။။


ချောင်ကွမ်းရုန်က သူလျစ်လျူရှုခံလိုက်ရသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြစ်သွား၏။


“ ခင်ဗျားလူစကားကို နားမလည်ဘူးလား၊ သူ့ဘက်ကအရင်ရိုက်တာလို့ ”


သူတကယ်ကို သွေးအန်မိတော့မည်။


လင်းလန် :“ လိပ်ပြာမလုံသလို ဖြစ်မနေပါနဲ့၊ ကွန်မြူနတီနဲ့အေဂျင်စီတွေထဲမှာ အသံကျယ်ကျယ်ပြောခွင့်မပြုဘူး။ ပြင်းထန်တာမျိုးမဟုတ်ဘူး၊ တည်တည်ကြည်ကြည်နေစမ်းပါ ”


ဤအချိန်တွင် လက်ထောက်ညွှန်မှူးယန်နှင့် ယွီရှင်းတို့က သူမကိုအလွန်ဒေါသထွက်လာကြ၏။ 

‘ နင်လူတွေကို လိုက်ရိုက်နေတုန်းကကျ ဘာမှမပြောခဲ့ပါဘူး ’


လူတစ်စုက အစည်းအဝေးခန်းထဲ ဝင်လာကြရာစွန်းကျောက်ဝမ်က ငြင်းခုန်မှုကို ငြိမ်သက်စေလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချောင်ကွမ်းရုန်က ဆောင်းပါးကို လင်းလန်ဆီမှကူးယူးထားသည်ကို သိလိုက်၏။


Xxxxx

Part 756


စွန်းကျောက်ဝမ်က ဖြစ်ခဲ့သမျှကို ရှင်းလင်းစွာချရေးထားလိုက်သည်။


“ အရာရှိချောင် မင်းက အစစ်အမှန်မဟုတ်ဘူးဘဲ ”


ချောင်ကွမ်းရုန် :“ ဒါတွေအားလုံးက တူညီတဲ့ကွန်မြူနတီတစ်ခုတည်းနဲ့ သက်ဆိုင်တာလေ။ အားလုံးက ရဲဘော်ရဲဘက်တွေဘဲ။ ဒါကိုခိုးကူးတယ်လို့ ခေါ်လို့ရလို့လား ဒါကိုအချင်းချင်းကူညီတယ်လို့ခေါ်တယ်၊ ဒါကိုကျွန်တော်ကိုယ်တိုင်တစ်လုံးချင်း‌ဆီ ရေးချထားတာ သူ့ဟာကိုယူထားတာမဟုတ်ဘူး  ”


စွန်းကျောက်ဝမ်က သူ၏ငြင်းခုန်မှုကြောင့် ဆွံ့အသွားရသည်။ ‘မင်းကိုယ်တိုင်တစ်လုံးချင်းကူးရေးထားပြီးတော့မှ မင်းဟာလို့ယူဆနေတာလား ’


' ကောင်းပြီလေ မင်းမှာက ညွှန်မှူးနောက်ခံရှိတာဆိုတော့ ငါမဖြေရှင်းနိုင်ဘူး ညွှန်မှူးဟန်ပြန်လာဖို့ကိုဘဲ စောင့်နေလိုက်တော့ '


လက်ထောက်ညွှန်မှူးယန် :“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကိုပြောပြလို့ရပါတယ်၊ လူတစ်ယောက်ရဲ့စာမူကြမ်းကို တစ်ရုံးလုံးက အသုံးပြုသင့်တယ်။ ရဲဘော်ချောင်က ရေးဖို့ငါ့ကိုကူပေးခဲ့တာ၊ ငါကလည်းခိုးကူးတယ်လို့ ပြောချင်နေတာလား ”


သူသည်လည်း ချောင်ကွမ်းရုန်၏စာမူက လင်းလန်ကိုကူးယူထားခြင်းဖြစ်သည်ကို သိပေသည်။ ၎င်းကပြသနာကြီးဟု သူ မထင်ပေ။


ချောင်ကွမ်းရုန်က ချက်ချင်းပင် ခေါင်းမော့လိုက်သည်။ သူ့အမြင်တွင် အစကတည်းက လင်းလန်သည် သူ့အတွက်ရေးပေးသင့်သည်ဟု ထင်ပေသည်။  လင်းလန်ကသာ ဘယ်လိုလုပ်ဆောင်ရမလဲ မသိတာဖြစ်သည်။


ဝန်ကြီးကျွမ်း :“ ညွှန်မှူး ကျွန်တော်ကဝန်ကြီးပါ၊ လင်းလန် ကျွန်တော့်ကိုရေးပေးတာ အဆင်ပြေပေမယ့် ချောင်ကွမ်းရုန်က ခေါင်းဆောင်မဟုတ်ဘူးလေ၊ လင်းလန်ကလည်း သူ့အတွင်းရေးမှူးမဟုတ်ဘူး။ ဒါကမသင့်တော်ပါဘူး ”


ဤအရာက ညွှန်မှူးယန်ကို ဆန့်ကျင်ရာရောက်နိုင်သော်လည်း ဝန်ကြီးကျွမ်းက သည်းမခံနိုင်တော့ပေ။ ဘယ်လိုဘဲဖြစ်ပါစေ ဟန်ချင်စုန့်က သတင်းပြန်ကြားရေးဌာနတွင် လျှပ်စစ်မီးရရန် ကူညီပေးထားပေသည်။


အရေးကြီးဆုံးအရာမှာ ညွှန်မှူးကိုယ်တိုင်က ဤစာမူကို တရားဝင်အလုပ်သမားဖြစ်လာရန် ခရက်ဒစ်အမှတ်ထဲတွင် ထည့်တွက်မည်ဟု ပြောထားခြင်းဖြစ်သည်။ ဘာလို့ လင်းလန်က ဂရုမစိုက်ဘဲ နေနိုင်မှာလဲ။


အခြားသူများကလည်း သဘောတူစွာခေါင်းညိတ်ပြလာကြ၏။


အခြားသူများက သူ့ဘက်တွင်မရှိသည်ကို မြင်လိုက်ရသောအခါ ချောင်ကွမ်းရုန်က အလွန်ဒေါသထွက်သွား၏။ ဝန်ကြီးကျွမ်းက အခြားသူများအား သူ့ကိုဖယ်ထုတ်ရန် ဦးဆောင်ကာ စည်းလုံးရန်မလုပ်ဘူးဟု သူပြောလိုက်သည်။


စွန်းကျောက်ဝမ် :“ ဒီကိစ္စမှာ တကယ်လို့ တစ်ရုံးထဲမှာ မျှဝေရင်တောင်မှ ခေါင်းဆောင်က လက်အောက်ခံအလုပ်သမားရဲ့ စာမူကြမ်းကိုအသုံးပြုရင် အဆုံးမှာလက်မှတ်တစ်ခုထားပေးရတယ်။ အရာရှိချောင်က သူ့အမည်ကိုဘဲရေးထားပြီး အရာရှိလင်းအမည်ကို ထည့်မရေးထားဘူး ဒါကကိစ္စကြီးဘဲ မဟုတ်ဘူးလား ”


ချောင်ကွမ်းရုန်က ဒေါသတကြီးပြောလိုက်သည်။

“ ဒါဆို သူ့နာမည်ကို ရေးပေးရမှာလား ”


လင်းလန်က အေးစက်စွာပြောလိုက်သည်။

“ တကယ်လို့ နင်အဲ့ဒီလိုလုပ်ချင်ရင် ရေးလိုက်လေ၊ နင်ကော်ပီတစ်ခုရေးပြီးတော့ ငါ့နာမည်ကိုလက်မှတ်ထိုးလိုက်မယ်။ ဒီလိုဆိုရင်တော့ ငါက တစ်ရုံးတည်းက ရဲဘော်အချင်းချင်းဖြစ်တာကြောင့် ရင်ထဲထိသွားမှာပါ ”


ချောင်ကွမ်းရုန်မျက်နှာက မည်းမှောင်သွား၏။

‘ ငါကိုယ်တိုင်သာရေးနိုင်ရင် မင်းဟာကို ကူးဖို့လိုဦးမှာလား '


အဆုံးတွင် လက်ထောက်ညွှန်မှူးယန်က နှစ်ဦးနှစ်ဖက်ပြန်လည်သင့်မြတ်အောင် ဖိအားပေးလိုက်သည်။


“ ဒီလိုဘဲလုပ်လိုက် နှစ်ယောက်အတူတူလက်မှတ်ထိုးပြီးတော့ ခရက်ဒစ်အမှတ်ကို တစ်ဝက်ဆီခွဲယူလိုက်ကြပေါ့ ”


လင်းလန်က လက်မခံပေ။

သူကချောင်ကွမ်းရုန်ဘက်ကို ဘက်လိုက်နေသည်ကို ထင်ရှားအောင်လုပ်လိုက်သည်။ ထိုသို့မှသာ ချောင်ကွမ်းရုန်ကိုယ်တိုင်က သတင်းပြန်ကြားရန် သတင်းဆောင်းပါးတစ်ခုအပေါ်မှီခိုနိုင်မလားဆိုသည်ကို စောင့်ကြည့်ရပေမည်။


နေ့လယ်တွင် တစ်စုံတစ်ယောက်က တံခါးကိုကြည့်လိုက်ပြီး အော်ပြောလိုက်၏။


“ ညွှန်မှူးဟန် ပြန်လာပြီ ”


ဟန်ချင်စုန့်က သူ့ကိုပီတိဖြာစွာကြည့်နေသော ဝန်ထမ်းကိုမေးလိုက်သည်။


“ ဘာဖြစ်လို့လဲ ”


ထိုယောက်ျားက အနောက်ဘက်ကိုညွှန်ပြလိုက်သည်။


“ အရာရှိလင်းက လူတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့လို့ ”


ဟန်ချင်စုန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ သူ့စက်ဘီးကို ထိုဝန်ထမ်းဆီပေးလိုက်ပြီး အထဲသို့ပြေးဝင်သွားသည်။


ခြံဝင်းထဲရှိသူများက ဟန်ချင်စုန့်ပြန်လာသည်ကို ကြားလိုက်ရသောအခါ သူတို့‌အားလုံးက ပျော်စရာကို ပွင့်လင်းစွာ၊ သို့မဟုတ် ခိုးကြောင်ခိုးဝှက်နှင့် ကြည့်ချင်မိကြပေသည်။ သူတို့က နေ့လည်စာကိုတောင် သွားမစားနိုင်ကြပေ။


ဟန်ချင်စုန့်က သတင်းပြန်ကြားရေးဌာနသို့ တိုက်ရိုက်သွားလိုက်၏။


ဟန်ချင်စုန့်လာနေပြီဟု ချောင်ကွမ်းရုန်ကြားလိုက်သောအခါ ကြောက်လန့်မှုနှင့်ထရပ်လိုက်မိ၏။ သတိလက်လွတ်ဖြင့် ပုန်းမည့်နေရာရှာချင်သော်လည်း သနားစရာက ဤကဲ့သို့အခန်းငယ်လေးထဲတွင် ပုန်းစရာနေရာဟူ၍မရှိပေ။


သူ့ဘက်က အရင်ပြောရန်ဆုံးဖြတ်လိုက်သည်။

“ လူတွေကို အနိုင်မကျင့်နဲ့နော် ”


ဟန်ချင်စုန့်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး နောက် လင်းလန်ဆီသွားလိုက်သည်။


လင်းလန် :“ ပြန်လာပြီပေါ့၊ နေ့လည်စာသွားစားရအောင် ”


ဟန်ချင်စုန့်က သူမတစ်ကိုယ်‌လုံးကို အပေါ်အောက်ကြည့်လိုက်ကာ သူမခါးနားတွင် အကြည့်ရပ်လိုက်မိသည်။ ခြေဖဝါးရာကို လင်းလန်သုတ်ထားပြီးပြီဖြစ်သော်ငြား ဖယ်၍မရနိုင်သောအရာများတော့ ကျန်နေခဲ့ပေသည်။


“ နာနေလား ” သူမေးလိုက်သည်။


ချောင်ကွမ်းရုန် :“ သူ့ဘက်က ကျွန်တော့်ကို အရင်ရိုက်တာနော်၊ ဒီမှာကြည့် ”


သူက သူ့လက်မောင်းနှင့် ပုခုံးကိုပြလိုက်သည်။

“ အကုန်လုံး နီရဲနေပြီ ”


ဟန်ချင်စုန့် :“ မင်းပါးစပ်ပိတ်ထားလိုက်တော့”


ချောင်ကွမ်းရုန်က ပါးစပ်ပိတ်ကာ ဒေါသတကြီးပြန်ထိုင်လိုက်သည်။ သူက လင်းလန်ဘက်ကသာ သူ့ကိုအရင်ရိုက်သည်ဟု တတွတ်တွတ်ပြောနေလေသည်။


လင်းလန်က ခေါင်းခါပြလိုက်သည်။


“ သူက ကျွန်မကိုကန်တယ်၊ ကျွန်မလည်း အကြိမ်ရေနည်းနည်းလောက် ပြန်ရိုက်လိုက်တယ် ကြေသွားပြီ ”


ဟန်ချင်စုန့်က သူမလက်မောင်းကိုကိုင်ပြီး အခြားသူများကိုရှောင်ကာ အင်္ကျီစကို မလိုက်သည်။ သိသာစွာပင် သူမခါးပေါ်တွင် စိမ်းပြာနေသော အတွင်းကြေဒဏ်ရာရှိနေသည် အလွန်မကြီးသော်လည်း မျက်စိကျိန်းလောက်အောင် ထင်ရှားနေပေသည်။  သူ၏မျက်နှာက ချက်ချင်းပင်မည်းမှောင်သွားကာ မျက်လုံးများက အနည်းငယ်ပို၍ အေးစက်လာ၏။


“ အခြားနေရာတွေ ရှိသေးလား ”


လင်းလန်က သူ့ကိုဒေါသမထွက်စေချင်သောကြောင့် ပြုံးကာပြောလိုက်သည်။


“ မရှိတော့ဘူး၊ ဒါကလည်းမနာပါဘူး။ ကျွန်မစားပွဲထောင့်စွန်းနဲ့ တိုက်မိတုန်းကလိုပါဘဲ ။ ကျွန်မကသူ့ကို ပိုပြီးပြင်းပြင်းထန်ထန်ရိုက်ခဲ့သေးတာ ”


ဟန်ချင်စုန့်က သူ့လက်ဖဝါးကြီးများဖြင့် သူမကိုဖုံးကွယ်ကာ ပွတ်ပေးလိုက်သည်။


“ သွားပြီးတော့ ဆေးအရက်သွားလိမ်းရအောင် ”


လင်းလန် :“ မလိုပါဘူး” 


သူဆေးအရက်လိမ်းပေးသောအခါ အကန်ခံရသည်ထက် ပိုနာသည်ကို သူမ မှတ်မိပေသည်။ ဘယ်လိုဘဲဖြစ်ဖြစ် အညိုမည်းစွဲတာက ရက်အနည်းငယ်လောက်ဆိုလျှင် ပျောက်သွားမှာဖြစ်သည်။


ဟန်ချင်စုန့်က မနေနိုင်ပဲ သူမကို ရုံးခန်းဆီသို့ ဆွဲခေါ်သွားလိုက်သည်။ လင်းလန်ကို ထိုင်ခိုင်းလိုက်ကာ ‌သူကဆေးအရက်ကိုသွားယူလိုက်ပြီး လိမ်းပေးလိုက်သည်။


စွန်းကျောက်ဝမ်တစ်ယောက် နေ့လယ်စာစားပြီး ပြန်လာသောအခါ ဟန်ချင်စုန့်ကို တွေ့လိုက်ရလေသည်။ သူကချက်ချင်းပင် ပျော်ရွှင်စွာပြောလိုက်သည်။


“ ခေါင်းဆောင်ဟန် ပြန်လာပြီပေါ့။ တကယ်ပါ ဗျူရိုမှာ ခေါင်းဆောင်မရှိရင် ကျွန်တော်တို့က ဘာမှကိုမလုပ်နိုင်ဘူး ”


ဟန်ချင်စုန့်က လင်းလန်နှင့် အလွန်နီးကပ်စွာထိုင်နေပြီး သူ့လက်များက လင်းလန်ခါးပေါ်တွင် ရှိနေသောကြောင့် ဆေးအရက်လိမ်းပေးနေတာမှန်း သိလိုက်သည်။ ထို့ကြောင့် အလျင်အမြန်ပင် သူ့ထိုင်ခုံဆီပြန်သွားလိုက်သည်။


Xxxxxxxx