Ch 14
Viewers 88

အခန်း(၁၄)



-သားရဲလေးများကို  ပြုစုပျိုးထောင်ပြီးနောက် စွန့်ပစ်နယ်မြေရှိ လူတိုင်း၏ အချစ်ကိုရရှိခြင်း-

ဝေ့ရှင်း ထိုကောင်လေး၏ မျက်ရည်များကို အလျင်အမြန်  သုတ်ပေးလိုက်သော်လည်း သူ သုတ်ပေးလေလေ မျက်ရည်များ ပို၍ စီးကျလာလေလေ ဖြစ်နေသည်။ ပူနွေးလှသော မျက်ရည်စက်များက ဝေ့ရှင်း၏ လက်ဖဝါးနှင့် လက်မိုးပေါ်သို့ တရစပ် စီးကျနေ၏။

ဤတစ်လျှောက်လုံးတွင် ကောင်လေး၏ မျက်နှာမှာ အမူအရာကင်းမဲ့နေဆဲပင်။ နီရဲနေသော မျက်လုံးများနှင့် အဆက်မပြတ် စီးကျနေသော မျက်ရည်များကသာ သူ့၏ စိတ်ဓာတ် ပြိုလဲနေမှုကို တိတ်တဆိတ် ဖော်ပြနေသည်။ သူ၏ငိုယိုမှု ပြင်းထန်လာသည်နှုင့် ခေါင်းကိုလွဲလိုက်သော်လည်း ပုခုံးကတသိမ့်သိမ့် တုန်နေဆဲဖြစ်၏။

 

ရှိုက်သံတစက်မျှ မထွက်စေရန် သူ၏နှုတ်ခမ်းကိုပင် အနည်းငယ် ကိုက်ထားသေးသည်။

 

​ဝေ့ရှင်း သူ့ကို ထပ်မံ၍ စကားဖြင့် မနှစ်သိမ့်ဘဲ ပိန်ပါးသော ကောင်လေး၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးလျက် မေးမြန်းလိုက်၏။

 

"မင်း အဝတ်အစားတွေက ညစ်ပတ်နေပြီဆိုတော့ လျှော်ဖို့ လိုလိမ့်မယ် လောလောဆယ် ငါ့အဝတ်အစားတွေပဲ ဝတ်ထားမလား”

 

​"ဒါပေ... အု..."

 

 စာဝါငှက် ပါးစပ်ဟလိုက်သော်လည်း ရှိုက်သံသာ ထွက်လာသည်။ သူ ထိုရှိုက်သံများကို အမြန်ပြန်မျိုချလိုက်ပြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကို ဖိထားလိုက်၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း မရသည့်အဆုံးတွင်မူ စာဝါငှက် အံကြိတ်မထားတော့ဘဲ အားပါးတရ ရှိုက်ငိုချလိုက်သည်။

 

"ဟုတ်... ကျေး... ကျေးဇူးတင်ပါတယ်”

 

​ဝေ့ရှင်း မည်သည်ကိုမျှ ထပ်မပြောဘဲ သူ့ပုခုံးကိုသာ တစ်ချက်ပုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။

 ဧည့်ခန်းသို့ ရောက်သောအခါ ရေချိုးခန်းထဲရှိ လူငယ်လေး ငိုနေရုံတင်မကဘဲ အပြင်တွင်လည်း မြေခွေးလေးက အဆက်မပြတ် ညည်းကာ ငိုယိုနေသည်ကို တွေ့လိုက်ရသည်။ အကြောင်းရင်းမှာမူ အားလွီ၏ ခြိမ်းခြောက်ခြင်းကို ကြောက်လန့်နေသောကြောင့် ဖြစ်၏။ ကြောက်စရာကောင်းသော လေသံဖြင့် ​အားလွီ ပြောနေသည်။

 

 "ဘာဖြစ်နေတာလဲ အမှန်အတိုင်း မပြောရင် မင်းကို ငါ စားပွဲပေါ် တင်လိုက်မှာနော်”

[စားလိုက်မယ် လို့ ပြောတာပါ]

 

​မြေခွေးလေး တုန်ရီနေပြီး ခွေ,ခွေလေးနေကာ တောင်းပန်၏။

 

"ကျွန်တော်တို့က နံပါတ်တစ် ဆီမှာ ခိုလှုံချင်ရုံတင်ပါ စခန်းက လိုက်ဖမ်းနေတာကို ရှောင်ချင်လို့ပါ တကယ်ပဲ မကောင်းတာလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး နံပါတ်ခုနစ် ကျေးဇူးပြုပြီး ယုံပေးပါ"

 

​အားလွီ စိတ်မရှည်စွာ ဆိုဖာကို အမြီးဖြင့် ရိုက်လိုက်သည်။

 

"အဲဒါကို ဘယ်သူက မေးနေလို့လဲ ခုနက အဲဒီလူသားကို မင်း ဘာလုပ်လိုက်တာလဲလို့ ငါ မေးနေတာ”

 

​ထိုစဉ် လူငယ်လေး အသံက သူ့ အနောက်မှ ထွက်ပေါ်လာ၏။

 

"ငါတို့ အားလွီက ဧည့်သည်တွေအပေါ် ဒီလောက်အထိ ဖော်ဖော်ရွေရွေ ရှိလိမ့်မယ်လို့ ငါ အရင်က သတိမထားမိခဲ့ဘူး လိမ္မာလိုက်တာ"

 

​အားလွီ နားရွက်များ ဆက်ခနဲ လှုပ်သွားသည်။ ‘လိမ္မာတယ်’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် သူ့၏ အမြီးဖျားလေးက မထိန်းနိုင်ဘဲ ထောင်တက်သွား၏။

ဝေ့ရှင်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူ အားလွီ၏ ခေါင်းကို ပွတ်သပ်ပေးလျက် နူးညံ့သည့် လေသံကို  ပြောင်းကာ အလေးအနက် ပြောလိုက်၏။

 

​"မဟုတ်ဘူး ငါ စကားမှားသွားတာ ငါတို့ အားလွီက အမြဲတမ်း လိမ္မာတယ် စကားလဲနားထောင်တယ် ချစ်ဖို့ကောင်းတယ် ပြီးတော့ အစားလည်း မရွေးဘူး။ မင်းက ဒီအိမ်တစ်အိမ်လုံးမှာ ငါ အယုံကြည်ရဆုံး အမွှေးလုံးလေးပဲ"

 

ဝေ့ရှင်း သူ့ကို မည်သည်ကြောင့် ရုတ်တရက် ချီးကျူးနေသလဲကို ​အားလွီ မသိသော်လည်း ဤသို့သော မြှောက်ပင့်စကားများကို သဘောကျသဖြင့် ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်၏။ ဝေ့ရှင်း နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံချီးကျူးပြီးသောအခါ လိုရင်းကိုသာ ပြောလိုက်သည်။

 

​"ဒါကြောင့် ငါတို့ဆီကို ဧည့်သည်တွေက အခုမှ ရောက်လာတာဆိုတော့ သူတို့ အနေရခက်နေမှာ စိုးလို့လေ အဲဒါကြောင့် သူတို့ကို ကူညီစောင့်ရှောက်ပေးဖို့ မင်းကို အကူအညီတောင်းချင်တယ် ရမလား အားလွီလေး”

 

​ဝေ့ရှင်း အားလွီ၏ ခေါင်းလုံးလုံးလေးကို နောက်တစ်ကြိမ် နမ်းလိုက်သောအခါ ပျော်လွန်းသဖြင့် အားလွီက သူ ရောက်နေသည့် နေရာကိုပင် မေ့သွားပုံရ၏။

 

"မြောင်” (ရတာပေါ့ ကိစ္စမရှိဘူး ငါ့ဆီကိုသာ လွှဲထားလိုက် စိတ်မပူနဲ့)

 

​မှာစရာရှိသည်များကို မှာပြီးနောက် သူ့အိပ်ခန်းထဲ သွားကာ သန့်ရှင်းသော အဝတ်ဟောင်း တစ်စုံသွားရှာပြီး ရေချိုးခန်းဆီသို့ ဝေ့ရှင်း ပြန်သွားလိုက်သည်။

အားလွီ ခေတ္တမျှ ပျော်ရွှင်စွာ ခေါင်းယမ်းနေပြီးမှ ရုတ်တရက် မျက်နှာကို ပြန်တင်းလိုက်ကာ မြေခွေးလေးကို ကြည့်လိုက်၏။

ဝေ့ရှင်းက အားလွီကို ချော့ရန် ဤမျှအထိ သရုပ်ဆောင်သွားသည်ကို ဘေးတွင်ရှိနေသော မြေခွေးလေးက ကြည့်နေကာ ကြောင်အနေသည်။  အားလွီက လူသား၏ တောင်းဆိုချက်ကို သဘောတူလိုက်ကြောင်း မြင်ရသဖြင့် မြေခွေးလေး သက်ပြင်းချရုံရှိသေး အဆိပ်ပြင်းမြွေပွေး၏ မျက်နှာက ချက်ချင်း ပြန်ပြောင်းသွားပြန်၏။

မြေခွေးလေး အလျင်အမြန်ပင် အလုံးလေးအဖြစ် ပြန်ခွေလိုက်ပြီး အသံတုန်တုန်ဖြင့် မေးလိုက်သည်။

 

"မင်း ခုနကပဲ ကျွန်တော်တို့ကို ကောင်းကောင်း စောင့်ရှောက်မယ်လို့ သဘောတူလိုက်တာ မဟုတ်ဘူးလား”

 

​အဆိပ်ပြင်းမြွေပွေးက စိတ်မြန်သော်လည်း မိုက်မဲသော အထဲတွင်တော့ မပါဝင်ပေ။ သူတို့ကြားရှိ ပြဿနာကို ပြေလည်စေချင်သည့် လူငယ်လေး၏ ရည်ရွယ်ချက်ကို သူ ကောင်းကောင်း နားလည်သည်။ သူ မကျေမနပ် ညည်းညူလျက် မြေခွေးလေးကို ထပ်မေးလိုက်သည်။

 

"မင်းတို့ နှစ်ယောက်လုံး အသက်ရှင်နေတုန်းပဲလေ ဒါက စောင့်ရှောက်နေတာ မဟုတ်လို့ ဘာလဲ ကဲ မြန်မြန်ပြောစမ်း စကားလမ်းကြောင်း လွှဲဖို့ မကြိုးစားနဲ့"

 

ရန်လိုသော ​နံပါတ်ခုနစ်၏ အမူအရာကို ကြည့်ပြီး ပြောပြီးပါက အသက်ရှင်ပါဦးမလားဟု တွေးမိကာ မြေခွေးလေး မျက်ရည်ဝဲလာ၏။ ထိုစဉ် ဝေ့ရှင်းတစ်ယောက် ကြိုတင်သိနေသကဲ့သို့ နောက်တစ်ခါ ပြန်ရောက်လာသည်။

 

"အားလွီ”

 

ရန်တွေ့ရန် ပြင်နေသော အားလွီကို ကြည့်ပြီး ​သူ တိုးတိုးလေး ပြောလိုက်သည်။

 

".မင်း ငါ့ကို ကတိပေးပြီးပြီဆိုတော့ ငါတို့ ဧည့်သည်နှစ်ယောက်ကို အနိုင်မကျင့်တော့ဘူး မဟုတ်လား”

 

​အားလွီ ပါးစပ်လေး တွန့်သွားပြီး ပြန်မဖြေဘဲ နေ,နေ၏။ ထိုအခါ စိတ်မကောင်းဖြစ်သွားသော မျက်နှာအမူအရာကို ဝေ့ရှင်း ချက်ချင်းလုပ်လိုက်သည်။

 

 "အားလွီ”

 

မည်သည့် အရာကိုမဆို ​အားလွီ သည်းခံနိုင်သော်လည်း ဝေ့ရှင်း သူ့ကြောင့် စိတ်မကောင်းဖြစ်နေသည်ကို လုံးဝ မကြည့်ရက်ပေ။ သူ ဆိုဖာပေါ် ဟိုဘက် ဒီဘက် စိုးရိမ်တကြီး လျှောက်နေပြီး နောက်ဆုံးတွင် ကျယ်လောင်သော ‘မြောင်’သံကြီး တစ်ချက် ပေးလိုက်သည်။

 

​"မြောင်" (ကောင်းပြီ သဘောတူတယ်လို့)

 

မျက်လုံးလေးများ ကွေးသွားသည်အထိ ​ဝေ့ရှင်း ပြုံးလိုက်၏။

 

  "ကျေးဇူးပဲ အားလွီ”

 

​ဤတစ်ကြိမ်တွင်မူ ရေချိုးခန်းထဲ ၀ေ့ရှင်း အမှန်တကယ်ပင် ဝင်သွားလိုက်သည်။ ကျန်ရစ်ခဲ့သော မြေခွေးလေးက ဖိနှိပ်ထားသော အရှိန်အဝါများ လွင့်စင်သွားသည်ကို ခံစားလိုက်ရသဖြင့် လောလောဆယ်တွင် ဘေးကင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။  ထွက်ခွာသွားသော လူငယ်လေး၏ ကျောပြင်ကို မြေခွေးလေး ကြည့်လိုက်ပြီးနောက် ဘေးနားရှိ အားလွီကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်၏။

​ဝေ့ရှင်းကို ပေးထားသော ကတိကို မဖျက်ချင်သဖြင့်  မြေခွေးလေးကို စစ်ဆေးမေးမြန်းနေခြင်းကို  အားလွီ လက်လျှော့လိုက်ရ၏။ ပြီးနောက် မြေခွေးလေးကို သူ့ အမြီးဖြင့် မလိုက်ပြီး ဆိုဖာပေါ်ရှိ ခေါင်းအုံးပုံထဲသို့ ပစ်ထည့်လိုက်သည်။

 

‘မမြင်ရရင် စိတ်မညစ်ရတော့ဘူး’

 

​ရေချိုးခန်းထဲ ပြန်ရောက်သောအခါ လူငယ်လေးကို ရေပူစက် အသုံးပြုပုံကို ဝေ့ရှင်း သင်ပေးလိုက်သည်။ ရေအပူချိန်ကို ညှိပေးပြီးနောက် သန့်ရှင်းသော အဝတ်အစားများကို စင်ပေါ်တွင် တင်ပေးလိုက်၏။

 

"ရေချိုးပြီးရင် မင်းနဲ့ စကားခဏလောက် ပြောချင်တယ်"

 

​စာဝါငှက်၏ လက်များက အင်္ကျီကော်လာပေါ်တွင် အနည်းငယ် တင်းကြပ်သွားသော်လည်း တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။ ရေချိုးသည့် အချိန်က အတော်လေး ကြာမြင့်နေ၏။

​စာဝါငှက် ထွက်မလာသေးသဖြင့် မီးဖိုချောင်ထဲ ရှိနေသော ဟင်းသီးဟင်းရွက်များကို ဝေ့ရှင်း ဆေးကြောနေသည်။ သူ့ဘေးရှိ စားပွဲခုံပေါ်တွင် အားလွီ လှဲလျောင်းနေပြီး ဝေ့ရှင်း၏ သွယ်လျသော လက်ချောင်းလေးများကို စိုက်ကြည့်နေသည်။ လူငယ်လေး ရေဖွင့်သည်မှစ၍ အရွက်များကို ဖဲ့ယူသည် ပြီးလျှင် ရေခဲ့သေတ္တာစီသို့သွားကာ တခုခုသွားယူသည်အထိ အားလွီ အကြည့်များ တစ်ချက်ပင် မလွဲသွားသည်မှာ စိတ်ဝင်စားစရာတခုကိုကြည့်ရင်း သူ့ဘာသာသူ ပျော်နေသလိုပင်။

 

ဗီဒိုပေါ်တွင် ​ရှောင်ဟေး အိပ်ပျော်နေပြီး အားလွီမှာမူ ဝေ့ရှင်း အနားတွင် ရှိနေ၏။ အချိန်အတော်ကြာ လျစ်လျူရှုခံထားရပြီးနောက် မြေခွေးလေးက ခေါင်းအုံးပုံထဲမှ သူ့ ခေါင်းလေးကို ပြူထွက်ရဲလေသည်။ ကြမ်းပြင်ပေါ်သို့ သတိကြီးစွာ ဆင်းလာပြီး စာဝါငှက် ရှိရာ ရေချိုးခန်းဘက်သို့ ခိုးကြောင်ခိုးဝှက် သွားနေစဉ် မီးဖိုချောင်ဘက်သို့ မတော်တဆ ကြည့်မိရာ သူ့ ခြေလှမ်းများ တန့်သွား၏။

 

​လူငယ်လေးက အားလွီ၏ အကြည့်ကို သတိပြုမိသဖြင့် ငုံ့ကြည့်လိုက်သည်။ မမှိတ်မသုန် စူးစိုက်ကြည့်နေသော အားလွီ ပုံစံကို မြင်သောအခါ ဝေ့ရှင်း နှလုံးသားထဲ နူးညံ့ခြင်းများ ဖြစ်ပေါ်လာ၏။ ၀ေ့ရှင်းတစ်ယောက် ပြုတ်ထားသော အသားတစ်ဖတ်ကို ဖဲ့ယူကာ အေးသွားအောင် မှုတ်ပြီးနောက် အားလွီ ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။

​အားလွီက တစ်လုပ်တည်းဖြင့် ပျော်ရွှင်စွာ ဝါးလိုက်ပြီး နောက်ထပ်တစ်ဖတ်အတွက် ပါးစပ်ဟပြပြန်၏။ လူငယ်လေးကလည်း ပြုံးရွှင်စွာဖြင့် ထပ်ကျွေးနေသည်။ သူ၏ မျက်ခုံးနှင့် မျက်ဝန်းများက ပန်းချီကားတစ်ချပ်ထဲရှိ နတ်သားတစ်ပါးကဲ့သို့  နူးညံ့သိမ်မွေ့နေ၏။

 

မြေခွေးလေးက ​ယခုအချိန်အထိ အလွန်ပင် ဇဝေဇဝါ ဖြစ်နေဆဲပင်။ နံပါတ်တစ်နှင့် နံပါတ်ခုနစ်တို့က လူသားတစ်ယောက်နှင့် မည်သည်ကြောင့် ဤမျှအထိ ရင်းနှီးနေသည်ကို သူ နားမလည်နိုင်ချေ။ အသွင်ပြောင်း သားရဲများအတွက် အသက်ရှင်ရပ်တည်ရန် ကြောက်မက်ဖွယ်ကောင်းနေရန်သာ လိုအပ်သည် မဟုတ်ပါလော။ မြေခွေးလေးတောင်မှ သူလုံလောက်အောင် ရန်လိုသည်ပုံမဖြစ်သည့်အတွက် ဝမ်းနည်းခဲ့ရသေးသည်။

 

​သို့သော် ယခုအခါတွင်မူ လူသားနှင့် ကြောင်လေးတို့၏ ဆက်ဆံရေးက အလွန်ပင် ကြည်နူးစရာ ကောင်းနေသည်။ အချင်းချင်း ခြိမ်းခြောက်ရန် မလိုသကဲ့သို့၊ အေးချမ်းစွာ ဆက်လက်ရှိနေနိုင်သည့် အခြေအနေမျိုး ဖြစ်၏။ မြေခွေးလေး ငေးမောကာ ထိုင်နေမိသည်မှာ ဝေ့ရှင်း ထွက်လာပြီး သူ့ကို မြင်သွားသည့်အထိပင် ဖြစ်သည်။

 

​"ဘာလို့ ဒီမှာ ထိုင်နေတာလဲ"

 

​ဝေ့ရှင်း သူ့ကို ချီလိုက်၏။ မြေခွေးလေး၏ ကိုယ်လုံးက အလွန်နူးညံ့ပြီး အမွှေးအမျှင်များကလည်း ချောမွေ့နေသဖြင့် နွေးထွေးသော ရေစီးကြောင်းလေးတစ်ခုကို ကိုင်ထားရသကဲ့သို့ ခံစားရသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကြောင်များကို ပွတ်သပ်ပေးပြီး ကျင့်သားရနေပြီ ဖြစ်သဖြင့် ဝေ့ရှင်း မြေခွေးလေး၏ မေးစေ့အောက်ကို ကုတ်ပေးလိုက်သည်။

အစပိုင်းတွင် အကုတ်ပေးခံရသဖြင့် မြေခွေးလေး မှင်တက်သွားသော်လည်း အကြိမ်အနည်းငယ် ပို၍ ကုတ်ပေးလိုက်သောအခါ သူ မထိန်းနိုင်ဘဲ တိုးညှင်းစွာ ညည်းတွားမိ၏။ နက်မှောင်သော သူ၏ မျက်ဝန်းများ အရည်လဲ့လာပြီး ကြင်နာသော ဝေ့ရှင်း၏ အကြည့်နှင့် ဆုံသွားသည်။

​ထိုအချိန်တွင် ရှုပ်ထွေးနေသော သူ့နှလုံးသားက တစ်စုံတစ်ရာကို ရှင်းလင်းစွာ သိမြင်သွားပုံရ၏။

 

‘​လူသားတွေက  နာကျင်မှုကိုပဲ ပေးတတ်တာ မဟုတ်ဘူးပဲ’

 

​ဝေ့ရှင်း အချိန်ကို ကြည့်လိုက်သည်။ စာဝါငှက် ရေချိုးခန်းထဲ ဝင်သွားသည်မှာ တစ်နာရီနီးပါး ရှိပြီဖြစ်သော်လည်း ထွက်မလာသေးချေ။ ထိုကောင်လေး မည်သည်ကြောင့် အချိန်ဆွဲနေကြောင်း သူ အနည်းနှင့်အများ သိနေ၏။ ထို့ကြောင့် ဟင်းချက်ခြင်းကို မစတင်သေးဘဲ ရေချိုးခန်းသို့ သွားကာ တံခါး ခေါက်လိုက်သည်။

 

 "ပြီးပြီလား ငါ ပစ္စည်းတစ်ခု ဝင်ယူချင်လို့"

 

​ရေချိုးခန်းထဲရှိ ဇလုံတစ်ခု ကြွေပြားပေါ်သို့ ကျသွားသည့်အသံကဲ့သို့ အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် တစ်စုံတစ်ယောက် အလောတကြီး ဖုံးကွယ်နေသည့် အသံများ ကြားလိုက်ရ၏။ အတန်ကြာမှ ကောင်လေး၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

 

"ပြီးပါပြီ”

 

​တံခါးပွင့်လာသောအခါ ရေချိုးပြီးသွားသော ကောင်လေးက အဝတ်အစားများ အပြည့်အစုံ ဝတ်ဆင်ထားပြီး ဖြစ်၏။ ဝေ့ရှင်း၏ အဝတ်အစားများက သူ့အတွက် ကြီးနေသဖြင့် အစများ လျောမကျစေရန် ကိုင်ထားရသည်။ ဝေ့ရှင်း အကျီလက်ကို လိပ်တင်ပေးလျက် အမှတ်မထင် ပြောလိုက်၏။

 

 

"မင်းနဲ့ တော်မယ့် အဝတ်အစား တစ်စုံနှစ်စုံလောက် ထပ်ဝယ်ရဦးမယ်"

 

အားကျို မှင်တက်သွားရသည်။ ထိုလူ အမှတ်မထင် ပြောလိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူ ထင်မြင်မိ၏။ သူတို့က သူစိမ်းများ ဖြစ်ကြသည်၊ လူသားတစ်ယောက်က သူ့အတွက် မည်သည့်အကြောင်းကြောင့် အဝတ်အစား ဝယ်ပေးမည်နည်း။

ထို့အပြင် သူ့၏ လက်ရှိအခြေအနေက သေဒဏ်ပေးမည့် စင်မြင့်ပေါ်သို့ တွန်းပို့ခံထားရသကဲ့သို့ ဖြစ်နေသည်။ သူ့ကို စောင့်ကြိုနေသည်မှာ သွေးစွန်းသော ဓားသွားမဟုတ်ဘဲ မြိန်ယှက်သော စားသောက်ပွဲတစ်ခု ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ရဲပေ။

 

​စိုးရိမ်ပူပန်ခြင်းများစွာဖြင့် စာဝါငှက်နှင့် မြေခွေးလေးက ဝေ့ရှင်း၏ ခေါ်ဆောင်ရာ ဧည့်သည် အခန်းထဲ လိုက်ပါသွားကြ၏။ အားလွီလည်း အနောက်မှ လိုက်လာပြီး မြေခွေးလေးကို ဝေ့ရှင်း ပွတ်သပ်ပေးနေသဖြင့် အနည်းငယ် မနာလို ဖြစ်နေသည်။ ရှောင်ဟေး အိပ်မပျော်သေးသည်ကို သူ သိသဖြင့်  ဗီဒိုကို အမြီးဖြင့် ရိုက်လိုက်၏။

 

"လူသားက အဲဒီနှစ်ယောက်ကို အိမ်မှာ ထားချင်နေတာ မင်းက ဒါကို သည်းခံနိုင်လို့လား”

 

​ရှောင်ဟေး မျက်တောင်များကို ပင့်ကြည့်လိုက်ပြီး သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထိုအကြည့်တွင် စကားလုံးများ မပါသော်လည်း 'ငါသာ သည်းမခံနိုင်ရင် မင်းကိုရော ဒီမှာ နေခွင့်ပေးထားမယ် ထင်လို့လား' ဟု ပြောနေသကဲ့သို့ပင်။ အားလွီက ရုတ်တရက် ချောင်းနှစ်ချက် ဟန့်လိုက်သည်။

 

 "ငါက မတူဘူးလေ ငါက အရမ်းလိမ္မာတာ လူသားကတောင် ငါ့ကို ချီးကျူးသေးတယ်”

 

​နောက်ဆုံးတွင်မူ သူကိုယ်တိုင်ပင် ယုံကြည်သွားပုံရပြီး အမြီးကို ဂုဏ်ယူစွာ ထောင်လိုက်သည်။ ဤအိမ်တွင် သူကသာ အမိုက်ဆုံးနှင့် အားကိုးရဆုံးသူ ဖြစ်သည်ဟု ထင်မှတ်နေပုံရ၏။

ရှောင်ဟေး၏ နှုတ်ခမ်း တွန့်သွားသည်။ ဤသည်မှာ သူ့အနေဖြင့် မည်သည်ကြောင့် အဆိပ်ပြင်းမြွေပွေးကို သည်းခံနိုင်လဲဆိုသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူနှင့် ငြင်းခုံနေခြင်းက မိမိ၏ ဉာဏ်ရည်ကို နိမ့်ကျသွားစေသည်ဟု ရှောင်ဟေး အမြဲ ခံစားရသောကြောင့် ဖြစ်၏။

​နောက်ဆုံးတွင် ရှောင်ဟေး အိပ်ခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ အခြားသော အသွင်ပြောင်းသားရဲများကို ဝေ့ရှင်း ခေါ်လာခဲ့သည်ကို လုံးဝ မနာလိုဖြစ်စရာ မရှိဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ 

ထရိုင်နိုရန်နိုဆောရပ်စ် ဆိုသည်က ဖြူစင်သော နှလုံးသားရှိသူ မဟုတ်ပေ။ ပိုင်ဆိုင်လိုစိတ်နှင့် ကြမ်းတမ်းသော သဘာဝက သူ့၏ မျိုးရိုးဗီဇထဲတွင် နက်ရှိုင်းစွာ ကိန်းအောင်းနေပြီးသားပင်။ ယခု သူ ထိန်းချုပ်ထားနိုင်သည်မှာ စာဝါငှက်က အန္တရာယ်မရှိခြင်း၊ မြေခွေးလေးက အသုံးဝင်ခြင်းကြောင့် ဖြစ်ပြီး ပို၍ အရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိနေသည်။

 

​"ရှောင်ဟေး မင်းသိလား အိမ်ကြီးထဲမှာ တစ်ယောက်ထဲ နေရတာက အိမ်ပြန်ရမှာကို ကြောက်စေတယ်"

 

​လူငယ်လေး ပြောခဲ့သော စကားလုံးများက သူ့ နားထဲတွင် ပဲ့တင်ထပ်နေပုံရ၏။ လေးနက်သော အသံဖြင့် ရှောင်ဟေး ပြောလိုက်သည်။

 

"ဝေ့ရှင်းက ဘေးနားမှာ လူအများကြီးရှိနေတာကို သဘောကျတယ်”

 

​"မင်း လာလို့ရရင် သူတို့လည်း ရတာပဲ။ နောက်ပိုင်းမှာ တခြား အသွင်ပြောင်းသားရဲတွေက ဝေ့ရှင်းရဲ့ မျက်စိထဲ ဝင်လာလို့ သူ ထပ်ခေါ်လာရင်လည်း ငါ တားမှာ မဟုတ်ဘူး”

 

​အားလွီ မှင်တက်သွား၏။

 

"ဟား မင်းက တကယ့်ကို ရက်ရောတာပဲ"

 

‘သူ နားကြားမှားတာလား ဒါက သူသိတဲ့ နံပါတ်တစ် ဟုတ်ပါရဲ့လား ဒါမှမဟုတ် တခြား အသွင်ပြောင်း သားရဲတစ်ကောင်က နံပါတ်တစ်အဖြစ် ဟန်ဆောင်နေတာလား’

 

​ထို့နောက် ချက်ချင်းပင် ရှောင်ဟေးက သူ့မျက်လုံးများကို မှေးလိုက်သည်ကို တွေ့ရ၏။ သူ့အကြည့်များက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေသည်။

 

"ဒါပေမဲ့ ဘယ်သူမှ သူ့ရဲ့ပျော်ရွှင်မှုကို မဖျက်ဆီးနိုင်ဘူး ဘယ်သူမှ စည်းကျော်ပြီး မလုပ်သင့်တာတွေ မလုပ်နိုင်ဘူး”

 

​"မင်းလည်း မရဘူး သူတို့လည်း မရဘူး ဘယ်သူပဲဖြစ်ဖြစ် ဒီက စည်းကမ်းတွေကို လိုက်နာရမယ် အဲဒါမှမဟုတ်ရင်တော့..."

 

ရှောင်ဟေး စကားကို အဆုံးမသတ်သော်လည်း သူ့စကားလုံးများထဲ ပါဝင်နေသော သွေးစွန်းသည့် ဆိုလိုရင်း အငွေ့အသက် ကျန်ရစ်နေဆဲဖြစ်ရာ အားလွီ ကြောက်လန့်တကြားဖြစ်ပြီး တုန်လှုပ်သွားသည်။

 

​ဧည့်သည် အခန်းထဲသို့ ဝင်ပြီးနောက် တံခါးကို ဝေ့ရှင်း အမြန်ပိတ်လိုက်၏။ ထိုကောင်လေး အလွန်ကြောက်လန့်နေသဖြင့် ဧည့်ခန်းတွင် စကားမပြောဘဲ နေရာပြောင်းရန် ၀ေ့ရှင်း ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် တည်ငြိမ်ပြီး အေးဆေးနေပုံ ပေါ်စေရန် အစွမ်းကုန် ကြိုးစားနေသော်လည်း၊ သူ၏ အေးစက်စက်နှင့် ဂရုမစိုက်သလို မျက်နှာအမူအရာက အတော်လေး ယုံကြည်စရာ ကောင်းနေသော်လည်း၊ သတိမထားမိဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများက သူ၏ ကြောက်ရွံ့ခြင်းကို ဖော်ပြနေသည်။

 

 "ငါ့မှာ မေးစရာ မေးခွန်းနည်းနည်းပဲ ရှိတာပါ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး"

 

၀ေ့ရှင်း ပြောလိုက်သည်။

 

စာဝါငှက်က မြေခွေးလေးကို ရင်ခွင်ထဲ ပွေ့ပိုက်ထားပြီး သူ့ခေါင်းပေါ် ချိတ်ဆွဲထားသော သေဒဏ်ပေးမည့် ဓားက နောက်ဆုံးတွင် ကျဆင်းလာတော့မည်ဟု ခံစားနေရသည်။ သူက စိတ်အားငယ်စွာဖြင့် ပြောလိုက်၏။

 

“မေးပါ”

 

​"ပထမဆုံးမေးခွန်းက မင်းတို့ ရှောင်ဟေးနဲ့ အားလွီကို ဒုက္ခပေးမှာလား”

 

အခန်းထဲ ​သေလုမတတ် တိတ်ဆိတ်သွားလေသည်။ စာဝါငှက်နှင့် မြေခွေးလေးက ခေါင်းမော့လိုက်ပြီး ဝေ့ရှင်းကို မယုံကြည်နိုင်ကဲ့သို စိုက်ကြည့်နေကြ၏။

ဝေ့ရှင်းက တံခါးကို ပိတ်ထားသော်လည်း အသွင်ပြောင်းသားရဲများအတွက်မူ အသံလုံခြင်း မရှိသလောက်ပင်ဖြစ်သည်။ အမွှေးလုံးလေးနှစ်ကောင်က သူတို့၏ စကားဝိုင်းကို ကြားနေရဆဲပင်။

​အားလွီ နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ဟေးကို တိုက်ရိုက်ပင် လှောင်ရယ်လိုက်သည်။

 

"ဒါက ဘာလဲ သူတို့နှစ်ယောက်ပေါင်းရင်တောင် မင်းရဲ့အကြေးခွံ တစ်ဝက်လောက်ကိုတောင် ကိုက်ဖောက်နိုင်မှာ မဟုတ်ဘူး”

 

ထိုမေးခွန်းက ပုရွက်ဆိတ်များက ခြင်္သေ့တစ်ကောင်ကို ဒုက္ခပေးနိုင်မလားဟု မေးသကဲ့သို့ပင် အလွန်တရာ အဓိပ္ပာယ်မရှိဘဲ ရယ်စရာကောင်းလှ၏။

​စာဝါငှက်နှင့် အခြားသူများ တွေးနေသည့် အရာကို သိနေသကဲ့သို့ ဝေ့ရှင်း ခေါင်းခါလိုက်သည်။

 

"ငါ နောက်ပြောင်နေတာ မဟုတ်ဘူး ငါ အရမ်းကို အလေးအနက်ထားပြီး ပြောနေတာ"

 

​"ရှောင်ဟေးနဲ့ အားလွီက ငါ့အတွက်တော့ ထူးခြားတယ် ငါ သူတို့ကို အရမ်းဂရုစိုက်ပြီး တန်ဖိုးထားတယ် ဘယ်သူမဆို သူတို့ကို ဒုက္ခပေးဖို့ ကြိုးစားဖို့ အတွေးလေးပဲ ရှိရင်တောင် ငါ ခွင့်မပြုနိုင်ဘူး”

 

​"တခြားအရာတွေက အရေးမကြီးပေမဲ့ ဒီအချက်က ငါ့အတွက် အရေးကြီးဆုံးပဲ မင်းတို့ အမှန်အတိုင်း ဖြေပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

 

​အပြင်ဘက်တွင် အနည်းငယ် ဇဝေဇဝါဖြစ်နေသော ရှောင်ဟေးက ခေတ္တမျှ ရပ်တန့်သွားပြီး သူ့မျက်နှာအမူအရာကလည်း နူးညံ့သွား၏။

အားလွီလည်း အချိန်အတော်ကြာ မှင်တက်သွားပြီးနောက် အားမလိုအားမရဖြင့် ရေရွတ်လိုက်သည်။

 

"မိုက်မဲတဲ့လူသား အလကားနေရင်း စိုးရိမ်နေပြန်ပြီ”

 

​ပို၍ မိုက်မဲစရာကောင်းသည်မှာ သူတို့ကိုယ်တိုင်ကလည်း ဤကဲ့သို့သော စိုးရိမ်ပူပန်ခြင်းမျိုးကို သဘောကျနေမိခြင်းပင်။