အခန်း (၁၂)
-သားရဲလေးများကို ပြုစုပျိုးထောင်ပြီးနောက်
စွန့်ပစ်နယ်မြေရှိ လူတိုင်း၏ အချစ်ကိုရရှိခြင်း-
တနင်္ဂနွေနေ့တွင် စီးပွားရေးလမ်းမကြီးက သာမန်ရက်များထက်
ပိုမို၍ စည်ကားနေသည်။ တိုက်ဆိုင်စွာပင် ဆိုင်အတော်များများက ဆိုင်ဖွင့်ပွဲနှင့် နှစ်ပတ်လည်ပွဲများ
ကျင်းပနေကြပြီး ပရိုမိုးရှင်း အစီအစဉ်များစွာ ပြုလုပ်နေသဖြင့် လမ်းမထက်တွင် ဈေးဝယ်ထွက်သူများဖြင့်
ပြည့်နှက်နေ၏။
ကံမကောင်းစွာနှင့် သူတို့နှစ်ယောက်လုံးက လိုရင်းကိုသာ
သွားတတ်သည့် လူစားမျိုးများ ဖြစ်နေကြခြင်းပင်။ လိုအပ်သည်များကို ဝယ်ယူပြီးသည်နှင့်
အိမ်သို့ တန်းပြန်ရန်သာ စီစဉ်ထားကြသည်။
လမ်းလျှောက်နေစဥ် ဝေ့ရှင်း၏ လက်ထဲရှိ ကြီးမားသော
ဈေးဝယ်အိတ်များကို ကြည့်ကာ ထန်ချီက သူ့ လျှာကို တစ်ချက်တောက်လိုက်သည်။
"မင်းကို ကြည့်ရတာ မင်းတို့ ဆိုင်အတွက်
ပစ္စည်းပြန်ဖြည့်နေတာလို့တောင် ငါ ထင်မိတော့မလို့"
ကြာရှည်ခံပြီး ဗိုက်ပြည့်စေမည့် အသင့်စား အစားအစာများကိုသာ
အဓိကထား၍ ဝေ့ရှင်း ဝယ်ယူထားခြင်း ဖြစ်သည်။ သူသည် အနာဂတ်အတွက် သေချာစွာ ကြိုတင်ပြင်ဆင်တတ်သူ
ဖြစ်ပြီး အရသာ တစ်မျိုးတည်း စားရသည်ကို ငြီးငွေ့လာပါက အခြားတစ်မျိုး ပြောင်းလဲစားသောက်နိုင်ရန်
အရသာမျိုးစုံကို ဝယ်ယူထားခဲ့၏။
ဝေ့ရှင်း၏ မနားတမ်း အကြံပေးချက်များကြောင့်
ထန်ချီလည်း အတော်များများ ဝယ်ယူခဲ့သော်လည်း ဝေ့ရှင်း ၀ယ်ထားသည်နှင့် နှိုင်းယှဉ်ပါက
ပုံးထဲမှ ရေတစ်စက်မျှသာပင်။
ထန်ချီက ပြောလာသည်။
"မင်း H မြို့တော်က သတင်းကို တွေ့မိလား ခွေးရူးပြန်သလိုမျိုး
ဖြစ်နေတဲ့သူတစ်ယောက်က လမ်းပေါ်မှာ လူတွေကို လိုက်ကိုက်လို့ လူအတော်များများ သေကုန်တယ်ဆိုတာလေ”
ဆိုင်ဝန်ထမ်းများ ပြောနေကြသည်ကို ဝေ့ရှင်း
ကြားခဲ့ဖူးသဖြင့် ပြန်ဖြေလိုက်သည်။
"တွေ့လိုက်တယ်”
ထန်ချီက ပခုံးတွန့်လိုက်၏။
"ငါ့အမေက တစ်နေရာကနေ ကောလာဟလ ကြားလာတယ်လေ အကိုက်ခံရတဲ့လူတွေက
ဆေးရုံကနေ တခြားမြို့တွေကို တစ်ညတည်းနဲ့ ထွက်ပြေးသွားကြတယ်တဲ့ အဲဒါကြောင့် အနားမှာ
ပုံမှန်မဟုတ်တဲ့သူတွေတွေ့ရင် ချက်ချင်းပြေးဖို့ ငါ့ကို သတိပေးနေတာ”
"လုပ်စမ်းပါ ဖျားနေတဲ့သူတွေက ဘာလို့ ဆေးရုံကနေ
ထွက်ပြေးမှာလဲ မြန်မြန် အသေစောချင်လို့လား ငါ့အမေက ဒီလိုမျိုးတွေ ခဏခဏ ပြောတတ်တာပဲ
အပြင်က အစားအသောက်တွေက ပြန်သုံးဆီတွေ သုံးတယ် အကင်တွေက ကြွက်သားတွေနဲ့ လုပ်တာ နောက်ဆုံး
ကမ္ဘာကြီး ပူနွေးလာလို့ ခရမ်းလွန်ရောင်ခြည်တွေ များလာပြီး နေပူထဲ အကြာကြီးနေရင် ရောင်ခြည်သင့်ရောဂါ
ရတတ်တယ်ဆိုတာမျိုးတွေပေါ့ ငါ့ကိုလည်း အနားယူခွင့်ပေးပါဦး”
သူ့အမေအကြောင်း ထန်ချီ ပြောနေသည်ကို နားထောင်လျက်
ဝေ့ရှင်းတစ်ယောက် ခေတ္တမျှ ငိုင်ကျသွားသည်။
သူ့အနေဖြင့် မိခင်ဖြစ်သူကို လူချင်း မတွေ့ဖူးခဲ့သော်လည်း
ဖခင်ဖြစ်သူ ချန်ထားပေးခဲ့သည့် လည်ဆွဲတစ်ခု ရှိသည်။ ထိုလည်ဆွဲထဲတွင် မိသားစု ဓာတ်ပုံလေး
တစ်ပုံရှိ၏။
ထိုဓာတ်ပုံထဲတွင် တည်ကြည်ပြီး စည်းကမ်းကြီးသော
ဖခင်၊ ကြင်နာပြီး နူးညံ့သော မိခင်တို့နှင့်အတူ သူတို့နှစ်ဦးကြားတွင် ပျော်ရွှင်စွာ
ပြုံးနေသော ဝေ့ကျင်းဖုန့်ကို တွေ့ရသည်။
ထိုပုံလေးက မိသားစု ဓာတ်ပုံဖြစ်သော်လည်း မိခင်ဖြစ်သူ
အသက်ရှင်စဉ်က ရိုက်ကူးထားခြင်း ဖြစ်သဖြင့် မမွေးဖွားသေးသည့် ဝေ့ရှင်း ကတော့ ထိုဓာတ်ပုံထဲ
ပါဝင်ခွင့် မရခဲ့ပေ။
ဝေ့ရှင်း ထန်ချီကို ပြန်ပြောလိုက်သည်။
"တကယ်တော့ မင်းအမေ ပြောတာကို နားထောင်တာက မဆိုးပါဘူး”
ထန်ချီ၏ မိခင်သည် သတင်းမီဒီယာလောကတွင် အလုပ်လုပ်နေသော
သန်မာသည့် မြို့ပြ အမျိုးသမီးတစ်ဦး ဖြစ်၏။ အသက် ၅၀ နီးပါး ရှိနေပြီဖြစ်သော်လည်း သတင်းဌာနတွင်
ဦးဆောင်သူတစ်ဦးအဖြစ် ရှိနေဆဲပင်။
သတင်းလောကဆိုသည်မှာ နေ့စဉ်နှင့်အမျှ အမှန်နှင့်
အမှား၊ အတင်းအဖျင်းများစွာကို စိစစ်နေရသည့်
နေရာပင်။ ထန်ချီ၏ မိခင်ကဲ့သို့ အတွေ့အကြုံရှိသူတစ်ဦးက အခြေအမြစ်မရှိသည့် ကောလာဟလများကို
လွယ်လွယ်နှင့် ယုံကြည်လိမ့်မည် မဟုတ်ဟု ဝေ့ရှင်း ခံစားမိသည်။
"ဖူး”
တည်ကြည်သော ဝေ့ရှင်း မျက်နှာကို ကြည့်လျက်
ထန်ချီက အစ်ကိုကြီးတစ်ယောက်ကဲ့သို့ ချစ်ခင်စိတ်များ ပေါ်လာကာ ဝေ့ရှင်း၏ ဆံပင်များကို
ဖွကာ ရယ်မောလိုက်သည်။
"မင်းက ဘာလို့ ဒီလောက်တောင် လိမ္မာနေရတာလဲ ကလေးကြီး”
အတူတူ အချိန်ဖြုန်းလာသည့် ဤရက်များအတွင်း ဝေ့ရှင်းက
အပြင်ပန်းတွင် ဆက်ဆံရခက်ပုံ ပေါက်သော်လည်း အမှန်တကယ်တွင်မူ စကားပြောရလွယ်ကူပြီး သူတစ်ပါးစကားကို
နားထောင်တတ်သည့် ဖြူစင်သောသူဖြစ်ကြောင်း ထန်ချီ သိခဲ့၏။
ယနေ့ခေတ်တွင် လူတိုင်း မကောင်းသည့် စိတ်လေးများ
ရှိတတ်ကြသည်။ အမြဲတမ်း ပျော်ရွှင်စွာ နေတတ်သော ထန်ချီပင်လျှင် တစ်ခါတစ်ရံ အဆင်မပြေသည့်အခါ
ကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်သည့် စိတ်မျိုး ပေါ်တတ်၏။
သို့သော် ဝေ့ရှင်းကတော့ အမြဲတမ်း မပြောင်းလဲဘဲ
ရှိနေသူဟု ထင်ရသည်။
ထို့ကြောင့် ထန်ချီ အနေဖြင့် ဝေ့ရှင်းနှင့်
အတူရှိနေရသည်ကို အထူးပင် နှစ်သက်၏။
ဝေ့ရှင်း ဆံပင်များ ရှုပ်ပွသွားသော်လည်း သူ့
လက်ထဲ ပစ္စည်းများ အပြည့်ပါကာ လက်မအားသဖြင့်
ခေါင်းကိုသာ ခါယမ်းလျက် အကူအညီမဲ့စွာ ပြောလိုက်၏။
“အရူးလို လုပ်မနေနဲ့”
ဝေ့ရှင်း တကယ် စိတ်မဆိုးမှန်း သိသဖြင့် ထန်ချီ
အားရပါးရ ရယ်မောလိုက်ပြီး သူ့ဖုန်းထဲရှိ ကြောင်လေး ဟွမ်ဟွမ် ၏ ဗီဒီယိုလေးကို ဖွင့်ပြလာသည်။
ဗီဒီယိုထဲတွင် ကြောင်လေးက တစ်ကိုယ်လုံးကို
ဆန့်ကာ သမ်းဝေနေသဖြင့် သူမကိုယ်လုံးလေးက ခေါက်ဆွဲကဲ့သို ရှည်လာသည်၊ အမြီးလေးကိုလည်း
လေထဲ မြှောက်ထား၏။ သူမ၏ ကြီးမားပြီး စိုစွတ်နေသော အပြာရောင် မျက်ဝန်းလေးများက ကင်မရာကို
စိုက်ကြည့်နေသည်၊ ထိုမျက်၀န်းလေးများက လူများ၏ နှလုံးသားကို အရည်ပျော်စေနိုင်သည်။
ဝေ့ရှင်းတစ်ယောက် မျက်တောင်ပင် မခတ်ဘဲ ကြည့်နေသည်ကို
တွေ့သောအခါ ထန်ချီက ဂုဏ်ယူစွာဖြင့် ပြောလာ၏။
"ငါ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းတယ် မဟုတ်လား”
ဝေ့ရှင်းက ခေါင်းညိတ်ပြလိုက်သည်။
၀ေ့ရှင်းထံမှ ထောက်ခံချက်ရလိုက်သဖြင့် ထန်ချီက
သူ့ကို ချီးကျူးသည်ထက် ပို၍ ပျော်ရွှင်သွား၏။ သူက ချက်ချင်းပင် စကားပြောခန်းကို စတင်လိုက်သည်။
"ငါ ပြောပြမယ် အမွေးရှည်ကြောင်တွေက အမွေးအများကြီး
ကျွတ်တယ်ဆိုတာကိုပဲ နားမယောင်နဲ့ အမွေးကျွတ်တာကတော့ မှန်တယ် ဒါပေမဲ့ အမွေးတိုကြောင်တွေလည်း
ကျွတ်တာပဲ အဲဒါထက် အမွေးရှည်ကြောင်တွေကို ပွတ်ရသလောက် အမွေးတိုကြောင်တွေက ဇိမ်ရှိလား
သေချာပေါက် မရှိဘူးလေ”
ဝေ့ရှင်း ပြုံးလျက် နားထောင်နေစဥ် အရှေ့မှ
လူတစ်ယောက် လာနေသည်ကို မြင်သဖြင့် ထန်ချီကို ဘေးသို့ ဆွဲဖယ်ပေးလိုက်သည်။
ထိုအချိန်အတွင်း ထန်ချီ က အိမ်မွေးတိရစ္ဆာန်ဆိုင်တွင်
သူ့ ကြောင်လေးနှင့် စတင်တွေ့ရှိပုံ၊ ချစ်ကျွမ်းဝင်ပုံ အဆင့်ဆင့်ကို ပြောပြနေလေပြီဖြစ်သည်။
"အစကတော့ အမွေးရှည်ကြောင်တွေက ပြုစုရခက်တယ်လို့
လူတွေပြောလို့ ငါ ဟွမ်ဟွမ်လေးကို လက်လွှတ်ရတော့မလို့ ကံကောင်းလို့ ငါ့မျက်လုံးက စူးရှလို့ပေါ့."
ဝေ့ရှင်းက သဘောတူ၏။
"ဟုတ်တယ် ဟွမ်ဟွမ်လေးက အရမ်းချစ်ဖို့ကောင်းတယ်
မင်းက ကြောင်ရွေးတာ တကယ်တော်တာပဲ”
"ဟုတ်တယ် မင်း တစ်နေ့နေ့မှာ အိမ်မွေးတိရစ္ဆာန်လေး
တစ်ကောင် လိုချင်တယ်ဆိုရင် မျက်လုံးဝိုင်းဝိုင်း၊ စိတ်သဘောထား နူးညံ့ပြီး လူကပ်တတ်တဲ့
အကောင်လေးကို ရွေးနော် အဲဒါဆိုရင် မင်းရဲ့ တစ်နေ့လုံး အလုပ်က ပင်ပန်းနွမ်းနယ်မှုတွေကို
အကုန်ပျောက်စေမှာ”
သူ့
အမွှေးလုံးလေးနှစ်ကောင်တွင် မျက်လုံးဝိုင်းဝိုင်းလေးများ ရှိသော်လည်း ‘နူးညံ့သော စိတ်သဘောထား’
ဆိုသည်ကတော့ သူတို့ဘဝတွင် မရှိနိုင်ဟု ၀ေ့ရှင်း တွေးမိလိုက်သည်။
"အဲဒါကြောင့် မင်းက ချစ်စရာကောင်းပြီး
လိမ္မာတဲ့ အမွှေးလုံးလေးတစ်ကောင်နဲ့ တွေ့ရင် အိမ်ကိုခေါ်သွားဖို့ တွန့်ဆုတ်မနေနဲ့ အခု
ဒီ မြေခွေးလေး လိုမျိုးပေါ့ ကြည့်ပါဦး သူ့ရဲ့ ပန်းရောင် ခြေဖဝါးလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ”
ဝေ့ရှင်းလည်း ထန်ချီ ပြောသည်ကို ထောက်ခံမိ၏။
"ဟုတ်တယ် ပန်းရောင်ခြေဖဝါးလေးတွေက ချစ်ဖို့ကောင်းတယ် မြေခွေးတစ်ကောင်”
ဝေ့ရှင်း ရုတ်တရက် ကြောင်သွားသည်။
‘မြေခွေး… မြေခွေးက ဘယ်က ရောက်လာတာလဲ’
သူ ထန်ချီကို လှည့်ကြည့်လိုက်သောအခါ ထန်ချီ၏
လက်မောင်းများကြားတွင် ပန်းရောင်အမွေးရှိသော မြေခွေးလေးတစ်ကောင်ကို ချီထားကြောင်း တွေ့လိုက်ရသည်။
ထန်ချီ၏ မျက်လုံးများထဲ အရောင်ကင်းမဲ့နေပြီး
ထိုမြေခွေးလေးကိုသာ အစွဲအလမ်းကြီးစွာ ကြည့်နေသည်။ မြေခွေးလေးက ‘ဝူး’ ဟု တိုးညှင်းစွာ
အော်လိုက်သောအခါ ထန်ချီက သူ့၏ မေးစေ့လေးကို အသာအယာ ကုပ်ပေးလိုက်ပြီး ပြောလာ၏။
"အရမ်းချစ်ဖို့ကောင်းတာပဲ ဖန်ဆင်းရှင်ရဲ့ အံ့ဖွယ်
လက်ရာတစ်ခုပဲ”
တိရစ္ဆာန်လေးများကို
ထန်ချီ မည်မျှပင် ချစ်စေကာမူ သာမန်လူတစ်ယောက်က ‘ဖန်ဆင်းရှင်ရဲ့ အံ့ဖွယ်လက်ရာ’ ဆိုသည့်
စကားမျိုးကို သုံးလိမ့်မည် မဟုတ်ပေ။
ထန်ချီ၏ စွဲလန်းနေသော အမူအရာကို မြင်လိုက်ရသောအခါ
နေ့ခင်းကြောင်တောင်တွင် ဝေ့ရှင်း ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရ၏။
သူ ချက်ချင်းပင် ပုံမှန်မဟုတ်သည့် အရင်းအမြစ်ကို
ရှာဖွေလိုက်ရာ ထန်ချီ ရင်ခွင်ထဲရှိ ပန်းရောင်မြေခွေးလေးထံ ရောက်သွားသည်။ လက်ထဲက ပစ္စည်းများ
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုမြေခွေးလေးကိုသာ အသည်းအသန်
လှမ်းဖမ်းလိုက်ရန် ပြင်လိုက်သည်။
"မင်း သူ့ကို ဘာလုပ်လိုက်တာလဲ”
ပန်းရောင်မြေခွေးလေးက စိုစွတ်နေသော သူ့ မျက်လုံးဝိုင်းကြီးများဖြင့်
မော့ကြည့်လာ၏။
အကြည့်ခံရသည့် အချိန်အတွင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့
ဝေ့ရှင်း ခံစားလိုက်ရသည်။
မျက်စိကျိန်းမတတ် ဖြူဖွေးသော အလင်းတန်းကြီးတစ်ခုက
သူ့ ဦးနှောက်ထဲ ဖြတ်ပြေးသွားပြီး နားထဲတွင်လည်း တဝီဝီ မြည်သံများ ကြားနေရသည်။ ခေတ္တအကြာတွင်
ထိုဆူညံသံများ ငြိမ်သက်သွားကာ အဖြူအမည်း ကမ္ဘာကြီးသည် အရောင်များ ပြန်လည် စိုပြည်လာ၏။
ထို့နောက်တွင် ခုနက ခံစားခဲ့ရသော ထူးဆန်းမှုအားလုံးက
သဘာဝကျသော အရာများအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
လေထဲတွင် တောင့်ခဲနေသော သူ့ လက်ကလည်း ပြန်လည်
လှုပ်ရှားလာပြီး ယခုတစ်ကြိမ်တွင်မူ ၀ေ့ရှင်းက မြေခွေးလေးကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်မိ၏။
"မင်းလေးက တကယ့်ကို ချစ်ဖို့ကောင်းတာပဲ”
သူတို့ အနောက်ရှိ ဘတ်စ်ကားမှတ်တိုင်တွင်၊ ဦးထုပ်ဆောင်းထားသော ရွှေရောင်ဆံပင်နှင့်
ကောင်လေးတစ်ယောက် ရပ်နေ၏။ ထိုမြင်ကွင်းကို မြင်သောအခါ သူက ၀ေ့ရှင်းတို့ထံ တည့်မတ်စွာ
လျှောက်လာပြီး ပန်းရောင်မြေခွေးလေးကို သူ့ ရင်ခွင်ထဲသို့ ပြောင်းချီလိုက်သည်။
ကောင်လေးက မြေခွေးလေးကို အရင် ပွတ်သပ်ပေးလိုက်ပြီးနောက်
ကြောင်အမ်းအမ်း ဖြစ်နေသော သူတို့နှစ်ယောက်ကို ကြည့်ကာ အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“သွားကြစို့"
ထန်ချီက မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ပေါ့ပါးစွာ
နေတတ်သူဖြစ်သော်လည်း နံဘေးရှိ ဝေ့ရှင်းက သတိကြီးစွာဖြင့်
ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
စာဝါငှက်နှင့် သူ့ သူငယ်ချင်းက ဝေ့ရှင်းနှင့်
ထန်ချီ အနောက်သို့ ယခုအချိန်အထိ တောက်လျှောက်လိုက်ပါလာခဲ့ကြပြီး နောက်ဆုံးတွင် လှုပ်ရှားရန်
အခွင့်အရေး ရသွား၏။
စာဝါငှက်၏ အမိန့်ကို ကြားလိုက်ရသောအခါ ထန်ချီ
ကန့်ကွက်ခြင်းမရှိသော်လည်း ဝေ့ရှင်းကတော့ မေးလိုက်သည်။
“ငါတို့ ဘယ်ကိုသွားမှာလဲ”
ဤမေးခွန်းကြောင့် စာဝါငှက်က ဝေ့ရှင်းကို ပို၍ပင်
သေချာစွာ ဂရုတစိုက် ကြည့်လိုက်မိသည်။
လှည့်စားတတ်သော မြေခွေး၏ ပြုစားမှုအောက်တွင်
ရှိနေပါလျက်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိနေခြင်းသည်၊ ယခုအထိ သူတွေ့ဖူးသမျှ လူသားများထဲ
ဝေ့ရှင်းက တစ်ဦးတည်းသောသူဖြစ်ပြီး သူ့စိတ်ဓာတ်ကြံ့ခိုင်မှုသည် မည်မျှ အားကောင်းကြောင်း
သက်သေပြနေသည်။
စာဝါငှက် သူ့ ဦးထုပ်အနားစွန်းကို ကိုင်လိုက်ပြီး
ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။
"ငါတို့ ခရီးသွားလာရတာ ကြာပြီဆိုတော့ နည်းနည်းပင်ပန်းနေလို့
မင်းတို့ဆီမှာ ခဏလောက် နားချင်တယ် ငါတို့ရှာနေတဲ့သူကို တွေ့ပြီဆိုရင် ထွက်သွားမှာပါ
မင်းတို့ကို အန္တရာယ်မပေးပါဘူး”
ပန်းရောင်မြေခွေးလေးက ရုတ်တရက် တိုးညှင်းစွာ
ညည်းတွားလိုက်သည်။
"အားကျို သူတို့ဆီမှာ ထရိုင်နိုရန်နိုဆောရပ်စ်
နဲ့ အဆိပ်ပြင်းမြွေပွေး တို့ရဲ့ အနံ့တွေ ရှိနေတယ် သူတို့ကို ဒီလို တိုက်ရိုက်ပြုစားလိုက်တာက
အန္တရာယ်မရှိနိုင်ဘူးလား”
စာဝါငှက်က ပြန်နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ ထရိုင်နိုရန်နိုဆောရပ်စ်က
လူသားတွေအပေါ် ဘယ်လိုပဲသဘောထားရှိရှိ အဆိပ်ပြင်းမြွေပွေးက လူသားတွေကို အရိုးထဲအထိ မုန်းတာ”
"ဒီလူသားနှစ်ယောက်က သူတို့နဲ့ သိနေဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး အလွန်ဆုံးရှိလှ သူတို့ချင်း တိုက်တိုက်ဆိုင်ဆိုင် တိုးမိပြီး အနံ့စွဲလာတာပဲ
ဖြစ်မှာပါ”
အခြေစိုက်စခန်းတွင် လူသားများက အသွင်ပြောင့်သားရဲများအပေါ်
ဘယ်လို မည်သို့ ဆက်ဆံခဲ့သည်နှင့် အဆိပ်ပြင်းမြွေပွေးက လူများကို လိုက်ကိုက်နေတယ်ဆိုသည့်
ကောလာဟလများကို စဉ်းစားမိပြီး မြေခွေးလေးက စာဝါငှက်၏ ခန့်မှန်းချက်ကို ယုံကြည်သွားသည်။
‘သူကိုယ်တိုင်ပင်လျှင် လူသားတွေအပေါ် အမြင်ကောင်းမရှိပေ’
သူတို့ ဆွေးနွေးနေကြစဉ်၊ ဝေ့ရှင်းတစ်ယောက်
ပြုတ်ကျသွားသည့် ပစ္စည်းများကို လိုက်ကောက်နေပြီး လက်ချောင်းများ တုန်ယင်နေကာ အရောင်မဲ့နေသော
သူ့ မျက်ဝန်းများထဲတွင် ရုန်းကန်နေသည့် အရိပ်အယောင်များ ခေတ္တမျှ ဖြတ်ပြေးသွားသည်ကို
သူတို့ သတိမထားမိကြပေ။
ဝေ့ရှင်း အနေဖြင့် မြေခွေးလေး၏ ညည်းတွားသံကို
နားမလည်သော်လည်း ရွှေရောင်ဆံပင်နှင့် ကောင်လေး၏ စကားကိုတော့ ကြားနိုင်သည်။
ထရိုင်နိုဆောရပ်စ်၊ အဆိပ်ပြင်းမြွေပွေး သူ့ဆီက
အနံ့၊ သူတို့ပြောနေတာ ရှောင်ဟေးနဲ့ အားလွီ အကြောင်းလား။
သူတို့သည် တိတ်ဆိတ်စွာ ဆက်လျှောက်လာခဲ့ကြ၏။
ပင်ပန်းနေသည်ဟု စာဝါငှက် ပြောခြင်းက လိမ်သညာပြောနေခြင်း
မဟုတ်ပေ။ H မြို့တော်မှ G မြီု့တော်သို့ တစ်ရက်ခွဲအတွင်း
အရောက်လာခဲ့ရပြီး သူတို့အနေဖြင့် အိပ်စက်အနားယူရန် အချိန် မရှိသလောက်ပေ။
ထို့အပြင် သူတို့တွင် ID ကတ် မရှိသဖြင့် တရားမဝင်ကားများကိုသာ
စီးခဲ့ရပြီး၊ တစ်ဒါဇင်ထက်မက ကားပြောင်းစီးခဲ့ရသည့်အပြင် လူမိမည်ကိုလည်း အထူးသတိထားခဲ့ရသဖြင့်
အင်အားအမြောက်အမြား ကုန်ဆုံးခဲ့ရသည်။
လမ်းလျှောက်နေစဥ် စာဝါငှက်၏ ခြေလှမ်းများ ယိုင်သွားသည်။
သူကိုယ်တိုင် သတိမထားမိခင်မှာပင် လက်တစ်ဖက်က သူ့ကို လှမ်းဖမ်းပြီး ထိန်းပေးလာ၏။
ထိုလူငယ်လေးက သူ့၏ မျက်လုံးအောက်ရှိ မျက်ကွင်းညိုများကို
ညွှန်ပြကာ စိုးရိမ်တကြီး မေးလိုက်သည်။
"မင်း ပင်ပန်းနေပြီလား"
စာဝါငှက် ခေတ္တမျှ မှင်သက်သွားပြီး သူ့ ရင်ခွင်ထဲရှိ
မြေခွေးလေးကို ငုံ့ကြည့်လိုက်သည်။ ဝေ့ရှင်းတစ်ယောက် မြေခွေးလေး၏ လှည့်စားခြင်းကို ခံနေရသည်
ဟု သူထင်နေခြင်းဖြစ်၏။
သို့သော် မြေခွေးလေးကလည်း ခေါင်းမော့ကြည့်ကာ
သူ့နည်းတူ ငိုက်နေပြီး ဇဝေဇဝါဖြစ်နေသော အမူအရာကိုသာ ပြသနေသည်။
နှစ်စက္ကန့်ပင်မပြည့်မီမှာပင် စာဝါငှက် သဘောပေါက်သွားသည်၊
ထိုလူငယ်လေးက မြေခွေးလေး၏ ထိန်းချုပ်ခြင်းကို ခံနေရခြင်းမဟုတ်ဘဲ လှည့်စားခြင်းအောက်တွင်ပင်
သူ့ကို ကူညီချင်သည့်စိတ်ဖြင့် မသိစိတ်က လှုပ်ရှားလိုက်ခြင်သာ ဖြစ်၏။
တစ်နည်းအားဖြင့် ပြောရပါက ဤလူငယ်လေးက အမှန်တကယ်ပင်
စိတ်ရင်းကောင်းသူဖြစ်ပြီး ထိုအရာက ဟန်ဆောင်၍ မရသောအရာ ဖြစ်သည်။
‘လူသားတွေထဲမှာ ဒီလိုမျိုး ရှားပါးတဲ့ လူမျိုးစိတ်တွေ
ရှိနိုင်သေးတာလား’
စာဝါငှက် အနေဖြင့် လူသားများက မည်မျှအထိ ရက်စက်နိုင်သည်ကို
မြင်တွေ့ခဲ့ဖူးသဖြင့် ဤကဲ့သို့ စိတ်ကောင်းရှိသော လူသားရှိနိုင်မည်ဟု အခြေခံအားဖြင့်
မယုံကြည်ပေ၊ ထို့ကြောင့် "မျိုးစိတ်" ဟူသော စကားလုံးကို သုံးလိုက်ခြင်းပင်။
သို့သော် ယခုမူ အမှန်တရားက သူ့ ရှေ့တည့်တည့်တွင် ရှိနေသည်။
မြေခွေးလေး၏ စွမ်းအားက ရုတ်တရက် ပျက်ပြယ်သွားသည်က
လွဲ၍ပေါ့။
မျက်တောင်လေးများ စိုက်ချလိုက်ပြီး သူ့ရင်ထဲ
ဖြစ်ပေါ်လာသော ထူးဆန်းသည့် ခံစားချက်ကို စာဝါငှက် ဖုံးကွယ်လိုက်၏။
လမ်းသွားလမ်းလာများက ရွှေရောင်ဆံပင်နှင့် ကောင်လေးက
ထူးဆန်းသော ပန်းရောင် မြေခွေးလေးကို ချီထားသည်ကို စပ်စုချင်သော်လည်း ဝေ့ရှင်းနှင့်
ထန်ချီတို့ ကာကွယ်ပေးထားသဖြင့် မည်သည်မှ မပြောကြပေ။ မကြာမီ သူတို့နေထိုင်သည့် အိမ်ရာ၀န်း
အနားသို့ ရောက်လာခဲ့ကြသည်။
ဂိတ်ဝနှင့် နီးကပ်လာလေလေ ဝေ့ရှင်း၏ ခြေလှမ်းများ
နှေးလာလေလေ ဖြစ်ပြီး ရှောင်ဟေးတို့ကို စာဝါငှက် တွေ့သွားမည်ကို မသိစိတ်မှ ခုခံနေမိသည်။
နောက်ဆုံးတွင် ဦးနှောက်ကွဲမတတ် ခေါင်းကိုက်လာသည်အထိ
ခံစားရသဖြင့် သူ ရပ်တန့်လိုက်ရသည်။
ဝေ့ရှင်း၏ ပုံမှန်မဟုတ်သောအမူအရာကို စာဝါငှက်
သတိပြုမိသွားသည်။
သို့သော် မြေခွေးလေး၏ ထိန်းချုပ်မှုမှ ဝေ့ရှင်း
လွတ်မြောက်သွားမည်ကို သူ မစိုးရိမ်ပေ။ A အဆင့်
ရှိသော အသွင်ပြောင်းသားရဲတစ်ကောင်၏ စိတ်စွမ်းအားကို သာမန်လူသားတစ်ယောက် အနေဖြင့် မယှဉ်နိုင်သောကြောင့်ပင်။
သို့ရာတွင် ဝေ့ရှင်း ဤကဲ့သို့ ဆက်လက်ခုခံနေပါက
သူ့ဦးနှောက်ကို ထိခိုက်သွားနိုင်သည်။
စာဝါငှက်က မျက်မှောင်ကြုတ်ကာ တိုက်တွန်းလိုက်သည်
"စိတ်ကိုလျှော့ထား မခုခံနဲ့ ဒါဆိုရင် မင်းမနာကျင်…”
စကားမဆုံးသေးခင်မှာပင် စာဝါငှက်၏ နောက်ကျောက်ဘက်မှနေ၍
စိမ့်ခနဲ အေးစိမ့်ခြင်းတစ်ခုကို ခံစားလိုက်ရသည်။
သူ့ရင်ခွင်ထဲရှိ မြေခွေးလေးက ပို၍ပင် အာရုံခံစားလွယ်သဖြင့်
အော်ဟစ်ကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး သူ့အမြီးလေး သူဖက်ကာ တုန်ယင်နေလေ၏။
သူတို့နှင့် မလှမ်းမကမ်းရှိ လက်ရန်းပေါ်တွင်
ရှောင်ဟေး ရပ်နေသည်။
ထိန်းချုပ်ခံထားရသော လူငယ်လေးထံမှ သူ့ အကြည့်ကို
လွှဲလိုက်၏။ ထို့နောက် ရွှေရောင်ဆံပင်နှင့် ကောင်လေး၊ ပန်းရောင်မြေခွေးလေးတို့ထံ ဖြည်းဖြည်းချင်း
အကြည့်ပို့လိုက်သည်။
ဝေ့ရှင်းကို ကြည့်စဉ်က ရှိခဲ့သည့် နူးညံ့ခြင်းမျိုး
လုံးဝမရှိတော့ဘဲ သူ၏ ရွှေရောင် ဒေါင်လိုက်သူငယ်အိမ်များတွင် သွေးရောင်လွှမ်းနေကာ ကောင်းကင်တစ်ခုလုံး မိုးကြိုးများ
ပြည့်နေသကဲ့သို့ ပြင်းထန်လှသည်။
နံပါတ် ၁
ထရန်နိုဆောရပ်စ်၊ ယနေ့အထိ စွမ်းအားအကြီးဆုံး အသွင်ပြောင်းသားရဲ။ ပြီးပြည့်စုံသည်အထိ
ပြုပြင်မွမ်းမံထားပြီး အဆင့်အမြင့်ဆုံး မျိုးရိုးဗီဇများဖြင့် သေကြေပျက်စီးစေနိုင်မှု
အဆင့် ၁ ရှိသူ ဖြစ်သည်။ သူ့ကို ဖန်တီးခဲ့သည့် သုတေသနပညာရှင်များပင်လျှင် သူ့ကို အံ့သြကာ
ကြောက်ရွံ့ခဲ့ကြ၏။
ထရိုင်နိုရန်နိုဆောရပ်စ်၏ စွမ်းအားအပြည့်အဝကို
မည်သူမျှ မသိကြပေ။ မည်သည်ကြောင့်ဆိုသော် မည်သည့် အသွင်ပြောင်းသားရဲကမျှ သူ့ကို အင်အားအကုန်သုံးအောင်
မလုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ယခုမူ ထရိုင်နိုနိုဆောရပ်စ်၏ ဖိအားကို စာဝါငှက်
အပြည့်အဝ ခံစားနေရသည်။
စာဝါငှက်က မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသွားပြီး
နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ရေခဲမြစ်ထဲသို့ ကျသွားသကဲ့သို့ တစ်ကိုယ်လုံး အေးစိမ့်ကာ
အရိုးထဲအထိ တုန်ယင်လာ၏။ သူ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများတစိမ့်စိမ့် စီးကျလာသည်။
ဤအချိန်တွင် စာဝါငှက် စိတ်ထဲ ထွက်ပြေးရန်ပင်
မစဉ်းစားနိုင်ပေ။ သူ့၏ ဦးနှောက်တစ်ခုလုံးတွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုတစ်ခုသာ
ပြည့်နှက်နေသည်။
ထရိုင်နိုဆောရပ်စ် ဒေါသအကြီးအကျယ် ထွက်နေပြီ။