Chapter 10
ပြတင်းပေါက် အပြင်ဘက်မှ မိုးစက်သံလေးများကို
တဖွဲဖွဲ ကြားနေရပြီး၊ အပူပေးစက်ကြောင့် နွေးထွေးနေသည့် အခန်းလေးထဲတွင် တိတ်ဆိတ်ခြင်းက
လွှမ်းမိုးထား၏။ ရှောင်ဟေးမှာ ပုံမှန်ထက် ပို၍ ငြိမ်နေလေသည်။ သည်းထန်စွာ မိုးရွာလာသည့်အခါ
သူက မသိသာစေဘဲ အပြင်သို့ တစ်ချက် လှမ်းကြည့်လိုက်၏။
တစ်နေ့လုံး ရှုပ်ယှက်ခက်ခဲ့သဖြင့် ဝေ့ရှင်းက
ဟင်းချက်ရန်ပင် အားအင်မရှိတော့ဘဲ တစ်ခုခုကို ဗိုက်ဝရုံသာ အလွယ်တကူ စားလိုက်သည်။ ထို့နောက်
အပြင်ဘက်တွင် သည်းကြီးမဲကြီး ရွာနေသည့်မိုးကို ကြည့်လိုက်ပြီး၊ စားပွဲပေါ်၌ အိပ်ပျော်ချင်
ဟန်ဆောင်နေသည့် အနက်ရောင် အမွှေးလုံးလေးကို မ ပြီး ပွတ်သပ်လိုက်ပေး၏။
ရှောင်ဟေးမှာ ကြိုတင်ပြင်ဆင်ချိန်လေးပင် မရလိုက်ပေ။
လူငယ်လေး၏ ပွတ်သပ်ပုံက အမှန်ပင် ကျွမ်းကျင်လှသည်။ နူးညံ့သော်လည်း အားပါ၏။ ဖြူဝင်းသော
သူ၏ လက်ချောင်းလေးများက ရှောင်ဟေး၏ ပါးလေးကို ထိတွေ့ပြီး အကြိမ်ကြိမ် ကုတ်ပေးနေသဖြင့်
ရှောင်ဟေးက တစိမ့်စိမ့်နှင့် ဇိမ်ကျနေလေသည်။
မခုခံနိုင်တော့သည့်အဆုံး ရှောင်ဟေးမှာ ဝေ့ရှင်း၏
အထိအတွေ့အောက်တွင် အရှုံးပေးလိုက်ရပြီး၊ အကြည့်များက ဝေဝါးလာကာ လည်ချောင်းထဲမှ
"ဂူးဂူး" မြည်သံလေးများတောင် ထွက်လာ၏။
ဝေ့ရှင်းက ရှောင်ဟေး၏ နားလေးအား အနားကပ်ပြီး
တိုးတိုးလေး ရယ်ကာ မေးလိုက်သည်။
"ငါ ကုတ်ပေးတာ နေလို့ကောင်းလား”
"မြှောင်..."
ရှောင်ဟေး၏ ဟိန်းသံလေးမှတစ်ဆင့် သူ မည်မျှပင်
ဇိမ်ကျနေလဲဆိုသည်ကို ဝန်မခံချင်၍ ရှက်နေမှန်း သိသာလှ၏။
ဝေ့ရှင်းမှာ ထပ်မံ၍ ရယ်မောလိုက်ပြီး ချော့မော့ပြောဆိုပြန်သည်။
"အဲဒါဆို မနက်ဖြန်လည်း ငါ့ကို ထပ်ကုတ်ခိုင်းချင်လား”
"မြှောင်..."
"ဒါပေမဲ့ ကုတ်ပေးရတာ အားစိုက်ရတယ်လေ၊
ငါ့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်လေး တစ်ခုလောက် ပြန်တောင်းတာ မများဘူးမလား"
"မြှောင်..."
"အဲဒါကြောင့် ခဏနေရင် ငါ သူ့ကို အိမ်ခေါ်လာတဲ့အခါ
မင်း သူနဲ့ ထပ်ပြီး ရန်မဖြစ်ရဘူးနော်"
"မြှောင်၊ ဝေါင်း”
ရုတ်တရက် ရှောင်ဟေး၏ ဝေဝါးနေသည့် မျက်လုံးများက
ချက်ချင်းပင် ကြည်လင်သွားသည်။ သူက ဝေ့ရှင်းကို အမြန် လှည့်ကြည့်လိုက်သည့်အခါ ဝေ့ရှင်းမှာတော့
အပြစ်ကင်းစင်သော မျက်လုံးလေးများကို ပုတ်ခတ်ပြပြီး ပြောလာ၏။
"မင်း သဘောတူပြီးပြီနော်၊ ကတိဖျက်လို့ မရဘူး”
လူငယ်လေး၏ မျှော်လင့်ချက်များ အပြည့်ဖြစ်နေသော
မျက်နှာကို ကြည့်ပြီး ရှောင်ဟေးမှ မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏ အကြည့်များက တဖြည်းဖြည်း
နူးညံ့သွားလေသည်။ ရှောင်ဟေး၏ အကြည့်များကို
သတိထားမိသွားသော ဝေ့ရှင်းက ရှောင်ဟေးကို ပျော်ရွှင်စွာ ပွေ့ဖက်ပြီး အားရပါးရ နမ်းလိုက်သည်။
"ရှောင်ဟေး၊ မင်းက အကောင်းဆုံးပဲဆိုတာ
ငါသိတယ်”
ပြောပြောဆိုဆိုဖြင့် ဝေ့ရှင်းမှ အမြန်ထလိုက်ပြီး
အပေါ်အင်္ကျီကို အမြန်ဝတ်ပြီး ထီးကိုဆွဲ၍ ကြောင်တောင်တောင်လေး ဖြစ်ကျန်ခဲ့သည့် ရှောင်ဟေးက
မတားနိုင်ခင်တွင်ပင် တံခါးထံသို့ ရောက်သွားသည်။ ထို့နောက် အကျယ်ကြီးအော်ကာ ကတိပေးလာ၏။
"ငါတို့ ချက်ချင်း ပြန်လာခဲ့မယ်"
ဒုန်း!
ကျယ်လောင်သော တံခါးပိတ်သံသာ ကျန်ခဲ့၏။
ရှောင်ဟေး၏ လျှာဖျားလေးတင် ရှိနေသည့် ဟိန်းသံကြီးက
ပြန်ဝင်သွားပြီး သူ၏ နှုတ်ခမ်းထောင့်များက တဆက်ဆက် တုန်နေ၏။ အပြင်ဘက်တွင် ရွာနေသည့်မိုးကို
တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် မည်သည်ကိုမှ မတတ်နိိုင်တော့သည့် အမူအရာဖြင့် စိတ်လျှော့ကာ
မျက်လုံးမှိတ်လိုက်၏။
ညဥ့်နက်ပိုင်းတွင် အလင်းရောင် မရှိသည့်အပြင်
မိုးကလည်း သည်းထန်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး မြူများဆိုင်းနေသလို ဝေဝါးနေ၏။ ဤကဲ့သို့
အခြေအနေမျိုးတွင် ကြောင်တစ်ကောင်ကို ရှာဖွေရန် တကယ်ကို ခက်ခဲလှသည်။
"အစိမ်းလေး... အစိမ်းလေး”
ဝေ့ရှင်းအနေဖြင့် ထိုအစိမ်းရောင် အမွှေးလုံးလေး၏
နာမည်ကို မသိဖြင့် သူ့အရောင်ကိုပဲ အစွဲပြုပြီး အော်ခေါ်နေခဲ့၏။ သို့ရာတွင် သူက စိုးရိမ်တကြီး
အကြိမ်ကြိမ် ခေါ်နေသော်လည်း မည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။
ဖြစ်နိုင်သည်က အစိမ်းရောင် အမွှေးလုံးလေး စိတ်ဆိုးပြီး
ထွက်သွားခြင်းပင်။ ဤသို့ လိုက်ရှာနေခြင်းက အချည်းနှီး ဖြစ်နေနိုင်၏။ သို့သော်လည်း နေဝင်ခါနီး
အချိန်တွင် မာနတကြီး ရပ်နေခဲ့သည့် ထိုအကောင်လေး၏ ပုံစံကို ဝေ့ရှင်း ပြန်မြင်ယောင်မိပြီး
သူက အနီးအနားတွင်သာ ရှိနေဦးမည် ခံစားနေရသည်။
ထို့ကြောင့် ဝေ့ရှင်းက အရှုံးမပေးပေ။ လေတိုက်နှုန်းမှာ
ပြင်းထန်လာပြီး ထီးမလုံသည့် နေရာများက မိုးပက်လာသဖြင့် ဝေ့ရှင်း၏ အင်္ကျီနှင့် ဆံပင်များ
ရွှဲစိုကုန်သည်။ စိုစွတ်နေသော သူ့ မျက်နှာကို သုတ်လိုက်ပြီး မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ
ဆက်ရှာနေဆဲပင်။
နောက်ဆုံးတွင် ထောင့်နားရှိ ချုံပုတ်တစ်ခုနား
ရောက်သည့်အခါ အမှောင်ထဲမှ လုံးဝန်းသော ခေါင်းလေးတစ်လုံး ပြူထွက်လာ၏။
"မြှောင်..."
ထိုအသံလေးက အတော်လေး တိုးလှသည်။ ဝေ့ရှင်းသာ
သေချာ အာရုံမစိုက်ထားပါက လွတ်သွားနိုင်၏။ သူမှ ငုံ့ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော
အကောင်လေးကို တွေ့လိုက်ရပြီး သူ့ရင်ထဲရှိ အပူလုံးကြီးလည်း ကျသွားသည်။
အားလွီမှာ မူလက သူ၏ တကယ့်သားရဲပုံစံနှင့် အမှောင်ထဲ
ခွေနေခြင်း ဖြစ်သော်လည်း ဝေ့ရှင်းမှ လာရှာနေသည်ကို မြင်လိုက်သည့် ခဏတွင် အလိုလိုနေရင်း
ကြောင်ပုံစံသို့ ပြန်ပြောင်းမိလိုက်ခြင်းပင်။ ထို့ကြောင့် သူ့အမွှေးများက မိုးရေကြောင့်
ရွှဲစိုပြီး ကိုယ်ပေါ်တွင် ကပ်နေသဖြင့် သနားစရာကောင်းသော ပိန်ညှောင်ကြောင်လေး ဖြစ်နေ၏။
ဤမြင်ကွင်းမှာ ရှောင်ဟေးကို သူစတွေ့သည့် နေ့နှင့်
အတော်လေး တူနေသည်။ သနားစိတ်ကြောင့် ဝေ့ရှင်း၏ ရင်ထဲ၌ အနည်းငယ် နာကျင်သွားရ၏။ သူက အားလွီကို
မ,ချီရန် ငုတ်တုတ်ထိုင်လိုက်သည်။
"မင်းတို့တွေက ဘာလို့ မိုးခိုရမှန်း မသိကြတာလဲ"
မမျှော်လင့်ဘဲ အစိမ်းရောင် အမွှေးလုံးလေးက
သူ့လက်ကို ရှောင်ပြီး နောက်တစ်လှမ်း ဆုတ်သွား၏။ သူ၏ သားရဲမျက်လုံးများက တုန်ရီနေပြီး
ဝေ့ရှင်း၏ အကြည့်ကို ရှောင်နေသည်။ တစ်စုံတစ်ခုကို စိုးရိမ်နေသကဲ့သို့ပင်။
ဝေ့ရှင်းက အသံကိုနှိမ့်လိုက်ပြီး ပြောလိုက်သည်။
"လိမ္မာတယ်နော်၊ ရှောင်ဟေးက မင်းကို ထပ်ပြီး
ရန်မမူတော့ပါဘူး”
သို့သော် အစိမ်းရောင် အမွှေးလုံးလေးကတော့ အနားတိုးမလာဘဲ
နောက်သို့ ထပ်ဆုတ်သွားပြန်၏။ ဝေ့ရှင်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။ အစိမ်းရောင် အမွှေးလုံးလေးမှ
သူ့လက်ရှိ ပတ်တီးကို ခိုး,ခိုးကြည့်နေကြောင်း မြင်လိုက်ရမှ ၀ေ့ရှင်းက သဘောပေါက်သွားသည်။
သို့သော်လည်း သူ့လက်ကို ပြန်မရုတ်လိုက်ဘဲ အစိမ်းရောင်
အမွှေးလုံးလေးအား ပိုပြီးသေချာစွာ မြင်ရစေရန် ရှေ့သို့ ထိုးပေးလိုက်ပြီး ပြောလိုက်၏။
"သိလား၊ ဒါက မင်း ငါ့ကို ကာကွယ်ပေးခဲ့တယ်ဆိုတဲ့
သက်သေပဲ”
သူ့စကားကို ကြားလိုက်ရသည့်အခါ အစိမ်းရောင် အမွှေးလုံးလေးမှာ
မှင်တက်သွားပြီး ဝေ့ရှင်းကို ထူးဆန်းစွာ စိုက်ကြည့်နေလေသည်။ ဝေ့ရှင်းတစ်ယောက် စိတ်များ
ဖောက်ပြန်သွားပြီလားဟု သူက တွေးနေသကဲ့သို့ပင်။
‘ဒဏ်ရာတစ်ခုက ဘယ်လိုလုပ်ပြီး ကာကွယ်ပေးခြင်းရဲ့
သက်သေ ဖြစ်နိုင်မှာလဲ’
ဝေ့ရှင်းမှ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
"ပထမအချက်က ဒီဒဏ်ရာက ငါ့ဘာသာငါ ဖြစ်တာ
မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဒုတိယအချက် ဒါက ပိုအရေးကြီးတယ်၊ မင်းသာမရှိရင် ငါ ဒီထက်မက ပြင်းထန်တဲ့
ဒဏ်ရာရနိုင်တယ် ဒါမှမဟုတ် သေတောင် သေသွားနိုင်တယ်”
အစိမ်းရောင် အမွှေးလုံးလေး၏ ပါးစပ်လေးမှာ ပွင့်ဟသွားသည်။
ဝေ့ရှင်းက သူ့ကိုယ်သူ အပြစ်တင်ရန် အခွင့်အရေးမပေးဘဲ တန်းပြီး ဖြတ်ပြောလိုက်သည်။
"မင်းက ငါ့ကို ဒဏ်ရာပေးမိမှာ ကြောက်နေတာလား”
"ဒါပေမဲ့ မင်းက ငါ့ကို တောက်လျှောက် ကာကွယ်ပေးခဲ့တာပဲ၊
ငါက မင်းကို ငြင်းပယ်နေတာတောင် တမင် လျစ်လျူရှုထားတာတောင် နောက်ဆုံး မင်းကို စိတ်ဆိုးအောင်
လုပ်မိတာတောင်မှ မင်းက ငါ့ကို တစ်ချက်ကလေးမှ ရန်မမူခဲ့ဘူး”
လူငယ်လေးက မျက်ခုံးလေးများ ကွေးညွတ်သွားသည်အထိ
ပြုံးလိုက်သည့်အခါ သူ့မျက်လုံးများထဲတွင် ကြယ်တာရာများ ပြည့်နှက်နေသကဲ့သို့ တောက်ပနေ၏။
သူက ဖြည်းဖြည်းချင်းနှင့် ခိုင်မာစွာ ပြောလိုက်သည်။
"မင်း ငါ့ကို နာကျင်အောင် လုပ်မှာမဟုတ်ဘူးလို့
ငါ ယုံကြည်တယ်”
ရွာသွန်းနေသည့် မိုးစက်များကို အောက်သို့ နိမ့်ချထားသည့်
ထီးက အပြည့်အဝ ကာကွယ်ပေးထား၏။ ဤတိတ်ဆိတ်ကာ ကျဉ်းမြောင်းသော ချုံပုတ်လေးထဲတွင် အချိန်များက
ရပ်တန့်နေသကဲ့သို့ပင်။ အတော်ကြာမှ အစိမ်းရောင် အမွှေးလုံးလေးက ရှောင်တိမ်းနေခြင်းကို
ရပ်လိုက်ပြီး ဝေ့ရှင်း၏ ရင်ခွင်ထဲကို အလိုက်သင့်လေး ဝင်လာ၏။
အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ဝေ့ရှင်းက
ရေချိုးလာသဖြင့် သူ့ကိုယ်မှ ဆပ်ပြာနံ့သင်းသင်းလေး ထွက်နေသည်။ သစ်သားနံ့ကဲ့သို့သော ရနံ့လေးထဲ၌
ပန်းရနံ့လေး အနည်းငယ် စွက်နေသလိုမျိုးပင်။
ထိုရနံ့က မိုးရေများထဲတွင် ခပ်ဖျော့ဖျော့လေး
ဖြစ်နေပြီး အစိမ်းရောင် အမွှေးလုံးလေးက ပိုမို၍ နီးကပ်စွာ တိုးကပ်လာပြီး ထိုရနံ့မှတစ်ဆင့်
တစ်ခုခုကို မှတ်မိရန် ကြိုးစားနေသကဲ့သို့ သေချာစွာ နမ်းကြည့်နေသည်။
ဝေ့ရှင်းက သူ့ကို နာမည်ပေးရန် တိုင်ပင်လိုက်၏။
"မင်းမှာ နာမည်ရှိလား မရှိဘူးလား၊ အဲဒါဆို
ငါ မင်းကို အားလွီ လို့ ခေါ်မယ်လေ ဟုတ်ပြီလား”
အားလွီက တိုးတိုးလေး ပြန်ထူး၏။ သူနှင့် အမွှေးလုံးလေးတို့
အိမ်ပြန်ရောက်သည့်အခါ ဝေ့ရှင်းမှ ရှောင်ဟေး၏ တုံ့ပြန်မှုကို အထူးသတိထာပြီး ကြည့်လိုက်၏။
ရှောင်ဟေးက စိတ်မဆိုးပေ။ သူက မျက်လုံးလေးကို တစ်ချက်သာ ဖွင့်ကြည့်ပြီး ပြန်မှိတ်သွားသည်။
အံ့ဩစရာကောင်းသည်က ဝေ့ရှင်းမှာ ရင်ခွင်ထဲရှိ
အားလွီက ရုန်းထွက်ပြီး ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းကာ ရှောင်ဟေးထံ ဦးစွာ ချဉ်းကပ်သွားခြင်းပင်။
အခြေအနေက အနည်းငယ် တင်းမာနေသော်လည်း အားလွီမှ ဦးစွာ စကားစလိုက်သည်။
"အဲဒီ စမ်းသပ်မှုတုန်းက ငါ သူတို့ကို သတ်ဖို့
တကယ် ရည်ရွယ်ခဲ့တာမဟုတ်ဘူး"
ယခင် အချိန်၏ မြင်ကွင်းများကို ပြန်ပြောပြနေချိန်တွင်
သူ့အမူအရာက အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေ၏၊ သို့မဟုတ် ထုံကျင်နေခြင်းလည်း ဖြစ်နိုင်သည်။
"တခြား ဗီဇပြောင်းသားရဲတွေ အသေများလေလေ၊
ကိုယ့်အတွက် အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေလေပဲ၊ အဲဒါကြောင့် သားရဲတိုင်းက တွေ့တဲ့သူကို
ကိုက်ပြီး သတ်ဖြတ်နေကြတာ၊ ငါလည်း အပါအဝင်ပေါ့”
"နေရာတိုင်းမှာ သွေးတွေ အော်သံတွေချည်းပဲ၊
ဘယ်သူက ငါ့ကို ကိုက်လိုက်လဲ ငါမသိဘူး၊ နာလိုက်တာမှ ဘာကိုမှ မစဉ်းစားနိုင်တော့တဲ့အထိပဲ၊
အဲဒီနောက်ပိုင်း ငါ့ကို တိုက်ခိုက်ဖို့ဖြစ်ဖြစ် အနားကပ်လာဖို့ဖြစ်ဖြစ်၊ လုပ်တဲ့သူမှန်သမျှကို
ငါပြန်ကိုက်ပြီး အဆိပ်တွေ ထိုးသွင်းပစ်ခဲ့တယ်"
"နောက်ဆုံးမှာ သိုးလေးတစ်ကောင်ပဲ ကျန်တော့တဲ့အထိပဲ”
မူလက ရှောင်ဟေးမှာ တိတ်တိတ်လေး နားထောင်နေခဲ့သည်။
သို့သော် ဤနေရာရောက်တော့ သူ့ မျက်လုံးများကို ဖွင့်လိုက်ပြီး မြားတစ်စင်းကဲ့သို့ ထက်မြက်သည့်
အကြည့်များဖြင့် အားလွီကို စိုက်ကြည့်လိုက်၏။ သို့သော် အားလွီ၏ မျက်လုံးထဲ ရန်လိုခြင်းများမရှိဘဲ
ဇဝေဇဝါဖြစ်ခြင်းများသာ ရှိနေကြောင်း တွေ့လိုက်ရသည်။
"သူက ငါ့ဆီကို ပြေးဝင်လာတာ”
ထိုအချိန်တုန်းက အားလွီ ကိုယ်တိုင်လည်း အဆိပ်များ
ကုန်နေပြီး တစ်ကိုယ်လုံးလည်း တခြားသားရဲများကြောင့် ဒဏ်ရာများ ပြည့်နေသကဲ့သို့ အမြီးပင်
ပြတ်နေခဲ့သည်။ ကျန်ရှိနေသော သူ့အစွယ်များကလွဲပြီး တခြား တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။
သူက ပင်ပန်းနေသကဲ့သို့ နာလည်း နာကျင်နေ၏။ သို့သော်
သေရမည်ကိုလည်း ကြောက်နေသဖြင့် သူ့အာရုံကြောများ အစွမ်းကုန် တင်းမာနေခဲ့သည်။ ထို ရုန်းရင်းဆန်ခတ်ခြင်းများကြား
ကယ်တင်ရန် တောင်းပန်သံကို သူ ကြားလိုက်ရ၏။
တောင်းပန်နေသည်က သိုးလေး မဟုတ်ဘဲ သူ့ဘေးတွင်
သေအံ့ဆဲဆဲ ဖြစ်နေသည့် ကျားမကြီးပင်။ သိုးလေးကတော့ မူလကတည်းက တိုက်ခိုက်နိုင်စွမ်း သိပ်မရှိသဖြင့်
ဤရန်ပွဲထဲ အောက်ခြေတွင် ရောက်နေသည်။
သူ့ကို ကာကွယ်ပေးရန် ကျားမကြီးက အသက်နှင့်လဲပြီး
ပေးဆပ်ခဲ့ရ၏။ အားလွီက အမြီးတစ်ဝက် ကျန်သေးသော်လည်း ကျားမကြီးကတော့ အမြီးပင် မရှိတော့ဘဲ
သွေးများလည်း အများကြီး ထွက်နေသည်။
သူမ၏ အဆုံးသတ် ရောက်နေကြောင်းကို သိသည့်အတွက်
ကျားမကြီးက သူမ၏ နောက်ဆုံးအင်အားကို သုံးပြီး သိုးလေးသည် မည်သည့် အန္တရာယ်မှ မပေးနိုင်ကြောင်း၊
သူ့ကို ချမ်းသာပေးရန် အားကိုးတကြီး တောင်းပန်သွားခဲ့သည်။ သို့သော်လည်း အားလွီ၏ အဖြေကို
မကြားရခင်တွင်ပဲ ကျားမကြီး နာကျင်စွာဖြင့် သေဆုံးသွားခဲ့သည်။ သူမ သေသွားသည့်တိုင် အသက်မဲ့နေသော
သူမ၏ မျက်လုံးများကတော့ အားလွီကို တောင်းပန်သည့် အကြည့်များနှင့် စိုက်ကြည့်နေဆဲ ဖြစ်၏။
ထိုနောက်ပိုင်း ဖြစ်ခဲ့သည့် အရာများကို အားလွီမှ သိပ်မတွေးဖြစ်တော့ပေ။ ထိုအတိတ်ကို သူ မမှတ်မိချင်ပေ။
သိုးလေး၏ ရင်ကွဲမတတ် အော်ဟစ်သံကို ကြားယောင်မိတိုင်း သူ့နှလုံးသားတစ်ခုလုံး ပြဲထွက်မတတ်
ခံစားရ၏။ ယခင်က မိုးရေထဲ ကွေးနေတုန်း သူ ဝေဝါးဝါး ပြန်သတိရလာသည်။
"ဒီသိုးရဲ့ ငိုသံက တကယ့်ကို ရင်နာစရာပဲ"
"သိုးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတချို့က
လူသားတွေနဲ့ ဆင်တူတယ်"
"ဟားဟား၊ မင်းပြောတာ ကြားရတော့ ငါတောင်
မြည်းကြည့်ချင်လာပြီ"
ကျားမကြီး သေပြီးနောက် သိုးလေး၏ အော်သံများအပြင်
လော်စပီကာမှ လူသားများ၏ တောက်လျှောက် စကားပြောသံများကိုလည်း သူ ကြားခဲ့ရသည်။
အသက်ရှင်ရန်သာ အာရုံစိုက်နေရသည့် အားလွီအတွက်
ထိုစကားလုံးများကို အပြည့်အဝ နားမလည်ခဲ့ပေ။ သို့သော် ထိုစကားများကို ကြားပြီးနောက်ပိုင်း
သိုးလေးမှာ ငိုနေရာမှ ရပ်သွားခဲ့သည်ကို သူ မှတ်မိနေ၏။ သိုးလေး၏ မျက်လုံးများက သွေးထွက်မတတ်
နီရဲလာပြီး လုံးဝရူးသွပ်သွားကာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့်ပုံစံမျိုးဖြင့် အားလွီကို
ပြေးကိုက်လာသည်။
အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ အားလွီက
မတွန့်ဆုတ်ခဲ့ပေ။ သတ်ဖြတ်ခြင်းကိုလည်း သူ့အနေဖြင့် ထုံကျင်နေခဲ့သည်။ တခြားသားရဲများကို
သတ်ခဲ့သကဲ့သို့ပင် အားနည်းသော သိုးလေးကို အလွယ်တကူ လည်ပင်းညှစ်ပြီး ချွန်ထက်သည့် သူ့
အစွယ်များနှင့် နွေးထွေးသော သိုးလေး၏ လည်ပင်းကို ထိုးဖောက်လိုက်သည်။
ထို အတိတ်ဇာတ်ကြောင်းကို နားထောင်ပြီးနောက်
ရှောင်ဟေး၏ နှုတ်ခမ်းလေး လှုပ်သွားပြီး အတော်ကြာမှ အသိအမှတ်ပြုသည့် အသံလေး တစ်ချက်
ပြုလုပ်လိုက်၏။ ရှောင်ဟေး၏ တုံ့ပြန်မှုက မည်သို့ပင် ဖြစ်ပါစေ၊ အားလွီကတော့ သူ့ဇာတ်လမ်း
ဆုံးသွားသည့်တိုင် ကြောင်တောင်တောင်လေး ရပ်နေဆဲပင်။
အချိန်များ ရပ်တန့်နေသကဲ့သို့ ဖြစ်နေတုန်းတွင်
ဝေ့ရှင်းမှ သဘက်များနှင့် ဆံပင်အခြောက်ခံစက်ကို ယူပြီး ရောက်လာ၏။
"အားလွီ ဒီကိုလာဦး”
ဝေ့ရှင်းက အားလွီကို ဦးစွာ သဘက်ဖြင့် သုတ်ပေးလိုက်သည်။
ပြီးလျှင် ဆံပင်အခြောက်ခံစက်ကို အပူချိန်လျှော့ပြီး သူ၏ အမွှေးလေးများကို သေချာစွာ
အခြောက်ခံပေး၏။
အားလုံးပြီးသွားသည့်အခါ အမွှေးလုံးလေး နှစ်ကောင်ကြားရှိ
အခြေအနေက ထူးဆန်းနေကြောင်း ဝေ့ရှင်းမှ သတိပြုမိပြီး မျက်ခုံးပင့်လိုက်မိ၏။ သူတို့က
ပြန်မတည့်ကြသေးဘူးဟု သူ ထင်သွားသည်။
သူတို့၏ ပိုင်ရှင်တစ်ယောက် အနေဖြင့် သူတို့ကြားရှိ
အဆင်မပြေခြင်းများကို ဖြေရှင်းပေးရမည်ဟု ၀ေ့ရှင်းမှ တွေးလိုက်ပြီး၊ တစ်ဖက်တစ်ချက်စီတွင်
တစ်ကောင်စီကို မ,ချီလိုက်သည်။ သားရဲလေးနှစ်ကောင်
မတုံ့ပြန်နိုင်ခင်တွင် ဝေ့ရှင်း၏ အားရပါးရ ပွေ့ဖက်ချော့မြှူခြင်းကို ခံလိုက်ရသည်။
"ကဲ ဟုတ်ပြီ ဟုတ်ပြီ၊ အတိတ်က ကိစ္စတွေက
အတိတ်မှာပဲ ထားခဲ့လိုက်တော့၊ ငါတို့အားလုံး အနာဂတ်ကိုပဲ ကြည့်ကြရအောင် ဟုတ်ပြီလား"
ဝေ့ရှင်း၏ အားရပါးရ ပွတ်သပ်နှိပ်နယ်မှုကြောင့်
ရှောင်ဟေး၏ အမွှေးများမှာ ဖရိုဖရဲကို ဖြစ်လို့သွား၏။ အားလွီကတော့ ဤမျှအထိ ပြင်းထန်ပြီး
ရူးသွပ်လောက်သည့် အချစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးသဖြင့် အသက်ပင် ၀အောင် မရှူနိုင်တော့ဘဲ
အတော်လေးကို ထိတ်လန့်သွားရှာသည်။
"သူ၊ သူက ပုံမှန်ဆိုရင်လည်း ဒီလိုပဲလား”
အားလွီမှာ ကြောက်လန့်စွာ မေးလိုက်မိသည်။ ရှောင်ဟေးက
ရုန်းကန်နေသော်လည်း လွတ်အောင် မရုန်းနိုင်ပေ။
"ငါလည်း မသိဘူး၊ သူ အရင်က တစ်ခါမှ ဒီလိုမလုပ်ဖူးဘူး”
တကယ်တမ်းတွင် ဝေ့ရှင်းအတွက်လည်း ဤမျှအထိ ပြင်းထန်စွာ
ချွဲကြည့်ခြင်းက ပထမဆုံးအကြိမ်ပင်။ ၀ေ့ရှင်းက သူ့မျက်နှာတစ်ခုလုံးကို သားရဲလေးနှစ်ကောင်၏
ရင်ဘတ်၊ မေးစေ့များနှင့် ပါးပြင်များကြား နစ်ဝင်သည်အထိ အပ်ထား၏။
နူးညံ့သော အမွှေးလေးများ၏ အထိအတွေ့အပြင် အရေပြားအောက်ရှိ
သန်မာသည့် ကြွက်သားများ၏ လှုပ်ရှားမှုကို ခံစားနေရခြင်းက သူ့အတွက် စကားလုံးများနှင့်
ဖော်ပြ၍ မရနိုင်သည့် စိတ်လှုပ်ရှားခြင်းမျိုးကို ပေးစွမ်းနေသကဲ့သို့ပင်။
ယခင် အချိန်များတွင် ရှောင်ဟေးက အတော်လေး အနေအေးပြီး
စည်းကမ်းကြီးတတ်သဖြင့် ဝေ့ရှင်းမှ ဤသို့ လုပ်ရန် မဝံ့ရဲခဲ့ပေ။ ယခုအခါ ကမ္ဘာအသစ်တစ်ခုကို
ရှာဖွေတွေ့ရှိသွားသကဲ့သို့ ပို၍ပင် စွဲလန်းနှစ်သက်သွား၏။
နောက်ဆုံးတွင် အမွှေးလုံးလေးနှစ်ကောင် မခံနိုင်တော့သည့်အဆုံး
ထွက်ပြေးသွားကြမှသာ အခန်းထဲရှိ တိတ်ဆိတ်နေသည့် လေထုက ပြန်လည် လှုပ်ရှားလာ၏။
တစ်ချိန်တည်းတွင် ကီလိုမီတာ နှစ်ထောင်ကျော်
ဝေးကွာသော H မြို့တော်ရှိ လျှို့ဝှက်သုတေသန အခြေစိုက်စခန်းတစ်ခု၌ မုန်တိုင်းတစ်ခု စတင်
အစပျိုးနေပြီ ဖြစ်သည်။