Ch 5
Viewers 39

ငါက ချိန်းတွေ့ဖို့ မသင့်တော်ဘူးလို့ ထင်တယ်


အခန်း ၅



နေသာပြီး တိမ်ကင်းစင်တဲ့ စနေနေ့တစ်ရက်၌ ကျန်းကျစ်ကျိုးနဲ့ ဖန့်ဝမ် နောက်ဆုံးအကြိမ် တွေ့ပြီးတာ တစ်ပတ်ပြည့်လေသည်။ ဒီတစ်ပတ် အတွင်း သူတို့ချင်း အဆက်အသွယ် မပြတ်ရှိခဲ့ကြသည်။ သူလဲ ဖန့်ဝမ်ရဲ့ စိတ်ရှည်မှုကို လေးစားမိပါသည်။ 



သူမက ရင့်ကျက်ပြီး ကျိုးကြောင်းဆီလျော်စွာ နေထိုင်ပြောဆိုဆက်ဆံတတ်သည်။ သူ့ရဲ့အတွေး အခေါ်အယူအဆကိုလဲ မျှဝေလို့ရသည်။ သူနဲ့ ဖန့်ဝမ် အတူရှိချိန်မှာ စကားများရန်ဖြစ်ဖို့ဆိုတာ ဖြစ်ခဲသည်။ တိရိစ္ဆာန်လေးတွေပါတဲ့ ရုပ်ရှင်တွေက အခုတလော ခေတ်စားနေတော့ အင်တာနက်မှာ နာမည် ကြီးနေတဲ့ ရုပ်ရှင်ကို သူနဲ့ ဖန့်ဝမ် ဒီညနေက အတူကြည့်မလို့ ချိန်းထားသည်။ 



သူ မြေအောက်ထပ်ကားပါကင်က သူ့ကားထုတ်ဖို့သွားတော့ သူ့ကားဘေးမှာ လှဲနေတဲ့ လိမ္မော်ရောင် ကြောင်လေးကို တွေ့လိုက်ရသည်။ ဒီကြောင်လေးကို ကားပါကင်မှာ သူမကြာခဏတွေ့ဖူးနေသည်။ သူ ကြောင်လေးကို တစ်ခါလောက် အစာကျွေးလိုက်တာ သူ့ကိုပဲ မျှော်နေပါတော့သည်။



ဒီလိမ္မော်ရောင် ကြောင်လေးက အလွန်သိတတ်သည်။ သူထွက်လာတိုင်း နှုတ်ဆက်ပြီး သူ့ကားထားတဲ့ နေရာကိုလဲ သိတယ်လေ။ နေ့တိုင်းလိုပဲ သူထွက်လာတိုင်း ဒီကြောင်လေးက သူ့ကားနားမှာ အမြဲတမ်း အိပ်ပြီးစောင့်နေလေရဲ့။



သူ့ကားထဲက ကြောင်စာကို ထုတ်ယူပြီး ရေနည်းနည်းထည့်ကျွေးလိုက်သည်။ သူစားနေတာကို ကျန်းကျစ်ကျိုး ခဏရပ်ကြည့်နေသည်။ သူကျွေးတဲ့ အစာပမာဏက အမြဲတမ်း အနေတော်ပါပဲ။ သူကျွေးတဲ့ အစာပမာဏက အလွန်ဝစေတဲ့အထိ မဖြစ်စေပါ။ သူ့အပြင် အခြားတစ်ယောက်ကလဲ ကျွေးနေလို့သာ ဒီကောင် ဝနေတာဖြစ်ရမည်။ သေချာတာပေါ့ ဒီကြောင်က တကယ့် ငလည်ကောင်ပဲလေ။ ကျန်းကျစ်ကျိုး ကားတံခါးဖွင့်ပြီး ထွက်လာလိုက်သည်။



ရုပ်ရှင်ပြချိန်က ညနေ ၄ နာရီခွဲ အခုက ညနေ ၃ နာရီ မိနစ် ၂၀ ဆိုတော့ ခုံလက်မှတ် ဝယ်လိုက်ပြီး ဖန့်ဝမ်ကို ရုပ်ရှင်ရုံ အပြင်ဖက် ထွက်‌စောင့်နေရင်း ပြောင်းဖူး ပေါက်ပေါက်ရောင်းတဲ့ ဆိုင်ကို မြင်တော့ ဗူးကြီး တစ်ဘူးဝယ်လိုက်သည်။



ညနေ ၃ နာရီခွဲတဲ့အထိ ဖန့်ဝမ်က ရောက်မလာသေးပေ။ သူမ ဘယ်ရောက်ပြီလဲ သိရအောင် ဖုန်းဆက်မယ်စိတ်ကူးနေဆဲ ဖန့်ဝမ်က ဖုန်းခေါ်လာသည်။ 



"ကျွန်မ တောင်းပန်ပါတယ်။ လာခါနီးမှ အရေးပေါ်အစည်းအဝေး ပေါ်လာလို့ပါ။ ကျွန်မ လာနိုင်တော့မယ်မထင်ဘူး" ဖန့်ဝမ် လေသံက ကိုယ့် ကိုကိုယ် အပြစ်တင်ပြီး နောင်တရသလို ဖြစ်နေသည်။ 



"အစည်းအဝေးက အချိန်မီ ပြီးလိမ့်မယ်ထင်ထား တာ အခုချိန်ထိ မပြီးသေးဘူးဖြစ်နေလို့။ တကယ်တောင်းပန်ပါတယ်နော်"



"ရပါတယ်။ အလုပ်က အရေးကြီးပါတယ်။ ကျွန်တော်တို့ နောက်တစ်ခါမှ ကြည့်ကြတာပေါ့" ကျန်းကျစ်ကျိုး က ပြန်ပြောလိုက်သည်။



"ကျွန်မ တကယ်တောင်းပါတယ်" ဖန့်ဝမ် တကယ့်ကို စိတ်မကောင်းဖြစ်နေသည်။ "နောက်တစ်ခါ ရုပ်ရှင်ကြည့်ဖို့ ရှင်ပဲ ရက်ရွေးလိုက်ပါနော်။ ကျွန်မ ရုပ်ရှင်ပြီးပြီး ညစာကျွေးပါ့မယ်။ တောင်းပန်တဲ့ အနေ နဲ့ပါ"



"ကိစ္စမရှိပါဘူး စိတ်ထဲမထားပါနဲ့။ မင်းအားတဲ့အချိန်မှ ကြည့်ကြတာပေါ့ "



"ကောင်းပါပြီရှင်။ ကျွန်မ ဖုန်းချလိုက်တော့မယ်နော်"

သူမ ဖုန်းချသွားတောာ့ ကျန်းကျစ်ကျိုး တစ်ယောက် သူ့လက်ထဲက ရုပ်ရှင်လက်မှတ်ကို ငေးကြည့်နေမိသည်။ ဝယ်ပြီးမှတော့ အလကားမဖြစ်အောင် ကြည့်လိုက်တော့မည်။



 အရင်ကလဲ တစ်ယောက်ထဲ ရုပ်ရှင်ကြည့်နေကျဆိုတော့ သူ့အတွက် အဖော်မပါလဲ ကိစ္စမရှိပါ။ ပြောင်းဖူး ပေါက်ပေါက် ဗူးကြီးကတော့ တစ်ယောက်တည်း ကုန်အောင်စားဖို့ မလွယ်ဘူးပေါ့။



သူလက်မှတ်ပြပြီး ရုံထဲဝင်လိုက်တဲ့အချိန်မှာပဲ ရှဝေ့ လဲ ရုပ်ရှင်ရုံထဲ ရောက်လာသည်။ သူမက ယဲ့ခိုင်နဲ့ ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာလေ။ ပုံမှန်ဆို ‌စောပြီးရောက်နေတတ်တဲ့ ယဲ့ခိုင်ကို အခုမမြင်မိသေးပေ။



ယဲ့ခိုင်ဆီကို သူဘယ်မှာလဲလို့ စာပို့မေးတော့ ယဲ့ခိုင်ဆီက စာချက်ချင်းဝင်လာသည်။ ငိုနေသော အီမိုဂျီ များဖြင့်

ဆောရီး တောင်းပန်ပါတယ်။ ကျွန်တော့်သူဌေးက အချိန်ပိုဆင်းခိုင်းနေလို့ပါ။ ကျွန်တော် လစ်ထွက် လာဖို့ ကြိုးစားပါသေးတယ် မအောင်မြင်လို့ပါ။



ရှဝေ့ - (ပြုံးရင်းငို) 



ယဲ့ခိုင် - အား.... တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော် အရှုံးတော့မပေးဘူး။ ခဏနေရင် ထပ်ပြီး ခိုးထွက်ကြည့်ဦးမယ်



ရှဝေ့ - အလုပ်ကိုပဲ ဦးစားပေးလိုက်ပါ (ပြုံးရင်းငို) 



ယဲ့ခိုင် - ဒါတော့မဖြစ်ဘူး။ ဒီနေ့ ကျွန်တော်က ချိန်းဆိုထားတဲ့လူဆိုတော့ (ငိုကြွေး) ရုပ်ရှင်က ပြနေပြီ လားဟင်..အရင်ဝင်သွားပြီး ကြည့်နှင့်လိုက်နော်။ ကျွန်တော် ရအောင်လစ်ထွက်ခဲ့မယ်! အိုး..ဟုတ်သားပဲ ကျွန်တော် လက်မှတ်နံပါတ်ပို့လိုက်မယ်။



ရှဝေ့ - ကောင်းပါပြီး (ပြုံးရင်းငို)  



သူမ လက်မှတ်ထုတ်ယူလိုက်ပြီး ရုံထဲကို ဝင်သွားလိုက်သည်။ ယဲ့ခိုင် ဝယ်ထားတဲ့လက်မှတ်က အတန်း နံပါတ် 9 ခုံအမှတ် ၁၀ နဲ့ ၁၁ ဆိုတော့ သူမ row 9 က ခုံအမှတ် ၁၁ မှာထိုင်လိုက်သည်။ 



row 9 ခုံနံပါတ် ၈ မှာက သူမရဲ့ အောက်ထပ်က Mr. ကျန်း တစ်ယောက် ပြောင်းဖူးပေါက်ပေါက်ဗူးကြီးကို လက်ထဲပွေ့ပြီး ထိုင်နေလေသည်။



ရှဝေ့ -  "..."



ဒီအခိုက်အတန့်မှာပဲ တိုက်ဆိုင်ခြင်းဆိုတာကို ယုံကြည်သွားမိသည်။ ကျန်းကျစ်ကျိုးလဲ သူမကို မြင်ပြီး အိုးတို့အန်းတမ်းဖြစ်သွားသည်။ နောက်တော့ ရုပ်ရှင်ပိတ်ကားမှာ ပြနေတဲ့ ကျောက်မျက်ရတနာ ကြော် ငြာကို ကြည့်နေလိုက်သည်။



ရှဝေ့လဲ row 9 က ခုံနံပါတ် ၁၁ မှာ ခပ်တည်တည်ထိုင်နေလိုက်သည်. ဒီမထုံတတ်တေး ပုဂ္ဂိုလ်  Mr.ကျန်းက တိရိစ္ဆာန်လေးတွေပါတဲ့ ရုပ်ရှင်ကို ဘာလို့လာကြည့်နေပါလိမ့်

သူ့လက်ထဲက ပြောင်းဖူးပေါက်ပေါက်ကို တွေ့ရတာတော့ သူလဲ ချိန်းတွေ့မလို့ထင်သည်။ သူ့ခုံဘေးက ခုံနံပါတ် ၉ ကလွတ်နေသည်။ သူချိန်းထားတဲ့သူက မလာတာများလား..ဟားဟား.. ကောင်းလိုက်တာ။



ရှဝေ့ တစ်ယောက် သူ့အတွေးနဲ့သူ ပျော်နေလေရဲ့။ ရုပ်ရှင်ရုံက မီးပိတ်လိုက်ပြီး ရုပ်ရှင်စပြတော့သည်။ ဒီရုပ်ရှင်က ရှဝေ့ကို မျက်ရည်နဲ့ မျက်ခွက် ဖြစ်စေသည်။ ခွေလေးတစ်ကောင် သေသွားတိုင်း သူမ မျက်ရည်ကျလာသည်။ အင်တာနက်မှာ ရီဗျူရေးတဲ့သူတွေ အကြံပေးတာနားထောင်ပြီး မိတ်ကပ် လိမ်းမလာမိတာ ကံကောင်းသည်။ 



၃ ခါမြောက် ခွေးလေးတစ်ကောင် သေတော့ ရှဝေ့ တစ်ယောက် သူမပါလာတဲ့ တစ်ရှူးတွေ ကုန်သွားသည်။ နှစ်ခါလောက် တိတ်တိတ်လေး ငိုရှိုက်လိုက်ရင်း ကျန်းကျစ်ကျိုး ဖက်လှမ်းကြည့်ပြီး "ဟေး. ရှင့်မှာ တစ်ရှူးရှိလားဟင်"



ကျန်းကျစ်ကျိုး - "..."



သူမ ဝင်လာကတည်းက သူက မသိယောင်ဆောင်နေသည်။ သို့သော် သူမက ဒီလောက်ကြီး ငိုနေတော့ ခွေးလေးတစ်ကောင် သေတော့မလိုဖြစ်တိုင်း အိုး...မဖြစ် သေးပါဘူး။ ငါ့ဘေးနားက အမျိုးသမီးက ထပ်ငို တော့မှာပဲလို့ တွေးမိတဲ့အထိ မကြည့်ပေမယ့် မြင်ရက်သားဖြစ်နေသည်။



"ရှင့်မှာ တစ်ရှူးမရှိဘူးလား" ရှဝေ့ ထပ်မေးလိုက်သည်။

ကျန်းကျစ်ကျိုး ကားထဲမှာ တစ်ရှူးရှိပါသည်။ သို့သော် သူ ယူမလာမိပေ။ သူလဲ မတတ်သာတဲ့ အဆုံး ပြောင်းဖူးပေါက်ပေါက်ဆိုင်က ပေးလိုက်တဲ့ လက်သုတ်တစ်ရှူးကို လှမ်းပေးလိုက်ရသည်။



ရှဝေ့လဲ သူ့လက်ထဲက တစ်ရှူးက ပါးလွန်းနေတာ သတိထားမိပေမယ့် ယူလိုက်ရသည်။ သူလိုလူက တစ်ရှူးဆောင်ထားတယ်တဲ့လား။ ကျန်းကျစ်ကျိုးက တစ်ရှူးပေးပြီးတော့ ‌ပြောင်းဖူးပေါက်ပေါက်ဗူးကိုပါ လှမ်းပေးလိုက်သည်။ "စားပါဦး"



ရှဝေ့ နည်းနည်းတော့ မှင်သက်မိသွားသည်။ ဒီလူ ပြောင်းလဲသွားတာလား။ မိန်းကလေးတစ်ယောက်ကို ဘယ်လိုချော့မော့ရမလဲ သိတယ်တဲ့လား။



"ကျွန်တော်က မစားတော့ပါဘူး" ကျန်းကျစ်ကျိုးကထပ်ပြောလိုက်သည်။



ရှဝေ့ - "...အိုး...ကျေးဇူးပါ”



ပြောင်းဖူးပေါက်ပေါက်က ကောင်းကင်ကနေ အခမဲ့စားဖို့ပေးတာပဲလေ။ ရှဝေ့လဲ တွန့်ဆုတ်မနေဘဲ ယူလိုက်သည်။ ပြောင်းဖူးပေါက်ပေါက်စားရင်း ကြည့်တော့ စောစောကလောက် မငိုဖြစ်တော့ပေ။



ရုပ်ရှင်ပြီးသွားလို့ မီးတွေပြန်လင်းလာတော့ ရှဝေ့ လဲ မျက်ရည်တွေ သုတ်လိုက်ရသည်။ သူမ မျက်လုံး တွေက နီရဲမို့အစ်နေတော့ ဒီပုံစံအတိုင်း အပြင်ထွက်လိုက်ရင် လူရယ်စရာဖြစ်တော့မည်။ အပြင်ကို ချက်ချင်းမထွက်သေးဘဲ အိတ်ထဲက BB cushion ထုတ်ပြီး နည်းနည်းပြင်လိုက်သည်။ 



ကျန်းကျစ်ကျိုး လဲ မထွက်သေးဘဲ ဆက်ထိုင်နေသည်။ သူက ရုပ်ရှင်ရုံထဲက လူတွေအားလုံးထွက်သွားပြီးမှ ထွက်ရတာ ကြိုက်သည်လေ။



အပိုင်းပိုလေးတွေပြပြီး စက္ကန့် ၃၀ လောက်ကြာတော့ ရုံထဲမှာ လူနည်းနည်းပဲရှိတော့သည်။ ခုံအလွတ် နှစ်လုံးခြားနေတဲ့ ကျန်းကျစ်ကျိုးက မိတ်ကပ်ပြင်နေတဲ့ ရှဝေ့ ကို လှမ်းကြည့်လိုက်သည်။ သူမ ဘာတွေလိမ်းနေလဲတော့ သူ မသိပါ။ သို့သော် သူမလက်သည်းကတော့ အရောင်ပြောင်းနေပြန်တာ သတိထားမိသည်။



"မိန်းမတွေများ သူတို့မျက်နှာကို ပန်းချီဆွဲတဲ့ ပိတ်ကားလိုလဲ ပြောင်းလဲနိုင်ကြတယ်။ ခြေသည်း လက် သည်းလဲ အလွတ်မပေးဘူး" သူ ရုတ်တရက် အဲ့စကားကို ပြောထွက်သွားသည်။ 



မိတ်ကပ်ပြင်နေတဲ့ ရှဝေ့ လက်လဲ ရပ်တန့်သွားသည်။ သူမက ခေါင်းငဲ့ပြီး သူ့ကို ကြည့်လိုက်ရင်း "ဘာလဲ ရှင်က လက်သည်းဆိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကျွန်မနဲ့ ထပ်ပြီး ဆွေး‌နွေးချင်လို့လား။ ကျွန်မ ပြောပြီးပြီလေ ရှင်လို တစ်ယူသန်တဲ့လူက မိန်းကလေးတွေရင်ထဲက အလှအပ မြတ်နိုးတဲ့စိတ်ကို နားမလည်နိုင်ပါဘူး"



ကျန်းကျစ်ကျိုး ခပ်ဖွဖွရယ်မိသည်။ သူပြုံးရယ်တာကို ရှဝေ့ အနေနဲ့ ပထမဆုံး မြင်ဖူးခြင်းပါ။



"အသက် ၃၀ နားနီးနေတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုကိုယ် မိန်းမငယ်လေးလို့ သုံးနှုန်းတာ မရှက်မိဘူးလား"



"........." ရှဝေ့ တစ်ယောက် သူမလက်ထဲက BB cushion ချေမွပစ်မတတ်ဖြစ်သွားသည်။



“ကျွန်မက အသက် ၃၀ နားနီးနေတော့ရော ဘာဖြစ်လဲ။ အသက် ၃၀ မိန်းမလဲ မိန်းမပျိုပဲ မဟုတ်ဘူးလား။ စိတ်ပျိုရင် ကိုယ်နုတာပဲလေ။ ကျွန်မ စိတ်က ၁၈ နှစ်အရွယ်လို ပျိုမြစ်နုနယ်နေတော့ ဘာဖြစ်လဲ။ ရှင်လို တစ်ယူသန်သမားကသာ ဒီတစ်သက် အိမ်ထောင်မကျဘဲ နေရပါစေ ဆုတောင်းပေးပါတယ်" ရှဝေ့လဲ စားမကုန်သေးတဲ့ ‌ပြောင်းဖူးပေါက်ပေါက်ဗူးကို ပွေ့ယူပြီး ရုပ်ရှင်ရုံထဲက စိတ်ဆိုးမာန်ဆိုး ထွက်ခဲ့သည်။ 



ကျန်းကျစ်ကျိုးလဲ သူ့နေရာက ထပြီး နှုတ်ခမ်းကို ခပ်ဖွဖွဖိပိတ်လိုက်သည်။ တစ်ယူသန် တစ်ဇောက် ကမ်းဆိုပဲ ဘာပြောတာပါလိမ့်။ ရှဝေ့ ဒေါသတွေ အလိပ်လိုက်ထွက်ရင်း ရုပ်ရှင်ရုံကနေ အလျင် အမြန်ထွက်လာခဲ့သည်။ သူငယ်ချင်းတွေဆီ အတင်းတုတ်မလို့ သူမဖုန်းကို ဖွင့်လိုက်တော့ ယဲ့ခိုင်ဆီက မက်ဆေ့ နှစ်စောင်ရောက်နေတာ တွေ့လိုက်ရသည်။ သူမဖုန်းက ရုပ်ရှင်ပြနေချိန်မှာ အသံတိတ် (silent mode) ထားတော့ သတိမထားလိုက်မိပေ။



သူ လစ်ထွက်ဖို့လုပ်တာ မအောင်မြင်ကြောင်းပို့ထားတဲ့ စာတွေဖြစ်နေသည်။ ရှဝေ့ ရယ်လိုက်ပြီး သူ့ဆီစာပြန်လိုက်သည်။ 



[ ရပါတယ် နောက်တော့မှ ကြည့်ကြတာပေါ့ ]



တစ်စက္ကန့်အကြာမှာ ယဲ့ခိုင်က စာပြန်လာသည်။ [ ရုပ်ရှင်က ပြီးသွားပြီလား။ ကျွန်တော် ညပိုင်း အချိန်ရတယ်။ ညစာအတူစားမလား။]



ရှဝေ့ -  နောက်နေ့ကို ပြောတာလား။ ဒီနေ့က စနေနေ့လေ။ ကျွန်မဆိုင်မှာ ကာစတန်မာများနေမှာမို့  



ယဲ့ခိုင် - ကောင်းပါပြီဗျာ (လက်မထောင်) ဒီနေ့အတွက် တကယ်တောင်းပန်ပါတယ်။ ကျွန်တော့်သူဌေးကို မုန်းလိုက်တာ



ရှဝေ့ - (လက်ကွယ်ပြီး ရယ်)  



သူမ ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်ပြီး ဆိုင်ကို ပြန်လာလိုက်သည်။ သူမ အိမ်ပြန်ရောက်တော့ လိမ္မော် ရောင် ကြောင်လေးကို အစာကျွေးရင်း group chat ထဲမှာ Mr. ကျန်း အကြောင်း အတင်းမတုတ်ရသေးတာ သတိရသွားသည်။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ဒီနေ့ အောက်ထပ်က Mr. ကျန်းက ငါ့ကို အသက် ၃၀ နားနီးနေတဲ့ မိန်းမတွေက ကိုယ့်ကိုကိုယ် မိန်းမပျိုလို့ ခေါ်နေတာ ရှက်သင့်တယ်တဲ့ (ပြုံး) (ပြုံး) (ပြုံး)  



5kg မကျရင် နာမည်မပြောင်း -  ဟားဟားဟားဟားဟား သူပြောတာလဲ မှန်တာပဲလေ။ 1992 ဖွားတွေ အကုန်လုံး သက်လတ်ပိုင်းကို ရောက်နေပြီပဲ (ပြုံး) 



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဘယ်သူ့ကို ဂရုစိုက်နေရမလဲ။ ဒီကနတ်ဘုရားမက ၁၈ နှစ်ပဲ ရှိသေးတာလေ(ပြုံး)



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - နိုးထလိုက်ပါတော့ နတ်သမီးရေ။ နင်လဲ ဒီနှစ်ကုန်ရင် အသက် ၂၈ ပြည့်ပြီလေဟယ်။



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  သွားစမ်းပါ (ပြုံး)



5kg မကျရင် နာမည်မပြောင်း -  ဒါပေမယ့်လေ နင်က အသက် ၃၀ နားနီးဆိုတာ သူက ဘယ်လို သိတာလဲ။ နင် အသားအရေထိန်းသိမ်းတဲ့ပစ္စည်း ပြောင်းသုံးသင့်ပြီထင်တယ်နော်



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - အိုး...ငါ သူ့ကို နည်းနည်းပါးပါး လေ့လာကြည့်ဦးလို့ ပြောလိုက်တယ်။ သူ ငါ့အသက်ကို ခန့်မှန်းကြည့်တာနေမှာပေါ့ (ပြုံး)



5kg မကျရင် နာမည်မပြောင်း -  ဒီလို အိမ်နီးချင်းမျိုးကို ညရောက်ရင် လူခေါ်ခေါင်းလောင်းနှိပ်ပြီး နှိပ်စက် သင့်တယ်



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - သူ့အခန်းတံခါးကို ခေါက်။ သူ့အခန်းတံခါးကို ခေါက် 



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  ငါ သူ့ကို ချက်ချင်းကို ထုရိုက်ပစ်ချင်တာ သူက အတော် အမြင်ကပ်စရာကောင်းတယ်။ 



ချစ်စရာ ဆွိတီလေး - ခေါင်းပုတ်ပေး ခေါင်းပုတ်ပေး မငိုပါနဲ့ကွယ်။ ငါ မနက်ဖြန် အချိန်ပိုမဆင်းရဘူးလေ။ (ပြုံးရင်းငို) အရသာရှိတဲ့ ညစာစားချင်လား



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း -  စားမယ်! ထျန်းရှ စားသောက်ဆိုင်က အစား အသောက်ကပဲ ငါ့ဒဏ်ရာကို ကုသပေးနိုင်မှာ



ချစ်စရာ ဆွိတီလေး - အိုကေပါ..ငါ ညစာလိုက်ကျွေးပါ့မယ်။ ဒီနေ့က လစာထုတ်ရက်ဆိုတော့လေ ဟီးဟီး



ရတနာရှစ်ပါး မိန်းကလေး သူရဲကောင်း - ငါ နင်တို့နှစ်ယောက်ကို မပြောသေးဘဲ ကြည့်နေတယ် သိလား (ပြုံး)


  

5kg မကျရင် နာမည်မပြောင်း - ငါ နင်တို့နှစ်ယောက်ကို မပြောသေးဘဲ ကြည့်နေတယ် သိလား (ပြုံး)  



ဒီနှစ် ၁၈ နှစ်မှာ သေကြောင်းကြံဖို့ မေးမြန်းခြင်း - ဒီတစ်ခါတော့ နင်တို့ဆီ ဓာတ်ပုံတွေ ပို့ပေးပါ့မယ်  XOXO!