အပိုင်း ၆၅၉-၆၆၀
Viewers 40k

Part 659


မူလတွင် လူထုလှုပ်ရှားရေးကြောင့် ပင်ပန်းနေသည်ကို ဘေးထွက်စီးပွားရေးပါ ပါလာသဖြင့် ဟန်ချင်စုန့်က လင်းလန် အလွန်ပင်ပန်းနေမည်ကို စိုးရိမ်နေတာဖြစ်သည်။ သို့သော်လည်း လင်းလန်က ထိုသို့လုပ်ရသည်ကို ပျော်နေသဖြင့် ဟန်ချင်စုန့်က မတားမြစ်တာဖြစ်ပေသည်။ 


လင်းလန် ရယ်လိုက်မိသည်။ " ကျွန်မ သိပါတယ် သွားတော့လေ "


ဟန်ချင်စုန့် ထွက်သွားပြီးနောက်တွင် လင်းလန်လည်း ပြင်ဆင်ကာ တပ်မဟာသို့ ထွက်လာလိုက်သည်။ 


နှစ်ရက်ကြာပြီးနောက်တွင် ဟန်ချင်စုန့်က ခရိုင်ပါတီကော်မတီမှ ညွှန်ကြားချက်များကို ပြန်ယူလာလေသည်။ ဟန်ချင်စုန့်သည် ကုန်ကြမ်းများရနိုင်ရန် ကူညီပေးရုံသာမကဘဲ ရှန်ရွေ့ရွာမှနေ စက်ရုံသေးလေးတစ်ခုအဖြစ် ထုတ်လုပ်ဆောင်ရွက်ခွင့်ရအောင်ပါ ကူညီပေးလေ၏။ ရန်ပုံငွေသာရှိပါက စက်များကိုပါ ၀ယ်ယူနိုင်မည်ဖြစ်သည်။ 


ခရိုင်ကော်မတီ၏ ထောက်ခံမှုဖြင့် ရှန်ရွေ့ရာ၏ ဆပ်ပြာထုတ်လုပ်ခြင်းသည် အလျင်အမြန်ပဲ လည်ပတ်သွားနိုင်လေသည်။ ထုတ်လုပ်ခြင်းကို အလျင်မီစေရန် အဖွဲ့ငါးဖွဲ့ ဖွဲ့ထားပေးပြီး လုပ်အားခများကိုလည်း ညီတူမျှတူပေးကာ ရရှိလာမည့် အမြတ်များကိုလည်း နှစ်ကုန်ကြရင် အညီအမျှ ခွဲပေးမည်ဖြစ်သည်။ 


ပထမဆုံး ထုတ်လုပ်သည့် ဆပ်ပြာများသည် စမ်းသပ်ခြင်းမှ ရလာတာဖြစ်သောကြောင့် အမြင်မလှသဖြင့် ရောင်း၍မရနိုင်သောကြောင့် အဖွဲ့၀င်များကိုသာ စျေးနည်းနည်းဖြင့် ရောင်းလိုက်ရသည်။ 


ထိုနောက်ပိုင်းတွင် လင်းလန်နှင့် ရှန်ယွီ၏ ညွှန်ကြားမှုကြောင့် အဆင်ပြေလာပြီး ဒုတိယသုတ် ၊ တတ်ိယသုတ် အစရှိသဖြင့် ရောင်းချနိုင်လာပြီး အတော်လေး အောင်မြင်သွားလေသည်။ 


ဆပ်ပြာအများစုအား ကွန်မြူနတီမှတစ်ဆင့် အဆင့်ဆင့်ဖြန့်ချီကာ ရောင်းချပြီး ကျန်ရှိသည်များကိုမူ တပ်မဟာထဲတွင်ပဲ သိုလှောင်ထားကာ အဖွဲ့၀င်များကို ခွဲဝေပေးလေသည်။


ဤသို့ဖြင့် တော်လှန်ရေးကော်မတီနှင့် အခြားသော တပ်မဟာများကလည်း ဆပ်ပြာကို ခွဲဝေပေးရမည့် ပစ္စည်းအဖြစ် သတ်မှတ်လိုက်ကြကာ အားလပ်ရက်များတွင် ခွဲဝေပေးကြလေ၏။ 


ထို့ကြောင့် ရှန်ရွေ့ရွာမှ ဆပ်ပြာထုတ်လုပ်ရေးသည် အလျင်မမီဖြစ်လာလေသည်။ သို့သော်လည်း ရှန်ယွီက အရှုံးမပေးဘဲ နည်းပညာအသင်းနှင့်အတူ ပစ္စည်းအသစ်များကိုပါ တီထွင်လာလေသည်။ ယခုတွင်လည်း ရှန်ယွီက မျက်နှာသစ်ဆေးနှင့် ပတ်သက်၍ စူးစမ်းနေလေသည်။ 


အချိန်များ ကုန်ဆုံးကာ လပြက္ခဒိန်၏ ဆယ့်နှစ်လမြောက်သို့ ပြန်ရောက်လာလေသည်။ 


ဆယ့်နှစ်လမြောက်တွင် ရေများလည်း ခဲနေကာ စက်ရုံ၌လည်း အလုပ်များ ရှုပ်နေလေ၏။ 


လင်းလန်က လူထူလှုပ်ရှားရေးအတွက် အပြင်သွားနေရသည့်အပြင် ဆပ်ပြာထုတ်လုပ်သည့် စက်ရုံကိုလည်း အချိန်ပေး၍ သွားကြည့်နေရလေသည်။ ထို့ကြောင့် လင်းလန်သည် ယခင်ကထက် ပိုပိန်လာကာ မေးရိုးများလည်း ထင်ရှားလာလေ၏။ 


ဆယ့်လေးရက်မြောက်နေ့ နေ့လယ်ခင်းတွင် ဟန်ချင်စုန့်က စက်ဘီးစီး၍ လင်းလန်ကိုလာကြိုလေသည်။ ဟန်ချင်စုန့်သည် အပေါ်အင်္ကျီကိုချွတ်ကာ လင်းလန်အား ၀တ်ပေးလိုက်ပြီး ဦးထုပ်ဆောင်းပေးကာ လည်စီးကိုပါ ပတ်ပေးလေသည်။ 


လင်းလန် : " တစ်ကိုယ်လုံး အလုံထုပ်နေတာလား " 


လင်းလန် စက်ဘီး၏ နောက်ခုံပေါ်သို့ ခုန်တက်လိုက်သည်။ ဟန်ချင်စုန့်က ဘယ်လက်ဖြင့် စက်ဘီးလက်ကိုင်ကို ထိန်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ခါးထက်မှ လင်းလန်၏ လက်ကိုကိုင်လိုက်ကာ စက်ဘီးနင်း၍ ထွက်လာလိုက်ကြသည် ။ 


လမ်းများပေါ်၌ နှင်းများရှိနေသောလည်း ဟန်ချင်စုန့်က စက်ဘီးကို ချောချောမွေ့မွေ့ နင်းနေလေ၏။ 


ရွာသို့ရောက်သောအခါ ဟန်ချင်စုန့် စစ်တပ်သုံးဂျစ်ကားကို အပြင်၌ ရပ်ထားသည်ကို တွေ့လိုက်ရပြီး လိုင်စင်ပြားကလည်း ရင်းနှီးနေသလိုပင် ။ 


လင်းလန်ကလည်း ထိုသည်ကို မြင်သည်။ " ဒါက ဘယ်ကိုလာတာ ဖြစ်လောက်လဲ " ထိုသို့သော ဂျစ်ကားမျိုးကို စီးနိုင်သူသည် သာမန်စစ်သားတစ်ယောက် မဖြစ်နိုင်ချေ ။ 


ဟန်ချင်စုန့်လည်း စက်ဘီးကိုရပ်လိုက်ကာ လင်းလန်ကိုဆင်းစေလိုက်ပြီးမှ သူလည်းဆင်းလိုက်ပြီး ကားပေါ်မှသူကို နှုတ်ဆက်မည်လုပ်လေသည်။ 


လင်းလန်လည်း သွားကြည့်မည်အလုပ်တွင် ဖန်းရှောင်က ငိုယိုကာ ထွက်လာလေ၏။ 


လင်းလန် အံ့သြသွားကာ မေးလိုက်မိသည်


" ဖန်းရှောင် ဘာဖြစ်လို့လဲ " 


ဖန်းရှောင်က လင်းလန်ကို မြင်သည့်အခါ မျက်လုံးများ ပိုရဲလာသည်။ " ခေါင်းဆောင်လင်း သမီး မြို့ပြန်တော့မလို့ "


" အဲ့လောက် မြန်မြန်ကြီးလေ " လင်းလန်က အံ့သြနေလေသည်။ 


ဖန်းရှောင် : " တမင် မပြောတာမဟုတ်ပါဘူး အဒေါ်က  နန်ကျင်းကို ပြန်ခေါ်မယ်ဆိုတာကို သမီးလည်း သိတာမကြာသေးဘူး "


လင်းလန် : " စာပို့လိုက်တာလား "


ဖန်းရှောင်က ခေါင်းညိတ်ပြ၏။ 


လင်းလန် သက်ပြင်းချလိုက်မိသည်။ ကောင်းတဲ့ ကိစ္စပဲလေ ၊ ကောင်းသည့်ကိစ္စမှန်း သိနေသော်လည်း လင်းလန် ၀မ်းနည်းမိသည်။


" မြို့ကိုပြန်ရတော့မယ်ဆိုတော့ ၀မ်းသာပါတယ်နော် အမြဲ မြို့ကိုပြန်ချင်နေခဲ့တာလေ ဟုတ်တယ်မလား "


ဖန်းရှောင်က မျက်ရည်များဖြင့် ပြုံးပြသည် ။ " အဲ့ဒါက ...." ဘာဆက်ပြောရမည်ကို မသိသောကြောင့် ဖန်းရှောင် လင်းလန်အား ဖက်လိုက်ပြီး " ကျေးဇူးတင်ပါတယ် " ဟုသာပြောလိုက်သည်


လင်းလန် ဖန်းရှောင်၏ ကျောအား ပြန်ပုတ်ပေးလိုက်ကာ " တပ်မဟာကိုရော ပြောပြီးပြီလား "


ပညာတတ်လူငယ်တစ်ယောက်ရောက်လာပါက ရိက္ခာပြင်ဆင်ပေးရန် လိုအပ်သလို ပြန်သွားပါကလည်း ပြန်လည်ပြင်ဆင်ဖို့ရန် လိုအပ်လေသည်။ 


ဖန်းရှောင်က ခေါင်းညိတ်ပြသည် ။ " သူတို့လည်း သိလောက်ပါပြီ သမီး ကျောင်းကိုသွားပြီး ကလေးတွေကို နှုတ်ဆက်ချင်သေးလို့ "


လင်းလန် : " ငါလည်း လိုက်ခဲ့ပေးမယ် "


ထိုအချိန်တွင် ချီမင်နှင့် ကောင်းလုကလည်း ​ရောက်လာကြကာ ဖန်းရှောင်ကို အံ့သြတကြီးကြည့်နေကြလေ၏။ ဖန်းရှောင်က မြို့ကိုပြန်သွားနိုင်မယ်လို့ သူမတို့နှစ်ယောက် မထင်ထားခဲ့ချေ ။ ထိုနှစ်ယောက်၏ မျက်နှာအမူအရာများက ထူးဆန်းနေကြလေသည်။ 


ကောင်းလု : " ဖန်းရှောင် နင် မြို့ကိုပြန်တော့မလို့ဆို "


ဖန်းရှောင်သည် မူလက ၀မ်းနည်းနေခဲ့သော်လည်း ထိုနှစ်ယောက်ကိုမြင်သည့်အခါတွင်မူ မျက်နှာထားကို တင်းလိုက်လေသည်။ " ဟုတ်တယ် နင်တို့မျက်စိရှေ့မှာ နှောင့်ယှက်မယ့်သူ မရှိတော့ဘူးပေါ့ "


ကောင်းလုက ရှက်သွားသော်လည်း ပြန်ပြုံးပြလေသည်။ " ဘာတွေပြောနေတာလဲ နင့်ကို ငါအဲ့လိုမထင်ဖူးပါဘူး အားလုံးက သူငယ်ချင်းတွေပဲဟာ "


ဖန်းရှောင် : " အားတော့နာတယ် ငါတို့က သူငယ်ချင်းတွေ မဟုတ်ပါဘူး "


ကောင်းလုက မျက်နှာပျက်သွားလေ၏။ မူလတွင် ဖန်းရှောင်နှင့် ပြန်အဆင်ပြေရန် စကားနည်းနည်းလောက် ပြောချင်ခဲ့တာဖြစ်သည်။ သို့သော်လည်း ဖန်းရှောင်က လုံး၀မျက်နှာမထောက်ဘဲ ယခုလို ပြန်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိ ။ 


ချီမင်ကလည်း မျက်နှာပျက်သွားကာ ဖန်းရှောင်အား မျက်စောင်းထိုးနေလေ၏။ သူမသည် ဖန်းရှောင်က သူမကဲ့သို့ပင် တောသို့လာခဲ့ရ၍ ၀မ်းသာနေခဲ့တာဖြစ်လေသည်။ သို့ပေမယ့်လည်း ဖန်းရှောင်က မြို့ကိုပြန်သွားနိုင်မယ်လို့ မထင်ထားခဲ့ချေ ။ 


ဖန်းရှောင်က ချိီမင်ကိုကြည့်ကာ ပြောပြန်၏။ 


" ဪ နင်က စာကို ၀မ်လျန်ရေးထားတာလား သိချင်နေတာမလား ငါပြောပြမယ် ဟုတ်တယ် သူရေးထားတာ စာထဲမှာ ငါ့ကိုဖွင့်ပြောထားတာ ဒါပေမယ့် ငါကတော့ ပြန်ငြင်းလိုက်ပါတယ် ဒါကြောင့် ငါ့ကိုတစ်ချိန်လုံး လိုက်စောင့်ကြည့်နေဖို့ မလိုဘူးသိလား သေတ္တာထဲကိုလည်း လာလာချောင်းမနေနဲ့တော့ နင်ဖတ်လို့ရအောင် နင့်စားပွဲပေါ်မှာ ငါတင်ထားခဲ့ပေးတယ် ကျေးဇူးတင်ဖို့ မလိုဘူးနော် "


သူမအား ပါးဖြတ်ရိုက်ခံလိုက်ရသလို ချီမင် ခံစားလိုက်ရပြီး ကောင်းလုကိုဆွဲကာ ပြေးထွက်သွားလိုက်မိသည်။ 


Xxxxxxx

Part 660


ဖန်းရှောင် ပြုံးလိုက်မိသည်။ " သမီးသေတ္တာကိုပဲ တစ်ချိန်လုံး ချောင်းနေတဲ့ဟာကို သမီး မသိဘူးများ ထင်နေတာလားပဲ "


လင်းလန် : " သွားကြမယ်လေ "


ထို့နောက်တွင် ကလေးမလေးသည် ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်ရှာဘဲ ရှိုက်ကြီးတငင် အော်ငိုနေလေ၏။ 


ခွဲခွာရခြင်းသည် တကယ်ကို ၀မ်းနည်းဖို့ကောင်းပေသည်။ မိုင်ဆွေ့နှင့် ဖန်းရှောင်သည် အတော်လေး ရင်းနှီးကြသဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်၍ငိုနေကြလေသည်။ 


အစ်ကိုနှင့်အစ်မက ရှန်ယွီ ၊ ဖန်းရှောင်တို့နှင့် ရင်းနှီးနေသဖြင့် မနာလိုဖြစ်ဖူးသော်လည်း ဖန်းရှောင်ပြန်တော့မည်ကို သိသည့်အခါ စန်း၀မ်လည်း ၀မ်းနည်းနေကာ မခွဲချင်ဖြစ်နေလေသည်။ 


ရှောင်၀မ်လေးသည်လည်း နှာခေါင်းများရဲနေသည်အထိ ငိုနေလေ၏။ 


" အစ်မဖန်းကို သားအများကြီး လွမ်းနေမှာ အစ်မဖန်းဖို့ သားဆွဲပေးနေတဲ့ ပုံကလည်း မပြီးသေးဘူး "


စန်း၀မ်ကလည်း မျက်ရည်များကို သုတ်လိုက်ကာ " သားကိုလည်း ဆောင်းရာသီမှာ ရေကူးတာကို အားပေးမယ့်သူမရှိတော့ဘူးပေါ့ " 


စန်း၀မ်က ဆောင်းတွင်းတွင် ရေကူးနေသဖြင့် အခြားသူများက ရူးနေသည်ဟုထင်နေကြစဥ်တွင် ဖန်းရှောင်ကမူ တော်လိုက်တာဟု ချီးမွမ်းပေးပြီး သေချာဂရုစိုက်ကာ အရှိန်နဲ့ ဘယ်လိုကူးရမှာ ဘယ်လိုကပိုကောင်းတယ်ဟု ပြောပြတတ်လေသည်။ နောင်ကြရင် ရေကူးပြိုင်ပွဲ၌ ၀င်ပြိုင်ဖို့ရန်လည်း တိုက်တွန်းဖူးလေ၏။ 


အား၀မ် : " မငိုကြနဲ့လေ အစ်မဖန်းအတွက် ၀မ်းသာပေးရမှာလေ ပြန်သွားရင် အစ်မဖန်းရဲ့ ဆွေမျိုးတွေကလည်း စောင့်ရှောက်ပေးကြမှာပေါ့ "


ဟော်ဟုန်ကျန်းကလည်း နှုတ်ဆက်ရန် ရောက်လာလေသည်။ သူတို့နှစ်ဦးသည် အရမ်းမရင်းနှီးကြသော်လည်း နှစ်၀က်ခန့်အတူနေလာရတာ ဖြစ်ပေသည်။ ဖန်းရှောင်က ကချီကချောင်ကြတတ်သော်လည်း အခြားသူများကို လိုက်၍ ပြဿနာရှာနေတတ်သူမဟုတ်ချေ ။


ဒီတစ်ခေါက်ခွဲခွာပြီးလျှင် ဘယ်တော့မှ ပြန်မတွေ့နိုင်လောက်သည်ကိုတွေးမိကာ ၀မ်းနည်းလာမိသည်။ ဖန်းရှောင်၏ မိသားစုက ချမ်းသာကာ ဆွေမျိုးများကလည်း ဂရုစိုက်ပေးကြမှာ ဖြစ်သဖြင့် သူမအတွက်ကောင်းသော်ငြား ဘယ်အချိန်ဘယ်အခါမှ သူမနှင့်ပြန်ဆုံနိုင်မည်ကို မသိနိုင်ချေ ။ 


ထိုသည်ကိုတွေးမိကာ ဟော်ဟုန်ကျန်း၏ မျက်လုံးများရဲလာလေသည်။ 


" ဖန်းရှောင် မြို့ကိုပြန်ရတော့မယ်ဆိုလို့ ၀မ်းသာပါတယ်နော် "


ဖန်းရှောင်ကလည်း ပြန်ပြုံးပြကာ " ကျေးဇူးပဲ " ဟုဆိုသည်။ 


ဖန်းရှောင်က တဝမ်ကိုလည်း နှုတ်ဆက်လိုက်သည်။


တဝမ်က စကားနည်းသူဖြစ်သဖြင့် မခွဲနိုင်ဘူးဆိုသည့်စကားများကို မပြောနိုင်သောကြောင့် လက်ဆန့်ထုတ်ပေးကာ လူကြီးတစ်ယောက်နှယ် " ပျော်ရွှင်ပါစေ " ဟု ဆုတောင်းပေးလေ၏။ 


ဖန်းရှောင်ကလည်း လက်ကိုပြန်ဆွဲ၍ နှုတ်ဆက်လိုက်သည်။ တဝမ်၏ လက်ဖ၀ါးများသည် နွေးနေပြီး အတော်လေးလည်း အားသန်သည်ကို ခံစားလိုက်မိသည်။ 


ထို့နောက် လှည့်လိုက်ကာ မိုင်ဆွေ့ထံသို့ စာတစ်စောင်ကမ်းပေးရင်း ဖန်းရှောင် ပြုံးပြလိုက်သည်။ " မိုင်ဆွေ့ ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါနော် " ဟုဆိုကာ မိုင်ဆွေ့ကို တစ်ဖန်ဖက်လိုက်ပြန်ပြီး နောက်လိုက်သည်။ 


" အခုဆို အစ်မခြေထောက်ဆေးဖို့ သုံးတဲ့ဇလုံကိုလည်း မိုင်ဆွေ့ပဲ သုံးလို့ရပြီနော် အခုကစပြီး အဲ့ဒါက မိုင်ဆွေ့အပိုင်လို့ပဲ မှတ်လိုက်တော့ စာအုပ်တွေ အင်္ကျီတွေနဲ့ တခြားဟာတွေလည်း မိုင်ဆွေ့အပိုင်ပဲ "


ထိုအခါ အားလုံး ရယ်လိုက်မိကြသည်။ 


လင်းလန် : " ဖန်းရှောင် ရှန်ယွီနဲ့ ကျောက်မင်ကျဲကိုရော မနှုတ်ဆက်တော့ဘူးလား " သူတို့နှစ်ဦးသည် ရွာမှ မိုင်၀က်ခန့်ဝေးသည့် ဆပ်ပြာစက်ရုံတွင် ရှိနေကြတာဖြစ်သည်။ 


ဖန်းရှောင် မျက်ရည်များကို သုတ်လိုက်သည်။


 " ထားလိုက်ပါတော့ အေးနေတဲ့ဟာကို ပြီးတော့ သူက သမီးကောင်လေးလည်း မဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ နှုတ်ဆက်သွားတယ်လို့ပဲ ပြောပြလိုက်ပါ "


ထို့နောက် စန်း၀မ်ထံ လှည့်လိုက်ပြန်ကာ ပြောလိုက်ပြန်သည်


 " အခုက ညစာစားဖို့အချိန်မရှိတော့လို့ စိတ်မကောင်းစရာပဲ အချိန်ရရင် ညစာဖိတ်ကျွေးမလို့ကို "


မျက်ရည်များကို ထိန်းထားလိုက်ကာ အားလုံးကို လက်ရမ်းပြပြီး နှုတ်ဆက်လိုက်သည်။ လင်းလန်၏ နောက်မှ ဟန်ချင်စုန့်ကိုလည်း အလေးပြုဟန်ဖြင့် " ပျော်ရွှင်ပါစေ " ဟု နှုတ်ဆက်ပြန်လေသည်။ 


ဟန်ချင်စုန့်လည်း မျက်ခုံးကိုပင့်လိုက်မိကာ ပြန်နှုတ်ဆက်လိုက်သည်။ 


ထို့နောက်မှ ဖန်းရှောင်က မျက်ရည်များဖြင့် ကားပေါ်သို့တက်သွားကာ ဒရိုင်ဘာသည် ချက်ချင်းဆိုသလို မောင်းထွက်လို့သွားလေသည်။ 


လင်းလန်လည်း ဟန်ချင်စုန့်ပေါ်သို့ ခေါင်းမှီလိုက်ပြီး လက်ပြ၍ ကလေးများနှင့်အတူ နှုတ်ဆက်နေလိုက်သည်။ ရှောင်၀မ်က ဘာဂျာကိုထုတ်၍ " ကြာရှည်သော ခင်မင်ရင်းနှီမှု " တေးသွားကို မှုတ်နေလေ၏။ 


သီချင်းသံဆုံးသွားသည့်အခါတွင် ဂျစ်ကားသည်လည်း သူတို့မြင်ကွင်းထဲ၌ မရှိတော့ပေ ။ 


လင်းလန် : " ကလေးတွေရေ အတန်းပြန်တက်ကြဖို့ အချိန်ရောက်ပြီ " ဟော်ဟုန်ကျန်းက မျက်လုံးများရဲနေကာ ရပ်နေဆဲဖြစ်သည်ကိုတွေ့လိုက်သဖြင့် လင်းလန် ပုခုံးကိုပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ " ၀မ်းမနည်းပါနဲ့ မင်းလည်း မြို့ကိုပြန်ရမှာပါ "


ဟော်ဟုန်ကျန်းက မျက်ရည်များကို သုတ်လိုက်ပြီး " ကျေးဇူးပါ ခေါင်းဆောင်လင်း "


လင်းလန်၏ စကားများက မိုင်ဆွေ့ကိုသာမက ဟော်ဟုန်ကျန်းကိုပါ အသ်ိ၀င်သွားစေလေသည်။ ပြောရရင် တောသို့လာရခြင်းကို ပထမဆုံးသော ပညာတတ်လူငယ်များကသာ စိတ်လိုလက်ရ လာချင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း၆၈နှစ်ကြာပြီးနောက်တွင်မူ ဘယ်သူကမှ စိတ်ဆန္ဒအလျောက် မလာချင်ကြတော့ချေ ။ 


မိုင်ဆွေ့ : " မားမား သမီး အစ်မဖန်း ဘာတွေထားခဲ့တာလဲ သွားကြည့်ကြည့်ချင်တယ် "


တစ်ခြားလူတွေ ယူသွားဦးမယ် ။ 


လင်းလန် မိုင်ဆွေ့နှင့်အတူ ပညာတတ်လူငယ်များနေရာသို့ လိုက်သွားပေးလိုက်သည်။ ချီမင်နှင့် ကောင်းလုက အခန်းထဲတွင် ရှိနေကြပြီး မျက်နှာများကလည်း မသာမယာဖြစ်နေကြလေသည်။ လင်းလန်တို့၀င်သည်ကိုမြင်သည့်အခါ ချက်ချင်းထရပ်လိုက်ကြကာ နှုတ်ဆက်ပြီးနောက် အခန်းထဲမှ ထွက်သွားကြရန် ပြင်လေသည်။ 


မိုင်ဆွေ့ မျက်မှောင်ကြုံ့လိုက်မိသည်။ " အစ်မတို့နှစ်ယောက်က အစ်မဖန်းနဲ့ မတည့်ကြလို့ဆိုတော့ ထားပါတော့ သမီးနဲ့ မားမားက အစ်မတို့ကို ဘာလုပ်ထားလို့လဲ "


ချီမင်က ပြန်ငြင်းသည် ။ " အဲ့လို မဟုတ်ဘူး ဒီအတိုင်း ငါစိတ်မကြည်နေလို့ပါ တောင်းပန်ပါတယ် "


ပြောပြီးသည်နှင့် ကောင်းလုအား လက်ဆွဲခေါ်ကာ ထွက်သွားလေ၏။


အခန်းလေးထဲ၌ ခုတင်မှလွဲလျှင် စားပွဲတစ်ခုနှင့် ခုံတစ်ခုံသာရှ်ိလေသည်။ မူလတွင်မူ သေတ္တာများကို ထပ်ထားဖို့လိုသော်လည်း ဖန်းရှောင်၏ သေတ္တာများမရှိတော့သဖြင့် အတော်လေး နေရာလွတ်သွားလေသည်။ 


မိုင်ဆွေ့ ဖန်းရှောင်ပေးခဲ့သည့် စာကိုလင်းလန်ထံ ပေးလိုက်သည်။ " အစ်မဖန်း ပေးသွားတဲ့စာ "


မိုင်ဆွေ့ ဖွင့်ဖတ်လိုက်သည်က စာထဲတွင်ရေးထားသည်က ပစ္စည်းစာရင်းများ ဖြစ်နေလေ၏။ " မားမား " မိုင်ဆွေ့က ၀မ်းနည်းရမည့် ခွဲခွာစာဖြစ်နေမည်ဟု ထင်ထားခဲ့တာဖြစ်သည်။ 


လင်းလန်လည်း ရယ်လိုက်မိသည်။ ဖန်းရှောင်သည် ရောက်ခါစတွင် ဇီဇာကြောင်ပြီး အငိုသန်သည့် ကလေးတစ်ယောက်ဖြစ်ခဲ့လေသည်။ သူမ၏ ကလေးများနှင့် ဤမျှလောက် ရင်းနှီးလာလိမ့်မည်ဟု လင်းလန် ကြိုမတွေးထားခဲ့မိချေ ။


Xxxxxxx