Chapter - 9
Viewers 62

အခန်း - (၉)


ချန်ထန်းသည် လူမှုရေးကိစ္စများတွင် ဘာမှနားမလည်သည့်လူနုံလူအတစ်ယောက် ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ယန်ကျင့်ချင်း မြားပစ်ရန် ချိန်ရွယ်နေချိန်တွင် သူသည် အသံမထွက်ဘဲ ငြိမ်ငြိမ်လေး နေပေးခဲ့သည်။


အဖိုးအိုနှင့်အတူ အမဲလိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ ယန်ကျင့်ချင်းသည် ဤပညာရပ်၏အခြေခံကို ကျွမ်းကျင်သည်။ သိပ်မကြာခင်မှာပင် တောကြက်တစ်ကောင်ကို မြားတစ်ချက်တည်းဖြင့် တိတိကျကျ ပစ်ချနိုင်ခဲ့သည်။ 


ယင်းမှာ သူကိုယ်တိုင် အမဲလိုက်ရရှိခြင်းဖြစ်သဖြင့် ထိုကလေး(ဝမ်ရှန့်)တစ်ခုခု မိထားခြင်း ရှိ၊မရှိ သွားရောက်စစ်ဆေးရန် ယန်ကျင့်ချင်း ဆုံးဖြတ်လိုက်သည်။


အကယ်၍ ဝမ်ရှန့်သာ တစ်ခုခုမိထားလျှင် သူရရှိထားသည့်ငှက်ကို ထိုလူနုံအ နှစ်ယောက်အား ပေးလိုက်မည်ဟုလည်း ကြံရွယ်ထားသည်။


ကံမကောင်းစွာဖြင့် ယန်ကျင့်ချင်းက တောကြက်ကို ယူဆောင်လာချိန်တွင် ဝမ်ရှန့်မှာ မျှော်လင့်ချက်အပြည့်ဖြင့် ထိုင်စောင့်နေဆဲပင်။ ယန်ကျင့်ချင်းက ထောင်ချောက်ကို လှမ်းကြည့်လိုက်သော်လည်း ထောင်ချောက်မှာ လှုပ်ရှားမှုအနည်းငယ်မျှပင် မရှိသေးပေ။ 


တောကောင်တစ်ကောင်၏အမွှေးအမျှင်လေးတစ်ပင်ကိုပင် မမြင်ရချေ။


သူ့မျက်နှာ ညိုမှောင်သွားပြီး “မင်း ဒီလောက်ကြာအောင် စောင့်နေတာတောင် ဘာမှမရဘူးလား” ဟု မေးလိုက်သည်။


ဝမ်ရှန့်က ဘာမှနားမလည်ဟန်ဖြင့် ပုခုံးတွန့်ပြကာ “ပိုးကောင်တစ်ကောင်တောင် အနားမကပ်ဘူး” ဟု ပြောလိုက်သည်။


ယန်ကျင့်ချင်း ခဏတာမျှ စဉ်းစားကြည့်လိုက်ရာ ထိုအခြေအနေမှာ အံ့သြစရာမဟုတ်လှပေ။ ပုံမှန်အားဖြင့် သူ ဤကဲ့သို့ ထောင်ချောက်ဆင်လျှင် အဝေးတွင်သာ နေလေ့ရှိသည်။ ဤမျှကြာမြင့်ချိန်ဆိုလျှင် ယုန်ကဲ့သို့သောသတ္တဝါမျိုး မိသင့်နေပြီဖြစ်သည်။ ယနေ့ ‘ဖုန်းရွှေ’ များညံ့နေသလား၊ သို့မဟုတ် တောကောင်အားလုံး အောင်းနေကြသလားဟု သူတွေးမိသည်။


ဝမ်ရှန့်၏စရိုက်ကို ခဏတာ သုံးသပ်ပြီးနောက် ကျောက်ယန်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ “မင်း ထောင်ချောက်ကို ခဏခဏ သွားကြည့်နေတာလား”


ကျန်သူများ ခဏမျှ ငြိမ်ကျသွားပြီးနောက် ဝမ်ရှန့်က အခြေအနေကို နည်းနည်းရိပ်မိသွားကာ သူ့အဆိုကို ဟုတ်မှန်ကြောင်း အာမေဍိတ်သံဖြင့် အတည်ပြုလိုက်သည်။


ယန်ကျင့်ချင်းက ‘ဒီကလေးကို သင်ပေးလို့တော့ မရတော့ဘူး’ ဟု စိတ်ထဲက တွေးလိုက်မိသည်။


သို့သော်လည်း သူ၏အတွေးများကို ထုတ်မပြောဘဲ “နောက်ခါကျရင် အဲ့ဒီလိုမလုပ်နဲ့၊ အမဲလိုက်တယ်ဆိုတာ စိတ်ရှည်ဖို့လိုတယ်၊ မင်းသာ ထောင်ချောက်ကို ခဏခဏ သွားကြည့်နေရင် တောကောင်တွေ မပြောနဲ့၊ လူနုံလူအတစ်ယောက်တောင် တစ်ခုခုမှားနေပြီဆိုတာ သိမှာပဲ” ဟု ငေါက်လိုက်သည်။


'ထားလိုက်ပါတော့၊ ဒီနေ့တော့ ဟိုဟိုဒီဒီ ပေါက်နေတဲ့ဆေးဖက်ဝင်အပင်တချို့နဲ့ ငါပစ်ထားတဲ့တောကြက်ကိုပဲ ယူသွားရတော့မှာပဲ'


ဤခရီးစဉ်မှာ ထူးထူးခြားခြား ရလဒ်မရှိတော့ဟု ထင်ရသည်။ ယန်ကျင့်ချင်းက သူရလာသောတောကြက်ကို သူတို့နှစ်ယောက်ပစ်ထားသလိုမျိုး ဂုဏ်ယူခွင့်ပေးရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ ထိုအကြံအစည်ကား ပျက်သွားခဲ့ပြီ။ သူကိုယ်တိုင်ပင် ထိုကြက်ကို စီမံပြီး မိသားစုတစ်ခုချင်းစီကို ခွဲဝေပေးရတော့မည်။


သူတို့ အထုပ်အပိုးများပြင်ပြီး အပြန်ခရီးအတွက် ပြင်ဆင်နေစဉ်မှာပင် ချန်ထန်းသည် သူ၏ခြေထောက်နားတွင် အေးစိမ့်စိမ့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။


သူ အလိုအလျောက် ငုံ့ကြည့်လိုက်ရာ ကြောက်လန့်လွန်း၍ ဝိညာဉ်ပင် လွင့်မတတ် ဖြစ်သွားသည်။ ငွေရောင်မြွေတစ်ကောင်သည် သူ၏ခြေထောက်ပေါ်မှ ဖြည်းညှင်းစွာ တွားသွားနေသည်။ မြွေ၏ခန္ဓာကိုယ်မှာ အေးစက်ပြီး စိုထိုင်းနေသည်။


အခြားသူများက သူ့ကို သတိမထားမိကြသေးသော်လည်း ကျောက်ယန်ကသာ ချန်ထန် းလှုပ်ရှားမှုမရှိဘဲ တောင့်နေသည်ကို သတိပြုမိပြီး “မင်း ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။


ချန်ထန်းသည်ကား အသံမထွက်နိုင်တော့ပေ။ ဖြူဖျော့နေသောသူ၏မျက်နှာမှာ ပို၍ပင် ဖြူဆုတ်သွားသည်။ သူ၏အသံမှာ တိုးတိုးလေးသာ ထွက်လာနိုင်သည်။ “အင်း...”


သူ လုံးဝ အသံမထွက်နိုင်တော့ချေ။


ချန်ထန်းမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်နေသည်။ ဝမ်ရှန့်က သူကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထိုလှုပ်ရှားမှုကြောင့် ခြေထောက်ပေါ်တွင် အေးအေးလူလူ ဖြတ်သွားနေသော မြွေမှာ လန့်သွားပြီး ချန်ထန်းကို ကိုက်လိုက်တော့သည်။


ချန်ထန်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်သည်။ 


ယန်ကျင့်ချင်းမှာ လန့်သွားသော်လည်း ချက်ချင်းပင် လက်ဦးမှုယူကာ မြွေကို ညှပ်ရန် တစ်ခုခုကို ဆွဲယူလိုက်သည်။ သူ၏လှုပ်ရှားမှုများမှာ သွက်လက်ပြီး ပြတ်သားလှသည်။ 


ကျောက်ယန်ကလည်း သူ၏အိတ်ကပ်ထဲမှ ဆေးမှုန့်ထုပ်ကိုထုတ်ယူကာ လျင်မြန်စွာ ကမ်းပေးလိုက်သည်။


သူတို့နှစ်ဦး လျင်မြန်စွာ လှုပ်ရှားလိုက်သဖြင့် မြွေ၏လည်ပင်းမှာ ချက်ချင်းပင် ကျိုးသွားတော့သည်။


တောနယ်တွင် မြွေနှင့် အိမ်မြှောင်တို့မှာ ခေါင်းပြတ်သွားသည့်တိုင် ခဏတာ လှုပ်ရှားနိုင်သေးသည်ဟူသောဒေသန္တရစကားတစ်ခုရှိသည်။ 


ထိုစကား မှန်သည်၊မမှန်သည်ကို မသေချာသော်လည်း မည်သူမျှ စွန့်စားခြင်းမပြုဝံ့ကြပေ။ ယန်ကျင့်ချင်းက မြွေခေါင်းကို အဝေးသို့ လွှင့်ပစ်လိုက်သည်။


ကံကောင်းသည်မှာ ယန်ကျင့်ချင်းက ထိုမြွေကို မှတ်မိနေခြင်းဖြစ်သည်။ ထိုမြွေမှာ အဆိပ်အနည်းငယ်သာရှိသောရေမြွေတစ်မျိုး ဖြစ်သည်။


တောတောင်ထဲတွင် နေထိုင်သူများအတွက် ဤကဲ့သို့သောကိစ္စရပ်များမှာ ဖြစ်လေ့ဖြစ်ထရှိသောအရာများသာဖြစ်သည်။


အဆိပ်အနည်းငယ်ရှိသောမြွေနှင့် အလွန်အဆိပ်ပြင်းသောမြွေတို့ကြားတွင် ကွာခြားချက်မှာ ကြီးမားလှသည်။ အဆိပ်နည်းသောမြွေကိုက်လျှင် ဒဏ်ရာတွင် ရောင်ရမ်းမှုအနည်းငယ်သာ ဖြစ်ပေါ်တတ်သော်လည်း အဆိပ်ပြင်းသောမြွေဆိုပါက အသက်အန္တရာယ်အထိ စိုးရိမ်ရသည်။


လယ်ကွင်းထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သောဝမ်ရှန့်သည် ချန်ထန်းထက် ပို၍ သတ္တိရှိကာ တည်ငြိမ်ပုံရသည်။ 


ချန်ထန်းမှာမူ သူ သေရတော့မည်ဟုထင်ကာ စိတ်ဓာတ်ကျနေတော့သည်။ “အစ်ကိုယန်... ကျွန်တော် မသေဘူးမလား၊ ကျွန်တော့် မိဘတွေက သူတို့ရဲ့စုဆောင်းသမျှတွေကို ကျွန်တော့်ကို ကျောင်းထားဖို့ပဲ သုံးထားတာ၊ ကျွန်တော့်မှာ တစ်ခုခုဖြစ်သွားရင် သူတို့ ဘယ်လိုလုပ်မလဲ”


သူ စိုးရိမ်နေစဉ်မှာပင် ယန်ကျင့်ချင်းက သူ့ကို ထပ်မကြောက်စေချင်တော့သဖြင့် စိတ်အေးအောင် ဖျောင်းဖျလိုက်သည်။ “အဆင်ပြေပါတယ်ကွာ၊ ခဏလောက် စောင့်ကြည့်လိုက်ရင် ဒဏ်ရာက သူ့ဘာသာသူ သက်သာသွားလိမ့်မယ်၊ အပြန်ကျရင် ငါ ဆေးမြီးတိုတချို့ ရှာပေးမယ်”


ထိုစကားကိုကြားမှသာ ချန်ထန်းလည်း ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူ သက်ပြင်းအရှည်ကြီးချလိုက်ပြီး တိုးတိုးလေး တစ်ခုခု ရေရွတ်လိုက်သည်။ သူ ပြန်ကြည့်လိုက်သောအခါ ကျောက်ယန်မှာ တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်နေသည်ကို တွေ့ရသည်။ ကံကောင်းသည်မှာ မည်သူမျှ သူ့ကို လှောင်ပြောင်ခြင်းမပြုကြသဖြင့် နောက်ဆုံးတွင် သူ စိတ်အေးသွားရသည်။


ယန်ကျင့်ချင်း၏အိမ်သို့ ရောက်သောအခါ ယန်ကျင့်ချင်းသည် ချန်ထန်း၏ဒဏ်ရာအတွက် ပိုးသတ်ဆေးရှာဖွေရန် သေတ္တာများနှင့် ဗီဒိုများကို ချက်ချင်းပင် မွှေနှောက်တော့သည်။ တစ်ဖက်တွင်လည်း ကြက်သားကိုင်ရန် ပြင်ဆင်နေခဲ့သည်။


သူ အလုပ်ရှုပ်နေသော်လည်း ကျောက်ယန်မှာမူ ဧည့်သည်နှစ်ယောက်အတွက် ဘာမှသိပ်မလုပ်ပေးနိုင်သဖြင့် ထိုင်နေရုံသာ တတ်နိုင်ခဲ့သည်။ 


ချန်ထန်းနှင့် ဝမ်ရှန့်တို့သည်ကား အိမ်၏ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။ သူတို့ ယခင်က ဤအိမ်သို့ သိပ်မလာဖူးသော်လည်း ယခုအခါ အိမ်မှာ တစ်မျိုးလေးပြောင်းလဲနေသလို ခံစားရသည်။


ဝမ်ရှန့်မှာ ပွင့်လင်းသူဖြစ်သဖြင့် လက်ဖက်ရည် ငှဲ့နေစဉ် အတွင်းခန်းထဲသို့ အမှတ်မထင် လှမ်းကြည့်လိုက်သည်။ ခုတင်တစ်လုံးကို သေသေချာချာ ခင်းကျင်းထားပြီး အခြားတစ်ဖက်ရှိ ကြမ်းပြင်ပေါ်တွင် အိပ်ရာတစ်ခု ခင်းထားသည်ကို သူ သတိပြုမိသွားသည်။


သူက မေးလိုက်သည်။ “အိုက်ယား... အစ်ကိုယန်၊ အစ်ကိုက ဒီလောက် အရပ်ရှည်တာကို ကြမ်းပြင်ပေါ်မှာ အိပ်တာလား”


ထိုအခါမှ ယန်ကျင့်ချင်းသည် သူ အလုပ်ရှုပ်နေသဖြင့် အခန်းပြောင်းရန် စီစဉ်ထားသည်ကို မေ့နေမှန်း သတိရသွားသည်။ ယခုအချိန်တွင် ထိုအကြောင်းကို ပြောပြရန်မှာ အနည်းငယ် အနေရခက်နေသည်။ သူက ရှင်းပြလိုက်သည်။ “အရင်က ကျောက်ယန်ရဲ့အခြေအနေက တော်တော်စိုးရိမ်ရတော့ ညဘက်မှာ တစ်ခုခုဖြစ်မှာ စိုးလို့လေ၊ ကြမ်းပြင်ပေါ်မှာ အိပ်တာက သူ့ကို စောင့်ရှောက်ရတာ ပိုလွယ်မယ်ထင်လို့ပါကွာ”


ကျောက်ယန်မှာ စိတ်ထဲတွင် နွေးထွေးသွားသော်လည်း ထိုသို့အပြောခံရခြင်းမှာ ယန်ကျင့်ချင်းကို အခက်တွေ့စေသည်ဟု ခံစားမိကာ အားနာသွားသည်။ ထို့ကြောင့် သူကပင် ဦးဆောင်၍ ပြောလိုက်သည်။ “တကယ်တော့ ဘာမှမဖြစ်ပါဘူး၊ အခု ကျွန်တော် အများကြီး သက်သာနေပါပြီ၊ ညဘက် နိုးရင်တောင် တောင်ဝှေးနဲ့ အိမ်ထဲမှာ လမ်းလျှောက်လို့ ရနေပါပြီ”


ဤကဲ့သို့သောကိစ္စရပ်များကို ပြောဆိုရခြင်းမှာ အနည်းငယ် ထူးဆန်းနေသော်လည်း သူတို့မှာ ယောက်ျားလေးချင်းဖြစ်နေသဖြင့် မည်သူမျှ ထွေထွေထူးထူး မစဉ်းစားမိကြပေ။


ဆေးထည့်ပြီးနောက် ချန်ထန်းမှာ ညှိုးနွမ်းသွားသောအပင်လေးတစ်ပင်ကဲ့သို့ နုနယ်ဖျော့တော့နေပုံရသည်။ ဝမ်ရှန့်က လျှာတသပ်သပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ “မင်း မိဘတွေက မင်းကို အရမ်း အလိုလိုက်ထားတာပဲ၊ မင်း ဘာအခက်အခဲမှ မကြုံဖူးသေးဘူး၊ အခု နည်းနည်းလေး လန့်သွားတာကို ဒီလောက်တောင် ဖြစ်နေပြီ၊ နောက်ပိုင်းကျရင် စာမေးပွဲတွေ ဘယ်လိုဖြေမလဲတောင် မသိတော့ဘူး”


ထိုစကားကြောင့် ရန်ပွဲတစ်ခုဖြစ်လုနီးပါး ဖြစ်သွားသော်လည်း ယန်ကျင့်ချင်းသည် သူ့အိမ်တွင် သူများကို လာရောက်ဆူညံသံမပေးစေလိုပေ။ သူသည် သူတို့နှစ်ဦးလုံးကို ကြက်သားတစ်ပိုင်းစီပေးကာ ပြန်လွှတ်လိုက်သည်။ သူတို့နောက်ဆုံးတွင် ထွက်သွားကြမှသာ သူသည် အိုးထဲတွင် ဆီပူတိုက်ပြီး တောကြက်သားကြော်ရန် ပြင်ဆင်တော့သည်။


ကြက်စွပ်ပြုတ်သက်သက်သောက်ရသည်မှာ ကောင်းသော်လည်း အရသာမှာမူ ပေါ့ရွှတ်ရွှတ်နိုင်လှသည်။


ထို့အပြင် ကျောက်ယန်၏ကျန်းမာရေးမှာလည်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ သူ၏အားအင်များကို ပြန်လည်ဖြည့်တင်းပေးရန် အချိန်တန်ပြီဖြစ်သည်။ ကျောက်ယန်မှာ အရိုးပေါ် အရေတင်သည်အထိ အလွန်ပိန်လှီသွားခဲ့သည်မဟုတ်ပါလား။


ကျောက်ယန်က စကားစလာပြီးနောက် ယန်ကျင့်ချင်းသည် ကြမ်းပြင်ပေါ်မှ အိပ်ရာလိပ်များကို သိမ်းဆည်းကာ ဘေးအခန်းကို သန့်ရှင်းရေးလုပ်လိုက်သည်။ 


ထိုနေ့ည ညစာစားပြီးချိန်တွင် ယန်ကျင့်ချင်းသည် လက်ဖက်ရည်ကြမ်း အနည်းငယ် ဖျော်လိုက်သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက ထိုအကြောင်းကို စတင်ပြောဆိုလိုက်သည်။ “အားယန်၊ ဒီနေ့ ငါ ကျောက်ဆောင်ပေါ်မှာ ရှိနေတုန်းက အရမ်းရှားပါးတဲ့ဆေးဖက်ဝင်အပင်တစ်မျိုးကို တွေ့ခဲ့တယ်၊ အဲ့ဒါကိုသာ ရမယ်ဆိုရင် ငါတို့ ပိုက်ဆံအများကြီး ရနိုင်တယ်”


“ကျောက်ဆောင်...” ကျောက်ယန်သည် စားပွဲပေါ်သို့ လက်တင်လိုက်ပြီး ယန်ကျင့်ချင်း ပြောလိုက်သည့်စကားထဲမှ အဓိကအချက်ကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်မိသည်။ “အဲ့ဒါက အရမ်းအန္တရာယ်များတယ်မဟုတ်ဘူးလား...”


“ငါ့အဖေက အမြဲတမ်းသွားနေကျပါ၊ ဘာမှမဖြစ်ပါဘူး၊ အိမ်မှာလဲ တောင်တက်ကြိုးတွေ ရှိပါတယ်၊ မနက်ဖြန်ကျရင် အားလုံးကို ပိုခိုင်ခန့်အောင်လုပ်ဖို့ ပစ္စည်းတွေ ထပ်သွားရှာဦးမယ်” ဟု ယန်ကျင့်ချင်းက သူ့ကို စိတ်အေးအောင် ပြောလိုက်သည်။ “ငါ့ကိုယုံပါ၊ ပိုက်ဆံရလာပြီဆိုရင် ငါတို့ ဘာမှပူစရာမလိုတော့ဘူး”


အမှန်တကယ်တွင် ကျောက်ယန်အနေဖြင့် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက် သိပ်မရှိပေ။ သူသည် သူများ၏ကယ်တင်ခြင်းကို ခံထားရသူဖြစ်ပြီး ယန်ကျင့်ချင်းသည်လည်း ပိုက်ဆံရရှိရန်အတွက် အချိန်တိုင်း ရုန်းကန်နေရသည်မဟုတ်ပါလား။ ကျောက်ယန်က ခေါင်းငြိမ့်ပြလိုက်သော်လည်း ပြတ်သားစွာ ပြောလိုက်သည်။ “ဒါဆိုရင် မနက်ဖြန် ကျွန်တော်လဲ အစ်ကိုနဲ့အတူ လိုက်ခဲ့မယ်၊ ဒါမှ ကျွန်တော် စိတ်အေးရမှာ”


သူသည် အကူအညီများစွာမပေးနိုင်သော်လည်း ယန်ကျင့်ချင်း၏နားတွင် ရှိနေခြင်းဖြင့် သူ၏ဘေးကင်းမှုကို ချက်ချင်း သိရှိနိုင်မည်ဖြစ်သည်။


ကျောက်ယန်သည် တစ်ခုခုကို သင်ယူရမည်ဟု စိတ်ထဲက တွေးနေမိသည်။ သို့မဟုတ်ပါက သူ လုံးဝပြန်မကောင်းလာလျှင် အမြဲတမ်း ဝန်ထုပ်ဝန်ပိုးဖြစ်နေပေလိမ့်မည်။ သူသည် အမှန်တကယ်တွင် အားအင်ကြီးမားသူတစ်ဦး ဖြစ်သော်လည်း ပြန်လည်ကျန်းမာလာချိန်မှစ၍ ယခင်က အဆိပ်မိခဲ့သောကြောင့်လားမသိပေ။ သူ၏ခန္ဓာကိုယ်မှာ အားနည်းနေဆဲ ဖြစ်သလို အမြဲတမ်းလည်း မောပန်းနွမ်းနယ်နေတတ်သည်။


ဖြစ်နိုင်သည်မှာ ကျောက်ယန်သာ ထိုအခက်အခဲကို ကျော်လွှားနိုင်လျှင် သူ လုံးဝ ပြန်လည်ကျန်းမာလာပေလိမ့်မည်။


ဤအတွေးများက သူ့ကို ဖိစီးနေသောကြောင့် ယန်ကျင့်ချင်းသည် ထိုညက ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သူ၏မှတ်ဉာဏ်များမှာ ဝေဝါးနေပြီး အိမ်မက်ထဲတွင် သူသည် စည်ကားသောလမ်းမများပေါ်တွင် တစ်ယောက်တည်း လမ်းလျှောက်နေသော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြချေ။


လူများက သူ့ကို လုံးဝမမြင်ရသကဲ့သို့ပင်။ လူတိုင်းသည် အထပ်မြင့်အဆောက်အအုံပေါ်မှ လူတစ်ဦးကိုသာ အာရုံစိုက်နေကြပြီး နောက်ဆုံးတွင် သူကိုယ်တိုင် ထိုအဆောက်အအုံပေါ်သို့ တက်သွားခဲ့သည်။


ဒူးထောက်၍အရိုအသေပေးနေကြသောထိုလူများသည် ယခုအခါ ယန်ကျင့်ချင်းထံသို့ အာရုံပြောင်းလာကြရာ သူကိုယ်တိုင်ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။


ယန်ကျင့်ချင်းသည် အရုဏ်တက်ချိန်တွင် ထိုထူးဆန်းသောအိမ်မက်ကြောင့် လန့်နိုးလာပြီး စိတ်မသက်မသာဖြစ်နေမိသည်။ သူသည် စိတ်ကို ပြန်လည်ထိန်းချုပ်ကာ တောင်တက်ရန်အတွက် စတင်ပြင်ဆင်တော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုလူနှစ်ယောက်(ချန်ထန်နှင့် ဝမ်ရှန့်)မှာ ယနေ့တွင် သူ့ကို လာရောက်မနှောင့်ယှက်ကြပေ။ 


ချန်ထန်းမှာ မြွေကိုက်ခံထားရသောကြောင့် သူ၏မိဘများက စိုးရိမ်လွန်းသဖြင့် အပြင်မထွက်ရန် ပိတ်ပင်ထားသည်ဟု ကြားသိရသည်။


ချန်ထန်း၏မိသားစုမှာ ရွာတွင် ချမ်းသာသော မိသားစုဝင်များဖြစ်သည်။ သူ၏မိဘများသည် အိမ်နီးနားချင်းများနှင့် သင့်တင့်အောင် နေထိုင်ကြသော်လည်း သူ၏မိခင်မှာ အလွန်မာနကြီးပြီး ထောင်လွှားသူဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူမသည် သားဖြစ်သူ၏အောင်မြင်မှုကိုသာ အမြဲတမ်း မျှော်လင့်နေသူဖြစ်သဖြင့် ချန်ထန်းကို ကြီးပြင်းလာသည့်တိုင် မည်သည့်လယ်ယာအလုပ်ကိုမျှ မလုပ်ခိုင်းခဲ့ပေ။


ယန်ကျင့်ချင်း ရွာသို့ စတင်ရောက်ရှိစဉ်က လူအများအပြားကို မသိသေးသော်လည်း သူ၏ဖခင်အရက်မူးသည့်အခါ အခြားသူများအကြောင်း ညည်းညူပြောဆိုသံများကို ခဏခဏ ကြားဖူးသည်။


မွေးစားဖခင်၏သားဖြစ်သူမှာ အစိုးရအသိုင်းအဝိုင်းမှ လူတစ်ဦး၏ဒုက္ခပေးခြင်းကို ခံခဲ့ရသည်ဟု ဆိုကြပြီး သူ၏မွေးစားဖခင်က ချန်ထန်း၏မိသားစုကို အကြိမ်ကြိမ် အကြံပေးဖူးသည်။ ကံမကောင်းစွာဖြင့် သူတို့ကမူ ထိုကိစ္စမှာ ကံဆိုးခြင်းတစ်ခုသာဖြစ်ပြီး တင်းကြပ်လွန်းသောဖခင်၏သားမှာ အလိုလိုက်ခံထားရသောလူငယ်လေးတစ်ဦး၏မျက်စိစပါးမွှေးစူးခြင်းခံရရုံသာဖြစ်သည်ဟု ယူဆကြသည်။ ချန်ထန်းမှာ ရိုးသားသူဖြစ်သဖြင့် ရန်သူမရှိသရွေ့ သူအောင်မြင်လိမ့်မည်ဟုသာ ယုံကြည်နေသည်။


နှစ်ပေါင်းများစွာ အကြံပေးခဲ့သော်လည်း အခြေအနေမှာ တိုးတက်မလာဘဲ ယန်ကျင့်ချင်း၏မွေးစားဖခင်နှင့် ချန်ထန်း၏မိခင်တို့ကြား ဆက်ဆံရေးမှာလည်း ပျက်ပြားသွားခဲ့သည်။


သူတို့သည် လမ်းကြောင်းချင်း မတူတော့ပုံပင်။


ဝမ်ရှန့်မှာ အမဲလိုက်ပညာကိုသင်ယူရန် စိတ်အားထက်သန်နေဆဲဖြစ်သော်လည်း ယန်ကျင့်ချင်းက သူ့ကို ရက်အနည်းငယ်ခန့် လှည့်ဖြားရန် အကြောင်းပြချက်တစ်ခု ရှာတွေ့ခဲ့သည်။ 


ဝမ်ရှန့်နှင့် သူ၏ဇနီးတို့မှာ မကြာသေးမီက စုဆောင်းထားသော ဆေးဖက်ဝင်အပင်များကို သွားရောက်ရောင်းချနေကြသည်။


ယန်ကျင့်ချင်းသည် နှစ်ရက်ခန့် အနားယူပြီး ကြိုးများကိုပြင်ဆင်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် သူသည် ကျောက်ယန်နှင့်အတူ တိတ်တဆိတ် ထွက်လာခဲ့သည်။ လမ်းခရီးတွင် ရွာသားတစ်ဦးတစ်ယောက်နှင့်မျှ မဆုံခဲ့ပေ။ ရွာသားအများစုမှာ တောတောင်ထိပ်ဖျားသို့ မတက်ဝံ့ကြပေ။ အကြောင်းမှာ ထိုနေရာရှိ တောရိုင်းတိရစ္ဆာန်များကို ယှဉ်ပြိုင်နိုင်စွမ်းမရှိကြသောကြောင့်ဖြစ်သည်။


ကျောက်ဆောင်ဘေးတွင် အလွန်ခိုင်ခံ့သော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ရှိသည်။ ယန်ကျင့်ချင်း၏ဖခင်သည် တောင်တက်သည့်အခါတိုင်း ထိုသစ်ပင်ကို အမြဲအားကိုးလေ့ရှိသဖြင့် ယန်ကျင့်ချင်းသည်လည်း ယုံကြည်မှုရှိပြီး မကြောက်မရွံ့ ဖြစ်နေသည်။


ကျောက်ယန်မှာမူ အလွန်ကြောက်လန့်နေသော်လည်း ယန်ကျင့်ချင်းကို မတားဆီးနိုင်သဖြင့် တစ်ဖက်လူ၏အသံကို နားထောင်ကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိပေ။ 


ယန်ကျင့်ချင်းသည် ခါးတွင် ကြိုးကို တင်းကြပ်စွာ ချည်နှောင်ထားပြီး တောင်တက်လက်သည်းများကိုလည်း ယူဆောင်လာကာ အပြည့်အစုံ ပြင်ဆင်ထားသည်။ သူသည် ကျောက်ဆောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ကျောက်နံရံကို ဂရုတစိုက် နင်းကာ နောက်ဆုံးတွင် ဟွမ်ယွဲ့လင်းဆေးဖက်ဝင်အပင်ကို ခူးယူပြီး သူ၏ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။


ဆေးဖက်ဝင်အပင်မှာ တော်တော်များများရှိသော်လည်း တစ်ကျင်းမပြည့်သေးပေ။ ယန်ကျင့်ချင်းသည် အဆုံးမရှိသယောင် ထင်ရသောကျောက်ဆောင်အောက်ခြေသို့ လှမ်းကြည့်လိုက်သည်။


'သူ မကြောက်ဘူး'ဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော် ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။


အောက်သို့ ဆင်းလေလေ၊ ဆေးဖက်ဝင်အပင်များမှာ ပို၍ များပြားလေလေပင်။ 


သို့သော်လည်း ယန်ကျင့်ချင်းသည် မတော်တဆမှုများဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဘေးကင်းရေးကို ဦးစားပေးကာ တစ်ကျင်း၏ ထက်ဝက်နီးပါးခန့်ကိုသာ ခူးယူခဲ့သည်။ 


သူသည် ကျောက်ဆောင်ပေါ်သို့ ဘေးကင်းစွာ ပြန်တက်လာပြီး ဆေးပင်များကို ကျောက်ယန်ထံ ကမ်းပေးလိုက်ရာ ကျောက်ယန်၏ဖြူလွလွလက်ကလေးများမှာ မြေကြီးအနည်းငယ် ပေကျံသွားတော့သည်။ 


ကျောက်ယန်က ပြုံးလျှက် ပြောလိုက်သည်။ “အစ်ကို ဘေးကင်းလို့ ဝမ်းသာပါတယ်”


-----