Ch 26
Viewers 51

အခန်း (၂၆)

ရှန်ယို့ယောင်သည် လူကို ဒေါသထွက်အောင် စကားပြောတတ်ခြင်း မရှိသော်လည်း အခွင့်အရေးကို လက်လွတ်ခံလေ့ မရှိပေ။ တုဇယ်ချန်း၏ စကားကို ဆက်၍ ချွဲနွဲ့နွဲ့ ပြန်ပြောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ"

"ဟားဟား... မင်းက အကောင်းဆုံးပဲ၊ သဘောထား အကြီးဆုံးပဲလို့ ပြောနေတာပါ"

တုဇယ်ချန်းသည် သူမကို ကြည့်ပြီး ပြုံးရယ်နေသည်။

တုနျန်ယန်သည် ငယ်ရွယ်သူမို့ ဒေါသကို မထိန်းနိုင်တော့ပေ။

"အစ်ကိုတု... ခင်ဗျားနဲ့ ရှန်ယို့ယောင်တို့ ဘယ်လို ဟန်ဆောင်ထားလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ ကျွန်တော့်ရှေ့မှာ ဒီလို ဟန်ဆောင်ပြနေဖို့ မလိုပါဘူး"

ချန်ရွေ့လည်း သတိဝင်လာပြီး စိတ်သက်သာရာ ရသွားသည်။ ဟုတ်သားပဲ... တုသခင်လေးက သိက္ခာကို အသက်တမျှ တန်ဖိုးထားတာပဲ။ ဟန်ပြ လက်ထပ်ထားတာကို ဝန်ခံလိုက်ရင် ဘယ်လောက် ရှက်စရာ ကောင်းမလဲ။ ဟန်ဆောင်နေတာ ဖြစ်မှာပါ။

"မင်းတို့ကို အတွင်းရေးမှူးယန် ပြောပြတာ မလား"

တုဇယ်ချန်းက ပြုံးလိုက်သည်။

"ဒါဆို သူ ငါ့အကြောင်း ကောလာဟလတွေ ဘယ်လောက် လွှင့်ထားလဲ ဆိုတာလည်း မင်း သိမှာပေါ့... ထားလိုက်ပါတော့။ အဲဒီလို ထင်လို့ မင်းတို့ စိတ်ချမ်းသာမယ် ဆိုရင်လဲ..."

သူ ပခုံးတွန့်လိုက်သည်။

"သဘောသာ ထားကြပါတော့"

ဓာတ်လှေကားက ရောက်လာသည်။ ရှန်ယို့ယောင်က တုဇယ်ချန်းကို တွန်းပြီး အထဲ ဝင်လိုက်သည်။ တုဇယ်ချန်းက တစ်စုံတစ်ခု သတိရသွားသလို တုနျန်ယန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဒါနဲ့... ဒါက ဥက္ကဋ္ဌ သီးသန့် ဓာတ်လှေကား မဟုတ်ဘူးလား။ မင်းက ဘယ်လို လုပ်ပြီး စီးခွင့် ရတာလဲ"

"ဪ... သိပြီ။ အတွင်းရေးမှူးယန်က ဥက္ကဋ္ဌနဲ့ အတူတူ စီးလေ့ရှိတော့... ရာထူးကို အခွင့်ကောင်းယူပြီး ခိုးစီးရင်း မင်းကိုပါ သင်ပေးလိုက်တာလား"

တုနျန်ယန် မျက်နှာ တောင့်တင်းသွားသည်ကို ကြည့်ပြီး တုဇယ်ချန်း ရယ်မောလိုက်သည်။

"ကြည့်ပါဦး... ကြောက်နေလိုက်တာ။ ဘာဖြစ်လို့လဲ... ဥက္ကဋ္ဌ သိရင် ပြီးတာပဲလေ။ သူက တစ်နေ့မှ ခေါက်ရေ နည်းနည်းပဲ စီးတာ... ဒီတိုင်းထားရင် အလကား ဖြစ်နေမှာ။ မင်းတို့ စီးလိုက်တော့ အကျိုးရှိတာပေါ့... ကုန်ကျစရိတ် သက်သာတယ် ဆိုပါတော့"

သူ့စကားများက တုနျန်ယန်၏ တစ်လလုံး တည်ဆောက်ထားသော ယုံကြည်မှုများကို ဖြိုချလိုက်သည်။ တစ်ဖက်လူက ဒုက္ခိတ ဖြစ်နေလျှင်တောင် တရားဝင် ဆက်ခံသူ သခင်လေး ဖြစ်သည်။ သူကတော့... တုဟုန်ရိက နှုတ်ဆိတ်နေသော်လည်း ကိုယ်တိုင် ဝန်မခံသေးသရွေ့ တရားမဝင်သား ဟူသော ခေါင်းစဉ်အောက်မှ ရုန်းထွက်နိုင်မည် မဟုတ်။

တုနျန်ယန် အံကြိတ်ပြီး ငြိမ်နေလိုက်သည်။ တုဇယ်ချန်း၏ ခြေထောက်အကြောင်း ပြောပြီး ပြန်တိုက်ခိုက်ချင်သော်လည်း တုဇယ်ချန်းက စိတ်ဆိုးပြီး သူသည် တရားမဝင် သားဖြစ်ကြောင်း အော်ပြောလိုက်မည်ကို စိုးရိမ်ရသည်။ ချန်ရွေ့ ရှေ့တွင် အရှက်ကွဲခံ၍ မဖြစ်။

သို့သော် ချန်ရွေ့၏ အပြုံးသည် ပျက်ပြယ်စ ပြုနေပြီ။ ဆင်းရဲချမ်းသာ မရွေးဘူး ဆိုတာ ဟန်ပြ စကားသာ ဖြစ်သည်။ တုနျန်ယန်သည် တုဟုန်ရိ သဘောကျသော သားဖြစ်ကြောင်း သိ၍သာ တွဲခဲ့ခြင်း ဖြစ်သည်။

ယခု လူရှေ့သူရှေ့တွင် အပြောခံလိုက်ရသဖြင့် ရှက်ရွံ့မိသည်။

သူတို့နှစ်ဦး၏ အနေရခက်နေပုံကို ကြည့်ပြီး တုဇယ်ချန်း သဘောပေါက်သွားသည်။ "ကိုယ်တိုင် ခေါင်းငုံ့မခံသရွေ့ ဘယ်သူမှ ကိုယ့်ခေါင်းပေါ် တက်နင်းလို့ မရဘူး" ဆိုတာ ဒါပါလား။

ရှန်ယို့ယောင်ကို မော့ကြည့်လိုက်သည်။ သူမကို ကျေးဇူးတင်မိသည်။ သူမသာ သူ့ကို အမှောင်ထုထဲမှ အတင်းဆွဲထုတ်မပေးခဲ့လျှင် ဘဝမှာ ရွေးချယ်စရာ လမ်းတွေ အများကြီး ရှိမှန်း သူ သိခွင့်ရမည် မဟုတ်။

ဓာတ်လှေကားသည် ဥက္ကဋ္ဌ ရုံးခန်းရှိရာ အထပ်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

တုဇယ်ချန်း ရောက်လာမည်ကို ကြိုမသိသဖြင့် တုဟုန်ရိနှင့် အတွင်းရေးမှူးယန်တို့သည် ဓာတ်လှေကား တံခါးဝတွင် ပက်ပင်းတိုးမိကြသည်။ တုဟုန်ရိသည် အတွင်းရေးမှူးယန်ကို ပြန်ခိုင်းရန် ပြင်နေစဉ် ဖြစ်သည်။

"ကျွန်တော် ရောက်လာမယ် ကြားလို့ ထွက်ပြေးမလို့လား"

တုဇယ်ချန်းက အံ့သြဟန် ပြလိုက်သည်။

"မလိုပါဘူးဗျာ... ကျွန်တော်က သေမှာတောင် မကြောက်တဲ့ကောင်ပါ။ ခင်ဗျားတို့ လွတ်လွတ်လပ်လပ်သာ နေကြပါ။ ကျွန်တော့်ကို ဂရုစိုက်စရာ မလိုပါဘူး"

တုဟုန်ရိ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ။ အတွင်းရေးမှူးယန်က ဧည့်သည် ဆင်းကြိုမလို့ပါ"

ပြောရင်းဆိုရင်း တုဇယ်ချန်း၏ ဝှီးချဲကို လှမ်းကိုင်လိုက်သည်။ ရှန်ယို့ယောင်က ဘေးသို့ ဖယ်ပေးလိုက်သည်။

"ဘယ်သူ့ကို ကြိုမလို့လဲ။ ညီလေးတု နဲ့ ချန်သခင်မလေးကိုလား"

တုဇယ်ချန်းက နောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ ထိုအခါမှ တုဟုန်ရိသည် ဓာတ်လှေကားထဲမှ လူနှစ်ယောက်ကို မြင်လိုက်ရသည်။

တုဟုန်ရိက စိတ်ရှုပ်သွားသည်။ တုနျန်ယန်အတွက် အားကိုးရမည့် မိတ်ဖက် ရှာပေးချင်သော်လည်း တုဇယ်ချန်းကိုတော့ ပေးမသိချင်သေး။ ဒါက အဘိုးထန် စီစဉ်ပေးခဲ့သော လမ်းကြောင်း ဖြစ်နေ၍ သိသွားလျှင် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲသွားလိမ့်မည်။

သို့သော် သူ့ချစ်သူ အတွင်းရေးမှူးယန်က တုဇယ်ချန်းကို ကြွားလုံးထုတ်ပြီး ပြောပြထားမှန်း သူ မသိရှာ။

"ကောင်းပါတယ်... ဘာလို့ မပျော်ရတာလဲ"

တုဇယ်ချန်းက စေတနာ ပါပါ ပြောလိုက်သည်။

"အဖေက ချန်မိသားစု စီးပွားရေးကို သဘောကျနေတာ ကြာပြီ မလား"

ထို့နောက် အံ့သြဟန် ဆောင်လိုက်သည်။

"ကျွန်တော့်ကို အားနာလို့လား။ စိတ်မပူပါနဲ့... အဘိုး ပြောတုန်းကလည်း ကျွန်တော် သဘောမတူခဲ့ပါဘူး။ ကျွန်တော့်မှာ ယို့ယောင် ရှိနေပြီလေ။ အဖေတောင် နှမြောနေသေးတယ် မလား။ အခု တုနျန်ယန် ရောက်လာတော့ အတော်ပဲပေါ့။ အသုံးချစရာ လူရသွားတာပေါ့"

တုဇယ်ချန်း၏ စကားထဲတွင် ချန်သခင်မလေးသည် အရောင်းအဝယ် ပစ္စည်းတစ်ခုသဖွယ် ဖြစ်သွားသည်။

"နောက် အနှစ် ၂၀၊ ၃၀ လောက် ကြာရင်... ထန်မိသားစုကို ဝါးမျိုခဲ့သလိုမျိုး ချန်မိသားစုကိုလည်း တုနျန်ယန်က ဝါးမျိုပစ်လိုက်မှာပါ"

အားလုံး မျက်နှာပျက်သွားကြသည်။ တုဟုန်ရိက ဟိန်းဟောက်လိုက်သည်။

"ဇယ်ချန်း"

ချန်ရွေ့ မျက်နှာက ပျက်နေသည်။

"ဦးလေးတု... သမီး ကိစ္စလေး ရှိသေးလို့ သွားလိုက်ပါဦးမယ်"

"ချန်ရွေ့... နေပါဦး"

တုနျန်ယန် နောက်က ပြေးလိုက်သွားသည်။

"ဇယ်ချန်း... မင်း ဘာလုပ်လိုက်တာလဲ"

တုဟုန်ရိ ဒေါသထွက်နေသည်။

"အမှန်အတိုင်း ပြောပြတာလေ"

တုဇယ်ချန်းက အေးဆေးပင်။

"စိတ်မပူပါနဲ့... ချန်သခင်မလေးက ဒီလို ရည်ရွယ်ချက် ရှိနေမှတော့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ပါဘူး။ သူကလည်း တုမိသားစုကို ဝါးမျိုချင်နေတာလေ။ ကျွန်တော့်လို ဒုက္ခိတကိုတောင် ထည့်တွက်မှာ မဟုတ်ဘူး... ပြန်ချော့လိုက်ရင် ရပါတယ်"

တုဟုန်ရိ စကားမပြောနိုင်တော့။ ရင်ထဲ ဆို့နင့်နေသည်။

စာချုပ်ဖျက်သိမ်းသည့် ကိစ္စက ချောမွေ့သည်။ ရှန်ယို့ယောင်က နာမည်ကြီး မင်းသမီး မဟုတ်သဖြင့် လျော်ကြေး ပေးစရာ မလိုဘဲ ဖျက်သိမ်းခွင့် ရလိုက်သည်။

တုဇယ်ချန်းသည် အမြဲတမ်း အရင်းအမြစ်များ လုယူတတ်သူ ဖြစ်သဖြင့် သူ ထွက်သွားလျှင် ကုမ္ပဏီမှ အနုပညာရှင်များ ပျော်ကြမည် ဖြစ်သည်။

ပြဿနာ ရှိနိုင်သည်မှာ ကျူးယန်လင် ဖြစ်သည်။ သူသည် ထိပ်တန်း မန်နေဂျာ ဖြစ်ပြီး နာမည်ကြီး အနုပညာရှင် များစွာကို မွေးထုတ်ပေးခဲ့သူ ဖြစ်သည်။ သို့သော် တုနျန်ယန် ရောက်လာပြီးနောက် ကိုယ်ပိုင် အဖွဲ့အစည်း တည်ဆောက်ရန်အတွက် သူ့ကို ဖယ်ရှားချင်နေကြသည်။ ကျူးယန်လင်၏ ပြိုင်ဘက် ဝေဖေး (Wei Fei) ကလည်း အခွင့်ကောင်းယူပြီး နာမည်ကြီး အနုပညာရှင် နှစ်ယောက်ကို ဆွဲစေ့ထားပြီးပြီဖြစ်သည်။

ထို့ကြောင့် ကျူးယန်လင် ထွက်ခွာမည့် ကိစ္စကို အတွင်းရေးမှူးယန်နှင့် တုနျန်ယန်တို့က သဘောတူကြသည်။ တုဟုန်ရိလည်း လက်ခံလိုက်သည်။

တစ်နာရီ အတွင်းမှာပင် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့ လွတ်လပ်သူများ ဖြစ်သွားကြသည်။ ကျူးယန်လင်ကတော့ လုပ်ငန်းလွှဲပြောင်းရန် ကျန်နေသေးသဖြင့် နောက်မှ လိုက်လာမှာ ဖြစ်သည်။

စာချုပ်ကို ပိတ်လိုက်ပြီးနောက် တုဇယ်ချန်းက မေးလိုက်သည်။

"ကြားတာတော့ ဖန်ရွှယ်ယင်းကို ခေါ်မယ်ဆို"

တုဟုန်ရိက အံ့သြဟန် ပြလိုက်သည်။

"ဘယ်ကလာ... သူက မင်းကို လိမ်ထားတဲ့အပြင် အွန်လိုင်းမှာပါ မင်းနာမည် ဖျက်ထားတာလေ... အဖေက မအားလို့ လွှတ်ထားရတာ။ တရားစွဲဖို့တောင် ပြင်နေတာ... ဘယ်လိုလုပ်ပြီး ခေါ်ရမှာလဲ"

"ဪ... တော်သေးတာပေါ့"

တုဇယ်ချန်းက သူ ဟန်ဆောင်နေမှန်း သိသော်လည်း ဂရုမစိုက်။

"ကျွန်တော်က တွေးနေတာ... အဖေများ သူ့ကို ခေါ်လိုက်ရင် ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေမလားလို့"

တုဟုန်ရိက ခေါင်းကိုက်သလို နားထင်ကို နှိပ်လိုက်သည်။

"စိတ်ချပါ... အဖေ မလုပ်ပါဘူး။ ဒီရက်ပိုင်း ပြဿနာတွေ စုံနေလို့ ဂရုမစိုက်နိုင်ခဲ့တာပါ။ အခု သား ထွက်သွားချင်တယ် ဆိုလို့သာ ခွင့်ပြုလိုက်တာ။ ပင်ပန်းရင် အိမ်ပြန်လာခဲ့... ကြားလား"

တုဇယ်ချန်းက ဘာမှ ပြန်မပြော။

တုဟုန်ရိက ဆက်ပြောသည်။

"သားက ဒဏ်ရာနဲ့ ဆိုတော့... စတူဒီယို လုပ်ရတာ ပင်ပန်းလိမ့်မယ်။ ရှောင်းမင်ကျန့် တစ်ယောက်တည်းနဲ့ နိုင်ပါ့မလား။ အဖေ လူထပ်ထည့်ပေးရမလား"

တုဇယ်ချန်းက ငြင်းလိုက်သည်။

"ကျွန်တော့်နားမှာ သူလျှို လာထည့်မလို့လား"

တုဟုန်ရိ သက်ပြင်းချလိုက်သည်။

"သား သဘောမကျရင် နေပါစေတော့"

သူ နောင်တရမိသည်။ တုဇယ်ချန်းက အသုံးမကျဘူးဟု ထင်ပြီး သူ့နားမှာ လူမထည့်ခဲ့မိ။ အဘိုးထန်၏ လူတွေချည်း ဝိုင်းနေသဖြင့် အခုချိန်မှာ လူထည့်ဖို့ ခက်ခဲသွားပြီဖြစ်သည်။

"အခက်အခဲ ရှိရင် အဖေ့ကို ပြောနော်... သိလား"

တုဇယ်ချန်းက ဘာမှ မပြောဘဲ လက်ပြကာ ထွက်လာခဲ့သည်။ အောက်ထပ် ရောက်သောအခါ စောင့်နေသော အတွင်းရေးမှူးယန်ကို တွေ့လိုက်ရသည်။

သူမကို လက်ယပ်ခေါ်လိုက်သည်။ အတွင်းရေးမှူးယန်က မကျေမနပ်ဖြင့် ကိုယ်ကို ကိုင်းလိုက်သည်။ တုဇယ်ချန်းက နားနားကပ်ပြီး ပြောလိုက်လေ၏။

"ခင်ဗျားနဲ့ တုနျန်ယန်ကို ကုမ္ပဏီက ထွက်သွားဖို့ ဘာလို့ မတောင်းဆိုလဲ သိလား"

သူမ စိုးရိမ်နေသော ကိစ္စကို ပြောလာသဖြင့် မျက်နှာပျက်သွားသည်။

"စိတ်ချပါ... ကျွန်တော် ဘယ်တော့မှ တောင်းဆိုမှာ မဟုတ်ဘူး"

တုဇယ်ချန်းက ပြုံးလိုက်သည်။

"သူ (တုဟုန်ရိ) ကိုယ်တိုင် ခင်ဗျားတို့ကို မောင်းထုတ်တဲ့အထိ စောင့်နေမှာမို့လို့... ကြည့်နေလိုက်"

အတွင်းရေးမှူးယန် ဒေါသထွက်သွားသည်။

"ခင်ဗျား ကျွန်တော့်ကို မသတ်နိုင်ခဲ့တာ နာတာပဲ"

တုဇယ်ချန်း ဆက်ပြောသည်။

"အလုပ်တစ်ခု လုပ်ရင် ရလဒ် တစ်ခုတည်းကို မျှော်လင့်လို့ မရဘူးလေ။ ကျွန်တော်က အသုံးမကျတဲ့သူ ဖြစ်သွားမယ်လို့ပဲ တွက်ထားပြီး ပြန်လာ လက်စားချေမယ် ဆိုတာကို ထည့်မတွက်ထားမိဘူး မလား"

အတွင်းရေးမှူးယန် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူ ဘာလို့ ဒီလောက် မြန်မြန် ပြန်ကောင်းလာရတာလဲ ဆိုတာ သူမ စဉ်းစားမရ ဖြစ်နေသည်။ နောက်ထပ် ၂ ရက်လောက် စောင့်လိုက်ရင် နိုင်ငံခြား ပို့ပစ်လိုက်လို့ ရပြီကို...။

ယင်းဟောင် ကုမ္ပဏီရှေ့သို့ ရောက်သောအခါ သတင်းထောက်အုပ်ကြီးနှင့် တိုးသည်။ သူတို့ အတင်း တိုးဝင်လာသဖြင့် တုဇယ်ချန်း လက်ကာပြလိုက်သည်။

"မတိုးကြနဲ့... ကျွန်တော် ကြေညာစရာ ၂ ခု ရှိတယ်။ အဲဒီကနေပဲ နားထောင်ကြ။ ကျွန်တော်က ဒုက္ခိတ ဖြစ်နေပြီ ဆိုတော့ တွန်းတိုက်ခံရရင် ခံနိုင်မှာ မဟုတ်ဘူး"

အားလုံးက ရယ်မောလိုက်ကြသည်။ တုဇယ်ချန်းက ကြည့်ရတာ ဒုက္ခိတနှင့် မတူဘဲ ကျန်းမာနေသလိုပင်။

"နံပါတ် ၁ အချက်က ကျွန်တော် ယင်းဟောင်က ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်း လုပ်တော့မယ်။ အကြောင်းရင်းကတော့ ကျွန်တော့် ဂုဏ်သိက္ခာ ကျဆင်းနေတာကို ဥက္ကဋ္ဌက မဖြေရှင်းပေးလို့ စိတ်ကောက်ပြီး အိမ်ပြေးလာတာ"

သတင်းထောက်များ ရယ်မောလိုက်ကြသည်။ ဒါ သခင်လေးတု စတိုင် စစ်စစ်ပဲ။

"နံပါတ် ၂ အချက်က အွန်လိုင်းက ကောလာဟလတွေနဲ့ ပတ်သက်ပြီး Weibo မှာ ရှင်းလင်းချက် တင်ပေးမယ်။ ကျွန်တော် မလှုပ်ရှားနိုင်တုန်း အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တဲ့ လူတွေကို စာရင်းရှင်းမယ်"

"ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။ လူမမာမို့လို့ အနားယူရဦးမယ်"

ပြောရင်းဆိုရင်း ချောင်းဟန့်ပြလိုက်သည်။

ရှန်ယို့ယောင် ရယ်ချင်သွားသည်။

"သရုပ်ဆောင် ကောင်းလိုက်တာ"

"ငါ့အရည်အချင်းတွေ မကျသေးဘူး မလား"

တုဇယ်ချန်းက ဂုဏ်ယူစွာ မေးလိုက်သည်။

သတင်းထောက်များ: ...

ငါတို့ ရှိနေသေးတယ်နော်...

ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးပုံကို ကြည့်ရတာ ဟန်ပြ လက်ထပ်တာတော့ မဖြစ်နိုင်ဘူး။

ရှန်ယို့ယောင်က ဝှီးချဲကို တွန်းပြီး ပြောလိုက်သည်။

"ဖယ်ပေးကြပါဦးရှင်"

ဒီတစ်ခါ သတင်းထောက်များက ယဉ်ကျေးစွာ လမ်းဖယ်ပေးကြသည်။ သတင်းကောင်း ရလိုက်ပြီကိုး။

လမ်းအဆုံးတွင် ဖန်ရွှယ်ယင်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ဖက်စလုံး အံ့သြသွားကြသည်။

"ကမ္ဘာကြီးက ကျဉ်းလိုက်တာ"

တုဇယ်ချန်းက အရင် စကားစလိုက်သည်။

ဖန်ရွှယ်ယင်း အံ့သြနေသည်။

"သခင်လေးတုလား"

"မခေါ်ပါနဲ့... ခင်ဗျား ခေါ်လိုက်ရင် ကျွန်တော် ကြောက်လို့ပါ"

တုဇယ်ချန်းက လှောင်ပြောင်လိုက်သည်။

"မနက်ဖြန်ကျရင် ကျွန်တော်က ခင်ဗျားကို အတင်းအကျပ် စာချုပ်ဖျက်ခိုင်းပြီး ယင်းဟောင်နဲ့လည်း စာချုပ် မချုပ်ရအောင် တားမြစ်တယ် ဆိုတဲ့ သတင်းတွေ တက်လာဦးမှာလား"

ဖန်ရွှယ်ယင်းက မျက်နှာပျက်သွားသည်။

"ရှင် ဘာပြောချင်တာလဲ"

"ဘာပြောချင်လဲ အရေးမကြီးပါဘူး... ဇာတ်လမ်းဆင်တဲ့ နေရာမှာ ခင်ဗျားက ဆရာကြီးပဲဟာ"

"ဪ... မေ့နေလို့... ကျွန်တော် ကားတိုက်ပြီး သေသွားပြီလို့ ထင်နေတာလား။ ဒါကြောင့် ဒီလောက် ရဲတင်းနေတာပေါ့။ ကျွန်တော် ပြောထားတယ်လေ... ၅ သန်းကို တစ်ပတ်အတွင်း ပြန်ပေးပါလို့။ အခု တစ်လကျော်နေပြီ... ပိုက်ဆံ မမြင်ရသေးဘူး"

ပရိသတ်များက ဆူညံသွားသည်။ ဖန်ရွှယ်ယင်းက သခင်လေးတုဆီက ၅ သန်း လိမ်သွားတယ်တဲ့လား။

"ရှင် ဘာတွေ ပြောနေတာလဲ ကျွန်မ မသိဘူး"

ဖန်ရွှယ်ယင်း မျက်နှာက စာရွက်ဖြူပမာ ဖြူဖျော့သွားသည်။ တုဇယ်ချန်း ဒီနေရာ ရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ဒီဘဝမှာ သူမကြောင့် အဖြစ်အပျက်တွေ ပြောင်းလဲသွားပြီး သူက ပိုဆိုးဝါးတဲ့ ကံကြမ္မာနဲ့ ကြုံရမယ်၊ ဆေးရုံမှာပဲ တစ်သက်လုံး နေသွားရမယ်လို့ တွက်ထားခဲ့တာ။ ဘာလို့ ဒီလောက် ကျန်းမာနေရတာလဲ။

"မသိချင်ယောင် ဆောင်လည်း ရပါတယ်။ ကျွန်တော် သိရင် ပြီးတာပဲ"

တုဇယ်ချန်း စိတ်မရှည်တော့။

"ဥပဒေအတိုင်း ဆက်လုပ်မယ်။ ခင်ဗျားရဲ့ ချစ်သူက ခင်ဗျား လိမ်ယူလာတဲ့ ပိုက်ဆံတွေနဲ့ စီးပွားရေး လုပ်နေတာ သိသွားရင် လက်ထပ်ပါ့မလား ဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

သတင်းထောက်များ ပျော်ရွှင်သွားကြသည်။ ဒီနေ့ သတင်းထူးတွေချည်းပဲ။

ဖန်ရွှယ်ယင်း ကြောက်လန့်သွားသည်။ တုဇယ်ချန်း နောက်ပြောင်နေတာ မဟုတ်ဘူး။ သူမ အစီအစဉ် အားလုံးက တုဇယ်ချန်း ကျဆုံးသွားမှ ဖြစ်လာမည့် အရာများ ဖြစ်သည်။ အခု သူက ကျန်းမာနေတယ် ဆိုတော့...။

အတွင်းရေးမှူးယန်... သူ ဘာလုပ်နေတာလဲ။ ဘာလို့ သူ့ကို လွှတ်ထားပေးတာလဲ။ ဖန်ရွှယ်ယင်းက ယင်းဟောင် ကုမ္ပဏီထဲ ဝင်ရန် ကြိုးစားလိုက်သည်။

သို့သော် လုံခြုံရေးများက တားဆီးလိုက်သည်။

"ဆောရီးပါ မိန်းကလေးဖန်... ဥက္ကဋ္ဌက မှာလိုက်ပါတယ်။ မိန်းကလေးကို မကြိုဆိုပါဘူးတဲ့"

"ဘယ်လို ဖြစ်ရတာလဲ"

ဖန်ရွှယ်ယင်း ပြာယာခတ်သွားသည်။

"စာချုပ်ကိစ္စ ပြောထားပြီးသားလေ"

သူမသည် ရာစုသစ် ကုမ္ပဏီနှင့် ပြဿနာတက်ပြီး လျော်ကြေးငွေ ပေးကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အတွင်းရေးမှူးယန်က တာဝန်ယူမည်ဟု ပြောထားခဲ့သည်။

"အတွင်းရေးမှူးယန်ကို ခေါ်ပေးပါ"

"ဆောရီးပါ... အတွင်းရေးမှူးယန်က ဥက္ကဋ္ဌ ကိစ္စပဲ လုပ်တာပါ။ အနုပညာရှင် ကိစ္စ မလုပ်ပါဘူး"

လုံခြုံရေးက ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြန်ပါတော့... ဥက္ကဋ္ဌ ရှိနေသရွေ့ မိန်းကလေး ဝင်ခွင့် မရှိပါဘူး"

ဖန်ရွှယ်ယင်းက ရူးမတတ် ဖြစ်သွားသည်။ တုဇယ်ချန်းက ကောင်းမွန်နေပြီး ယင်းဟောင် ကုမ္ပဏီကလည်း သူ့ဘက်က ရပ်တည်ပေးနေသည်။

သူမ အတွင်းရေးမှူးယန်ကို ဖုန်းဆက်သော်လည်း ဖုန်းချခံရသည်။ နောက်ဆုံးတွင် ဘလော့ လုပ်ခံလိုက်ရသည်။

ဖန်ရွှယ်ယင်းသည် တုဇယ်ချန်းနား ပြေးသွားလိုက်သည်။

"ရှင် ကျွန်မကို တရားမစွဲဘူး မလား။ အဲဒီ ပိုက်ဆံတွေက ရှင် သဘောတူလို့ ပေးခဲ့တာလေ... တရားစွဲရင် လူတွေက ကျွန်မတို့ လက်ထပ်ခဲ့တာကို သိကုန်မှာပေါ့"

တုဇယ်ချန်းက လှောင်ပြုံး ပြုံးလိုက်သည်။

"သိတော့ ဘာဖြစ်လဲ"

ဖန်ရွှယ်ယင်း အံ့အားသင့်သွားသည်။ ဟုတ်သားပဲ... တုဇယ်ချန်းက အနုပညာလောကက ထွက်တော့မှာပဲ... သူ ဂရုစိုက်စရာ မလိုတော့ဘူး။

သူမ သူ့ကို ခြိမ်းခြောက်နိုင်မည့် အရာ မရှိတော့။

တုဇယ်ချန်းက သူမကို တွန်းထုတ်လိုက်ပြီး ဓာတ်လှေကားပေါ် တက်သွားသည်။ လူဆိုတာ လောဘကြီးတတ်ကြတယ်။ သူ (တုဟုန်ရိ) က ၄၅% ရထားတာတောင် အားမရနိုင်သေးဘူး။ ကျန်တဲ့ ၁၀% ကိုပါ လိုချင်နေသေးတယ်။

________________________________________

ထိုနေ့တွင်...

#တုသခင်လေး ပြန်လည် ကျန်းမာလာပြီ#

#တုသခင်လေး အိမ်မှ ထွက်ပြေး#

#ဖန်ရွှယ်ယင်း ယွမ် ၅ သန်း လိမ်လည်#

#ယင်းဟောင် ကုမ္ပဏီက ဖန်ရွှယ်ယင်းကို ငြင်းပယ်#

စသော သတင်းများ တက်လာသည်။

အွန်လိုင်း အသုံးပြုသူများ စိတ်ရှုပ်ထွေးကုန်ကြသည်။

[ဘာတွေ ဖြစ်ကုန်တာလဲ... ဇာတ်လမ်းက မပြီးနိုင်သေးဘူးလား]

[တုသခင်လေးက သတင်းသမားတွေကို တရားစွဲမယ်တဲ့]

[ဘယ်သူက ပြောတာလဲ... သူ အမွေမရတော့ဘူးလို့။ ယင်းဟောင်က ရှေ့နေလွှတ်ပြီး ရှင်းခိုင်းနေပြီ]

[ဝှီးချဲပေါ်က ပုံစံလေးက မိုက်လိုက်တာ]

[ဒုက္ခိတ ဖြစ်သွားပြီ ဆိုတာ သေချာနေပြီ]

[ဖန်ရွှယ်ယင်းက ၅ သန်း လိမ်တယ်တဲ့လား... မျက်နှာပြောင်တိုက်ပြီး တောင်းရဲတာပဲ]

...