Ch 20
Viewers 65

အခန်း (၂၀)

ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ သိက္ခာကို ဂရုမစိုက်တော့ဘဲ ကုန်ပစ္စည်း တစ်ခုသဖွယ် မချလိုက်သည်။ ထို့နောက် အမျိုးသားလေးဦးကို ဦးဆောင်ကာ အထဲဝင်သွားသည်။

ကုန်တိုက်က လူရှင်းသော်လည်း ကားပါကင်တွင် ဇိမ်ခံကားများ ရပ်နားထားသည်ကို တွေ့ရသဖြင့် သာမန်နေရာ မဟုတ်မှန်း သခင်လေးများ ရိပ်မိလိုက်သည်။ သို့သော် ရှန်ယို့ယောင် ဘယ်ခေါ်သွားမှန်း မသိကြ။ တုဇယ်ချန်း၏ အခြေအနေကြောင့် မည်သူမျှ မမေးရဲကြ။

လူသူကင်းမဲ့သော ထောင့်တစ်နေရာမှ ဓာတ်လှေကားဖြင့် မြေအောက် ၃ ထပ်သို့ ဆင်းလာခဲ့ကြသည်။ တံခါးပွင့်သည်နှင့် ဆူညံသံများကို ကြားလိုက်ရသည်။ အပေါက်ဝတွင် သန်မာထွားကျိုင်းသော လုံခြုံရေးများ စောင့်ကြပ်နေပြီး သူတို့၏ အကြည့်များတွင် သွေးဆာနေမှုများကို ခံစားရသည်။

သခင်လေးများ မျက်နှာပျက်သွားကြသည်။ သူတို့သည် အပျော်အပါး နှံ့စပ်သူများ ဖြစ်သဖြင့် ဒီနေရာ ဘာလဲဆိုတာ ရိပ်မိနေကြပြီဖြစ်သည်။

ရှန်ယို့ယောင်ကမူ တည်ငြိမ်စွာပင် ကောင်တာသို့ သွားကာ ကတ်ပြားတစ်ခု ပြလိုက်သည်။ ထို့နောက် လှည့်ကြည့်ပြီး ပြောလိုက်သည်။

"တစ်ယောက်ကို ယွမ် ၂ သိန်း စီ ပေးပြီး ဝင်ခွင့်လက်မှတ် ယူလိုက်ကြ"

ရှောင်းမင်ကျန့် ရူးချင်သွားသည်။

"ဘုရားရေ... ယို့ယောင်... မင်း ဘာလုပ်မလို့လဲ"

ရှန်ယို့ယောင်က တုဇယ်ချန်း ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်လုံးချင်း ဆုံကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် သေချင်စိတ်များ ပျောက်ကွယ်သွားပြီး ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ ပြုံးလိုက်သည်။

"ရှင်က သေမှာတောင် မကြောက်ဘူး ဆို... ဘာကြောက်နေတာလဲ"

ထို့နောက် အေးစက်စွာ ပြောလိုက်သည်။

"ဒါပေမဲ့ ကြောက်လည်း အလကားပါပဲ... ရှင်က ဘာမှမှ မလုပ်နိုင်တာ"

တုဇယ်ချန်း: ...

ရှန်ယို့ယောင်သည် မျက်နှာဖုံးများကို ယူပြီး တုဇယ်ချန်းကို တပ်ပေးကာ သူမကိုယ်တိုင်လည်း တပ်လိုက်သည်။ ထို့နောက် သူ့ကို တွန်းကာ အထဲဝင်သွားတော့သည်။ ရှောင်းမင်ကျန့်တို့လည်း ပိုက်ဆံ အမြန်ရှင်းပြီး နောက်မှ လိုက်ဝင်လာကြသည်။

တံခါးကြီး ပွင့်သွားသည်နှင့် လူအုပ်ကြီး၏ အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

"သောက်ကျိုးနည်း... မြေအောက် လက်ဝှေ့ရုံဟေ့... ရှန်ယို့ယောင်က ဘာတွေလဲကွ"

ချီကောင်းရီ မနေနိုင်ဘဲ အော်ပြောလိုက်သည်။

"တုဇယ်ချန်း ဘယ်ရောက်သွားလဲ ရှာကြဦး"

ရှကျွင်းချီက သတိပေးလိုက်သည်။

ရှာရတာ မခက်ပေ။ လူနာဝတ်စုံနှင့် ဝှီးချဲစီးပြီး လက်ဝှေ့ပွဲ လာကြည့်သူဟူ၍ သူတစ်ယောက်တည်းသာ ရှိသည်။ ပရိသတ် အချို့ပင်လျှင် သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။

ရှန်ယို့ယောင်သည် သူ့ကို လူအများဆုံး စုဝေးနေသော ကြိုးဝိုင်းတစ်ခု ရှေ့သို့ ခေါ်သွားသည်။ ခုံများ ပြည့်နေသော်လည်း တုဇယ်ချန်းက ကိုယ်ပိုင်ခုံ ပါလာသဖြင့် အဆင်ပြေသွားသည်။

သူတို့ ငါးယောက်သည် တုဇယ်ချန်းကို ဝိုင်းရံပြီး ကြိုးဝိုင်းထဲမှ ပွဲကို ကြည့်လိုက်ကြသည်။

လက်ဝှေ့သမား တစ်ဦးမှာ အသားမည်းမည်း၊ တောင့်တောင့်တင်းတင်းနှင့် ပါးစပ်ထောင့်တွင် ဒဏ်ရာရထားသဖြင့် ကြမ်းတမ်းသော ပုံစံ ပေါက်နေသည်။ သူမ၏ ပြိုင်ဘက်က သူမထက် သေးငယ်သော်လည်း ကြွက်သားများဖြင့် ကျစ်လျစ်နေပြီး မျက်နှာပေါ်မှ အမာရွတ်ကြီးကြောင့် ကြောက်စရာ ကောင်းနေသည်။

မိန်းကလေး တစ်ဦးက ခေါင်းလောင်း တီးလိုက်သည်နှင့် ပြိုင်ပွဲ စတင်လေသည်။

ဒါက မြေအောက် လက်ဝှေ့ပွဲ ဖြစ်သဖြင့် စည်းမျဉ်း စည်းကမ်း သိပ်မရှိ။ တစ်ဖက်လူ မထနိုင်တော့သည်အထိ သို့မဟုတ် အရှုံးပေးသည်အထိ တိုက်ခိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် သေမတူ ရှင်မကွဲ ထိုးသတ်နေကြသည်။ သွေးသံရဲရဲ မြင်ကွင်းများသည် ပရိသတ်ကို စိတ်ကြွစေသည်။ ခန္ဓာကိုယ် သေးသော အမျိုးသမီးက တစ်ဖက်လူကို ကန်ချပြီး ခွထိုင်ကာ မျက်နှာကို တရစပ် ထိုးနှက်နေချိန်တွင် ပရိသတ်များက အော်ဟစ် အားပေးနေကြသည်။

တုဇယ်ချန်းတို့ အုပ်စုသည် ကြိုးဝိုင်းနှင့် နီးကပ်စွာ ရှိနေသဖြင့် အနီးကပ် မြင်တွေ့နေရသည်။ လဲကျနေသော အမျိုးသမီး၏ မျက်နှာ ပုံပျက်ပန်းပျက် ဖြစ်သွားပုံ၊ နှာခေါင်းရိုး ကျိုးသွားပုံများကို တုဇယ်ချန်း အထင်းသား မြင်နေရသည်။ သူမသည် မူးဝေနေသဖြင့် အရှုံးပေးရန် လက်မမြှောက်နိုင် ဖြစ်နေသည်။ အရှုံးမပေးသရွေ့ တစ်ဖက်လူက ဆက်လက် တိုက်ခိုက်နေမည် ဖြစ်သည်။

နောက်ဆုံးတွင် အပေါ်စီးရနေသူက လက်မောင်းကို ဆွဲလိမ်လိုက်ရာ ဂျွတ်ခနဲ အရိုးကျိုးသံ ကြားလိုက်ရပြီး သတိလစ်နေသော အမျိုးသမီးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ရှန်ယို့ယောင်မှလွဲ၍ ကျန်လူများ မျက်နှာလွှဲလိုက်ကြသည်။

ဒဏ်ရာရသူကို ထမ်းစင်ဖြင့် သယ်ထုတ်သွားစဉ် တုဇယ်ချန်းတို့ ရှေ့မှ ဖြတ်သွားသည်။ ဆရာဝန် ပြောသံကို တုဇယ်ချန်း ကြားလိုက်ရသည်။

"လက်မောင်းတစ်ဖက် ပြတ်သွားပြီ။ လည်ပင်းရိုးလည်း လွဲသွားတယ်... သတိထား သယ်ကြ။ နည်းနည်းလေး မှားတာနဲ့ တစ်သက်လုံး လေဖြတ်သွားလိမ့်မယ်"

တုဇယ်ချန်းက မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ရှန်ယို့ယောင်ကို မော့ကြည့်ပြီး မေးလိုက်သည်။

"မင်း ဘာလုပ်ချင်နေတာလဲ"

ရှန်ယို့ယောင်က အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်ပြီး မလှမ်းမကမ်းမှ ကောင်လေး တစ်ယောက်ကို လက်ယပ်ခေါ်လိုက်သည်။

"အခု ထမ်းထုတ်သွားတဲ့သူက ရှင့်အမေ ဆိုရင်ရော... ရှင် ဒီအတိုင်း ထိုင်ကြည့်နေမှာလား။ နောက်ဆုံး သူ လဲကျသွားတဲ့အချိန်မှာ သွားထူပေးဖို့တောင် အားမရှိတဲ့ ဘဝမျိုးနဲ့ နေမှာလား"

တုဇယ်ချန်းက သဘောပေါက်သည်။ အမေတင် မကဘူး၊ သူ့ဘဝလည်း ဒီလိုပဲ ဖြစ်နေပြီ။ သို့သော် သူ ဝန်မခံချင်။

"ငါ့အမေက ဘာလို့ အရိုက်ခံရမှာလဲ။ သူက ဒီလိုနေရာမျိုး လာမှာမှ မဟုတ်တာ"

ရှန်ယို့ယောင်က သူ ဆင်ခြေပေးမည်ကို ကြိုသိနေသည်။

"ဟုတ်တယ်... သူ မလာဘူး။ ဒါပေမဲ့ ကျွန်မ လာတယ်"

တုဇယ်ချန်း မျက်နှာ ပျက်သွားသည်။

"မင်း ဘာလုပ်မလို့လဲ"

ကောင်လေး ရောက်လာသည်။

"ညီမလေး... ဘာလိုချင်လို့လဲ"

"ပွဲစီစဉ်ချင်လို့"

ရှန်ယို့ယောင် ပြောလိုက်သည်။

ကောင်လေးက သူမကို အကဲခတ်လိုက်သည်။

"ဘယ်နှပွဲ ထိုးချင်လဲ"

ရှန်ယို့ယောင်က တုဇယ်ချန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ဒီနေ့ညနေ ပွဲစဉ် အကုန်လုံး... ဒါမှမဟုတ် သူ မတ်တတ်ရပ်နိုင်တဲ့ အချိန်ထိ"

တုဇယ်ချန်းသာမက ရှောင်းမင်ကျန့်တို့ပါ လန့်ဖျပ်သွားကြသည်။

ချီကောင်းရီက အော်ပြောလိုက်သည်။

"အစ်မကြီးရေ... ရူးနေလား။ သူက လေဖြတ်နေတာလေ... စိတ်ဆန္ဒ ရှိရုံနဲ့ ထရပ်လို့ ရမလား"

ကောင်လေးက ပြောလိုက်သည်။

"ညီမလေး... ဒါဆိုရင်တော့ နည်းနည်း များသွားပြီ။ အသက်အာမခံ စာချုပ် ချုပ်ရမယ်နော်"

သေဆုံးလျှင် တာဝန်မယူပါ စာချုပ်။

"ချုပ်မယ်"

ရှန်ယို့ယောင် ချက်ချင်း ပြန်ဖြေလိုက်သည်။ ထို့နောက် တုဇယ်ချန်းကို ကြည့်ပြီး ပြောလိုက်သည်။

"တချို့အရာတွေက ရှောင်ပြေးလို့ မရဘူး။ ရှောင်ပြေးရုံနဲ့ ဘဝက သက်သာသွားမယ် ထင်နေလား"

သူမ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။

"ကောင်းပြီလေ... ကျွန်မ အသက်ကိုရော ရှင် ရှောင်ပြေးနိုင်မလား ကြည့်ကြသေးတာပေါ့"

"ရှန်ယို့ယောင်"

တုဇယ်ချန်းက ဒေါသထွက်သွားသည်။

"မင်း ရူးနေလား။ မင်းနဲ့ ငါ ဘာဆိုင်လို့လဲ"

"ဘာမှ မဆိုင်ပါဘူး"

ရှန်ယို့ယောင်က အေးစက်စွာ ပြုံးလိုက်သည်။

"ဒါပေမဲ့ ရှင် ဘာမှ မလုပ်နိုင်အောင် ဖိအားပေးလို့ ရတယ်လေ... မဟုတ်ဘူးလား"

ပြောပြီးသည်နှင့် ကောင်လေးနောက် လိုက်သွားတော့သည်။

ချီကောင်းရီ၊ ဖန်ရှောင်ဖုန်းနှင့် ရှောင်းမင်ကျန့်တို့ ပြေးလိုက်ပြီး တားကြသည်။

"မင်း ဘာလို့ ဒီလို လုပ်ရတာလဲ... အန္တရာယ် များလွန်းတယ်"

"ညီမလေးရာ... စကားနဲ့ ပြောလို့ ရတာပဲ။ အသက်နဲ့ ရင်းစရာ မလိုပါဘူး"

ရှန်ယို့ယောင်က တုဇယ်ချန်းကို ကြည့်ပြီး ပြုံးပြလိုက်သည်။ တုကတော် ထန်ရွှမ်၏ အပြုံးနှင့် ဆင်တူလှသည်။

"တကယ် ဘာမှ မလုပ်နိုင်ဘူး ဆိုတာ ဘာလဲ ဆိုတာ... သေချာ ခံစားကြည့်လိုက်ပါ"

သူမသည် သရုပ်ဆောင် တစ်ယောက် ဖြစ်ကြောင်း သူတို့ မေ့နေကြသည်။

သူမကို တားမရ။ စိတ်သဘောထား နူးညံ့သူများ ဒေါသထွက်လျှင် တကယ် ကြောက်စရာ ကောင်းသည်။

နာရီဝက် အကြာတွင် ရှန်ယို့ယောင် ထွက်လာသည်။ ကြမ်းတမ်းသော အမျိုးသမီး လက်ဝှေ့သမားများနှင့် ယှဉ်လျှင် သူမသည် နုနယ်ပျိုမြစ်လွန်းလှသည်။

ပရိသတ်များ အော်ဟစ် ကြိုဆိုကြသည်။

"ဟေ့... ကောင်မလေးက မိုက်တယ်ဟေ့... အထိုးခံရပြီး ရုပ်ပျက်မသွားပါစေနဲ့"

"သတ္တိ ကောင်းလှချည်လား။ စည်းကမ်းတွေ သိရဲ့လား။ ပိုက်ဆံလိုလို့ လုပ်တာများလား"

"သူ့ပြိုင်ဘက်က ဘယ်သူလဲ"

"ဝံပုလွေမ တဲ့... သွားပြီ။ ဝံပုလွေမက ချောတဲ့ ကောင်မလေးတွေဆို အသေမုန်းတာ။ သေအောင် ထိုးတော့မှာပဲ"

"ရုပ်လေးက လှလိုက်တာ... ဟေ့ကောင်... မန်နေဂျာကို သွားမေးကြည့်စမ်း။ ငွေရေးကြေးရေး အခက်အခဲ ရှိရင် ငါ ရှင်းပေးမယ်လို့..."

...

ညစ်ညမ်းသော စကားသံများက တုဇယ်ချန်း နားထဲ ဝင်ရောက်လာသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ဖခင်ဖြစ်သူထံမှ အမှန်တရားကို သိလိုက်ရစဉ်ကထက် ပိုပြီး ခံစားရ ခက်နေသည်။

ရှောင်းမင်ကျန့်တို့လည်း မျက်နှာပျက်နေကြသည်။

ရှန်ယို့ယောင်၏ ပြိုင်ဘက် ထွက်လာသည်။ အရပ်ရှည်ပြီး ကြွက်သားအဖုအထစ်များနှင့် အမျိုးသမီး တစ်ဦး။ မျက်လုံးများက ဝံပုလွေ တစ်ကောင်လို ရက်စက်ကြမ်းကြုတ်နေသည်။ သူမဘေးတွင် ရှန်ယို့ယောင်က ကလေးလေး တစ်ယောက်လို ဖြစ်နေသည်။

ပရိသတ်တွေကတော့ ဒါမျိုးကို ပိုကြိုက်ကြသည်။

"ရှန်ယို့ယောင်က ကိုယ်ခံပညာ နည်းနည်းပဲ တတ်တာလေ... ခွန်အားကြီးတာ တစ်ခုပဲ ရှိတာ။ လက်ဝှေ့ ထိုးဖူးတာမှ မဟုတ်တာ"

ရှောင်းမင်ကျန့် အသံများ တုန်ရီနေသည်။

တုဇယ်ချန်း မျက်လုံးများ နီရဲနေပြီး အံကြိတ်ကာ ပြောလိုက်သည်။

"သူ့ပုံစံ ကြည့်ရတာ ကျွမ်းကျင်နေသလိုပဲ... ထိုးဖူးမှာပါ"

ချီကောင်းရီက စိုးရိမ်တကြီး ပြောသည်။

"ထိုးဖူးတယ် ထားဦး... တစ်ညနေလုံး ထိုးမယ် ဆိုရင် လူသေသွားလိမ့်မယ်"

ရှကျွင်းချီက ဖုန်းဖြင့် လက်ဝှေ့ရုံ နောက်ခံကို လှမ်းစစ်နေသည်။

ပြိုင်ပွဲ စတင်ကြောင်း ခေါင်းလောင်းတီးလိုက်သည်။

ဝံပုလွေမသည် ရုပ်ရည် ကြမ်းတမ်းရုံသာမက တိုက်ခိုက်ပုံကလည်း ကောက်ကျစ်စဉ်းလဲသည်။ အားနည်းသော ပြိုင်ဘက်နှင့် တွေ့သော်လည်း လျှော့မတွက်ဘဲ အကဲခတ် တိုက်ခိုက်နေသည်။

ထို့ကြောင့် အစပိုင်းတွင် အကြိတ်အနယ် ရှိနေသည်။ ပရိသတ်များ စိတ်လှုပ်ရှားလာကြသည်။ အားနည်းသူက အားကြီးသူကို အနိုင်ယူမည့် ပွဲမျိုး ဖြစ်လာမလား။ သို့သော် စည်းမျဉ်း မရှိသည့် ပွဲမျိုးတွင် နောက်ဆုံး မတ်တတ်ရပ်ကျန်သူသာ အနိုင်ရသူ ဖြစ်သည်။

ဝံပုလွေမက အကဲခတ်ပြီးသွားပြီဖြစ်သည်။ အားကုန်သုံးကာ စတင် တိုက်ခိုက်တော့သည်။ သူမသည် ဒီလိုနေရာမျိုးတွင် နာမည်ရထားသူ ပီပီ စွမ်းရည် မညံ့လှပေ။

၁၅ မိနစ်ခန့် အကြာတွင် ရှန်ယို့ယောင် ရင်ဘတ်ကို အထိုးခံလိုက်ရပြီး လဲကျသွားသည်။ တစ်ဖက်လူက အခွင့်ကောင်းယူပြီး သူမကို မတင်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ရှန်ယို့ယောင်၏ ကိုယ်တွင်းကလီစာများ နေရာရွေ့သွားသလို ခံစားလိုက်ရသည်။ သို့သော် မြေကြီးနှင့် ထိသည်နှင့် တစ်ပြိုင်နက် လှိမ့်ရှောင်လိုက်သဖြင့် နင်းချလိုက်သော ခြေထောက်နှင့် လွတ်သွားသည်။

ပရိသတ် အော်ဟစ်သံများ ကျယ်လောင်လာသည်။ ရှောင်းမင်ကျန့်တို့မှာမူ ချွေးစေးများ ပြန်လာသည်။

"မဖြစ်တော့ဘူး... ယို့ယောင် ဒဏ်ရာ ရသွားပြီ"

ရှကျွင်းချီက ပြောလိုက်သည်။

"ငါ စုံစမ်းကြည့်ပြီးပြီ။ အဲဒီ ဝံပုလွေမက လက်ရဲဇက်ရဲ နိုင်တယ်။ သူနဲ့ တွေ့တဲ့သူတိုင်း ဒဏ်ရာ အပြင်းအထန် ရကြတယ်"

သူ ပြောသလိုပင်။ ဝံပုလွေမက ရှန်ယို့ယောင်၏ အားနည်းချက်ကို သိသွားပြီ။ ရှန်ယို့ယောင်က သွက်လက်ပြီး ခွန်အားကြီးသော်လည်း အရပ်ပုသဖြင့် မြေကြီးနှင့် လွတ်သွားလျှင် ဘာမှ မလုပ်နိုင်တော့။

ထို့ကြောင့် ရှန်ယို့ယောင် ထပ်မံ အပေါက်ခံရပြန်သည်။ ဒီတစ်ခါတော့ ပါးစပ်မှ သွေးအန်ထွက်လာသည်။

"ယို့ယောင်"

"ရှန်ယို့ယောင်"

"ဟေ့... အစ်မကြီး"

အောက်က လူများ အော်ဟစ်နေစဉ် ဝံပုလွေမက ထပ်မံ နင်းချလိုက်သည်။ ဒီတစ်ခါတော့ ရှန်ယို့ယောင် မရှောင်နိုင်တော့ဘဲ လက်မောင်းဖြင့် ကာလိုက်ရသည်။

သူမ မတ်တတ်ရပ်ရန် ခက်ခဲလာသည်။ ဒဏ်ရာများ များလာသလို လှုပ်ရှားမှုများ နှေးကွေးလာသည်။ တိုက်ခိုက်အား လျော့ကျလာသည်။ ဝံပုလွေမကမူ ပိုပြီး အားတက်လာသည်။ ပွဲအဖြေက ပေါ်နေပြီ။

ရှန်ယို့ယောင်ဘက်က လောင်းထားသူ နည်းသော်လည်း ရှိသမျှ လူများက ဆဲဆိုနေကြသည်။

ချီကောင်းရီတို့ မကြည့်ရက်တော့။ မသိသူ ဆိုလျှင်တောင် သနားစရာ ကောင်းနေသည့်အထဲ ကိုယ့်သူငယ်ချင်းအတွက် အသက်စွန့်နေသူ ဖြစ်နေ၍ ပိုဆိုးသည်။

သူတို့လည်း ရှန်ယို့ယောင်နည်းတူ အကျပ်အတည်း ရောက်နေပြီ ဖြစ်ရာ မဖြစ်နိုင်သော နည်းလမ်းကို ကြိုးစားကြည့်ကြတော့သည်။

"ဇယ်ချန်း... မင်း မတ်တတ်ရပ်နိုင်မလား။ ထရပ်လိုက်ပါကွာ... ဟိုကောင်မလေး သေတော့မယ်"

ချီကောင်းရီက တောင်းပန်လိုက်သည်။

ဖန်ရှောင်ဖုန်းလည်း ဘေးနားတွင် ထိုင်ချလိုက်သည်။

"စမ်းကြည့်ပါ... ဇယ်ချန်းရာ။ ဆရာဝန်က ပြောတယ် မလား... မင်း ရပ်နိုင်တယ်လို့"

တုဇယ်ချန်းသည် မျက်နှာတွင် ချွေးများ ရွှဲနေပြီး ရှန်ယို့ယောင်ကို စိုက်ကြည့်နေသည်။ သူ ကြိုးစားနေသည်။ တကယ် ကြိုးစားနေသည်။ ဒါပေမဲ့ မရဘူး။

မနက်တုန်းက လေ့ကျင့်ခန်း လုပ်စဉ်က ခံစားမှု ရှိခဲ့သည်။ အဲဒီတုန်းကသာ သူ ပူးပေါင်းခဲ့ရင် အခု ရပ်နိုင်နေလောက်ပြီ။ ဘာလို့ လက်လျှော့ခဲ့မိတာလဲ။ သူ နောင်တရနေမိသည်။

သူတို့ မျှော်လင့်ချက် ကုန်ဆုံးလုနီးချိန်တွင် စင်ပေါ်၌ အပြောင်းအလဲ ဖြစ်သွားသည်။ မတင်ခံထားရသော ရှန်ယို့ယောင်သည် လေထဲတွင် ကိုယ်ကို လှည့်လိုက်ပြီး ခြေထောက်ဖြင့် ဝံပုလွေမ၏ လည်ပင်းကို ညှပ်ကာ အားကုန်သုံးပြီး လှဲချလိုက်သည်။ ထို့နောက် တရစပ် ကန်ကျောက်ပြီး စင်အောက်သို့ ကန်ချလိုက်တော့သည်။

ပွဲကြည့်စင် တစ်ခုလုံး ပွက်လောရိုက်သွားသည်။ ရှုံးသွားသူများက ဆဲဆိုကြသည်။

တုဇယ်ချန်းတို့ သက်ပြင်းချနိုင်ရုံ ရှိသေးသည်၊ ရှန်ယို့ယောင်၏ လက်မောင်းတစ်ဖက် တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။

ခုနက လှုပ်ရှားမှုအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးပင်။ လက်မောင်း ပြုတ်သွားပြီ။

"မြန်မြန်... ဆရာဝန် ခေါ်"

ရှောင်းမင်ကျန့်တို့ ပြေးသွားကြသည်။

တုဇယ်ချန်းလည်း သွားချင်သော်လည်း လူအုပ်ကြားတွင် ဝှီးချဲနှင့်မို့ မရွေ့နိုင်။ လက်ရန်းကို ထုရိုက်လိုက်မိသည်။ သူမ သေလုမြောပါး ဖြစ်နေချိန်တွင် သူက အနားကိုတောင် သွားမကြည့်နိုင်။

တကယ့်ကို ဘာမှ မလုပ်နိုင်ပါလား။ သူမက သူ့ကို လက်တွေ့ သင်ပြပေးလိုက်ပြီ။

"ဟေ့... ဘာလုပ်တာလဲ။ ဒီပုံစံနဲ့ နောက်တစ်ပွဲ ဆက်ထိုးဦးမလို့လား"

ချီကောင်းရီက စင်ပေါ်တက်ပြီး အော်ဟစ်လိုက်သည်။

ခေါင်းလောင်းကိုင် ကောင်မလေးက ပြုံးပြီး ပြောလိုက်သည်။

"သူ့စည်းကမ်း သူ ထုတ်ထားတာလေ။ မရှုံးမချင်း၊ ဒါမှမဟုတ် ဟိုလူနာ မတ်တတ်မရပ်မချင်း ဆက်ထိုးမယ်တဲ့"

တုဇယ်ချန်းက ရှန်ယို့ယောင်ကို လှမ်းကြည့်လိုက်သည်။

ဆရာဝန်က လက်မောင်းကို ပြန်ဆက်ပေးနေသည်။ သူမ မျက်နှာ တစ်ချက် မပျက်။ တုဇယ်ချန်းကို စိုက်ကြည့်နေသော မျက်ဝန်းများက တုန်လှုပ်ခြင်း မရှိ။

ဒီဒဏ်ရာနဲ့ နောက်တစ်ပွဲ ဆက်နွှဲမလို့လား။

ဒီနေရာက သွေးဆာနေတဲ့ နေရာ။ နှစ်ပွဲ ကြည့်ပြီးပြီ။ ဒီဒဏ်ရာနဲ့ ဘယ်လို ဆက်ထိုးမှာလဲ။

တုဇယ်ချန်း အံကြိတ်လိုက်သည်။ သူမကို ဝါးစားပစ်ချင်စိတ် ပေါက်သွားသည်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရကောင်းလား။

"တုဇယ်ချန်း... မတ်တတ်ရပ်လိုက်... ထလိုက်စမ်း"

ရှောင်းမင်ကျန့်က အော်ဟစ်ပြီး သူ့ကို တွဲထူပေးသည်။

"တွဲပေးတာ မရဘူး... ကိုယ့်ဘာသာ ထမှ ရမယ်"

တိတ်ဆိတ်နေသော ရှန်ယို့ယောင်က လှမ်းပြောလိုက်သည်။

တုဇယ်ချန်းသည် ရှောင်းမင်ကျန့်နှင့် ဖန်ရှောင်ဖုန်း၏ လက်များကို ကိုင်ထားပြီးပြီ ဖြစ်သည်။ သူမ စကားကြောင့် ဒေါသတကြီး ပြန်အော်လိုက်သည်။

"မင်း ရူးနေလား။ ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်မှ ကျေနပ်မှာလား"

ရှန်ယို့ယောင် ရယ်မောလိုက်သည်။ ပုံမှန် မြင်နေကျ သဘောကောင်းသော အပြုံးလေး ပြန်ပေါ်လာသည်။

"ရှင်ကျတော့ ကိုယ့်ကိုယ်ကိုယ် သေအောင် လုပ်လို့ ရပြီး ကျွန်မကျတော့ မရဘူးလား။ မီးကို မင်းသားပဲ ရှို့ခွင့် ရှိပြီး ပြည်သူတွေက မီးခွက်တောင် မထွန်းရဘူး ဆိုတဲ့ သဘောလား"

တုဇယ်ချန်း နားလည်လိုက်ပြီ။ သူမ ဘာကြောင့် ဒီလို လုပ်ရလဲ ဆိုတာ။ သူမကို စင်ပေါ်က ဆင်းစေချင်ရင် သူ မတ်တတ်ရပ်ပြမှ ရမယ် ဆိုတာကို သိသွားပြီ။

သူမကို သူစိတ်ပူသလို သူတို့ကလည်း သူ့ကို စိတ်ပူနေကြတာပဲ။

ဒုတိယ ပြိုင်ဘက် ဝင်လာသည်။ တုဇယ်ချန်း ကိုယ့်အားကိုယ်ကိုးပြီး မထနိုင်သေး။ ရှန်ယို့ယောင် ဒဏ်ရာတွေနဲ့ ဆက်ထိုးနေရတာကို ထိုင်ကြည့်နေရသည်။

ဒီပွဲက သူ့ကို သင်ခန်းစာ ပေးလိုက်သည်။ ဘာမှ မလုပ်နိုင်ခြင်း ဆိုသည်မှာ နာကျင်ရုံသာမက ကြောက်စရာလည်း ကောင်းလှသည်။

သူ နောင်တရပြီ။ နောက်တစ်ကြိမ် အခွင့်အရေး ရရင် ဘယ်တော့မှ အလွယ်တကူ အရှုံးမပေးတော့ဘူး။