အခန်း (၁၈)
ရှန်ယို့ယောင်သည် တစ်မနက်ခင်းလောက် အနားယူပြီး ပြန်လာချိန်တွင် အစောပိုင်းက သတိရလာသော တုဇယ်ချန်းသည် အဘိုးဆုံးသွားသည့် သတင်းကြားပြီး စိတ်ထိခိုက်ကာ ထပ်မံ မေ့မြောသွားကြောင်း ကြားသိလိုက်ရသည်။
သူမ ပြန်ရောက်ချိန်တွင် သူ့ဘေးနား၌ အတွင်းရေးမှူးယန် ရှိနေကြောင်း သိလိုက်ရသဖြင့် တုဇယ်ချန်း သတိမရမချင်း တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်နေရန် ဆုံးဖြတ်လိုက်သည်။
ကားတိုက်မှု ဖြစ်စဉ်တုန်းက အတွင်းရေးမှူးယန် လုပ်ကြံရန် ကြိုးစားခဲ့သည်ကို သူမ မမေ့သေးပေ။ ထိုမိန်းမသည် တုဇယ်ချန်းကို အသေမသတ်လျှင်တောင် ကောင်းကောင်းမွန်မွန် ရှင်သန်ခွင့် ပေးမည့်ပုံ မပေါ်။
ဝတ္ထုထဲတွင် တုဇယ်ချန်း ခြေထောက်တစ်ဖက် ဆုံးရှုံးသွားရခြင်းနှင့် စိတ်ဓာတ်ကျသွားခြင်းတို့တွင် အတွင်းရေးမှူးယန်၏ လက်ချက် မကင်းကြောင်း သူမ သံသယ ဖြစ်မိသည်။
ရှောင်းမင်ကျန့်လည်း နောင်တရနေသည်။ သူသည် အပေါ်ထပ်ရှိ တုကတော် ထန်ရွှမ်ကို ခဏတက်ကြည့်နေစဉ် အတွင်းရေးမှူးယန်က အခွင့်ကောင်းယူပြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။
အဘိုးထန် ကွယ်လွန်ပြီးနောက် ထန်ရွှမ်သည် နှစ်ရက်ကြာအောင် ဈာပနကို ဦးစီးခဲ့ပြီး နောက်ဆုံးတွင် မခံနိုင်တော့ဘဲ မေ့လဲသွားခဲ့သည်။ ဆေးရုံရောက်ပြီး သတိပြန်ရချိန်တွင် သားဖြစ်သူ သတိရလာကြောင်း ကြားသိလိုက်ရသဖြင့် နာမကျန်းဖြစ်နေသည့်ကြားမှ ဆင်းလာပြီး သားဘေးနားတွင် လာစောင့်နေခြင်း ဖြစ်သည်။
သုံးရက်သာ ကြာသေးသော်လည်း သူမသည် သိသိသာသာ ပိန်ကျသွားပြီး မျက်နှာတွင် သွေးရောင်မရှိတော့ပေ။
ညနေစောင်းတွင် တုဇယ်ချန်း မျက်လုံး ပြန်ဖွင့်လာသည်။
"အဘိုး... ငါ့အဘိုး ဘယ်မှာလဲ"
သူ တိုးတိုးလေး ညည်းတွားရှာသည်။
"သား... သားလေး... အမေ ဒီမှာ ရှိတယ်လေ"
ထန်ရွှမ်က သား၏ လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။
ရှန်ယို့ယောင်လည်း ဆရာဝန် ခေါ်ရန် ခလုတ်နှိပ်လိုက်သည်။
"အမေ..."
တုဇယ်ချန်းက ထရန် ကြိုးစားလိုက်စဉ် တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။
"အမေ... သားခြေထောက်တွေ... သားခြေထောက်တွေ..."
အားလုံး ကြောင်သွားကြသည်။ ထန်ရွှမ်က ပြာပြာသလဲ ပြောလိုက်သည်။
"သားခြေထောက်တွေ ရှိပါတယ်... ဘာမှ မဖြစ်ပါဘူး"
"သား ဘာမှ မခံစားရဘူး"
တုဇယ်ချန်း စောင်ကို ဆွဲလှန်ပြီး သူ့ခြေထောက်တွေကို စမ်းသပ်ကြည့်သည်။ စိတ်ဓာတ်ကျလုမတတ် ဖြစ်သွားသည်။
"မရှိတော့ဘူး... ဘာလို့ ဘာမှ မခံစားရတာလဲ"
သူ့နှလုံးသားကို ဓားနှင့် မွှန်းထားသလို နာကျင်နေသည့်အထဲ ပိုမို ရက်စက်သော နာကျင်မှုတစ်ခု ထပ်တိုးလာသလို ခံစားလိုက်ရသည်။
ခြေထောက် မရှိတော့ဘူး ဆိုသည့် အတွေးက ဝူခုန်းကို ဖိထားသော တောင်ကြီးပမာ သူ့အပေါ် ဖိကျလာသည်။
ထန်ရွှမ်လည်း လန့်သွားသည်။
"မဖြစ်နိုင်တာ သားရယ်... သားခြေထောက်တွေ ကောင်းကောင်း ရှိပါတယ်။ ခွဲစိတ်မှုလည်း အောင်မြင်တယ်လို့ ပြောတာပဲ"
သူမ အသံများ တုန်ရီနေသည်။ သား၏ ခြေထောက်ကို ကိုင်ကြည့်သော်လည်း တုဇယ်ချန်းက ဘာမှ မတုံ့ပြန်ပေ။
...
တုဇယ်ချန်းကို ခွဲစိတ်ခန်းထဲ ပြန်ခေါ်သွားကြသည်။ သုံးနာရီ ကြာပြီးနောက် ဆရာဝန် ပြန်ထွက်လာသည်။
"ကျောရိုးအာရုံကြော ဖိမိသွားလို့ ယာယီ လေဖြတ်သလို ဖြစ်သွားတာပါ။ ပြန်ကောင်းဖို့ အခွင့်အလမ်း များပါတယ်။ ဒါပေမဲ့ ကုသဖို့ အကောင်းဆုံး အချိန်က ရက် ၂၀ လောက်ပဲ ရှိတယ်။ လူနာရဲ့ ခြေထောက်မှာ အရိုးကျိုးထားတဲ့နေရာ ၃ နေရာ ရှိနေတယ်။ အရိုးပြန်ဆက်ဖို့က အနည်းဆုံး ၃ လလောက် နားရမယ်။ ဒီကုထုံး နှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အဲဒါကြောင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်မှာ အခက်အခဲ ရှိနိုင်တယ်..."
ဆရာဝန်က သွယ်ဝိုက် ပြောနေသော်လည်း ဆိုလိုရင်းက ရှင်းသည်။ တစ်သက်လုံး လေဖြတ်သွားမည့် အခွင့်အလမ်း နည်းနည်း ရှိနေပြီး အရိုးကျိုးထားသဖြင့် အချိန်မီ ပြန်လည်ထူထောင်ရေး မလုပ်နိုင်ပါက ခြေထောက်များ ဒုက္ခရောက်သွားနိုင်ခြေ များသည်။
ထန်ရွှမ် ချက်ချင်း မေ့လဲသွားသည်။ တုဇယ်ချန်း သတိရလာသောအခါ ခံစားမှု မရှိတော့သော ခြေထောက်များကို အတင်းထုရိုက်နေသဖြင့် ရှန်ယို့ယောင် ဝင်ဖက်ပြီး တားလိုက်ရသည်။
"ငြိမ်ငြိမ်နေပါ... ဒဏ်ရာတွေ သက်သာမှ ခြေထောက် ပြန်ကောင်းအောင် ကုလို့ရမှာ။ ကလေးမဆန်စမ်းပါနဲ့"
တုဇယ်ချန်းက နားမဝင်ပေ။ သူသည် သားရဲတစ်ကောင်လို အော်ဟစ်ငိုကြွေးနေသည်။ ရင်ထဲမှ နာကျင်မှုများကို အော်ထုတ်ပစ်လိုက်ချင်သော်လည်း မဖြစ်နိုင်။ အသံကုန် အော်ဟစ်ပြီးနောက် အားကုန်ကာ ပြန်လဲကျသွားပြီး မျက်နှာကို အုပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
သူ့ငိုသံထဲတွင် ပါဝင်နေသော ဝမ်းနည်းပူဆွေးမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများက ကြားရသူတိုင်းကို စိတ်ထိခိုက်စေသည်။
ရှောင်းမင်ကျန့်သည် ခုတင်ဘေးတွင် ထိုင်ပြီး မျက်ရည်သုတ်ကာ ပြောလိုက်သည်။
"ဇယ်ချန်းရာ... ဒီလို မလုပ်ပါနဲ့ကွာ"
"ဒီလို မနေပါနဲ့နော်"
ရှန်ယို့ယောင်လည်း မျက်ရည်ဝဲလာသည်။ နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"ဆရာဝန်က ပြောတယ်... ယာယီပဲတဲ့။ ဒဏ်ရာတွေ သက်သာရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်လမ်းလျှောက်နိုင်မှာပါ"
တုဇယ်ချန်း ဘာမှ မကြားတော့။ အသံဝင်သွားသည်အထိ ငိုကြွေးပြီးမှ မောပန်းကာ အိပ်ပျော်သွားတော့သည်။
ရှောင်းမင်ကျန့်လည်း ယောကျ်ားတန်မဲ့ မျက်ရည်ကျနေသည်။
"ကံတရားက ဘာလို့ သူ့အပေါ် ဒီလောက် ရက်စက်ရတာလဲကွာ"
ကျူးယန်လင် ရောက်လာသည်။ တုဇယ်ချန်း၏ ခြေထောက်ကို တစ်ချက်ကြည့်ပြီး နှစ်ယောက်သားကို အပြင်ခေါ်ထုတ်သွားသည်။
သူက ရှန်ယို့ယောင်ကို တုန်လှုပ်စွာ မေးလိုက်သည်။
"တကယ် လေဖြတ်သွားတာလား"
"သတင်းက ဘယ်လိုလုပ် အဲဒီလောက် မြန်မြန် ရောက်သွားတာလဲ"
ရှန်ယို့ယောင် မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူက လေဖြတ်တယ်လို့ ပြောတာလဲ။ ယာယီပါဆို"
"ခေါင်းကြီးပိုင်း သတင်း ဖြစ်နေပြီ"
ကျူးယန်လင် မျက်နှာ ပျက်နေသည်။
ရှန်ယို့ယောင်က စဉ်းစားလိုက်သည်။
"သူ ခွဲစိတ်ခန်းက ထွက်လာတာ ညသန်းခေါင်ကျော်နေပြီ။ ကျွန်မရယ်၊ ရှောင်းမင်ကျန့်ရယ်၊ အန်တီထန်ရယ်ပဲ သိတာ။ ဪ... နေဦး... နောက်တစ်ယောက် ရှိသေးတယ်။ တုဥက္ကဋ္ဌ"
ခွဲစိတ်နေစဉ်က ထန်ရွှမ်သည် တုဟုန်ရိထံ ဖုန်းဆက်ခဲ့သေးသည်။
ရှောင်းမင်ကျန့်သည် #တုသခင်လေး ကားတိုက်မှုကြောင့် လေဖြတ်သွားပြီ၊ ဆက်ခံခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ# ဟူသော သတင်းခေါင်းစဉ်ကို ကြည့်ပြီး ဒေါသထွက်သွားသည်။
"ဒါ သူတို့လက်ချက်ပဲ။ တုနျန်ယန်အတွက် လမ်းခင်းနေကြတာ။ တုဥက္ကဋ္ဌက ဇယ်ချန်းအပေါ် နည်းနည်းလေးမှ သံယောဇဉ် မရှိတော့ဘူးလား"
ကျူးယန်လင်က ပြောလိုက်သည်။
"မနေ့က ငါ့လုပ်ဖော်ကိုင်ဖက် ပြောပြတယ်။ တုနျန်ယန်က ကုမ္ပဏီကို ရောက်တော့မယ်တဲ့။ ဥက္ကဋ္ဌ လက်ထောက် နေရာနဲ့တဲ့"
သူတို့အားလုံး စိတ်လေးသွားကြသည်။ ကံတရားက တုဇယ်ချန်းကို လက်စားချေနေသလိုပင်။ အရင်က စိတ်ထင်တိုင်း နေခဲ့သမျှ အခု ပြန်ပေးဆပ်နေရသလို ဆက်တိုက် ဒုက္ခရောက်နေသည်။ ဆေးရုံက ဆင်းနိုင်ရင်တောင် အပြင်လောကတွင် မုန်တိုင်းက စောင့်ကြိုနေသည်။ အဆိုးဆုံးကတော့ သွေးရင်းသားရင်းတွေ၏ သစ္စာဖောက်မှုပင်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကျူး"
ရှန်ယို့ယောင်က ပြောလိုက်သည်။
"အတွင်းရေးမှူးယန်တို့ လက်ချက် ဆိုရင်တော့ ရှင် ဝင်ပါလို့ ရမှာ မဟုတ်ဘူး။ ဒီကိစ္စကို ခဏ ထားလိုက်ပါ။ ကုမ္ပဏီဘက်က သတင်းထူးရင် ပြောပြပါ"
ကျူးယန်လင် အံ့သြသွားသည်။ ရှောင်းမင်ကျန့်တောင် ကြောင်တောင်တောင် ဖြစ်နေချိန်တွင် ဒီကောင်မလေးက အတည်ငြိမ်ဆုံး ဖြစ်နေပါလား။
"မင်းမှာ အကြံရှိလား။ အကူအညီ လိုရင် အားမနာနဲ့နော်"
"ကောလာဟလ ဆိုတာ ကောလာဟလပါပဲ။ တုဇယ်ချန်း ပြန်မတ်တတ်ရပ်နိုင်ရင် အကုန် ပြီးသွားမှာပါ"
"ဒါပေမဲ့..."
ရှောင်းမင်ကျန့် စိုးရိမ်နေသည်။
"သူ့အခြေအနေနဲ့ ပြန်ထနိုင်ပါ့မလား"
"ထနိုင်ရမယ်"
ရှန်ယို့ယောင် ပြတ်သားစွာ ပြောလိုက်သည်။
"သေချာပေါက် ထနိုင်စေရမယ်"
သူမ ကူညီပေးမည်။
တုဇယ်ချန်း ပြန်နိုးလာချိန်တွင် တော်တော်လေး တည်ငြိမ်နေပြီ ဖြစ်သော်လည်း မျက်ဝန်းထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသည်။ ရှန်ယို့ယောင် နှစ်သိမ့်ပေးချင်သော်လည်း ဘာပြောရမှန်း မသိ။ စကားမပြောတတ်တာကို မုန်းမိသည်။
"တုကတော်ကို အောက်ဆီဂျင် ပေးပြီး ထမ်းခေါ်သွားကြတယ်..."
"ဒီနေ့ အဘိုးထန် ဈာပနလေ... သမီးအရင်း ဖြစ်နေတော့ မသွားလို့မှ မရတာ"
"သနားစရာ ကောင်းလိုက်တာ... သခင်လေးတုခမျာ လိုက်လည်း မပို့နိုင်ဘူး။ ဒီအချိန်ကျမှ လေဖြတ်နေရတယ်လို့"
ရှန်ယို့ယောင်က အခန်းတံခါးကို အမြန် ပိတ်လိုက်သော်လည်း နောက်ကျသွားပြီ။
တုဇယ်ချန်း မျက်လုံးများ လှုပ်ရှားသွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ငါ့အဘိုး ဈာပန ဟုတ်လား"
"ရှင် အရင်ဆုံး ကျန်းမာအောင် နေပါဦး"
ရှန်ယို့ယောင် ဖြောင်းဖျလိုက်သည်။
"အဘိုးက ရှင် ကျန်းမာတာကိုပဲ လိုချင်မှာပါ"
"မဟုတ်ဘူး... မဟုတ်ဘူး..."
သူ ရေရွတ်နေသည်။
"ငါ့ကြောင့် အဘိုး သေရတာ။ တောင်းပန်ပါတယ် အဘိုး... တောင်းပန်ပါတယ်..."
ပြောရင်း စိတ်ဓာတ် ပြိုလဲသွားပြန်သည်။
ရှန်ယို့ယောင်က ရိပ်မိလိုက်သည်။
"နေပါဦး... ဘာဖြစ်တာလဲ။ ရှင့်ကြောင့် အဘိုးဆုံးရတာလို့ ဘယ်သူ ပြောလဲ"
တုဇယ်ချန်း ပြန်မဖြေ။ ခြေထောက်နှစ်ဖက် မရှိတော့သလို ခံစားနေရမှုက သူ့ကို ဖိစီးထားသလို အဘိုးကို သတ်မိသူဟူသော အပြစ်ရှိစိတ်က နွံအိုင်လို မျိုချနေသည်။ သူက အဘိုးကို သတ်မိရုံမက နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရ၊ ဈာပနတောင် မလိုက်ပို့နိုင်...။
ထပ်တလဲလဲ ဒဏ်ချက်များကြောင့် သူ့ကမ္ဘာကြီး မည်းမှောင်သွားပြီ။ မျှော်လင့်ချက် မရှိတော့။ အသည်းကွဲရတာထက် ဘာမှ လုပ်မပေးနိုင်တဲ့ အဖြစ်က ပိုနာကျင်ရမှန်း သူ သိလိုက်ရပြီ။
အတွင်းရေးမှူးယန် ပြောတာ မှန်သည်။ သူ ဆိုးသွမ်းခဲ့လို့ အခုလို ပြန်ပေးဆပ်နေရတာ။ သူသာ အစ်ကိုကျူးတို့ စကား နားထောင်ပြီး စိတ်လိုက်မာန်ပါ မလုပ်ခဲ့ရင်... ကားတိုက်မှု ဖြစ်မှာ မဟုတ်ဘူး။ အဘိုးနဲ့ အမေလည်း ဒုက္ခရောက်မှာ မဟုတ်ဘူး။ ဒါ သူ့အပြစ်တွေပဲ။
အတွင်းရေးမှူးယန် လိုချင်သည့်အတိုင်း ဖြစ်လာခဲ့ပြီ။ မျှော်လင့်ချက်မဲ့နေချိန်တွင် နောက်ဆုံး ကောက်ရိုးမျှင်လေးကိုပါ မီးရှို့လိုက်ပြီ။
သူ ပင်ပန်းနေပြီ။ ဒီအတိုင်းပဲ နေလိုက်တော့မယ်။ ဒါ သူ လုပ်ခဲ့သမျှအတွက် ဝဋ်လည်တာပဲ နေမှာပါဟု တုဇယ်ချန်း တွေးလိုက်သည်။
လက်စားချေမယ် ဟုတ်လား။ အခု သူက လူရာမဝင်တဲ့ အကောင် ဖြစ်နေပြီ။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တော့ဘူး။ အမေ့ကိုပါ ဒုက္ခပေးသလို ဖြစ်နေဦးမယ်။ သူ ပြောသလိုပဲ... ထမင်းစား ရေသောက် နေလိုက်ရင် ပြီးတာပဲ။ လူ့ဘဝ ဆိုတာ ဒါပါပဲလေ။
…