Ch 14
Viewers 53

အခန်း (၁၄)

ဖန်ရွှယ်ယင်းသည် သခင်လေးတုကို ခုတုံးလုပ်ကာ နာမည်ကြီးအောင် လုပ်နေသည်ဟူသော သတင်းများ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင် အွန်လိုင်းပေါ်၌ အသံသစ်တစ်ခု ထွက်ပေါ်လာပြန်သည်။

ထိုသတင်းအရ ဖန်ရွှယ်ယင်းက သခင်လေးတုကို ခုတုံးလုပ်သည် မဟုတ်ဘဲ သခင်လေးတုက မိမိကိုယ်ကို အပြစ်ကင်းအောင် ဆေးကြောရန်နှင့် သူ၏ မယားငယ် ရှန်ယို့ယောင်ကို မြေတောင်မြှောက်ပေးရန် ကိုယ်တိုင် ဇာတ်လမ်းဆင် ဖန်တီးနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ လက်ထပ်ခြင်းသည်လည်း ယာယီသာ ဖြစ်ပြီး ကိစ္စပြီးလျှင် ကွာရှင်းကြမည်ဟု ဆိုသည်။

အစပိုင်းတွင် သခင်လေးတု ဖောက်ပြန်ခဲ့သည့်ကိစ္စ ပေါ်ပေါက်သွားသောကြောင့်သာ ဖန်ရွှယ်ယင်းကဲ့သို့ သာမန်မိန်းကလေးက သခင်လေးတုကို ထိပါးရဲခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

[ပိုက်ဆံနဲ့ အာဏာ ရှိတာ ကောင်းလိုက်တာ... ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းဖို့အတွက် သူများဘဝကို အလွယ်တကူ ဖျက်ဆီးပစ်ရဲတယ်]

ဤစကားကို ယင်းဟောင်ကုမ္ပဏီ၏ အခြား ရှယ်ယာရှင်ကြီး တစ်ဦး၏ သားဖြစ်သူ ဝေယင်းကျွင်း ပြောသည်ဟု သတင်းထွက်နေသည်။

ထို့ပြင် ရွမ်ဟုန်လန်ကလည်း Weibo တွင် စာရှည်ကြီး တစ်စောင် ရေးသားဖော်ပြလိုက်သည်။ သူသည် အထက်တန်းကျောင်းသား ဘဝကတည်းက ဖန်ရွှယ်ယင်းကို တိတ်တခိုး ချစ်ခဲ့ကြောင်း၊ ယခုတလော သူမသည် သခင်လေး တစ်ယောက်၏ ဖိနှိပ်မှုကို ခံနေရသဖြင့် စိတ်ဒုက္ခ ရောက်နေကြောင်း၊ သူက သူမဘေးတွင် အမြဲရှိနေပြီး နှစ်သိမ့်ပေးခဲ့သဖြင့် နောက်ဆုံးတွင် သူမ၏ အချစ်ကို ရရှိခဲ့ကြောင်း ရေးသားထားသည်။ သူ အင်တာဗျူး ဖြေခဲ့သော နေ့သည် သူတို့နှစ်ဦး ချစ်သူ ဖြစ်ပြီး ဒုတိယမြောက်နေ့ ဖြစ်သည်ဟု ဆိုသည်။

သို့သော် သူတို့နှစ်ဦးလုံး အနုပညာလောကသားများ မဟုတ်သဖြင့် ထိုသတင်းသည် သိပ်ပြီး ဂယက်မထလိုက်ပေ။

"ဖတ်ရင်းနဲ့ ငါတောင် ယုံချင်လာပြီ"

တုဇယ်ချန်းသည် စနစ်တကျ ရေးသားထားသော ဆောင်းပါးကို ဖတ်ပြီး ရယ်မောလိုက်သည်။

"ဝေယင်းကျွင်း ဆိုတဲ့ကောင် ရူးနေတာလား။ ငါ့ကို နာမည်ဖျက်ဖို့အတွက် ဘာမှ မဆိုင်တဲ့ ကိစ္စထဲ ဝင်ပါနေတယ်။ ဒီလောက်နဲ့ ငါ့ကို ဖြိုချလို့ ရမယ် ထင်နေတာလား"

"ထားလိုက်ပါတော့... ဒီနေ့ ငါ စိတ်ကြည်နေလို့ သူ့ကို အရေးမလုပ်တော့ဘူး"

သူက ရှောင်းမင်ကျန့်ဘက် လှည့်ပြီး ခေါ်လိုက်သည်။

"ဟေ့... အမေကြီးရှောင်း"

ရှောင်းမင်ကျန့် သတိပြန်ဝင်လာသည်။

"ဟေ... ဘာလဲ"

"မင်း ဒီနေ့ ဘာဖြစ်နေတာလဲ... တွေဝေနေလိုက်တာ"

"ဘာမှ မဖြစ်ပါဘူး... မနေ့ညက အိပ်ရေးပျက်ထားလို့ပါ။ အဲဒီ ဆောင်းပါးကိစ္စကို အစ်ကိုကျူးဆီ တင်ပြလိုက်ပါ့မယ်။ သူ ရှင်းပေးလိမ့်မယ်"

တုဇယ်ချန်းက ဂရုမစိုက်ပေ။

"ဝေယင်းကျွင်း ဆိုတဲ့ကောင် ဘာသိလို့လဲ။ သူ့ဘာသာ ကပါစေ။ ဖန်ရွှယ်ယင်းဆီ တရားရုံးက ဆင့်ခေါ်စာ ရောက်သွားရင် အားလုံး ငြိမ်သွားမှာပါ။ လိမ်လည်သူ တစ်ယောက်ကို ကူညီပေးမိလို့ သူ့ဘာသာ ဒေါသထွက်ပြီး ရင်ကွဲသေမဲ့ မြင်ကွင်းကို စောင့်ကြည့်ရတာ ပျော်စရာ ကောင်းမှာပဲ"

"မင်း ဟိုဘက်ကို သွားမေးကြည့်ပါဦး။ မြန်မြန် ရိုက်လို့ ရမလားလို့။ စောစော ပြီးရင် စောစော ပြန်ချင်လို့။ ဒီနေ့ညနေ အဖေ ပြန်ရောက်မှာ"

ဒီနေ့က မဂ္ဂဇင်း ဓာတ်ပုံ ရိုက်ရမည့် နေ့ဖြစ်သည်။

ရှောင်းမင်ကျန့်သည် ပျော်ရွှင်နေသော တုဇယ်ချန်းကို ကြည့်ပြီး မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ဖြတ်ပြေးသွားသည်။

"ကောင်းပြီ... ငါ သွားညှိနှိုင်းပေးမယ်"

သခင်လေးတုက အမိန့်ပေးသည့်အပြင် သရေစာများပါ ဝယ်ကျွေးသဖြင့် ဝန်ထမ်းများက တက်တက်ကြွကြွဖြင့် အလုပ်မြန်မြန် ပြီးအောင် လုပ်ပေးကြသည်။ တုဇယ်ချန်း ကိုယ်တိုင်ကလည်း အဖေ့ကို တွေ့ချင်ဇောဖြင့် စိတ်ပါလက်ပါ ရိုက်ကူးပေးသဖြင့် ညစာ မစားမီ အချိန်တွင် အလုပ်ပြီးသွားသည်။

"အဖေ ပြန်ရောက်နေပြီပဲ"

ထန်အိမ်တော်ရှေ့တွင် ရပ်ထားသော Aston Martin ကားကို မြင်သောအခါ တုဇယ်ချန်း ကားပေါ်မှ ဆင်းပြီး အော်ဟစ်ကာ ပြေးဝင်သွားသည်။

"အဖေ... အဖေ... ပြန်ရောက်ပြီလား"

အရပ်ရှည်ရှည်နှင့် ခံ့ညားသော အမျိုးသားကြီး တစ်ဦး ထွက်ကြိုသည်။ တုဇယ်ချန်း၏ ရုပ်ရည်က ဖခင်ဖြစ်သူ တုဟုန်ရိထံမှ အမွေရထားခြင်း ဖြစ်သည်။ အသက် ၅၀ ကျော်ပြီ ဖြစ်သော်လည်း ၄၀ ကျော်ရုံသာ ထင်ရအောင် နုပျိုပြီး တည်ကြည်ခန့်ညားသည်။ တုဥက္ကဋ္ဌသည် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း နာမည်ကြီးသူသာ မဟုတ်လျှင် သူ၏ ရုပ်ရည်ကြောင့် မိန်းမပျိုများ ဝိုင်းဝိုင်းလည်နေမည်မှာ သေချာသည်။

"ဒီလောက် အကောင်ကြီးနေပြီ... ကလေးလို လုပ်နေတုန်းပဲ"

တုဟုန်ရိက ပြုံးရယ်လျက် လက်ကမ်းပေးလိုက်ပြီး သူ့ဆီ ပြေးဝင်လာသော သားကို ဖက်ထားလိုက်သည်။

"သခင်လေးက ဥက္ကဋ္ဌကြီး မျက်လုံးထဲမှာတော့ အမြဲတမ်း ကလေးပဲ နေမှာပါ"

နူးညံ့သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"အတွင်းရေးမှူးယန်"

တုဇယ်ချန်းက ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။

အတွင်းရေးမှူး လောကတွင် အတွင်းရေးမှူးယန်သည် ထူးခြားသူ တစ်ဦးဖြစ်သည်။ သူမသည် အသက် ၅၀ နီးပါး ရှိနေပြီ ဖြစ်သော်လည်း ၄၀ မပြည့်သေးသည့် အပျိုကြီး တစ်ယောက်လို နုပျိုလှပပြီး ကျက်သရေ ရှိလှသည်။ အတွင်းရေးမှူးဟု မပြောလျှင် သူဌေးကတော် တစ်ယောက်ဟု ထင်မှတ်စရာပင်။

တုဇယ်ချန်း မှတ်မိသည့် အရွယ်ကတည်းက သူမသည် ဖခင်ဘေးနားတွင် ရှိနေခဲ့သည်။ ရာထူးတိုးမည့် အခွင့်အရေးများ ရှိခဲ့သော်လည်း အိမ်ထောင်ပြုပြီး ကလေးမွေးသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် လက်လွတ်ခံခဲ့ရသည်ဟု ဆိုသည်။ ထို့နောက်တွင် မိသားစုကို အချိန်ပေးနိုင်ရန်အတွက် ရာထူးမယူဘဲ ဖခင်၏ အတွင်းရေးမှူး အလုပ်ကိုသာ ဆက်လုပ်ခဲ့သည်။

သူမသည် အလုပ်ခွင်တွင် ပြတ်သားပြီး ထက်မြက်သော်လည်း ပုဂ္ဂိုလ်ရေးအရ နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ဦး ဖြစ်သည်။

တုဇယ်ချန်း ငယ်စဉ်ကတည်းက ပြဿနာ ရှာတိုင်း ဖခင်ထံ သွားတိုင်လေ့ ရှိပြီး အတွင်းရေးမှူးယန်နှင့် မကြာခဏ ပြောဆိုဖူးသည်။ အနှစ် ၂၀ ကျော် ကြာပြီးနောက် မိခင်ဖြစ်သူက သူမကို သူငယ်ချင်းလို သဘောထားသလို တုဇယ်ချန်းကလည်း လူကြီးမိဘ တစ်ယောက်လို လေးစားသည်။

အတွင်းရေးမှူးယန်က ပြုံးပြီး မေးလိုက်သည်။

"သခင်လေး ပြဿနာ ရှာပြန်ပြီလို့ ကြားတယ်"

"ကျွန်တော့် အပြစ် မဟုတ်ပါဘူးဗျာ"

တုဇယ်ချန်းက ဖခင်ကို တိုင်တောလိုက်သည်။

"အဖေ... ကျွန်တော် အဖေ ပြန်လာမှာကို ဘယ်လောက် မျှော်နေရလဲ သိလား။ အမေနဲ့ အဘိုးရဲ့ ဆူပူတာ ခံရလွန်းလို့ နားကွဲတော့မယ်"

တုဟုန်ရိက သား၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်သည်။

"ခံရမှာပေါ့... ဘယ်သူက မင်းကို ဆိုးခိုင်းလို့လဲ။ လက်ထပ်တယ် ဆိုတဲ့ ကိစ္စကို ကလေးကစားစရာ မှတ်နေသလား"

"တကယ်ပါဆို... ကျွန်တော့် အပြစ် မဟုတ်ပါဘူး"

တုဇယ်ချန်းက ကြောက်ရွံ့ခြင်း မရှိဘဲ ပြန်ပြောသည်။

"အဖေလည်း သိတာပဲ... အနုပညာလောကက ရှုပ်ထွေးတယ် ဆိုတာ။ သူတို့က အမှားအမှန် ခွဲခြားတတ်တာ မဟုတ်ဘူး။ ကျွန်တော်က ဒီအတိုင်း ငြိမ်ခံနေရမှာလား"

"ဒါနဲ့များ လက်ထပ်ပစ်လိုက်ရသလားကွာ"

တုဟုန်ရိက မေးလိုက်သည်။

"နေပါဦး... ဖန်ရွှယ်ယင်းနဲ့ ယူဖို့ ပြောနေကြတာ မဟုတ်လား။ ဘယ်လို ဖြစ်ပြီး ကွဲသွားကြတာလဲ"

"အဆင်မပြေလို့ပေါ့"

တုဇယ်ချန်းသည် သူ့ဇနီးသည်က အခြားတစ်ယောက်ကို ချစ်နေသည် ဆိုသော အဖြစ်မှန်ကို ဖခင်အား ပြောပြရန် ရှက်ရွံ့နေသည်။

"သူက ကျွန်တော့် ပိုက်ဆံနဲ့ နောက်ခံကိုပဲ မက်မောပြီး ကျွန်တော့်ကို ခုတုံးလုပ်ချင်နေမှန်း သိလိုက်ရလို့ပါ"

တုဟုန်ရိက နှစ်သိမ့်လိုက်သည်။

"ထားလိုက်ပါတော့... စောစောစီးစီး သိလိုက်ရတာ ကောင်းပါတယ်။ တစ်သက်လုံး အလိမ်ခံရတာထက် စာရင် တော်သေးတာပေါ့"

"ရှင်က ဒီလိုပဲ လုပ်နေတော့တာပဲ"

တုကတော် ထန်ရွှမ်က သားအဖ ပြောစကားများကို ကြားပြီး မကျေမနပ် ပြောလိုက်သည်။

"ရှင်က အမြဲတမ်း သူ့ဘက်က ပါနေတော့ သူက ကြောက်ရမှန်း မသိဘဲ လက်ထပ်တာကိုတောင် အတုလုပ်ရဲတာပေါ့"

တုဟုန်ရိက ဇနီးသည်ကို ပြုံးပြီး လက်အုပ်ချီကာ တောင်းပန်လိုက်သည်။

အဘိုးထန်ကတော့ သမီးဘက်က ပါသည်။

"ဟုတ်တယ်... မင်း အလိုလိုက်ထားတာတွေ။ ငါက ချန်အဘိုးကြီးရဲ့ မြေးမနဲ့ သဘောတူထားပြီးပြီ။ အဲဒီ ကလေးမက နိုင်ငံခြားက ပြန်လာတာ၊ အသိုင်းအဝိုင်းချင်းလည်း တူ၊ အရည်အချင်းလည်း ရှိတယ်။ သူတို့ဘက်ကလည်း သဘောတူထားတာကို... ဒီကောင်လေးက လက်ထပ်စာချုပ်ကြီး ထုတ်ပြလိုက်တော့ ငါ့မှာ မျက်နှာပျက်ရတယ်"

"နှမြောစရာပဲ"

တုဟုန်ရိက ပြောလိုက်သည်။

"ဒီနှစ်ပိုင်းတွေမှာ နည်းပညာ လုပ်ငန်းတွေ တက်လာတော့ ချန်မိသားစု စီးပွားရေးက ငါတို့ထက်တောင် သာချင်သာလာဦးမှာ"

"အေးလေ... အဲဒါ ပြောတာပေါ့"

အဘိုးထန် ဆက်ပြောသည်။

"အဓိကက အဲဒီ ကောင်မလေးက စီမံခန့်ခွဲမှု ပညာနဲ့ ဘွဲ့ရထားတာ။ သူ့အဖေ ကုမ္ပဏီမှာ ဝင်လုပ်နေတာ တော်တော် တော်တယ်လို့ ကြားတယ်။ ဇယ်ချန်းက စီးပွားရေး စိတ်မဝင်စားတော့ ဒီလို မိန်းကလေးမျိုး ရရင် အဆင်ပြေမှာ"

အတွင်းရေးမှူးယန်က ဝင်ပြောသည်။

"တကယ် နှမြောစရာ ကောင်းတာပဲနော်"

"ဘာ နှမြောစရာ ရှိလို့လဲ"

အဘိုးထန်က ရယ်မောလိုက်သည်။

"ငါနဲ့ ချန်အဘိုးကြီးက တစ်သက်လုံး ပေါင်းလာတဲ့ သူငယ်ချင်းတွေပဲ... မင်းတို့ မသိတာ ကျနေတာပဲ။ ငါ သူ့ကို အကျိုးအကြောင်း ပြောပြပြီးပြီ။ သူ့မြေးမလေးက နိုင်ငံခြားက ပြန်လာတာ ဆိုတော့ သဘောထား ပွင့်လင်းတယ်။ အတုပဲ ဆိုတာ သိတော့ သူက ဂရုမစိုက်ဘူးတဲ့။ ဇယ်ချန်းနဲ့ တွေ့ကြည့်မယ်တဲ့"

တုဇယ်ချန်းက အံ့သြသွားသည်။ အရင်က ဖောက်ပြန်တယ် ဆိုပြီး ဆူပူနေသော အဘိုးက ဘာလို့ လေပြောင်းသွားရတာလဲ။

"အဘိုး... ကျွန်တော့်ကို တကယ်ကြီး မိန်းကလေးချန်နဲ့ တွေ့ခိုင်းမလို့လား"

အတွင်းရေးမှူးယန်က စနောက်လိုက်သည်။

"သခင်လေးက ၂၄ နှစ်နဲ့ အောင်သွယ်တော် လာဆက်တာ ခံနေရပြီပေါ့"

တုဇယ်ချန်း မကျေမနပ် ဖြစ်သွားသည်။

"အဘိုးဗျာ... ကျွန်တော် အသက် ၃၀ လောက်မှ အိမ်ထောင်ပြုမှာပါ။ အခုချိန်ကြီး အောင်သွယ်ခိုင်းတာ ရှက်စရာကြီး"

အဘိုးထန်က မျက်နှာထား တင်းလိုက်သည်။

"အိမ်ထောင်ပြုပြီးမှ စီးပွားရှာတာ ပိုကောင်းတယ်။ မိန်းမကောင်း တစ်ယောက် ရဖို့က အရေးကြီးတယ်။ ဒီကိစ္စကိုတော့ ငါ လက်မလျှော့ပေးနိုင်ဘူး"

"အဘိုးကလည်း..."

တုဟုန်ရိက ဝင်ပြောပေးရှာသည်။

"အဖေရာ... ဇယ်ချန်းကို အတင်း မတိုက်တွန်းပါနဲ့။ သူက ငယ်ပါသေးတယ်။ ပြီးတော့ အခုခေတ် လူငယ်တွေက လွတ်လပ်စွာ ချစ်ကြိုက်ချင်ကြတာ။ ကျွန်တော်ကတော့ သူ့ကို ဘာမှ မျှော်လင့်မထားပါဘူး..."

"ဒါဆို မင်းက ဘယ်သူ့ကို မျှော်လင့်ထားလို့လဲ"

အဘိုးထန် ရုတ်တရက် ဒေါသထွက်သွားသည်။

"ငါက သူ့ကို လွတ်လပ်ခွင့် မပေးဘူးလို့ ပြောနေလို့လား။ ချန်ကောင်မလေးနဲ့ တွေ့ပြီး လွတ်လွတ်လပ်လပ် မချစ်ကြိုက်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ"

တုဇယ်ချန်း လန့်သွားပြီး ဖခင်နောက်တွင် ဝင်ပုန်းလိုက်သည်။ တုဟုန်ရိက သား၏ လက်ကို ပုတ်ပြီး နှစ်သိမ့်လိုက်သည်။

"အဖေရယ်... ကျွန်တော်က အဲဒီသဘော ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် တစ်သက်လုံး ကြိုးစားခဲ့တာက သားကို သူ့အမေလိုပဲ ပျော်ပျော်ရွှင်ရွှင် နေစေချင်လို့ပါ"

"သူ့ဘာသာ မရပ်တည်နိုင်ရင် ဘယ်သူက သူ့ကို တစ်သက်လုံး ပျော်ရွှင်အောင် ထားနိုင်မှာလဲ"

အဘိုးထန်က ပြန်မေးလိုက်သည်။

"ငါ ဘယ်နှခါ ပြောရမလဲ။ ငါးပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်လို့။ သူ ကိုယ်တိုင် အရည်အချင်း ရှိမှ စိတ်လွတ်လက်လွတ် နေနိုင်မှာပေါ့။ မဟုတ်ရင် သူက မင်းကိုပဲ တစ်သက်လုံး မှီခိုနေရတော့မှာလား။ မင်း ဒီလောက် လွှတ်ထားပေးတာ ဘာသဘောလဲ"

တုဟုန်ရိက ရင်ထိတ်သွားသည်။ အဘိုးထန်က သူ့အတွေးကို ဖတ်မိနေသလားဟု ထင်လိုက်ရသည်။

"မိဘ ဆိုတာ အိုလာမှာပဲလေ"

အဘိုးထန်က လေသံ ပျော့သွားပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

"ငါလည်း ငါ့သမီးကို တစ်သက်လုံး ပျော်ရွှင်စေချင်တာပါပဲ။ ဒါပေမဲ့ ငါက ဒီခရီးအထိပဲ လိုက်ပို့ပေးနိုင်တော့မယ်..."

"အဘိုး..."

တုဇယ်ချန်းက အဘိုးရှေ့ ပြေးသွားပြီး ပြောလိုက်သည်။

"ဘာတွေ ပြောနေတာလဲ။ အဘိုးက အသက်ရာကျော် ရှည်ပြီး ကျွန်တော် အိမ်ထောင်ကျတာ၊ ကလေးမွေးတာတွေ မြင်ရဦးမှာပါ"

အဘိုးထန်က မြေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ငါ့ခန္ဓာကိုယ် အခြေအနေ ငါသိပါတယ်။ ငါတို့က မင်းကို ခဏတာပဲ ကာကွယ်ပေးနိုင်မှာ... နောက်ဆုံးကျရင် မင်းကိုယ်မင်းပဲ အားကိုးရမှာ ကွ"

လေထုက ဝမ်းနည်းစရာ ကောင်းလာသဖြင့် တုဟုန်ရိက ဝင်ပြောလိုက်သည်။

"အဖေ... ကျွန်တော် မှားပါတယ်။ ပြန်ရောက်ရင် သူ့ကို သေချာ သင်ကြားပေးပါ့မယ်"

ထန်ရွှမ်က ခင်ပွန်းသည်ကို ရိုက်လိုက်သည်။

"ရှင် ပြောတာ ဘယ်သူ ယုံမှာလဲ"

"အဖေ့ ကျန်းမာရေးက သိပ်မကောင်းဘူး"

ထန်ရွှမ်က ခင်ပွန်းသည်နှင့် တိုင်ပင်လိုက်သည်။

"ကျွန်မတို့ ဒီရက်ပိုင်း ဒီမှာပဲ နေပြီး အဖေ့ကို ပြုစုပေးကြရအောင်"

"ကောင်းတာပေါ့"

တုဟုန်ရိ သဘောတူလိုက်သည်။

"ကျွန်တော့် သဘောကတော့ အဖေ့ကို ကျွန်တော်တို့အိမ် ခေါ်သွားပြီး အတူထားချင်တာ"

"မလိုက်ချင်ပါဘူးကွာ... မင်းတို့ အားရင် လာလည်ကြ။ မအားရင် ကိုယ့်အလုပ် ကိုယ်လုပ်ကြ။ ဇယ်ချန်းကတော့ နေ့တိုင်း လာရမယ်။ ဒီရက်ပိုင်း သူ့ကို ငါ ကိုယ်တိုင် ဆုံးမမယ်"

တုဇယ်ချန်း မျက်နှာ မဲ့ကျသွားသည်။

"ဟာ... အဘိုးကလည်း... ဘာလို့ ကျွန်တော့်ကိုပဲ ဒီလောက် ကပ်နေရတာလဲ"

...

ညစာ စားချိန် ရောက်သောအခါ အတွင်းရေးမှူးယန်လည်း အတူတူ ဝင်စားသည်။

အဘိုးထန်သည် အသက်ကြီးပြီ ဖြစ်သလို ရောဂါအခံ ရှိသဖြင့် အစားအသောက် ဆင်ခြင်ရသည်။ ထို့ကြောင့် နည်းနည်းသာ စားပြီး ကျန်လူများကို ထိုင်ကြည့်နေသည်။

"ဒါနဲ့... အတွင်းရေးမှူးယန်မှာ ဇယ်ချန်းနဲ့ ရွယ်တူလောက် သားတစ်ယောက် ရှိတယ် မဟုတ်လား။ နာမည်က တု ပဲလား"

အဘိုးထန်က ရုတ်တရက် မေးလိုက်သည်။

အတွင်းရေးမှူးယန် အနည်းငယ် တန့်သွားပြီးမှ ဖြေလိုက်သည်။

"ဟုတ်ကဲ့... ဇယ်ချန်းထက် နှစ်နှစ် ငယ်ပါတယ်"

တုဟုန်ရိက ဝင်ပြောလိုက်သည်။

"နျန်ယန် ဆိုတဲ့ ကလေးက တော်တော် ထူးချွန်တယ်။ ဝါတန် စီးပွားရေး တက္ကသိုလ်မှာ တက်နေတာ။ ဒီနှစ် ဘွဲ့ရမယ်"

"သူများ သားအကြောင်းကျတော့ မင်းက တော်တော် သိနေပါလား"

အဘိုးထန်က မှတ်ချက်ပေးလိုက်သည်။

"မသိလို့ ရမလားဗျာ... သူက ပညာတော်တာလေ။ ကျွန်တော် စောင့်ကြည့်နေတာ။ ဘွဲ့ရရင် ကုမ္ပဏီကို ခေါ်ခန့်မလို့။ သူနဲ့ ဇယ်ချန်းနဲ့ကလည်း ရင်းနှီးကြတယ်။ ဇယ်ချန်းက စီးပွားရေး စိတ်မဝင်စားတော့ သူ့အတွက် အားကိုးရမဲ့ လူယုံတွေ မွေးပေးထားရမှာပေါ့"

"တကယ်လား"

တုဇယ်ချန်းက ပျော်ရွှင်သွားသည်။

"နျန်ယန်က ကုမ္ပဏီကို လာမှာလား။ သူ နိုင်ငံခြား ထွက်သွားကတည်းက မတွေ့ရတာ ၃-၄ နှစ် ရှိပြီ"

"အင်း... သူ ပိုပြီး တော်လာတယ်"

တုဟုန်ရိက ပြုံးလိုက်သည်။

"နောက်ဆို မင်းတို့တတွေ သေချာ ပေါင်းသင်းကြ။ သူက မင်းကို ကူညီပေးလိမ့်မယ်"

ထန်ရွှမ်က သားဖြစ်သူကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"သား ကံကောင်းတာကို အမေ အားကျလိုက်တာ။ သားအဖေက အရာရာ စီစဉ်ပေးထားတယ်"

တုဇယ်ချန်းက မခံချင်စိတ်ဖြင့် ပြန်ပြောသည်။

"အမေ့လောက် ဘယ်သူ ကံကောင်းမှာလဲ။ ကျွန်တော်က အမေ့ကို ပိုအားကျတယ်။ အခုလို ဂရုစိုက်တတ်တဲ့ အဖေ၊ အလိုလိုက်တဲ့ ယောကျ်ား၊ ပြီးတော့ ကျွန်တော့်လို လိမ္မာတဲ့ သား ရထားတာလေ..."

"စကားကတော့ တတ်တယ်"

ထန်ရွှမ်က သားကို ရိုက်လိုက်သော်လည်း ပြုံးနေသည်။ ခင်ပွန်းသည်ကို လှမ်းကြည့်လိုက်ရာ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

တုဟုန်ရိက ဇနီးသည်ကို ဖက်လိုက်ပြီး နဖူးလေးကို နမ်းကာ သားဖြစ်သူကို လှမ်းဆဲလိုက်သည်။

"ငါ့မိန်းမကို မစနဲ့နော်... အထိုးခံရမယ်"

"သိပါတယ်ဗျာ... အဖေတို့ကမှ အချစ်စစ်၊ ကျွန်တော်က မွေးစားသားပါ"

...

မိသားစု ပျော်ရွှင်စွာ ရယ်မောနေကြသော်လည်း အတွင်းရေးမှူးယန်၏ မျက်ဝန်းအောက်ခြေတွင် ဖြတ်ပြေးသွားသော မည်းမှောင်သည့် အရိပ်အယောင်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။