Chapter 1 ညခရီးလမ်း
Viewers 10

(အပိုင်း ၁) ညခရီးလမ်း

“လျို့ယန်၊ မင်းရဲ့စစ်သားသူငယ်ချင်း ဘယ်ရောက်သွားပြီလဲ”

လျို့ယန်သည် ပုံစံကြမ်းရေးဆွဲမှုတစ်ခုကို ပြင်ဆင်နေခြင်းဖြင့် နစ်မြောနေသောကြောင့် ထိုမေးခွန်းများကို မကြားသကဲ့သို့ ဖြစ်နေခဲ့သည်။ သူ့ဘေးမှ မိန်းကလေးများက သုံးကြိမ်မြောက်ရယ်ကာမောကာ မေးမြန်းမှသာလျှင် သူသည် တစ်ချက်မျှ ကြည့်လိုက်၏။

မိန်းကလေးတစ်ဦးက ပြောသည်။ “သူ ဒီမှာ အလုပ်ရှာဖို့ စီစဉ်နေတာ မဟုတ်လား”

“မန့်ဖန်က…” လျို့ယန်သည် ခဲဖျက်ကိုယူကာ ပုံဆွဲစာရွက်ပေါ်တွင် ရှု့ထောင့်တစ်ခုကို ညင်သာစွာ ပွတ်ဖျက်လိုက်သည်။ “သူ့မိဘတွေက အိမ်ပြန်ခိုင်းလို့ ပြန်သွားပြီ။ ပြီးခဲ့တဲ့လကတည်းက ထွက်သွားတာ၊ မင်းတို့က သတင်းနောက်ကျနေပါလား”

“နှမြောစရာပဲ” ဟု နောက်တစ်ဦးက ရယ်မောကာ ပြော၏။ “အဲ့စစ်သားလေးဒီလောက်ချောတာဆိုတော့ မင်းကို ညစာအတူစားဖို့ ဘယ်သူမှ မခေါ်တာလည်း မဆန်းပါဘူး”

လျို့ယန် သူတို့ကို ကြည့်လိုက်ပြီးနောက် စနောက်လိုက်သည်။ “ဘယ်သူက သူ့ကို သဘောကျနေတာလဲ၊ ရှန်းချန်းသုန်း အရက်တစ်ပုလင်း ပေးစမ်းပါ၊ ငါ သူ့ဖုန်းနံပါတ် ပေးလိုက်မယ်” ဟု ပြောပြီးသည်နှင့် သူသည် ခဲဖျက်မှုန့်များကို မှုတ်ထုတ်လိုက်သည်။ ၎င်းမှာ သူ့စိတ်ထဲမှ ခေါင်းမာသည့် မှတ်ဉာဏ်တစ်ခုကို မောင်းထုတ်ရန် ကြိုးစားနေသကဲ့သို့ပင် ဖြစ်၏။

ကျောင်းဆင်းသည့် ခေါင်းလောင်းသံ မြည်လာသဖြင့် ကျောင်းသားများသည် စာသင်ခန်းထဲမှ အလျှင်အမြန် ထွက်ခွာသွားကြသည်။

ကျယ်ဝန်း၍ လူရှင်းနေသည့် စာသင်ခန်းကြီးထဲ၌ ညစ်ပတ်နေသည့် မှန်ပြတင်းပေါက်မှ စူးရှသော နွေနေရောင်ခြည်သည် အနည်းငယ် စိမ့်ဝင်လာသည်။ နောက်ဆုံးတန်းတွင် တစ်ယောက်တည်းထိုင်ကာ သူ၏ ရှုထောင့်ပုံစံကြမ်းများကို လိပ်၍ ထုပ်ပိုးနေသည့် လျို့ယန်သာ ကျန်ရစ်ခဲ့၏။

သူတို့နှစ်ဦး လမ်းခွဲခဲ့သည်မှာ တစ်လနှင့် ဆယ့်နှစ်ရက် ရှိသွားပြီဖြစ်ပြီး ထိုနေ့သည် မန့်ဖန်နှင့် သူတို့ ချစ်သူသက်တမ်းပြည့်သည့် နေ့လည်း ဖြစ်သည်။

လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က လျို့ယန်နှင့် သူ့ ငယ်သူငယ်ချင်း မန့်ဖန်တို့သည် Z မြို့တွင် အထက်တန်း တတိယနှစ်ကို အတူတူ တက်ခဲ့ကြသည်။ ထိုအချိန်တွင် ဖွင့်ပြောခြင်း ကိစ္စရပ် များ တွင်ကျယ်ခဲ့ကာ သူတို့သူငယ်ချင်းအတွဲသည် ချစ်သူများ ဖြစ်လာခဲ့ကြ၏။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးတွင် မန့်ဖန်သည် စစ်တပ်သို့ ဝင်ခဲ့ပြီး လျို့ယန်ကမူ တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။

ကျောင်းတက်စဉ်ကာလက သူတို့နှစ်ဦး ပေးခဲ့သည့် ထာဝရချစ်ခြင်း ကတိများကို လျို့ယန်သည် အမှတ်ရနေဆဲ ဖြစ်သည်။ ဘဝလမ်းကြောင်းချင်း ကွဲပြားသွားသည့်တိုင်အောင်ပင် သူတို့သည် အဆက်အသွယ် ရှိနေခဲ့ကြပြီး ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ကြသည်။ လျို့ယန် ဘွဲ့ရပြီး မန့်ဖန် စစ်မှုထမ်းသက်ပြည့်ကာ တစ်ဖန်ပြန်လည် အတူနေထိုင်ရမည့် နေ့ရက်ကို ဆက်လက်မျှော်လင့်နေခဲ့ကြ၏။

လျို့ယန်သည် တက္ကသိုလ် ဒုတိယနှစ်တွင် သူ၏ထူးချွန်သော စွမ်းဆောင်ရည်နှင့် အဆင့်များကြောင့် ဂျာမနီသို့ ဖလှယ်ကျောင်းသားတစ်ဦး(exchange student)အဖြစ် စေလွှတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံခြား တိုင်းပြည်တွင် သူတို့ ဝေးကွာနေခဲ့သော်လည်း သူ၏ မူလချစ်သူကို မမေ့ခဲ့ချေ။ တရုတ်ပြည်သို့ ပြန်လာသောအခါ သူသည် ဘွဲ့လွန်ကျောင်းသားအဖြစ် အကြံပြုခံခဲ့ရသည်။

လျို့ယန် တရုတ်ပြည်သို့ ပြန်ရောက်ပြီး နှစ်နှစ်အကြာတွင် မန့်ဖန်သည် နောက်ဆုံး၌ စစ်မှုထမ်းသက်တမ်းပြည့်ခဲ့သည်။ သူသည် လျို့ယန်ကို ရှာဖွေရန် S မြို့ရှိ တက္ကသိုလ်သို့ တန်းတန်းမတ်မတ် လာခဲ့သည်။ ထိုနေ့က သူတို့ ဆုံတွေ့ကြသောအခါ ပြင်းထန်သည့် ကာမစိတ်များ မရှိခဲ့သလို စိတ်အားထက်သန်သည့် ချစ်ခြင်းညတာလည်း မဟုတ်ခဲ့ချေ။ မန့်ဖန်သည် လျို့ယန်ကို ပွေ့ဖက်ရုံမျှသာပြုကာ ထိုညကို ငြိမ်းချမ်းစွာ အိပ်စက်ခဲ့ကြသည်။

လျို့ယန်သည် လှုပ်ရှားမှု မပြုသော်လည်း အိပ်မပျော်နိုင်ခဲ့ချေ။

မျက်နှာကျက်ကို ကြည့်ရင်း သူသည် တစ်စုံတစ်ခု ကွဲပြားနေသည်ဟု ခံစားလိုက်ရ၏။

မန့်ဖန်သည် S မြို့တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ပြီး အလုပ်ရှာကာ လျို့ယန်နှင့်အတူ နေထိုင်ရန် စီစဉ်ခဲ့သည်။ သို့သော် သူ၏ ပညာရေးအဆင့် နိမ့်ကျမှုကြောင့် စိတ်ကျေနပ်ဖွယ်ရာ အလုပ်တစ်ခုကို ရှာမတွေ့နိုင်ခဲ့ပေ။ ထိုအကြောင်းကြောင့် သူသည် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့တော့သည်။

လျို့ယန်သည် မန့်ဖန်၏ ရွေးချယ်မှု၌ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။

သူ တံခါးကို ပိတ်လိုက်သောအခါ မန့်ဖန်သည် အပြင်ဘက်၌ ရပ်နေခဲ့ပြီး သူကမူ အတွင်းဘက်၌ ရပ်နေခဲ့သည်။ သူတို့၏ နှလုံးသားများသည် ခုနစ်နှစ်ခန့်က အထက်တန်းကျောင်းမှ ချစ်သူများ မဟုတ်ကြတော့ကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားကြ၏။ အချိန်သည် အချွန်ဆုံးဓားဖြစ်ပြီး နှစ်ပေါင်းများစွာ ရေနှင့်ရွှံ့ကို ဆွဲခေါ်လာခဲ့သည်။ ကြာမြစ်များကို ဖြတ်တောက်ခဲ့သော်လည်း ၎င်းတို့ကို ဆက်သွယ်ထားသော အမျှင်များသည် ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူတို့ နောက်ဆုံးတွင် ပြန်ဆုံသောအခါ ထိုအမျှင်များကို ရက်ရက်စက်စက် ဖြတ်တောက်ခဲ့ပြီး အရာအားလုံးသည် ပြတ်ပြတ်သားသား အဆုံးသတ်သွားခဲ့တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်သည် သဲမှုန့်ကဲ့သို့ လက်ချောင်းများကြားမှ ခြေရာလက်ရာမရှိ လွင့်ထွက်သွားခဲ့သည်။ သူတို့သည် အရင်က လူများ မဟုတ်ကြတော့သလို၊ တစ်ဦးနှင့်တစ်ဦး အပေါ်ထားရှိသည့် ခံစားချက်များလည်း မရှိကြတော့ချေ။ အဝေးတစ်နေရာမှ ဆက်ဆံရေးကို အပြစ်တင်၍မရသလို၊ တစ်ဦးနှင့်တစ်ဦး၏ ဘဝများကိုလည်း အပြစ်တင်၍ မရချေ။ ၎င်းမှာ အခြားသူတစ်ဦး၏ အမှားမဟုတ်၊ ကိုယ့်ကိုယ်ကို၏ အမှားပင် ဖြစ်သည်။

သူတို့၏ ခုနစ်နှစ်တာ ဆက်ဆံရေးသည် တစ်လနှင့် ဆယ့်နှစ်ရက်က အဆုံးသတ်ခဲ့ပြီဖြစ်သည်။ လျို့ယန်သည် စာသင်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်ရင်း ရုတ်တရက် ဖော်ပြ၍မရသည့် ခံစားချက်တစ်ခုသည် သူ့အတွင်း၌ ပေါ်ပေါက်လာခဲ့သည်။

“လျို့ယန်!” အတန်းဖော်တစ်ဦး၏ ဦးခေါင်းသည် ရှေ့တံခါးဘေးမှ ချောင်းကြည့်လာသည်၊ “ပါမောက္ခက မင်းကို စောင့်နေတယ်လေ၊ ဘာလို့ မသွားသေးတာလဲ”

လျို့ယန်သည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ ပုံစံကြမ်းများကို လျင်မြန်စွာ ယူကာ ရုံးခန်းသို့ ဦးတည်သွားခဲ့သည်။ “ငါ မင်းရဲ့ ပုံစံကြမ်းကို ကြည့်ပြီးပြီ” ဟု ဌာနမှူးက ပြော၏။ “သေးငယ်တဲ့ အမှားအယွင်းတွေ အများကြီး ပြင်ဖို့ လိုတယ်၊ ဒါပေမဲ့ ခြုံကြည့်ရင်တော့ ကြီးကြီးမားမား ပြဿနာမရှိပါဘူး”

လျို့ယန်သည် သူ၏ ပုံစံကြမ်းကို ချလိုက်ပြီး ဌာနမှူးက ကမ်းေပးသော ကော်ဖီကို ယူလိုက်သည်။ သူ တစ်ငုံသောက်ပြီးနောက် စာအုပ်စင်ကို ကြည့်လိုက်ကာ မေးလိုက်သည်။ “ကျွန်တော် စာအုပ်နည်းနည်း ငှားဖတ်လို့ ရလား”

“ရပါတယ်” လျို့ယန်၏ ဆရာသည် ဂုဏ်သရေရှိသော အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဤအချိန်တွင် သူ၏ စားပွဲ၌ ထိုင်ကာ ကော်ဖီသောက်နေသည်။ “မင်းရဲ့ ဒီဇိုင်းက လက်တွေ့အသုံးချမှုပေါ်မှာ အာရုံစိုက်လွန်းတယ်၊ အိုက်စလန်ပုံစံ အသွင်အပြင် အားကောင်းတယ်၊ ဒါပေမဲ့ လူသားအသုံးပြုမှုဆိုင်ရာ ပုံစံထုတ်လုပ်ရေး က အားနည်းချက်ပဲ၊ ရိုးရိုးရှင်းရှင်း ပြောရရင် ဒါက လုံးဝ လက်ခံနိုင်စရာ မရှိဘူး။”

လျို့ယန် သူ့ကိုယ်သူ ရယ်မောလိုက်သည်၊ “ကျွန်တော် ဘဟောက်စ် မှာ တက်တုန်းက လုပ်ခဲ့တဲ့ စက်က လုံးဝ အသုံးမဝင်ခဲ့ဘူးလေ၊ ဘာလို့လဲဆိုတော့”

လျို့ယန်သည် စင်ပေါ်မှ 'ဖုတ်ကောင်ဘေးမှ အသက်ရှင်ကျန်ရစ်ခြင်း လမ်းညွှန်' အမည်ရှိ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်၏။ ခေါင်းစဉ်ကို မြင်သောအခါ သူ မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ဌာနမှူးသည် လျို့ယန်ကို နှစ်သက်သဘောကျသဖြင့် ပြုံးပြုံးရွှင်ရွှင်နှင့် ရှင်းပြလိုက်သည်၊ “အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်း သတိပေးချက်အဖြစ် အွန်လိုင်းလမ်းညွှန်တစ်ခုကို ထုတ်ပြန်ခဲ့တာကို မင်းသိလား။ တရားဝင်ထုတ်ပြန်ချက်အရ ဒါက အနာဂတ်မှာ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ရှိနေကြောင်း လူတိုင်းကို သတိပေးဖို့ ရည်ရွယ်တယ်တဲ့”

လျို့ယန်သည် စာအုပ်စာမျက်နှာများကို လှန်လှောရင်း ရယ်မောလိုက်သည်၊ “တကယ်လား? ကျွန်တော် ငှားဖတ်ကြည့်ပါရစေ”

“မင်းရဲ့ ဒီဇိုင်းမှာ ပြင်ဆင်ရမယ့် အချက်အားလုံးကို USB Drive မှာ ငါ ရေးပေးထားတယ်” ဌာနမှူးက ပြောလိုက်သည်။ “စာဖတ်နေတုန်းမှာ မင်းရဲ့ အိမ်စာကို မမေ့နဲ့အုံးနော်”

လျို့ယန်သည် ဘာမှ မတတ်နိုင်သဖြင့် “ဟုတ်ကဲ့” ဟု ပြောလိုက်သည်။

လျို့ယန်သည် USB Drive ကို သူ့ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး သူ၏ ပုံစံကြမ်းနှင့် မှတ်စုစာအုပ်ကို သယ်ကာ ရုံးခန်းထဲမှ ထွက်လာပြီးနောက် အိမ်သို့ ဖုန်းခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။ မည်သူမျှ မကိုင်ချေ။

ယနေ့သည် သောကြာနေ့ဖြစ်ပြီး လျို့ယန် အိမ်သို့ ပြန်မည်ဖြစ်၏။ သူသည် သူ့ သူငယ်ချင်းများ တိုက်ရိုက်သတင်းများကို ကြည့်နေသည့် အဆောင်သို့ ပြန်သွား၏။

“ချွေရှောင်ခွန်း၊ မင်း ဒီအပတ် အိမ်ပြန်မှာလား” လျို့ယန်က မေးလိုက်သည်။

“မပြန်ဘူး၊ ဘာလို့လဲ” ချွေရှောင်ခွန်းက မေးလိုက်သည်၊ “မင်းက ပြန်မှာလား”

လျို့ယန်က စနောက်သည်။ “ကောင်မလေးတွေနဲ့ အချိန်ဖြုန်းနေလို့လား”

ချွေရှောင်ခွန်းသည် တတွတ်တွတ်ပြောပြီးမှ ပြန်ဖြေလိုက်သည်၊ “ဘာ! မဟုတ်ပါဘူး၊ ငါ့ကို လုပ်ခိုင်းစရာ တစ်ခုခုရှိရင် မြန်မြန်ပြော!”

လျို့ယန်က ပြုံးကာ ပြော၏၊ “မင်းရဲ့ ကားလေးကို ခဏငှားလို့ ရမလား။ ငါ မနက်ဖြန်ညနေ ပြန်လာခဲ့မယ်၊ ဆီလည်း အပြည့်ဖြည့်ပေးခဲ့မယ်”

“သွားစမ်းပါ!” ချွေရှောင်ခွန်းက ဒေါသတကြီး ပြောလိုက်သည်။

ခဏအကြာတွင် ကားသော့သည် လျို့ယန်ဆီသို့ ပျံသန်းလာခဲ့သည်။ ချွေရှောင်ခွန်းသည် သူ၏ ဌာနနှင့် နီးကပ်စွာ ဆက်စပ်နေသည့် auto-system ဌာနမှ ဖြစ်သည်။ ကားသည် (second-hand car) တစ်စီး ဖြစ်၏။ လျို့ယန်သည် သော့ကိုယူကာ ပြောလိုက်သည်။“ကျေးဇူးပါပဲ၊ ငါ ဘတ်စ်ကားဂိတ်ကို မသွားချင်လို့ပါ”

ချွေရှောင်ခွန်းသည် သူ့ နားကြပ်များကို ချွတ်လိုက်သည်၊ “ဟေး လျှို့ယန်၊ မင်း တကယ်ပဲ အိမ်ပြန်ချင်တာ သေချာလား” လျို့ယန်သည် ဖုန်းခေါ်ဆိုရန် အာရုံစိုက်နေသည်။

“ဘာလို့ မေးတာလဲ”

ချွေရှောင်ခွန်းသည် သူ ဖွင့်ထားသည့် သတင်းဗီဒီယိုကို လက်ညှိုးထိုးပြလိုက်သည်၊ “ကိုယ်တိုင် လာကြည့်ပါလား”

“ယခုနွေရာသီ၌ Z မြို့တွင် ခွေးရူးပြန်ရောဂါ ထပ်မံဖြစ်ပွားခဲ့သည်။ သက်ဆိုင်ရာဌာနများက ပြည်သူများအနေဖြင့် အိမ်မှမထွက်ရန်နှင့် ဆေးရုံများမှ ကာကွယ်ဆေးအသစ် ထိုးနှံခြင်းနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရန် အကြောင်းကြားထားသည်…”

လျို့ယန်သည် မျက်မှောင်ကြုတ်ကာ မေး၏၊ “ဒါ ဘယ်တုန်းက ဖြစ်တာလဲ”

ချွေရှောင်ခွန်းသည် သူ့ မေးစေ့ကို မော့ကာ ခွက်ထဲမှ ရေကို သောက်လိုက်သည်၊ “ဒါက မနက်ခင်းသတင်းပဲ၊ ထပ်ခါတလဲလဲ ထုတ်လွှင့်နေတာ။ မင်းအမေက ဆရာဝန် မဟုတ်ဘူးလား”

လျို့ယန်သည် မိဘတစ်ဦးတည်းရှိသော မိသားစုမှဖြစ်ပြီး ငယ်စဉ်ကလေးဘဝက သူ့ မိခင်နှင့်အတူ နေထိုင်ကြီးပြင်းခဲ့သည်။ အခုချိန်တွင် သူသည် တစ်စုံတစ်ရာ ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်ရ၏။

“အပြင်မထွက်ရဘူးလား” လျို့ယန်၏ မျက်ခုံးများ ရှုံ့မဲ့သွားသည်။

“အာဏာပိုင်တွေက ရပ်ကွက်တော်တော်များများတွေမှာ ပိုးသတ်ဆေးဖြန်းနေပြီး မြို့တွင်းက လူတွေကို ရွှေ့ပြောင်းပေးနေတယ်။ သူတို့က ဆေးရုံလို အများပြည်သူနေရာတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို တားမြစ်ထားတယ်။ လောလောဆယ်မှာ မြေအောက်ရထားကို ယာယီရပ်နားထားတယ်…”

လျို့ယန်သည် သူ့ မိခင်၏ ဖုန်းကို ဖုန်းခေါ်ဆိုလိုက်သော်လည်း ဖြေဆိုသူမရှိချေ။ ဤအချိန်မျိုးတွင် သူမသည် အချိန်ပိုအလုပ် လုပ်နေရမည့်အချိန် ဖြစ်သဖြင့် အိမ်ရှိ ဖုန်းကို မကိုင်နိုင်ခြင်းမှာ မဆန်းတော့ပေ။

“ငါ အရင်သွားလိုက်ဦးမယ်” လျို့ယန်က ပြောလိုက်သည်။

“ကံကောင်းပါစေ၊ ခွေးကိုက် မခံရအောင်နေနော်” ချွေရှောင်ခွန်းက ပျင်းရိစွာ ပြော၏။

လျို့ယန်သည် ကားတံခါးကို ဆွဲဖွင့်ကာ သူ့ ကွန်ပျူတာနှင့် အဝတ်အစားများကို နောက်ခန်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဌာနမှူးထံမှ ငှားလာသည့် စာအုပ်များကို ရှေ့ခုံပေါ်သို့ ပစ်တင်လိုက်သည်။

ထို့နောက် သူသည် ကားကို စတင်မောင်းနှင်ကာ နောက်ပြန်ဆုတ်ပြီး အဝေးပြေးလမ်းမသို့ ထွက်ခွာခဲ့တော့သည်။

ည (၁၂:၀၀)၊ S မြို့ အဝေးပြေးလမ်းမ ဆုံရာနေရာ

လျို့ယန်သည် သူ၏ ပိုက်ဆံအိတ်ကို ထုတ်ကာ အခကြေးငွေများ ပေးချေလိုက်သည်။ ပြီးသည်နှင့် သူသည် သူ့ ဖုန်းကို ဘလူးတုသ်မှတစ်ဆင့် ကား၏ စပီကာနှင့် ချိတ်ဆက်လိုက်ပြီး သူ့ ဖုန်းပေါ်ရှိ အလိုအလျောက် ပြန်ခေါ်ဆိုမှုကို နှိပ်လိုက်သည်။ ထို့နောက် သူသည် ဂျစ်ကားကို အဝေးပြေးလမ်းမပေါ်တွင် ဆက်လက် မောင်းနှင်ခဲ့၏။

S မြို့မှ Z မြို့သို့ သွားသည့် အဝေးပြေးလမ်းမသည် မျက်စိတစ်ဆုံး လူရှင်းနေသည်။ ပူပြင်းသော နွေနေရောင်သည် တောက်ပစွာ လောင်ကျွမ်းနေပြီး လမ်းဆုံးရှိ တောက်ပသော မိုးပြာရောင် ကောင်းကင်ကြီးသည် ရှည်လျားစွာ ဆန့်တန်းနေ၏။

Z မြို့မှ S မြို့သို့ သွားသည့် နောက်တစ်လမ်းတွင်မူ ကားများဖြင့် ပြည့်နှက်နေခဲ့သည်။ ကားများသည် ရှည်လျားစွာ တန်းစီနေကြပြီး ကားဟွန်းသံများမှာလည်း မရပ်မနား ထွက်ပေါ်နေသည်။

မွန်းလွဲ (၃:၃၀)၊ အဝေးပြေးလမ်းမ၏ နောက်ဆုံးအပိုင်း...

ဖုန်းသည် နောက်ဆုံးတွင် သူ့ မိခင်ဆီသို့ ဖုန်းခေါ်ဆို၍ ချိတ်ဆက်နိုင်ခဲ့သည်။ လျို့ယန်က “မေမေ!”

“ယန်ယန်… ယန်ယန်…” လိုင်းတစ်ဖက်မှ အမျိုးသမီး၏ အသံသည် စိုးရိမ်ပူပန်နေခဲ့သည်။

လျို့ယန်သည် ကားကို ချက်ချင်းမောင်းကာ လမ်းဘေးတွင် ရပ်လိုက်သည်။ လိုင်းတစ်ဖက်မှ ဗရုတ်သုက္ခ အသံများ ကြားနေရပြီး လေတိုက်ခတ်သံများနှင့် ရောနှော၍ အမျိုးသမီးတစ်ဦး၏ အသံကို ကြားရသည်။ “ယန်ယန်...”

လျို့ယန်သည် ကားကို ရပ်ကာ အော်ပြောလိုက်သည်။ “မေမေ! အဆင်ပြေရဲ့လား!”

ထိုအမျိုးသမီးက ပြန်ပြောသည်။ “အိမ်မပြန်ပါနဲ့၊ မေမေ ပြောတာ နားထောင်၊ အိမ်ကို မလာပါနဲ့။ အာ၊ မေမေ အဆင်ပြေပါတယ်၊ မေမေ သားကို ချစ်တယ်၊ ယန်ယန်…”

လျို့ယန်၊ “အိမ်မှာ ဘာဖြစ်နေတာလဲ။ ဆေးရုံမှာလား၊ အိမ်မှာလား။ အိမ်က ဖုန်းကို ဘာလို့ မကိုင်တာလဲ”

“ယန်ယန်၊ ကျောင်းမှာပဲ နေပါ၊ မေမေ ဘေးကင်းပါတယ်၊ မေမေ သားကို ပြန်ခေါ်လိုက်မယ်…”

“မေမေ သားကို ချစ်တယ်၊ ယန်ယန်…”

ဖုန်းသံ တရွတ်ရွတ်မြည်ပြီးနောက် ဖုန်းချသွားခဲ့သည်။

လျို့ယန်သည် ကားမောင်းသူနေရာတွင် စိတ်ဓာတ်ကျစွာ ထိုင်နေခဲ့ပြီး သူ့ မိခင်ဖုန်းနံပါတ်ကို ထပ်ခါတလဲလဲ ခေါ်ဆိုနေသော်လည်း ဖုန်းခေါ်ဆို၍ မရနိုင်ခဲ့ချေ။

လျို့ယန်သည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် မန့်ဖန်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ ထိုဖုန်းနံပါတ်သည် သူ့ဖုန်းထဲမှ ဖျက်ပစ်ခဲ့ပြီးဖြစ်သော်လည်း ထိုဖုန်းနံပါတ်ကို ငါးနှစ်ကြာသည့်တိုင် မပြောင်းလဲခဲ့ချေ။ ထိုခြေရာများကို သူ့ နှလုံးသားထဲမှ မည်သည့်အခါမျှ ဖျက်ဖျက်၍ ရမည် မဟုတ်ချေ။ မန့်ဖန်၏ ဖုန်းမှာ မအားနေခဲ့ပေ။ လျို့ယန်သည် ကားကို နောက်ပြန်လှည့်ကာ အရှိန်ပြင်းပြင်းဖြင့် လမ်းကြောင်းပြောင်းပြီး S မြို့ဘက်သို့ ပြန်သွားနေသည့် ကားတန်းရှည်ကြီးထဲသို့ ဝင်ရောက်လိုက်သည်။

မွန်းလွဲ (၃:၄၀)၊ အဝေးပြေးလမ်းမ လမ်းကြောင်းပြောင်းရာနေရာ...

လျို့ယန်သည် ကားကို တစ်ဖန်ပြန်၍ နောက်ပြန်ဆုတ်လိုက်ပြီး Z မြို့ဘက်သို့ သွားနေသည့် အဝေးပြေးလမ်းမပေါ်သို့ ပြန်မောင်းကာ ရှေ့သို့ ဆက်သွားခဲ့သည်။

ကားတွင် သတင်း ထုတ်လွှင့်နေသည်၊ “Z မြို့တွင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုသည် တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နယ်ဆေးရုံများသည် အရေးပေါ် ကုသမှုများကို စီစဉ်နေကြသည်။ အစိုးရမှ ထိုဧရိယာအတွင်းရှိ ပြည်သူများအားလုံးကို ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်အတွက် ယာယီအားဖြင့် အိမ်မပြန်ကြရန် မေတ္တာရပ်ခံပါသည်... သို့မှသာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခြင်းမှ ရှောင်ရှားနိုင်မည်...မိုးလေဝသ ခန့်မှန်းချက်...”

ည (၇:၃၀)၊ အဝေးပြေးလမ်းမ အဆုံး၊ Z မြို့သို့ ဝင်သည့် ကွေ့ဝိုင်းနားတွင်

ကောင်းကင်ယံသည် သွေးကဲ့သို့ တောက်ပသော နီမြန်းသည့် တိမ်များဖြင့် ဖုံးလွှမ်းနေသည်။ ပုံမှန်အတိုင်းပင် အဝေးပြေးလမ်းမပေါ်ရှိ အခွန်ကောက်ခံရေး ဂိတ်သည် ယာဉ်များကို ဝင်ခွင့်မပြုမီ အခကြေးငွေများကို ကောက်ခံခဲ့သည်။

ကားမောင်းနေစဉ် လျို့ယန်သည် လမ်းဘေးနှစ်ဖက်ကို အာရုံစိုက်နေခဲ့သည်။ နေဝင်ချိန်တွင် မြို့သည် မီးများ စတင်လင်းလာ၏။ ယာဉ်များကို ရှားရှားပါးပါးသာ မြင်တွေ့နိုင်ပြီး လူအများစုသည် ရေဒီယိုမှ ကြေညာချက်များကို ကြား၍ အိမ်သို့ ပြန်သွားကြပုံရသည်။

အင်တာနက်ပေါ်ရှိ ဝက်ဘ်ဆိုက်များသည် ဝင်ရောက်၍ မရနိုင်လောက်အောင် စည်ကားနေပြီး ခေတ္တခဏ ပြတ်တောက်နေသည့် ဖုန်းလိုင်းများသည် သူ၏ အင်တာနက်အသုံးပြုမှုကို နှေးကွေးစေခဲ့သည်။

....