CH 7
Viewers 10


အခန်းထဲတွင် လင်းချန်ဟိုင်း၏ ဇနီးဖြစ်သူ ကျိုးလိုင်တီမှာ တရှုံ့ရှုံ့နှင့် တိတ်တဆိတ် ငိုကြွေးနေရှာသည်။ သမီးမိန်းကလေးဆိုလျှင် ဘာအလုပ်မှ မလုပ်ဘဲ ထမင်းအလကား ဖြုန်းတီးနေသူများဟု အမြဲတစေ အထင်သေးတတ်သည့် ယောက္ခမဖြစ်သူ အဘွားအိုလင်း၏ ရှေ့မှောက်တွင်မူ သူမခမျာ စကားတစ်လုံးပင် ဟဟဝံ့ဝံ့ မရှိခဲ့ပေ။


“ဒုတိယအစ်ကို့သမီးကို ပို့မယ်လို့ အသေအချာ သဘောတူထားကြတာ မဟုတ်လား” ကျိုးလိုင်တီက ငိုသံစွက်လျက် ပြောရှာသည်။ “အခုကျမှ ဘာလို့ ငါတို့သမီး ဖြစ်သွားရတာလဲ”


“ဒုတိယညီ ပြန်ရောက်လာပြီး သူ့သမီးကို အပြင်အထွက်မခံဘူးလေ။ အမေကလည်း ပိုက်ဆံကို ယူပြီးသွားပြီဆိုတော့ ငါတို့သမီးပဲ သွားရတော့မှာပေါ့” လင်းချန်ဟိုင်းက ဇနီးဖြစ်သူကို အားပေးနှစ်သိမ့်ရန် ကြိုးစားနေသည်။ “မပူပါနဲ့ကွာ၊ ‘ကော့’ မိသားစုရဲ့ အခြေအနေက ငါတို့ထက် အများကြီး သာပါတယ်...”


“ရှင် ဒုတိယအစ်ကိုဆီ သွားပြီး ကျိုးကြောင်းပြသပြီး အကျိုးအကြောင်း ပြောကြည့်ပါဦးလား” ဟု ကျိုးလိုင်တီက ဆိုသည်။


“ပြောလည်း အပိုပဲ။” လင်းချန်ဟိုင်းက ဒုတိယညီ လင်းချန်ရှန်းအနားသို့ မကပ်ချင်ပေ။ လင်းချန်ရှန်း၏ ဒေါသကြီးလှသော စရိုက်နှင့်သာဆိုလျှင် စကားအကောင်းပြောရာမှ အရိုက်ခံရလျှင် မခက်ပေဘူးလား။


လင်းချန်ဟိုင်း တစ်ယောက် သွားရန် တွန့်ဆုတ်နေမိသည်။ သူ့စိတ်ထဲတွင်မူ သမီးတစ်ယောက်ယောက်ကို အသက်အရွယ်မရွေးဘဲ လင်ပေးစားလိုက်ရသည်မှာ လက်ခံနိုင်စရာပဲဟု တွေးနေမိသည်။


“ရှင်မသွားရင် ကျွန်မသွားမယ်။” ကျိုးလိုင်တီက ခဏမျှ စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။ သမီးအတွက် သွားပြောမှဖြစ်မည်ဟု သူမ ခံစားနေရသည်။ အဘွားအိုကော့၏ မြေးဖြစ်သူမှာ လူအူတူတူ လေးတစ်ယောက် မဟုတ်ပါလား။ တကယ်လို့ ထိုကောင်လေးသာ လူကောင်းတစ်ယောက်ဆိုလျှင် ကျိုးလိုင်တီအနေဖြင့် လက်ခံနိုင်ကောင်း လက်ခံနိုင်ပေလိမ့်မည်။ သို့သော် အခုမူ စိတ္တဇလူအူတစ်ယောက် ဖြစ်နေသောကြောင့် သမီးဖြစ်သူက သူမကို တစ်သက်လုံး နာကျည်းသွားမည်ကို ပူပန်နေမိသည်။


လင်းချန်ဟိုင်းကလည်း ဇနီးဖြစ်သူကို မတားဆီးခဲ့ပေ။ ဖြစ်နိုင်လျှင် ဒုတိယညီ လင်းချန်ရှန်းကို ဖျောင်းဖျနိုင်ပါစေဟုသာ သူလည်း မျှော်လင့်နေမိသည်။


လင်းချန်ရှန်းတစ်ယောက် သမီးဖြစ်သူကို စက်ဘီးပေါ်တင်၍ ပြန်လာသောအခါ လမ်းတွင် ကျိုးလိုင်တီနှင့် တည့်တည့်တိုးလေသည်။

“ဒုတိယအစ်ကို... မေဟွာကို အဘွားအိုကော့က ခေါ်သွားပြီရှင့်...” ကျိုးလိုင်တီက အရပ်ရှည်ရှည်၊ ဗျာပါရသန်သန်နှင့် အရှိန်အဝါရှိလှသော လင်းချန်ရှန်းကို ကြည့်ကာ ကြောက်ဒူးတုန်လျက် စကားဆိုရှာသည်။


လင်းချန်းရှန်းက ဘာမှပြန်မပြော။ သူတို့သမီးကို ရောင်းစားရန် သူက အဓမ္မစေခိုင်းခဲ့သည်မှ မဟုတ်ဘဲ။

“ဒုတိယအစ်ကိုရယ်... လင်းချင်းချင်းကို လွှတ်ပေးပြီး မေဟွာနဲ့ လဲပေးလို့ မရဘူးလားဟင်...”


“အိပ်မက်မက်နေလိုက်!” လင်းချန်ရှန်းက အေးစက်စက် လေသံဖြင့် ဖြတ်ပြောလိုက်သည်။


 “မင်းတို့သမီးကိုကျ မရောင်းချင်ဘဲ ငါ့သမီးကိုကျ အတင်းရောင်းခိုင်းနေတာလား။ ဒါမှမဟုတ် မင်းတို့မှာ ပိုက်ဆံရှိလို့လား”


“ကျွန်မ အစ်ကို့အတွက် မိန်းမအသစ်တစ်ယောက် ရှာပေးပါ့မယ်။ နောက်ဆို ကလေးတွေ အများကြီး ထပ်မွေးလို့ ရသေးတာပဲဥစ္စာ” ကျိုးလိုင်တီက စိတ်မရှည်စွာဖြင့် ကောက်ချက်ချလေသည်။


လင်းချန်ရှန်း စိတ်ထဲတွင် ကျိုးလိုင်တီအား အတော်ပင် အဓိပ္ပာယ်မရှိဟု မြင်မိသည်။ သူမသည် သမီးသုံးယောက်စလုံးအပေါ် မိန်းကလေးများဖြစ်၍ ဘာမှအသုံးမကျဟု အမြဲအပြစ်တင် နှိမ်ချဆက်ဆံတတ်သည်ကို သူ ကောင်းကောင်းသိသည်။ အခု ကျိုးလိုင်တီ ဤမျှ လာရောက်ပူဆာနေသည်မှာ ပိုက်ဆံက အဘွားအိုလင်း၏လက်ထဲသို့ ရောက်သွားပြီး သူမလက်ထဲမရောက်၍သာ ဖြစ်လိမ့်မည်ဟု ရိပ်မိနေသည်။


“မင်းတို့ရော ကလေးထပ်မွေးလို့ မရဘူးလား” လင်းချန်ရှန်းက လှောင်ပြုံးပြုံးလျက် “မင်းတို့ကပဲ သားယောက်ျားလေးလိုချင်လို့ အသေအလဲ ကြိုးစားနေကြတာ မဟုတ်လား”


“...”

 ကျိုးလိုင်တီ တစ်ယောက် သားယောက်ျားလေး လိုချင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း လူရှေ့သူရှေ့တွင်မူ ဝန်မခံရဲပေ။ “ဒါပေမဲ့ မေဟွာက အစ်ကို့တူမလေ...”


“တူမနဲ့ သမီး ဘာကွာလဲဆိုတာ ငါ ကောင်းကောင်းခွဲခြားတတ်တယ်” လင်းချန်ရှန်းက ပြတ်ပြတ်သားသား ဆိုသည်။ “မေဟွာကို ပြန်လိုချင်ရင် ပိုက်ဆံကို ပြန်ပေးလိုက်ပေါ့”


လင်းချန်ရှန်း စိတ်ထဲတွင် အကြံတစ်ခုရသွားပြီး ရွှီယူချိုင် ရေးပေးထားသော အကြွေးစာချုပ်ကို ကျိုးလိုင်တီ၏လက်ထဲသို့ ထိုးပေးလိုက်သည်။ 


ထိုငွေကို သူတို့ သွားတောင်းဝံ့၊ မတောင်းဝံ့နှင့် ဘယ်လောက်အထိ ပြဿနာရှာကြမလဲဆိုသည်ကို စောင့်ကြည့်ချင်၍ ဖြစ်သည်။


“ဒါ ငါ မေဟွာကို ကူညီတဲ့အနေနဲ့ ပေးတာနော်” လင်းချန်ရှန်းက ပြောလိုက်သည်။

“ဒါ အကြွေးစာချုပ်လား” ကျိုးလိုင်တီက စာတတ်ပေတတ် သင်တန်းတက်ဖူးသဖြင့် စာအချို့ကို ဖတ်တတ်သည်။


“ဒီပိုက်ဆံကို ပြန်တောင်းနိုင်သရွေ့တော့ မင်းတို့ပိုက်ဆံပဲပေါ့” လင်းချန်ရှန်းက ဆိုသည်။ “ပိုက်ဆံနည်းနည်း ထပ်စိုက်ပြီး မေဟွာကို ပြန်ရွေးလိုက်ကြပေါ့”


စကားဆုံးသည်နှင့် လင်းချန်ရှန်းက သမီးဖြစ်သူကို အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ အိမ်တွင်းရေး အရှုပ်အထွေးများကို သမီးဖြစ်သူအား အမြဲမမြင်စေချင်သဖြင့် မြို့က ဝယ်လာသော ဘီစကစ်မုန့်များကို သမီးဖြစ်သူ စားနိုင်ရန် ထုတ်ပေးလိုက်သည်။


အခန်းထဲတွင် လင်းချန်ရှန်းက သမီးဖြစ်သူကို အိပ်ရာပေါ်၌ သက်သောင့်သက်သာ လှဲလျောင်းအနားယူစေသည်။


ဆေးခတ်ပေးထားသော်လည်း သမီးဖြစ်သူ၏ နဖူးပေါ်က ဖူးယောင်နေသော ဒဏ်ရာကို မြင်တိုင်း လင်းချန်ရှန်း ရင်ထဲတွင် တဆစ်ဆစ် နာကျင်ရသည်။


လင်းချင်းချင်းမှာမူ မိမိကိုယ်ပေါ်က ဆေးနံ့များကို အလွန်အမင်း ခံစားနေရသည်။ သူမ ထိုဆေးနံ့ကို သိပ်မကြိုက်သော်လည်း ဖေဖေက ပိုက်ဆံအများကြီး အကုန်အကျခံကာ ဆရာဝန်နှင့် ပြပေးထားခြင်းဖြစ်၍ လိမ်လိမ်မာမာဖြင့် ငြိမ်ခံနေရှာသည်။


“ဖေဖေ...” လင်းချင်းချင်းက လှဲနေရာမှ မေးရှာသည်။ “ဖေဖေ အပြင်ပြန်သွားဦးမလို့လားဟင်”


“ဖေဖေ သမီးစားဖို့ မုန့်တစ်ခုခု သွားလုပ်မလို့ပါ” လင်းချန်ရှန်းက နူးညံ့စွာ ပြောသည်။ “နောက်ဆို ဖေဖေ ဘယ်သွားသွား သမီးလေး ချင်းချင်းကို အမြဲပြောပြမယ်။ ဖေဖေ သမီးကို ဘယ်တော့မှ ပစ်မထားဘူး”


“ဟုတ်ကဲ့ပါ ဖေဖေ” လင်းချင်းချင်းက ဆိုသည်။ “တကယ်လို့ ဖေဖေ ပြန်မလာရင်လည်း သမီး ဒီနေ့ သူတို့နောက်ကို လိုက်မသွားပါဘူး။ သူတို့ အတင်းခေါ်သွားရင်လည်း သမီး ထွက်ပြေးခဲ့မှာ”


“လိမ္မာတယ် သမီးလေး၊ မျက်စိမှိတ်ပြီး ခဏအိပ်လိုက်ဦးနော်” လင်းချန်ရှန်းက သမီးဖြစ်သူကို သာသာယာယာ ပြောရှာသည်။ “ခဏလောက် အနားယူလိုက်။ ဖေဖေ ပေါင်းမုန့် လုပ်ပေးမယ်”


ပေါင်းမုန့်က ဖုတ်မုန့်လောက် မမွှေးကြိုင်နိုင်သော်လည်း အိမ်တွင် မုန့်ဖုတ်စရာ ပစ္စည်းကိရိယာ အစုံအလင်မရှိသဖြင့် သမီးလေးအတွက် ပေါင်းမုန့်လုပ်ပေးရန်သာ လင်းချန်ရှန်း ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။


လင်းချန်ရှန်း အခန်းထဲက ထွက်သွားပြီးနောက် လင်းချင်းချင်းမှာ မျက်လုံး ပြန်ပွင့်လာသည်။ သူမ အိပ်၍မပျော်ပေ။


သူမသည် ဖေဖေ အပြင်ထွက်သွားမည်ကို စိုးရိမ်သဖြင့် အိပ်ရာမှ တိတ်တဆိတ် ထကာ အခန်းဝတွင် ရပ်၍ နားစွင့်နေမိသည်။ မီးဖိုချောင်ထဲသို့မူ ဝင်မသွားရဲပေ။


လင်းချန်ရှန်းသည် အတိတ်ဘဝတုန်းက နာမည်ကြီးစားဖိုမှူးများထံတွင် ပညာသင်ယူခဲ့ဖူးပြီး အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကိုသာ သုံးစွဲခဲ့ဖူးသူ ဖြစ်သည်။ သို့သော် အခုမူ ဤနိမ့်ပါးလှသော မီးဖိုချောင်လေးထဲက အနည်းငယ်မျှသော ပစ္စည်းလေးများဖြင့်သာ ချက်ပြုတ်ရတော့မည် ဖြစ်သည်။


ကြက်ဥအနှစ်နှင့် အကာကို သီးသန့်ခွဲထုတ်ရမည်။ လျှပ်စစ်မွှေစက် မရှိသဖြင့် လင်းချန်ရှန်းက ကြက်ဥအကာများကို လက်ဖြင့်သာ အားစိုက်၍ မွှေနေရသည်။ သူက ခွန်အားဗလ သန်စွမ်းသူဖြစ်၍ အချိန်နည်းနည်း ပိုကြာသွားသော်လည်း ဂရုမစိုက်ပေ။


လင်းချင်းချင်းသည် မီးဖိုချောင်ထဲက အသံများကို အတန်ကြာ နားစွင့်ပြီးနောက် အိပ်ရာပေါ်တွင် ပြန်ထိုင်လိုက်သည်။ ခြေဖနောင့်လေးနှစ်ဖက်ကို လှုပ်ယမ်းမိရာမှ ချက်ချင်းပင် ပြန်ရပ်လိုက်ရသည်။ သူမ စိတ်ထဲတွင် မေမေဖြစ်သူ၏ မကျေနပ်သော မျက်နှာထားကို မြင်ယောင်လာပြီး “ညည်း အရွယ်ရောက်နေပြီ၊ ယဉ်ကျေးမှု မရှိလိုက်တာ။ ညည်းရဲ့ ကြမ်းတမ်းတဲ့ အဖေကို အတုခိုးနေတာကိုး” ဟု ဆူပူမည့်စကားသံကို ကြားယောင်လာသောကြောင့် ဖြစ်သည်။


ရှောင်းမန်သည် လင်းချင်းချင်းကို အစကတည်းက မနှစ်သက်ခဲ့ပေ။ လင်းချန်ရှန်းတွင် မကောင်းသော ဗီဇများရှိသည်ဟု သူမက အသည်းထဲက ခါးခါးသီးသီး ယုံကြည်ထားသူ ဖြစ်သည်။


 လင်းချင်းချင်းသည် လင်းချန်ရှန်း၏ သွေးသားရင်းချာ ဖြစ်သောကြောင့် နောင်တစ်ချိန်တွင်လည်း ကောင်းလာမည်မဟုတ်ဟု တစ်ဖက်သတ် အစွဲရှိနေခဲ့သည်။ ရှောင်းမန်သည် ကိုယ်ဝန်ရှိစဉ်က ဖျက်ချရန်အထိ စဉ်းစားခဲ့သော်လည်း မိမိ၏ ကျန်းမာရေး အခြေအနေကြောင့်သာ မလွဲသာဘဲ မွေးဖွားခဲ့ရခြင်း ဖြစ်သည်။


မိနစ်လေးဆယ်ခန့် ကြာပြီးနောက်... လင်းချင်းချင်းသည် မီးဖိုချောင်ဘက်မှ သင်းပျံ့လာသော ပေါင်းမုန့်နံ့ကို ရလိုက်သဖြင့် လေကို ဝဝရှူသွင်းလိုက်မိသည်။ မုန့်နံ့လေးက အလွန်မွှေးကြိုင်လှသဖြင့် မစားရလျှင်ပင် အနံ့ရရုံနှင့် တင်းတိမ်နိုင်လောက်သည်။


လင်းချင်းချင်းသည် ယခင်က မေမေ မုန့်စားသည်ကို ငေးကြည့်ခဲ့ရသည်က များသည်။ မေမေက သူမကို နည်းနည်းလေးသာ ဖဲ့ပေးတတ်ပြီး “ပါးစပ်သေးသေးလေးနဲ့ ဘာအရသာ သိမှာလဲ” ဟု အမြဲပြောလေ့ရှိသည်။ 


ရှောင်းမန်သည် ရံဖန်ရံခါတွင် လင်းချင်းချင်းကို ကြက်ဥမုန့်လေး၏ တစ်ဝက်ကိုသာ ပေးတတ်သည်။ လင်းချင်းချင်းအတွက်မူ မေမေက လူကြီးဖြစ်သဖြင့် ပိုစားရသည်မှာ သဘာဝကျသည်ဟုသာ မှတ်ယူထားခဲ့ရှာသည်။ သူမသည် မုန့်ကို ပို၍မတောင်းရဲခဲ့သလို မေမေစားနေစဉ်လည်း စူးစူးစိုက်စိုက် မကြည့်ရဲခဲ့ပေ။


 မကြည့်လျှင်ပင် မေမေက သူမကို အငမ်းမရနိုင်သူ၊ ယဉ်ကျေးမှုမရှိသူဟု ဆူပူတတ်သောကြောင့် ဖြစ်သည်။


လင်းချင်းချင်းက နှာခေါင်းလေးကို ပွတ်သပ်ရင်း နောက်ထပ်တစ်ကြိမ် လေကို ဝဝရှူလိုက်ပြန်သည်။ မုန့်နံ့လေးက အတော်ကို မွှေးတာပဲ။ မေမေ စားလေ့ရှိတဲ့ ကြက်ဥမုန့်တွေထက်တောင် ပိုမွှေးသေးသည်။


“သမီး ဗိုက်မဆာပါဘူး” လင်းချင်းချင်းက ဗိုက်ကလေးကို ပုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ “သမီး အသားပေါက်စီတွေ စားထားတာပဲဥစ္စာ”


အရသာရှိပြီး ဆီတရွှဲရွှဲနှင့် အိစက်နေသော အသားပေါက်စီကြီးတွေလေ။

ထိုစဉ်က ပေါက်စီဆီများ အရေပြားပေါ်သို့ ကျလုနီးပါး ဖြစ်ခဲ့ရာ ဖေဖေကပဲ လျင်မြန်စွာဖြင့် လက်ကိုင်ပုဝါနှင့် သုတ်ပေးခဲ့ခြင်း ဖြစ်သည်။


သွားရည်ကျစရာပဲ... အသားပေါက်စီပဲဖြစ်ဖြစ်၊ ကြက်ဥမုန့်ပဲဖြစ်ဖြစ် နှစ်ခုစလုံးက အရသာရှိလှသည်။


လင်းချင်းချင်းတစ်ယောက် အိပ်ရာပေါ်တွင်သာ လှဲနေရန် ဆုံးဖြတ်လိုက်သည်။ မေမေ ပြောဖူးသည်မှာ အိပ်မက်ထဲတွင် အရာအားလုံး ဖြစ်နိုင်သည်တဲ့။ အိပ်မက်ထဲတွင် ကြက်ဥမုန့်တွေ၊ ကြက်ပေါင်ကြော် အကြီးကြီးတွေကို စိတ်ကြိုက် စားနိုင်သည်မဟုတ်လား။


သို့သော် လင်းချင်းချင်းတစ်ယောက် ဘယ်လိုမှ အိပ်ပျော်မသွားနိုင်ခဲ့ပေ။ မုန့်နံ့လေးက အလွန်ဆွဲဆောင်လွန်းလှသဖြင့် အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့်သာ ရှိနေတော့သည်။ အိပ်မက်ထဲက ကြက်ပေါင်ကြော်တွေတောင် ဤမျှ မမွှေးကြိုင်နိုင်ပေ။


ကျိုးလိုင်တီတစ်ယောက် အကြွေးစာချုပ်ကို ကိုင်ဆောင်ကာ ပြန်လာပြီးနောက် အထပ်ထပ် စဉ်းစားကြည့်ရာ တစ်ခုခု လွဲမှားနေသည်ဟု ခံစားရသည်။ အဖွားဖြစ်သူ အဘွားအိုလင်းသည် မေဟွာကို ပြန်ရွေးသည်ဖြစ်စေ၊ မရွေးသည်ဖြစ်စေ စာချုပ်ထဲက ပိုက်ဆံကိုတော့ ပြန်တောင်းရမည် မဟုတ်ပါလား။


ကျိုးလိုင်တီသည် မီးဖိုချောင်တွင် ထမင်းဟင်းချက်ရင်း ဤအရေးကို တွေးတောနေမိသည်။

“ညည်း ဘာတွေ ငေးနေတာလဲ” အဘွားအိုလင်းက ကျိုးလိုင်တီ စိတ်လေနေသည်ကို မြင်သဖြင့် ငေါက်ငမ်းလိုက်သည်။ “အမြန်ချက်စမ်း”

ကျိုးလိုင်တီက အဘွားအိုလင်းကို ကြည့်လိုက်သည်။


 တကယ်လို့ သူမသာ ပိုက်ဆံသွားတောင်းမည်ဆိုလျှင် အဘွားအိုလင်းက သဘောတူမည်မဟုတ်ပေ။ အဘွားအိုလင်းတွင် ပိုက်ဆံအများကြီးရှိသဖြင့် ဤပိုက်ဆံအနည်းငယ်ကို ဂရုစိုက်မည်မဟုတ်။ ကျိုးလိုင်တီမှာမူ သမီးဖြစ်သူ အရောင်းခံလိုက်ရသဖြင့် ရင်ထဲတွင် မခံမရပ်နိုင်အောင် ဒေါသထွက်နေရသော်လည်း အဘွားအိုလင်း၏ ရှေ့မှောက်တွင်မူ ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။


မဟုတ်သေးဘူး... ကျိုးလိုင်တီတစ်ယောက် နောက်မှ ရွှီယူချိုင်ဆီ သွားပြီး ပိုက်ဆံကို ပြန်တောင်းရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။


ထိုအချိန်တွင် ကျောက်ရှင်းထုန်မှာ အိမ်သို့ ပြန်မလာသေးဘဲ သူတစ်ပါးအိမ်တွင် ခိုကပ်နေဆဲဖြစ်သည်။ သို့သော် အားလုံး ထမင်းဟင်းချက်ရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုခေတ်တွင် မည်သည့်အိမ်၌မျှ ပိုလျှံသော ရိက္ခာမရှိကြပေ။


“ညည်း အိမ်ပြန်ချက်ရဦးမယ် မဟုတ်လား” တစ်ယောက်ယောက်က လှမ်းမေးလိုက်သည်။

ထိုစကားကို ကြားမှ ကျောက်ရှင်းထုန်လည်း အိမ်သို့ အမြန်ပြန်ရမည်ကို သတိရသွားသည်။


 သူတစ်ပါးအိမ်တွင် ညစာအလကား ထိုင်စား၍ မဖြစ်နိုင်ပေ။ ဆက်နေလျှင်လည်း အိမ်ရှင်က နှင်လွှတ်တော့မည် ဖြစ်သဖြင့် အမြန်ဆုံး ပြန်မှဖြစ်မည်။


“ဟုတ်သားပဲ၊ အိမ်ပြန်ချက်ရဦးမယ်။ ကျွန်မ ပြန်လိုက်ဦးမယ်နော်” ကျောက်ရှင်းထုန်က ဆိုသည်။

ကျောက်ရှင်းထုန်သည် လင်ယောက်ျားဖြစ်သူထံမှ ခံခဲ့ရသော ပါးရိုက်ချက်ကို တွေးမိဆဲဖြစ်သည်။ ထိုပါးရိုက်ချက်မှာ တကယ်ကို နာကျင်လှသည်။ လင်ယောက်ျားဖြစ်သူက ပိုက်ဆံပြန်မဆပ်ချင်၍ အကွက်ဆင်ကာ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ကို သူမ သိသည်။ 


သို့သော် လင်းချန်ရှန်းကရော ထိုအတိုင်း လိုက်လျောပေးပါ့မလား။ ကျောက်ရှင်းထုန်သည် မိမိ၏ ပါးရိုက်ခံရမှုကို အလကား မဖြစ်စေချင်ပေ။


လင်းချန်ရှန်း ပေါင်းမုန့်လုပ်ပြီးသွားသောအခါ သမီးဖြစ်သူကို ခေါ်ရန် အခန်းထဲသို့ ဝင်လာခဲ့သည်။


လင်းချင်းချင်းသည် စောင်နှင့် မျက်နှာကို အုပ်ထားရန် စဉ်းစားမိသော်လည်း ကိုယ်ပေါ်က ဆေးများ စောင်တွင် ပေကျံသွားပါက ဖေဖေ စိတ်ဆိုးမည်ကို စိုးရိမ်သဖြင့် မျက်လုံးလေးကိုသာ အသာမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။


လင်းချန်ရှန်း ဝင်လာသောအခါ သမီးဖြစ်သူ၏ မျက်ခွံလေးများ လှုပ်ခတ်နေသည်ကို မြင်ရသဖြင့် သူမ အိပ်မပျော်သေးသည်ကို ရိပ်မိလိုက်သည်။

“ချင်းချင်းလေး၊ ပေါင်းမုန့် ရပြီနော်။ ထပြီး စားရအောင်” လင်းချန်ရှန်းက နူးညံ့စွာ ဆိုသည်။


“ဖေဖေ...” လင်းချင်းချင်းက မျက်လုံးလေးကို အမြန်ဖွင့်ကာ “သမီး လိမ်လိမ်မာမာနဲ့ လှဲနေတာပါနော်”


သူမသည် ပေါင်းမုန့်နံ့ကို တမင်တကာ တရှုံ့ရှုံ့ နမ်းနေခြင်းမဟုတ်ဘဲ အိပ်ရာပေါ်တွင် ငြိမ်ငြိမ်လေး အနားယူနေခြင်းဖြစ်ကြောင်း ပြာပြာသလဲ ရှင်းပြနေရှာသည်။


“ဟုတ်ပါပြီဗျာ” လင်းချန်ရှန်းက သာယာစွာ ရယ်မောရင်း “တို့ သမီးလေး ချင်းချင်းက အလွန် လိမ္မာတာပဲ”


လင်းချန်ရှန်းသည် မုန့်ထဲတွင် မြို့က အသစ်ဝယ်လာသော ပျားရည်ကိုပင် ထည့်ပေးထားသေးသည်။ သူသည် စစ်တပ်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီး အိမ်ခွဲနေခဲ့သော်လည်း ဇာတိမြေ၏ အခြေအနေနှင့် ပတ်ဝန်းကျင်ကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်ဆဲဖြစ်ကာ ပျားရည်ကောင်းကောင်း ဘယ်မှာရနိုင်သည်ကို သိရှိနေခြင်း ဖြစ်သည်။


ယခင်ကဆိုလျှင် လူတိုင်း ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများကို ဖုံးကွယ်ထားကြပြီး သူတစ်ပါး သိမည်ကို ကြောက်ရွံ့ခဲ့ကြသော်လည်း ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ နောက်ပိုင်းတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ လူတို့အနေဖြင့် ပစ္စည်းများကို ဖုံးကွယ်ထားရန် မလိုတော့ပေ။


လင်းချင်းချင်းသည် မွှေးကြိုင်လှသော ပေါင်းမုန့်ကို မြင်သောအခါ မိမိမျက်စိကိုပင် မယုံနိုင်ဘဲ ပါးပြင်လေးကို လက်ဖြင့် ဆွဲဆိတ်ကြည့်မိရှာသည်။


“သမီး တကယ် စားလို့ရတာလားဟင်” လင်းချင်းချင်းက ဖေဖေဖြစ်သူကို မဝံ့မရဲ ကြည့်ရင်း မေးရှာသည်။ “ဒါကို မေမေ့အတွက် ချန်ထားရဦးမလားဟင်”