Chapter 21
ရှက်လွန်းလို့သေတော့မှာပဲ...
ရုန်ယီတစ်ယောက် သူ၏ရှက်ရွံ့မှုများအားလုံး အနှုတ်ဘက်သို့ပင်ပြသွားပြီဟု ခံစားလိုက်ရသည်။
ထိုညကညစာစားချိန်တွင် စားပွဲဝိုင်းရှိလေထုမှာ နစ်မြုပ်နေခဲ့၏။
နှလုံးသားကြီးမားပြီးသဘောထားဖြောင့်မတ်သူကြီးက သူ၏ခံစားချက်များကိုဖုန်းကွယ်ရန် ကြိုးစားခဲ့သော်လည်း အလွန်ပင်ထူးဆန်းနေဆဲဖြစ်သည်။ လျှ်ိုယွမ်က သူတို့ရှေ့၌သဘာဝကျကျနေရန် မည်သို့ပင်ကြိုးစားနေစေကာမူ သူ၏ပုံစံက ကိုယ့်ကိုယ့်ကိုယ်ညှင်းပန်းနေပုံပေါ်ပြီး ဆန့်ကျင်ဘက်သက်ရောက်မှုကိုသာ ဖြစ်စေခဲ့လေသည်။
လျှိုယွမ်၏ ဝေ့လည်ကြောင်ပတ်မျက်ဝန်းများ၊ အစားအစာတစ်ခုပြီးတစ်ခုပြုတ်ကျနေပုံများနှင့် ပလုတ်ပလောင်းစားနေခြင်းများကိုကြည့်ရင်း ရုန်ယီ ချန်းခယ့်ယောင်၏ခြေထောက်ကိုကန်လိုက်၏။
ချန်းခယ့်ယောင်က သူ့ကိုကြည့်လိုက်သော်လည်း ဘာမှပြောမလာချေ။
လျှိုယွမ်စိတ်လွတ်နေသည်ကို အခွင့်အရေးယူလျှက် ရုန်ယီ ချန်းခယ့်ယောင်အား ပါးစပ်လှုပ်ရုံလေးတီးတိုးပြောလိုက်သည်။
“မင်းသူ့ကိုရှင်းမပြတော့ဘူးလား...”
မီးဖိုခန်းထဲတွင် သူတို့နှစ်ဦးက ဘေးကျပ်နံကျပ်အခြေအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခဏကြာကြည့်နေကြသေးသည်။ ထို့နောက် ချန်းခယ့်ယောင်က လျှိုယွမ်အားသူရှင်းပြလိုက်မည်ဖြစ်ကြောင်းပြောကာ နောက်ကလိုက်သွားလေသည်။
သို့သော် ရုန်ယီ ညစာပြင်ဆင်ပြီးဟင်းပန်းကန်များချပြီးချိန်အထိ ဧည့်ခန်းထဲတွင်ရှိသော ချန်းခယ့်ယောင်နှင့်လျှိုယွမ်ကြားရှိလေထုမှာ ကမောက်ကမဖြစ်နေဆဲပင်။
ယခု ညစာစားပြီးတော့မည့်အချိန်၌ ချန်းခယ့်ယောင်၏ရှင်းပြချက်မှာ ပြီးပြည့်စုံခြင်းမရှိကြောင်း ရုန်ယီသေချာသိသွားပြီဖြစ်သည်။ သူက တစ်ဖက်လူ၏ရှုပ်ထွေးနေသောအမူအရာကိုကြည့်ရင်း သူကိုယ်တိုင်ထိုကိစ္စကိုကိုင်တွယ်ရန် ဆုံးဖြတ်လိုက်၏။
ဤကဲ့သို့ကိစ္စမျိူးမှာ ဖုံးကွယ်လေလေ၊ သံသယဝင်စရာကောင်းလေလေဖြစ်သည်။ အကျဥ်းချုပ်ဆိုရပါက ရိုးသားပွင့်လင်းမှုကသာ ၎င်းကိုပိုပြီးသဘာဝကျစေမှာဖြစ်ပြီး လက်ခံချင်စရာကောင်းပေလိမ့်မည်။
ရုန်ယီက ယခုကဲ့သို့ အားလုံးရှိနေသည့်အချိန်ရှင်းပြခြင်းမှာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆလိုက်၏။
“ကောင်းပြီ...” သူက လည်ချောင်းရှင်းပြီး စတင်ပြောလိုက်၏။ “လျှိုယွမ်...မင်းအခုလေးတင် မီးဖိုခန်းထဲမှာမြင်ခဲ့တဲ့ကိစ္စက…”
သူစကားမဆုံးသေးခင် စွပ်ပြုတ်သောက်နေသောလျှိုယွမ်၏ ပါးစပ်အတွင်းရှိအရည်အားလုံးဖူးခနဲ ပန်းထွက်လာတော့သည်။
သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသောချန်းခယ့်ယောင်က ချက်ချင်းခုခံကာကွယ်မှုပြုလုပ်လိုက်၏။ ကံမကောင်းစွာပင် သူကတစ်စက္ကန့်နောက်ကျသွားလေရာ သူ့ဆံပင်နှင့်မျက်နှာတစ်ခုလုံး စွပ်ပြုတ်ရည်များဖြင့်ရွှဲစိုသွားလေသည်။
“မင်း တအားရွံဖို့ကောင်းတာပဲ...”
သူက ချက်ချင်းမတ်တပ်ရပ်၍ ရေချိုးခန်းသို့ဦးတည်လိုက်ကာ တစ်ဦးနှင့်တစ်ဦးရှက်ရှက်ဖြင့်ကြည့်နေကြသည့် ပါးစပ်သုတ်နေသောလျိုယွမ်နှင့် တောင့်တောင့်ကြီးဖြစ်နေသောရုန်ယီအား ဒီတိုင်းထားခဲ့လေသည်။
“ငါ...ငါဘာမှမမြင်ခဲ့ပါဘူး...” လျှိုယွမ်က ထအော်လိုက်သည်။ "ငါအဲ့ဒီ့တုန်းက ရုတ်တရက်မျက်မမြင်ဖြစ်သွားခဲ့တာ...”
“မဟုတ်ဘူးလေ...ငါပြောချင်တာက...”
“စိတ်မပူပါနဲ့...ငါ့နားကလည်းပင်းနေတာ...” လျှ်ိုယွမ် အမြန်ပြောလိုက်သည်။
“…” ရုန်ယီ အကူအညီမဲ့သလိုခံစားလိုက်ရ၏။
“တကယ်တော့ တစ်ချို့အရာတွေကမင်းမြင်တဲ့ကြားတဲ့အတိုင်းမဟုတ်ဘူး...”
လျှိုယွမ် ခဏမျှတုံ့ဆိုင်းသွားကာ “အာ...ငါသိပါတယ်...ခယ့်ယောင်က မင်းနဲ့သူနဲ့ဆက်ဆံရေးကဟိုလိုမျိုးမဟုတ်ဘူးဆိုတာ ရှင်းပြပြီးပါပြီ...အဲ့ဒီ့အပေါ်မှာငါ့အနေနဲ့ မယုံတာတို့၊ သံသယဝင်တာမျိုးတို့မရှိပါဘူး...”
“…”
ထိုစဥ် မျက်နှာဆေးကြောပြီးသွားသည့်ချန်းခယ့်ယောင်က ထိုင်ခုံတွင်ပြန်ထိုင်လိုက်၏။
လေထုမှာနူးညံ့၍နေလေရာ သူက ရုန်ယီ့ကိုမဝံ့မရဲမေးလိုက်သည်။
“သူ့ကိုအကုန်ပြောပြီးသွားပြီလား...”
မပြောရသေးဘူး...
ရုန်ယီက ထိုကိစ္စအားပွင့်ပွင့်လင်းလင်းနှင့် အမှန်အတိုင်းရှင်းပြချင်သော်လည်း စကားကိုမည်သို့မှရှေ့ဆက်၍မရဖြစ်နေလေသည်။
“ကောင်းပြီ...သူဘယ်လိုရှင်းပြခဲ့လဲ ငါဂရုမစိုက်တော့ဘူး...” သူက စားပွဲကိုထုလိုက်သည်။
“တကယ်တော့ကွာ...အဲ့ဒါက…”
ရုန်ယီက ပြင်းစွာသောအဟုန်ဖြင့်စကားစခဲ့သော်လည်း ရုတ်တရက်ထစ်အသွားခဲ့လေသည်။
‘တကယ်တော့ ငါမနေ့ကအရက်မူးနေတုန်း ကွန်ဒုံးဘူးကိုချိုချဥ်ဆိုပြီးမှားဝယ်လာခဲ့တယ်...ပြီးတော့ငါတစ်ခုဖောက်ပြီးဝါးလိုက်မိတယ်လေ...’
… ဘာလို့သူဒါကိုထုတ်မပြောနိုင်ရတာလဲ...ပြီးတော့ဒါကဘာလို့ ယုံချင်စရာမကောင်းရတာလဲ...
ချန်းခယ့်ယောင် ထိုကိစ္စအားမရှင်းလင်းနိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ချေ။ သူက အဆိုပါအမှန်တရားကြောင့် ရုန်ယီ၏ပုံရိပ်ကျဆင်းသွားမှာစိုးသဖြင့် သူ့ဂုဏ်သိက္ခာအား အဖတ်ဆယ်ပေးချင်ခဲ့ခြင်းဖြစ်သည်။
ရုန်ယီ တံတွေးမြိုချကာ ချန်းခယ့်ယောင်ကိုထပ်မံကြည့်လိုက်မိသည်။ ချန်းခယ့်ယောင်က မျက်တောင်နှစ်ခါခတ်လိုက်ပြီး တစ်ဖက်သို့တိတ်တဆိတ်မျက်နှာလွှဲသွားခဲ့၏။ သူ၏လှုပ်နေသောပုခုံးများကိုကြည့်ခြင်းအားဖြင့် မနေ့ညကမြင်ကွင်းအားပြန်တွေးကာ မရယ်ပဲမနေနိုင်တော့ခြင်းဖြစ်ကြောင်းသိနိုင်သည်။
“ဘာပဲဖြစ်ဖြစ်...မဟုတ်ဘူးဆိုမှတော့မဟုတ်ဘူးပေါ့...” လျှိုယွမ်ကဆိုသည်။
“ငါ့ကိုဒီတိုင်းလွှတ်ထားလိုက်ပါ...တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မနေကြနဲ့...”
‘ငါတို့မီးဖိုခန်းထဲမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေပြီးတော့ ကွန်ဒုံးဘူးကိုလည်းကိုင်ထားတယ်ဆိုပေမယ့် ငါတို့ကြားမှာပြောပြလို့မရတဲ့ဆက်ဆံရေးမျိုးတကယ်မရှိဘူးလို့...ငါတို့ဘာလို့ရှင်းမပြနိုင်လဲဆိုရင် အမှန်တရားကထုတ်ပြောဖို့အရမ်းရှက်စရာကောင်းနေလို့ပါဆို...
ရုန်ယီ သူ့ကိုယ်သူပင် သံယယဝင်စရာကောင်းသည်ဟု မြင်လာခဲ့သည်။
ထို့ကြောင့် သူကအဆိုပါအထင်လွဲမှုအား လျှိုယွမ်အိမ်သို့ပြန်သွားချိန်အထိ မရှင်းလင်းနိုင်ခဲ့ချေ။
လျှိုယွမ်က အိမ်မပြန်ခင် တစ်စုံတစ်ခုပြောရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသော်လည်း အဆုံးသတ်တွင်မူ ဘာမှမပြောပဲထွက်သွားခဲ့လေသည်။
သူနှင့်ချန်းခယ့်ယောင်သာကျန်တော့သည့်အချိန်၌ ရုန်ယီ သူ့အခန်းသူပြန်လာကာ ချက်ချင်းတံခါးပိတ်လိုက်၏။
မကြာခင်မှာပင် ချန်းခယ့်ယောင်က ခွေးခြေတစ်ခုံနှင့်အတူ တံခါးလာခေါက်လေသည်။
“မင်းသူ့ကိုရှင်းပြလိုက်တာကောင်းမယ်လို့ ငါထင်တယ်...” သူကခွေးခြေပေါ်ထိုင်ချလိုက်ကာ ရုန်ယီ့ကိုပြောလေသည်။
“လျှို့ယွမ်က ဦးနှောက်ကသေးပေမယ့် ပါးစပ်ဖွာတယ်...မင်းဇာတ်လမ်းရှုပ်နေတယ်လို့ သူခုချိန်ဆိုတွေးနေလောက်ပြီ...မင်းကောင်လေးနားထဲကို ဒီကိစ္စရောက်သွားရင် မင်းအတွက်အဆင်ပြေမှာမဟုတ်ဘူး...”
ရုန်ယီ၏အကြည့်များက ချန်းခယ့်ယောင်ဘယ်ဘက်လက်ထဲရှိအရာထံ မြဲမြံစွာကျရောက်လျှက်ရှိသည်။
“မင်းအဲ့ဒါနဲ့ဘာလုပ်နေတာလဲ...”
ဤကဲ့သို့ညနက်နက်တွင် အယ်လ်ဖာတစ်ဦးက အိုမီဂါ၏အခန်းသို့ ကွန်ဒုံးတစ်ဘူးနှင့်အတူ ရဲတင်းစွာရောက်လာခဲ့သည်။ အကယ်၍ ချန်းခယ့်ယောင်မနေ့ညကအန်ခဲ့သည်ကိုမမြင်ခဲ့ပါက ရုန်ယီစပြီးစိတ်ကူးယဥ်မိတော့မှာဖြစ်၏။
ချန်းခယ့်ယောင်က ကွန်ဒုံးဘူးကိုငုံ့ကြည့်ကာ ရုန်ယီ့အားပေးလိုက်သည်။
“မင်းကိုပြန်ပေးမလို့လေ...”
ရုန်ယီကြောင်အသွားသော်လည်း ဘာမှပြန်မပြောခဲ့ချေ။
“ငါဒါတွေကိုသုံးလို့မရဘူး...” ချန်းခယ့်ယောင်က ဆို၏။ “မင်းဒါကိုဝယ်ထားပြီးမှတော့ အလဟသမဖြစ်စေနဲ့...”
“…”
ရုန်ယီက ဘာမှမတုံ့ပြန်လာသည့်အတွက် ချန်းခယ့်ယောင် ဘူးကိုစားပွဲပေါ်တင်ထားလိုက်သည်။
သူ့ခွေးခြေခုံကိုသယ်၍ပြန်ရန်ပြင်စဥ် ရုန်ယီ၏အသံကိုကြားလိုက်ရ၏။ “ခဏလေး...”
ချန်းခယ့်ယောင် ပြန်လှည့်ကာမေးလိုက်သည်။ “ဘာဖြစ်လို့လဲ...”
ရုန်ယီသူ့ကိုကြည့်ကာ ရယ်လိုက်၏။ “…မင်းဒါတွေကိုလုံးဝမသုံးနိုင်ဘူးဟုတ်လား”
“…”
အမှန်စင်စစ် ရုန်ယီ့တွင်လည်း အဆိုပါကွန်ဒုံးများအား သုံးစရာနေရာမရှိချေ။ သို့သော် ဟန်ဆောင်ချစ်သူတစ်ဦးရှိခြင်း၏အကျိုးကျေးဇူးများကို သူနားလည်စပြုလာပြီဖြစ်၏။ သူက တစ်ညနေလုံး ကွန်ဒုံးဝါးမှုနှင့်ပတ်သက်၍ လှောင်ရယ်ခံရပြီးသည့်နောက် ယခုအချိန်တွင် အဆိုပါအယ်လ်ဖာအား အထင်သေးဟန်ဖြင့်ကြည့်ခွင့်ရခဲ့ပြီဖြစ်သည်။
“လူကြီးမင်းချန်း...အရမ်းအဆိုးမြင်လွန်းနေတာမဟုတ်လား...” ရုန်ယီသူ့ကိုကြည့်လိုက်သည်။
“အခုအသုံးမပြုနိုင်သေးပေမယ့် အနာဂတ်မှာလည်းအသုံးမပြုနိုင်မှန်းသေချာနေတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူးလေ…”
ချန်းခယ့်ယောင်သူ့ကိုကြည့်လိုက်သည်။ “ငါ့ရဲ့စွမ်းဆောင်ရည်မှာပြသနာမရှိပါဘူး...ဒါပေမယ့်ကံဆိုးချင်တော့ မင်းကိုလက်တွေ့ပြဖို့ကျအဆင်မပြေဘူးဖြစ်နေတယ်လေ...”
“…”
ရုန်ယီပြောချင်ခဲ့သည်က 'မင်းအချစ်ကိစ္စတွေဘယ်တော့မှမလုပ်တော့ဘူးလား...' ဟူ၍။
ဤကဲ့သို့ပြန်လည်ချေပခံရခြင်းကြောင့် သူက အကြောင်းမဲ့ရှက်သွေးဖြာလာခဲ့ရသည်။
အတိမ်းအစောင်းမခံသည့်အခြေအနေမျိုးတွင် သူက အကောင်းဆုံးတုံ့ပြန်ချင်ခဲ့၏။ ရုန်ယီက သူ့ကိုစိုက်ကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လျှက် တစ်ခုခုပြောဖို့ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူစကားမစီရသေးခင် တစ်ဖက်လူက သူ့ထံမှအကြည့်လွှဲကာ တံခါးထံဦးတည်သွားခဲ့လေသည်။
“ငါအဲ့ဒါကိုသုံးလို့မရဘူးဆိုတာက size မတော်လို့လေ...” ချန်းခယ့်ယောင်က လမ်းလျှောက်ရင်းဆက်ပြောသွားသည်။
“မင်းအဲ့ဒါကို ကိုယ့်အတွက်ကိုယ်သိမ်းထားလိုက်ပါ...ပြီးတော့...”
"ဖြည်းဖြည်းဝါးနော်...”
ရုန်ယီ တံတွေးနင်သွားကာ ပြောစရာစကားမဲ့သွားခဲ့လေသည်။
ထိုညတွင် ရုန်ယီအိပ်ရာထဲလှဲနေရင်း လက်တုံ့ပြန်ရန်အကြံပေါင်းအခုတစ်ရာလောက် ရေးဆွဲနေခဲ့သည်။ ကံဆိုးစွာပင် သူကအခွင့်အရေးအားလုံးဆုံးရှုံးသွားပြီဖြစ်သဖြင့် ရင်ဘတ်ကိုထုရင်း အိပ်ယာခင်းပေါ်တွင်ခြေဆောင့်နေရုံသာ တတ်နိုင်တော့လေသည်။
သို့သော် တစ်ချိန်ထဲမှာပင် သူသိချင်လာခဲ့၏။
ဓာတ်လှေကားနားတွင် ကျိုးလီသာမန်ကာလျှံကာပြောခဲ့သောမှတ်ချက်များအရ ရုန်ယီသေချာတွေးလေလေ မသင်္ကာဖြစ်လာလေလေပင်။ ချန်းခယ့်ယောင်က သူ့ကိုအယ်လ်ဖာတစ်ဦးဟုယူဆခဲ့စဥ်ကလည်း သူ၏ပရိုမုန်းရနံ့က ရုန်ယီအားမသက်မသာဖြစ်မှာစိုးကြောင်းပြောခဲ့ဖူး၏။
ငယ်စဥ်မှစ၍အရွယ်ရောက်သည်အထိ ရုန်ယီက မြင်မြင်ချင်းချစ်မိသွားသောဘီတာစုံတွဲများနှင့် အိုမီဂါစုံတွဲတစ်စုံကိုသာ တွေ့ခဲ့ဖူးသည်။ အိုမီဂါစုံတွဲတွင် ပရိုမုန်းများအားလက်မခံနိုင်ခြင်းမျိုးမရှိကြသလို ဘီတာစုံတွဲများတွင်လည်း တစ်ယောက်အနံ့အသက်အားတစ်ယောက်ကမခံနိုင်ခြင်းမျိုးမရှိကြချေ။
‘ဒီတော့ အယ်လ်ဖာတွေသာလိင်တူကြိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာသနားစရာအကောင်းဆုံးဖြစ်သွားပြီး လိင်စိတ်မရှိတဲ့အဖြူထည်မေတ္တာပဲရှိရမှာမဟုတ်လား...'
ရုန်ယီတွေးလေလေ ပိုပြီးသိချင်လာလေလေဖြစ်သည်။ သူက အိပ်ရာထက်လဲလျောင်းရင်း အချက်အလက်များစတင်ရှာဖွေတော့သည်။ မကြာခင်မှာပင် သူကမ္ဘာသစ်၏တံခါးတစ်ချပ်ကို ဖွင့်မိသွားခဲ့၏။
အင်တာနက်ပေါ်တွင် မည်သူမဆို တူညီသည့်လူအချို့အားရှာတွေ့နိုင်၏။ ရုန်ယီက သက်ဆိုင်သောဖိုရမ်တစ်ခုကို တွေ့ရှိခဲ့လေသည်။ သူက ဆက်ဆံရေးများဆွေးနွေးခြင်းကိုနှိပ်လိုက်သည်နှင့် ပေ့ချ်တစ်ခုလုံးတွင် မကျေမနပ်ပြောသည့်ပို့စ်များနှင့်ပြည့်နှက်သွားလေသည်။
အချို့အချက်အလက်များ ကွဲပြားကြသော်လည်း သူတို့အားလုံးပြောနေကြသည့် အကြောင်းအရာမှာ ပရိုမုန်းများလိုက်ဖက်မညီခြင်းဖြစ်လေသည်။
၎င်းတွင် ဆဲရေးသည့်ပို့စ်တစ်ခုလည်းပါဝင်၏။ ထိုပို့စ်မှာ သနားစရာကောင်းသော်လည်း ရုန်ယီရယ်လိုက်မိသည်။
ပို့စ်ရေးသူက သူနှင့်အယ်လ်ဖာချစ်သူမှာ rs သက်တမ်းနှစ်နှစ်ကြာပြီဖြစ်သော်လည်း 'ဘဝ၏ကြီးမားသောလိုက်ဖက်ညီမှု' သို့ ယခုထက်ထိအောင်မြင်စွာမရောက်ရှိနိုင်သေးကြောင်း ရေးထားခဲ့သည်။ ပိုင်စိုးလွှမ်းမိုးလိုမှုဆန္ဒကြီးမားသော လိင်အမျိုးအစားအနေဖြင့် သူတို့ထဲတွင်မည်သူကမှ အလျှော့ပေး၍နာခံလိုခြင်းမရှိကြချေ။ အိပ်ရာပေါ်တွင် သူတို့၏ဓားမြှောင်များဖြင့် အချင်းချင်းတိုက်ခိုက်ကြရင်း ပြန်ငိုက်ကျသွားလျှင်ကျ၊ မဟုတ်ပါက ပရိုမုန်းစိမ့်ထွက်ခြင်းကို မတားဆီးနိုင်တော့ပဲ အလွန်ဒေါသထွက်လာကြသည်။ အဆိုးဆုံးဖြစ်ရပ်မှာ ထိုသူနှစ်ဦးက အိပ်ရာပေါ်တွင်အသေအကြေထချကြပြီး လမ်းခွဲလုနီးပါးပင် ဖြစ်သွားခဲ့ရလေသည်။
ပို့စ်အဆုံးတွင် ပို့စ်ရေးသူက ဂလင်းခွဲစိတ်မှုပြုလုပ်ခဲ့သော မည်သူမဆို အတွေ့အကြုံအားမျှဝေပေးပါရန် တောင်းဆိုထား၏။ သူနှင့်သူ၏ပါတနာမှာ အတော်လေးကြိုးစားကြည့်ချင်နေကြလေသည်။
ရုန်ယီက အဆိုပါခွဲစိတ်မှုအားစိတ်ဝင်စားသည့်အတွက် ကွန်မန့်များကိုဖတ်ကြည့်လိုက်သည်။ တစ်စုံတစ်ဦးက သူအရင်ကတင်ဖူးသော ခွဲစိတ်မှုဖြစ်စဥ်အကြောင်းပို့စ်ကို လင့်ခ်ချပေးလာကာ အကူအညီဖြစ်ဖို့မျှော်လင့်သည်ဟူသော ကွန်မန့်အားတွေ့လိုက်ရ၏။
ရုန်ယီ ထိုပို့စ်ကိုကြည့်လိုက်သောအခါ သူလုံးဝရှော့ခ်ရသွားခဲ့သည်။
သူက အယ်လ်ဖာဂလင်းဖယ်ထုတ်ပုံအား ပထမဆုံးအကြိမ် လေ့လာလိုက်ရလေသည်။ ဖြစ်စဥ်တစ်ခုလုံးမှာ နာကျင်ခြင်းမရှိသော်လည်း နဂိုအတိုင်းပြန်မဖြစ်နိုင်သလို လူနာအားနောက်ဆက်တွဲဆိုးကျိုးများစွာ ခံစားရစေလေသည်။ တစ်ခုတည်းသောကောင်းကျိုးမှာ ပရိုမုန်းစိမ့်ထွက်မှုအား ၉၀ ရာခိုင်နှုန်းအထိလျော့ကျသွားစေခြင်း ဖြစ်လေသည်။
၎င်းခွဲစိတ်မှုကိုပြုလုပ်ခဲ့သည့် လူအားလုံးနီးပါးက ဆိုးကျိုးများရှိသည်ဟုပြောကြသော်ငြား ကြိုးစားချင်သူအများအပြားရှိနေကြဆဲဖြစ်သည်။ အဆုံးသတ်တွင်မူ အယ်လ်ဖာနှစ်ဦးအတူရှိနိုင်ရန်အတွက် ၎င်းမှာတစ်ခုတည်းသောနည်းလမ်းဖြစ်လေသည်။
တူညီသောလိင်၏ပရိုမုန်းများသက်ရောက်မှုကို မခံစားရသည့်အယ်လ်ဖာများရှိကြောင်း ရှင်းပြထားသော ပို့စ်များရှိသော်လည်း အလွန်ပင်နည်းပါးလှလေသည်။ အချို့က ဘီတာများကိုပါတနာအဖြစ်ရွေးချယ်ကြသော်လည်း တကယ်တမ်းတွင်ကျေနပ်စရာမကောင်းလှချေ။
၎င်းမှာအလွန်သနားစရာကောင်းသည့်အတွက် ရုန်ယီထိုအုပ်စုအား ကိုယ်ချင်းစာစိတ်ပင်ပေါ်လာခဲ့ကာ ချန်းခယ့်ယောင်အားရွံရှာစိတ်မရှိတော့ချေ။
သူက အိပ်ရာပေါ်၌ ပျော်ရွှင်စွာဖြင့်အင်တာနက်ပေါ်မွှေနှောက်နေခဲ့သည်။ မရပ်မနားသန်းဝေလာသော်လည်း သူကအိပ်ဖို့ငြင်းဆန်နေဆဲပင်။
နောက်ဆုံးပို့စ်ကိုဖတ်ပြီးနောက် ဖုန်းကိုပြန်ချတော့မည့်အချိန်တွင် သူ့လက်မနှင့်အမှတ်တမဲ့ထိမိပြီးနောက် ဆန်းကြယ်သောခေါင်းစဥ်နှင့်ပို့စ်တစ်ခုကို တွေ့လိုက်ရလေသည်။
[သစ်ပင်လိုဏ်ဂူ] ငါဒီတစ်ခါတော့ စင်ဂယ်အုပ်စုကိုတာ့တာပြနိုင်ပြီလို့ထင်ကာမှ တခြားတစ်ယောက်က အိုမီဂါတဲ့....
ရုန်ယီထိတ်လန့်သွားသည်။ သူကပို့စ်ကို နှိပ်ကြည့်လိုက်၏။
ပို့စ်တွင် အချက်အလက်အသေးစိတ်ဖော်ပြမထားသော်လည်း ရုန်ယီ့စိတ်ထဲတွင် ပုံပေါ်လာခဲ့သည်။
ပို့စ်ရေးသူပြောထားသည်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အကြိုက်နှင့်ကိုက်ညီသောတစ်စုံတစ်ဦးကို သိကျွမ်းခဲ့ရကာ ထိုသူနှင့်တွဲရန်ကြိုးစားခဲ့ပြီး ဆက်ဆံရေးတစ်ခုထူထောင်ခဲ့သည်။ နီးနီးကပ်ကပ်နေစဥ်အတွင်း တစ်ယောက်နှင့်တစ်ယောက် ပရိုမုန်းကိုက်ညီနေကြသဖြင့် သူတိတ်တဆိတ်ပျော်ရွှင်နေခဲ့ရ၏။ သို့သော် ထိုသူမှာအိုမီဂါတစ်ဦးဖြစ်ကြောင်း သူရှာတွေ့သွားခဲ့သည်။
ဇာတ်လမ်းတစ်ခုလုံးကို ဝေဝေဝါးဝါးသာဖော်ပြထားသော်လည်း ပို့စ်ရေးသူက အဆိုပါအယ်လ်ဖာနှင့်တူသောအိုမီဂါ၏ ပုံပန်းသဏ္ဍာန်ကို စာလုံးရေ ၅၀၀ လောက်ရေးသားဖော်ပြထားရာ ပို့စ်ကအလွန်ရှည်လျားလှ၏။
သူ၏တွေဝေနေမှုအား အချို့လူများကမြန်မြန်ရှာတွေ့သွားကြကာ စတင်ပြောလာကြ၏။
'သူကအယ်လ်ဖာနဲ့တူတဲ့အိုမီဂါလည်းဖြစ်တယ်...မင်းကလည်းသူ့ရဲ့ပရိုမုန်းတွေကို မတွန်းလှန်ဘူးဆိုမှတော့ သူနဲ့ခဏလောက်ဖြစ်ဖြစ်တွဲကြည့်ပါလား...မင်းက တစ်ချို့လူတွေအလိုအလျောက်စိုစွတ်တာမျိုးကို လက်မခံနိုင်တဲ့လူမျိုးမို့လို့လား...”
ပို့စ်ရေးသူက ထိုကဲ့သို့ကိစ္စမျိုးမရှိကြောင်းနှင့် သူ၏ငယ်ဘဝအတွေ့အကြုံ သို့မဟုတ် အရွယ်ရောက်လာချိန်၌ လွှမ်းမိုးခံရမှုကြောင့်သာဖြစ်ကြောင်း ပြောလာခဲ့သည်။ သူက အိုမီဂါအားသဘောကျမိမည်ကို လက်သင့်မခံနိုင်ချေ။ အိုမီဂါတစ်ဦးကို နှစ်သက်လာမှန်း သူ့ကိုယ်သူသတိပြုမိသည်နှင့် ပြင်းထန်သောစိတ်ဖိစီးမှုများ ဖြစ်ပေါ်လာလေ့ရှိလေသည်။
ပို့စ်ရေးသူ၏ notes:
ဖိုရမ်ရဲ့ ကွန်မန့်ပေးတဲ့နေရာအောက်မှာ သူငယ်ချင်းမိတ်ဖွဲ့တာရှိပါတယ်...
အားလုံးပဲ...အဲ့ဒီ့မှာသူငယ်ချင်းသွားဖွဲ့ကြပါ...တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်ပြီး သူ သို့မဟုတ် သူမက ငတုံးတစ်ယောက်ဟုတ်သလားဆိုတာ ပြန်ပြီးပြောပေးကြပါ...
Xxxxxx